❝ ဇော ❞
တင်မြင့်ဦး ၊ သံတွဲ ၊
ဟော ... ကျုပ်ဆီကို မည်းမည်းကောင်ကြီးတွေ ပြေးလာနေတယ် ။ တစ်ကောင် ၊ နှစ်ကောင် ၊ သုံးကောင် ။ အား ... အား ကျုပ် ရေတွက်လို့ မနိုင် တော့ဘူး ။ အများကြီးပါလား ။ ကျုပ်ဆီကို ပြေးလာနေပုံဟာ စစ်ပွဲတစ်ပွဲကို ဆင်နွှဲဖို့ လာသလိုမျိုး လာနေကြပါလား ။ လက်နက်တွေကလည်း အမျိုးမျိုး ကိုင် လို့ ။ ခက်ရင်းခွကြီးတွေ ၊ ဓားမောက်ကြီးတွေ နောက်ပြီး ကျုပ် မသိတဲ့ လက်နက် ပုံစံအမျိုးမျိုးတွေ ။ အဲဒီကောင်ကြီးတွေ ကိုယ်ပေါ် မှာလည်း ချို(ဂျို)တွေလို ထိုး ထိုးထောင်ထောင်နဲ့ ။ အရေပြားပေါ်မှာ အကွက် ၊ အကွက်ကြီးတွေလား ။ ငါ့ဆီကို ဘာလို့ လာကြတာလဲ ။ သွားကြစမ်း ။ သွားကြစမ်း ။
ကျုပ် ကြားဖူးတယ် ။ ငရဲသားဆိုတာ ဒီလိုပဲတဲ့ ။ လက်နက်တွေကိုင် လို့ ။ ကိုယ်မှာလည်း ချိုတွေ ၊ အမြီးတွေ ပေါက်လို့ဆိုပဲ ။ ကျုပ်လို အိပ်ရာပေါ်မှာ ရောဂါဖြစ်နေတဲ့ လူတစ်ယောက်ဆီကို ဘာလို့ လာကြတာလဲ ။ ကျုပ် သေပြီ ကြောင့်လား ။ မဟုတ်ဘူး ။ မဟုတ်ဘူး ။ ကျုပ် မသေသေးဘူး ။ ကျုပ် သေလို့ ဘယ်ဖြစ်ဦးမှာလဲ ။ ကျုပ်မိန်းမ ၊ ကျုပ်သားနှစ်ယောက်နဲ့ သမီး ။ ကျုပ်မရှိတဲ့ ဒီလောကကြီးမှာ ဒီရွာမှာ သူတို့ ဘယ်လို ရုန်းကန်နိုင်မှာလဲ ။ ဟေ့ကောင်တွေ မင်းတို့ ငါ့ဆီကို မလာကြနဲ့ ။ ငါ မသေသေးဘူးကွ ။
တကယ်လို့ ကျုပ် သေရင်တောင် ဒီလိုကောင်တွေ လာရမှာ မဟုတ် ဘူး ။ ကျုပ်က သူများအသက် မသတ်ဘူး ။ သူများ ပစ္စည်းကိုလည်း မခိုးဘူး ။ ကိုယ့်စီးပွားရေး ကိုပဲ စိုက်လိုက်မတ်တတ် လုပ်လာခဲ့တဲ့အကောင် ။ ငရဲသားတွေ လာစရာမှ မလိုတာ ။ ခုတော့ ဒီကောင်တွကို ဘယ်သူတွေ လွှတ်လိုက်တာလဲ ။ ပြန်စဉ်းစားကြပါဦး ။ ကျုပ် လှူခဲ့တဲ့ ပိုက်ဆံတွေ ၊ သင်္ကန်းတွေ နည်းတာမှ မဟုတ်တာ ။ ဒီကောင်တွေ လွှတ်ချင်တာတောင်မှ အဲဒီကုသိုလ်တွေ ထောက်ထား ပြီး ကျုပ်ကို ထူထူထောင်ထောင်နဲ့ လူ့ပြည်မှာ နေခွင့် ၄ နှစ်လောက် အဲ ... အဲ ... နောက်ထပ် ၄ နှစ် ဆိုရင် ကျုပ်သား အငယ်ဆုံးလေး ၁၅ နှစ်ပဲ ရှိဦးမှာ ။ ၁၅ နှစ်ဆိုတဲ့ လူငယ် တစ်ယောက် ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မှာ မဟုတ်သေး ပါဘူး ။ ကျုပ် မရှိတဲ့နောက် ဒီတာဝန်တွေ ကို ကျုပ် မိန်းမ တစ်ယောက်တည်း ဘယ်လိုထိန်းသိမ်းနိုင်မှာလဲ ။ နောက်ထပ် ကျုပ်ကို လူ့ပြည်မှာ နေခွင့် ၉ နှစ် လောက်တော့ ပေးပါဦး ။ အဲဒီအခါကျရင် ကျုပ် တကယ်ကို လိုက်ပါ့မယ် ။ တကယ်ပြောနေတာပါ ။
အခုတော့ စဉ်းစားကြည့်စမ်း ။ ကျုပ် သားအကြီးဆုံးကလည်း အိမ်ထောင်သာ ကျတယ် ။ ကျုပ်အရာကို လက်လွှဲပေးလို့ မရသေးဘူး ။ အာ ... ယောက္ခမအိမ်တို့ ၊ အိမ်ခွဲတို့ထားလို့ ဘယ်ဖြစ်နိုင်မှာလဲ ။ ဒီကောင်က ဘာပဲလုပ် လုပ် တစ်ဇွတ်ထိုး ။ လုပ်မယ်ဆို လုပ်မယ်ပဲ သိတာ ။ အိမ်ထောင်ပြုမယ်ဆိုတုန်း ကလည်း ကြည့် ။ လူဆိုတာ အမြင့် မှန်းရတာပေါ့ ။ ခုတော့ ဒီလိုမဟုတ်ဘူး ။ အချစ်ဆိုတဲ့ဟာလိုလို ၊ မေတ္တာဆိုတဲ့ဟာလိုလိုနဲ့ ယူချင်တဲ့မိန်းမ ကောက်ယူ လိုက်တာ ။ ဘာအဆင့်အတန်း မှ ရှိတာ မဟုတ်ဘူး ။ သူ့မိန်းမ ဆယ်တန်းအောင် တာကိုပဲ ပြောမဆုံးဖြစ်လို့ ။
ဒီခေတ်ကောင်တွေ ခက်ပါတယ် ။ တစ်ခုဆို ပညာတတ်မှ ။ ပညာက ဘယ်လိုနဲ့ ၊ မြို့ကြီးပြကြီး မှာဆို ကျုပ် မပြောပါဘူး ။ ဒီလို တံငါရွာမှာ ဘာလုပ် မှာလဲ ။ တစ်ရွာလုံးလည်း လျှောက်ကြည့်ဦး ။ ငွေရှိဖို့ပဲ လိုတာ မဟုတ်လား ။ ငွေရှိရင် ဘုရားဒကာလည်း ဖြစ်တယ် ။ ခေါ်ချင်သူ လည်း ပေါတယ် ။ ပင်လယ် ဆင်းလိုက် ၊ လယ်ထွန်လိုက်နဲ့ ထမင်းတစ်လုတ်ကို မနည်း ရှာစားနေရတဲ့အချိန်က ဆို ဘယ်ကောင်မှ ဆွေမျိုး လာမတော်ဘူး ။
လောကမှာ ငွေရှိမှ ။ ရသလိုနည်းနဲ့ ကျုပ် ငွေရှာခဲ့တယ် ။ လုပ်ငန်း ပေါင်းစုံလုပ်ခဲ့တယ် ။ အခု ချမ်းသာလာတော့ တော်လာလိုက်တဲ့ ဆွေမျိုး ၊ ဘယ် နှဝမ်းကွဲမှန်းတောင် မသိတဲ့လူတွေကလည်း တစ်ယောက်ထိပ် တစ်ယောက် နင်းဆင်းတဲ့ ညီအစ်ကိုတွေလို ။ မှတ်ထားဗျ ။ ကျုပ်ဆိုတဲ့ကောင်က အဖေနဲ့ညီမ အရင်း ကိုတောင် ပြန်ငဲ့ကြည့်တာ မဟုတ်ဘူး ။
လူဆိုတာ ကိုယ့်ဘဝ တိုးတက်လမ်းကိုပဲ ရှာရတာပဲ မဟုတ်လား ။ အဖေကလည်း ကျုပ်ဘဝအတွက် ဘာမှ အထောက်အပံ့ မပေးခဲ့ဘူး ။ ကျုပ် အမေသေတာနဲ့ နောက် မိန်းမယူပြီး အရက်နဲ့ပျော်ခဲ့တာ ။ ကျုပ် လူပျိုဘဝမှာ ငွေကို ကုတ်ကုတ်ခြစ်ခြစ် ရှာတယ် ။ နောက်ပြီး အဖေ ရောင်းမယ်ဆိုတဲ့ လယ်တွေ ကို ကျုပ် ဝယ်ခဲ့တယ် ။ ကိုယ့်အဖေပစ္စည်းဆိုတော့ ဈေးနည်းနည်းနဲ့ အချောင် ရလိုက်တာပေါ့ ။ နောက်ကျတော့ အဲဒီကိစ္စမှာ ပြဿနာတက်သေးရဲ့ ။ ကျုပ် ညီမက ဒီလယ်တွေကို သူ ပါဆိုင်တယ်ပေါ့ ။ အဖေ့ပစ္စည်းတွေပေါ့ ။ ဘယ်ဟုတ် မှာလဲ ကျုပ် လူပျိုဘဝနဲ့ ကုန်းရုန်းပြီး ရှာထားရတာ ။ ဒီလိုဖြစ်မှာ တွေးပြီး စာချုပ်စာတမ်း နဲ့ကို ဝယ်ထားတာ ။ ညီမလည်း မရဘူး ။ သွားပေါ့ ။
ကျုပ်မိန်းမဘက်မှာက ပစ္စည်းရှိတယ် ။ မိန်းမတစ်ယောက်ယူပြီး ကိုယ့်ဘက်က ဒီလောက်ကလေးမှ မပါရင် ဘယ် မိန်းမအသိုင်းအဝိုင်းက ကြည်ဖြူမှာလဲ ။ သိတယ် မဟုတ်လား ။ လောကမှာ ငွေရှိဖို့က အဓိက ။ ကျုပ် အဖေနဲ့ ဆွေမျိုး အသိုက်အဝန်းကို လုံးဝ လျစ်လျူရှုလိုက်တယ် ။ သူတို့မှာက ငွေနဲ့တူတာဆိုလို့ ပုလင်းကွဲတောင် လက်လက်မရှိဘူး ။ တစ်ယောက်ကို ငွေ ၁ဝဝ ပဲ ကျုပ်ဆီ လာချေး ။ ဒီဂျိတ္တောရွာမှာ ကျုပ်ဆွေမျိုးက ရွာတစ်ဝက်လောက် ရှိတယ် ။ ကျုပ် မွဲရောပေါ့ ။ အကူအညီမရတဲ့ အတူတူ ဒီဆွေမျိုးတွေ ဘာလုပ် ဖို့ ဆက်ဆံနေမှာလဲ ။ သူတို့ကို မြင်ရင် ခြံတံခါးပိတ်ပဲ ။ ဒါ ကျုပ်ရဲ့ ဗီတိုအာဏာ ။
ကျုပ်မိန်းမဘက်က ဆွေမျိုးတွေဆိုရင်တော့ လာခဲ့ ။ ကျုပ်မိန်းမထက် ကို ကျုပ်က ပျူငှာသေးတယ် ။ မပျူငှာလို့ ဖြစ်မလား ။ အားလုံးလူမှာ အနည်း ဆုံး ကျော့ပိုက်တစ်ဖောင် ၊ အုန်းခြံတစ်ခြံတော့ ရှိတာပဲ ။ လူဆိုတာ တိုးတက် ချင်ရင် တိုးတက်နေတဲ့ လူနဲ့ ပေါင်းရမှာ မဟုတ်လား ။ ခုပဲ ကျုပ်ကို ကြည့် လေ ။ တစ်နေ့လုံး နွားနဲ့ရုန်း ၊ တစ်နွေလုံး ပင်လယ်ထဲမှာ ကျောတပြောင်ပြောင် ဘဝကနေပြီး ဈေးဆိုင်နဲ့ ဗီဒီယိုနဲ့ အုန်းခြံနဲ့ကို ဖြစ်လို့ ။ ကျော့ပိုက်ဆိုလည်း နှစ်ဖောင်ရှိတယ် ။ ကျုပ်ပိုင်တဲ့ ကွင်းပြင်ကျယ်ကြီးတွေ ကြည့်ဦးမလား ။ မျက်စိ တစ်ဆုံး ကြည့်ပေတော့ ။
ကျုပ် မိန်းမ ကတော့ လောဘ သာ ရှိတာ ဘာမှ တိုးတက်မျက်စိ ရှိတဲ့ မိန်းမ မဟုတ်ဘူး ။ သူ့ မှာ အဲဒီလို စိတ် ရှိတာ တစ်ခုတော့ ကောင်းတယ် ။ ဒါကြောင့် ကျုပ် လို ကောင်နဲ့ ရတာပေါ့ ။ ကျုပ် ဆို ဒီလို မုဆိုးဖို ၊ အရက်သမား ရဲ့ သား ကို မယူတာ ကျိန်းသေတယ် ။ ပတ်ဝန်းကျင်မိသားစု ကလည်း ဘာမှ ထောက်ပံ့မယ့် သူ မရှိ ။ ကိုယ် ကပဲ လက်တွဲ ခေါ်ရမှာ မဟုတ်လား ။ ကျုပ် ဆိုတဲ့ အကောင် က လည်း ကျုပ် နော် ၊ သိတယ် မဟုတ်လား ။ အမြင့် ကို မျှော်မှန်းနေတာ ။ ကိုယ့်လို သူလို ကောင်မလေးတွေ ဆိုရင် လှည့်တောင် ယောင်ပြီး မကြည့်ဘူး ။
ကျုပ် ဘဝမှာ ကောင်မလေးသုံးယောက်နဲ့ ကြိုက်ဖူးတယ် ။ အားလုံး ကုန်သည်သမီး ၊ ကျော့ပိုက်ရှင် သမီး ၊ ချမ်းသာတဲ့ အသိုက်အဝန်းကပဲ ။ ဟိုနှစ် ယောက်ကတော့ မိဘတွေ တင်းတင်းကျပ်ကျပ်လုပ်လို့ ကျုပ်စက်ကွင်းက လွတ် သွားတယ် ။ ခုရတဲ့ မိန်းမကတော့ ဒီရွာက မဟုတ်ဘူး ။ ကျုပ်တို့ရွာနဲ့ ပင်လယ် ခြားတဲ့ မြောင်ရှည်ရွာက ။ ဒီရွာက သူ့ကြီးတော်တွေ အိမ်မှာနေပြီး ကျောင်းတက် ရင်း ကျုပ်နဲ့ ဖြစ်သွားကြတာ ။ ကောင်မလေးက ၉ တန်း ကျောင်းသူ ။ ငယ်သေး တယ် ။ ကျောင်းတက်ချင်သေးတယ်နဲ့ ဂဂျီဂဂျောင် လုပ်နေသေးတာ ။ ကျုပ်က လည်း ကြီးတဲ့ငါးတွေဆို လွတ်နေကျကောင်ပဲ ။ ဘယ်မှာ အလွတ်ပေးလို့ ဖြစ် မှာလဲ ။ “ ဂုဏ်တံတိုင်း ၊ ငွေတံတိုင်း ၊ တံတိုင်း ပတ်ကာခြား ” ဆိုတဲ့ သီချင်းတွေ ညဘက် အိမ်ရှေ့မှာ သွား ဆိုလိုက်တော့ မောင်မောင့်သဘော ဆိုတာမျိုး ဖြစ် လာရော ။
ဟုတ်တယ်လေ ။ ငယ်တာ ၊ ကြီးတာ မစောင့်နိုင်ဘူး ။ ကိုယ့်ဘဝ တိုးတက်ဖို့ ဆိုရင် စောသည် ၊ နောက်ကျသည် မရှိဘူး ။ သူ့မိဘတွေ သိသွားရင် ကျုပ်လိုကောင်နဲ့ ဘယ်လိုလုပ် သဘောတူမှာလဲ ။ ဒီတော့ ယူပြီပေါ့ ။ ခိုးပြီပေါ့ ။ သူ့မိဘတွေဆိုတာ ယမ်းပုံမီးကျတာ ဘာမဟုတ်သေးလဲ ။ ဒါပေမယ့် မချစ်သော် လည်း အောင့်ကာနမ်း ဆိုသလိုမျိုးပေါ့ ။
ကျုပ်ကလည်း အလိုက်သိတတ်တယ် ။ ဘာပဲခိုင်းလိုက် ၊ ခိုင်းလိုက် ပေါ့ခနဲပဲ ။ ဒီအဘိုးကြီးနဲ့ အဘွားကြီး ဘာတင်းခံနိုင်မှာလဲ ။ နောက်တော့ ကျုပ် ကို ရွှေသမက်လေး ၊ ရွှေသမက်လေးကို ဖြစ်လာရော ။
ကျုပ်မိန်းမက တစ်ဦးတည်းသော သမီး ။ ကိုယ် လိမ္မာရင် ယောက္ခမ ပစ္စည်းအားလုံး ကိုယ့် အတွက် မဟုတ်လား ။ ကျုပ်ယောက္ခမတွေက ဟိုးခေတ် တုန်းကပဲ ကုတ်ကုတ်ခြစ်ခြစ် စုလာခဲ့တဲ့ ကော်တစ်ရာကြီးတွေ ။ လယ်ဆိုလည်း ကြည့်လိုက်ဦး ။ မျက်စိတစ်ဆုံးရော ။ အုန်းခြံဆိုတာကလည်း လက်ညှိုးထိုး မလွဲ ဘူး ။ ကျော့ပိုက် ၊ ဝိုင်းပိုက် ၊ သုံးထပ်တန်း ။ ပင်လယ် အတွက်လည်း ပစ္စည်းက အစုံအလင် ။ ဘာကြာလိုက်မှာလဲ ။ ကလေးသဘောကွယ့် အဖေတို့ ၊ အမေတို့ က အသက်ကြီးလာပြီတဲ့ ။
ဒါပေမယ့် ယောက္ခမတွေ ရွာမှာ ကျုပ်မနေနိုင်ဘူး ။ ကျုပ် ရွာကို ပြန်ပြောင်းခဲ့တယ် ။ အဲဒီရွာမှာ ဆက်သွယ်ရေး မကောင်းဘူးပေါ့ ။ မြို့နဲ့ဆိုရင် ပင်လယ်ခြား နေတယ်ပေါ့ ။ ယောက္ခမတွေ ကလည်း ကျုပ်ကို လိုလားနေပြီ မဟုတ် လား ။ ကျုပ်စိတ်ကူးကို မငြင်းဘူး ။ သူတို့ကတော့ အဲဒီချက်မြှုပ်က မစွန့်နိုင် ဘူးပေါ့ ။ ရတယ် ။ ကျုပ် လိုချင်နေတာလည်း အဲဒီအတိုင်းပဲ ။ တစ်သက်လုံး ဒီသက်ကြားအိုကြီးတွေရဲ့ ခိုင်းတဲ့ကျွန် ၊ ထွန်တဲ့နွား လုပ်နေလို့ ဘယ်ဖြစ်မှာလဲ ။ ကျုပ်က တိုးတက်ချင်တဲ့ကောင် မဟုတ်လား ။ စင်ခွဲ ထောင်ရမှာပေါ့ ။
ကဲ ... ကျုပ်မှာ ငွေရှိပြီ ။ နေရာ ဆိုတာကလည်း ကျုပ်ရဲ့လယ်ကွက် တွေက ခေတ်ပြောင်းလဲမှုတွေကြောင့် ဈေးကွက် ကျလာတယ် ။ ဒီတော့ ကျုပ်ရဲ့ အကွက်ကျော်ပြီး မြင်တတ်တဲ့ဉာဏ်ကြောင့် လယ်ဆိုတဲ့ နာမည် ပျောက်သွားပြီ ။ နေရာအတွက် ဘာပူစရာ လိုလဲ ပြီးပြီပေါ့ ။ စီးပွားရေးလုပ်ဖို့ အတွက် အဆက် အသွယ်ကို ကြည့်ဦးမလား ။ ဒါတွေကို ကျုပ်က လေ့လာပြီးသား ။ ငွေနဲ့ရမယ့် သူဆိုရင် ငွေ ၊ အရက်ဆိုတဲ့လူ အရက် ၊ ဖဲလားရတယ် ။ ဟိုကိစ္စ ၊ ဒီကိစ္စ လိုချင် သလား မပူနဲ့ ။ အဓိက ကျုပ် အမြင့်ကို တက်နိုင်ဖို့ လှေကားရဖို့လေ ။
ကျုပ်မိတ်ဆွေတချို့က ကျုပ်ကို ပြောင်သလိုလို ၊ နောက်သလိုလိုနဲ့ ပြောကြတယ် ။ လူပါး ၊ လူနပ်တဲ့ ။ ဘာကြောင့်လဲ ဆိုတော့ သူများ လိုအင်ကိုပဲ ဖြည့်ပေးခဲ့တာ ။ အဲဒါတွေကို ဘာတစ်ခုမှ ကျုပ် မလုပ်ဘူး ။ ကုန်ကုန်ပြောရင် ဆေးလိပ်တို့ ကွမ်းယာတို့ တောင်မှ ကျုပ် မသောက်ဘူး ။ မစားဘူး ။ ဒါတွေ ဂရုမစိုက်လို့ ဖြစ်မလား ။ ကျုပ် ဂျိတ္တောမှာ ပြန်နေလို့ နှစ်နှစ်ပဲ ကြာတယ် ။ သား တစ်ယောက်ရပြီ ။ ကျုပ် မရှိရင် သူတို့သားအမိ ဘယ်မျက်နှာ ကြည့်နေမှာ
လဲ ။
“ အသက်ကို ဉာဏ်စောင့် ” တဲ့ ။ ကျုပ်ဆို လေစိမ်းသုတ်မှာစိုးလို့ အပြင် တောင် ကိစ္စမရှိဘဲ မထွက်ဘူး ။ ထမင်း စားရင်လည်း ကြည့်ဦးလေ ။ ဝက်သား ဆိုရင် ကျုပ် မစားဘူး ။ အဲ ... ကျုပ်တင် မကပါဘူး ။ ခုလက်ရှိ သား ၊ သမီး တွေအပြင် မိန်းမပါ မစားရဘူး ။ ဝမ်းပျက်မှာစိုးလို့ ။ ကြက်သားနဲ့ နွားသား ဆိုတာကလည်း ဝမ်းကိုက်တတ်တယ် မဟုတ်လား ။ စားလို့ကို မဖြစ်ဘူး ။ ကျုပ် တို့ရွာက ပင်လယ်နားရွာဆိုတော့ ငါးကြီးတွေလည်း ပေါတယ် ။ ကျုပ်က ငယ် ငယ်လေးကပဲ ပင်လယ်ထဲမှာ ရုန်းကန်ခဲ့ရတဲ့ အကောင်လေ ။ သား ငါးကြီးတွေ ဆိုလည်း မစားသင့်ဘူး ။ အဆီကျိတ်တွေ ၊ အတွင်းအူတွေက လူကို အန္တရာယ် ဖြစ်စေတတ်တယ် ။ တောက် ( အဆိပ်သင့် ) သွားရင် တစ်ခါတလေဆို လူတောင် သေပါရဲ့ ။ ဒီတော့ ကျုပ်အိမ်မှာ ချက်ချင်ရင် ခေါင်းတစ်ရာသားကိုပဲ ချက် ၊ အသီးအရွက် ကိုပဲချက် ။ ဒါတွေကမှ လူကို အာဟာရ ဖြစ်စေတာ မဟုတ်လား ။
ဒါပေမယ့် သားသမီးတွေ ကတော့ ပြောရတာ လုံးဝနားမလည်ဘူး ။ ဟန် ပြန်ရင်လည်း အစိုးရိမ်လွန်တယ်လို့ ပြောပြန်ရဲ့ ။ လုပ်ငန်းတစ်ခု တိုးချဲ့ရင် လည်း အဖေ့မှာ ကိုယ်မနိုင်ဘဲနဲ့ လုပ်ပြန်ပြီလို့ အပြစ်တင်ရော ။ ဒါတွေ မလုပ် လို့ ဖြစ်မလား ။ ဒီသားသမီးသုံးယောက်ရဲ့ တာဝန်က ကျုပ်မှာအပြည့် ။ ခုလို မျှော်လင့်ပြီး လုပ်လာလို့ ခုလိုဖြစ်နေတာ မဟုတ်လား ။ ကျုပ် ရုန်းကန်ခဲ့ရပုံကို ဒင်းတို့တွေ မြင်စေချင်တယ် ။
ကျန်တဲ့ လူတွေကတော့ ကျုပ်ကို ကွယ်ရာမှာ ပြောကြတာပေါ့ ။ ဘို့ တစ်လုံးသမားတဲ့ ။ ရဖို့ ၊ ဝဖို့ပဲ သိတယ်တဲ့ ။ မနာလိုလို့ ပြောတာ ပြောကြပါ စေ ။ ကျုပ် ရှာတာ ကျုပ် မိသားစု အတွက်ပဲ ဖြစ်ရမှာပေါ့ ။ နောက်ပြီး စီးပွားရှာ ပါတယ်ဆိုမှ ဝေဿန္တရာ လုပ်နေတာမှ မဟုတ်ဘဲ ။ ငွေရဖို့နည်းကိုပဲ သုံးရမှာ ပေါ့ ။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော ကျုပ် ရှာဖွေလို့ရတဲ့ ငွေတွေကို ကြည့် လိုက်ရင် ကျုပ် စိတ်ချမ်းမြေ့သွားတာပဲ ။
ဒါတွေကြောင့် ဒီလို နှစ်တိုတိုလေးအတွင်းမှာ ကျုပ် ဒီလောက် လူ တစ်လုံး ၊ သူတစ်လုံး ဖြစ်အောင် နေနိုင်တာပေါ့ ။ စီးပွားရေးလုပ်တာမှာ ဘယ်သူ့ ကိုမှ ငဲ့စရာမလိုဘူး ။ လုပ်စရာရှိတာ ပြတ်ပြတ်လုပ် ၊ ဒါပဲပေါ့ ။ သူတို့ကို ငဲ့ညှာနေလို့ ဘာဖြစ်လာမှာလဲ ။ ရောင့်တက်လာရုံပဲ ဖြစ်မယ် ။ ကျောင်းက ဆရာတော်ကို သင်္ကန်း ဝယ်လှူလိုက်တယ် ။ ဒါက ကုသိုလ်ရတယ် မဟုတ်လား ။ ကုသိုလ်ဆိုတာ နတ်ပြည်မှာ စည်းစိမ် ခံစားနိုင်ဖို့အတွက် တတ်နိုင်မယ့် လှေကားပဲ ။ ဘယ်နေရာမှာမဆို လှေကားကို ရှာရမယ် ။ ဒါမှ အမြင့်ကို တက်နိုင်မယ် ။ ဘယ်နေရာပဲ ရောက်ရောက် ကျုပ်က အမြင့်ကို တက်ချင်တာ ။
အိမ်ကအကောင် ကျုပ်သား ပြောပါတယ် ။ ဘာတစ်ခုမှ ကျုပ် စိတ် ဓာတ်မပါဘူး ။ ဟိုဟာ လုပ်ပါဆိုလည်း မလုပ် ၊ ဒီဟာ လုပ်ပါဆိုလည်း မလုပ်နဲ့ ။ အားလုံး မလုပ်တာတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် အလုပ်ဆိုတာ တစ်ခု နှစ်ခုတည်းကို လုပ်ပြီးနေလို့ မဖြစ်ဘူး ။ ဘယ်ဟာမဆို သူများထက် အပေါ်က နေနိုင်မှ မဟုတ်လား ။
သမီးကတော့ ကျုပ်လို မာနတော့ ရှိပါရဲ့ ။ ဒါပေမယ့် တိုးတက်ဖို့ကျတော့ သူ့အမေလို စိတ်ဓာတ်မျိုး ။ ဘာမှ ကြိုပြီး တက်လမ်းကို မမြင်တတ်ဘူး ။ မာနကတော့ တော်တော်ကြီး ကို ရှိတာ ။ ဘယ်အချိန် ကြည့်ကြည့် နှုတ်ခမ်းက တော့စူလို့ ။ မျက်လုံးကလည်း တစ်ဖက်သား ကို ချိုးနှိမ်နေတဲ့ အရောင်လက်လို့ ။ ဒီလို ဗလာချီကြီးသာ မာနကြီးနေတယ် မာနနဲ့ လိုက်အောင် ဘာတစ်ခုမှ တိုးတက် အောင် မလုပ်နိုင်ဘူး ။
အငယ်ဆုံးသားကတော့ ခုမှ ၁၁ နှစ်ရှိသေးတာပဲ ။ ကျောင်းနေတုန်း ။ သူ့စိတ်ဓာတ်ကတော့ ဘယ်လိုလာမလဲ ။ ခုသာ ကျုပ် သေသွားကြည့် ဒီစီးပွား ရေးတွေနဲ့ ဒီမိသားစုတော့ ဝါးအစည်းပြေသလို ပြေသွားမှာ ကျိန်းသေတယ် ။ ကျုပ်ရှိတော့ ဘယ်သားသမီး .. အိမ်ထောင်ကျကျ အိမ်ခွဲဆင်းစရာ မလိုဘူး ။ သမီးအသက်ကလည်း ၂ဝ ကျော်ပါပြီ ။ သူ အိမ်ထောင်မကျဘဲနဲ့ ကျုပ် မသေ ချင်သေးတာ အမှန်ပဲ ။ မတော်လို့ ကျုပ်လို ပစ္စည်းမက်လို့ ယူတဲ့အကောင်နဲ့ကျ ဘယ်လိုလုပ်မလဲ ။ ကျုပ်ကသာ တက်လမ်း အတွက် စီးပွား ရှိတဲ့ မိန်းမကို ယူခဲ့ တာ ။ ကျုပ်သမီးတော့ ဒီလိုမျိုး အဖြစ် မခံနိုင်ဘူး ။
သိတယ် မဟုတ်လား ၊ ကျုပ်ဆိုတဲ့ အကောင်က သူများကိုပဲ လှေကား လုပ်ပြီး နင်းမယ် ၊ တက်မယ် ။ ကျုပ်ကိုတော့ လှေကား လုပ်မယ် စိတ်မကူးနဲ့ ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီသာမှတ် ။ ဆရာ မျက်ရိပ်ပြရင် လူတစ်ယောက်ကို ခြင်တစ်ကောင်လို သ,တ်ဖို့လောက် ဝန်မလေးတဲ့ အကောင်တွေလည်း ကျုပ်လက် အောက်မှာ တစ်ပုံတစ်ပင် ။ ဒါမျိုးကောင်တွေကိုလည်း တစ်ဖက်လှည့်နဲ့ မွေးထား ရတယ် ။ ကိုယ်က စီးပွားရေးလည်း အကြီးအကျယ်လုပ် ၊ ဥစ္စာပစ္စည်းကလည်း အပြည့်ဆိုတော့ အစောင့်အရှောက်လိုတယ် ။
ဂျိတ္တောရွာကို ရောက်ရင် တွေ့လိမ့်မယ့် ကားဂိတ်နားက နှစ်ထပ်တိုက် ကြီးကို ရှေ့မှ လက်ဖက်ရည်ဆိုင် ၊ ကုန်စုံဆိုင် ၊ ဗီဒီယိုနဲ့ ။ အဲဒါ ကျုပ်ပိုင်တာ တချို့တစ်ဝက်ပေါ့ ။ တစ်ရွာလုံးမှာ လိုက်ကြည့် နှစ်ထပ်ဆိုလို့ ကျုပ် တစ်တိုက် ပဲရှိတယ် ။ သားတွေ ၊ သမီးတွေ ၊ မြေးတွေ ၊ မြစ်တွေ ရလာမယ့် လူကိုး ။ ဒီလို အခန်းပေါင်း မြောက်မြားစွာနဲ့ အိမ်ကြီးမဆောက်လို့ ဖြစ်မလား ။ အခုတော့ ကြည့်စမ်း ။ တခြား လူတွေပေါ်မှာ ကျုပ် ဖြတ်ကျော်ပြီး အောင်မြင်ခဲ့သမျှ ရောဂါ က ကျုပ်ကို သက်သက်လာအနိုင်ကျင့်တာပဲ ။
မကျန်းမမာ ဖြစ်မှာစိုးလို့ ကျုပ် ဆိုတဲ့အကောင် အရာရာကို ရှောင်ကြဉ် ခဲ့တာကြည့် ။ ကျုပ် ဖြစ်တဲ့ အဆုတ်ရောဂါ တခြားလူကို သွားဖြစ်ပါတော့လား ။ ကျုပ် အဖေဆို အရက် ၊ ဆေးလိပ် ၊ ကွမ်းယာ ဘာတစ်ခုကိုလည်း ရှောင်ကြဉ် ခဲ့တာ မဟုတ်ဘူး ။ အသက် ကျတော့ ၉၅ နှစ်အထိ နေသွားရတယ် ။ ကျုပ် ခြံ စောင့်အလုပ် ခန့်ထားတဲ့ ဘိုးခူလှကြီးကျလည်း အသက် ၈၀ ရှိပြီ ၊ သွားလာပြီး ရှာဖွေစားနိုင်တုန်း ။
ကျုပ်မှာ ရောဂါလက္ခဏာ မြင်တာနဲ့ သွားကုလိုက်ရတဲ့ ရန်ကုန် ။ အဲဒီမှာ မနေရုံ တစ်မည်ပဲ ။ ဒါတောင် ရောဂါက ကျွမ်းကျွမ်းလာတာ ဆိုတော့ ကျုပ်လို လူကိုမှ သက်သက်အနိုင်ကျင့်တာပေါ့ ။ နေကြပါဦး ၊ ကျုပ် ရှာဖွေထား တဲ့ ပစ္စည်းတွေနဲ့ အေးအေးဆေးဆေး အနားယူပါရစေဦး ။ ကျုပ်ဘဝမှာ ဘယ် အခါမှ အေးအေးဆေးဆေး မနေခဲ့ရဘူး ။ ဆေးကုခံနေရတဲ့ အချိန်တွေပဲ အိပ်ရာ ထဲမှာ ကြာရှည်လှဲနေခဲ့ဖူးတာပါ ။ အရင်က နေ့နေ့ညည ဘယ်မှမသွားဘူး ။ ကျုပ် လုပ်ငန်း ၊ ကျုပ် မိသားစုအတွက် တိုးတက်ဖို့အရေးပဲ ထိုင်ပြီး စဉ်းစား နေခဲ့တာ ။
ကျုပ် အေးအေးဆေးဆေး နေဖို့အတွက် အချိန်မပေးနိုင်ရင်တောင်မှ ကျုပ် သမီး ကောင်းကောင်းမွန်မွန် လူချမ်းသာတစ်ယောက်နဲ့ အိမ်ထောင်ကျဖို့ ၊ ကျုပ်သားအငယ် အသက် ၂ဝ ပြည့်ဖို့ ။ ကျုပ် လုပ်ခဲ့တဲ့ကုသိုလ်တွေကို ထောက် ထားပြီး နောက်ထပ် ၉ နှစ်လောက် နေခွင့်ပေးကြပါဦး ။
ဟေ့ ... ဟေ့ကောင်တွေ မိစ္ဆာကောင်တွေ သွားကြစမ်း ။ ငါ့အနားကို မကပ်ကြနဲ့ ။ ငါ့လက်တွေ ကိုလွှတ် ။ ခုလွှတ် ။ ကျုပ် မသေသေးဘူး ။ နေကြပါ ဦး ။ နောက် ... နောက်ထပ် ၉ နှစ် ။ ဟုတ်တယ် ၉ နှစ်လောက် ။ သွား ... အား .. အား .. ငါ့ လည်ပင်းကို ဘာလို့ လာညှစ်တာလဲ ။ ဟေ့ကောင် ဒင်ကြီး တို့ ဘာကြည့်နေတာလဲ လာကြလေ ။ ဒီ မိစ္ဆာကောင်တွေကို သ,တ်ပါတော့လား ။ မင်းတို့ပဲ ပြောတယ်မဟုတ်လား ။ ဆရာကြီး အတွက်ဆို လူတောင် သ,တ်ပေးမယ် ဆို ။ တစ်ကျွန်းက ပြန်လွတ်လာတာဆိုကွ ။ မြန်မြန်လုပ်ပါဟ ။ အား ... အား ... ကျုပ် အသက်ရှူ မွန်းလာပြီ ။ ကျုပ်ကို မသ,တ်ပါနဲ့ဦး ။ နောက်ထပ် ၉ နှစ် လောက် မဟုတ်ရင် တောင်မှ ၉ လ ။ မဟုတ်ရင် ၉ ရက် ၊ နေပါဦး အား .. အား ... ၉ နာရီ ၊ အဲ .. အဲ ... ၉ မိနစ် အား ... ။
◾တင်မြင့်ဦး ၊ သံတွဲ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၆၄
ဖေဖော်ဝါရီလ ၊ ၁၉၉၅
No comments:
Post a Comment