Thursday, January 9, 2025

ကြက်မကလေး မိနီ


 

❝ ကြက်မကလေး မိနီ ❞
       ( ပုံပြင် )

ရှေးသရောအခါ “ မိနီ ” ဆိုသော ကြက်မကလေး တစ်ကောင် ရှိလေ၏ ။ မိနီ သည် အညိုရောင် အိမ်ကလေး ၌ နေလေသည် ။ သူ့ အိမ်ကလေး အနီး၌ မြေခွေးသားအမိ တို့ ရှိလေ၏ ။ တစ်နေ့သ၌ မြေခွေးသားငယ် က သူ့ အမေ အား “ အမေရယ် ၊ ကျွန်တော် ကြက်မကလေး ကို စား ချင်လိုက်တာ ၊ အမေ ဖမ်းပေးပါ ” ဟု ပူဆာလေ၏ ။ မြေခွေးမ လည်း “ မင်း စားချင်တာ ဖြင့် မင်း ဟာ မင်း ဖမ်းပေါ့ကွ ၊ သူ က မင်း ထက် အကောင်အထည် ငယ်တယ် ၊ မင်း ဖမ်းရင် ရမှာပေါ့ ” ဟု ပြန် ပြောလေ၏ ။ မြေခွေးငယ် လည်း ကြက်မကလေး ကို ဖမ်းရန် အကြံ ထုတ် နေလေ၏ ။

နောက်တစ်နေ့ မနက် ခြောက်နာရီ ထိုးသောအခါ မြေခွေးငယ် သည် ကြိုး တစ်ချောင်း ကို ခွေ၍ အိတ်တစ်လုံး ၌ ထည့် ပြီးလျှင် ကြက်မကလေး ၏ အိမ် ဆီသို့ ထွက်လာခဲ့ လေ၏ ။ သူ သည် အိမ် အနီး၌ ထိုင်စောင့် နေလေ၏ ။ ခြောက်နာရီခွဲ သော အခါ၌ ကြက်မကလေး  အိပ်ရာ မှ နိုးလာလေ၏ ။ မိနီ သည် အိပ်ရာ မှ ထ ကာ မျက်နှာသစ်ရန် ရေတွင်း ဆီ သို့ ရေခပ် ထွက်သွားလေ၏ ။ ထိုအခိုက် အိမ်နား ၌ တိတ်တိတ် လာ စောင့်နေသော မြေခွေးငယ် သည် မိနီ ၏ အိမ်ညို ကလေး ထဲ သို့ တိတ်တဆိတ် ဝင်၍ ပုန်း နေ လိုက်လေ၏ ။ မကြာခင် မိနီ လည်း ရေပုံး ကို ကိုင် လျက် ပြန်ရောက် လာလေ၏ ။ မိနီ သည် ရေပုံး ကို ချပြီးလျှင် သူ ဝင်လာခဲ့သော တံခါးပေါက် ကို ပြန် ပိတ်ခဲ့လေ၏ ။ မြေခွေးငယ် လည်း တံခါးပိတ် ပြီးသော အခါ ပုန်းနေရာ မှ ထွက်လာလေ၏ ။ မိနီ သည် မြေခွေး ကို မြင်ရသော အခါ ကြောက်လန့် ကာ “ လာကြပါ ၊ ကယ်ကြပါ ၊ မြေခွေး ရောက်နေပါတယ် ” ဟု ကုန်း၍ အော်လေ၏ ။ သို့ရာတွင် မနက် ခြောက်နာရီခွဲ သာ ရှိသေး သဖြင့် တစ်ရွာလုံး အိပ်ရာ မှ မနိုးကြသေးပေ ။ ထို့ကြောင့် သူ့ အော်သံ ကို မည်သူမျှ မကြားနိုင်ပေ ။ မိနီ လည်း ကြောက်အားလန့်အား နှင့် အနီး ရှိ ဗီရို ပေါ် သို့ ပျံတက် လိုက်လေ၏ ။

မြေခွေးငယ် လည်း “ အလို ... ကြက်မကလေး ၊ မင်းကို ငါ ကိုက်စားချင်လို့ လာခဲ့တာ ပဲ ၊ လာ ... လာ ... ဆင်းခဲ့ ” ဟု ခေါ်လေ၏ ။ မိနီ ကလည်း “ နင် ငါ့ ကို မဖမ်းနိုင်ပါဘူး ဟယ် ၊ ငါ က အမြင့်ကြီး ” ဟု ပြန် ပြောရင်း ဗီရို ပေါ်မှာ ပင် ထိုင် နေလေ၏ ။ မြေခွေးငယ် သည် မိနီ ဆင်း မလာမှန်း သိရသော အခါ ဗီရို ရှေ့သို့ လာ၍ ချာချာလည် အောင် လှည့်ပတ် နေလေ၏ ။ ဝိုင်းပတ်ကာ လှည့် နေသော မြေခွေးငယ် ကို ကြည့် နေသော မိနီ သည် ကြာသော အခါ ခေါင်းမူး လာလေ၏ ။ မြေခွေးငယ် လည်း ဝိုင်း၍ လှည့်နေရင်း ဗိရို ပေါ် မှ မိနီ ခေါင်းမူး လာသည် ကို မြင်ရလေ၏ ။ သူ သည် မနားတမ်း လှည့် နေရင်း မကြာခင် ခေါင်းမူး ကာ ဗီရို ပေါ် မှ လိမ့်ကျလာသည် ကို သိရလေ၏ ။ မြေခွေးငယ် သည် ပါလာသော ကြိုး ဖြင့် မိနီ ကို တုပ်ချည် လိုက်ပြီး လျှင် အိတ်ထဲ သို့ ထည့်ကာ အိမ် သို့ ပြန်လာလေ၏ ။ “ ကဲ ... မင်း လွတ်နိုင်သေးရဲ့လား ၊ ကနေ့ မနက်တော့ မင်းအသား ကိုပဲ မနက်စာ ချက်ရတော့မယ် ” ဟု ပြောရင်း သူ့ အမေ ရှိရာသို့ ပြေးသွားလေ၏ ။ အိမ် ထဲ ၌ မြေခွေးမကြီး မရှိပေ ။ မနက်စောစော အစာ ရှာရန် ထွက်သွားပြီ ဖြစ်လေသည် ။ မြေခွေးငယ် လည်း မိနီ ကို ထည့် ထားသော အိတ်ကြီး ကို ချထားခဲ့ပြီး နောက် သူ့ အမေ မြေခွေးမကြီး ဆီသို့ ပြေးလိုက် သွား လေ၏ ။

အိတ် ထဲ ၌ ပါလာသော ကြက်မကလေး မိနီ လည်း မြေခွေးငယ်  ပြေးထွက် သွားသည် ကို သိရလေ၏ ။ သူ သည် အင်္ကျီအိတ် ထဲ၌ အမြဲ ဆောင် ထားသော ကတ်ကြေး ကို ထုတ် လိုက်ပြီး လျှင် အိတ်ကြီး ၌ အပေါက် ဖောက်လေ၏ ။ အပေါက်ကြီး ဖြစ်သွားသော အခါ အပြင်ဘက် သို့ ထွက်လေ၏ ။ အပြင်ဘက် ၌ ကျောက်ခဲကြီးကြီး တစ်ခဲ ကို လိုက်၍ ရှာ ပြီးလျှင် အိတ်ထဲ သို့ သူ့ ကိုယ်စား ထည့်ထား လိုက်လေ၏ ။ ထို့နောက် အိပ် အပြင်ဘက် မှ နေ၍ သူ ထွက်လာသော အပေါက် ကို အပ်ချည်နှင့် သီ၍ ချုပ်ထားလေ၏ ။ ချုပ် ပြီးသော အခါ မိနီ သည် စိတ်အေးလက် အေးဖြင့် သူ့ အိမ်ညိုကလေး ဆီ သို့ ပြန်သွားကာ တံခါး ကို အတွင်း မှ ပိတ်ထား လိုက်လေ၏ ။

ခုနစ်နာရီခွဲ သော အခါ မြေခွေးငယ် နှင့် သူ့ အမေ တို့ အိမ် သို့ ပြန်လာသည် ကို မြင်ရလေ၏ ။ မြေခွေးငယ် လည်း ဝမ်းသာအားရဖြင့် “ အမေ ၊ ကျွန်တော် မနက် စောစော ထပြီး ကြက်မကလေး ကို ဖမ်းထားတယ် ၊ အိတ် ထဲမှာ ” ဟု ပြောကာ အိတ်ကြီး ကို ပြလေ၏ ။ မြေခွေးမကြီး လည်း ကြက်သားဟင်း ချက်ရန် မီးဖိုထဲ သို့ ဝင်၍ ရေနွေးအိုး အမြန် တည်လေ၏ ။ ရေနွေးအိုး ဆူ သောအခါ အပြင်ဘက် သို့ ထွက်လာ၍ အိတ် ထဲမှာ ရှိသော ကြက်မကလေး ကို ယူရန် ချည်ထား သော ကြိုး ကို ဖြည် လိုက်လေ၏ ။ ကြိုး ဖြည် ပြီးသော အခါ ရေနွေးအိုး ထဲ သို့ စောင်း ၍ ဖွင့်ချလိုက် လေရာ အထဲ မှာ ထည့်ထားသော ကျောက်တုံးကြီး လိမ့်ကျကာ မြေခွေးမ ၏ မျက်နှာ ကို ရေနွေးပူများ စင်လေ၏ ။ မြေခွေးမ လည်း ရေနွေးပူ လောင် သဖြင့် “ ကြည့်စမ်း ၊ ကြက်မကလေး မှ မဟုတ်ဘဲ ၊ ကျောက်တုံးကြီးပါလား ” ဟု အော်လိုက်လေ၏ ။ မြေခွေးငယ် လည်း ထိုအခါမှ သိရလေ၏ ။ မြေခွေးမကြီး က စိတ်ဆိုးစွာဖြင့် သူ့ သား အား “ မင်း ဟာ တယ် အ တဲ့ အကောင်ပဲ ၊ ကြက်မကလေး ကို ဖမ်းပြီး ဒီလိုပဲ ပစ်ထားခဲ့ရသလား ၊ သူ ဟာ မင်း ထက် အကောင်အထည် ငယ်ပေမယ့် လို့ မင်း ထက် ဉာဏ် ရှိချင် ရှိလိမ့်မယ် ဆိုတာ စဉ်းစားဖို့ ကောင်းပါသေးတယ် ၊ ကဲ ... အခုတော့ ကြက်မကလေး က မင်း ထက် ငယ်ပေမယ့် မင်း ထက် ဉာဏ် သာသွားပြီ ” ဟု ပြောလေ၏ ။ တစ်ဖက် အိမ် မှ ကြက်မကလေး ကား သူတို့ သားအမိ ကို ကြည့်ကာ “ ဟား...ဟား...ဟား ” ဟုအော်၍ ရယ်မော လိုက်လေ သတည်း ။

⎕ နုယဉ်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၃ ၊ ဧပြီ
.

No comments:

Post a Comment