❝ မြမြနု ❞
အပြင် မှာ ရွက်ဝါတို့ဖြင့် သစ်ပင်တိုင်း ရွှေရည်ဝင်း နေချင် နေပေလိမ့်မည် ။
မြောက်လေပြင်းနှင့် တောင်လေပျော့ တို့ မျက်နှာချင်းဆိုင် ရန်ပြုကြသော အခါ ၊ ရွက်ဝါတို့ ၏ အညှာမဲ့မဲ့ တို့သည် နာကျင်ခြင်းမက နာကျင်ပြီး ၊ အံခဲကာ သစ် ပင် ကို စွန့်ခွာရ ရှာပေလိမ့်မည် ။ ထိုအခါ ရွက်ဝါအို သည် လေ မှာ ဝဲကာ ဝဲကာနှင့် မြေခ ကြွေကျရရှာပေလိမ့်မည် ။
မြစိမ်း တစ်ဝက် သိင်္ဂီ တဝက် အရောင် လက်သော ရွက်ဝါ သည် အသန်စွမ်းဆုံးသော ရွက်ဝါစိမ်း အဖြစ် ၊ အပင် တွင် ရွှင်လန်း တကြွကြွ ကျန်ရစ်ခဲ့ပေလိမ့်မည် ။ သူ့ ကိုယ် သူ လည်း ရွက်စိမ်းမြမြနု အဖြစ် ဂုဏ်ထည်ထည် ဝင့်ဝါ ပေလိမ့်မည် ။
အမှန်ပင် ကျွန်တော့် ဇနီးသည် ၏ အမည်သည် မြမြနု ဟု ခေါ်တွင် ပါလေ၏ ။ အများကမူ ဝိဇ္ဇာဘွဲ့ ရ အလယ်တန်းပြ ဆရာမ ဒေါ် မြမြနု ဟု တရိုတသေ ဆက်ဆံကြပါသည် ။ ကျွန်တော့် အနေဖြင့်မူ ခင်ပွန်းသည် စင်စစ် ယောက်ျား အရင်းအချာကြီး ဖြစ်သည့် အလျောက် ဆရာမ ဒေါ်မြမြနု မခေါ်ဝေါ်သင့် မခေါ်ဝေါ်ပါ ။ ‘ မြ ’ ဟူ၍ လည်းကောင်း ၊ ‘ မြမြ ’ ဟူ၍ လည်းကောင်း ၊ ‘ မြနု ’ ဟူ၍ လည်း ကောင်း ၊ ‘ နု ’ ဟူ၍ လည်းကောင်း ကဗျာဆန်ဆန် ချစ်စနိုး သမှုပြု၍ တစ်ခုခု တမည်မည် နှုတ်ကျိုး ခေါ်တွင် သင့်ပါသည် ။
သို့တစေ ၊ ကျွန်တော် ‘ မြမြနု ’ ဟူ၍သာ ရိုးရိုးစင်းစင်း ထောင့်ထောင့် အောင့်အောင့်ကြီး ခေါ်ခဲ့ စမြဲ ဖြစ်ပါသည် ။
ဤကိစ္စနှင့် ပတ်သက်၍ မြမြနု ကျေနပ်ပုံ မရချင်ပါ ။ သူ့ ကိုယ် သူ ကျွန်တော် နှင့် စကားပြောတိုင်း ‘ မြ ’ ကလေ ၊ ‘ မြ ’ ကနှင့် တစ်မြ ထဲ မြပြီး “ မြ ဟူသည် ကား ကျွန်မ ၏ အခေါ်အတွင် သညာ တစ်ခု ဖြစ်ပါသည်ရှင့် ” ဟု ရိုးတရိပ် စောင်းချိတ်၍ အမြဲ ကြေညာ တတ်ပါသည် ။ တည့်တည့် ထင်ထင်လည်း သူ့အား မြမြနု ဟု ငေါင်းစင်းစင်း အခေါ် အဝေါ် ကို မကြိုက်ကြောင်း ပြောခဲ့ဖူးပါသည် ။
မည်သို့ပြောစေ ၊ ကျွန်တော် က မူ သူ့ ကို မြမြနု ဟူ၍ သာ ခေါ်ခဲ့စမြဲ ၊ ခေါ်ဆဲ ဖြစ်ပါသည် ။
အကြောင်းရင်း ရှိပါသည် ။
ကျွန်တော် ၏ နှလုံးသား သစ်ပင် ထက် မှ ချစ်ခြင်း မေတ္တာရွက်ဝါများ တစ်ရွက် ပြီး တစ်ရွက် လောကဓံလေ အသင့်တွင် လွင့်လွင့်မျော ဆုံးပါးခဲ့ရပါသည် ။ နောက်ဆုံး သိင်္ဂီ တစ်ဝက် မြစိမ်း တစ်ဝက် ဖက်၍ ဆေးစုံခြယ်သောပုံနှင့် မေတ္တာသစ်ရွက် တစ်ရွက် သာ ထည်ထည်ဝါ ဝါ ခံ့ခံ့ညားညား နှင့် သူ့ ကိုယ် သူ မေတ္တာရွက်စိမ်း မြမြနု အဖြစ် ကြေညာ ကျန်ရစ်ခဲ့သောကြောင့်ပင် ဖြစ်ပါသည် ။
မြမြနု ၊ မြမြနု ။
သည် အထီးကျန် နှလုံးသားပိုင်ရှင် ကျွန်တော့် လို လူမှ ပဇာကြောင့် မြမြနု အိမ်ထောင်ဘက် ရွေးရပါလိမ့် ။ မြမြနု လည်း စိတ်မချမ်းသာ ၊ ကျွန်တော် လည်း မကြည်မြေ့ ။ သည် အိမ်ထောင်ရေး သည် ကလေး နှစ်ယောက် ရ၍ အပြင်ပန်း သဘောသာ အဆင်ပြေ သလို ရှိငြား ၊ အတွင်းစရိုက် မှာ ပဋိပက္ခလမ်း အစဉ် ဦးတည်သည် ။
ကြည့် ၊ ယခု ကျွန်တော် ဆေးရုံ တက် ကုသဖို့ အခြေ သို့ ရောက် လောက်အောင် ပါးစပ် မှ သွေးတပွက်ပွက် အန်သော ည က -
“ ငါ့ ဗိုက်ထဲ ဘာတွေ ဖြစ်နေမှန်း မသိဘူး မြမြနု ရယ် ၊ ပူလောင်လောင် နဲ့ ၊ ဝမ်းသွားတော့ လည်း ဝမ်းမည်း တွေ ၊ မနက်ဖြန် မင်း ကျောင်း က ခွင့်ယူပြီး ကျောက်ဆည် ကို သွားပါ ၊ ဇုန်မန်နေဂျာ ကို ပြောပြီး ရုံးကား ယူခဲ့ပါ ၊ ကျောက်ဆည်ဆေးရုံ တက် မှ ဖြစ်တော့မယ် ထင်တယ်ကွယ် ”
.... ဟု ကျွန်တော် က စိတ်ညှိုးငယ်ငယ် ပြောမိ သည် ။ မြမြနု က
“ မနက်ဖြန် ကျောင်း ကနေ မောင့် ရုံးကို ဖုန်းဆက် ပြောလိုက်မယ်လေ ၊ သူတို့ လာ ခေါ်လိမ့်မယ်ပေါ့ ၊ ခက် တာက မြ အနေ နဲ့ ကျောင်းသားတွေ စာမေးပွဲ သိပ် နီးနေ တော့ ခွင့် မယူချင်ဘူး ၊ မြ ခွင့်ယူရင် ကျောင်းသားတွေ သူတို့ မသိတာ မရှင်းတာ မြ ကို မမေးနိုင် ၊ အရေးကြီး တယ်လို့ မြ ထင်တဲ့ သင်ခန်းစာတွေ လည်း မြ မသင်နိုင် ဖြစ်ပြီး သူတို့လေးတွေ စာမေးပွဲ ကျမှာ မြစိုးမိတယ် ”
... ဟု ပြန်ဖြေသည် ။
မြမြနု ၏ အဖြေ နှင့် ပတ်သက်၍ ကျွန်တော် ဘယ် သို့မျှ စောဒက မဝင်ချင်ပါ ။ ဝင်ဖို့လည်း လိုသည် ဟု မထင်ပါ ။ သေလုဘနန်း ဝေဒနာသည် ခင်ပွန်း ကိစ္စ ထက် သူ့ ကျောင်းသား ကျောင်းသူတွေ ၏ စာမေးပွဲကိစ္စ က အရေးပို အလေးကဲနေသည် ဟု သူ က ဆိုမင့် ၊ သူ့ စေတနာ ကို ကျွန်တော် နားလည်ရ မည်သာ ဖြစ်ပါသည် ။
ကျွန်တော့် အပေါ် အကြင်နာ မေတ္တာ နည်းလွန်းသည် ဟုပင် ကောက်ချက် ပြုရုံမျှ ရှိပါသည် ။
သို့တစေ ... ။
“ ငါ လည်း ကျောင်းဆရာ လုပ်ခဲ့ဖူးပါတယ်ကွယ် ၊ ငါ လည်း နားလည်ပါတယ် ၊ ဒါပေမဲ့ ”
ကျွန်တော် ၏ စကားစ ရပ်ပစ်ခဲ့ပါသည် ။ စင်စစ် စကား ပြောချင်ပါသည် ။ ပြောချင်သော စကား ကို လည်း မြမြနု နားလည်ပြီး ဖြစ်မည်ဟု သဘောပေါက် ပါသည် ။ သို့ကြောင့် တမင် စကားစ ရပ်ပစ်ခဲ့ခြင်း ဖြစ်ပါသည် ။
သို့ငြား ...
မြမြနု သည် သူ့ စကားအတိုင်း ကျောက်ဆည်ဇုန် မန်နေဂျာ ထံ သို့ မြစ်ငယ်ကျောင်း မှ တယ်လီဖုန်း ဆက်၍ ကျွန်တော့် ရောဂါကိစ္စ ၊ ဆေးရုံ တက်ဖို့ ကားကိစ္စများ ပြော ခဲ့ပါသည် ။ ဇုန်မန်နေဂျာ ခမျာသာ ရေးကြီးသုတ်ပျာ အပြေးလေး လိုက်လာပါသည် ။ သည်လိုဖြင့် ကျောက်ဆည်ဆေးရုံ သို့ ကျွန်တော် တက်ရောက် ကုသ ခဲ့ရပါသည် ။ ရောဂါ က အစာအိမ် မှာ အနာ ဖြစ်သည် ဆိုလား ၊ အူ မှာ အနာပေါက်သည် ဆိုလား ။
မည်သည့် နေရာမှာ အနာပေါက်သည် ဖြစ်စေ ၊ ကျွန်တော် ထမင်း မစားရ ။ အစာကြမ်း ဆို တစ်ခုတမည် မျှ မစားရ ။ နွားနို့ချည်း ဖိ သောက်ရသည် ။
လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများ ၊ တပည့်တပန်း များက စေတနာဗလဝ ၊ အကြင်နာ အပြည့်ဖြင့် ကျွန်တော့် ကို ပြုစုကြ ၊ ယုယကြသည် ။ အဒေါ်ရင်းပမာသော ဒေါက်တာမမလေး က လည်း နှိုင်းနှိုင်းချင့်ချင့် မြော်မြော် မြင်မြင် ကုသသည် ။
ဆေးရုံ မှာ နေ၍ သုံးရက် လေးရက် ခန့် ကြာသော အခါ ပါးစပ် မှ သွေးလည်း မအန်တော့ ။ ဝမ်းမည်း လည်း မသွားတော့ ။ ဗိုက် လည်း မနာတော့ ။ အကျိုးမဲ့ ကုန်သွား ခဲ့ရသည် သွေးများကြောင့် လွန်မင်းစွာ အားနည်း နေခြင်း သာ ကျန်သည် ။
သွေးအားနည်း လွန်း၍လား မသိ ၊ ညများစွာ တွင် ကောင်းစွာ အိပ်မရတတ် ။ အိပ်မရတိုင်း မြမြနု အပေါ် ကျွန်တော် မကျေချမ်းချင် ။ ကြည့်လေ ၊ ကျွန်တော် ဆေးရုံ သို့ အသွားတွင် လည်း သူ မလိုက်ပါခဲ့ ။ ဆေးရုံ ရောက် တော့လည်း သူ တစ်ခါမျှ လာ မကြည့် ။
သည်အခါ အိမ်ထောင်ရေး ဟူသည် မေတ္တာစစ် မေတ္တာမှန် အရင်း မခံခဲ့လျှင် နောင်တကြီးစွာ ရတတ်ပါတကား ဟူသော အသိသံဝေသည် ဝေဒနာ ဖြစ်လာရပြန်သည် ။
ကျွန်တော် ၏ ငယ်က ချစ်သူ ၊ ကျွန်တော် ၏ မေတ္တာစစ် မေတ္တာမှန် လုနန် သာ ဆိုလျှင် ... ၊ ဂျင်းဖောပျိုဖြူလေး လုနန် သာ ဆိုလျှင် .... ။
ပင်ကို က အားနည်းနေ၍ တစ်ကြောင်း ၊ ငယ်ချစ် ငယ်စွဲ လုနန် ကို အသိအာရုံ ဝင်မိ၍ တစ်ကြောင်း ယောက်ျားရင့်မကြီး ကျွန်တော် ၏ မျက်တောင်များ တွင် မျက်ရည်ပုလဲများ ရွဲရွဲသီဝေ့လာသည် ။
မြစ်ကြီးနား တွင် ကျွန်တော် အထက်တန်းပြဆရာ အဖြစ် တာဝန်ထမ်းစဉ် က လုနန် နှင့် တွေ့ခဲ့ဆုံခဲ့သည် ။ ထိုစဉ်က လုနန် က သူနာပြုဆရာမ ။ ထဘီပြာဝတ် မိန်းမလွတ် ။ နောက် ကျွန်တော် နှင့် အသိအကျွမ်း ဘဝ မှ ချစ်သူဘဝသို့ တိုင်ခဲ့သည် ။ သည့် နောက်တော့ လုနန် ခမျာ တခြား လူနာများ ကို ပြုစုရင်း ပြုစုရင်း နှင့် သူ့ မှာ သွေးကင်ဆာရောဂါ ကပ်ရောက်ကာ ကွယ်လွန်ခဲ့သည် ။
ကျွန်တော် အလုပ် ပြောင်းပြီး ကုန်သွယ်ရေး ( ၁ ) သို့ အရာရှိငယ် ဘဝ ရောက်ခဲ့ရသည် ။ မိဘများ က သဘောတူ သဖြင့် မြစ်ငယ် မှ ဆရာမ မြမြနု နှင့် လက် ဆက်ခဲ့ရသည် ။
ကြေမြေ့နေသော နှလုံးသား ၊ ပေါက်ဟ နေသော နှလုံးသား အစားထိုး၍ ရစနိုး နှင့် မိဘများစကား နား ထောင်ခဲ့ခြင်း ပင် ဖြစ်သည် ။ ပဓာန အချက်မှာ အမေ့ စကား နားထောင်ခြင်း ။
အမေ့စကား နားထောင် သဖြင့် အမေ စိတ်ချမ်းသာ သည် မှန်စေ ၊ ကျွန်တော့် မေတ္တာနှလုံးအိမ် မှာ အကြေ အမြေ့ ၊ အပျက်အယွင်း ၊ အပေါက်အဟာ သည် ပို၍ ကျယ်လာသည် ပင် တစ်ရံတစ်ရံ တွင် ထင်မိတော့သည် ။ မြမြနု ၏ အမူအရာ ၊ အကြင်အနာ ၊ အပြုအစု ဟူသမျှကို ကျွန်တော့် နှလုံးသား က လုနန် ၏ အမူအရာ ၊ အကြင်အနာ ၊ အပြုအစု နှင့် ယှဉ်၍ ယှဉ်၍ ချည်း ကြည့်မြင် နေမိသည် ။
ရှိစေတော့ ။
သည်လ တပေါင်းလ ၊ ကျောင်းသားတွေ စာမေး ပွဲ ဖြေချိန် နီးပြီ ။ မြမြနု အလုပ် မအား ။ ကျွန်တော် ဆေးရုံ တက်ရသည် ။ ရွက်ဝါတွေ တဖြုတ်ဖြုတ် ၊ ကြွေကျ သည် ။ မြရောင်တစ်ဝက် ၊ သိင်္ဂီတစ်ဝက် သစ်တစ်ရွက် က သစ်ပင်ထက် မှာ သူ သာ လောကအလင်္ကာ ၊ လောက အလှ မြမြနု အဖြစ် ကြေညာဂုဏ်ဝင့် နေသည် ။
သည် အတွေးစဉ်တန်း တွင် နစ်မျောရင်း ... ။
••••• ••••• •••••
ဆေး ရုံမှာ ဆယ့်ငါးရက်ခန့် နေခဲ့ရသည် ။
မြမြနု တစ်ခေါက် မျှ ရောက်မလာခဲ့ ၊ သုံးရက် တစ်ခါ လောက်သာ ကျွန်တော့် ရောဂါ အခြေအနေ နှင့် ပတ်သက်၍ မြစ်ငယ် မှ တယ်လီဖုန်း ဖြင့် ဒေါက်တာမမလေး ထံ အမေးအမြန်း ပြုခဲ့သည်ဟု သိရသည် ။
“ အစားကြမ်းတွေ မစားနဲ့ ၊ လက်လုပ်ချဉ်တွေ မစား နဲ့ ၊ အပင်ပန်း သိပ်မခံနဲ့ ၊ ကြက်ဥနဲ့ နွားနို့ များများစားပေး ၊ ကိုယ့်ကိုယ် ကိုယ် အားမွေးပြီး တစ်လ လောက် နားဦး ၊ ရော့ ဆေးခွင့်တင်ဖို့ ထောက်ခံစာ ”
ဒေါက်တာမမလေး က ကျွန်တော့် ကို သံယောဇဉ် ကြီးစွာဖြင့် တတွတ်တွတ် တဖွဖွ မှာသည် ။
မြစ်ငယ် ရောက်တော့ သမီးကြီး က ဝမ်းသာအားရ ကြိုသည် ။ သုံးလသမီးငယ် က တွေတွေငိုင်ငိုင်ကြီး ကြည့်နေသည် ။ မြမြနု က ကြည်ကြည်မွေ့မွေ့ အပြုံး ဖြင့် ကြိုသည် ။
ကျွန်တော် က မြမြနု သို့ ကျွန်တော် ဆေးရုံ တက်နေစဉ် က စပ်ထားသော ကဗျာ တစ်ပုဒ် ကို လက်ဆောင် အဖြစ် အရွဲ့တိုက် ပေးလိုက်သည် ။
ကဗျာ အမည် က ‘ ငယ်ချစ်ငယ်စွဲ ’ ။
ကြည့်စမ်းသည်အိမ် ၊ ပျက်ချိန်တန်တော့
ပျက်သပေါ့ကွယ် ၊ ထော့နဲ့ခြေထောက်
အမိုးယောက်ယက် ၊ ထရံကွက်လဲ
အပြဲတရာ ၊ အဖာပရပျစ်
အို ... သိပ်စိတ်ညစ်တယ် ၊ မဖွယ်မရာ
လေပြင်းလာတိုင်း ၊ ဝုန်းဒိုင်းဝုန်းဒိုင်း
အသံလှိုင်းနဲ့ ၊ ရိုင်းလှပါဘိ
ကြည့်တော့ ဧကန္တ ၊ အိမ်ခန်းမတံခါး
ပတ္တာများပြုတ်လို့ မြည်နေတာ ။
အိမ့်ပြင်ကကြည့်ရ ၊ တစ်နေ့တစ်လ တစ်နှစ်
သုံးနှစ်သာလွန်ရော ၊ ဟော ဘယ်သူမှလဲ
မရှိဘဲနဲ့ ၊ လျော့ရဲလျော့ယိုင်
မှိုင်နေတဲ့အိမ်ကြီး အထီးတည်း ။
လူစလဲမမြင် ၊ သခင်လဲ မတွေ့
ငြီးငွေ့ကြောက်ဖွယ် ၊ အပျက်သာကျယ်ခဲ့
တွယ်မယ့်အိမ်ရှင်လိုနေတယ် ။
တစ်နေ့ခင်းတော့
ကြော့ရရော့ မိန်းမ ၊ လှုပ်စလှုပ်စနဲ့
အိမ်ကျကိုပြင်ဆင် ၊ သူသခင် .. တဲ့ ။
ကြည့်ချင်ဖွယ်အောင် ၊ အိမ်ခေါင်ကိုဖာ
ထရံဟာကိုဖြေ့ ၊ အိမ်မွေ့အိမ်သာယာ
လိုရာရာဆောင်ရွက် ၊ အိမ်ပျက်မခိုင့်တခိုင်
အယိုင်ကို သူတည့်လို့ပါလား ။
သည်လိုတော့လဲ
ထော့နဲ့အိမ်က ၊ မတ်တတ်ထလို့
လောကအလှ ၊ သူ့အလှနဲ့
အလှချင်းထပ်လို့ ။
ဒါပေမဲ့ .... အိမ်ရှင်မခမျာ
သူမေ့တာထင့် ၊ လေလာတိုင်းဘဲ
သူ့အိမ်ထဲက ၊ ရှဲကနဲမြည်သလို
အို ... ဝုန်းဒိုင်းသံပ ။
ဧကန္တတော့ ၊ အိမ်ခန်းမတံခါး
ပတ္တာများပြုတ်တာ ၊ မပြင်ပါဘူး
ပြင်နိုင်ဘူး ထင်ရဲ့လေ ...... ။
ကဗျာ ကို မြမြနု တိုးတိုးလေး ညည်း ရွတ်ပြီး ဖြည်းဖြည်းမှန်မှန် ဖတ်သည် ။
“ မောင့်ကဗျာ ရဲ့အဓိပ္ပာယ် က မေတ္တာနှလုံးအိမ် ပျက်ယွင်းနေသူ ကို ဘယ်လိုပဲ ပြင်ပြင် မရနိုင်ဘူး ၊ တစ်ခုခု တော့ လိုနေမှာ ပျက်နေမှာပဲ လို့ ဆိုလိုတဲ့သဘောလား ”
မြမြနု က မေးသည် ။
ကျွန်တော် က ခေါင်းညိတ် ဖြေလိုက်သည် ။
မြမြနု သည် သမီး နှစ်ယောက် ကို တစ်လှည့် တပြန်စီ ကြည့်နေသည် ။
ဘာမျှတော့ မပြော ။
မချိပြုံးတစ်ချက် ပြုံးပြရင်း နောက်ဖေးချောင် သို့ သွား၍ ကျွန်တော့် အတွက် နွားနို့ ဖျော်နေလေသည် ။
အပြန်တွင် နွားနို့တစ်ခွက် သာ မက ကြက်ဥပြုတ် တစ်လုံး ပါလာသည် ။ နွားနို့ခွက် ကို ကျွန်တော့် ရှေ့တွင် ချထားပြီး ၊ ကြက်ဥပြုတ်အခွံများ ကို သူ ကိုယ်တိုင် ခွာချ နေသည် ။
“ မြ ပြောရဦးမယ် မောင် ရဲ့ ... ၊ မြလေ ကျောင်း မှာ ခြောက်တန်းတွေ ကို အင်္ဂလိပ်စာ သင်ပေးရတယ် မဟုတ်လား ၊ အဲဒါ ဒီနှစ် ကုန်မှာ ခြောက်တန်း ငါးတန်း အင်္ဂလိပ်စာ သင်တဲ့ ဆရာ ဆရာမတွေ အားလုံး မေမြို့ မှာ မွမ်းမံသင်တန်း တက်ရမယ်တဲ့ မောင် ရယ် ... ၊ သူတို့ သင်တန်း က ဘာတဲ့ကွယ် ၊ အင်္ဂလိပ်စာ သင်နည်းသစ် သင်တန်းတဲ့ ၊ အဲဒါ ... ”
“ မြမြနု သင်တန်း သွား တက်ချင်တယ်ပေါ့ ၊ ဟိုကျ တော့ ငယ်သူငယ်ချင်းတွေ နဲ့ တွေ့ ချင်တွေ့ မယ် ၊ ငယ်ချစ်တွေ လည်း တွေ့ချင်တွေ့ မယ် ... ဟုတ်လား ”
ကျွန်တော် က စကားစ အတင်းဖြတ် ကြားဝင်ပြော ပစ်လိုက်သည် ။ သည်တော့ မြမြနု မျက်နှာ ရဲခနဲ သွေး လျှမ်း သွားသည် ။
“ မဟုတ်ပါဘူး မောင်ရယ် ၊ မဟုတ်ပါဘူး ၊ မောင် ကလည်း ဝန်တိုတတ်ရန်ကောကွယ် ”
မြမြနု ဖျောင်းဖျသည် ။
“ မဟုတ်ရင် ဘာလဲ ၊ သင်တန်း မြမြနု မတက်တော့ဘူးလား ”
“ အိုကွယ် မောင် ကလည်း ၊ မြ ပြောတာတောင် ဆုံးအောင် နားမထောင်ဘဲနဲ့ကွယ် .. ၊ ဒီလို မောင် ရဲ့ ၊ သင်တန်းတက်ဖို့ ဆရာဆရာမတွေ ရဲ့နာမည် နဲ့ အတိအကျ ခေါ်တာ ၊ မြ လည်းပါတယ်လေ ၊ မြ က လည်း သမီးတွေ က တစ်ဖက် ၊ မောင့် ကျန်းမာရေး က တစ်ဖက် ဆိုတော့ အခက် တွေ့ နေတာ ။ အထူးသဖြင့် တော့ သမီးလေး က သုံးလ ရှိသေးတာ မဟုတ်လား ၊ မောင် နဲ့ သမီးကြီး က တော့ အိမ် မှာ လက်ချမီး က ချက်ပြုတ်ကျွေးလို့ ဖြစ်တယ်ထား ၊ သမီးငယ် က ည ကျရင် အမေနို့ စို့ အိပ်တာ ဆိုတော့ ... ”
“ လိုရင်းကို ပြောစမ်းပါ မြမြနု ရာ ”
ကျွန်တော် က စိတ်မရှည် သလို အော်လိုက်သည် ။
“ မောင် ကလည်း ကွယ် ... နွားနို့ သောက်ပါဦး ၊ စိတ်တိုတတ်ရန်ကောကွယ် ... ၊ မြ ပြောမှာပေါ့ မောင် ရဲ့ ၊ အဲဒါ သမီးငယ် ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ မြ စဉ်းစားနေတယ် .... ၊ တစ်ဖက် က လည်း အင်္ဂလိပ်စာသင်နည်းသစ် ဆိုတော့ ကျောင်းသူကျောင်းသားတွေ ဟာ မြ သင်တန်း မတက်လို့ အင်္ဂလိပ်စာ သင်နည်းသစ် နားမလည်ရင် ဒုက္ခ ရောက်ကုန်ကြမှာ မြင်တယ် ... ၊ မြ တို့ ကျောင်းအုပ် ကလည်း လူစားလဲ ပေးဖို့ ပြောတော့ မရဘူးလို့ ပြောတယ် ၊ မြ က လည်း ကလေးတွေ မျက်နှာ ကြည့်ပြီး သင်တန်း တက်ချင်တယ်ကွယ် ၊ သမီးငယ် က တစ်ယောက် ကိစ္စ ၊ ကျောင်းသူကျောင်းသား ဆိုတာက အများ ကိစ္စ မဟုတ်လား ”
“ အဲဒါ သမီးငယ် ကို မြ မေမေ နဲ့ ဖေဖေ တို့ ရှိတဲ့ မန္တလေး အိမ် သွားထားချင်တယ် ။ မြ ညီမ လှလှပြုံး ကလည်း အားနေမှာ မဟုတ်လား ၊ သူ့ ကို ပြောရမှာပဲ အောက်မေ့တယ် ”
“ မောင့် အစ်ကို ခရိုင်ပညာဝန် အစ်ကိုညွန့် ကလည်း သင်တန်း ကို မဖြစ် ဖြစ်တဲ့နည်း နဲ့ တက်ဖို့ တိုက်တွန်း တယ် မောင်ရယ် ၊ အဲဒါ ... ”
“ အိုကွာ ... မင်း သင်တန်း တက်ချင်တာနဲ့ ဒီ သမီး ငယ် နို့ငတ်သေရမှာလားကွ ”
ကျွန်တော် မကျေမချမ်း ပြောမိပြန်သည် ။
“ ဒါကတော့ မောင့် ကို တိုင်ပင်တာပါ ၊ ဒါပေမဲ့ မောင်ရယ် ... သမီးငယ် ကိစ္စက တစ်ယောက် ကိစ္စ ၊ ကျောင်းသားကျောင်းသူတွေ အင်္ဂလိပ်စာ သင်နည်းသစ် နဲ့ ခေတ်စနစ် နဲ့ အညီ တတ်ကျွမ်းဖို့ က အများကိစ္စ ဆိုတာ တော့ မောင် စဉ်းစားပေးပါလို့ မြ တောင်းပန်ချင်ပါတယ်မောင်ရယ် ”
မြမြနု စကားအဆုံး တွင် ကျွန်တော် ဆင်ခြေပြု စကားဆိုမည် ဟု သောက်လက်စ နွားနို့ခွက် ကို လက်မှ အောက်သို့ ချလိုက်ပါသည် ။ ဆန္ဒစော နေသဖြင့် နွားနို့ အချို့ စားပွဲပေါ်သို့ ဖိတ်ကျ သွားပါသည် ။ မြမြနု သည် ကပျာကသီလက်သုတ်ပဝါ တစ်ထည် ဖြင့် ဖိတ်ကျနေ သော နွားနို့များ ကို သန့်စင်သုတ်ပေးလိုက်ပါသည် ။
လက်သုတ်ပဝါ တွင် နွားနို့ရည်များ ပေကျံသွား ပါသည် ။ စားပွဲ မှာ သန့်စင်သွားပါသည် ။
စားပွဲ သန့်စင်ရေးအတွက် လက်သုတ်ပဝါ သည် အညစ်အပေ ခံရသည် ။ အများ ကောင်းစားရေး ၊ နိုင်ငံ ၏ အနာဂတ် ကျောင်းသားကျောင်းသူများအရေးအတွက် သမီးငယ် ၏ မျက်နှာ ၊ ခင်ပွန်းသည် ၏ အငြိုအငြင် ကို မြမြ နု ခံယူရဲရှာပေသည် ။ အကျိုးသင့် အကြောင်းသင့် ပြော ရှာပေသည် ။ လက်သုတ်ပဝါ သည် အိမ်တွင် မရှိမဖြစ် သလို ၊ မြမြ နုလို ဝန်ထမ်းစိတ် ပြည့်သူလည်း တိုင်းပြည် တွင် မရှိမဖြစ်ပါတကား ။
သည်အသိစဉ် ဝင်မိသောအခါ မြမြနု အား နွေရာသီ ကျောင်းပိတ်ရက် တွင် မေမြို့ သို့ သွား၍ အင်္ဂလိပ်စာ သင်နည်းသစ်သင်တန်း သို့ ကျွန်တော် တက်ခွင့် ပြုလိုက် ရပါတော့သည် ။
••••• ••••• •••••
မြမြနု တစ်ယောက် သင်တန်း သွားစဉ်က မေမြို့ သို့ ကျွန်တော် လိုက် မပို့ဖြစ်ပါ ။
ကျန်းမာရေး မကောင်းသေးခြင်းကို အကြောင်းပြခဲ့ ငြား ၊ စင်စစ် ကျောက်ဆည် တွင် ကျွန်တော် ဆေးရုံ တက် စဉ်က မြမြနု တစ်ခေါက်တစ်ခါမျှ လာ မမေးခဲ့ခြင်းလည်း အကြောင်းရင်း တစ်ရပ် ဖြစ်ပါသည် ။
မြမြနု သည် မေမြို့ မှ နေ၍ တစ်ပတ် စာ နှစ်စောင်ကျ မှန်မှန်ထည့်ပါသည် ။ သင်တန်း မှာ အစားအသောက် ဆင်းရဲမှုများ ၊ အနေအထိုင် ကျဉ်းကျပ်မှုများ ၊ မနက် လေး နာရီထိုးတွင် ရေချိုးရပုံများ ၊ သင်တန်းဆရာ ဆိုသူများ က သူတို့ကို သူငယ်နှပ်စားပမာ ဆက်ဆံပုံများ ၊ သမီးငယ် နှင့် သမီးကြီး ကို တစ်နေ့မပြတ် သတိရကြောင်း များ နှင့် ကျွန်တော့် ကျန်းမာရေး စိတ်မအေးပုံများ ။
သင်တန်းဆရာများ က သူတို့ကို သူငယ်နှပ်စား ပမာ ဆက်ဆံကြပုံများ ကို မူ ကျွန်တော် ဒေါသငွေ့ငွေ့ ထွက်မိပါသည် ။ မြမြနု နှယ် ရင်သွေးပစ် ၊ အိမ်ထောင် ပစ်ပြီး ခံယူချက်အပြည့်အဝ ဖြင့် သင်တန်း သို့ လာ ရောက်ကြသူများအား လူ ကို မလေးစားသည့် တိုင် ၊ စေတနာ ကို တော့ နားလည်သင့်သည်ဟု သဘောရပါ သည် ။ မန္တလေး သည် ဆရာဆရာမများ အဖို့ အနေ အသွား လွယ်ကူသည် ကို သင်တန်းဖွင့်မည့် ပုဂ္ဂိုလ်များ သိ၍ ကနဦး မန္တလေးတွင် သင်တန်းဖွင့်ရန် ရည်မှတ် ပြီးကာမှ ၊ သင်တန်းဆရာများ က ‘ မန္တလေး မှာ ပူသည် ၊ အပူဒဏ်မခံနိုင် ၊ မေမြို့မှာ ဖွင့်ပေးပါ ’ ဟု တောင်းဆို သောကြောင့် မေမြို့ မှာ သင်တန်းဖွင့်ခဲ့ရခြင်း ဖြစ်ရကား ၊ သင်တန်းဆရာများ ၏ စေတနာမှာ သင်တန်းသားများ ၏ စေတနာ နှင့် ယှဉ်သော် လွန်စွာညံ့ဖျင်းနေသည် ဟု ကျွန် တော် ထင်သည် ။
ရှိစေတော့ ။
ထိုအပိုင်းတော့ ကျွန်တော် နှင့် သိပ် ပတ်သက်လှ သည် မဟုတ် ။ အကျယ် ချဲ့၍ မပြောချင် ။
သို့တစေ ၊ မြမြနု ၏ စေတနာ ကို ဂုဏ်ပြုသော အားဖြင့် သင်တန်းအဆင်း တွင် ကျွန်တော် ဂျစ်ကား တစ်စီး ငှားပြီး မေမြို့သို့ တက်၍ မြမြနု ကို ကြိုဆိုပါသည် ။ ကျွန်တော် နှင့် အတူ သမီးကြီး သမီးငယ် နှစ်ယောက် လည်း ပါလာခဲ့ကြသည် ။
သင်တန်းကျောင်း ရောက်တော့ မြမြနု ကို ရုတ်ခြည်း မတွေ့ရ ။ ကျောင်းဝင်းထဲ တွင် ကားစောင့် နေကြသူများ တွေ့ရသည် ။
“ အလာတုန်း က လည်း ဘာအစီအစဉ် မှ လုပ်မပေးဘူး ၊ ခုလည်း ကိုယ့်ဘာသာ ကားငှား ပြန်ကြတဲ့ကွာ ၊ ကားဈေးတွေ ကလည်း အရမ်း တက်တာပဲ ၊ ရမယ့် ခရီးစရိတ် က နှစ်ဆယ် ၊ တကယ် ကုန်တဲ့ စရိတ်က နှစ်ရာ ၊ အိမ် က မိန်းမ က တော့ ဆူတော့မှာပဲကွာ ... ”
ဆရာ တစ်ယောက် ၏ မကျေမချမ်း ပြောသံ ။
သူ့ အပါး မှ ဆရာ တစ်ယောက် က ...
“ အလာတုန်းက ကားမှောက်လို့ ဆရာ တစ်ယောက် ဆေးရုံ တင်ရသတဲ့ကွ ၊ မေမြို့က အဆင်း လည်း ဘယ်သူ ဆေးရုံ ရောက်ဦးမလဲ မသိဘူး ”
.... ဟု ပြောသည် ။
ကျွန်တော် အနည်းငယ် ရင်လေး သွားမိသည် ။ ကျောင်းဆရာ ဘဝ တာဝန် ထမ်းရွက်ခဲ့ဖူး သဖြင့် ထို ဆရာ များ ၏ ဘဝ ကို ကိုယ်ချင်းစာမိလိုက်သည် ။
“ ဆရာ ... ဆရာ ... ဟေး ... ဆရာ ”
“ ဟာ ... ဂျာဖန် ”
ကြည့်စမ်း ၊ ကျွန်တော့် တပည့်ဟောင်း ဂျာဖန် ပါ ကလား ။ ဝမ်းသာအားရ ဂျာဖန် က ကျွန်တော့် ကို နှုတ် ဆက်သည် ။
“ ကျွန်မ မုံရွာ မှာ ဆရာ ၊ ဆရာ ရောက်ရင် ဝင်ပါ ၊ ဆရာ နည်းနည်း ပိန်သွားတယ်နော် ”
ရွှန်းရွှန်းဝေ အောင် ဂျာဖန် က နှုတ်ဆက်စကား ဆိုသည် ။ အမှန်ပင် ကျွန်တော် လည်း ဝမ်းသာ သွားသည် ။ အတန်ကြာ စကား ပြောပြီး ..
“ ဂျာဖန် ရေ ၊ မင်း မြမြနု ကို မတွေ့ ဘူးလား ၊ မြစ်ငယ်ကျောင်း က ဆရာမ ကွယ် ”
“ ဒေါ်မြမြနု လား ... သူ ကျွန်မ နဲ့ တစ်ခန်းတည်း နေရတယ် ဆရာ ရဲ့ ၊ ဆရာ့ အမျိုးသမီး လား ”
ကျွန်တော် က ခေါင်း ကို ဆက်ခနဲ ညိတ်လိုက်ရင်း
“ ဟုတ်တယ် ၊ မင်းတို့ စကား မစပ်မိကြဘူးလား ” ဟု မေးမိသည် ။
ဂျာဖန် က ခေါင်း ယမ်း ပြရင်း ...
“ သူ က နာမည် မပြောဘူး ဆရာရဲ့ ၊ သူ့ အမျိုးသားက သူ့ ကို အကြင်နာ နည်းတယ် လို့ ပဲ ပြောတယ်ကော ၊ သူ့ အရင် ရည်းစားတုန်း က များ ... ”
“ ဘာရယ် ”
ကျွန်တော် က အသံ ခပ်ဆတ်ဆတ် ပြောတော့ ဂျာဖန် တွန့်သွားသည် ။ သူ့ ကိုယ် သူ စကား မှားသွားပြီ ဟု သဘောရသလား မသိ ။ စကား လှီးလွှဲဖို့ ကြိုးစားသေး သည် ။ သို့တစေ ...
“ ပြောပါ ဂျာဖန် ရဲ့ ၊ မင်း ရဲ့ ဆရာ ကို မှ မင်း က ထိမ်ချန်နေချင်သေးသလား ”
သည်တော့ ဂျာဖန့် မျက်နှာ ရှက်အမ်းအ မ်းဖြစ်ပြီး ဆက်၍ မပြောချင် ပြောချင်ပြောသည် ။
“ သူ့ အရင် ရည်းစား ဆိုလား ၊ ဘာလားကွယ် ၊ နာမည်တော့ ဂျာဖန် မေ့နေပြီ ၊ သူ့ ကို သိပ် ကြင်နာတာတဲ့ ၊ အဲဒီ လူ က အရင် က တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ဆိုလားပါပဲ ၊ အဲဒီ လူ က ကိုယ်ကျိုး ထက် အများအကျိုး အစဉ် ကြည့်ရမယ် ၊ ဆောင်ရွက်ရမယ် လို့ သူ့ ကို မှာထား ခဲ့တာတဲ့ ”
“ အင်း .... ”
“ ခုတော့ သူ လည်း သေပါပြီတဲ့ ဆရာ ရယ် ၊ ဆရာ ဘာမှ စိတ် မဖြစ်ပါနဲ့တော့ ”
“ ဆရာ သဘောထား ကြီးပါတယ် ဂျာဖန် ၊ ဆရာ့ ဘဝ လည်း ဂျာဖန် အသိ မဟုတ်လား ”
ဂျာဖန် ကျေနပ် သွားဟန် ဖြင့် ခေါင်း တစ်ချက် ညိတ်ရင်း ပြုံးပြသည် ။
“ ဒါပေမဲ့ ဆရာ ၊ ဆရာ လုနန် ကို ချစ်တာထက် ၊ ဒေါ်မြမြနု က သူ့ ရည်းစား ကို အချစ် ပိုတယ် ထင်တယ် နော ၊ သူ့ ရည်းစား က ဒီ မေမြို့မှာ သေတာမို့ အဲဒီ သင်္ချိုင်း ကို ဒေါ်မြမြနု နေ့တိုင်း သွားတာကော ၊ ဆရာ လုနန် သေတဲ့ မြစ်ကြီးနား ဘယ်နှခါ ပြန်လာသလဲ ၊ ခုလည်း ဒေါ်မြမြနု အဲဒီ သွားလေရဲ့ ”
ပြောမည့် ပြောတော့လည်း ဂျာဖန် သည် လုံးစေ့ပတ်စေ့ စကား မခြွင်းမချန် ပြောပေတော့သည် ။
ကျွန်တော် သာ တွေဝေပြီး ငိုင်ငိုင်ကြီး ငိုင်နေမိသည် ။
“ မေမေ ... မေမေ ”
သမီးကြီး က အော်လိုက် သဖြင့် သမီး ကြည့်ရာသို့ ကျွန်တော် ကြည့် လိုက်သည် ။ မြမြနု သည် သမီး ကို မြင်ပုံ မရ ။ သမီး အသံ လည်း ကြားပုံ မရ ။ ကျောင်းဝင်း ထဲသို့ ခပ်သုတ်သုတ် လမ်းလျှောက် ဝင်လာသည် ။
မြမြနု ဘဝ ကို ကိုယ်ချင်းစာ ခံစား နေမိသည် ။ သူ့ခမျာ ဘဝသစ်ပင်မ တွင် နှလုံးသားသစ်ရွက် ၌ မေတ္တာ စိတ် က ရွက်ဝါ တစ်ပိုင်း ၊ ဝန်ထမ်းကောင်း စိတ်က ရွက်စိမ်းနု တစ်ပိုင်း ... ။
မည်သို့ဖြစ်စေ မြမြနု ကို ကျွန်တော် လေးစားမိပါ သည် ။ သို့တစေ ၊ ကျွန်တော့် ရင်မှာ လည်း .... စိတ်ဝေဒနာ က တနုံ့နုံ့ ... ။
ကျွန်တော် သည် အသံ နစ်အောအောဖြင့် လှမ်း ခေါ်လိုက်မိပါသည် ။
“ ဟေး ... မြမြနု ... ”
◾မြစ်ငယ် ကြည်ဟန်
📖 ရှုမဝမဂ္ဂဇင်း
မေ ၊ ၁၉၇၂
No comments:
Post a Comment