❝ မှော်ရုံခွင် သမင်မျက်လုံး ❞
( ဆူးငှက် )
“ ချော့မြူစားလို့ သွေးသူဝေးဆောင် တောင်မြိုင်ချောင် မြအရောင်ဖြာမြေတလက်တော်ကမ်း ... ”
သမင်လိုက် “ ချွတ်သံ ” ကို စခွန့် ဒိုးဆစ် အဆို့အပိတ်များ နှင့် သပ်ရပ်ပိရိစွာ တီးမှုတ် နေသည့် ဆိုင်းသံ က လေအေးစက် ရှိန်းမြမြ အတွေ့အထိ နှင့် လွင့်မျော လာသည် ။ မိတ်ဆွေ သည် သင်္ကြန်ကာလ အားလပ်ရက် အတွင်း သူ ရေးဆွဲ ပြီးစီးခဲ့သော ‘ ၃၇ မင်းနတ် ’ ခံစားမှု ပန်းချီကားကြီးများ ကို မန္တလေး ၆၂ လမ်း ပေါ် က သူ့ နေအိမ် မှ ရှေးဟောင်းပစ္စည်း ပန်းချီပန်းပု ၊ ရွှေချည်ထိုး ကားချပ်များ ချိတ်ဆွဲ ထားသော မှန်လုံအိမ် အအေးခန်း အတွင်း ဖိတ်ခေါ် ကာ ပြသ နေ၏ ။ လှုပ်ရှားယိမ်းထိုး ကခုန် နေသော အရောင်များ ၊ ဖွဲ့စည်းမှုများ ၊ စုတ်ချက်များ တွင် တီးလုံးသံ က ‘ နတ်ဒိုး ’ များ သာ ဖြစ်သင့် သော်လည်း မိတ်ဆွေ သည် ရှားရှားပါးပါး ရရှိ ထားသော ရှေးဟောင်း တိပ်ခွေလေး တစ်ခွေ မှ မြန်မာ့ဆိုင်းဝိုင်း တစ်ဝိုင်း ၏ သမားစဉ် တီးလုံးလေး ကို ဖွင့်ထားခြင်း ဖြစ်သည် ။
တာပင်တိုင် နှင့် ငါးကြီးဆီ ရနံ့ ပင် မပြယ်သေးသော အသစ်စက်စက် ဆီဆေးပန်းချီကား ကို အားပါးတရ ကြည့်ပြီး နောက် ရှေးဟောင်း လက်ရာ ရွှေချည်ထိုး ကားချပ်ကြီးများ ၊ ပန်းပုရုပ်လုံးများ ၊ ဓာတ်ပုံများ ကို တစ်ကားချင်း ၊ တစ်ခုချင်း ၊ တစ်ပုံချင်း ကြည့်ရှု နေမိ၏ ။
တိပ်ခွေ မှ ထွက်ပေါ် လာသော ဆိုင်းသံ သည် ချွတ်သံတီးလုံး က လင်းကွင်းလတ်လေး ဖိအုပ် တီးသော စည်းချက်သံလေး ဖြင့် ခပ်ညက်ညက်လေး ထွက်ပေါ် လာသည် ။
အိုး ... ပန်းစေဖို့ ဖွယ်ပင်
ဆန်းရွှေသမင်ငယ်လေး
ရုပ်သွင်ရွှေသား
ထင်မှားအောင်ကြံ
လေးသွဲ့ငယ်ရိုက်ဟန်
ညှိုးမာန်ထပ်ဆင့်ပြန် ။
ခပ်မှိန်မှိန် ထွန်းညှိ ထားသော မတ်တတ်မီးလုံး ၏ အုပ်ဆောင်း မှ ဝေးရာ ခပ်လှမ်းလှမ်း နံရံသည် အလင်းရောင် လဲ့လဲ့ နှင့် လက်ကမ်း မမီသဖြင့် အမှောင် ကန့်လန့်ကာ ပါးပါး ကာဆီး ထား၏ ။ ရှေးဟောင်းဓာတ်ပုံ များ ကို တစ်ပုံ ပြီး တစ်ပုံ စိတ်ဝင်တစား ကြည့်ရင်း အမှောင် ကန့်လန့်ကာ နံရံ ဆီ အရောက် မျက်စိ တူရူ ရှေ့မှောက် မှ ရှေးဟောင်း ပန်းချီကားကြီး တစ်ချပ် ကို မန္တလေးပန်းချီကျော် ဦးဘအေး ၏ လက်မှတ် နှင့် အတူ ပျက်ပြယ်လု မှိန်ဖျော့စွာ ရုတ်ခြည်း မြင်လိုက်ရ၍ အံ့အားတသင့် မော့ အကြည့်လိုက် -
ပြည့်တင့်ပြန့်ပြူးသော မဟာနဖူး ၊ သွယ်လျ ညီညာသော မျက်နှာကျ ၊ ရှည်လျား နက်မှောင်သော ဆံပင် ၊ ကြော့ရှင်းသော ကိုယ်ဟန်နေထား ။
ထို့နောက် ... ထို့နောက် ...
“ အဲဒါ မယင်းတော် ပုံ လေဗျာ ”
မိတ်ဆွေ ၏ အသံ က နှလုံးသား ဆီ ဖြတ်ရိုက် စီးသွား၏ ။
“ ဗျာ မယင်းတော် ”
ကျွန်တော် အံ့အားတသင့် ဖြစ်သွားသည် ။ အအေးခန်း ထဲ မှာ ပေမင့် ရုတ်ခြည်း စိမ့်ထွက် လာသော ချွေးစေးများ ဖြင့် ကျွန်တော့် လက်ချောင်းလေးတွေ တုန်ယင် လာသည် ။ မယင်းတော် ဟူသော အသံ နှင့် အတူ တုန်ယင်သော လက်များ ဖြင့် ပန်းချီကား ကို ပွတ်သပ် ကြည့်ဖို့ အားယူ လိုက်၏ ။
မိတ်ဆွေ က အနား ရောက် လာသည် ။ ပီသသော အသံ ဖြင့် -
“ မကွမ်းငုံ တို့ ဆင်ခိုးမလေး တို့ နဲ့ ခေတ်ပြိုင် ယင်းတော်မလေး ပေါ့ဗျာ , မယင်းတော် လို့ ခေါ်ခဲ့ကြတာ ”
လူ တစ်ရပ် နီးပါး ခန့် မြင့်သော ပန်းချီကားကြီး က နံရံ ထက် မှ နေ၍ စီးမိုး ကြည့် နေသည် ။ ခပ်လျားလျား မျက်ဝန်းများ က ခပ်စင်းစင်း စိုက်ကြည့် နေ၏ ။
တုန်ယင်သော လက်များ က ပန်းချီကား မှ မယင်းတော် ၏ ရှည်လျား သော ဆံပင်များ ကို ထိတွေ့ ကြည့်ရန် ကြိုးစားရင်း ကျွန်တော့် နှုတ်ဖျား မှ စကားလုံး တချို့ ရုန်းထွက် သွားပြန်သည် ။
“ မယင်းတော် ကို ကျွန်တော် သိတယ် ။ တွေ့လည်း တွေ့ဖူးတယ် ။ ပြီးတော့ .... ပြီးတော့ ... ”
စကားလုံး တချို့က ကျွန်တော့် နှုတ်ဖျား မှ ဆက် ထွက်ဖို့ အင်အား မရှိတော့ ။ ဆက် ထွက်ရန် အတွက် မဝံ့မရဲ ဖြစ်ရသည် ဆိုတာက သေချာသည် ။ သို့သော် -
“ ... .... ”
ရတနာပုံခေတ် က ထင်ရှား ကျော်ကြားခဲ့သော အငြိမ့်မင်းသမီး တစ်လက် ကို သူ့ ထက် အသက် များစွာ ငယ်သော ကျွန်တော် က ‘ သိတယ် ’ ဟူ သည် သာ မက ‘ တွေ့ဖူးတယ် ’ ဟူသော အလေးအနက် စကား အပေါ် မိတ်ဆွေသည် အံ့အားသင့်သော အမူအရာ ဖြင့် ကြည့်ကာ အသံ မထွက် သော ရေရွတ်ခြင်းမျိုး ဖြင့် ရေရွတ်ကာ စိတ်လှုပ်ရှား သွားပုံရ၏ ။ ခေါင်း တယမ်းယမ်း ။
ကျွန်တော် က တော့ ဒါတွေ သတိ မထားမိ ။ ရှေ့ တူရူ ရှိ ပန်းချီကားကြီး ကို သာ မျက်တောင် မခတ်တမ်း စိုက်ကြည့် နေမိသည် ။ ကြည့်ရင်း ကြည့် ရင်း ခပ်ပျပျ အလင်းရောင် အောက် မှ မြေဝါ ၊ မီးခိုးကဲသော အသွေးများ မှ မျက်ဝန်းအစုံ သည် ဖျတ်ခနဲ လင်းလက် စေတော့သည် ။
••••• ••••• •••••
မျက်ဝန်း အစုံ က ဖျတ်ခနဲ ။
ရင့်အိုနေသော ကျနေ မှ ပင် နုသစ်သော မျက်ဝန်းအရောင် လက်သွားတာ သတိထား မိသည် ။ သည့် အရင် သတိထား မိတာတွေ က ပေါင်းကူး ထားသော ဇွန်ပန်းရုံ အပေါက် ဆီ မှ တစ်ဆင့် ကာဖီရင့်ရောင် အော်စတင် ကားလေး တစ်စီး ကွေ့ဝင် လာကာ ဘုန်းကြီးကျောင်း ရှေ့သို့ ထိုးဆိုက်လာခြင်း ဖြစ်၏ ။ ထို့နောက် သတိထားမိ တာက အော်စတင် ကားကလေး ၏ နောက်ခန်း တံခါး ပွင့် လာကာ ခြေထောက်လေး တစ်ဖက် က ကျောင်းတလင်း ပြန့်ပြန့်လေး ပေါ် ခြေဖျားလေး ဖြင့် ညင်ညင်သာသာ ချနင်း လာရင်း ဖွင့်လက်စ တံခါး မှ ဝရန်တာ ရှိ ကျောင်း ဆိုင်းဘုတ် ကို မော့ကြည့် လိုက်သော မျက်နှာလေး အား မြင်လိုက်ရခြင်း ဖြစ်၏ ။ ရုတ်ခြည်း တစ်ပြိုင်နက် မှာ ပင် “ ရွှေနန်းမြိုင် ” ဟူသော ကျောင်းဆိုင်းဘုတ် ကို အမြင်လိုက် သေချာပြီ ဟူသော အသိ က ဖွင့်လှစ် လိုက်သော “ မျက်ဝန်း ” အလက်လေး ကို အမိအရ မြင်လိုက်ရခြင်း ပင် ဖြစ်သည် ။ တံခါး အဖွင့် ၊ ခြေဖျားကလေး အကျ ၊ မျက်ဝန်း အလက် တစ်ဆက်စပ်တည်း ။ တစ်ချိန်တည်း ။
ထို သတိထားမိခြင်းများ ဆက်တိုက် ဖြစ်ပေါ် နေချိန်၌ ကျောင်း အတွင်း ရှိ စာတိုက်ဘီရိုကြီး အနား တွင် နေရာယူ ထားသော ကျွန်တော်တို့ တီးဝိုင်းလေး က “ ဝေဇယန္တာ ” ကို တီးခတ် နေချိန် ဖြစ်ပါသည် ။ ကျွန်တော် က သံပတ္တလား ကို လက်ခတ် ဖြင့် တို့ထိရင်း သတိထား မိသော မြင်ကွင်းများ ပင် ဖြစ်သည် ။
ထိုနေ့က ဝါဆိုလပြည့်ကျော် ၁ ရက် နေ့ ဖြစ်၏ ။ မန္တလေးရှိ ဘုန်းကြီး ကျောင်းတိုက်ကြီး အသီးသီး တွင် ဝါဆိုပန်းကပ်ပွဲများ ခြိမ့်ခြိမ့်သဲ မျှ ဆင်နွှဲ နေကြသော အခါသမယ ဖြစ်သည် ။ ဝါဆိုလ ပြည့်သည် နှင့် မန္တလေး ဈေး အသီးသီး သို့ ပြင်ဦးလွင် မှ M.M.T.A ဂျစ်ကားများ ဖြင့် အပြည့် ဝါဆိုပန်းတွေ တင်းကြမ်း ဆင်းလာသည် ။ ကား တစ်စီး ပြီး တစ်စီး ။
ဝါတွင်း ဥပုသ် သီတင်းသီလ ၏ ပထမဆုံး ဝါဝင်ဥပုသ် ဖြစ်သော ဝါဆို လပြည့် နေ့တွင် ကျောင်းကန်ဘုရား နှင့် ဓမ္မာရုံ အသီးသီး တွင် ဥပုသ် ယူ သီတင်းသီလ ဆောက် တည်ကြသည် ။ ထို့နောက် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ရောက်သော အခါ မန္တလေး ၏ ကျောင်းတိုက်ကြီး အသီးသီး ၌ သီတင်း သုံးတော်မူကြသော သံဃာတော်မြတ် များ သည် ဝါဆို ကြ ကုန်၏ ။ မန္တလေးမြို့ပေါ်ရှိ ဒကာ ၊ ဒကာမ အသီးသီး တို့ က ထို ကျောင်းတိုက်ကြီး များ တွင် ဝါဆိုပန်းများ ကပ်လှူ ပူဇော်ကြသည် ။ ဝါဆိုပန်း ကပ် လာ ရောက်ကြ ကုန်သော ဒကာ ၊ ဒကာမ အသီးသီး ကို လည်း သက်ဆိုင်ရာ ဘုန်းကြီး ကျောင်းများ က အကျွေးအမွေးများ ဖြင့် ဧည့်ခံကြသည် ။
ထို့ကြောင့် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့ ရောက်လျှင် မန္တလေး ကျောင်း တိုက်ကြီးများ ၌ ဝါဆိုပန်းကပ်ပွဲများ ဖြင့် စည်ကားလှသည် ။
မန္တလေးမြို့ အနောက်ပြင် မေဃဝတီ တောင်သမန်တိုက် အတွင်း ရှိ ရွှေနန်းမြိုင် ကျောင်း သည် ကျွန်တော်တို့ မိဘဘိုးဘွားများ အစဉ်အဆက် ကိုးကွယ်ခဲ့ကြရာ ဘုန်းကြီးကျောင်း ဖြစ်သည် ။ ကျွန်တော် ကိုယ် ၌ က လည်း ရှစ်တန်း အောင်ပြီး ကတည်း က အရပ် ထဲ ရှိ မိဘ အိမ် မှာ မနေဘဲ ဘကြီးဘုန်းကြီး ကပဲ ကျောင်း သို့ ကျောင်းအိပ်ကျောင်းစား ခေါ်ထားခြင်း ခံရသူ ဖြစ်၏ ။ “ ရွှေနန်းမြိုင် ” ကျောင်း ဝါဆိုပန်းကပ်ပွဲ က ထူးခြားသည် ။ အခြား ကျောင်းများ ကဲ့သို့ ထိုနေ့ ရောက်လျှင် ‘ ညချင်းသုပ် ’ ကို ပင်တိုင် ထားကာ ရှာလပတ်ရည် ၊ ဘိလပ်ရည် ၊ လိုင်းမကြူး ၊ ဘီစကစ် နှင့် နာနတ်ယို ၊ ကြာဇံဟင်း စသည် များ တိုက်ကျွေးသည် သာ မက ကျွန်တော်တို့ ရပ်ကွက် တီးဝိုင်းလေးကလည်း နှစ်စဉ် ဝတ္တရား မပျက် တီးမှုတ်ဧည့်ခံပါ၏ ။
ယခုနှစ် လည်း ညချင်းသုပ် နှင့် တောင်ပံကား ဘိလပ်ရည် ကို ဧည့်ခံပါသည် ။ တီးဝိုင်းလေး က တီးခတ် ပြီး အရပ်ခံ ၊ အိမ်ခံ အမျိုးသမီးလေးများ က ကပြကြ သလို ဝါဆိုပန်းကပ် လာ အမျိုးသမီးများ ပါ ဝင်ရောက် ကခုန်ကြ ဖြင့် ‘ ရွှေနန်းမြိုင် ’ ဝါဆိုပန်းကပ် ဆိုလျှင် တကူးတကန့် လာကြည့်သူများ နှင့် ပင် စည်ကားနေပါ၏ ။ ထို့ကြောင့် ရွှေနန်းမြိုင်ကျောင်း ဝါဆိုပန်းကပ်ပွဲသည် နှစ်စဉ် လာရောက်ကြသော ဧည့်သည် များ က မပျက်မကွက် အားခဲကြသောကြောင့် အိမ်ရှင် ဧည့်သည် မခွဲခြားနိုင်ဘဲ အားလုံး ရင်းနှီးကျွမ်းဝင် မှတ်မိ နေကြပါပြီ ။
ဓာတ်နန်းရပ် က မာမီ မတင်အောင် က ဓာတ်နန်းရပ်သူလေးတွေ နှင့် နှစ်စဉ် မပျက်မကွက် လာရောက်သည် ။ မတင်အောင် က လည်း အက ကောင်း ၊ ဓာတ်နန်းရပ်သူလေးတွေ ကလည်း အချောအလှ အဖူးအညွန့် အကကောင်း ။ ထို့ကြောင့် မတင်အောင် နှင့် ဓာတ်နန်းသူလေးတွေ ရောက်လာလျှင် ပွဲမှာ အစည်ကားဆုံး အထွတ်အထိပ် ပင် ဖြစ်၏ ။ ထို့ကြောင့် ကျွန်တော်တို့ တီးဝိုင်းအဖွဲ့ က ကရောင်းရိုက် ကတည်း က လာမည့် ဧည့်သည် တွေ မျှော်ကြ၏ ။ လာနေကျ ဖောက်သည် တွေ မျှော်ကြ၏ ။ ဒေါင်းရိုး က လက်ဖက်ကုန်သည် မချစ်စု သမီးတွေ ရောက်လာကြပြီလား ။ ဥယျာဉ်တန်း က ကြည်ကြည် ၊ ရီရီ ညီအစ်မ ရော ။ ဝါးတန်း ဦးကာက မြေး တွေ လည်း နှစ်တိုင်း လာနေ ကျပဲ ။ မင်္ဂလာဈေး မမြရင်အဖွဲ့ က ကြို ရောက်နှင့် ပြီ ။ ဓာတ်နန်း မတင်အောင်အဖွဲ့ မှာ မနှစ် က လူ အစုံအလင် ပါပါ့မလား... စသည် ဖြင့် ။
ဤသို့ အချင်းချင်း လက် တို့ မေးငေါ့ရင်း ဧည့်သည် မျှော်ကြရာ မှ ( ဃ - ၅၁ဝ၄ ) ဟူသော ကော်ဖီရင့်ရောင် အော်စတင်ကားလေး ချိုးဝင်လာ သောအခါ လာနေကျ ကား မဟုတ်သဖြင့် သတိထား မိသည် ။ ကားတံခါးလေး ဖွင့်ကာ ဆင်းလာ သူ ကလည်း မြင်နေကျ မဟုတ်သဖြင့် စိတ်ဝင်စား မိ၏ ။ ခါးအောက် ဆီ အထိ ဝဲကျနေသည့် ဆံပင် ကို နဖူး ဆီ မှ သိမ်း ကာ ကုပ်ထိပ် မှ ဖဲပြားဝါလေး နှင့် စုသိမ်းစည်း ပြီး ရှေ့သို့ ချထား၏ ။ ရှေး က ဤ ဆံပင်မျိုး ကို ‘ ပူပုံထုံး ’ ဟု ခေါ်ခဲ့ကြသည် ။ ဤ ဆံပင် ပုံ ကြောင့် မမောက်လွန်း ၊ မပြန့်လွန်း အနေတော် နဖူး အလှ က ထင်းခနဲ ပေါ်သည် ။ လျားသော မျက်ဝန်း မှာ မျက်တောင်ကော့ က ရှည်လျားသည် ။ ထူးခြားသည် က မျက်ခုံးမွေး ဖြစ်၏ ။ ထူထဲ သော်လည်း လခြမ်း ကဲ့သို့ ကွေးညွှတ်သည် ။ နှာတံ က စင်းစင်း ပေါ် ၏ ။ နှုတ်ခမ်း က ဖူးဖူးငုံ ။ စကားဝါရောင် ရေခဲရှန်သား ကို လက်ပြတ်ကော်လံထောင်ပုံစံ အင်္ကျီ ကို ဝတ်ထားသည် က လှထိပ်တင် ခါးရှည် ဘော်လီလေးနှင့် မယဉ်မရိုင်း တင်းတင်းရင်းရင်း လှသည် ။ ကျော့၍ သွယ်သော ကိုယ်လုံးလေး မှာ က ရှန်ဟဲညွန့် လုံချည်လေး ဝတ် ထားသည် ။ ပိုးသား ကဲသော လုံချည် မို့ ကိုယ်လုံး အလှလေး က မသိမသာ ပေါ်၏ ။ လက် ထဲ မှာ က အဝါရောင် သစ္စာပန်းစည်းလေး ကိုင် ထားသည် ။ သူ့ နောက် မှာ က အသက် ၅ဝ ကျော် အရွယ် ခပ်ဖိုင့်ဖိုင့် အဘွားကြီး တစ်ဦး က ဝိုင်သားရင်ဖုံး လည်ဂျာပေါက်စင်းအင်္ကျီ ၊ စူရတီလုံချည် နှင့် ပဝါစုံ ချထားသည် ။ ရှိစုမဲ့စု ဆံပင် ကို ဆီရွှဲရွှဲ လူး ကာ ထိပ်တည့်တည့် မှာ စုထုံးပြီး ရွှေဘီးကုပ်လေး စိုက်ထားသည် ။
တီးဝိုင်းအဖွဲ့သားများ သာ မက ကျောင်း ထဲ သို့ ဝါဆိုပန်းကပ် ရောက်နှင့် နေ သူတွေ က ပါ အော်စတင်ကားလေး က ဆင်းသက်လာသူတွေ ကို သတိထား စောင်းငဲ့ ကြည့် ကြသည် ။ ထို့နောက် ကျောင်း ထဲ သို့ ဝင်လာ ကာ ဆရာတော် ရှိရာ ဘုရားခန်း သို့ မေးမြန်း ဝင်သွားကြပြီး ဆရာတော် နှင့် တစ်စုံတစ်ရာ မေးမြန်း လျှောက်ထားပြီး ဝါဆိုပန်း ကပ်လှူနေသည် ကို တစေ့တစောင်း လှမ်း မြင်လိုက်ရပါသည် ။ ထို့နောက် ဧည့်ခံ ကြသူများ က ဘိလပ်ရည်ပုလင်းများ အသီးသီး ယူပြီး ဆရာတော် သီတင်းသုံးရာ ဘုရားခန်း တွင်း သို့ ဝင်သွားကြသည် ကို မြင်လိုက်ရ၏ ။
ဪ ... ဆရာတော့် ဧည့်သည် နေမှာ ပေါ့ ။
ကျွန်တော် ကတော့ သူမ ကို အော်စတင်မမ ဟု ရုတ်ခြည်း မှတ်သားမိ ချေပြီ ။ ထို့နောက် ကျွန်တော် လည်း သံပတ္တလားဆန်များ ပေါ် အာရုံ ပြန် ရောက်ပြီး တီးလက်စ တီးလုံး ကိုပဲ စိတ်ပါလက်ပါ တီးခတ် နေမိတော့သည် ။
‘ မျှော်ရာတိုင်း ... ရှစ်ခွင်
မင်းလွင်တိမ်စဉ်တောင်စွယ်ကာ
မိလ္လာထိန်ဖြာ လွမ်းဖွယ်သာ
ညင်းညင်းပြာ ’
••••• ••••• •••••
ဓာတ်နန်းရပ် မှ မာမီအောင် ဦးစီး၍ မမြမူ တို့ အဖွဲ့ ရောက်လာသော အခါ ထပ်တစ်ရာလမ်း ၊ နှစ်ယောက်တည်း နေချင်တယ် ... စသော သီချင်းများ ဖြင့် တီးမှုတ်ကခုန် နေစဉ်မှာ ပင် ဆရာတော် က အခေါ် ခိုင်း လို့ ဟူ၍ ကိုရင်လေး တစ်ပါး လာ ပြောသောကြောင့် ပတ္တလားလက်ခတ် ကို အနား ရှိ ကိုမွတ်စိ အား ထိုးပေးခဲ့ပြီး ဆရာတော် ရှိရာ ဘုရားခန်း သို့ ဝင်ရသည် ။ ဆရာတော် က ကြေးကွမ်းညှပ်ကြီး ဖြင့် ကွမ်းသီးများ တထောက်ထောက် ညှပ်ရင်း ရှေ့ တွင် ရှိသော အော်စတင်မမ အား မေးငေါ့ ပြရင်း -
“ အဟမ်း ... မောင်ဆန်း လာကွ ။ ဒီ ဒကာမလေး က တို့ ဆွမ်းစားကျောင်း ဒကာကြီး ရဲ့ တူမလေး ။ ဆွမ်းစားကျောင်း ဒကာ ရယ် ၊ ဒကာမလေး အမေ ရယ် ၊ အခုပါ လာတဲ့ ဒကာမကြီး ရယ် က မောင်နှမ အရင်းတွေ တဲ့ ။ မြစ်ဝကျွန်းပေါ် ဝါးခယ်မ မှာ နေကြတာ ။ ကိုင်း ... ဒကာမလေး မောင်ဆန်း က ဒီ ကျောင်းမှာ ပဲ နေတယ် ။ သီချင်းလေး ဘာလေး က သူ မှ တီးမိခေါက်မိတာ ။ သိချင်တာ သူ့ သာ မေး ။ ကျုပ်တို့ က ဝါဆိုကိစ္စ ရှိသေးတယ် ။ နေရစ်ခဲ့ကြဦး ။ ဟဲ့ ... မောင်ဆန်း ဂရုစိုက်ပြီး ဆောင်ရွက်ပေးလိုက် ၊ ကြားလား ” ဟု မိန့်ကြားသည် ။
“ တင်ပါ့ဘုရား ” ဟု သာ လျှောက်ထား လိုက်ရ၏ ။ ဘာမှ ဇာတ်ရည် မလည်သေး ။ ဆရာတော် က အခန်း ထဲ ဝင် သွားသည် ။ ထို့နောက် သင်္ကန်းကြီး အား ပခုံး ပေါ် တင်ပြီး တိုက်အုပ် ဆရာတော်ကျောင်း ဆီ ကြွသွားသည် ။ ဧည့်သည် အဘွားကြီး က ပြင် ထိုင်လိုက်ပြီး တူမ ဖြစ်သူ ကို လှမ်း၍ -
“ ကဲ .. ကဲ မေးစရာ ရှိတာ မေးလေကွယ် ” ဟု ပြောလိုက် မှ -
“ ဪ .... ဒီလိုပါရှင် ... ကျွန်မ က ရန်ကုန်တက္ကသိုလ် သမိုင်းဌာန မှာ မဟာဝိဇ္ဇာ တက် နေတာပါ ။ ကျွန်မ အဘေး ၊ အဘွားများ က နန်းတွင်းသဘင် ပညာရှင်ကြီးတွေ ပါ ။ ပါတော်မူပြီး အတည်တကျ မရှိတော့ဘဲ ဟိုမြို့ ၊ သည်မြို့ ပြောင်းရွှေ့ ကြရင်း နောက်ဆုံး အောက်ပြည် အောက်ရွာ မှာ ပဲ အခြေချ ခဲ့ကြတာပါ ။ ကျွန်မ က မျိုးရိုး အစဉ်အဆက် သုခုမပညာ ကို စိတ်ဝင်စားတာနဲ့ “ မြန်မာ့ရှေးရိုး တစ်ပင်တိုင် အက ” ဆိုတဲ့ စာတမ်း တစ်စောင် ပြုစုနေပါတယ် ။ ဒီ ပညာရပ်တွေ နဲ့ မေးဖို့ မြန်းဖို့ ဆိုတာက မန္တလေး မှာ ပဲ ရှိတာ မဟုတ်လား ။ မန္တလေး မှာ ကလ ည်း အဆက်အသွယ် က ဈေးချို ထဲက ငါးခြောက်ကုန်သည် ဒေါ်ဒေါ်မိ တို့ ပဲ ရှိတော့ ဆက်စပ်မှု က နည်းနည်း ဝေးနေတာပေါ့ ။ ဘဘကြီး တို့ ကလည်း မန္တလေး ရောက်ရင် တို့ ဘုန်းကြီးကျောင်း ရောက် အောင် သွား ကန်တော့ ဆိုတာ နဲ့ ဒေါ်ဒေါ်မိ တို့ ကားလေး နဲ့ လာကြတာ ။ ဒီ ရောက် မှ ဆရာတော် နဲ့ စကား စပ်မိလို့ ပါ ”
အော်စတင်မမလေး က အလွတ် ကျက်ထားသော စကားလုံးများ ကို လက်ပိုက် ၊ ခေါင်းလေး မော့ပြီး တတွတ်တွတ် ရွတ်ပြသည့် ကလေး တစ်ယောက် လို ဆက်တိုက် ပြောသွား၏ ။ ကျွန်တော် က သူ့ စကား မဆုံးမီမှာ ပင် အတော်များများ ခေါင်း ထဲ မှာ စီစဉ် ပြီးသွားပါပြီ ။ ထို့ကြောင့် ပိုင်နိုင် သော အမူအရာ ဖြင့် -
“ ဒါဆိုရင် လူထုဒေါ်အမာ နဲ့ တွေ့ရမယ် ။ သုတေသန အရာရှိ ဦးစိန်မောင်ဦး နဲ့ တွေ့ရမယ် ။ မြန်မာစာဌာန ဆရာ ဦးချမ်းမြ ၊ ဆရာ ဦးမောင်မောင်တင် တို့ နဲ့ တွေ့ရမယ် ။ ပြီးတော့ အမိန့်တော်ရမင်း ဦးခင်မောင်ဒွေး ... ”
အသက်ရှူရန် အတွက် ခဏ နားလိုက်ပြီး ဆက် ပြောရန် ဟန်ပြင် စဉ်မှာပင် သူမ က -
“ ဟုတ်ကဲ့ ကျွန်မ အားလုံး တွေ့ပြီးပါပြီ ။ ပိုက်ကျုံး က အောင်ချမ်းသာ ဦးအေးမောင် နဲ့ တွေ့ဖို့ လည်း သူ့ သား ဦးတင်မောင်ကွန့် နဲ့ ပြောထားပြီးပါပြီ ။ ပန်တျာကျောင်း က ဆရာထူး နဲ့ လည်း ချိန်းထား ပြီးပါပြီ ။ အခု ကျွန်မ တွေ့ချင်တာ က ပေါက်ပေါက်တန်း ဦးထွန်းရ ... ”
“ ဗျာ ... ”
“ ပေါက်ပေါက်တန်း ဦးထွန်းရ အိမ် က ဟိုခေတ် က ပန်တျာကျောင်း ပဲ မဟုတ်လား ။ မနေ့ ညနေ က ဒေါ်သြဘာသောင်း တိုက် လည်း ရောက် သေးတယ် ။ အမေသောင်း က ရန်ကုန်ယဉ်ကျေးမှု ရိပ်မြုံ ရောက်နေတာ တဲ့ ။ သူ့ သား ဦးလစ်ပတန် က ပေါက်ပေါက်တန်း ရပ်ကွက် နေရာ ညွှန် လိုက်တော့ ဒီ ကျောင်းတိုက် နား တစ်ဝိုက် မှာ မို့ မေး ကြည့်တာပါ ”
ကျွန်တော် ရုတ်ခြည်းပင် သူမ ကို အထင်ကြီး သွားသည် ။ အတော် သိထားပုံ ရ၏ ။ ပါလာသည့် အဒေါ် ဆိုသူ အဘွားကြီး က -
“ ငါ့ တူရယ် ပေါက်ပေါက်တန်း ဦးထွန်းရ ကတော့ ဘယ် ရှိနိုင်ပါတော့ မလဲ ။ သူ့ အဆက်အသွယ်တွေ ရှိလို့ ရှိငြားပေါ့ ။ ပြီးတော့ အဒေါ် က လည်း ရောက်တုန်း စကုတိုက် က ရွှေမန်းကျောင်း ဦးကုသလ ဆီ မှာ ဝင် ကန်တော့ သွားဦး လို့ ပြောထားရ တာ ” ဟု ဝင် ပြောသည် ။
သူမ က ခါးလေး ဆန့်ပြီး အင်္ကျီအောက်နားစွန်း အား ဆွဲချရင်း -
“ သွားမှာ ပါ ကြီးကြီး ရဲ့ ။ ဪ နေဦး ၊ နေဦး ၊ သတိရတုန်း ” ဟု ဆိုကာ ပါလာသည့် လက်ဆွဲ ဘယားအိတ်ဇစ် အား ဆွဲ ဖွင့်ပြီး မှတ်စုစာအုပ်လေး တစ်အုပ် ဖွင့်သည် ။ တစ်နေရာ ရှိ စာရွက်လေး မှ ရေးမှတ်ထားသည့် နေရာ ရောက်တော့ -
“ သိမလားတော့ မသိဘူး ။ သီချင်းလေး တစ်ပုဒ်... အဆုံးထိ မရလို့ ။ ရ များ ရ လားမလို့ ” ဟု အပြော ကျွန်တော်က လည် ဆန့်ပြီး သူ့ စာအုပ်လေး ဆီ လှမ်း ကြည့်သည် ။ သူမ က -
“ ဒီ သီချင်းလေး က မသွေမရှောင် _ တဖေတအောင် ၊ ရနောင်လေ ... တယ်လို့ ဆိုး ၊ ဆင်ခိုးလေး ကျွန်မ ၊ မရမက သူ က ခိုး ... ဆိုတဲ့ သီချင်း လေ ။ အဲဒါ အစအဆုံးများ ရမလားလို့ ” ဟု မေးသည် ။
“ ဟာ .. အဲဒါ ဆင်ခိုးမလေး လို့ နောက်ပိုင်း အမည် တွင် တဲ့ မကြေးမျှင် ရဲ့ သီချင်း ဗျ ။ နေဦး ၊ နေဦး ဟုတ်ပြီ ၊ တစ်ခါက နတ်ကန္နားပွဲ တစ်ပွဲမှာ အဲဒီ သီချင်း နဲ့ နတ်ချော့ တာ ကျွန်တော် ကောင်းကောင်း မှတ်မိတယ် ။ အဲဒီတုန်း က ရွာစားဆိုင်း စိန်ဘကျွဲ ဆိုင်း ထဲက ဆိုင်း နောက်ထကြီး ကိုယ်တိုင် ဆိုတာဗျ ။ စိန်ဘကျွဲ က ဒီ ရှေ့နား ဒေါင်းရိုးရပ် ထဲ တင် ” ဟု အားရ ဝမ်းသာ ဖြေလိုက်သည် ။ သူမ က စာအုပ်လေး ထဲ တွင် မှတ်လက်စ သီချင်းလေး ဘေး၌ စိန်ဘကျွဲ ဟု ရေးမှတ် လိုက်ပြီး -
“ ဟုတ်ပြီ ၊ အဲဒါ ရှင့် တာဝန် ။ အို .... ကန်တော့ ၊ ကန်တော့ အဲဒီ သီချင်း စာသားလေး ရအောင် ကျွန်မကို ကူညီပါနော် ” ဟု ကိုယ်လုံးလေး လှုပ်ရယ်ရင်း အားနာစကား ဆို၏ ။ စလူ ယပ်တောင်ကြီး တဖျတ်ဖျတ် ခတ်နေ သော အဘွားကြီး က -
“ အင်း ... တို့ တူမ ကတော့ ဟေ့ သူ့ ကိစ္စချည်းပဲ ကြည့် တာကိုး ။ သူငယ်လေး အားမှန်း မသိ ၊ မအားမှန်း မသိ ။ ဘယ်နှယ့်တော် ကျုပ်တို့ အမျိုး ထဲ ဟိုးရှေး အဘေး အဘွား မျိုးဆက် ဝါသနာ က သူ့ ကျမှ စုပြုံပြီး ပါ လာရတယ်လို့ ” ဟု အားနာစကား ဆိုသည် ။
“ အို ... ကြီးကြီး ကလည်း ဆရာတော် က လိုအပ်တာ မှန်သမျှ အကူအညီ တောင်းလို့ ပြောထားမင့် ဟာပဲ ။ ဆရာတော် ပြန်လာရင် ပေါက်ပေါက်တန်း လည်း လိုက်ပို့ရမယ် ။ စကုတိုက် လည်း လိုက် ပို့ရမယ်နော် ” ဟု မျက်ခုံးလေး ချီရင်း ပြောသည် ။
“ ကိုင်း ... အဲဒါသာ ကြည့်တော့ ငါ့ တူရေ ။ အဒေါ်တို့ အစ်ကိုကြီး က ပြောပါပြီကော ။ တို့ များ အဘွား မင်းသမီးကြီး နဲ့ ဟောဒီ တူမ က ချွတ်စွပ် တူတာတဲ့ ။ တူမ က တာများ ကြည့်နေရင် လေ အစ်ကိုကြီး က မေမေ တို့ ၊ ဖေဖေ တို့ ပြောဖူးတဲ့ အဘွား အကြောင်း သတိရလိုက်တာတဲ့ လေ ။ အင်း ... ချောင်းရိုး မြောင်းရိုး သာ ကောမယ် ။ လူ မျိုးရိုး မတိမ်ကောဘူး ဆိုတာ တကယ် မှန်သကိုးကွယ့် ” အဘွားမျိုးစေ့ က တရင်းတနှီး ပြောသောကြောင့် ကျွန်တော် က -
“ ဟာ ... ဒါဆိုရင် ဒီက ကတတ်တယ်ပေါ့ ။ အတော်ပဲ ၊ အတော်ပဲ ။ အခု ကျွန်တော်တို့ တီးဝိုင်းလေး နဲ့ တစ်ပုဒ် လောက် ဆင်နွှဲ လိုက်ရအောင်လေ ” ဟု တိုက်တွန်း မိသည် ။
သူမ သည် ကိုယ်လုံးလေး လှုပ်မျှ သည်းသည်း ရယ်ပြီး -
“ ကျွန်မ က တော်ရုံတန်ရုံ သီချင်း နဲ့ မကချင်ဘူးနော် ။ အနည်းဆုံး သောင်းလယ်ရွှေ သီချင်း လောက် နဲ့ မှ ကချင်တာ ” ဟု ဆိုသည် ။
“ သောင်းလယ်ရွှေ တော့ မရဘူးဗျာ ။ ဝေဇယန္တာ လောက်တော့ ရပါတ ယ် ” ဟု ပြန် ပြော လိုက်ရသည် ။
“ ဪ ... ကျွန်မ က မြန်မာ့ရှေးရိုး တစ်ပင်တိုင် အက အကူးအပြောင်း မှာ သောင်းလယ်ရွှေ ကို အထူးပြု လေ့လာပြီး နမူနာ ထုတ်ပြရလို့ ပါ ” ဟု ပြောရင်း သူမ က ကျွန်တော် ၏ စိတ်ဝင်စားမှု အတိုင်းအတာ ကို စေ့ငုသည့် အနေဖြင့် လှမ်းကြည့်သည် ။ ကျွန်တော့် အမူအရာက စိတ်ဝင်စားမှု အပြည့် ဆိုတာ အထူး ပြောစရာ မလို ။
ထို့ကြောင့်
“ ဒီလိုရှင့် တေးသွားတွေ က ဇာတ်အိမ်ဇာတ်ကွက်တွေ မှာ တီးမှုတ်ကြတာ ဆိုတော့ ဒီ သီချင်းတွေ နဲ့ ကပြတဲ့ အကတွေ က သရုပ်ဖော် အကတွေ ရှင့် ။ သောင်းရွှေလယ်မှာ “ သောင်းရွှေလယ် ၊ ပိုင်စိုး ၊ မိုးမည်မယ် ” ဆိုရင် တစ်သောင်းသော စကြအဝှန်း ကို လက်ညှိုး ညွှန်ပြီး ကောင်းကင်ကို လ က်ညှိုးညွှန် ။ လက်သုံးတော် ပသန္တာ က လက်ယှက်ပြီး နတ်ကောင်းနတ်မြတ်များ မစရန် အသင့် ရှိကြောင်း တင်ရတယ် ။ “ ရွှေသည်းကျွမ်းမျှ လွမ်းရတယ် ” ဆိုရင် ကိုယ့် ရင် ကို လက်ညှိုး ညွှန်ပြီး နွမ်းလျ မရွှင်တဲ့ မျက်နှာတဲ့ ။ မျက်ရည် သုတ်တာ ပခုံးနှစ်ဖက် ပင့်ပြီး ရှိုက်ဟန်ပြုတာ ... အဲလို သရုပ်ဖော် ကရတာရှင့် ” ဟု သူမ က အားတက်သရော ပြောသည် ။ အဒေါ် ဖြစ်သူ က တူမ ကို ကျေနပ်ပီတိ ပြုံးဖြင့် ကြည့်ရင်း -
“ ကိုင်း ... ကိုင်း .. တူမကြီးရယ် ထ ။ ကပြဖို့ ပဲ ကျန်တော့တယ် ။ နေ စောင်းနေပြီကွယ့် ။ ဆရာတော် က ဝါဆိုဦး မှာ ဆိုတော့ ကြာဦးမှာ ။ ဒီက တူတော်မောင် လည်း အားနာစရာ ။ စကုတိုက် အရင် သွားကြရအောင် လား ။ အပြန် မှ ပေါက်ပေါက်တန်း ဝင်ကြတာပေါ့ ” ဟု ဆိုသည် ။
ကျွန်တော် က ကျောင်းတိုက် မှ တိုင်ကပ်နာရီကြီး ကို မော့ ကြည့်ပြီး -
“ ဟုတ်တယ် ၊ ဆရာတော် က ကြာဦးမှာ ။ စကုတိုက် က မြောက်ဘက် တင် ။ ကား ကို ဒီမှာ ပဲ ထားခဲ့တော့ ။ အတော်ပဲ ရွှေမန်းကျောင်း မှာ ဝါဆို ပန်းကပ်ပွဲ သိပ် စည်တာ ။ ဒီနေ့ ဆိုရင် ရွှေမန်းသဘင် တစ်ဖွဲ့လုံး အဲဒီ ကျောင်း ရှေ့မှာ စင် ထိုးပြီး တီးမှုတ် ကခုန်ကြတာ ” ဟု ပြောလိုက်သည် ။ သူမ က လက်ဆွဲ ဘယားအိတ်လေး ကောက် ကိုင်ပြီး -
“ ဒါဆိုရင် ပွဲ မသိမ်းခင် အမြန် သွားမှ ဖြစ်မယ် ” ဟု ဆိုကာ ခပ်သွက်သွက် ထ၏ ။ အဒေါ် က တူမ ကို “ ပွဲဆိုရင် ကဲရန်ကော ” ဟူသော အကြည့် ဖြင့် ကြည့်ကာ ခပ်ဖြည်းဖြည်း ထသည် ။
••••• ••••• •••••
“ မာယာသူဖန် ၊ ဘုန်းငဲ့ထံ ၊
လက်လှမ်းသူသာ နီးမခံ
ပန်းမာန်ကြူကြူ ကြိုင်လှိုင်ငုမွှေး
ဝေးအဝေးရာ
သွေးဆောင်ကာ ”
မလွန်ရပ် ရှိ သာသနာ့ဗိမာန်ကြီး မှ အလှူ က အလှူဝင်ည မှာ ရွှေဒေါင်းမြိုင် ဆိုင်းအဖွဲ့ ဧည့်ခံဆိုင်း တီးသည် ။ မန္တလေးမြို့ ရှိ သူမ သွားချင်သော ၊ သွားသင့်သော နေရာများ ဆီ သုံးရက် နီးပါး လိုက် ပို့ ပေး ပြီးနောက် မန္တလေးဆိုင်းအဖွဲ့ မှ ကရောင်း ရိုက် တာ နားထောင်ချင်သည် ဆိုသောကြောင့် ယခုည ရွှေဒေါင်းမြိုင် ဆိုင်းအဖွဲ့ ရှိရာ ခေါ်လာရခြင်း ဖြစ်၏ ။ အဒေါ် ဖြစ်သူ က တစ်နေကုန် နီးပါး ရပ်ကွက်ပေါင်းစုံ လှည့်ပတ် လိုက်နေရ သဖြင့် ယခု ည မလိုက်နိုင်တော့ပြီ ။ ထို့ကြောင့် တည်းခိုသည့် ဒေါ်ဒေါ်မိ တို့ တိုက် မှ အော်စတင်ကားလေး နှင့် ဒရိုင်ဘာ ထည့် ပေးလိုက်သည် ။ ထို့ပြင် ယနေ့ည ၉ နာရီ ရထား နှင့် ရန်ကုန် ပြန်မှာ မို့ အထုပ်အပိုး ပြင်ဆင်ဖို့ အဒေါ် က မလိုက်နိုင် တာလည်း ဖြစ်၏ ။ ထို့ကြော င့် “ ရှစ်နာရီ မထိုးမီ မြန်မြန် ပြန်ခဲ့ကြနော် ” ဟု ဒေါ်ဒေါ်မိ တို့ တိုက် မှ ကားကလေး ထွက် ကတည်း က တဖွဖွ မှာ လိုက်သည် ။
မီးရောင်စုံ ထွန်းညှိ ထားသော သုံးထပ် သာသနာ့ဗိမာန် အဆောက်အဦကြီး နှင့် ဆင်ဝင် ရှေ့မှ ကွက်လပ် တွင် ထိုးထားသော မဏ္ဍပ်ကြီး ကို သူမ က တအံတသြ ကြည့်နေသည် ။ မဏ္ဍပ် ရှေ့မှာ မှန်စီရွှေချ ဆိုင်းဝိုင်းကြီး က လာသမျှ ပရိသတ် ကို ဧည့်ခံနေ၏ ။ ပရိသတ် က ကွင်းလုံးပြည့် ။ သူမ က ဆိုင်းဝိုင်း နောက်ပိုင်း မလှမ်းမကမ်း ၌ ရပ် ထားသော ကားကလေး ပေါ် မှ ဆင်းကာ ရှေ့ တိုးပြီး နားစိုက် ထောင်သည် ။ ကျွန်တော် က ကားကလေး ကို မှီရင်း သူမ ကို ငေးကြည့် နေမိသည် ။ သုံးရက်လုံးလုံး ဝါသနာတူ စိတ်တူ ဖြင့် တပူးတွဲတွဲ သွားလာခဲ့ကြရမှု က အိပ်မက် ပမာ ။ အခုတော့ ထို အိပ်မက် က လန့် နိုးလာပါပကော ။ မကြာမီ သူမ ပြန်တော့မည် ။ ပတ္တလားလေး မတောက်တခေါက် တီးတတ် ကာ ဆိုင်း မြင်လျှင် အငမ်းမရ ဖြစ်ခဲ့သော ကျွန်တော့် မှာ အခုတော့ မျက်စိ ရှေ့မှောက် တွင် မန္တလေး ၏ နာမည်ကျော် ရွှေဒေါင်းမြိုင်ဆိုင်းအဖွဲ့ကြီး တီးမှုတ် နေ သော်လည်း ဆိုင်းဝိုင်း ကို ပင် မမြင်တော့ ။ သုံးရက် လုံးလုံး မြင်တွေ့ခဲ့ရသော သူမ လှုပ်ရှားဟန်တွေ သာ တဖျတ်ဖျတ် မြင် နေရ၏ ။ ဆိုင်းဝိုင်း မှ တီးမှုတ်သံတွေ မကြားတော့ ။ သူမ ၏ စကားသံ ၊ ရယ်သံမော သံလေးတွေ သာ ကြားယောင် နေမိသည် ။
ကျွန်တော် က အတွေးတွေ ယောက်ယက်ခတ် ရင်း ရှည်လျားသော ဆံပင် ကို ညာဘက် ပခုံး မှ ရှေ့ ချကာ လက်ကလေး ပိုက်ထွေးပွေ့ ၊ ခြေလေး တစ်ဖက် ကို ကတ္တီပါ ဖိနပ်လေး မှ ဖနောင့်လေး ကို ကြွကြွလေး မ ရင်း ဒူး ကို သာသာလေး ညွှတ် ကာ ကိုယ်ကလေး ယို့ ၊ ခေါင်းလေး မော့၍ ရပ်နေသော သူမ ကို ငေးကြည့် နေမိ၏ ။
“ တူမောင် .. တူမောင် ... ရှစ်နာရီ မတ်တင်း ရှိနေပြီကွယ့် ” ဟု ကားဒရိုင်ဘာ ဦးလေးကြီး သတိပေးမှ အတွေးစ တွေ ပြတ် သွားသည် ။ ထိုအခါမှ သူမ ကို သွား၍ သတိပေးရ၏ ။ ဆိုင်း အား စိတ်ဝင်စား နေရာမှ နာရီလေး ကို လက်မ ကာ ကြည့် ရင်း -
“ ဪ ... ဟုတ်ပေသားပဲ ။ ကိုင်း သွားကြရအောင် ။ ကားပေါ် တက်ကြစို့ ” ဟု ဆိုလေမှ ကျွန်တော့် နှုတ်ဖျား က စကားသံ ထွက် သွားတော့၏ ။
“ ကျွန်တော် မလိုက်တော့ဘူးလေ ။ ဒီက နေ ပဲ ကျောင်း ကို ပြန်လိုက် တော့မယ် ။ ကျွန်တော် နှုတ်ဆက် လိုက်ပါတယ် ။ လိုတာ ရှိရင် ကျောင်း ကို စာရေးပြီး ခိုင်းပါ ”
ကျွန်တော့် စကားသံ ကြောင့် ကား ဆီ လှမ်း နေသော သူမ ခြေလှမ်းတွေ ရပ်တန့် သွားကာ -
“ စောစောက ကြီးကြီး ကို ပြောခဲ့တော့ ဘူတာ အထိ လိုက် ပို့ဦးမှာ ဆို ” ဟု တအံ့တသြ မေး၏ ။ ကျွန်တော် ခေါင်း ဖော်ကာ သူမ မျက်နှာ ကို မကြည့်ဝံ့ပါ ။
“ ဟို ... ဟို ဆရာတော် က ဝတ်တက် အမီ စောစော ပြန်ခဲ့ဖို့ မှာလိုက်လို့ပါ ။ အဲဒါ ... အဲဒါ ... ”
ကျေနပ်ဖွယ် အဖြေ တော့ မဟုတ်ပါ ။ သို့သော် မတတ်နိုင်တော့ ။ သူမ ထံ က သက်ပြင်းမျှမျှ ချသံ ကြားရ၏ ။
“ ဪ ... ” ဟူသော ရေရွတ်သံ လည်း တိုးညှင်းစွာ ရေရွတ်သည် ။
“ သွားတော့မယ် ”
ကျွန်တော် က တုံးတိတိ နှုတ်ဆက်ရင်း ကားကလေး ဆီ မှ ပြန် လှည့် ထွက်မည် အပြု -
“ ဪ ... ”
သည် တစ်ခါ သူမ အသံ က သတိတရ အာမေဋိတ်သံ ဖြစ်၏ ။ တစ်ဆက် တည်း -
“ ခဏလေး ၊ ခဏလေး ” ဟူသော အသံ နှင့် အတူ ကားလေး ဆီ သွက်သွက် လှမ်းသည် ။ ကားတံခါး ကို ခပ်မြန်မြန် ဖွင့်သည် ။ နောက်ခုံ ကျောမှီ ပေါ်မှ တစ်စုံတစ်ခု လှမ်း ယူသည် ။ ပြီးတော့ ကျွန်တော့် ဆီ ခပ်သွက်သွက် လှမ်းရင်း လက် ထဲ က ပစ္စည်း ကို ကမ်း၏ ။
“ အရင်နေ့ ကတည်း က လက်ဆောင် ပေးမယ် ပေးမယ် နဲ့ အဲဒါလေး ယူပါ နော် ” တဲ့ ။
ကျွန်တော် မငြင်းပါ ။
ကျေကျေနပ်နပ် ပဲ ယူလိုက်ပါသည် ။
အလှူမဏ္ဍပ် နှင့် ဆိုင်းဝိုင်း မှန်ပခုံးတောင်းများ မှ မီးရောင် က ကျွန်တော်တို့ နေရာ ရောက်တော့ ပျပျသာ လင်းတော့၏ ။ ထို အလင်းမှန် အောက်မှာ ပင် မော့ကြည့် လိုက်သော သူမ ၏ မျက်ဝန်းလျားလျား ဆီမှ ဖျတ်ခနဲ အလင်းရောင် က တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထ သွားသည် ။ အညှို့ ခံလိုက်ရသူ ပမာ အားလုံး ကို မေ့လျော့သွားဆဲ ။ သူမ သည် ကားလေး ပေါ် တက်ကာ တံခါး ကို ညင်ညင်သာသာ ဆွဲ ပိတ်လိုက်တော့ ကားကလေး က သာသနာ့ဗိမာန်ဝင်းကြီး ထဲ မှ ခပ်ဖြည်းဖြည်း ထွက်ခွာ သွားပါပကော ။
ကားနောက်မြီး နီနီလေး ကို ဟိုအဝေးဆီ အထိ တမေ့တမော ငေး ကြည့်ရင်း မီးနီနီလေး ပျောက်သွားပါ မှ လက် ထဲက ပစ္စည်းလေး ကို သတိရ ကာ ဖြန့်ကြည့်မိ၏ ။
စကားရောင် မှာ ရွက်စိမ်းရင့် ကန့်လန့် ပြေးသည့် လွယ်အိတ် လှလှကလေးရယ် လေ ။
လွယ်အိတ်သစ်ကလေး ရင် မှာ ပိုက် ကာ ကျွန်တော် လည်း သာသနာ့ ဗိမာန် ဝင်း အတွင်းမှ ခြေလှမ်း တစ်လှမ်းချင်း လှမ်းကာ ကျောင်း ဆီ ပြန်တော့ ဆိုင်းသံ က နောက်မှာ ဖြည်းဖြည်း ဝေးကာ ဝေးကာ ဖြည်းဖြည်းချင်း ... ဖြည်းဖြည်းချင်း ... ။
••••• ••••• •••••
တိတ်ခွေ မှ ထွက်ပေါ် လာသော ဆိုင်းသံ တွင် “ ချွတ်သံ ” ကို လင်းကွင်းလတ် အား ဖိအုပ် တီးသော စည်းချက်သံလေး ဖြင့် ခပ်ညက်ညက်လေး ထွက်ပေါ်လာသည် ။
အို .... ပန်းစေဖို့ ဖွယ်ပင် ၊
ဆန်းရွှေသမင်ငယ်လေး
ရုပ်သွင်ရွှေသား
ထင်မှားအောင်ကြံ
လေးသွဲ့ငယ်ရိုက်ဟန်
ညှိုးမာန်ထပ်ဆင့်ပြန် ။
ခပ်မှိန်မှိန် ထွန်းညှိ ထားသော မတ်တတ်မီးလုံး ၏ အုပ်ဆောင်း မှ ဝေးရာ ခပ်လှမ်းလှမ်း နံရံ သည် အလင်းရောင် လဲ့လဲ့ နှင့် လက်လှမ်း မမီ သဖြင့် အမှောင် ကန့်လန့်ကာ ပါးပါး ကာဆီး ထား၏ ။ ထို အမှောင် ကန့်လန့်ကာ အောက် မှာ ဦးဘအေး ရဲ့ ရှေးဟောင်း ပန်းချီကားချပ်ကြီး က လွန်ခဲ့သော နှစ်ရှည်ကာလများ ဆီ သို့ ကျွန်တော့် ကို ရုတ်ခြ ည်း ဆွဲခေါ်ယူ သွားတော့၏ ။ အံ့အားသင့်စရာ ကောင်းလိုက်ပါဘိ ။
ပြည့်တင်းပြန့်ပြူးသော မဟာနဖူး
သွယ်လျ ညီညာသော မျက်နှာကျ
ရှည်လျား နက်မှောင်သော ဆံပင်
ကြော့ရှင်းသော ကိုယ်ဟန်နေထား
ထို့နောက် .. ထို့နောက် ..
ယဉ်ကျေးသော အနေအထိုင်
ထူးခြား လှပသော မျက်ခုံး
( တစ်ချိန်က စာ ရေးသည့် အခါ အသတ်ကို ကွေးကွေး ဝိုင်းဝိုင်းလေး သတ်သည့် လွှတ်တော်အသတ် နှင့် တူသည့် မျက်ခုံး )
လူတစ်ရပ် နီးပါးခန့် မြင့်သော ပန်းချီကားကြီး က နံရံ ထက် မှ နေ၍ စီးမိုး ကြည့် နေသည် ။ ခပ်လျားလျား နက်မှောင်သော မျက်ဝန်းများ က ငုပ်လျှိုး နေသည့် ရင် ထဲ က ဝေဒနာ ကို ဆွဲထုတ်ယူ လိုက်သည် ။
”အဲဒါ မယင်းတော် ပုံ လေဗျာ ။ မကွမ်းငုံ တို့ ၊ ဆင်ခိုးမလေး တို့ နဲ့ ခေတ်ပြိုင် ယင်းတော်မလေး ပေါ့ ဗျာ ”
မိတ်ဆွေ ၏ အသံ က နား ထဲ မှာ သာ မက နှလုံးသား ဆီ အထိ ဖြတ်ရိုက်စီး သွား၏ ။ အတိတ် က အသံ အချို့ က လည်း ရှင်သန်ပဲ့တင်ထပ် လာပြန်သည် ။
“ တို့ များ အဘွား မင်းသမီးကြီး နဲ့ ဟောဒီ တူ မက ချွတ်စွပ် တူတာတဲ့ ”
“ ... ချောင်းရိုးမြောင်းရိုး သာ ကောမယ် ။ လူမျိုးရိုး မတိမ်ကောဘူး ဆိုတာ တယ် မှန်သကိုးကွယ့် ”
“ တို့ များ အဘွား မင်းသမီးကြီး နဲ့ ဟောဒီ တူမ က ချွတ်စွပ် တူတာတဲ့ ”
“ ... ချောင်းရိုးမြောင်းရိုး သာ ကောမယ် ။ လူမျိုးရိုး မတိမ်ကောဘူး ဆိုတာ တယ် မှန်သကိုးကွယ့် ”
“ ............... ”
“ ............... ”
အအေးခန်း ထဲ မှာ ပေမင့် ပန်းချီကားကြီး ဆီ မှ မျက်ဝန်း အောက် မှာ ကျွန်တော့် လက်ဖျားတွေ ချွေးစေး ပြန် တုန်ယင် လာသည် ။ တုန်ယင် သော လက်များ ဖြင့် ပင် ပန်းချီကား မှ မယင်းတော် ၏ ရှည်လျားသော ဆံပင်များ အား ထိတွေ့ပွတ်သပ် ကြည့်ဖို့ ကြိုးစား ကြည့်မိ၏ ။
တစ်ပြိုင်နက်တည်း မှာ ပင် မိတ်ဆွေ သည် ကျွန်တော့် အား ခေါင်း တယမ်းယမ်း ဖြစ်ကာ အံ့ဩ စုတ်သပ်သည် အထိ နားမလည်စွာ ကြည့်ရှုခြင်း ခံရသော စကားလုံး တချို့ လည်း ကျွန်တော့် နှုတ်ဖျား မှ ရုန်းကန် ထွက်သွားပါတော့သည် ။ ဘာတဲ့ ။
“ မယင်းတော် ကို ကျွန်တော် သိတယ် ။ တွေ့ လည်း တွေ့ ဖူးတယ် ။ ပြီး တော့ ချစ်လည်း ချစ်ခဲ့ဖူးတယ် ” တဲ့ လေ ။
••••• ••••• •••••
မကြာမီ. ..
“ သွားလေရာ လွယ်အိတ်ဖြူကြီး တလွယ်လွယ် နဲ့ ကွာ ” ဟု မြည်တွန် တောက်တီးလေ့ ရှိသော မိတ်တွေများ အားလုံး ကျွန်တော့် ကို နားလည်နိုင်ကြမည် ထင်ပါသည် ။
အခုတော့ လည်း စကားဝါရောင် လွယ်အိတ်ကလေး က လျှော်ဖွပ်ရ လွန်းလို့ ဖြူဖပ်ဖြူရော် ဖြစ်နေပါပြီ ။
◾ ဆူးငှက်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၁၅၃
သြဂုတ်လ ၊ ၂ဝဝ၂ ခုနှစ်
No comments:
Post a Comment