❝ ပန်းစားစုန်း ❞
( ဒေါင်းနေမင်း )
တကယ်တော့ သူ သည် အစာ မကြေ၍ ပြန် အန်ထုတ်ပစ်သည့် ကိုယ်ကျင့်သိက္ခာ အကျိုးအပဲ့ များအား ရွံ့ရှာစက်ဆုပ် နေခြင်းသာ ဖြစ်ပါသည် ။
••••• ••••• •••••
“ ဟေ့လူ သတိထားဦးနော် ၊ ထောင် ထဲ ကို ဆရာဝန် ရောက်နေပြီ ။ ခဏနေ ဆေးရုံ ပေါ် တက်လာ တော့မှာ ”
တော်တော် စိတ်ကုန် နေပေပြီ ။ သူ့ ကိုယ်ပေါ် ပိုးစိုးပက်စက် ပိနေ သည့် ဝေဒနာများ က နည်းနည်းနောနော မဟုတ် ။ အသက်ရှူလမ်းကြောင်း တစ်လျှောက် အောက်လက်ငယ်သား အပုံအပင် နှင့် အောင်စည်အောင်သံများ ရင့်ကျူးလျက် ချီတက် လာသော နတ်ဆိုး တို့ ၏ ကြုံးဝါးသံမှာ ပွက်လောရိုက် နေ၏ ။ ရှုံးနိမ့်ဖို့ အရေး သံလွင် တစ်ခက် ၊ ချိုးတစ်ကောင် လက်ဆောင် ပေး တာတောင် ရှင်သေမင်း က မကျေမချမ်း ခေါင်းတယမ်းယမ်း နှင့် ။
သူ သည် သေခြင်းတရား ကို အန်တုနေသူ တစ်ယောက် တော့ မဟုတ် ။ လည်စင်းခံ နေခြင်းသာ ဖြစ်သည် ။ သို့သော် သေမင်း သည် အသိဉာဏ် တစ်ပုံတစ်ခေါင်းကြီး နှင့် သူ့ ကို ပြက်လုံးထုတ် နေဆဲ ။ တစိမ့်စိမ့် အရသာ ခံကာ သေအံမူးမူး ကာလ ကို အမြည်းလုပ်ပစ်နေဆဲ ။ ဣန္ဒြေ တစ်ချက် မပျက်အောင် တင်းခံ လိုက်မည့် သူ ၏ ကြံရွယ်ချက်များ သေမင်း လုပ်ရပ်ကြောင့် သွေးပျက်ချင် လာသည် ။
တစ်ခါတစ်ရံ သူ သည် သူ ကိုယ်တိုင် မေးရိုး ဖြစ်လိုက် ၊ အံသွားများ ဖြစ်လိုက် ၊ ကျဉ်းမြောင်းသည့် လေပြန်များ ဖြစ်လိုက် ၊ မောကြီးပန်းကြီး နိုင်လှသည့် သွေးပြန်ကြော များ ဖြစ်လိုက် ၊ ဦးနှောက် မှ ဆုံးရှုံးသွားသည့် နျူရွန် ( Nieuron ) သေများ ကို ကျေဖျက်သည့် ဂလီယယ်ကလပ်စည်း ( Glial cells ) များ ဖြစ်လိုက် ၊ တစ်ခါတစ်ခါ သူ သည် သူ ဖြစ်လိုက် ၊ သူ သည် အခြားသူ ဖြစ်လိုက် ၊ အမုန်းတွေ က သူ့ ကို မုန်းလိုက် ၊ သူ က အမုန်းတွေ ကို မုန်းလိုက် နှင့် အတော့် ကို မချိမဆံ့ နိုင်လွန်းလှ၏ ။
“ ဘာအမှုလဲ ”
တစ်စုံတစ်ယောက် ၏ တီးတိုး ညင်သာသော အသံ ။
“ လူသ-တ်မှု ”
“ အလကား လူပါဗျာ ၊ သူများ မိန်းမ လည်း ပြစ်မှား သေးတယ် ၊ ယောက်ျား ကို လည်း သ-တ်ခဲ့တဲ့ လူ ”
“ အပြင်မှာ ရှုပ်ခဲ့တဲ့ ဒဏ်တွေ ခုခံ နေရတာ သာ ကြည့် ၊ ကျုပ် ဖြင့် ဒီ ရောဂါမျိုး ခုမှ မြင်ဖူးတော့တယ် ”
ကြည့်စမ်း...
ပြောနေတဲ့ အချက်အလက်တွေ အားလုံးဟာ သူ့ ကို ရည်ရွယ်နေတာ ပါပဲလား ။ ဘာဖြစ်လို့ များ စိတ်ပျက်စရာ ကောင်းတဲ့ လူ တစ်ယောက်ရဲ့ ဘဝတွေ ကို သိချင် ကြားချင် ရတာပါလိမ့် ။ ဆရာဝန် လာတော့မှာ တဲ့ လား ။ ဟင့်အင်း နေစမ်းပါစေ ။ သူ့ အတွက် မလိုအပ်တော့ပါဘူး ။
ကယ်တင်မှုတိုင်း ကို သူ့ ဘာသာ သူ ပယ်ချ နေမိသည် ။ သူ့ အတွက် သက်ဆိုးရှည်ခြင်း သည် ကောင်းသောရလဒ် မဟုတ် ။ နဂို ကတည်း က သူ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အမြန်ဆုံး ပဲ့ကြွေ မသွားနိုင်၍ ဒေါသ ဖြစ်နေ ရသည် က အကြိမ်ကြိမ် ။ တစ်နာရီ ထပ်တိုး နေရလျှင် တစ်နာရီ ဝဋ် ပို ခံရရုံသာ ရှိမည် ။ ထို့အပြင် သွေးပျက်ဖို့ ကောင်းသော မသတီစရာ အနံ့အသက်များ က သူ့ ကို ခြောက်လှန့် အနိုင်ယူ နေဦးမည် ။ သူ အနံ့အသက်များ အော့နှလုံး နာနေပြီ ။ အပေါစား ရေမွှေး နှင့် ပူးတွဲ ကပ်ပါလာသည့် ဣတ္ထိယ တို့ ၏ ပြင်းရှရှ မွှန်အီအီ အနံ့ က သူ့ နှလုံးသား ကို ညှစ်ခြေ အောင့်သက် စေရ၏ ။
အနံ့ ဆိုသည် မှာ ခန္ဓာကိုယ် တွင်း မှ သွေးဥ အချင်းချင်း သို့မဟုတ် အရိုးကြွက်သား နှင့် အရေပြား အချင်းချင်း ဝရုန်းသုန်းကား ပွတ်တိုက်ပြီး သွေးရေကြည် ထဲ တွင် အနံ့စု ၊ အရေပြား ချွေးအိတ် မှ နေ အနံ့တွေ ပြန် ကန်ထွက် ။ သည် လိုမျိုးလား ။ ထိုသို့ ဆိုလျှင် သူ့ ကိုယ်တွင်း မှ အနံ့များ သည် လည်း အလို မပြည့်မှုများ ၊ တပ်မက်မှုများ အချင်းချင်း ပွတ်တိုက် ကာ ထွက်လာသော အနံ့များ ပင် ဖြစ်ရမည် ။ အရမ်း ကို သိသာလွန်းသည် ။ နောက်ပိုင်း သွေးညှီနံ့များ ၊ အသေကောင် ၏ ပုပ်အက်အက် အနံ့များ ၊ သူ့ အရေပြား ပေါ်မှ ရောဂါကြောင့် ပေါ်ထွန်းလာသော အနာတို့ ၏ အနံ့များ ၊ သောက အနံ့များ ၊ မောဟအနံ့ များ ၊ ဒေါသအနံ့များ ၊ ထို့နောက် မစ္ဆရိယ အနံ့များ ၊ ထို့နောက် ၊ ထို့နောက် သူ သတိလစ် မေ့မြော သွားရပြန်ပါသည် ။
••••• ••••• •••••
ဇူလိုင် ၂၂
အင်္ဂါနေ့
မနက် ၁၀ နာရီ ၁၅
အချုပ်ကား အပြာကြီး တရားရုံး ပရဝုဏ် အတွင်း ဝင်လိုက်သည် နှင့် သူ့ ရင်ထဲ လှိုက်တက် သွားရ၏ ။ သွေးကြောများ ပိုမို ကျဉ်းမြောင်း သွားသလို ထင်ရပြီး အလိုလို နေရင်း မောဟိုက် မွန်းကျပ်လာ၏ ။
“ ဒီကနေ့ ငါ့ ကို အမိန့် ချမယ့် နေ့ပါပဲလား ”
တစ်စုံတစ်ရာ ပြစ်မှု အတွက် တစ်စုံတစ်ရာ ပြစ်ဒဏ် အား ဖလှယ်ရမည် မှန်း ကြို သိ ထားသော်လည်း ပုထုဇဉ်ပီပီ တုန်လှုပ်မှု ကို ဖြင့် ထိန်းကွပ်၍ မရ ။ ထိုစဉ်က မကြာခဏ နေမကောင်း ထိုင်မသာ ရှိတတ်သော်လည်း သွားလာလှုပ်ရှား နိုင်သေးသည် ။ သက်သာ သလို ရှိ လိုက် ပြန် ဖြစ်လိုက် ရှိနေဆဲ ကာလ ။ အတိမ်းအစောင်း မခံသည့် အချိန် ။ မဆိုစလောက် အအေး မိ လျှင်ပင် အပူရှိန် ထိုး တက်လာ တတ်ပြီး တစ်ခါ တစ်ရံ သွေးပေါင်များ အလွန်အမင်း ကျဆင်း သွားတတ်သည့် အနေအ ထား လောက်သာ ဖြစ်နေဆဲ ။ အစားအသောက် ပျက်ကာ ကိုယ်အလေးချိန် လျော့ကျ သွားပြီး အနည်းငယ် ပိန်သွားသည် မို့ ကိုယ့် ကိုယ် ကိုယ် သင်္ကာမကင်း ဖြစ်နေရုံ ။
တရားရင်ဆိုင် နေစဉ် ကာလ တစ်လျှောက် တရားရုံး သို့ အကြိမ်ကြိမ် ရောက်နေကျ ဖြစ်သော်လည်း သည် တစ်ကြိမ်လောက် စိတ် ထဲ တွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ရသည် ဟု သူ မထင် ။ စနစ် မကျသော နှလုံးခုန်သံ တို့ အား သူ ကိုယ်တိုင် ပြန်ကြား နေရ သည် ဟု ထင်မိ၏ ။
‘ လူသ-တ်မှု ’ ဟူသော စကားလုံး က သူ့ အပေါ် အတော့်ကို ဖိစီးလွန်း လှသည် ။ ကြီးလေးသော ပြစ်မှုမျိုး မို့ ပေါ့ပေါ့တန်တန် တွေး၍ မရ ။ သူ့ အမှု အား တရားရုံး လုပ်ထုံး လုပ်နည်းများ အရ သက်ဆိုင်ရာ ကိစ္စ အဝဝ ကို လုပ်ဆောင်ခဲ့ပြီးပြီ ။ သက်သေများစွာ ကို စစ်ဆေးခဲ့ပြီးပြီ ။ နှစ်ဖက် ရှေ့နေ့တို့ ၏ အပြန်အလှန် လျှောက်လွှဲချက်များ ကို လည်း နာကြားခဲ့ပြီးပြီ ။
အားလုံး ပြီးစီးခဲ့ပြီ ။ အပြစ် ရှိကြောင်း ဝန်ခံခဲ့ပြီး ဖြစ်၏ ။ အပြစ်ဒဏ် ကို အသာတကြည် လက်ခံယူရန်ပင် ရှိတော့မှန်း သူ သိနေပါ၏ ။ သို့တိုင် သေစေလိုရင်း ရည်ရွယ်ချက် မရှိခဲ့ပါ ဟူသော အကြောင်းပြချက် တစ်ခု တည်း အတွက် သက်ညှာမှု ကို မျှော်လင့် ခဲ့မိသည် မှာ အမှန် ။
တစ်မနက်လုံး မိုးစွေခဲ့ သလောက် ယခုတော့ဖြင့် တိတိပပ ရပ်နား သွားခဲ့လေပြီ ။ သို့သော် ပတ်ဝန်းကျင် တစ်ခုလုံး အုံ့ပျ စိုစွတ်လျက် ရှိနေ ဆဲ ။ နေခြည်အလင်းတန်း ကို ကောင်းစွာ မမြင်နိုင်သေး ။ လေပြင်း အဝှေ့ တွင် သစ်ရွက်တို့ မှ ခါထွက် လွင့်စင်လာသော မိုးစက်မိုးပေါက် တို့ မှာ မြေပြင်ပေါ် မွမွကြဲကြဲ လွင့်ကျနေ၏ ။
အချုပ်ကား စက်သတ်သွားချိန်၌ ထိပ်ပိုင်းရှိ သံဇကာပေါက် မှ မျက်လုံး ဝေ့ဝိုက်ကာ သူ သမီးကြီး ကို ရှာမိ သေးသည် ။ မတွေ့ ။ လာရသည့် ခရီး က အနည်းငယ် လှမ်း၍ နောက်ကျ နေတာပဲ ဖြစ်မည် ။ အမိန့်ချမည့် နေ့မှန်း သိနေ၍ မည်သည့် နည်း နှင့် မဆို သမီး လာလိမ့်မည် ဟု သူ ကျိ န်းသေတွက်ထားသည် ။ တရားခံ တချို့ ၏ ဧည့်သည်တွေများ ကို ဟို နေရာ တချို့ ၊ သည် နေရာ တချို့တွင် တွေ့နေရ၏ ။
နှစ်ယောက်တွဲ လက်ထိပ် ခတ်လျက် တရားရုံး အချုပ်ခန်း ဆီ ဆင်း လျှောက်လာရသည့် တစ်ခဏ သူ့ တစ်ကိုယ်လုံး တုန်ယင် နေတာ သတိ ထားမိသည် ။ သူ့ အပေါ် စူးစိုက် ကြည့်နေမည့် မျက်လုံးများ ကို သိ နေသည် ။ တုံ့ပြန် ရင်ဆိုင်ဖို့ သူ့ တွင် သတ္တိ မရှိပါ ။ သူ့ အမှု အကြောင်း ကို သိနေ သည့် လူ တချို့ ၏ စိတ် ထဲ တွင် ဘာတွေ တွေးနေကြမည်လဲ ။ သူ မသိချင် ။ ကိုယ်ကျင့် အသိ မဲ့ခဲ့သူ တစ်ဦး ၏ လိပ်ပြာ မှာ သိမ်ငယ်မှု ရေအိုင် ထဲ ပြုတ်ကျသွားပြီး အားကုန် အားပြတ် တောင်ပံတစ်စုံ ကို တဖျပ်ဖျပ် ရိုက်ခတ် နေသည် နှင့် တူသေးတော့၏ ။
အချုပ်ခန်း အတွင်း သို့ အရောက် ထောင့် တစ်နေရာ သို့ သွားကာ နံရံ ကို မှီရင်း ထိုင်ချ လိုက်သည် ။ ခန္ဓာကိုယ် အတွင်း အင်အားစု အားလုံး ဆွဲ နုတ်ခံထားရသူ ပမာ ။ ခေါင်း ထဲ တွင် နောက်ကျိ နေ၏ ။
“ အဖေ ဘာမှ အားမငယ်နဲ့ ။ အထဲ မှာ ကျန်းမာရေး ကို သာ ဂရုစိုက် ။ သမီး တတ်နိုင် သလောက် အဖေ့ ကို အမြဲ လာတွေ့ နေမှာ ပါ ။ ထောင်ကျ သွားလည်း နောက်ပိုင်း ကို စိတ် မပူနေပါနဲ့ ။ သမီးတို့ ဘဝ သမီး တို့ ထိန်းကျောင်း နိုင်ပါတယ် ”
အဖေ စိတ်ကောင်း စေရန် အားပေးနှစ်သိမ့် လာသော သမီးကြီး ၏ ပုံရိပ် က သူ့ မျက်လုံး တွင် ပြက်ပြက်ထင်ထင် ဝင်လာ၏ ။ လေဖြတ် နေသော ဇနီးသည် က အသက်ထွက် သွားသည့် တိုင် သူ့ အပေါ် တစ်စက် လေး မှ ခွင့်မလွှတ် နိုင်ခဲ့သော်လည်း သမီးကြီး က တစ်စုံတစ်ရာ အပြစ် မဆိုရှာခဲ့ပါ ။ မသိလိုက်ဘာသာ နေ၏ ။ ဖြစ်သမျှ အကြောင်း ကို မေ့ချန်လိုက်၏ ။ လောက ကို သတ္တိ ရှိရှိ ရင်ဆိုင် ပြလိုက်၏ ။ ဖခင် အမှု အတွက် အ ရွယ်နှင့် မမျှ သူ စွမ်းသလောက် လုပ်ကိုင်ဆောင်ရွက်ပေးသည် ။ တတ်နိုင်သလောက် ထောင် သို့ အစားအသောက် ပို့ရှာ၏ ။ တစ်ဖက်၌ လည်း အထက်တန်း နှင့် အလယ်တန်း မောင်နှမ နှစ်ယောက် ၏ အရေး ကို တာဝန်ယူ နေရသေး၏ ။ ယခုအချိန် တွင် သမီးကြီး က လွဲလျှင် မည်သူ့ ကို မှ အားကိုး၍ မရတော့မှန်း သူ သိနေသည် ။ အငယ် နှစ်ယောက် က အဖေ ကို စိတ်နာလွန်း သဖြင့် တွေ့ ရန်ပင် ရောက်မလာ ။ သူ့ မိုက်ပြစ် နှင့် သူမို့ အပြစ် မဆိုရက်ပါ ။
“ ရှက်ဖို့ ကောင်းလိုက်တာ ဘသော် ရာ ။ မင်း လုပ်ပုံ ငါ့ မျက်နှာ ကို လှီးထုတ် ပစ်ချင်တယ် သိလား ။ ငယ်တဲ့ အရွယ် မို့ မသိလို့ မိုက်တယ်ဆို ထား ။ မင်း အသက် ငါးဆယ် နား ကပ်နေပြီ ။ သေဖို့ ပဲ ရှိတော့တယ် ။ ဒါတောင် ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တဲ့ ကောင် ။ အရှက် မရှိတဲ့ ကောင် ။ မင်း အဖြစ်တွေ လူ ကြားလို့ ကောင်းသေးရဲ့ လား ။ ကိုယ့် မိန်းမ ကိုယ် တောင် မထောက်မညှာ ။ ဘာမဟုတ်တဲ့ အပျော်မိန်းမ ကြောင့် လူသ-တ်မှု ဖြစ်ရတယ်လို့ ကွာ ။ အရွယ် ရောက် နေတဲ့ သားသမီးတွေ ကို လည်း အားနာစမ်းပါဦး ။ ငါ ပြောရင်း .. ပြောရင်း ဒေါသ ထွက်တယ်ကွာ ။ တောက် ... ”
တစ်ခါက မကောင်းတတ်၍ လာ တွေ့သော အစ်ကို က သူ့ ကို ပက်ပက်စက်စက် ပြောသွားခဲ့ဖူးသည် ။ သူ ပြောသည် က မလွန်လောက် ။ သိ လျက် နှင့် မိုက်မဲဖို့ လွယ်ကူသော လူတစ်ဦး အဖို့ ရွေးချယ်စရာ လမ်း က အတော့် ကို ရှားပါး လွန်းနေ၏ ။ အထူးသဖြင့် ကာမရမ္မက်နှင့် ပတ်သက် လာ လျှင် မထိန်းသိမ်း နိုင်သော ၊ မရှောင် နိုင်သော သူ ၏ စိတ်ထက်သန်မှု များ က နောက်ဆုံးတွင် သူ့ ဘဝ ကို မလှမပ အဆုံးသတ်ရန်သာ ရှိတော့ သည် ။
“ ရဲဝင်း အဘ ဦးလူကလေး ”
“ ဧည့်တွေ့ လာတယ် ”
နောက်ပိုင်းမှ လိုက်လာသူများ နှင့် အလှည့်ကျ တွေ့ခွင့် ပေးနေသည် မို့ သံတိုင် အတွင်း နှင့် အပြင် ပြောကြ ၊ ဆိုကြ ၊ ပေးကြကမ်းကြ ၊ မှာကြ ပြုကြနှင့် ။
“ တောက်.... အသုံးမကျတဲ့ မိန်းမ ။ ရုံးထုတ် နှစ်ပတ် ရှိပြီ ၊ လာ မတွေ့ ဘူး ။ လင်ငယ် နောက် လိုက်သွားပြီ ထင်တယ် ”
အပေါ်ပိုင်း ဗလာ ခန္ဓာကိုယ် တစ်ခုလုံး ဆေးမင်ကြောင် ဗရပွ နှင့် ကောင် က ပုဆိုးစ ကို မ ကာ အပြင်သို့ တမျှော်မျှော် လုပ်ရင်း ဆို၏ ။
“ ဟေ့ကောင် သံကုန်ဟစ် မနေနဲ့ မင်း ရှာထား ဖွေထားတာ ဘယ်လောက် ကျန်ခဲ့လို့ လဲ ။ အရေး မပါတာ ”
အမှုတွဲ ဖြစ်ဟန် တူသူ က ခပ်ထေ့ထေ့ ဝင် ပြော၏ ။
“ ဒီကောင်မ အကြောင်း မသိဘဲ ဝင် မပြောနဲ့ ။ ရတုန်း က အသားကုန် မျိုဆို့ ၊ အဆွဲ လည်း ခံရရော လှည့် ကို မကြည့်တော့တာ ။ လုပ်ထားဦးပေါ့ ကွာ ။ ဒင်း .. အပြင်ရောက် မှ သိမယ် ”
တုံ့ပြန်လိုက်ပုံ က ခပ်ရိုင်းရိုင်းပင် ။
သူ အဆက်မပြတ် ချောင်းဆိုး နေသောကြောင့် အနားတွင် ထမင်းထုပ်များ ဖြေလျက် အားပါးတရ စားသောက် နေသော သုံးယောက်အဖွဲ့ မှ လူငယ်တစ်ဦးက သူ့ ကို ကြည့်လျက် ။
“ ဟေ့လူကြီး ကြည့်လုပ်ဦးဗျ ။ ဒီမှာ ထမင်းစား နေတာ ။ ဘာလဲ လုပ် တုန်းကတော့ လုပ်ခဲ့ပြီး အမိန့်ချမယ် ဆိုတော့မှ ကြောက်ချေး ပါနေတာ လား ။ စိတ်ချ ခင်ဗျား ထောင် ထဲ မှာ ပဲ သေမယ့် လူ ”
သူ့ စိတ်ထဲ တင်းခနဲ ဖြစ်မိသည် ။ အသက်အရွယ်ချင်း မမျှသူ တစ်ဦး ၏ အပြော က နာခံခက်စရာ ။ ကားပွဲစားလောက တွင် တပည့်တပန်းများ စွာနှင့် နေခဲ့သူမို့ တစ်ခါတစ်ရံ မာန က ကိုယ်တွင်း တစ်နေရာ၌ ကျန်နေ ချင်သေးသည် ။ သို့သော် သူတို့ အကြောင်း သိနေ၍ ပြဿနာ မဖြစ်ချင် သဖြင့် အသာငြိမ် နေလိုက်ရ၏ ။ အသိတရား နည်းပါးလွန်းပြီး အပြော အဆို ရုန့်ရင်းကြမ်းတမ်း လွန်းသဖြင့် အစ ကတည်း က ခပ်ရှောင်ရှောင် နေခဲ့သူတွေ ။ သူ သည် လို စရိုက်တွေ ကြားမှာ အတူတူ နေသင့်လေပြီ တကား ။
သူ့ မျက်လုံးအစုံ က တစ်နေရာ သို့ ရောက်သွား ပြန်သည် ။ မူးယစ်ရမ်းကားမှု ဖြင့် ဝင်လာသော လူရွယ် တစ်ဦး ဆီသို့ ။ စောစောပိုင်းက အမေ ပို့ သွားသော ကြာဇံကြော်ထုပ် ကို ကော်ဇွန်းလေး ဖြင့် ပလုပ်ပလောင်း စား နေသူ ။ ခပ်ခြောက်ခြောက် ကြာဇံဖတ်များ ကို သူ စူးစူးရဲရဲကြည့်ရင်း အသိစိတ် က မဆီမဆိုင် ညိုမိကျော် ဆိုသည့် မိန်းကလေး ကို အမှတ်ရလိုက်မိ၏ ။
ဟုတ်သည် ။ ချစ်စရာ မျက်နှာပေးနှင့် မျက်လုံးလေးများ ထောင့်ကပ် ကာ သူ ကြိုက်တတ်သော ကြာဇံကြော် အား ကလေး တစ်ဦး လို ခွံ့ကျွေး တတ်သော ညိုမီကျော် ။ ခန္ဓာကိုယ်လေး သိမ့်သိမ့်ခါအောင် ရယ်မောပျော်ရွှင်တတ်သော ညိုမီကျော် ။ ကြုံခဲ့သမျှ မိန်းမများ ထဲ မှ အသက်အငယ်ဆုံး နှင့် စိတ်ချမ်းမြေ့ခဲ့ရသော မိန်းကလေး ။
“ အဆောင် က ကျွေးတဲ့ ထမင်း နဲ့ ဟင်း ကို အစ်ကိုကြီး မြင်ရင် သေချင် သွား မယ် သိလား ။ ဆီမပါ ၊ ပျားမပါ ၊ အသားမပါ ။ မစားနိုင်ရင် ကိုယ့် ပိုက်ဆံ နဲ့ ကိုယ် ဝယ်စား ဆိုတဲ့ သဘော ။ ပေးတဲ့ လစာ က မဖြစ်စလောက် ။ မရှိတော့ လုပ်ရတာပဲလေ ။ ညီမတို့ မှာ အစ်ကိုကြီး တို့ လို စေတနာရှင် မျိုး နဲ့ တွေ့မှ မြိုးမြိုးမြက်မြက်လေး စားရ သောက်ရတာ ”
မြို့လယ် တစ်နေရာရှိ ကာရာအိုကေဆိုင် တွင် အလုပ် လုပ်သော ကောင်မလေး ။ နယ်မြို့လေး မှ ရောက် လာပြီး ဆိုင်ရှင် ပေးသော အဆောင်တွင် နေကာ ဘဝ ဝမ်းရေး ကျားကွက် ထဲ ဆုတ်တက်လှုပ်ရှား ကစားနေရသူ ။ ဧည့်သည် ရောက်လာလျှင် တမင် လုပ်ထားသော ဖော်ရွေပျူငှာဟန် အပြများ နှင့် သီဆိုလိုရာ တေးသီချင်းအား ကတ်တလောက် ပြ၍ စက်ဖွင့် ပေးရသူ ။ ထို ဆိုင်တွင် သူတို့ လို ကောင်မလေးများ အယောက် နှစ်ဆယ် ထက် မနည်း ။ တချို့ ရုပ်ရည် အသင့်အတင့် ရှိသူ ၊ တချို့ ရုပ်မလှ သော်လည်း အပြင်အဆင် ကောင်းကောင်း ၊ ခန္ဓာကိုယ် အချိုးအဆစ် ကျကျနှင့် ပုရိဿ တို့ အား ဖမ်းစားနိုင်သူ ။ တချို့ က အချွဲ ကောင်း ၊ အနွဲ့ ကောင်း ၊ အပြောကောင်း ။ အမျိုးအစား စုံလင် လှသည် ။
ယမကာ အရှိန်ကြောင့် နည်းနည်းလေး သွေးကြွ လာလျှင် ကာရာအိုကေ ဆိုင်များ သို့ သူ တပ်မက်လာစမြဲ ။ ကားအရောင်းအဝယ် အဆင်ပြေလျှင် ပြေသလို တစ်ခါတစ်ခါ အဖော်ကောင်း အပေါင်း နှင့် ၊ တစ်ခါတစ်ခါ သူ တစ်ယောက်တည်း ။ ဘယ်လိုမှ နားဝင် မချိုနိုင်သော သူ့ အသံ ဩကျစ်ကျစ်ကြီး ဖြင့် သီချင်း ဟစ်ကြွေးရန်တော့ မရည်ရွယ်ပါ ။ သူ့ အတွက် ဧည့်ဝတ်ကျေပွန်မှုများ နှင့် သူ့ ကိုယ်စား သီဆို ပြတတ်သော မိန်းကလေး တို့ ၏ ဖျော်ဖြေမှုများ ထဲ တွင် တစ်ခဏတာ အလိုက်သင့် သူ့ ကိုယ်သူ နှစ်မြှုပ်ပျော်ပိုက် လိုက်ခြင်းသာ ဖြစ်ပါ၏ ။ ကာရာအိုကေခန်း များ သည် သူ့ အတွက် ရင် ကို နွေးထွေး လှိုက်မော စေခဲ့သော ၊ လတ်တလော စိတ်ညစ်စရာဟူသမျှ မေ့ဖျောက် စွမ်းနိုင်သော နေရာ တစ်နေရာ ။
ထိုဆိုင်များ သို့ တစ်ခေါက်တကျင်း လာရသည့် စရိတ် က မသေး ။ အနည်းဆုံး တစ်နာရီ ( One Section ) စာ အတွက် တစ်ထောင်ခန့် ကို ယူရ မည် ။ ကောင်မလေးတွေ ရှေ့ ကြေးရတတ် တစ်ဦး အဖြစ် ဟိတ်ဟန် ထုတ် ပြနိုင်ရန် အကောင်းစား ဘီယာ သို့မဟုတ် နိုင်ငံခြားအရက် နှင့် အမြည်း မှာ ရမည် ။ သူတို့ စားချင်ရာ ကျွေးခိုင်း၍ သိက္ခာ မကျချင်လျှင် ကျွေးနိုင်ရမည် ။ ပြန်ခါနီး ပုပ္ပား မှ မျောက်ကလေးများ လို တောင်း တတ်သည် ။ အဆိုခန်း ကျ ကောင်မလေးများ ကို မုန့်ဖိုး ပေးနိုင်ဖို့ ပါရမည် ။ ယမကာ တန်ခိုးကြောင့် တစ်နာရီဆိုသည့် အချိန် က ထိုနေရာမျိုး တွင် အကုန် မြန်တတ်သည် မို့ အနည်းဆုံး နှစ်နာရီ ၊ သုံးနာရီ လောက် ကြာသွားတတ်သည် ။ သာမန် လက်လုပ် လက်စား တစ်ဦး အဖို့ သိပ် မလွယ်ကူနိုင် ။
ကောင်မလေး တချို့ က ဦးဘသော် ကို ကိုယ်ပိုင်ကား အမျိုးမျိုး စီးနိုင်သူ ၊ ဥပဓိရုပ်ခံ့ခံ့နှင့် သူဌေးရုပ်ပေါက်သူ ၊ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်သူ ၊ ငွေကို သုံးနိုင်သူ အဖြစ် ထင်တတ်ကြသည် ။ ထိုသို့ ထင်အောင် လည်း သူ က တမင်တကာ နေပြ တတ်သည် ။ ကားပွဲစား ဟူသောစ ကား ဘယ်တော့မှ မသုံး ။ ပညာတတ် ပုဂ္ဂိုလ်ကြီး ဆန်ဆန် အဆင့်မြင့်မြင့် ဝေါဟာရများ နှင့် ပညာနုနည်းခြင်းကြောင့် အသိ မကြွယ်သေးသော ကောင်မလေးများ အပေါ် ထောင်ချောက်ကောင်းကောင်း ဆင်နိုင်ခဲ့သူ ။ ကယ်တင်ရှင်ကြီး ပမာ လှလှပပ ပြုစားတတ်သူ ။ တစ်ခါတစ်ရံ စည်းရုံး သိမ်းသွင်း သည့် အနေဖြင့် တစ်နေရာသို့ ခေါ်ကာ မနက်စာ လိုက်ကျွေးရ န် အပန်းမကြီးသူ ။ အဝတ်အစား ၊ အသုံးအဆောင်များ ဝယ်ပေးရန် မနှမြောသူ ၊ အဆောင်တွင် မနေချင် ဟု ဆိုသောကြောင့် အခန်း ငှားပေးရန် ဝန်မလေးသူ ။ အကယ်၍ သာ နောက်ကွယ်မှ ထူထူပိန်းပိန်း အကြွေး များ အကြောင်း သိလျှင် သူတို့ ဘယ်လောက်များ ဟားတိုက်ရယ်မောကြ လေမည် မသိ ။
“ ဘသော် မင်း... အရမ်း တာဝန်မဲ့ နေပြီ ။ နားထင် က ဆံပင်ဖြူတွေ ပြန် ကြည့်ဦး ။ မင်း ဟာ လူလွတ် တစ်ယောက် မဟုတ်ဘူး ။ အိမ်ထောင် နဲ့ ၊ သားသမီး နဲ့ ။ ငါ ရှာ ကျွေးရတာပဲ ။ အိမ် ကို ပေးနိုင် ပြီးရော ဆိုတိုင်း မင်း မှာ ဝတ္တရား ကျေပြီ လို့ သတ်မှတ်သလား ။ မင်း ရဲ့ အရိပ် ဟာ သားသမီး တွေအပေါ် အဓိက ကျတယ်နော် ။ အိမ်ထောင်ရေး ဖောက်ပြန်မှု ဟာ တစ်နေ့ မင်းကို ဆိုးကျိုး ပေးမှာ ။ မင်း ကိုယ် မင်း အများ အမြင် မှာ လုံခြုံလှပြီ ထင်မနေနဲ့ ၊ အပျော်အပါး လည်း လျှော့ဦးမှ ပေါ့ ။ ကြီးတောင့် ကြီးမား နဲ့ ပြောရ ခက်လိုက်တာကွာ ”
တစ်ခါက အရက်ဝိုင်းတွင် လုပ်ဖော်ကိုင်ဖက် တစ်ဦး က ဗြောင် ဝေဖန် သဖြင့် သူ နှင့် အကြီးအကျယ် စကားများ ခဲ့ရဖူးသည် ။ ဦးဘသော် အိမ်ထောင်သက် အတွင်း သားသမီး သုံးယောက် ထွန်းကားခဲ့ သော်လည်း တူတူတန်တန် မိသားစု ဘဝကို မတည်ဆောက် နိုင်ခဲ့သည် မှာ ကြာပေပြီ ။ သူ ၏ ခြေစလက်စ ကို တဖြည်းဖြည်း သိလာခဲ့သော ဇနီးသည် မှာ ကွာရှင်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ သော်လည်း ပတ်ဝန်းကျင် အပေါ် ရှက် သည့် အရှက် ၊ သားသမီးများ ၏ နောင်ရေး ၊ သူမ၏ လေဖြတ်ဝေဒနာ ဖိစီး စွဲကပ်လာမှု ၊ အားကိုးအားထား ဆွေမျိုးသားချင်း ကင်းမဲ့မှု တို့ ကြော င့် မာန နှင့် သိက္ခာ ကို စတေးကာ သည်းခံကြိတ်မှိတ် နေခဲ့ရသည် အဖြစ် ။
တစ်အိမ်တည်း အတူ နေသော်လည်း တစ်ကမ္ဘာစီ ခြား နေ သလို ဦးဘသော် ဘာလုပ်လုပ် မျက်ကွယ်ပြု နေလိုက်သည် ။ မျက်နှာချင်း မဆိုင် ဖြစ်သည့် နေ့ များစွာ ။ သူမ အိပ်ရာထဲ ဘုံးဘုံးလဲ သွားသော အချိန်ကာလ မှ စ၍ နှစ်ဦးစလုံး ၏ ဆက်ဆံရေး မှာ ပိုမိုဆိုးရွား လာခဲ့သည် ။ မိသား စု စားဝတ်နေရေး ၊ ဆေးကုစရိတ် ပေးနိုင်လျှင် သူ့ အတွက် တာဝန်ကျေပြီ ဟု တွက်ထားပုံရ၏ ။ တစ်ခု ကံကောင်းသည် ဟု ဆိုရမည် ။ သူ နှင့် မကင်းသော မိန်းမများ ကို အိမ်ပေါ် ခေါ်တင် မလာခြင်းပင် ကျေးဇူး တင်စရာ ။
အတတ်ပညာပေါင်း များ စွာ ၊ လှည့်စားမှုပေါင်း များ စွာဖြင့် ဣတ္ထိယ တို့ အပေါ် ကျမ်းကျေခဲ့သော ဦးဘသော် တစ်ယောက် ခင်သိန်းဆင့် ဆိုသည့် အမျိုးသမီး နှင့် တွေ့ မှ ဒုက္ခ ရောက်ရတော့သည် ။ သူမ က လှသည် ၊ လွယ်သည် ၊ လည်သည် ။ ခရီးသွားဟန်လွဲ တွေ့ခဲ့ကြခြင်း ဖြစ်သည် ။ အရောင်းအဝယ် အလုပ် ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသူပါ ဟု ဆို၏ ။ ဦးဘသော် အလွတ် မပေး ။ စီးမျော ပစ်လိုက်သည် ။ သိပ်မကြာ ထို မိန်းမ ၏ ယောက်ျား ဆိုသူ ပေါ် လာပြီး သူ့ အား ခြိမ်းခြောက်မှုများ ၊ အကျပ်ကိုင်မှုများ ၊ အပေးအယူ လုပ်စေမှုများ ဖြင့် ရှုပ်ထွေး လာခဲ့သည် ။ အထိနာချက် က ပြော မကုန် ။ မြွေပွေး ပိုးကိုက် ခံရခြင်းပင် ။
အကြိမ်ကြိမ် အတောမသတ်နိုင်သော အေးဓားပြ လုပ်ရပ်များကြောင့် သည်းမခံနိုင်သည့် အဆုံး ရန်ပွဲ စတင်ခဲ့ရသည် ။ ထိုစဉ်က နှစ်ယောက် စလုံး ထွေနေကြသည့် အချိန် ။ လူ ရှင်းသော ဘီယာစတေရှင် တစ်ခုတွင် ။ ခင်သိန်းဆင့် မရှိ ။ တစ်ဖက် လူ က ပို မူးနေသည် ။ အော်ကြီး ဟစ်ကျယ် စကားများ ရာမှ လုံးထွေးသတ်ပုတ် ကုန်သည် အထိ ။ သန်မာသော တစ်ဖက် လူ ကို သူ မနိုင် ။ အလူးလူး အလိမ့်လိမ့် ခံနေရ၏ ။ အမှတ်မထင် တွေ့လိုက်ရသော အသားလှီးဓား တစ်ချောင်း ကြောင့် သူ အသက်ဘေး မှ လွတ်ခဲ့ရသည် ။ သွေးရူးသွေးတန်း ခုခံ ကာကွယ်ရင်း ခင်သိန်းဆင့် ယောက်ျား သွေးအိုင်ထဲ ငြိမ်သက်သွားရလေသည် ။
ထို အဖြစ်အပျက်သည် တကယ်တော့ စက္ကန့်ပိုင်း မျှသာ ။ သူ ကိုယ်၌ ပင် ဘာမှန်း မသိလိုက် ။ ပြန် စဉ်းစားတိုင်း အိပ်မက် တစ်ခု လို ဇဝေဇဝါ ။ သို့သော် တစ်သက်တာ ဆိုးကျိုး ကို ရလိုက်ပြီ ဟု ချက်ချင်း နားလည် သဘောပေါက်လိုက်၏ ။ အချုပ် ထဲ ရောက်ပြီး သိပ်မကြာ စွယ်စုံရောဂါ ဖြင့် သူ့ ဇနီးသည် ဆုံးသည် ။ ပိုင်ဆိုင်ပစ္စည်း တော်တော်များများ ရောင်းလိုက်ရ၏ ။ အိမ် နှင့် ခြံ ကို ရောင်းရန် ဖြစ်လာသော အခါ မကြည့်ရက်နိုင် တော့သော အစ်ကို က သူ့ကလေးများ ကို အိမ်ခေါ် ကျွေးမွေး ထားသည် ။ အစ်ကို သူ့ ကို နာနာကြည်းကြည်း စကား တစ်ခွန်း ဆိုသည် ။
“ သားသမီးတွေ လိမ္မာရေးခြား ရှိသလောက် အသုံးမကျတဲ့ မင်း လို အဖေမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး ။ တော်တော် တစ်ကိုယ်ကောင်း ဆန် တဲ့ ကောင် ။ နောက်ပိုင်းမှာ အားလုံး ဘဝ ပျက်ကုန်ပြီ ။ ကောင်းပါတယ် ။ မင်း ဟာ အပြင် မှာ ရှိနေလည်း လူ့လောကကြီး နဲ့ ဘယ်လိုမှ အံဝင်ခွင်ကျ ဖြစ်မယ့်ကောင် မဟုတ်ဘူး ။ ဒီ နေရာဟာ မင်း နဲ့ အထိုက်တန်ဆုံးပဲ ”
သူ ထိထိခိုက်ခိုက် ကြေကြေကွဲကွဲ ခံစားလိုက်ရသည် က အမှန်ပင် ။
••••• ••••• •••••
ဇူလိုင် ၂၂
အင်္ဂါနေ့
မွန်းလွဲ ၁ နာရီ ၁၅
“ ဘသော် ... အဘ ဦးထွန်းသိန်း ”
“ ရှိ ”
“ ဧည့်တွေ့ ”
သူ အတွေးလွန် နေရာမှ နာမည် ခေါ်သံကြောင့် ကမန်းကတန်း မတ်တတ် ရပ်လိုက်စဉ် ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားရ၏ ။ ကိုယ် ကို မနည်း ထိန်းမတ်ပြီး အပြင် ကို လှမ်းကြည့်တော့ သူ မျှော်လင့် နေသော သမီးကြီး မဟုတ် ။ သူ့ အစ်ကို ။
“ သမီး ရော ... ”
“ သမီး ကို ခဏ ထားလိုက်ဦး ။ မင်း ဆာနေပြီ မဟုတ်လား ၊ စားလိုက်ဦး ”
ပါလာသော စားစရာများ ကို အထဲ သို့ လှမ်းပေးရင်း ဆို၏ ။
“ ဘာမှ စားချင်စိတ် မရှိပါဘူးကွာ ”
အလာအပြု နည်းသော အစ်ကို ကြောင့် အံ့သြရပြီး အစ်ကို မျက်နှာ တင်းမာ နေ၍ သူ ဘာ စကား ဆက် ဆိုရမှန်း မသိ ။ အတန်ငယ် တိတ်ဆိတ် နေပြီးနောက် -
“ ငါ က သမီး လာမယ် ထင်နေတာ ”
“ ပထမတော့ မင်း သမီး လာမလို့ ပဲ ။ မနက် က မှ ကောက်ကာငင်ကာ နေမကောင်း ဖြစ်ပြီး ဆေးခန်း သွားရလို့ မလာနိုင်တာ ။ ဒီနေ့ အမိန့်ချမယ် ဆိုတာ သိတယ် ”
သမီး နေမကောင်း ဟု ဆို၍ အတော်လေး ပူပန်သွားမိ၏ ။
“ အတော်လေး ဆိုးသလားကွာ ၊ ဘာဖြစ်တာလဲ ”
“ မင်း တောင် သားသမီး ကို စိုးရိမ်ပူပန်တတ် လာပြီပဲ ။ ငါ တစ်ခါမှ မမြင်ဖူးဘူး ”
အစ်ကို က သူ့ ကို ခနဲ့ တဲ့တဲ့ စကား ဆိုကာ ဘာမျှ ဆက် မပြောဘဲ အပြင် သို့ ငေးစိုက်ကြည့်နေ၏ ။
“ ဘယ် မိဘ မဆို သားသမီး ကို ချစ်ကြတာပါပဲကွာ ။ မင်း နားလည်မှု လွဲနေလို့ ပါ ”
အစ်ကို က သူ့ ကို မျက်ထောက်နီကြီး နှင့် တစ်ချက် ကြည့်ပြီး -
“ တော်တော့ကွာ ဆက် မပြောနဲ့ ။ ဘာ ချစ်တာလဲ ။ ဘာ နားလည်ရမှာ လဲ ။ အချိန် မရဘူး ။ မင်း သိချင်ရင် တိုတိုရှင်းရှင်းပဲ ပြောတော့မယ် ။ မင်း သမီး ဟာ အရွယ်ရောက် နေတဲ့ မိန်းကလေး တစ်ယောက် ။ သူ့ မှာ ချစ်သူ ရှိတယ် ။ ဒါကို ငါ တို့ လင်မယား နှစ်ယောက် ကို ဖွင့် ပြောတယ် ။ ကောင်လေး က လူကောင်းလေးပါ ။ ငွေကြေး လည်း ပြည့်စုံတယ် ။ ငါတို့ ဘာမှ အပြစ် ပြောစရာ မရှိဘူး ။ သူ့ ဘဝ သူ ရွေးတာ ။ သူ့ အားကိုး သူ ရှာတာ ။ အချိန်တန် လင်ကောင်းသားကောင်း ရဖို့ အဓိကပဲ ။ မင်းသမီး က နေတတ် ထိုင်တတ် မွန်မွန်ရည်ရည် ဆိုတော့ ပထမ ဟိုဘက် က အသိုင်းအဝိုင်း က သိပေမဲ့ ဘာမှ မပြောဘူး ။ နောက်ပိုင်း ဖြစ်လာတာ က မင်းအ ကြောင်း ကို ကောင်လေး မိဘတွေ က သိ သွားပြီး ဘယ်လိုမှ မပေးစားနိုင်ဘူး လို့ လုပ်လာတာ ။ နဂိုက ငါ့ အိမ် မှာ နေတော့ ငါ့ သမီး ထင် နေတာ ။ အဲဒါ မင်း ကြောင့် ။ ကောင်လေး ကို လည်း မင်း သမီး ယူရင် အမွေပြတ် လို့ အပြ တ် ပြောလိုက်ပြီ ”
သူ ငိုင်ကျ သွားရ၏ ။ အသားတွေ တဆတ်ဆတ် တုန်လာသည် ။
“ အဲဒါ ထက် ဆိုးတာက ဒီ မနက် မင်းသမီး မူးလဲလို့ ဆေးခန်း ခေါ်ပြ တော့ ဆရာဝန် က သူ့ မှာ ကိုယ်ဝန် ရှိနေပြီတဲ့ ”
“ ဘာ ... ”
“ ဟုတ်တယ် ၊ ချော့ မေး ကြည့်တော့ ကောင်လေး နဲ့ ပဲ ။ ခက်တာက ကောင်လေး ကို စုံစမ်းတော့ သူ့ မိဘတွေ က တစ်နေရာ ရာ ကို ပို့ထား သလိုလို ။ ပျောက် နေတယ် ။ ဘယ် ရှာရမှန်း မသိဘူး ”
သူ မောဟိုက် သွားရသည် ။ တောင်စဉ် ခုနစ်ထပ် ကို မရပ်မနား ပတ် ပြေးလိုက် ရသည့် ပမာ အသက် ဘယ် က ထွက်ရမှန်း မသိ ။
“ နောက်ပိုင်း မှာ အဲဒီ ကိစ္စတွေ ရှိနေသေးတယ် ။ မင်း အမိန့် ချမယ့် အချိန် ကို စောင့် မနေနိုင်ဘူး ။ ငါ သွားမယ် ။ ငါ လာတာ မင်း ကို တွေ့ချင်လို့ တော့ မထင်နဲ့ ။ မင်းသမီး ငါ့ ကို ငိုယိုပြီး တောင်းပန်လို့ လာတာ ။ ဒါ ငါ ပြောစရာ စကား အကုန်ပဲ ”
သူ့ အစ်ကို က ထ ပြန် သွားသည် ။ သူ့ နဖူးပြင် ၌ စို့တက်လာသော ချွေးသီး ချွေးပေါက်တို့ မှာ ပါးပြင် ပေါ် လိမ့်ဆင်းကျနေဆဲ ။ ထိုစဉ်ခဏ တာဝန်ကျ ရဲ က ရုံးထုတ်ရန် သူ့ လက်နှစ်ဖက် ကို လက်ထိပ်ခတ် လိုက်သည် ။
••••• ••••• •••••
သူ သတိလစ် သွားရာမှ အသိစိတ် ပြန်ဝ င်လာပြန်သည် ။ နား ထဲ တွင် အသံဗလံတွေ ဗလုံးဗထွေး ကြားနေရ၏ ။ ကွဲကွဲပြားပြား တော့ မဟုတ် ။ ဝေး သွားလိုက် ၊ နီး လာလိုက် ။ သူ မျက်လုံး ကို ဖွင့်ဖို့ ကြိုးစား ကြည့်သည် ၊ မရ ။ ယခုလို နောက်ဆုံး အချိန်မျိုး တွင် သူ သမီး ကို သိပ် တွေ့ချင် နေမိသည် ။ ပြောချင်သော ၊ တောင်းပန်ချင်သော စကားတွေ က ရင် နှင့် မဆန့် ။ သို့သော် ထို ကတည်း က သမီး သူ့ ကို လာ မတွေ့တော့ ။ မတွေ့ချင်၍ တော့ မဖြစ်နိုင် ။ မတွေ့ဝံ့ တော့တာဘဲ ဖြစ်ရမည် ။ သို့မဟုတ် သမီး တစ်စုံတစ်ရာများ ဖြစ်ခဲ့ပြီလား ။ ဘုရား .. ဘုရား ... သမီး ဘာမှ မဖြစ်ပါစေနဲ့ ။ သူ တိုးတိုးဖွဖွ ဆုတောင်းရင်း မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျလာသည် ။
“ လူ ဆိုတာ ဝတ္တရား ကိုယ်စီ ရှိကြတယ် ။ ရှိ လည်း ရှိရမယ် ၊ မိမိကိုယ် တိုင် အပေါ် မိမိ မိသားစု အပေါ် ၊ မိမိ အသိုင်းအဝိုင်း အပေါ် ၊ မိမိ ပတ်ဝန်းကျင် အပေါ် စသဖြင့် တာဝန် ရှိတာ ။ ဒါကိုမှ ဥပေက္ခာ ပြု ထားမယ် ဆိုရင် တော့ လူ တစ်ယောက် ဖြစ်ပေမဲ့ ဘာ အဓိပ္ပာယ် မှ ရှိမှာ မဟုတ် ”
ဘွဲ့အမည် မမှတ်မိ တော့သော ဆရာတော် တစ်ဦး ၏ ဆိုမိန့်သံ က သူ့ အရှိုက် ကို နာနာကျင်ကျင် ဖြစ်စေသည် ။ သူ့ ကိုယ် သူ မုန်းတီး လိုက်ရ ည် မှာ လည်း ပြောဖွယ် မရှိတော့ ။
သူ တော်တော် စိတ်ကုန် နေပါပြီ ။ သူ့ ကိုယ်ပေါ် ပိုးစိုးပက်စက် ပိနေသည့် ဝေဒနာများ က နည်းနည်းနောနော မဟုတ် ။ နောက်ပြီး သူ သေခြင်းတရား ကို အန်တု နေသူ တစ်ယောက်တော့ မဟုတ်ပြန်ပါ ။ လည်စင်းခံ နေခြင်းသာ ဖြစ်သည် ။ သို့သော် ... ။
တကယ်တော့ သူ သည် အစာ မကြေ၍ ပြန် အန်ထုတ် ပစ်သည့် ကိုယ်ကျင့် သိက္ခာ အကျိုးအပဲ့များ အား ရွံရှာစက်ဆုပ် နေခြင်းသာ ဖြစ်ပါသည် ။
▢ ဒေါင်းနေမင်း
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
အမှတ် ၁၅၂
ဇူလိုင်လ ၊ ၂ဝဝ၂ ခုနှစ်
.
No comments:
Post a Comment