❝ သုည က ပြန်စရတဲ့ ဘဝ ❞
မလည်မဝယ် နဲ့ ခုတွေ့ ခုကြိုက် တဲ့ သူ နဲ့ အိမ်ထောင် ကျ ၊ အိမ်ထောင်ဖက် က အချိန်ပြည့် အရက်မူး ။
သျှောင်နောက် ဆံထုံးပါ လင့်မျက်နှာ နဲ့ ယောက္ခမအိမ် လိုက် နေရချိန် မှာ သင်ယူခဲ့တဲ့ ပညာတွေ ၊ ရခဲ့တဲ့ ဘွဲ့တွေ ဘေးဖယ် ပစ်ပြီး မီးဖိုချောင် ထဲ မှာ အချိန်တွေ ကုန်ခဲ့ရသူ ။
ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်ဖို့ မူလတန်းပြဆရာမလေး အဖြစ် တောရွာ မှာ တာဝန် သွား ထမ်း ပြန်တော့ မူးမူးရူးရူး လင်သား ကြောင့် သိက္ခာ ကျခဲ့ရ ။ ခင်ပွန်းသည် နဲ့ လမ်းခွဲ လိုက်ပြန်တော့ တစ်ခုလပ် မို့ မလေးမခန့် လုပ်တာမျိုး ကြုံတွေ့ရ ။
သည်လို အခြေအနေမျိုးတွေ ဖြတ်သန်း ရာ မှ ဇာတိမြို့ ဖြစ်တဲ့ မန္တလေး ကို ရာထူး တိုးတဲ့ အပြင် နိုင်ငံခြားဘာသာသင်သိပ္ပံ မှာ အင်္ဂလိပ်ဘာသာ သင်တန်း တက်ခွင့် အပိုဆု နဲ့ ရွှေ့ပြောင်း လာခဲ့ရတဲ့ ဆရာမ ဒေါ်မမနိုင် ရဲ့ ဒုတိယ ဘဝ ကို သူ က ယခုလို ဆက်လက် ပြောပြပါတယ် ။
••• •••• ••••• •••• ••••
ရန်ကုန် နိုင်ငံခြားဘာသာသင်သိပ္ပံ မှာ အင်္ဂလိပ်ဘာသာ သင်တန်း တက်ပြီး မန္တလေး ပြန်လာတော့ အမှတ် ၁၆ ၊ အထက်တန်းကျောင်း မှာ အလယ်တန်းပြ ဆရာမ အဖြစ် တာဝန် ထမ်းဆောင် ရတယ် ။ တစ်ဖက် မှာ အမေ့ ခြံဝင်း ထဲ မှာ ‘ ဂါးဒင်းတီး ’ ဆိုတဲ့ နာမည် နဲ့ လက်ဖက်ရည်ဆိုင် ဖွင့်တယ် ။ စီးပွားရေး မလုပ် တတ် တော့ ရှုံးတယ် ။ တစ်နှစ် လောက် နဲ့ ပိတ်ပစ် လိုက်ရတာပေါ့ ။
အဲသည် ကာလ မှာ ပဲ စိတ်ပြေလက်ပျောက် သဘော နဲ့ ငယ်ငယ်က လက်စ ရှိခဲ့တဲ့ ပတ္တလား နဲ့ စောင်း ကို ပန်တျာကျောင်း က နည်းပြဆရာ ဦးတင်ဝမ်း နဲ့ ပြန် လေ့ကျင့်တယ် ။ ဆရာတို့ ရဲ့ မဏိတိမ်လွှာတီးဝိုင်း မှာ ပတ္တလား လိုက် တီး ဖြစ်တယ် ။ မန္တလေးဟိုတယ် မန်းသူရိန် စားသောက်ခန်း မှာ တီးကြ ဆိုကြ ဖျော်ဖြေ ကြရတာပေါ့ ။ အဲသည်မှာ နိုင်ငံခြားသား ဧည့်သည်တွေ လာပြီး စားသောက် ကြတာ များတယ် ။
တစ်ဖက်မှာ အင်္ဂလိပ်စကားပြော တိုးတက် ချင်တယ် ။ အဲသည် ခေတ် က ရှားရှားပါးပါး နိုင်ငံခြားသား ဧည့်သည် တွေ့ ရင် စကားပြော လေ့ကျင့်ဖို့ ရူးခဲ့မိ တယ် ။ အဲသည်မှာ ဇာတ်လမ်း က စ တာပါပဲ ။
ကွာရှင်းခဲ့ ပြီးတဲ့ ပထမ အိမ်ထောင် က လည်း သေဆုံးသွားပြီ ။ ကိုယ့် ကိုယ့် ကိုယ် အိမ်ထောင်ရေး ကို စိတ် ကုန်နေပြီ ထင်ခဲ့မိပေမယ့် နှစ်ကာလတွေ ကြာ လာတော့ ဘဝ မှာ တစ်ယောက်တည်း လျှောက်လှမ်း ရတာ အားငယ် သလိုလို ခံစားလာမိတယ် ။ ဘဝ အဖော်မွန်ကောင်း တစ်ယောက် ကို တမ်းတ လာမိတာ အမှန်ပါပဲ ။
လက်ဖက်ရည်ဆိုင်လေး ကို နိုင်ငံခြားသားတွေ အမြဲ ခေါ်လာလေ့ ရှိတဲ့ ဦးသန်းညွန့် နဲ့ ဒုတိယ အိမ်ထောင် ထူ ဖြစ်တယ် ။ သူ့ မှာ ဂုဏ်တွေ ဒြပ်တွေ ဘွဲ့ထူး ဂုဏ်ထူးတွေ ဘာမျှ မရှိပေမယ့် ရိုးသားမှု ၊ ပင်ကို အရည်အချင်း ရှိမှု ၊ ကိုယ့် ဘဝ ကို နားလည်မှု ပေးပြီး အနွံတာခံမှု ၊ ချစ်မြတ်နိုးမှု ၊ သားလေး နှစ်ယောက် ကို မေတ္တာ ပေးနိုင်မှု ၊ ကလေးတွေ ကလည်း သူ့ ကို ခင်မင်တွယ်တာမှုကြောင့် လစ်ဟာ နေတဲ့ ကွက်လပ်ကလေး ဖြည့် လိုက်ပါတော့တယ် ။
အလယ်တန်းပြ ဆရာမ အလုပ် ကနေ ထွက် ၊ သား နှစ်ယောက် ကို လက်ဆွဲ ပြီး ခင်ပွန်းသည် ဦးသန်းညွန့် နဲ့ လက်တွဲတယ် ။ ဘဝသစ် ကို ရင်ဆိုင်ဖို့ အားမာန် တွေ အပြည့်နဲ့ ပေါ့ ။ ပတ်ဝန်းကျင် ကတော့ အတင်းအဖျင်း စကား ဆိုကြတာပေါ့ ။ ဂုဏ်မရှိ ဒြပ်မရှိ တဲ့ သူ နဲ့ အိမ်ထောင် ထူလို့ ဒုတိယအကြိမ် မိုက် ပြန်ပြီပေါ့ ။ အလုပ် ထွက်တာ သိပ်မိုက်တာပဲ တဲ့ ။
ကိုယ် ကတော့ ဘဝ သတ္တိတွေ ပြည့် နေတယ် ။ ဘာကို မှ မကြောက်ဘူး ။ အိမ်မှုကိစ္စတွေ လုပ်ရင်း စာအုပ်ပုံ ကြား မှာ ပျော်မွေ့ နေတယ် ။ အင်္ဂလိပ်စာတွေ ပဲ ဖတ် နေခဲ့တယ် ။ အိုင်အက်ဖ်အယ်လ် ( နိုင်ငံခြားဘာသာသင်သိပ္ပံ ) တက် တုန်းက သင်ခန်းစာတွေ ပြန် ဖတ် ၊ Dictionary ( အဘိဓာန် ) ကို ခေါင်းအုံး အိပ်လို့ ။ ခင်ပွန်းသည် ခေါ်လာတဲ့ tourist ( နိုင်ငံခြားဧည့်သည် ) တွေ နဲ့ စကားပြော လေ့ကျင့် ၊ စာတွေ့ လက်တွေ့ အချိန်ပြည့် ပေါင်းစပ် နေခဲ့တယ် ။
လက်ဖက်ရည်ဆိုင် ဖွင့်တဲ့ ခြံအပိုင်း ကို မေမေ က ရောင်းလိုက်တယ် ။ ဗီဒီယို ပြစက် တစ်လုံး ၊ ကား တစ်စီး ဝယ်တယ် ။ မေမေ့ စီးပွားရေး အတွက် ဗီဒီယို ပြတဲ့ ရုံ မှာ ကူ လုပ်ပေးတယ် ။ ကား ကို တော့ ခင်ပွန်းသည် က နိုင်ငံခြားသား ဧည့်သည်တွေ ကို အငှားမောင်း ပို့ပေးတယ် ။
ခင်ပွန်းသည် တက္ကစီ ဆွဲ ၊ နိုင်ငံ ခြားသားဧည့်သည် ရလို့ guide ( ဧည့်လမ်းညွှန် ) လိုက်တဲ့ အခါ ကျွန်မ က လည်း အင်္ဂလိပ်စကားပြော လေ့ကျင့် ဖို့ လိုက်တဲ့အခါ လိုက်သွားပါတယ် ။ ဈေးချို ငါးပိတန်း လက်ကျား က ဦးရော်ကီ နဲ့ မမြင့် တို့ရဲ့ handicraft ( လက်မှုပစ္စည်း ) ဆိုင်ကလေး ကို မကြာခဏ ရောက်ဖြစ်တယ် ။ ဧည့်သည်တွေ ကို မမြင့် က သူ တတ်သလောက် broken English နဲ့ ပြောဆို ရှင်းလင်း ရောင်းချ နေတာ ကို မြင်ပြီး ကိုယ့် ကိုယ် ကိုယ် အားတက် ခံစားမိလာတယ် ။
ဒါဟာ ကိုယ် နဲ့ ပိုပြီး တိတိကျကျ ဘောင်ဝင်တဲ့ လုပ်ငန်း လို့ ခံစားရတယ် ။ ကိုယ့် ဘဝ အတွက် ပုံမှန် ဝင်ငွေ ရနိုင်မယ့် လုပ်ငန်း တစ်ခုလိုတယ် ။ ကိုယ် သိပ်ရူး တဲ့ အင်္ဂလိပ် စကားပြော လေ့ကျင့်ဖို့ အခြေအနေ တစ်ခု ဖန်တီးမှု လည်း ဖြစ်တယ် ။ သည် ဆိုင်မျိုးလေး ဖွင့်ချင်လိုက်တာ ဆိုပြီး အခြေအနေ နဲ့ အချိန်အခါ ကို စောင့်မျှော် နေမိတယ် ။
အဲသည် အချိန် မှာ ပဲ ၁၉၈၈ ခု အရေးအခင်း ဖြစ်ပြီး နိုင်ငံခြားသား ဧည့်သည် အဝင် ရပ် သွားတယ် ။ သူ့ အလုပ် က ဝင်ငွေ မရှိတော့ဘူး ။ ကျွန်မ က လည်း အလုပ် က ထွက် ထားတော့ ဝင်ငွေ မရှိဘူး ။ အရေးအခင်းကာလ ထဲ မှာ သမီးငယ် ကို မွေးတယ် ။
ကော်ဖီတွေ တစ်ခွက်ကြီး သောက် ၊ ထမင်းတွေ တစ်ဝကြီး စားရ မှ ကလေး ကို နို့ တိုက်လို့ ကောင်းတယ် ။ နေ့ ၁၁း၀၀ နာရီထိုး နေပြီ ။ ဆန်အိုး ထဲ ဆန် မရှိလို့ ထမင်း မချက်နိုင်သေးဘူး ။ ရေ တစ်ခွက် ပဲ ကော်ဖီ အစား သောက်ရတယ် ။ ဘာမျှ မစားရသေးဘဲ တံတွေး ကို မျိုချရင်း သမီးလေး ကို နို့တိုက် နေခဲ့မိတယ် ။ အံ့ဩစရာ ကောင်းတာက မျက်ရည် တစ်စက် မကျခဲ့ဘူး ။
ကျွန်မတို့ လင်မယား ကို ချစ်ခင်တဲ့ ဖိုးကျော် ဆိုတဲ့ ကောင်လေး တစ်ယောက် ရောက်လာပြီး အခြေအနေ ကို သိရလို့ သူ့ အိမ်ပြန် ခါးပုံစ ထဲ မှာ ဆန်တွေ တစ်ဖောင်းကြီး ထည့် ပြန်လာတယ် ။ သူ့ အမေ ဆန်အိုး ထဲ က နှိုက်လာတာ ထင်ပါရဲ့ ။ ဆန်ပြုတ် တစ်အိုး ပြုတ်ပြီး စားကြတယ် ။ ကလေးတွေ က တော့ ပျော် ပျော်ကြီး ဆန်ပြုတ် သောက်ကြတာပေါ့ ။ အရေးကြီးတာ က ဆက်လက် အသက်ရှင် နေနိုင်သေးတဲ့ အာဟာရ တစ်ခု ရဖို့ပဲ ။
အဲသည် လတ်တလော အခြေအနေ ကို ခင်ပွန်းသည် က အကောင်းဆုံး နည်း နဲ့ ဖြေရှင်းခဲ့တယ် ။ မုန့်ဟင်းခါး ချက် ရောင်းတယ် ။ ဦးလေးကြီး မုန့်ဟင်းခါး လို့ နာမည်ရပြီး ရောင်း ကောင်းပါတယ် ။ ထမင်း စားလို့ ကတော့ ဖြစ်တယ်ပေါ့ ။ နောက် ရှမ်းခေါက်ဆွဲ ၊ ဖက်ထုပ်ကြော် စသဖြင့် ရောင်းခဲ့တယ် ။
တဖြည်းဖြည်း နဲ့ အခြေအနေ က တည်ငြိမ်အေးချမ်း လာတော့ နိုင်ငံခြားသား ဧည့်သည်တွေ တဖွဲဖွဲ ပြန် ဝင်လာတယ် ။ ခင်ပွန်းသည် လည်း ခေါက်ဆွဲ အရောင်း ရပ်ပြီး ဧည့်သည် ပြန် လိုက်တယ် ။ ဧည့်သည်တွေ က ဦးသန်းညွန့် ကို ချစ်ခင်ကြတယ် ။ စိတ်ရှည်တယ် ။ အလိုက်သိတယ် ။ မျက်နှာ မှာ ရိုးသားမှု ကို တွေ့မြင်ရတယ် ဆိုတာပဲ ။
သူ က ဘွဲ့ မရပေမယ့် နိုင်ငံခြားသား ဧည့်သည်တွေ နဲ့ စကား ပြောနိုင် ဆိုနိုင် တယ် ။ ကျွန်မ က ဘွဲ့ရ ၊ အိုင်အက်ဖ်အယ်လ် တက်ခဲ့ပေမယ့် လေ့ကျင့်မှု နည်းတော့ သူ့ လောက် မပြောနိုင်ဘူး ။ အမေရိကန် ၊ ဩစတြေးလျ ၊ ကနေဒါ accent ( လေသံ ) တွေ ဆိုရင် နားလည်နိုင်စွမ်း မရှိဘူး ။ ဒါကြောင့် အပြောစွမ်းရည် ရော နားလည်နိုင်စွမ်း ပါ တိုးတက်အောင် သူ ဧည့်သည် ရ လာတိုင်း ဧည့်သည် ကို ခွင့် တောင်းပြီး sight seeing ( ခရီး ) သွားလေရာ လိုက် သွားတယ် ။ ဧည့်သည် တွေ ကို အိမ် မှာ ထမင်းစား မကြာခဏ ဖိတ်ပြီး စကားပြော လေ့ကျင့် ခဲ့တယ် ။ မေမေ ကတော့ ကျွန်မ ကို နား မလည်နိုင်ဘူး ။ ပိုက်ဆံ ဖြင့် မရှိဘဲ ဧည့်သည်ဘကို ထမင်းစား ဖိတ်ရသလားပေါ့ ။
ကျွန်မ အင်္ဂလိပ်စကားပြော တိုးတက်ချင် လို့ အင်္ဂလိပ်စာဌာန က ဆရာမ ဒေါ်အီဗွန်း ကို အိမ် မှာ ဖိတ်ခေါ်ပြီး အင်္ဂလိပ် စကားပြောသင်တန်း ဖွင့်တယ် ။ ကျွန်မ လည်း သင်ယူတယ် ။ ဆရာမ သင်တာတွေ ကို မှတ်တယ် ။ ဆရာမ က တစ်လ လောက် သင်ပြီးတော့ သူ လာရတာ ဝေးလို့ ဆိုပြီး တက္ကသိုလ် ထဲ ရွှေ့သွား တယ် ။ ဆရာမ ရွှေ့သွား ပေမယ့် အင်္ဂလိပ် စကားပြောသင်တန်း တက်ချင်တဲ့ ကျောင်းသားတွေ က တဖွဲဖွဲရောက် လာနေတယ် ။ တက္ကသိုလ် ထဲ အထိ လိုက် မတက်ချင်ဘူး ဆိုတာနဲ့ အိမ် မှာပဲ အင်္ဂလိပ်စကားပြောသင်တန်း ဆက် ဖွင့်လိုက် တယ် ။
ကျွန်မတို့ က အင်္ဂလိပ်စာ ဆိုတာ ခက်တယ်လို့ ခံစားခဲ့ရသူတွေ ။ ကြိုးစား ပမ်းစားလုပ်ရင်း တတ်မြောက် လာရတာ ။ ဘယ်လိုလေ့လာ ၊ ဘာတွေ လုပ်ရမယ် ဆိုတာ လမ်းညွှန် ပြတယ် ။ သင်တန်း မှာ အင်္ဂလိပ်စာ တင် မဟုတ်ဘူး ။ ဘဝ ကို သိအောင် နားလည်အောင် အသိတရားတွေ လည်း ထည့်ပေးတယ် ။
ကျွန်မ ကိုယ်တွေ့ တွေ ပြောပြပြီး ဘဝ မှာ လုပ်စရာ ငါးခု ရှိရင် ဘယ်ဟာ ဦးစားပေး ရမှာလဲ ။ တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး စီစဉ်လိုက် ။ ဆန်ပြုတ် သောက်ပြီး အသက် ဆက်ခဲ့ဖူးတဲ့ ကျွန်မ ဘဝ ကို ပြောပြပြီး သူတို့ ကို စိတ်ဓာတ်ရေးရာ အားပေးပါတယ် ။
ကျောင်းဆရာမ က ထွက်လာခဲ့တာပေမယ့် ကျွန်မ ရဲ့ ကလေးတွေ ရဲ့ ပညာရေး ကို လှည့် မကြည့်နိုင်ပါဘူး ။ မေမေတို့ အမှတ် ၆ ၊ အထက်တန်း ကျောင်းက မေမေတို့ နဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမလေး ဒေါ်နိုင်ရည်မာ က ညနေ တိုင်း လာပြီး ကူညီပေးပြီး စာပြ ပေးတယ် ။
သူ က လည်း နိုင်ငံခြားဘာသာသိပ္ပံ တက်ဖို့ စိတ်ဝင်စားတယ် ။ ကိုယ် က လည်း ကိုယ့် အတွေ့အကြုံတွေ ပြောပြတယ် ။ သူ သွား တက်ပြီး ပြန်လာတော့ ကျွန်မတို့ အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ ရော ပုံမှန် စီးပွားရေး ဝင်ငွေ တစ်ခု ရှိဖို့ ကျွန်မ မှာ အမြင် ရှိထားခဲ့တဲ့ နိုင်ငံခြား ဧည့်သည်တွေ စိတ်ဝင်စားတဲ့ မြန်မာ့ လက်မှု အရောင်း ပစ္စည်းဆိုင်လေး ဖွင့်ဖို့ တိုင်ပင်တယ် ။
၁၉၈၉ ခုနှစ် မှာ တစ်ယောက် ငွေငါးထောင်စီ စပ်ပြီး Mandalay Marionettes Handicrafts Shop အမည် နဲ့ ဆိုင်ကလေး ထူထောင် ဖြစ်ကြတယ်ပေါ့ ။
ရွှေချည်ထိုးကားတွေ ၊ ရုပ်သေးရုပ်ကလေး တွေ တင်ပြီး ရောင်းတယ် ။ ဆိုင်ဖွင့်ပွဲနေ့ မှာ နိုင်ငံခြားသား ခုနစ်ယောက် လောက် ဝင်တယ် ။ နည်းနည်းပါးပါး ရောင်းရတယ် ။ မဆိုးပါဘူး ။
ဆိုင်ကလေး ဖွင့် ထားရင်း တစ်ရက် မှာ ဖိလစ်ပိုင်သူ အမျိုးသမီးကြီး တစ်ယောက် က ပစ္စည်း ဝင် ဝယ်ရင်း ရုပ်သေးရုပ် ကို ကပြ ခိုင်းတယ် ။ ရုပ်သေး ရုပ် ကို ကပြဖို့ နေနေသာသာ ၊ ကျွန်မ က အရုပ် ကို တောင် မကိုင်တတ်ဘူး ။
သူ က နောက် တစ်ခေါက် သူ လာလို့ မင်း ရုပ်သေးရုပ် ကပြနိုင်ရင် ဝယ်မယ် လို့ ပြောပြီး ပြန်သွားတယ် ။ အဲသည်မှာ ကျွန်မ ရှက် လိုက်တာ ။
◽ကျော်ရင်မြင့်
📚 ဘဝဇာတ်ခုံ အဖုံဖုံ
No comments:
Post a Comment