Monday, January 6, 2025

ရုပ်သေး နဲ့ ကမ္ဘာလှည့်သူ



 ❝ ရုပ်သေး နဲ့ ကမ္ဘာလှည့်သူ ❞


ဒေါ်မမနိုင် က အင်္ဂလိပ်စကားပြော တတ်ချင်တယ် ။ ကျောင်းဆရာမ ဘဝ တုန်း က နိုင်ငံခြားဘာသာသိပ္ပံ မှာ အင်္ဂလိပ်ဘာသာ သင်တန်း တက်ခဲ့ဖူးပေမယ့် လက်တွေ့  နည်းတာမို့ ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူး ။ 


အိမ်ထောင်ပြုလိုက်တော့ အိမ်ထောင်ဖက် က တက္ကစီ မောင်းတယ် ။ နိုင်ငံခြားသား ဧည့်သည်တွေ ကို ဧည့်လမ်းညွှန် လိုက် လုပ်တယ် ။ ကျောင်းဆရာမ အလုပ် က ထွက်လိုက်ပြီးတဲ့ ဒေါ်မမနိုင် က အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ သူ့ ခင်ပွန်းသည် ဧည့်သည် ရလာတဲ့ အခါ ဧည့်သည် ကို ခွင့်တောင်းပြီး သွားလေ ရာ လိုက်ရင်း နိုင်ငံခြားသား နဲ့ စကား ပြောတယ် ။


အင်္ဂလိပ်စကား ကို ကိုယ်တိုင် လည်း သင်ယူ ၊ မျှဝေ သင်ကြားမှု လည်း လုပ်နိုင်ဖို့ အင်္ဂလိပ်စကားပြော သင်တန်း တစ်ခု ဖွင့်လိုက်တယ် ။ အသက် ၁၂ နှစ်ခန့် အရွယ် ကေသွယ်ဖြိုး ဆိုတဲ့ ကလေးမလေး က သူ့ ဘီအမ်အိတ်စ် စက်ဘီး လေး စီးပြီး နေရာအနှံ့ လျှောက် သွားရင်း နိုင်ငံခြား ခရီးသွား ဧည့်သည် တွေ့ရင် မိတ်ဆက်ပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်တယ် ။


တစ်ရက် မှာ အောင်တော်မူဘုရား အနီး မုန့်ဟင်းခါး စားနေတဲ့ ဧည့်သည် စုံတွဲ ကို တွေ့ တော့ သူ့ ကိုယ် သူ မိတ်ဆက်တယ် ။ မုန့်ဟင်းခါးဖိုး လည်း ရှင်းပေးပြီး သူ့ ဆရာမ ဒေါ်မမနိုင် ရဲ့အိမ် ကို ခေါ်ချလာတယ် ။ ဒေါ်မမနိုင် က သူတို့ နဲ့ ခင်မင် သွားပြီး နောက်နေ့ ညနေပိုင်း မှာ သူ့ ရဲ့ အိမ်ဂေဟာကျဉ်းကျဉ်းလေး မှာ ညစာ လာ စားဖို့ ဖိတ်လိုက်တယ် ။ ဒေါ်မမနိုင် ရဲ့ အမေ ကတော့ ကိုယ်တိုင် ဆင်းရဲလို့ ခြိုးခြံချွေတာပြီး စားနေရတဲ့ အထဲ မှာ နိုင်ငံခြားသား ကို ထမင်းစား ဖိတ်လို့ အံ့ဩ နေတယ် ။ ဒေါ်မမနိုင် ကတော့ စားရင်း သောက်ရင်း အင်္ဂလိပ်စကားပြော လေ့ကျင့် ချင်တာပါ ။ ဖြစ်ချင်တော့ ဧည့်သည်စုံတွဲ က စီဂျီဂျီ ရေနံကုမ္ပဏီ က အရာရှိ ဖြစ်နေတယ် ။ ရေနံကုမ္ပဏီ က expert မစ္စတာ ဂယ်ရီမူလ်ဒါ က ဒေါ်မမနိုင် ရဲ့ ခင်ပွန်း ဦးသန်းညွန့် ကို အလုပ် ခန့် ပေးဖို့ ကမ်းလှမ်းတယ် ။


ဒေါ်မမနိုင် ကိုယ်တိုင် က အလုပ်အကိုင် မရှိဘူး ။ အင်္ဂလိပ်စကားပြော လည်း လေ့ကျင့်ရ ၊ တစ်ဖက်တစ်လမ်း က လည်း ဝင်ငွေ ရအောင် သူငယ်ချင်း ဖြစ်တဲ့ ဒေါ်နိုင်ရည်မာ နဲ့ ရှယ်ယာ စပ်ပြီး မြန်မာ့ လက်မှုပစ္စည်း အရောင်းဆိုင်လေး ဖွင့် ကြတယ် ။ ရွှေချည်ထိုး ပစ္စည်းလေးတွေ နဲ့ ရုပ်သေးရုပ်ကလေးတွေ ရောင်းတယ် ။


တစ်နေ့မှာ တော့ နိုင်ငံခြားသူ တစ်ယောက် က ရုပ်သေးရုပ် ဝယ်ဖို့ ဆိုင် ထဲ ဝင်လာပြီး ဒေါ်မမနိုင် ကို ရုပ်သေးရုပ် ကပြပေး ခိုင်းတယ် ။ ဒေါ်မမနိုင် က ရုပ်သေးကြိုး မဆွဲတတ်လို့ နောက်တစ်ခါ သူ ပြန်လာလို့ ရုပ်သေးရုပ် ကို ကပြ နိုင်ရင် ဝယ်မယ်လို့ ပြောပြီး နိုင်ငံခြားသူ က ပြန် ထွက်သွား သတဲ့ ။ ဒေါ်မမနိုင် က သူ့ ဘဝ မှာ ကြုံတွေ့ ရပုံ ကို ဆက် ပြောပြတယ် ။ 


 ••••• ••••• •••••


ကျွန်မ ရှက်လိုက်တာ ၊ ပစ္စည်း မရောင်းရလို့ မဟုတ်ပါဘူး ။ ဘာကြောင့်လဲ မေးရင် ကျွန်မ ဖေဖေ ဂုဏ်ထူး ဦးသိန်းနိုင် က ရုပ်သေးစာအုပ် ရေးတယ် ။ ရုပ်သေးရုပ် ရောင်းတဲ့ သမီး ကျွန်မ က ရုပ်သေး မကတတ်ဘူး ။


ချက်ချင်းပဲ ကျွန်မ နဲ့ ခင်မင်ရင်းနှီးတဲ့ ဂီတပညာရှင်ကြီး စောင်း အင်းလေး ဦးမြင့်မောင် ဆီ သွားပြီး အကူအညီ တောင်းတယ် ။ ဆရာဦးမြင့်မောင် က ဒေါက်တာ တင်မောင်ကြည် ဆီ ဆက် ညွှန်တယ် ။ ဒေါက်တာ တင်မောင်ကြည် က ဝါသနာ အရ ကိုယ်တိုင် ရုပ်သေးရုပ်တွေ လုပ်တယ် ။ ရုပ်သေး သုတေသန လည်း လုပ်နေတယ် ။ ရုပ်သေး လည်း လက်တွေ့ ကပြ တတ်တယ် ။ ဒေါက်တာ ဦးတင်မောင်ကြည် က ရုပ်သေး ဆရာကြီး ဦးပန်းအေး ဆီ သွားဖို့ လမ်းညွှန် လိုက်တယ် ။ မင်းတဲအီကင်းရပ် ကို လိုက် သွားတယ် ။


ဘဘဦးပန်းအေး နဲ့ တွေ့တော့ ဘဘ က နောက်ရက် မှာ ရုပ်သေးအရုပ်ကလေး ပိုက် ၊ ကက်ဆက်ကလေး နဲ့ ကျွန်မတို့ နေတဲ့ နေရာ လိုက်လာတယ် ။


ကျွန်မတို့ ရဲ့ မြန်မာမှု လက်မှု အနုပညာဆိုင်သေးသေးလေး ရှေ့ ရေမြောင်း ကို ခွပြီး ခုံတန်းလျားလေး ချတယ် ။ ပြီးတော့ လက်တန်း ဆင်ပြီး ရုပ်သေး ကပြတယ် ။ ဘဘ လည်း ရုပ်သေး မကရတာ ကြာပြီ ။ ရုပ်သေးပွဲ ဆိုတာ မရှိတော့ ရုပ်သေး က ပြီးသွားပြီ ၊ သေသွားပြီ လို့ ဘဘ က ထင်ပြီး စိတ်မချမ်းမသာ ဖြစ်နေတာ ။


ဘဘ ရုပ်သေး ကတော့ ပရိသတ် တွေ အုံခဲ ပြီး လာတယ် ။ ရုပ်သေး က တာ ကို မမြင်ဖူးတဲ့ သူတွေ များတယ် ။ အဲဒါ ၁၉၈၉ ခု ထဲ မှာ ။


နောက်ရက် ကျ ဘဘ ကို ရုပ်သေး ထောင်ဖို့ ကျွန်မ က ပြောတယ် ။ သူ က မဖြစ်နိုင်ဘူး ထင် နေတာပေါ့ ။ ဆရာမ နိုင်ရည်မာ က လည်း ရုပ်သေး ထောင်ရင် သူ လည်း ပါမယ် ပြောတယ် ။ သူ့ အစ်ကို တစ်ယောက် ကလည်း ပါမယ် ပြောတယ် ။ ဒါနဲ့ သုံးဦး စပ်ကြတယ် ။


ရုပ်သေးပညာရှင်ကြီးတွေဖြစ်တဲ့ ဘဘဦးပန်းအေး ရယ် ၊ ဦးမြသွင် ရယ် ၊ ဦးဆယ် ရယ် ကို စာချုပ်တယ် ။ သုံးလပြတ် လစာ သတ်မှတ် ပိုက်ဆံ ပေးတယ် ။ ကရ ကရ ၊ မကရ မကရ အဘ တို့ ကို ပေးမယ်ပေါ့ ။


ရုပ်သေးပွဲ စ တဲ့ ည မှာ နိုင်ငံခြားသားဧည့်သည် နှစ်ဖွဲ့ လာတယ် ။ Tour guide ( ဧည့်လမ်းညွှန် ) တွေ ဖြစ်တဲ့ ဒေါ်ညွန့်ညွန့် နဲ့ ဒေါ်မြမြအောင် တို့ က ဧည့်သည်တွေ ခေါ်ချ လာတယ် ။ Good luck ဖြစ်သွားတာပေါ့ ။ သူတို့ က နိုင်ငံခြားဧည့်သည်တွေ ညစာ စား ပြီးရင် ဘာမှ ကြည့်စရာ လည်စရာ မရှိဘူး ။ ရုပ်သေးပွဲ က ရင် အဆင် ပြေလိမ့်မယ် ပြောထားတာ ။ ဒါပေမယ့် နောက်ရက်ကျ ဧည့်သည် မလာဘူး ။ ဧည့်လမ်းညွန်တွေ ကို သူတို့ ဆရာကြီး က ပြဿနာ ရှုပ်လိမ့်မယ် ၊ မပို့နဲ့ တားလို့ တဲ့ ။


ဒါနဲ့ ကျွန်မ နဲ့ ဒေါ်နိုင်ရည်မာ တို့ တိုးရစ်တွေ လာတတ်တဲ့ မန္တလေး တောင် တို့ ၊ ဘိုးဘိုးကြီး နတ်နန်း တို့ သွားကြတယ် ။ ဧည့်သည် တွေ့ရင် leaflet. ( လက်ကမ်းစာစောင် ) လေးတွေ ပေးပြီး ည မှာ ရုပ်သေးပွဲ လာ ကြည့်လှည့်ပါလို့ ဖိတ်ခေါ်တယ် ။


Foreigner ( နိုင်ငံခြားသား ) တွေ က ကျွန်မတို့ ကို misunderstanding ( အထင်အမြင် လွဲမှားမှု ) ဖြစ်တာပေါ့ ။ ညဘက် ၈း၃ဝ နာရီ လည်း ဖိတ်တယ် ။ FOC ( Free of charge ) အခမဲ့ လည်း ဖြစ်တယ် ။ လာ ဖိတ်တာ က လည်း မိန်း ကလေးငယ်ငယ် ၊ အရွယ်ကောင်းလေးတွေ ၊ သူတို့ သံသယ ဖြစ်တာ ကျွန်မ တို့ က မသိဘူး ။ ရုပ်သေးပွဲ ကဖို့ ၊ ပြဖို့ ပဲ အားသန် နေတာပေါ့ ။


အချို့လည်း အိုကေ ဆိုပြီး ရောက်လာတယ် ။ ရောက်လာတော့ တကယ်ပဲ ရုပ်သေး ကပြ နေတာ တွေ့သွားတယ် ။ ကပွဲ ပြီးတော့ မင်းတို့ ဘာဖြစ်လို့ ပိုက်ဆံ မယူဘဲ ကပြတာလဲ မေးတယ် ။ “ ကျွန်မတို့ က ရုပ်သေးပညာရှင်တွေ ကို သုံးလစာ ပိုက်ဆံ ပေးထားပြီးသား ၊ ငွေရေးကြေးရေး အရ ထပ် ရှုံးဖို့ မရှိဘူး ၊ ဘယ်သူမှ လာ မကြည့်ရင် တော့ တို့ ဆုံးရှုံးတယ် ၊ တစ်ယောက် လာ ကြည့်တယ် ၊ မင်း ပြန်သွား တဲ့ အခါ မန္တလေး ဘယ်နေရာ မှာ ရုပ်သေးပွဲ ရှိတယ်လို့ လမ်းညွှန် ပြလိုက် ရင် အဲဒါ ငါတို့ အတွက် အမြတ် ပဲ ၊ လာ ကြည့်ပြီး တစ်ဆင့် စကား တစ်ဆင့် နား သတင်း ဖြန့် ပေးရင် တို့ မြတ်တာပဲ ” လို့ ရှင်းပြ လိုက်တယ် ။


တစ်ယောက်တည်း ပဲ ကြည့်မယ့် သူ ရှိ လည်း ကျွန်မတို့ က ပျော်ပျော်ကြီး ကပြတယ် ။ တစ်ယောက်တည်း လာတဲ့ ဧည့်သည် က လည်း guide book ( ဧည့်လမ်းညွှန် စာအုပ် ) ရေးတဲ့ သူတို့ ၊ journalist ( သတင်းစာဆရာ ) တို့ ဖြစ်ချင် ဖြစ် နေတတ်တယ် ။ သည်လိုနဲ့ တဖြည်းဖြည်း လူသိ များလာတာပေါ့ ။ တစ်ယောက် မှ မလာသေး လည်း ကျွန်မတို့ က စိတ်ရှည်လက်ရှည် စောင့်တယ် ။ ကျွန်မတို့ က ခေါင်းမာတယ်ပေါ့ ။ သည်လိုနဲ့ ပဲ အောင်မြင်လာတာပါ ။


ဘဘတို့ နဲ့ လက်ပွန်းတတီး နေရင်း တစ်ဖက် မှာ ရုပ်သေးပညာ ကို ကျွန်မ သင်ယူတယ် ။ ဘဘတို့ ပညာရှင်ကြီးတွေ က လည်း စေတနာ ကြီးကြပါတယ် ။ မခြွင်းမချန် သင်ပြ ပေးတယ် ။


နိုင်ငံခြား ကို ရုပ်သေးပညာ နဲ့ ပထမဆုံး သွားခဲ့တာက ရတနာကုန်သည် စာရေးဆရာမ ပတ္တမြားမိုမို တို့ နဲ့ ပါ ။ စင်ကာပူ ကို သမဝါယမ ကျောက်မျက် ရတနာပြပွဲအဖွဲ့ နဲ့ အတူ ရုပ်သေးပွဲ စ ပါသွားတာ ။ နောက် ၁၉၉၈ ခုနှစ် မှာ theatre art ဆိုပြီး စင်ကာပူ က ဖိတ်ခေါ်လို့ စင်ကာပူ မှာ ရုပ်သေးပညာ ဖလှယ်ပွဲ ထပ် သွားရတယ် ။ အရှေ့တောင်အာရှနိုင်ငံတွေ က ရုပ်သေး ပညာရှင်တွေ လာ ကြတယ် ။ တစ်လ တိတိ ကြာခဲ့တယ် ။


ရုပ်သေးအဖွဲ့ကြီး တစ်ဖွဲ့လုံး အနေ နဲ့ ကျတော့ ဥရောပ ကို စ ထွက်ကြ ရတယ် ။ ဒေါ်နိုင်ရည်မာ ရဲ့ ကြိုးပမ်းချက် နဲ့ ဟော်လန် ၊ ပြင်သစ် ၊ ရှာလီဗီး ကမ္ဘာ့ရုပ်သေးပွဲတော် သွားရတယ် ။ အဲသည် ပွဲတော် က ပြန်လာ ၊ ရန်ကုန် မှာ တစ်ည ပဲ အိပ်ပြီး အမေရိကန် ပြည်ထောင်စု ကို သွားရ ပြန်တယ် ။


ယခု ဆိုရင် ဖင်လန် ၊ မော်ရိုကို ၊ ဆွစ်ဇာလန် ၊ စပိန် ၊ ဂျာမနီ ၊ တရုတ် ( တိုင်ပေ ) ၊ ဂျပန် စတဲ့ နိုင်ငံတွေ တော်တော်များများ ကို ရုပ်သေးအဖွဲ့ကြီး နဲ့ သွားပြီး ကပြခဲ့ပြီးပါပြီ ။ ပြည်ပနိုင်ငံတွေ ကို သွားပြီး ကပြတဲ့ အခါ မြန်မာ့ရုပ်သေး ကို လေးလေးစားစား တန်ဖိုး ထားပြီး ကြည့်ကြတယ် ။ နှစ်သက် သဘောကျကြ တယ် ။ မြန်မာနိုင်ငံသားတွေ ကို လည်း ရုပ်သေးပွဲ ကြည့်ကြရစေချင်တယ် ။ ပြည်တွင်း မှာ ရုပ်သေး ကပြနိုင်ဖို့ ကျွန်မတို့ ပြန် ကြိုးစားတယ် ။


ပထမဆုံး ကခွင့် ရတာက မလိုင် ရွှေပေါ်ကျွန်း မှာ တစ်ပတ်တိတိ ကတယ် ။ နောက် မန္တလေးကျုံးကြီး ပြန် တူးဖော်ပြီးတော့ ပွဲ သုံးည ကတယ် ။ နောက်ပိုင်းမှာ စစ်ကိုင်း ကောင်းမှုတော် ဘုရားပွဲ ၊ ကျောက်တော်ကြီး ဘုရားပွဲတွေ ကရတယ် ။ သာစည် နယ် က လည်း လာ ငှားတယ် ။ ကောင်းမှုတော် ပွဲ ကတော့ နှစ်စဉ် နှစ်ဆက် ရုပ်သေးပွဲ ထည့်မှာ တဲ့ ။ ကျွန်မတို့ ဘုရားပွဲ သွားတာ ငွေကြေး အရ မမြတ်စွန်း ပါဘူး ။ ဒါပေမဲ့ လူငယ်တွေ မက်မက်မောမော ကြည့်ကြလို့ ကျေနပ်တယ် ။ ကောင်းမှုတော်ဘုရားပွဲ မှာ ကျွန်မတို့ ရုပ်သေး က နေတာ ကို theatre art က ဒါရိုက်တာ မစ္စတာ အောင်ကင်စင် ( Mr.Ong Keng Seng ) က မှတ်တမ်းရုပ်ရှင် ရိုက်တယ် ။ မဲခေါင်ဒေသ ရုပ်သေးများမှတ်တမ်း အဖြစ် မှတ်တမ်းတင် ထားတယ် ။ ဂျပန် NHK က လည်း လာရိုက်တယ် ။ ကျွန်မ က တော့ ဝမ်းသာပါတယ် ။


◽ကျော်ရင်မြင့်

📝 ဘဝဇာတ်ခုံ အဖုံဖုံ


No comments:

Post a Comment