❝ မြင်းခွာရွက် ❞
( ပုံပြင် )
တစ်ခါတုန်းက ဘုရင့်သားတော် တစ်ပါး ဟာ တက္ကသိုလ်ပြည် မှာ ပညာသင်ပြီး ပညာ စုံလင်စွာ တတ်မြောက်လို့ မိဘ ရပ် ထံ ပြန်လာခဲ့ သတဲ့ ။ အပြန် လမ်း ခရီး မှာ နဂါး တစ်ကောင် ကို ဂဠုန်ငှက် တစ်ကောင် က ထိုးသုတ်တာ မြင်လို့ ဂဠုန်ငှက် ကို လေးနဲ့ပစ်သ,တ်ပြီး နဂါး ကို ကယ် လိုက်သတဲ့ ။ နဂါးကြီး လည်း သူ့ အသက်သခင် ကို ကျေးဇူးတင်လွန်းလို့ မာဂဓစကား ကို သင် ပေးလိုက်တယ် ။ မာဂဓစကား တတ်ရင် တိရစ္ဆာန်တွေ အားလုံး ရဲ့ ဘာသာစကား ကို နားလည် သတဲ့ ။
“ အသက်သခင် မို့ လို့ မာဂဓစကား ကို သင်ပေး လိုက်ပေမယ့် ဘယ်သူ့ကို မှ ပြောမပြရ ဘူး ၊ ပြောပြတာ နဲ့ တစ်ပြိုင်နက် အသင် မင်းသား ကို အကျွန်ုပ် ကိုယ်တိုင် သ,တ်ပစ်လိုက်ရလိမ့် မယ် ” လို့ နဂါးမင်း က သတိပေး လိုက် သတဲ့ ။
မင်းသား လည်း ခရီး ဆက်လက် လာခဲ့တဲ့ အခါမှာ ညောင်ပင်ကြီး တစ်ပင် အောက် ရောက်တော့ မိုးချုပ်တာ နဲ့ ဒီ ည တော့ ညောင်ပင် အောက် မှာပဲ အိပ်တော့မယ် ဆိုပြီး အိပ်ရန် နေရာ ပြင်ဆင်တယ် ။ ဒီ အချိန် မှာ ငှက်တွေ ကလည်း အိပ်တန်း တက်ချိန် ရောက်လို့ နေရာ လုကြ ၊ ငြင်းခုံကြ ၊ ရန်ဖြစ်ကြ နဲ့ ဆူညံ နေတာပဲတဲ့ ။ ဒီ အထဲ မှာ ဆရက်သံ ဟာ အဆူညံဆုံး ပဲ တဲ့ ။ မင်းသား က တိရစ္ဆာန်စကား နားလည်လို့ ငှက်တွေ ပြောသမျှ အကုန်လုံး နားလည်တယ် ။
“ နင် က ငါ့ နေရာ ကို ဘာဖြစ်လို့ ဝင် နားနေရတာလဲဟဲ့ ၊ ငါ က ငွေတောင် မှာ စားတဲ့ အကောင်ဟဲ့ ”
“ အောင်မာ ၊ နင် က ငွေတောင် မှာ စားတာကိုများ အကြီးအကျယ် မှတ်လို့ ၊ ငါ က ရွှေ တောင် မှာ စားလာတာဟဲ့ ၊ ငါ အိပ်ချင်တဲ့ နေရာမှာ ဝင် အိပ်မယ် ”
“ တော်ကြပါတော့ဟယ် ၊ ငါ က ပတ္တမြားတောင် မှာ စားလာခဲ့တဲ့ အကောင် ဆိုတော့ နင်တို့ ငါ ပြောတာ နားထောင်ကြ ၊ နင် က ဒီမှာ အိပ် ၊ သူ က ဟိုနားမှာ အိပ် ၊ ငါ က ဒီဘက် နား မှာ အိပ်မယ် ”
ဒီလို တစ်ကောင် နဲ့ တစ်ကောင် ငြင်းခုံကြ ၊ စကားများကြတာ ကို မင်းသား က အကုန်လုံး နားလည်တော့ ည မအိပ်ဘဲ စောင့်နေ သတဲ့ ။ ည ကျတော့ ငွေတောင် မှာ စားလာခဲ့တဲ့ ငှက် ကလည်း ငွေချေး ယို ၊ ရွှေတောင် မှာ စားလာခဲ့တဲ့ ငှက် ကလည်း ရွှေချေး ယို ၊ ပတ္တမြားတောင် မှာ စားလာခဲ့တဲ့ ငှက် ကလည်း ပတ္တမြားချေး ယို လိုက်ကြတာ ညောင်ပင် အောက် မှာ ဝင်းဝင်းထိန် နေတာပဲတဲ့ ။ မင်းသား ဟာ ငှက်ချေးတွေ ကို အကုန်လုံး ကောက်ယူပြီး ထုပ်သိမ်း ထားလိုက် တယ် ။ မနက်ကျလို့ ဖွင့်ကြည့် လိုက်တော့ အဖိုးတန် တဲ့ ရတနာတွေ ချည်းပဲတဲ့ ။
မင်းသား ရဲ့တိုင်းပြည် က အဝေးကြီး ကျန်သေးတော့ ခရီးဆက် လာခဲ့တယ် ။ လမ်း မှာ အခြား တိုင်းပြည် တစ်ပြည် ရောက်တော့ ပါလာတဲ့ ရတနာတွေ ကို ဘုရင့် ထံ ဆက်သပြီး ဘုရင့် သမီးတော် နဲ့ လက်ဆက်ခွင့် တောင်းသတဲ့ ။ ဘုရင် လည်း မင်းသား ကို သဘောကျ ပြီးသမီးတော် နဲ့ လက်ဆက် ပေး လိုက်တယ် ။ ကျန်တဲ့ ရတနာ နဲ့ အင်မတန် လှပ ကျက်သရေ ရှိတဲ့ မြင်းတစ်ကောင် ကို ဝယ်ပြီး မင်းသမီး နဲ့ မင်းသား တို့ ဟာ ခရီး ထွက်လာခဲ့ကြတယ် ။ ကြံခင်း တစ်ခု ကို ရောက်တော့ ခရီးပန်းတာ နဲ့ အမောဖြေရင်း ကြံချိုး စားကြသတဲ့ ။
မင်းသား က တော့ ကြံဖတ် ကို အရည် မကုန်ခင် ထွေးပစ်လေ့ ရှိတယ် ။ မင်းသမီးက တော့ ကြံဖတ် ဝါးလို့ အချိုရည် ကုန်တော့ မှ ထွေးပစ် သတဲ့ ။ ဒီတော့ မင်းသမီး နဲ့ မင်းသား တို့ ရဲ့ ထွေးပစ်တဲ့ ကြံဖတ် ကို ဝိုင်းအုံ စားကြတဲ့ ပုရွက်ဆိတ်တွေ က “ မိန်းမ ဆိုတဲ့ အမျိုး ဟာ တကယ် ကပ်စေးနဲတယ်ကွာ ၊ ကြံဖတ် ဝါးတာ တောင် မှ အချိုရည် ကုန်အောင် ဝါးတယ် ၊ တို့ စားဖို့ မချန် ဘူး ” လို့ စကားတင်း ဆိုကြတယ် ၊ ပုရွက်ဆိတ်တွေ ရဲ့စကား ကို ကြားတော့ မင်းသား က အမှတ်တမဲ့ ရယ်လိုက် သတဲ့ ။
“ မောင်တော် ၊ဘာကို ရယ်တာလဲ ၊ နှမတော် ကို လှောင်တာ မဟုတ်လား ” လို့ မင်းသမီး က မျက်စောင်း ထိုး ပြီး မေးသတဲ့ ။
“ မဟုတ်ပါဘူး နှမတော် ၊ မောင်တော် ရယ်စရာ တစ်ခု တွေးမိလို့ ရယ်မိတာပါ ” လို့ ပြန် ပြောပေမယ့် မင်းသမီး က မကျေနပ်နိုင်ဘဲ အတင်း မရမက မေးပြန် သတဲ့ ။
“ နှမတော်ရယ် ၊ ဒီ အကြောင်း ကို မပြောပါရစေနဲ့ ၊ မောင်တော် သေရပါလိမ့်မယ် ”
မင်းသား က အကြိမ်ကြိမ် ငြင်းသော်လည်း မင်းသမီး က အကြိမ်ကြိမ် မရမက မေး တော့ ပုရွက်ဆိတ်တွေ ပြောတဲ့ စကား ကို ပြန် ပြောပြလိုက်မိ သတဲ့ ။
ဒီတော့ နဂါးကြီး ဟာ လည်း သူ သတိပေးတဲ့ အတိုင်း နားမထောင်တဲ့ အတွက် မင်းသား ကို သ,တ်ရန် လာခဲ့တယ် ။ မင်းသား နဲ့ မင်းသမီး လည်း မြင်း စီးပြီး ထွက်ပြေးကြရတော့ တာပေါ့ ။ မြင်းကြီး ဟာ သူ့ သခင် ကို အင်မတန် ချစ်မြတ်နိုးတော့ နဂါး ရန် က လွတ်အောင် မိုးပေါ် ပျံတက် ပြီး ပြေး သတဲ့ ။ နဂါး က ပျံတက်ပြီး မလိုက်နိုင်တော့ နဂါးပတ်ကျော့ကွင်း နဲ့ ပစ်ချလိုက် တာ ကံကောင်း လို့ မြင်းခွာ ကို သာ ထိ သတဲ့ ။
“ သခင် ၊ ကျော့ကွင်း မိတဲ့ ခွာ ကို သံလျက်တော် နဲ့ ဖြတ်ချလိုက်ပါ ” လို့ မြင်း က သူ့ သခင် ကို ပြောတော့ မင်းသား လည်း လက်စွဲတော် သံလျက် နဲ့ ကျော့ကွင်း မိတဲ့ ခွာ ကို ဖြတ်ချလိုက် တော့မှ ကျော့ကွင်း လွတ်သွားပြီး မင်းသား ရဲ့တိုင်းပြည် ကို ရောက်အောင် ထွက်ပြေး သွားနိုင် တော့တယ် ။
သံလျက် နဲ့ ဖြတ်ချခံရတဲ့ မြင်းခွာ ဟာ မြေပေါ် ရောက်တော့ နဂါးရန် က လွတ်အောင် မြင်းခွာပင် သဏ္ဌာန် ပြောင်း လိုက်တယ် ။ ပြီးတော့ တစ်နေ့ သူ့ သခင် ရှိရာ ရောက်နိုးနိုး နဲ့ သခင် ရှိရာ အရပ် ကို မှန်းဆပြီး တွားသွား နေ သတဲ့ ။
⎕ စိန်မြဝင်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ ဩဂုတ်
.
No comments:
Post a Comment