Sunday, January 12, 2025

ဗုဒ္ဓခြေတော်ရာကျောင်း


 

❝ ဗုဒ္ဓခြေတော်ရာကျောင်း ❞

[ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကို ‘ နယ်နိမိတ်တို့ မြို့တော် ၊ အရှေ့ဖျား က ဧဒင်ဥယျာဉ် ’ စတဲ့ ခေါ်ဝေါ်တင်စားမှု ပြုကြတယ် ။ အပျော်အပါး လိုက်စား စရာတွေ ဖောချင်းသောချင်း များတဲ့ နေရာပါ ။

အေအိုင်ဒီအက်စ် ၊ ဆားစ် ၊ ကြက်ငှက်တုပ်ကွေးရောဂါများ ဆိုင်ရာ သတင်းစာပညာ လေ့လာဖို့ ဘန်ကောက် ကို ရောက်ခဲ့ပါတယ် ။ ကျွန်တော်တို့ တည်းခို ရတဲ့ ချူလာလောင်ကွန် တက္ကသိုလ် နဲ့ ဘန်ကောက်မြို့ ရဲ့ နာမည်ကြီး ပက်ပုန်း က လမ်းလျှောက် သွားလို့ ရအောင် နီးတယ် ။ အင်ဒိုချိုင်းနားဒေသ ငါးနိုင်ငံ က ဂျာနယ်လစ်တွေ ကို ဖိတ်ခေါ်တဲ့ အိုင်အမ်အမ်အက်ဖ် စီမံကိန်းညွှန်ကြားရေးမှူး ဆာရာ က မအေကြီး လို ပါပဲ ။ ကျွန်တော်တို့ ရောက်တဲ့ နေ့ မှာ ပဲ မင်းတို့ ပက်ပုန်း သွားရင် အရေခွံ အခွာ ခံရလိမ့်မယ် ။ စပယ်ရှယ် ရှိုး ကြည့်ဖို့ ဆိုပြီး အပေါ် ထပ် တက်သွား မိရင်တော့ မင်းတို့ အမဲဖမ်း ခံရမှာ မလွဲပဲ ။ Safuri , Queen's Castle , King's Castle , Firecat , Sawadee , Supergirls ဆိုတဲ့ နေရာ တွေ ကို မင်း သွားရင်တော့ အထူး သတိထားပါ ။ ဘယ်သော အခါမျှ တစ်ကိုယ်တော် သွား မကဲ နဲ့ ၊ အုပ်စုကလေး နဲ့ သွားပါ ။ တစ်ယောက် ကို တစ်ယောက် စောင့်ရှောက်ကြပါလို့ အမှာစကား ပြောတယ် ။

မအေကြီး စကား နားထောင်သော အားဖြင့် အုပ်စုကလေး နဲ့ သွားပါတယ် ။ နတ်ဘုံနတ်နန်း ပါပဲ ။ နိုင်ငံခြားသားဧည့်သည်တွေ လည်း ပက်ပုန်း ညချမ်း မှာ ပခုံးချင်းတိုက်အောင် စည်ပေါ့ ။ ညဈေးတန်း ဆိုင်တန်း ကလည်း တိုး မပေါက်ဘူး ။ သူတို့ အခေါ် ရေအငါးဖမ်းတယ် ဆိုတာ လည်း မြင်ခဲ့ရ ။ မှန်ပေါင်းချောင် ထဲ မှာ လမ်း သလားရင်း ဟန်ရေးပြ နေကြတဲ့ ဘီကီနီဝတ် မချောတွေ ကို သူတို့ ကိုယ် မှာ တပ်ထားတဲ့ နံပါတ်တံဆိပ် ညွှန်းပြီး ခေါ်ယူတာ ကို ရေအငါးဖမ်းတာ ပါတဲ့ ။ ကော်ဖီ ၊ ဘီယာ ၊ ကိုကာကိုလာ မှာသောက်ရင်း ရှုစားလို့ ရွေးချယ်လို့ ရတယ် ။ တစ်နေရာ မကြိုက်လို့ တစ်နေရာ ကူး ရင် လည်း လမ်းပေါ် မှာ ရွှေကြို တွေ က အပြည့် ။

ပက်ပုန်း သာ မက နာနာ ၊ ဆွိုင်ကောင်းဘွိုင် ၊ ချိုဆန် ၊ ဆွိုင် ၃၃ စတဲ့ ညချမ်းချိန်ခါ ပျော်စရာ နေရာတွေ လည်း ဘန်ကောက် မှာ အများကြီး ရှိသေးတယ် ။

ထိုင်းရိုးရာ အနှိပ်ခန်း ဆိုတာကို တက်သွား မိတော့ မိန်းမချောလေးတွေ မှန်ခန်း ထဲ မှာ တန်းစီ ထိုင်နေကြတာ ဓာတ်တိုင် လျှပ်စစ်မီးကြိုးပေါ် မှာ ငှက်ကလေးတွေ နားနေကြတဲ့ အတိုင်းပါပဲ ။ နံပါတ်တံဆိပ် နဲ့ ပဲ ခေါ်ထုတ်ယုံပဲ ။ ဧည့်ကြို အမျိုးသမီး က “ အနှိပ် ခံချင်ရင် ဘတ် ၃၀၀ ၊ ဘတ် ၁၇ဝဝ ဆိုရင် အဲဗရီးသင်း ” လို့ ဧည့်သည် ကို ပြောတာလည်း ကြားခဲ့ရတယ် ။

ဟိုတယ်ခန်းတွေ မှာ “ ညချမ်းခါ ဘာလုပ်ရမှာလဲ ” ဆိုတဲ့ အပတ်စဉ်ထုတ် စာအုပ်လေးတွေ ပလူပျံ နေတယ် ။ စာအုပ် ထဲ မှာ First Class Massage , Cara Tradtional Massage , Magic Fingers စတဲ့ ကြော်ငြာတွေ ပါတယ် ။ ခုပဲ ခေါ်လိုက်နော် ဆိုတဲ့ ဖုန်းနံပါတ် နဲ့ မင့် အခန်း မှာ တာဝန် ထမ်းမှာပါ ဆိုတာ မျိုးလည်း ရေးထားတယ် ။

ထိုင်းနိုင်ငံ မှာ ပျော်ပါးစရာတွေ စုံလင်ပြီး အားလုံး ဟာ လက် တစ်ကမ်း မှာ အလွယ်တကူ ရှိနေပါတယ် ။

အခြား တစ်ဘက် မှာ တော့ ထိုင်းနိုင်ငံ မှာ လူ တစ်သန်းကျော် ဟာ အိတ်ချ်အိုင်ဗီ ရောဂါပိုး ကူးစက် ခံထားရတယ် ။ နေ့စဉ်နေ့တိုင်း လူ ၅ဝဝ ခန့် ဟာ အိတ်ခ်ျအိုင်ဗီပိုး ကူးစက် ခံ နေရတယ် ။ နာရီတိုင်း နာရီတိုင်း မှာ ထိုင်းလူမျိုး ကိုးယောက် အေအိုင်ဒီအက်စ် နဲ့ ဆက်စပ်တဲ့ ရောဂါနဲ့ သေဆုံး နေကြရတယ် လို့ စာရင်းတွေ က ဆိုတယ် ။

ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၁၂၀ အကွာ မှာ ဖရာဘတ်နမ်ပူဘုန်းကြီးကျောင်း ရှိတယ် ။ ဖရာဘတ်နမ်ပူ ဆိုတာ ထိုင်းဘာသာ နဲ့ ဗုဒ္ဓခြေတော်ရာ လို့ ဆိုလိုပါတယ် ။ ထိုင်း ဘုန်းတော်ကြီး ဆရာတော် ဒေါက်တာ အလောင်ကော့ ဒီပခန်ညို ၊ ယခု သက်တော် ( ၅၀ နှစ် ) က အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ နားခိုစရာ နေရာ အဖြစ် ဆေးရုံ နဲ့ ရိပ်သာ ဖွင့်ထားတယ် ။ ဆေးရုံ က ကုတင် ၄ဝဝ ဆန့် ဆေးရုံ ။ လူ တစ်သောင်း လောက် က သည်မှာ လာ နေခွင့် ရဖို့ စောင့်ဆိုင်း နေကြတယ် ။

တောရိပ်တောင်ရိပ်တွေ နဲ့ ဗုဒ္ဓခြေတော်ရာကျောင်း က နေချင့်စဖွယ် ပါ ။ ကျောင်း အဝင် မှာ “ လူ့ဘဝပြတိုက် ” ရှိတယ် ။ ကလေးနှစ်ယောက် အပါအဝင် အေအိုင်ဒီအက်စ် ရောဂါ နဲ့ ဆုံးပါးရှာသူ ဆယ်သုံးဦး ရဲ့ အလာင်းကောင်တွေ ကို ( ကွယ်လွန်သူတွေ ရဲ့ ဆန္ဒအရ ) ခင်းကျင်းပြသ ထားတယ် ။

တစ်နေရာ မှာ တော့ ချောမောလှပတဲ့ မိန်းမငယ်ကလေး တစ်ယောက် ရဲ့ ကိုယ် တစ်ပိုင်း ဓာတ်ပုံ ၊ ကိုယ်ရေးသမိုင်း ချိတ်ဆွဲ ထားတဲ့ စင်ပေါ် မှာ အလောင်းကောင် တစ်ခု ခြောက်သွေ့ နေတယ် ။ စာတွေ က ထိုင်းဘာသာ နဲ့ ဖြစ်နေလို့ အတူ ပါလာတဲ့ ဘန်ကောက်ပို့စ်သတင်းထောက် မစ္စအပီရာဒီး ကို ဘာသာပြန် ခိုင်း တော့ မိန်းကလေး က အသက် ၂၈ နှစ် ၊ တစ်ချိန်က အပျော်မယ် တဲ့ ။ စွဲမက်ဖွယ် ချောမော လှပတဲ့ မိန်းမငယ် ကို အေအိုင်ဒီအက်စ် နဲ့ ပေါင်းစပ် လိုက်တဲ့ အခါ စက်ဆုပ်ဖွယ်အလောင်းကောင် ဖြစ်သွားတာ ကို တရားပြ နေတယ် ။

ဗုဒ္ဓခြေတော်ရာကျောင်း တည်ထောင်ခဲ့တဲ့ ဆရာတော် ဒေါက်တာ အလောင်ကော့ ဒီခပန်ညို ကို ဧည့်ဆောင် မှာ ကျွန်တော် ဖူးတွေ့ခွင့် ရတယ် ။ ဆရာတော် က သူ့ ဘဝ အတွေ့အကြုံ နဲ့ ယှဉ်ပြီး ထိုင်းနိုင်ငံ က အေအိုင်ဒီအက်စ် ပြဿနာ ကို ပြောပြတယ် ။ ]

••••• ••••• •••••

ဘုန်းကြီး ရဲ့ အလုပ် က အေအိုင်ဒီအက်စ် ရောဂါသည် တွေ ကို အတတ်နိုင်ဆုံး နာကျင်မှု ဝေဒနာ ခံစားရတာ နည်းနည်း နဲ့ ဘဝကူး နိုင်အောင် ကူညီဖို့ပဲ ။ တချို့ လူတွေ ကတော့ ပြောကြာတာပေါ့ ၊ ဘုန်းကြီး လုပ်နေတဲ့ အလုပ် က အချည်းနှီး အလဟဿ ပဲ ၊ ဒီ လူနာတွေ ဟာ တစ်နည်းနည်း နဲ့ တော့ သေမှာ သေချာ နေတာတဲ့ ။ ဘုန်းကြီး ရဲ့ အဖြေ က တော့ တစ်နေ့ မှာ တော့ တို့ အားလုံးဟာ မလွဲမသွေ သေကြရမှာပါပဲ ၊ ဝေဒနာ ခံစား နေရသူတွေ ကို ကြင်နာသနားမှု ပေးသင့် ပါတယ် ။ တကယ်လို့ တို့ မျက်နှာ လွှဲ နေကြမယ် ဆိုရင် ကိုယ့် ကိုယ် ကို လူ ရယ်လို့ ခေါ်ထိုက် သေးရဲ့လား ။

ဘုန်းကြီးတို့ ရဲ့ ဗုဒ္ဓခြေတော်ရာကျောင်း က ရိပ်သာ ထဲ မှာ အိတ်ခ်ျအိုင်ဗီ ၊ အေအိုင်ဒီအက်စ် ဝေဒနာသည် ၅ဝဝ လောက် လက်ခံ ထားတယ် ။ လူ တစ်သောင်း လောက် က လာ နေချင်လို့ စာရင်း သွင်းပြီး စောင့်ဆိုင်း နေကြတယ် ။ ဘုန်းကြီး တို့ မှာ နေရာ အခက်အခဲ ရှိတယ် ။ အချို့ မိသားစုတွေ က လူနာတွေ ကို ညသန်းခေါင် မှာ ကျောင်းဂိတ်ပေါက်ဝ ကို လာ ပစ်ချ သွားတယ် ။

ဘုန်းကြီးတို့ မှာ ခုတင် ၄ဝဝ ဆန့် ဆေးရုံ တစ်ခု ရှိတယ် ။ သေအံ့မူးမူး လူနာတွေ ကို ထားဖို့ ၃၆ ခုတင် ရှိတယ် ။ လူနာတွေ နေဖို့ ရိပ်သာ လည်း ဖွင့်ထားတယ် ။ ဒီ ကနေ့ ကုတင် ၄ဝဝ ဆန့် တဲ့ ဆေးရုံ ကို ကုတင် ရှစ်လုံး သာ ဆန့်တဲ့ နာတာရှည် ဆေးရုံကလေး နဲ့ စ ခဲ့ရတာပေါ့ ။

ဘုန်းကြီး ရဲ့ အတ္ထုပ္ပတ္တိ ကို ပြန် ပြောရရင် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း က နောင်ခိုင်မြို့ မှာ ၁၉၅၅ ခုနှစ် က မွေးဖွား ပါတယ် ။ ဘန်ကောက် မှာ ပညာ သင်ယူပြီး ကာဆက်ဆတ် တက္ကသိုလ် က အင်ဂျင်နီယာ ( ဘီအီး ) ဘွဲ့ ရတယ် ။ ၁၉၇၉ ခုနှစ်မှာ ဩစတြေးလျ ကို ပညာသင် သွားပြီး ဩစတြေးလျ အမျိုးသား တက္ကသိုလ် က အင်ဂျင်နီယာ မဟာ ( ဘီအီး ) ဘွဲ့ ရတယ် ။ ၁၉၇၉ ခုနှစ် မှာ ဩစတြေးလျ အမျိုးသား တက္ကသိုလ် က အင်ဂျင်နီယာမဟာဘွဲ့ ( အမ်အီး ) ရတယ် ။

၁၉၈၄ ခုမှာ ထိုင်းနိုင်ငံ ကို ပြန်လာခဲ့ပြီး စိုက်ပျိုးရေး နဲ့ သမဝါယမ ဝန်ကြီးဌာန မှာ အလုပ် ဝင် လုပ်တယ် ။ ဘုန်းကြီး ရဲ့ ရည်မှန်းချက် က စွန့်ပစ်လိုက်တဲ့ အမှိုက်သရိုက် တွေ ကို ရီဆိုက်ကယ် ( ပြန် သုံးနိုင်အောင် ပြုပြင် ဖန်တီးတဲ့ ) စီမံကိန်းကြီး တစ်ခု လုပ်ဖို့ပါပဲ ။ ဒါပေမဲ့ ဘုန်းကြီး ရဲ့ဘဝ က တစ်ဆစ်ချိုး ပြောင်းသွားခဲ့တယ် ။

ထိုင်းနိုင်ငံ မှာ ဗုဒ္ဓဘာသာဝင် အမျိုးသား အမှုထမ်းတွေ မှာ ဘာသာရေးခွင့် သုံးလ ခံစားခွင့် ရှိတယ် ။ ဆွေမျိုး တစ်ယောက် က တိုက်တွန်းတာ နဲ့ ဘုန်းကြီး လည်း ခွင့်ယူပြီး ပဉ္ဇင်း တက်ခဲ့တယ် ။ ရဟန်းတော် ဘဝ မှာ စာပေကျမ်းဂန် တွေ ကို လေ့လာ ဖတ်ရှု ကြည့် တော့ စိတ်အေး ချမ်းသာစေတဲ့ နည်းလမ်းတွေ ကို တွေ့လာတယ် ။ ခွင့် သုံးလ ကုန်ချိန် မှာ လူ မထွက်တော့ဘဲ အစိုးရဝန်ထမ်း အလုပ် က ထွက်လိုက်ပါတယ် ။

ထိုင်းနိုင်ငံ က ရွှေ့ပြောင်း သွားလာ နေထိုင်ရင်း ဘန်ကောက်မြို့ မြောက်ဘက် လော့ဘူရီမြို့ အနီး က ဗုဒ္ဓခြေတော်ရာကျောင်း မှာ နေထိုင် သီတင်းသုံးတယ် ။ တရားထိုင် တာ ကို ဦးစားပေးပြီး သီတင်းသုံး ခဲ့တယ် ။

တစ်နေ့ မှာ တော့ ဒေါက်တာ ပရာဝစ်ဝါစီ က အေအိုင်ဒီအက်စ် ရောဂါ အကြောင်း ဟောပြောတာ ကို ဘုန်းကြီး သွားပြီး နားထောင်တယ် ။ ဆရာဝန် က အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွားပုံ ၊ ကြီးမားတဲ့ နာကျင်မှု ဝေဒနာတွေ ကို ခံစားရပြီး သေဆုံးရကြောင်း ၊ သာမန် ထိတွေ့ ရုံ နဲ့ ရောဂါ မကူးစက်နိုင်ကြောင်း ၊ လူတွေ က ရောဂါသည်တွေ ကို ကြောက်လန့်ရွံ့ရှာ လို့ လူ့ အသိုင်းအဝိုင်း က နှင်ထုတ် ထားပုံတွေ ကို ပြောပြတော့ ဘုန်းကြီး က လူနာတွေ ရှိရာ သွားပြီး အားပေး ကြည့်ရှုချင်တယ် လို့ စကား ကမ်းလှမ်း ခဲ့တယ် ။

၁၉၉၁ ခုနှစ် မှာ ဆရာတော် က ပထမဆုံး အကြိမ် အဖြစ် လူနာတွေ နဲ့ တွေ့ဆုံ စကား ပြောရတယ် ။ နောက်ပိုင်း မှာတော့ သေအံ့ဆဲဆဲ လူနာတွေ ရဲ့ လက် ကို ဆုတ်ကိုင် လို့ ၊ နဖူးဆံစ ကို ညင်သာစွာ ပွတ်သပ်ပေး လို့ ၊ လူနာ ရဲ့ ခန္ဓာကိုယ် ကို ရေပတ်တိုက် သန့်စင်ပေး လို့ ၊ အဝတ်အစား လဲလှယ်ပေး လို့ ၊ အားပေးစကား ပြော လို့ နေထိုင်ခဲ့တယ် ။

တစ်ခါက လူနာတွေ ကို နောက်မှာ လာ တွေ့ဦးမယ်နော် လို့ ဘုန်းကြီး ပြောခဲ့ပေမယ့် အရေးကြီးတဲ့ အလုပ် တစ်ခု ပေါ်လာ လို့ စကား ပျက်ခဲ့ရတယ် ။ အဲသည့် နောက်နေ့ ဆေးရုံ ကို ဘုန်းကြီး ရောက် သွားတော့ အချို့ လူနာတွေ က ကုတင်ပေါ် က ဆင်းပြီး ဒရွတ်တိုက် ရွေ့ လာကာ ဘုန်းကြီး ခြေထောက်တွေ ကို ဒူးထောက် ဖက်ပြီး တပည့်တော် တို့ ကို အရှင်ဘုရား အခြား သူတွေ လို စွန့်ပစ် သွားပြီ ထင်ခဲ့ပါတယ် ဘုရား လို့ လျှောက်ကြတယ် ။ ဘုန်းကြီး ဆေးရုံ ကို မရောက်ခဲ့တဲ့ တိုတောင်းလှတဲ့ အချိန်ကလေး မှာ လူနာ သုံးယောက် သေဆုံး ခဲ့တယ် ။ သုံးယောက်လုံး က သေခါနီး မှာ ဘုန်းကြီး ကို တမ်းတ နေခဲ့ကြတယ် တဲ့ ။

ဆေးရုံ က လူတွေ လည်း ဘုန်းကြီး ပြုစုသလို လူနာတွေ ကို ပြုစုပေးနိုင် ကြတာပါပဲ ။ ဒါပေမဲ့ သူတို့ အတွက် အဓိက လိုအပ်ချက် က ကြင်နာမှု ကရုဏာ ဖြစ်တယ် ။ ဒါမှသာ သူတို့ ဟာ သေခြင်းကို ရဲရဲ ရင်ဆိုင်နိုင်မယ် လို့ ဘုန်းကြီး သိမြင်လာတယ် ။

၁၉၉၂ ခုနှစ် က ဆေးရုံ ပေါ်မှာ သေလုနီးပါး အေအိုင်ဒီအက်စ် လူနာ တစ်ယောက် ကို ဘုန်းကြီး တွေ့ ပါတယ် ။ အဲသည် လူနာ ဟာ အညတြ ပါ ။ သူ့ မိသားစု က လည်း စွန့်ပယ်ပစ်ခဲ့ပြီ ။ သူ့ အသိုင်းအဝိုင်း က လည်း စွန့်ပယ်ပစ်ခဲ့ပြီ ။ ဘုန်းကြီး က သူ့ လက် ကို ဆုပ်ကိုင် ထားခိုက် မှာပဲ သူ ဘဝ ကူး သွားတယ် ။ ဘုန်းကြီး မှာ စဉ်းစား တွေးတောစရာ တွေက တပုံတပင် ရှိလာတာပေါ့ ။ လူ့အဖွဲ့အစည်း က စွန့်ပယ် ထားတဲ့ အေအိုင်ဒီအက်စ် လူနာတွေ အတွက် နားခိုစရာ ရိပ်သာ တစ်ခု တော့ဖြင့် လိုနေပြီ ။

၁၉၉၂ ခု စက်တင်ဘာလ မှာ ဘုန်းကြီး သီတင်းသုံး နေတဲ့ ဗုဒ္ဓခြေတော်ရာကျောင်း ကို လူနာတွေ သယ်ချ သွားတော့ သီတင်းသုံးဖော် ဘုန်းကြီးတွေ မျက်ကလူးဆန်ပြာ ဖြစ်ကုန်တာပေါ့ ။ တို့ ဘုန်းကြီးတွေ ဟာ သာသနာ ဦးဆောင်သူတွေ သာ ဖြစ်တယ် ။ လူမှုကယ်ဆယ်ရေး ဝန်ထမ်းတွေ မဟုတ်ဘူး ။ အေအိုင်ဒီအက်စ် ရောဂါသည်တွေ ကို ကြည့်ရှု ပြုစုဖို့ တို့ မှာ ဘာ တာဝန် မှ မရှိဘူး လို့ သူတို့ က အကြောက်အကန် ပြောကြတာပေါ့ ။

ဘုန်းကြီး စိတ်မဆိုးပါဘူး ။ သူတို့လည်း သည် ရောဂါဆိုးကြီး ကူးစက် ခံရမှာ ကြောက်တာပေါ့ ။ ဒါကြောင့် ရိုးရိုး ကာကွယ်မှု ယူရင် ကူးစက်မှု မရှိကြောင်း ၊ ဘယ်လို နေထိုင် မှ သာ ကူးစက်နိုင်ကြောင်း ဘုန်းကြီး ရှင်းပြတယ် ။ ဒါပေမဲ့ ပေါ့လေ သီတင်းသုံးဖော်တွေ အားလုံး ပြောင်း ပြေးကြတာပါပဲ ။

ဘုန်းကြီး အဖြစ် ကတော့ မနက် ဆွမ်းခံ ထွက်ရင် ရောဂါ ကူးမှာ ကြောက်လို့ တဲ့ ဆွမ်း မလောင်းရဲကြတော့ဘူး ။ တစ်နေ့ မှာ တော့ ပြောင်းဖူး စိုက်တဲ့ လယ် သမားတွေ ရဲ့ ကိုယ်စားလှယ်အဖွဲ့ ဘုန်းကြီးကျောင်း ကို ရောက်လာတယ် ။ ဘုန်း ကြီးကျောင်း ထဲ က စွန့်ပစ်တဲ့ ရေတွေ သူတို့ ယာခင်း ထဲ စီးဝင် လို့ သူတို့ ပြောင်းဖူး ကို စားရင် အေအိုင်ဒီအက်စ် ရောဂါ ကူးတော့ မှာ ပဲ ဆိုပြီး ဈေး ထဲ က သူတို့ ပြောင်းဖူး ကို မဝယ်တော့ဘူး တဲ့ ။ ဘုန်းကြီး စိတ် မကောင်းပါဘူး ။

လူတွေ ဘယ်လောက် ကြောက်သလဲ ဆိုရင် ဘုန်းကြီး ကို သိတဲ့ သူတွေ က စားစရာ သောက်စရာ မရောင်းရဲဘူး ။ ဒါကြောင့် ခြောက်မိုင် လောက် ဝေးတဲ့ လော့ဘူရီမြို့ ဗဟိုဈေး ကို သွား ဝယ်ရတယ် ။ ဘတ်စ်ကား ဒရိုင်ဘာတွေ ကလည်း ရောဂါ ကူးမှာ ကြောက် လို့ ကား စီးခွင့် မပေးပြန် လို့ ဘုန်းကြီး ခြေလျင် လျှောက် သွား ရတယ် ။ သိပ် မကြာပါဘူး ။ လော့ဘူရီဈေး က လည်း ဘုန်းကြီး ကို မရောင်းချင်ဘူး ဖြစ်လာ ပြန် လို့ ဈေးဝယ်ဖို့ လူ ငှားရတယ် ။

▣   ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ

No comments:

Post a Comment