❝ မျက်စိ မှိတ်ပြီး မိုက်မိုက်ကမ်းကမ်း ယုံပစ်လိုက်စမ်းပါ ❞
“ ဟေ့ ကောင်လေး ပါးစပ် က ပွစိပွစိ နဲ့ ဘာတွေ ရွတ်နေတာ လဲကွာ ”
“ အားဆေး ထိုးနေတာပါ ဆရာ ”
“ ဘယ်လိုကွ ပါးစပ် က ပွစိပွစိ ရွတ်နေရုံနဲ့ အား ရှိလာရောလား ”
“ စိတ်အားသတ္တိတွေ တိုးလာ တာပေါ့ ဆရာ ၊ ထမင်း စားလို့ ဖြစ်လာတဲ့ ကာယအားမျိုးတော့ မဟုတ်ဘူးပေါ့ ဆရာ ”
“ စိတ်အားဆေး ဆိုတော့ မင်း က အဆန်းပါလားကွာ ”
“ ပါးစပ် က အသံ ထွက်ပြီး ရွတ် ပြစမ်းပါဦး ကောင်လေးရာ ”
သူ့ ထံ မှ အသံ ထွက်လာပါ၏ ။
“ အောင်ရမယ် ၊ ငါ စာမေးပွဲ အောင် ကို အောင်ရမယ် ”
“ အလွယ်ပါလားကွ ၊ မင်း အားဆေး က ၊ ဒီဆေး က တကယ် စွမ်းပြီး တကယ် အား ရှိသလားကွာ ”
“ စွမ်းတယ် အားရှိပါတယ် ဆရာ ၊ လေးတန်းစာမေး ပွဲ ကို ဒီ ဆေး နဲ့ပဲ အောင်ခဲ့တာပါ ၊ နောက် ခုနစ်တန်း ၊ နောက် ဆယ်တန်း ဒီ ဆေးပဲ ဆရာ ”
“ အခု ဘွဲ့ရဖို့ ကို လဲ ဒီ ဆေးနဲ့ပဲ ”
“ ဘွဲ့ ရဖို့ က မင်း အတွက် အရေးကြီးသလား ”
“ ဟာ ဆရာ ၊ ဘွဲ့ က ကျွန်တော့် အတွက် သေရေးရှင်ရေး ပဲ ဆရာ ၊ ဘွဲ့ ရမှ ရာထူးတက် ၊ ရာထူးတက် လခကောင်းကောင်း ရမှ အမေ့ ကို ကောင်းကောင်း ထား ကောင်းကောင်း ကျွေးမွေး နိုင်မှာမို့ပါ ဆရာ ”
ဤ အဖြစ်ကား လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ၊ ၁၉၇၀ ပြည့်လွန်နှစ် များက တွေ့ဆုံခဲ့ရသော ကောင်လေး တစ်ယောက် အကြောင်း ဖြစ်ပါ၏ ။ ကောင်လေး က အမေ မုဆိုးမကြီး ရဲ့ အရမ်း ဆင်းရဲ နေတဲ့ ဘဝ ကို ဆင်းရဲတွင်း ထဲမှ ဆွဲထုတ်ဖို့ ကြိုးစား နေတာပါ ။ အားဆေးဂါထာ ကို နေ့စဉ် ရွတ်၍ အားတင်းပြီး အပြတ်အသား ကြိုးစားခဲ့ရာ က လေးတန်း စာမေးပွဲ ၊ ဆယ်တန်း စာမေးပွဲအောင် ၊ ဘွဲ့ရ သွားပြီး သူ လိုချင်နေ တဲ့ အရာရှိ ဖြစ်သွားပြီး အမေအိုကြီး ကို တကယ်ပဲ လုပ်ကျွေးပြုစုခဲ့ ပါတယ် ။
“ ယုံကြည်ချက်ပေါ့ ဆရာ ရယ် ၊ ငါ့ အမေ ဆင်းရဲတယ် ၊ ငါ ဆင်းရဲတယ် ၊ ဆင်းရဲတွင်း နက်လှတယ် ၊ ဒီ တစ်သက် လူ ဖြစ်မှာ မဟုတ်တော့ဘူး လို့ အားလျှော့ လိုက်ရင် ... ”
“ ဟုတ်တာပေါ့ ကောင်လေး ရာ ”
ထို ကောင်လေးကား နှစ်ပေါင်း ၄၀ အကြာ ယနေ့ ပြန် ဆုံမိသော အချိန်၌ အရာရှိ မဟုတ်တော့ပါ ။
“ မင်း အလုပ် က ထွက် လိုက်တယ် ဆိုပါတော့ ”
“ ဟုတ်ပါတယ် ဆရာ ၊ ရတဲ့ လခ က ကျွန်တော် လိုချင်တဲ့ ဘဝ ကို မရောက်နိုင်လောက်ဘူး ဆရာ ၊ အဲဒါနဲ့ အပြင်လောက ထွက်ပြီး ”
“ မင်း ဟိုအရင် တုန်း က အားဆေး ကို စားတုန်းပဲလားကွာ ”
“ ဒီနေ့ အထိ အဲဒီ ဂါထာ ကို ရွတ်ပြီး အလုပ် လုပ် နေတုန်းပါပဲ ဆရာ ”
“ ငါ ဖြစ်ရမယ်လို့ ယုံလိုက်ရင် တကယ်ကို ဖြစ်သွားတာပါ ဆရာ ။ အဲ မယုံ တစ်ဝက် ယုံ တစ်ဝက် ဆို ရင်တော့ ”
“ အေး ၊ ငါ သဘောပေါက်ပါတယ်ကွာ ၊ ဒါကြောင့်လဲ မင်း ဒီလို ဘဝမျိုး ရောက်လာတာပေါ့ ”
အလွန် ဆင်းရဲ စုတ်ပြတ် ဘဝ နုံချာလှသော သားအမိ ကား ယခုအခါ တိုက် နဲ့ ကား နဲ့ ကုန်ထုတ်လုပ်ငန်း နဲ့ စတိုးဆိုင် နဲ့ လူတစ်လုံး သူတစ်လုံး ဖြစ်နေကြပါပြီ ။
ဤနေရာ ၌ ဘဝ အကျိုးပေး ဆိုတာ ကို ထည့် မတွက်တာ အကောင်းဆုံးပါပဲ ။
ဘဝ အကျိုးပေး မသန်လို့ အကျိုး မပေးသေးလို့ ငါ ဒီလို ဖြစ်နေရတာ ဆိုတဲ့ ပျော့ညံ့တဲ့ အတွေး ဟာ တကယ်တော့ မိမိ ကိုယ် ကို ဆွဲနှစ် နေတာပါ ။
အကျိုးပေး မသန်ဘူး ဆိုတာ ဘာကို ပြောတာလဲ ။ ဘယ်သူက လာပြီး အကျိုး ပေးမှာလဲ ။ အကျိုး ကို ဘယ်သူ သယ်လာမှာလဲ ။ သယ်ယူလာတဲ့ အကျိုးတရား က ကော ဘယ်လောက်ကြီး ခိုင်မာ တောင့်တင်းပါသလဲ ။
မျှော် မနေနဲ့ ဘယ်သူ က မှ အကျိုးကြီး ကို ထမ်းသယ် လာပြီး သင့် ကို မပေးပါ ။
တကယ် ကောင်းကျိုးပေး မှာ က သင့် အလုပ်ပါပဲ ။ ခံယူချက် ယုံကြည်ချက် တစ်ခု ကို လက်ကိုင် ထားပြီး တကယ် ‘ အား ’ ပြင်းပြင်း နဲ့ လုပ်မယ် ဆိုရင် အကျိုးပေး ဆိုတာကြီး က သင့် ထံ မလွဲမသွေ ရောက်လာမှာ ပါပဲ ။
တစ်စုံ တစ်ယောက် သော ပုဂ္ဂိုလ် က ဆရာဝန် ဖြစ်စေ ၊ သူဌေးကြီး ဖြစ်စေ ၊ လုပ်ငန်းရှင်ကြီး ဖြစ်စေ ဆိုပြီး မန်းမှုတ် ပေးလိုက်ရုံ နဲ့ ဆရာဝန် ဖြစ်သွားရောတဲ့လား ။ သူဌေးကြီး ဖြစ်သွားရောတဲ့ လား ။
ဟား ဟား ကြံဖန်ကတ်သတ် ဗျာ ၊ အဲသလို ဖြစ်ရစတမ်း ဆိုပါက ၊ အဘယ် ကျောင်းသား က စာကျက် ပါတော့မည်နည်း ။ အဘယ် လူသား က အလုပ် လုပ်ပါတော့မည်နည်း ။
ဆရာဝန် ဖြစ်ရမယ် ဖြစ်ကို ဖြစ်ရမယ် ။ သူဌေး ဖြစ်ရမယ် ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ ယုံကြည်ချက် နဲ့ မဖြစ်မနေ လုပ်ခဲ့ကြ လို့ သာ ဆရာဝ န်တွေ ၊ ပါရဂူ တွေ ၊ ပညာရှင် တွေ ၊ သူဌေး ကြီး တွေ ဖြစ်လာကြရတာပါ ။
ဒါဖြင့် မိတ်ဆွေ ။
ကောင်လေး လိုပဲ ကြိုးစား ကြည့်စမ်းပါ ။ ယုံကြည်ချက် ကို ရှေ့တည့်တည့် တင်ပြီး အပြင်းအထန် လုပ်ကြည့်စမ်းပါ ။
သင့် ဘဝဟာ သင် လိုချင်နေ တဲ့ အဆင့်အတန်းမျိုး ကို မလွဲမသွေ ရောက်သွားမှာပါ ။
အင်း မယုံ တစ်ဝက် ယုံ တစ်ဝက် ဆိုရင်တော့ သင့် ဘဝ ဟာ ရှေ့ တက်ဖို့ ဝေးစွ ၊ နောက်ပြန် ဆုတ် သွားဖို့ပဲ သေချာတယ် ။
▢ မောင်ချမ်းသာ
📖 မော်ဒန် သတင်းဂျာနယ်
၉ ဇူလိုင်လ ၂၀၁၀
No comments:
Post a Comment