Saturday, January 11, 2025

ရေလို မအေးတဲ့ မသီတာ

 

❝ ရေလို မအေးတဲ့ မသီတာ ❞
         ( ရေနံမြေစု )

အိုးတိုက်ဖွဲပြာ ... အိုးတိုက်ဖွဲပြာ
ယူကြဦးမလား .... အိုးတိုက်ဖွဲပြာ

•••••   •••••   •••••

မနက် လင်းပြီ ဆို ကတည်း က ဒီ အသံကလေး ကို ကြား နေရသည် ။ ဒီနှစ် ဆောင်း မှာ ပိုအေး ပိုချမ်း လှသည် ။ နှင်းထု က လည်း မကွဲသေး ။ အသံကလေး စာစာ နှင့် မပီမသ မကွဲမပြား အော်နေသံရှင် ကား အိုးတိုက်ဖွဲပြာသည်ကလေး မသီတာ ။ တစ်နေ့ မဟုတ် နှစ်နေ့ မဟုတ် နေ့စဉ် လိုလို ဒီ အသံ ကို အချိန်မှန် ကြား နေရ၍ ကျွန်မ နားထဲ စွဲ နေသည် ။ များသောအားဖြင့် အိုးတိုက်ဖွဲပြာ ရောင်းသူ များ ကား ယောက်ျားကလေးများ နှင့် အသက်အရွယ် ကြီးရင့် အိုးမင်းရင့်ရော်သူ မိန်းမကြီးများ သာ များကြသည် ။ ယခုမူ မိန်းမငယ်ကလေး ၏ အသံမို့ ထူးဆန်း နေသည် ။ ရက် အတော်ကြာ ကြားရဖန် များလာလျှင် ကျွန်မ စိတ်ဝယ် ဘဝင်မကျ ဖြစ်လာ၍ ထို အသံရှင်ကလေး ကို ကြည့်လို မြင်လိုစိတ် က ပြင်းပြလာတော့သည် ။

သို့သော် သူမ ၏ အော်သံ က အမြဲတစေ နှင်းထု ထဲ ဝယ် တဖြည်းဖြည်း ကွယ်ပျောက်သွားသည် ။ ကျွန်မတို့ အိမ်ကလေး ရှိရာ လမ်းထဲ သို့ ရောက် မလာတော့ ။ ဒါကို ပင် ကျွန်မ က မကျေနပ်ချင် ။ သူကလေး ၏ အိုးတိုက် ဖွဲပြာ ... ဟု အော်လေတိုင်း ကျွန်မ မှာ နေ့စဉ်လို မအားလပ် ။ မိုးလင်းလေတိုင်း အိမ်မှုကိစ္စများ က ပတ်ချာဝိုင်း နေသည် ။ စိတ်အားလက်အား မရှိ ။ တစ်ကြိမ် ... နှစ်ကြိမ် ... သုံးကြိမ် ။ လိုက် ခေါ် လိုက်မည် ။ အိုးတိုက်ဖွဲပြာ ထွက် ဝယ်မည် ကြံမိလေတိုင်း လည်း မဝယ်ဖြစ်ခဲ့နိုင် ။ မိခင်အိုကြီး ဘဝ ရောက်လာပြီ မို့ မိခင်စိတ် က ပို များနေမိသည် ။ “ ဪ ဘယ်သူ့ သမီးကလေးများပါလိမ့် ။ မိုးမှ မလင်းသေးဘူး ... နှင်းတော ထဲ တိုးပြီး အိုးတိုက်ဖွဲပြာ လာ ရောင်းရရှာ တယ် ။ ဒီ ရပ်ကွက် ထဲ က မဟုတ်တာတော့ သေချာပါ တယ်လေ ။ ဝေးဝေးလံလံ က ဖြစ်မှာပါ ။ မသမာသူတွေ က ပေါပါဘိသနဲ့ ။ မိန်းကလေးငယ်ငယ် ကို သူ့ မိဘများ က ခိုင်းရက်လိုက်တာနော် .. ” ဟု တစ်တိုက်ကြီး တွေးပြီး ကြင်နာသနားစိတ်တွေ ဝင်လာရပါသေးသည် ။

ကျွန်မ နှင့် တကွ အိမ်တိုင်း လိုလို ယခုလို မနက်ပိုင်း ဆိုလျှင် ဆင်းရဲချမ်းသာ မရွေးတို့၏ သားငယ်သမီးငယ် များမှာ နံနက်စာကလေး အဖြစ် အဆာပြေ ထမင်းကြမ်း သော် လည်းကောင်း ၊ မုန့်ပဲသွားရည်စာ သော် လည်းကောင်း ၊ နောက်ဆုံး အောက်ထစ် ထမင်းရည်ပူပူကလေး ကို ဆား ခပ်၍ သော် လည်းကောင်း စားသောက်ကြရသော အလေ့အကျင့်မျိုး ရှိခဲ့ကြပါသည် ။ ကျွန်မ ၏ မြေးငယ် များပင်လျှင် ...“ အဘွား ... အမင်း စားမယ်နော် ” ဟု ပြောပြောစားစား လုပ်တတ် နေပါပြီ ။ ဤအချိန်မျိုး ၌ မိမိ ၏ ဝမ်းရေး အတွက် အရပ် မှာ လည်၍ အိမ်တကာ ကို အော်ကာဟစ်ကာ တစာစာ နှင့် အိုးတိုက်ဖွဲပြာ ရောင်းချ နေသူကလေး ကား အဘယ်သူပါနည်း ။

တစ်နေ့သော် ...

ကျွန်မ တို့ နေကြသော ရပ်ကွက် မှာ မြို့၏ အပြင်မို့ နေ့စဉ် နေ့တိုင်း ဆိုသလိုပင် ရန်ကုန်မြို့ ထဲ ရှိ ကျွန်မ ၏ အလုပ်ခန်း ကို လာရမြဲ ဖြစ်ပါသည် ။ ကျွန်မ ၏အိမ်ငယ် ရှိရာ လမ်းကလေး မှ လမ်းမကြီး တစ်ခု အပေါ် အရောက် ၌ ကျွန်မ ရင်ဝယ် ကာလ အတန်ကြာ က ကိန်းအောင်း နေခဲ့သော အိုးတိုက်ဖွဲပြာသည်ကလေး ၏ အသံ ကို ကျွန်မ ၏ ရှေ့ဆီ မှ ကြားလိုက် ရသည် ။

ကျွန်မ တို့ ရပ်ကွက် တွင် ကျွန်မတို့ အိမ်ကလေး ၃ ၊၄ လုံး က လွဲလျှင် တိုက်တာဝင်းခြံများ သာ များသည် ။

ကျွန်မ ၏ ရှေ့တွင် ကျွန်မ မြေးကလေး မရွှေနီ ၏ အရွယ် အသက် ၁၃ နှစ် ခန့်သာ ရှိဦးမည့် အိုးတိုက်ဖွဲပြာသည်ကလေး သည် လမ်းမကြီး တူရူရှိ တစ်ခု သော တိုက်အိမ်ကြီး ၏ နောက်ဖေးဘက် သို့ ဝင်သွားရှာသည် ။

လမ်း က အမြင့် တိုက်တာများက နိမ့် နေ၍ ကြည့် လိုက်လျှင် အပေါ်စီး က မြင်နေရသည် ။ အချိန် က တော့ မနက် ၁ဝ နာရီ ခန့် ။

သူမ ၏ ခေါင်းပေါ်တွင် အိုးတိုက်ဖွဲပြာအိတ်ကြီး မှာ ကား တောင်ဆုပ်ခန့် မြင့်နေပါသေးသည် ။ ဖွဲပြာ ဆိုသည် ပေါ့ပါး၍ သာ တော်ပါတော့သည် ။ ဆံတိုဂုတ်ဝဲကလေး နှင့် သူမ ။ အင်မတန် အေးချမ်း နေသော ဆောင်း ဖြစ်ပါ လျက် အနွေးထည် ကို ထားပါဦး အင်္ကျီကလေး သော်မှ ထူထူထဲထဲ မဝတ်ဆင် နိုင်ရှာသော အဖြစ် ကို မြင်ရ၍ ကျွန်မ ရင် ဖိုရပြန်ပါပြီ ။ ဤတွင် ကျွန်မ ၏ ခရီး ကို မဆက် ဘဲ ရပ်၍ ကလေးမလေး ၏ လှုပ်ရှားဟန် ကို အဆက် မပြတ် ကြည့်နေမိပါတော့သည် ။

တိုက်ကြီးရှင် အဘွားကြီး ပင် ထင်ရပါသည် ။ တိုက် အိမ်ကြီး တစ်ခု ၏ နောက်ဖေးဘက် မှ ထွက်၍ ရပ်နေပါ သည် ။ ထို အဘွားကြီး ၏ အနီး၌ အိုးတိုက်ဖွဲပြာသည်ကလေး နှင့် ပင် အရွယ်တူ ကလေးမလေး တစ်ဦး က ဖွဲပြာ ထည့်စရာ ခွက်ကြီး တစ်ခု နှင့် ရပ်နေသည် ။ လမ်းပေါ် မှ နေ၍ ဖွဲပြာသည်ကလေး က သူ့ အိမ်ခြံကလေး ၏ နောက်ဖေးပေါက် ရှိရာ သို့ ဆင်းသွားသည် ။ သူမ ၏ ဖွဲပြာတောင်းကြီး ကို ထို အဘွားကြီး ရှေ့၌ သူမ ဘာသာ ချလိုက် သည် ။ ဤတွင် မှ အဘွားကြီး ၏ အသံ ကို ကြားပြန်သည် ။

“ ဟေ့ ... ဘယ်လိုလဲအေ့ ”

“ နှစ်ဘူး ... ၁ဝ ပြားပါ အဘွား ”

“ ဘယ်က နှစ်ဘူးလဲ တစ်ခွက်ပဲ ဥစ္စာ ”

“ ဟုတ်ပါတယ် အဘွား ရဲ့ ဒီ ခွက်က နို့ဆီခွက် နဲ့ ၂ ခွက် ၂ ဘူး ရှိပါတယ် ”

“ ဒါဖြင့် ၂ ခွက် ဆယ့်ငါးပြား ပေါ့ ”

“ မရပါဘူး အဘွား ရယ် ... ”

“ ညည်းတို့ ဖွဲပြာ က အလကား ရတာပဲအေ ...  ၊ လုပ် ပါ  ၊ ငါ ၄ ခွက် ယူမယ် ပြား ၃၀ ထား ”

“ မရပါဘူး အဘွားရယ် .... ဖွဲပြာ က လည်း အလကား မရပါဘူး ... သမီးတို့ ဝယ်ခဲ့ရတာပါ ... တစ်တင်း ကို နှစ်ကျပ်ခွဲများ တောင် ပေးရပါတယ် ... မနက် က ဆို ရင် တစ်ခွက် ကို ၁၅ ပြား တောင် ရောင်းရပါတယ် ၊ ခုမှ ကျောင်းချိန် အမီ ပြန်ရမှာမို့ လျှော့ ရောင်းတာပါ အဘွားရဲ့ ”

“ ဒီလိုဆို နေပစေတော့ ဟို ဖွဲပြာသည်ကောင်လေး လာမှ ဝယ်မယ် ”

ပြောပြောဆိုဆို အဘွားကြီး က လှည့် ဝင်သွားဟန် ပြုသည် ။ ဖွဲပြာသည်ကလေး က ဒီတော့လည်း ပျာယာခပ် သွားပြီး

“ ဒါဖြင့်လည်း ယူပါ အဘွား ရယ် သမီး မမြတ်ပါဘူး ။ ရှုံးတောင် ရှုံးပါမယ် ။ ကျောင်းချိန် နီးလို့ ဖွဲပြာ မြန်မြန်ကုန်အောင်လို့ ရောင်းတာပါ .. ”

ဤတွင်မှ ကြေးရတတ် လူချမ်းသာ တိုက်ကြီးရှင် အဘွားကြီး က စိတ် ကျေနပ်သွားသည် ။ အနီးရှိ ဖွဲပြာသည်ကလေး နှင့် အရွယ်တူ ကလေးမလေး က မူ တစ်ခွန်း တစ်ပါဒ မျှ ဝင် မပြောပါ ။ ကရုဏာ သက်ဟန် မျက်နှာကလေး ဖြင့် ဖွဲပြာသည်ကလေး ကို စူးစိုက် ကြည့်နေသည် ။ သူ မ၏ မျက်စိကလေး မှာ ပုတ်ခတ်ပုတ်ခတ် ဖြစ် နေသည် ။

“ ဟဲ့ ... ဘာ ငေးနေတာလဲ ဂေါက်တေး ဖွဲပြာပုံး ပေးလိုက်လေ ... ”

“ ဟုတ် ... ဟုတ်ကဲ့ပါ အဘွား ”

ပါးစပ် က မပြောပေမင့် သူမ ၏ နှလုံးသား က ဖွဲပြာသည်ကလေး အား ချစ်ကြင်နာဟန် ရှိနေရှာသည် ။ ဖွဲပြာသည်ကလေး က သူမ ၏ ခွက်ကလေးဖြင့် ချင်တွယ်၍ ပုံးထဲ ထည့်သည် ။ အဘွား ဆိုသူ က တစ်ခါ သူ့ လက် ဖြင့် ဖွဲပြာအိတ် ထဲ မှ ထပ် နှိုက် ယူလိုက်သေးသည် ။ ဖွဲပြာသည်ကလေး ကတော့ ဘာမှ ထပ်မပြောတော့ ။ လူကြီးသူမ ဆိုသော အရှိန်အဝါ သည် လည်းကောင်း ၊ တိုက်အိမ်ကြီး ၏ ဟိတ်ဟန်များကြောင့် လည်းကောင်း ဤမျှ ငယ်ရွယ်သူကလေး က ဘာများ ထပ်မံ ပြောကြားဝံ့တော့ပါမည် နည်း ။

ဖွဲပြာသည်ကလေး ၏ ကျောင်းချိန်မီ ဆိုသော စကား မှာ ကျွန်မ ခေါင်းထဲ တွင် ပဲ့တင်သံ ဖြစ် နေသည် ။ ကျွန်မ ရင်ဝယ် တနုံ့နုံ့ ခံစားလာရသည် ။ သို့နှင့် သူမ လမ်းပေါ် သို့ ပြန် တက်အလာ ကို စောင့်နေမိပါပြီ ။ သူမ ရောက် လာလျှင်ပင် -

“ ကလေး ဖွဲပြာ ကို ဘယ်က လာ ရောင်းရသလဲ ”

“ မြောက်ဥက္ကလာက ပါ အမေ ”

“ ဟ ... ဝေးလှချည့်လား ၊ ဘာနဲ့ လာသလဲ ”

“ မဝေးဘူး အမေ မြောက်ဥက္ကလာ ( ၂ ) ရပ်ကွက် ပါ ၊ ဒီ ရေကူး ပါရမီ နဲ့ ဆို နီးပါတယ် ။ မနက်စောစော ၅ နာရီ လောက် ကတည်းက လမ်း မှာ ရောင်းရင်း တဖြည်း ဖြည်း လျှောက်လာတာပါ ။ မီးရထားဘူတာ နဲ့ နီးပေမယ့် ဒီ ဖွဲပြာတောင်းကြီး နဲ့ တက်လို့ မလွယ်ဘူး အမေ ”

သူမကလေး က ချက်ချက်ချာချာ လေးသံကလေး နှင့် ဖြေရှာသည် ။ ခပ်စောစောက တိုက်ကြီးရှင် အဘွားအို က ဖွဲပြာ ထပ် နှိုက်ယူလိုက်စဉ် က အာစေး ထည့်သလို ပါးစပ်ပိတ် လိုက်ပုံ နှင့် တော့ တသီးတခြား ဖြစ်ပါသည် ။ “ အော် ... ” ဟု တစ်လုံး ထဲ ပင် ဆိုမိသည် ။

“ သမီး အဖေ အမေ ကော ”

“ ရှိပါတယ် အမေရဲ့ အဖေ က ကိုမြင့်သိန်း ၊ အမေက မစမ်း ။ အဖေ က ကပစ မူလီစက်ရုံ မှာ အလုပ် လုပ်ပါ တယ် ။ လခ က နှစ်ရာ ထဲ ရတယ် အမေ ။ ကလေး က ၁ဝ ယောက် တောင် ရှိတာ ။ ဒီတော့ သမီး က ကျောင်း က လည်း နေချင်တာကိုး ။ အမေ က လည်း အလုပ် မလုပ်နိုင် ပါဘူး ။ ကလေး ပဲ မွေးနေရတယ် ။ စားတာတော့ ရပါ တယ် ။ ကျောင်း နေချင်ရင် ကိုယ့် စရိတ် ကိုယ် ရှာလို့ အဖေ က ပြောတယ် အမေ ရဲ့ ၊ ဒါကြောင့် သမီး က အရင်း လည်း နည်းတဲ့ ဖွဲပြာ ရောင်းတာပါ ။ သူ က တစ်တင်း မှ နှစ်ကျပ်ခွဲ ရယ် ။ ညနေဘက် ကတည်း က ဟိုဘက်ကမ်း က ကူး ဝယ် ထားရတယ် ။ မနက် မလင်းခင် က အမေ က ထမင်းကြမ်းကလေး ကျွေးလိုက်တာ စားပြီး လျှောက်ခဲ့ရတာပေါ့ ”

“ သမီးလေး နာမည် ”

“ သီတာ လို့ ခေါ်ပါတယ် ”

“ ကဲ ဒါဖြင့် မသီတာ တစ်ခွက် ၁၀ ပြား ရောင်းတာ ကျန်ရဲ့လား ”

“ ကျန်ပါတယ် အမေ ၊ တချို့တလေ က ခုနက အဖွား လို ဈေး မဆစ်ပါဘူး ။ တစ်ခါတလေ သီတာ့ ကို သနားလို့ ပို ပေးကြပါ သေးတယ် ။ တစ်ပြည် ပြား ၄၀ အနည်းဆုံး ရောင်း ရတော့ ဆာလွန်းလို့ မုန့် မစားရင် ၄ ကျပ် လောက် အိမ် ကို ပါပါတယ် ”

“ အဲဒါ အမေ့ ကို ပေးသလား ”

“ ဟုတ်ကဲ့ ပေးထား ပါတယ် ။ အမေတို့ က မစားပါဘူး သမီး ကျောင်းစရိတ် ဖို့ပါ ။ နေ့ဘက် လည်း မရောင်း ပါဘူး ။ ကျောင်းဖွင့်ချိန် ဆို တစ်ရက်ခြား ရောင်းပါတယ် ။ ကျောင်းပိတ် မှ နေ့တိုင်း ရောင်းပါတယ် ။ ကျောင်းချိန် အမီ ပြန်ရတယ် အမေ ။ သိပ် ကသီတာပဲ ”

“ နေ့တိုင်း ကော ရောင်း ကောင်းရဲ့လား သမီး ”

“ ကုန်တော့ ကုန်ပါတယ် အမေ ရယ် ဖောက်သည် တွေ ဖြစ်နေပြီပဲ ။ သမီး ကို သိနေကြပါပြီ ၊ ရောင်းတာ က လည်း ကြာပြီပဲ အမေ ။ ဟို ရေကူးထိပ် က အိမ် တစ်အိမ် က ဆို သမီး ကို အဝတ် လည်း ပေးပါတယ် ”

“ မအေးဘူးလား သမီး ”

“ ထွက်စတော့ အေးတာပေါ့ နောက်တော့ ချွေး တောင် ပြန်လာသေး ”

“ သမီး ထက် အကြီးတွေ ရော ”

“ အစ်မကြီး မာလာ က ၈ တန်း လေ အမေ ၊ စာတော် တယ် ။ သမီး က သာ ၃ တန်း ၊ ကိုကို က ၆ တန်း ၊ ကျန်တာတွေ လည်း ကျောင်း နေကြတယ် ။ အဖေ က လေ စာ မတတ် မှာ စိုးတယ် ။ စာ မတတ်ရင် သူ့ လို ဆင်းရဲမှာ တဲ့ ၊ ဒါကြောင့် သီတာ လည်း စာ ကြိုးစားပါတယ် ။ အဖေ လခ တိုး ရင် သီတာ ဖွဲပြာ မရောင်းရတော့ဘူးတဲ့ အမေ ”

“ ဟုတ်တာပေါ့ သမီး ရဲ့ ကြိုးစားပါလေ ။ နောက် ဆိုရင် အမြဲ ဟိုဘက်လမ်း က အမေ့ အိမ် ကို လည်း ဖွဲပြာ လာ ရောင်းပေါ့ကွယ် ဖောက်သည် တစ်ဦး တိုးပြီ မှတ်ထား ၊ ရော့ရော့ မုန့်ဖိုး ယူသွားဦး ၊ ရေ လို အေးလို့ ပန်း လို လန်းပါစေကွယ် ။ အမေ က သမီး ကိုချစ်လို့ စောင့် မေး တာနော် ၊ ဘယ်လိုမှ မအောက်မေ့ပါနဲ့ ကြားလား ”

“ ဟုတ်ကဲ့ပါ အမေ ဒီနေ့ ရော ယူပါဦးလား ”

“ အို .. မယူတော့ဘူးကွဲ့ အလုပ် အချိန်မီ သွားရမယ် ”

“ ဒါဖြင့်လည်း အမေ သမီး ကျန်တာလေး ကို မြန်မြန် ရောင်းပြီး ကား နဲ့ ပြန်မယ်နော် ။ ဒါမှ ကျောင်း မီမယ် ။ နေ့ခင်းကျောင်း အမေ ။ ကျောင်း နောက်ကျရင် ဆရာ မက ရိုက်တယ် ”

ပြောပြောဆိုဆို ကသုတ်ကရက် နှင့် ဖွဲပြာသည်ကလေး မသီတာ က နောက်ကြောင်း ပြန် သွားလေပြီ ။ ကျွန်မ လည်း ရှေ့ ကို သာ ခရီး ဆက်ခဲ့ရသည် ။ စိတ် က တော့ မသီတာ နောက်မှ ပါသွားလေပြီ ။

ဖြူ၍ ချောသော မျက်နှာရှင် ၊ တုတ်တုတ်ခဲခဲ နှင့် ချစ်စရာ ကောင်းသော ကိုယ်လုံး ၊ နက်မှောင်ရှင်သန်သော ဆံပင်တိုကလေး တို့ ပိုင်ရှင်ကလေး မသီတာ ။

သီတာ ဟူသည် အေးမြသော အဓိပ္ပာယ် ဆောင် သည့် သမီးငယ်ကလေး ကား ယခုတော့ မပြည့်စုံသူ မိဘ ၏ ရင်ဝယ် ဖြစ်ခဲ့၍ လည်း ပညာ ကို လိုချင်ရှာ၍ ကျောင်းသင်စရိတ် ထက် ကြီးမားသော စာအုပ် ဖိုးကို ရှာဖွေနေရခြင်းမျိုးကား အဘယ် နံရော အခါမှသာ နားရမည်လေနည်း ။

မသီတာ ပြောသလို သူ့ အဖေ လခ တိုးမည့် အချိန် ကာလ သာ မြန်မြန် ရောက်လာပါစေ ဟူ၍ လည်းကောင်း ၊ ဇကောဇက နုနုထွတ်ထွတ် အရွယ်ရှိသော မသီတာကလေး လူဆိုးသူဆိုး လူမသမာများ နှင့် မဆုံစည်းပါစေ နှင့် ဟုသာ ဆန္ဒ ပြုရင်း ကျွန်မ ၏ စိတ် ကို ဖြေဖျောက် ရပါတော့သည် ။

မသီတာကလေး အေးချမ်းပါစေ ။

◾ ရေနံမြေစု
📖 မိုးဝေ မဂ္ဂဇင်း
      ဇူလိုင် ၊ ၁၉၇၆

No comments:

Post a Comment