Wednesday, January 8, 2025

မျောက်မင်းသား


 

❝ မျောက်မင်းသား ❞ 
       ( သုမောင် )

ကျွန်တော် က ရုပ်ရှင်မင်းသား လုပ်ဖို့ စိတ်ကူး မယဉ်ခဲ့ပေမယ့် ကံတရား အလှည့်အပြောင်း ကြောင့် အကယ်ဒမီ ဖြစ်ခဲ့ရပါတယ် ။ ဘာပဲဖြစ်ဖြစ် သရုပ်ဆောင် ဘဝ မှာ နှစ်ပေါင်း ၃ဝ လောက် ကျင်လည်ပြီး တော့လည်း ရုပ်ရှင် မရိုက် ရ မနေနိုင် မဟုတ်တဲ့ တိုင်အောင် ဘယ်လို ပြောမလဲ ။ အဲ ... ပိုးကတော့ ခန္ဓာကိုယ် ထဲ ပျံ့နှံ့ နေခဲ့ပြီဗျာ ။ အရွယ် ရလာတဲ့ အလျောက် သရုပ်ဆောင် ရတဲ့ အခန်းကဏ္ဍ က လည်း ပုံစံ ပြောင်း လာခဲ့ပါတယ် ။ ခုနှယ်ခါတော့ အဖေခန်း ၊ ပထွေးခန်း ဆိုပါတော့လေ ။ ဘာပဲဖြစ်ဖြစ် ' ဗေထိ ' ဆိုရင် လက်ကလေး က ချိုးမိလျက်သား ဖြစ်ဖြ စ်သွားတတ်ပါရဲ့  ။ ခက်တာက ကျွန်တော့် အင်္ဂါရုပ် နဲ့ ဂုဏ်ဒြပ် ပါ ။ ဘယ်လိုပဲ သရုပ် ဆောင်ဆောင် ဥပဓိရုပ် ကောင်းတဲ့ သူဌေးကြီး ၊ ဆရာဝန်ကြီး စတဲ့ ပုံ မပေါက်ပါဘူး ။ စာပေသမား ၊ အရက်သမားကြီး ဆိုရင်တော့ လိုက်ဖက်ပါတယ် ။ ဒီတော့ ကျွန်တော့် ကို ငှားရမ်းကြရာမှာလည်း အဲသလို အခြေခံ လူတန်းစားအခန်း သာ များတတ်ပါတယ် ။ ပြီးတော့ ကျွန်တော့် ဂုဏ်ဒြပ် ပါ ။ ကျွန်တော် က စာရေးဆရာ တစ်ပိုင်း ၊ အကယ်ဒမီမင်းသား လည်း တစ်ပိုင်း ဖြစ်ခဲ့လေတော့ ငှားရမ်းတဲ့ သူတွေ က လိုသုံးမယ်သုံး ခေါ် မသုံးကြပါဘူး ။ ဇာတ် နဲ့ အံဝင်ပြီး စရိုက် ပီပီပြင်ပြင် နဲ့ အဓိကဇာတ်ပို့ နေရာမျိုး ကျ မှ ခေါ် သုံးကြတာပါ ။ ဒါမျိုး ဆိုတာ ကလည်း ဆယ်ခါ့ရံ တစ်ခါ သာ ကြုံတတ်တာကလား ။

အဲဒါကို က ပြဿနာ ပါပဲဗျာ ။ စောစောက ပြောသလို ကိုယ် က လည်း စာ ရေးတာ တစ်ပိုင်း ၊ သီချင်း ဆိုတာ တစ်ပိုင်း နဲ့ စားဝတ်နေရေး ပြေလည်တယ် ဆိုပေမယ့် ရုပ်ရှင်ပိုး က ရှိနေတော့ ဘယ် အခန်း လာ ငှားငှား ။ ရိုက်ချင်တတ်တာ ပေါ့ ။ သူရို့ က လည်း လိုအပ် မှ အံဝင် မှ လာပြီး ငှားရမ်းကြတာ ဆိုတော့ ဆန့်ငင် ဆန့်ငင် ဖြစ်ရတာပေါ့ ။ တစ်ကားတလေ ရိုက်လိုက်ရလို့ ရုပ်ရှင်စိတ်ကလေး ပြန် လည်လာပြီ ဆိုရင်တော့ ဟော ... သူရို့ က ကျွန်တော့် ဆီ ပေါ် မလာကြတော့ ပြန်ဘူး ။ အဲဒါကြောင့် ကိုယ် က မေ့မေ့ပျောက်ပျောက် နေလိုက်ချိန် ကျ ပြန်တော့ သူရို့ က လာ ငှားကြ ပြန်ရော ။ တော်တော် ကတ်သီးကတ်သတ် နိုင်တဲ့ ကိစ္စပါပဲဗျာ ။

ရှက် နေစရာ မလိုပါဘူးလေ ။ တစ်ခါတလေများ ခြံ ထဲ မော်တော်ကား တစ်စီး ဝင်လာရင် ဒါမှမဟုတ် ရုပ်ရှင်ဗွီဒီယိုနယ် က လူ တစ်ယောက် ရောက်လာ ရင် ငါ့များ လာ ငှားတာလား လို့ မျှော်လင့်မိတာ အမှန်ပါပဲ ။

မှတ်မိတာလေး တစ်ခု ပြောပြချင်သည် ။ လွန်ခဲ့သော နှစ် နှစ်ဆယ်ကျော် လောက် က ဖြစ်သည် ။ နာမည်ကျော် ရုပ်ရှင်မင်းသားတွေ စုပေါင်းပြီး ရုပ်ရှင် ရိုက်ကြသည် ။ ထိုစဉ်က စူပါများ မှာ ဇော်လင်း ၊ ထွန်းထွန်းဝင်း ၊ စိုးနိုင် ၊ လင်းထင် စသူတို့ ဖြစ်သည် ။ အခြား နာမည်ကြီး မင်းသားတွေ လည်း ပါဝင် ကြသည် ။ တစ်ယောက် လျှင် ငါးထောင်ကျပ်နှုန်း ထည့်ဝင် ကြသည် ။ စုစုပေါင်း မင်းသား ဆယ့်တစ်ယောက် ။ စုပေါင်းငွေ ငါးသောင်းငါးထောင် ရသည် ဆိုလျှင်ပဲ ရုပ်ရှင်ကားကြီး တစ်ကား စတင် ရိုက်ကူးလို့ ရနေသော အချိန် ။ မှတ်မှတ်ရရ ထို ဇာတ်ကား ကို ကျွန်တော့် အဖေ ၏ စက် ဖြင့် ရိုက်ကူးသည် ။ အတွင်းခန်းများ ကို လည်း အဖေ့ ခြံ ထဲ စတူဒီယို တွင် ရိုက်သည် ။ စုပေါင်း ရိုက်ကူးသော ဇာတ်ကား ဖြစ်သဖြင့် မင်းသား ၁၁ ယောက် ကို ဘယ်သူ့ ဘယ်သူ ဦးစားပေး၍ မရပေ ။ စူပါ လည်း ဒါပဲ ။ နာမည်ကြီး လည်း ဒီတိုင်းပဲ ။ နာမည် ကျ လည်း ဒီ သဘောပဲ ဟူ၍ ဆူကြုံနိမ့်မြင့် မခွဲခြားဘဲ လုပ်ကြကိုင်ကြသည် ။ ဤတွင် ဇာတ် သဘောအရ ခေါင်းဆောင်မင်းသား ရွေးဖို့ လိုလာသည် ။ သည်တော့ မဲစနစ် သုံး ရသည် ။ မဲ နှိုက်ကြသော အခါ စူပါ မဟုတ်တော့ သော “ ကောလိပ်ဂျင်နေဝင်း ” ကြီး က နံပါတ်တစ် ပေါက်သည် ။ သည်လိုပါပဲ ထူးခြားတာက ထို ဇာတ်ကား အတွက် ဦးဆောင်ဦးရွက် လုပ်ရမည့် ကိစ္စ မှန်သမျှ မဲစနစ် ကို သာ သုံးခဲ့ရာ နေရာတိုင်း မှာ ကောလိပ်ဂျင်နေဝင်း သာ လျှင် နံပါတ်တစ် ၊ ဂဏန်းတစ် သာ မဲပေါက် နေလေသည် ။

ပြဿနာ မှာ “ မင်းသား အားလုံး လုပ်ငန်းခွင် ပေါ်တွင် အရက် မသောက်ရ ” ဟူသော စည်းကမ်း ဖြစ်သည် ။ မင်းသား အားလုံး လိုလို က အရက် သောက်တတ်သူ ချည်း မို့ ထို ပညတ်ချက် ကို အရေးတယူ စာချုပ် လက်မှတ် ထိုးရသည် ။ သည်တော့လည်း ကောလိပ်ဂျင်နေဝင်း က ထိပ်ဆုံး မှ ပင် လက်မှတ် ထိုးရပြန်တော့သည် ။ အမှန်တော့ ထို ကာလ တွင် ကောလိပ်ဂျင်နေဝင်း မှာ အရက် ကို အချိန်မရွေး သောက်သုံးနေသူ ဖြစ်၏ ။

သည်လိုနှင့် ရုပ်ရှင် စ ရိုက်ကြတော့ နေ့လယ်စာ ထမင်းစားချိန် တွင် ထမင်းမစားခင် ကောလိပ်ဂျင် အရက် ဆာလာသည် ။ လုပ်ငန်းခွင် ပေါ် အရက် မသောက်ရ ဟူသော စည်းကမ်း ကို သူ က ဦးဆောင် လက်မှတ် ထိုးထားသဖြင့် အခက်ကြုံသည် ။ နောက်ဆုံး မနေနိုင် မထိုင်နိုင် ဖြစ်လာသော အခါ သူ့ခမျာ အရက် ကြိုက်တတ်သော မင်းသားငယ်များ ထံ တိုးတိုးတိတ်တိတ် ပူဆာရတော့ သည် ။

“ ငါ့ ကို နှစ်ပက် လောက် ပေးစမ်းပါကွာ ။ ထမင်းစား ကောင်းရုံလေးပါ ”

“ ဟာ ... အစ်ကိုကြီး က စပြီး ဝန်ခံကတိစာချုပ် လက်မှတ် ထိုးထားတာပဲ ”

ဤသို့ဖြင့် ကျန် မင်းသားငယ် ဆယ်ယောက် ပြည့် သာ သွားသည် ။ သူ့ ကို အားလုံးက ဈေးကိုင် နေကြလေသည် ။ အမှန်တော့ သင်းတို့ လည်း ခွက်ပုန်းချ ပြီးသားပါ ။

နောက်ဆုံး ( ဇော်လင်း နှင့် သန်းဖေလေး ထင်သည် ) ။

“ အစ်ကိုကြီး ကျွန်တော်တို့ ခိုင်းတာ လုပ်မလား ၊ နှစ်ပက် ပေးမယ် ”

“ ဘာ လုပ်ရ လုပ်ရကွာ ”

“ ကောင်းပြီ ဒါဆို မျောက်လို ကပြ ”

နောက်ပိုင်း လူမ မြင်ကွယ်ရာ သွားပြီး မင်းသားငယ်များ က ထမင်းစား သံပန်းကန်ပြားတွေ တီးကြ ၊ “ ဝေလာမျောက်ကြီး ရှောက်သီး စားမလား ” ဟူ၍ သီချင်းတွေ ဆိုကြ နှင့် ဦးနေဝင်း ကို မျောက်လို က ခိုင်းကြတော့သည် ။ လူကြီး ခမျာ မောလောက်အောင် က ပြီးမှ အရက်နှစ်ပက် ရလေသည် ။ သို့သော် နောက် ရက်များ တွင် ကား နေ့လယ် ထမင်းစားချိန် ရောက်သည် နှင့် ကောလိပ်ဂျင် သည် မင်းသားငယ်များ စူဝေး ရာ နေရာ သို့ ရောက်လာပြီး “ ဟေ့ကောင်တွေ မအေပေးတွေ ၊ ငါ မျောက်လို ကချင် နေပြီကွ ငါ က,တော့မယ် ”

သည် အဖြစ်အပျက်ကလေး မှာ ပြုံးချင်စရာ ဖြစ်ပေမယ့် တကယ် စဉ်းစား ကြည့်တော့ မိမိ ကြိုက်နှစ်သက်ရာ ကို ရလိုဇော ကြီး လျှင် ကိုယ့် သိက္ခာ ကို လျှော့ ရ မြဲဟု တွေးမိသည် ။ ခု ကျွန်တော် လည်း ဘာ ထူး သနည်း ။ ရုပ်ရှင်လေး တစ်ကား စ နှစ်ကားစ ပြန် ရိုက်ကူးရသော အခါ ရုပ်ရှင်ပိုး ပြန်ဝင်လာပြီး နောက်ပေါက် ရုပ်ရှင်သမားလေးများ ကို “ ငါ မျောက်လို ကပြချင်ပြီ ” ဟု ပြောရမည့်ကိန်း ဆိုက်နေပါပြီကော ။

◾ သုမောင်
📖 လယ်ယာစီးပွား သတင်းဂျာနယ်
     အမှတ် ၁၀၁
     ဇွန် ၂၁ ရက် ၊ ၂၀၀၂ ခုနှစ်

No comments:

Post a Comment