Thursday, January 2, 2025

တစ်ခါတစ်လှည့်


 

❝ တစ်ခါတစ်လှည့် ❞
    ( ကြပ်ကလေး )

နတ်ပုကလေး ကိုပုကောက် သည် အိပ်ရာ မှ ပျော်ပျော်ရွှင်ရွှင် နိုး လာသည် ။ နွေဦးပေါက်ပြီ မို့ ရာသီဥတု က သာယာ လာသောကြောင့် ဖြစ်၏ ။

နတ်ပုကလေး ဖြစ်၍ အရပ် ပု သည် မှာ မဆန်းပါ ။ သူ့ တစ်ကိုယ်လုံး တွင် ဆန်းသည် က တော့ နှာခေါင်း ဖြစ်သည် ။ သူ့ နှာခေါင်း သည် တော်တော် ရှည်၏ ။ ရှည် ရုံ ရှည် လျှင် လည်း မဆန်းလှသေး ။ ကွေ့ ကောက် နေသည် က ဆန်းသည် ။ သူ့ မျက်နှာ ကို တည့်တည့် ကြည့် လျှင် သူ့ နှာခေါင်းသည် မျက်မှောင် ဆီ မှ စတင်၍ ပါးစပ် ဆီ သို့ စီးဝင်မည် ပြုနေသော မြစ်ကြောင်း ကဲ့ သို့ လိမ်ရစ် ကောက် နေသည် ။

ထို့ကြောင့် သူ့ အမည် သည် ကိုပုကောက် .. ။

သူ နေ နေသည် မှာ မှိုပွင့် ထဲ တွင် ဖြစ်သည် ။ မှို ၏ ရိုးတံ သည် သူ့ အိမ် ဆီ သို့ တက်သည့် လှေကား ဖြစ်၏ ။ စွင့်စွင့်ကားကား မှိုပွင့်ကြီး ကား သူ့ ဗိမာန် နေအိမ်ကြီး ဖြစ်သည် ။

သူ သည် အိပ်ရာ မှ ခပ်သုတ်သုတ် ပင် ထ လာခဲ့ပြီး ပြတင်းတံခါး တစ်ချပ် ကို ဖွင့်လိုက်သည် ။ နွေဦး သဘာဝ အလှ ကို သူ သည် မိုးတွင်း တစ်တွင်းလုံး တောင့်တ လာ ခဲ့ ၏ ။ ဟော .. ယခု တော့ နွေဦးရာသီ ရောက်ခဲ့ပြီ ။

ကောင်းကင်ပြင်ကြီး သည် ထွက်သစ်စ နေရောင်ခြည် တွင် ပြာလဲ့လဲ့ အရောင် ကို ဆောင် နေမည် ။ မိုးတွင်း က ထွက်ပြူ ခဲ့သော ရွက်သစ်ကလေးများ သည် နံနက် လေ ကို ရှူ၍ နွေဦး ၏ နေရောင်ခြည် ကို ရေ ကဲ့သို့ ချိုး နေ ကြရော့မည် ။ မိုးဒဏ် လေဒဏ် က ကင်းပြီမို့ ငှက်ကလေး များ လည်း သစ်ကိုင်းလေးများ ပေါ် တွင် ရဲရဲဝံ့ဝံ့ နား၍ နွေဦး တေးသီချင်းများ ကို သီဆိုကြ ရော့မည် ။ ပန်းပွင့်ကလေးများ လည်း လှပ ၍ အရောင်စုံသော အဝတ်သစ် အစားသစ်များ ဖြင့် ငှက်ကလေးများ ကို ကြွားဝါ ကြမည် ။ အကျီစား သန်သော လေရူး သည် ပန်းပွင့်ကလေး တိုင်း ကို နောက်ချင် စချင်စိတ် ဖြင့် မထိ တထိ ဝင်ရောက် တိုက် သွား ပေတော့မည် ။

“ ဟယ် အလှအပ ကို ကြည့်ဖို့ ငါ နောက် တောင် ကျနေမှာလား”

ဤသို့ တွေး ၍ ကိုပုကောက် သည် တံခါး ကို ဖွင့်ပြီး လျှင် ပြီးချင်း ခေါင်း ကို ပြူထွက် ကြည့် လိုက်သည် ။ တံခါး များ ကို ပိတ်ထား သဖြင့် ခပ်မှောင်မှောင် ဖြစ်နေသော နေရာ မှ ရုတ်တရက် အလင်းရောင် ကို မြင်လိုက်သော အခါ ကိုပုကောက် သည် မျက်စိများ ကျိန်း သွားကာ နှာချေ တော့သည် ။

“ ဟပ်ချီ .. ဟပ်ချီး .. ဟပ်ချီး ”

သူများတွေ ချေလျှင် ‘ ဟပ်ချိုး ’ ဟု ချေကြ၏ ။ သူ့ နှာတံ က မူ နှာခေါင်းရှည် တစ်လျှောက် ကွေ့ ကောက် လာခဲ့ရသည် ဖြစ်၍ ‘ ဟပ်ချီး ’ ဟု သာ အသံ ထွက်သည် ။ ဖားပြုတ်ကြီး ကိုအုန်းအမ် သည် မိုးတွင်း ကို ချစ်၏ ။ နေပူ ကို မကြိုက် ။ ထို့ကြောင့် နေပူ ရှိန် ကို တစ်စ ထက် တစ်စ အတင့်ရဲ လာအောင် ချော့မြူ ခေါ်ငင် တတ်သော နွေဦးကာလ ကို တော်တော်ပင် မလိုလားသူ ဖြစ်သည် ။

နေ ပူလျှင် သူ့ ကျောပြင်ကြီး ပူ လာမည် ။ မိုးရေ ဖျန်း ထား လျှင် ကျောပြင် စို၍ သူ့ အသံတွေ ကျယ်လောင် ကောင်းမွန်၏ ။ နေပူရှိန် ကား သူ့ ကို ကောင်းကျိုး မပြု ။ ကျောပြင် ခြောက် ၍ အသံတွေ ကွဲအက်သည် ။ သူ ချစ် နေ သော ဖားပြုပ်မလေး ခင်ခင်အမ် အတွက် သီချင်း ဆို ပြ ၍ မရ ။

ဟော .. နွေဦး က တော့ ရောက် လာပြီ ။ ကိုအုန်းအမ် ကြီး တားဆီး၍ မရနိုင်ပါ ။ ဇွတ်အတင်း ပင် ရောက်လာပါပြီ ။

ကိုအုန်းအမ် သည် မှုန်တေတေ နှင့် ကိုပုကောက် ၏ အိမ် ဖြစ်သော မှိုပွင့်ကြီး ၏ အရိပ် အောက် တွင် နားခို နေ ၏ ။ တဖြည်းဖြည်း နှင့် မြင့်တက် လာမည့် နေမင်းကြီး ကို မျက်စောင်း တထိုးထိုး အံတခဲခဲ နှင့် ဒေါသ တွေ ထွက်နေ၏  ။

အို .. အလိုက် မသိသော ကိုပုကောက် ပါကလား ။ ဘာမပြော ညာမပြော နှင့် တံခါး ကို ဇတ်ခနဲ ဖွင့်၍ ‘ ဟပ်ချီး ’ ပစ် လိုက်ပါပကော ။ သူ ၏ နှာရည်နှာမှုန် တို့ သည် ဒေါသ ထွက်ရင်း တန်းလန်း ဖြစ်နေသော ကိုအုန်းအမ် ၏ မျက်လုံးကြီးများ နှင့် တိုတောင်းလှသော လည်ကုပ် ပေါ် သို့ တဖွားဖွား ကျလာတော့၏ ။

“ အဲ .. ဟဲ့ .. ဟဲ့ ”

ရယ်သံ မဟုတ်ပါ ။ ကိုအုန်းအမ်ကြီး ဒေါသ ပေါက်ကွဲ သံ သာ ဖြစ်သည် ။ စောစောက နေမင်း ကို ခုန်၍ ဒူး နှင့် တိုက် ချင် နေ၏ ။ မဖြစ်နိုင် သဖြင့် အောင့်အည်း ပြီးသာ ဒေါသတွေ ကျိတ် ထွက် နေသည် ။

ယခု ကိုပုကောက် ဆိုသည့် နတ်ပုကလေး က တော့ နေမင်းကြီး လောက် မမြင့်ပါ ။ သူ့ ခေါင်း မလွတ် တလွတ် ဖြစ် နေသည့် မှိုပွင့် ထဲ တွင် သာ ရှိသည် ။ ထို့ကြောင့် သူ့ ဒေါသများ သည် လည်း ကျိတ် နေစရာ မလိုတော့ဘဲ လွတ်လွတ်လပ်လပ် ပေါက်ကွဲ လာ၏ ။

“ ဟဲ့ .. ငါ့ အိမ် အောက် က တဟဲဟဲ နဲ့ ဘယ် အကောင် က ဒီကို လာပြီး တူ လည်း မတူဘဲနဲ့ နွား လို အော် နေတာလဲ ”

“ ဟေ့ ..  ငါ ကိုအုန်းအမ် ”

“ အောင်မယ်လေး .. အုန်းအမ် ကများ သူ့ ကိုယ်သူ ဗုံးဆံ မှတ် နေသလား ၊ အယ် .. ဟပ် - ဟပ် - ဟပ်ချီး ”

တချီတမောင်း ချေ ပြန် ပါလေပြီ ။ စောစောက မသိ လို့ပါ ဟု ဖြေသော် ဖြေစရာ ရှိကောင်းပါ၏ ။ ယခုတော့ ထင်ထင်ရှားရှား ပင် နှာရည်မိုး ဖွဲ ၍ နှာမှုန်တွေ ကို သဒ္ဓါဒေးယျ နှင့် ကြဲချ ပြန်ပါပြီ ။

“ ကဲကွာ ... မောက်မာဦး .. ကဲကွာ မောက်မာဦး ”

ဖားပြုပ်ကြီး ကိုအုန်းအန် သည် စိတ်လိုက်မာန်ပါ နှင့် ပင် ရှေ့ လက်နှစ်ဖက် ကို ကွေးချည်ဆန့်ချည် လုပ် အပြီး အားယူ ကာ နောက် ခြေများ ကိုပ င် ကြွလိုက် လေတော့၏ ။ ထိုအခါတွင် သူ ၏ ကျောကုန်း ဘုကြီး မှာ ခုံးထ လာပြီး သော် မှိုပွင့် ၏ အောက်နှုတ်ခမ်း ကို ပင့်တင် လိုက် သလို ဖြစ်သွားရာ က မှိုပွင့်ကြီး သည် ရိုးတံ မှ ပြတ်ကာ ပက်လက် လန် ကျိုးကျ သွားလေ၏ ။

အိမ် ၏ ခေါင်မိုး ဖြစ်သော မှိုပွင့် ၏ အထက်ပိုင်း သည် မြေကြီး နှင့် ထိ နေပြီး ရိုးတံပြတ်ကလေး မှာ မိုး သို့ ထောင် နေတော့သည် ။

ဟင် ... ကိုပုကောက် တစ်ယောက် ဘယ်လိုများ ဖြစ်နေ ပါသနည်း ။ ပြောပြပါမည် ။

ကိုပုကောက် သည် နှာချေ လိုက်ရ သဖြင့် မျက်စိများ ရီဝေ သွားစဉ် တွင် ပင် ငလျင်ကြီး ပြင်းထန်စွာ လှုပ်လိုက် သလို တစ်ချက် ခံစားရပြီး ဝုန်းခနဲ မြည်သံ နှင့် အတူ သူ့ မှာ လည်း အင့်ခနဲ မြည်ကာ အခန်းထောင့် တွင် ဖင်ထိုင် လျက်သား ကျ နေသည် ။ အခန်းထောင့်ဆိုသည် မှာ စောစောက သူ ရပ် နေခဲ့သော ပြတင်းပေါက် နှင့် အဝေး ဆုံး နေရာ ပင် ဖြစ်သည် ။

“ ဟ .. ဘယ်လိုဖြစ် ”

သူ့ ကိုယ် သူ ပြောသော စကားပင် မဆုံးသေးချ ။ ပြတင်းပေါက်ကလေး ဘေး က ခုံကလေး သည် သူ့ မျက်နှာ ဆီ သို့ ဝမ်းလျားထိုး ပြေး ဝင် လာလေရာ လက် ဖြင့် ပုတ်ချလိုက်ရ၏ ။ ရေနံဆီ နံ့ ထောင်းခနဲ ထွက် လာပြီး သူ့ ပါးမှာ လွှဲခနဲ ဖြစ် သွား၍ ဦးခေါင်း ကို ငဲ့ ကြည့်လိုက် သည် ။ လသာမှန်အိမ် သည် သူ့ မျက်နှာ နား တွင် ဇောက် ထိုးကြီး ဖြစ်လျက် က လွှဲယမ်းကာ ဖန်အိုး သည် သူ့ နာရင်း ကို ပိတ်ရိုက် ၍ ကွဲအက် သွားသည် ။

သူ ကိုယ်တိုင် မှာ လည်း ခြေနှစ်ချောင်း ထောင် နေ သဖြင့် မတ်တတ် ရပ် ရန် အတင်း ကြိုးစားသည် ။ သို့သော် သူ့ မျက်စိ အောက် တွင် မြင် နေရသော ကြမ်းပြင် ပေါ် သို့ ခြေထောက်များ ကို ချ၍ မရ ။ ခြေထောက် ကို လှမ်း ချလိုက် တိုင်း သူ့ ဒူးကြီး မှာ ကွေးကောက် သွားကာ သူ့ မျက်နှာ ဆီ သို့ ရောက် ရောက်လာသည် ။

“ ဟယ် ..  ဘယ် နတ်ပျက် က ကျိန်စာ တိုက် ထားလို့ ငါ့ ဒူး က ငါ့ မျက်ခွက် ကို ပြေးဆောင့်ဖို့ ကြိုးစားရတာပါလိမ့် ”

သူ တွေးတော နေဆဲ မှာ ပင် ‘ ဂလွမ် ... ခွပ် ’ ဟူသော အသံ နှင့် အတူ တစ်လောကလုံး မှောင်ကျ သွား၏ ။ သူ့ လက် နှစ်ဖက် က ကပျာကယာ သူ့ ခေါင်း ကို လာ၍ စွပ်သော ပစ္စည်း ကို ဆွဲ ချွတ်လိုက်သည် ။

“ ဟယ် ... ထွေးခံကြီးပါ ကလား ”

ကိုပုကောက် သည် စိတ်ဆိုးဆိုး နှင့် ထွေးခံကြီး ကို ကြမ်းပြင် ပေါ် သို့ ပေါက်ချ လိုက်၏ ။ သူ့ အိမ် ဇောက်ထိုး ကြီး ဖြစ်နေသည် ကို သူ မသိပါ ။ ထို့ကြောင့်ပင် သူ အံ့သြရ တော့သည် ။ သူ ပစ်ပေါက် လိုက်သော ထွေးခံ သည် ကြမ်းပြင် နှင့် ထိပြီးသည် နှင့် တစ်ပြိုင်နက် သူ့ ဆီ သို့ပင် သစ္စာ ရှိစွာ ပြန် ပြေး လာကာ ခွပ်ခနဲ ခေါင်း ကို ပြ န်စွပ်ပြန် သည် ။

“ အယ် .. ”

သူ့ ဒေါသသံ မှာ လိုဏ်သံ ထွက်နေသည် ။ ဤ တစ်ချီ တွင်တော့ မလွယ်ပါ ။ ထွေးခံ သည် အရှိန် နှင့် စွပ် နေသည် ဖြစ်၍ တော်တော်ပင် ချွတ်ရ ခက်နေ၏ ။

“ ခွန်းမန့်သန်း ထွိန်းဂိန် ... နိန်ဒေါင့် နိန်နိန့်အုန်းကွိန့် ”

ထွေးခံကြီး ခေါင်းစွပ် ၍ စကား ပြောလျှင် “ ခွေ း မသား ထွေးခံ ၊ နင်တော့ နေနှင့်အုံးကွ ” ဟူသော စကား မှာ ဤသို့ ပင် ဖြစ်ရမည် ။

အတင်း ရုန်းကန် ချွတ် တော့ မှ သူ့ ပါးစပ် က အုန်းခနဲ မြည်၍ ထွေးခံ ကျွတ် သွား၏ ။ ည က တစ်ညလုံး ထွေးခံ ထဲ သို့ တံထွေး ထွေး မထားခဲ့၍ တော်သေးတော့သည် ။ ထွေးခံ မှာ ခြောက်ခြောက်သွေ့သွေ့ နှင့် အလွတ် ဖြစ်နေခြင်း ကို ပင် ကျေးဇူး တင်ရတော့မည် ။

ကိုပုကောက် သည် မတ်တတ် ရပ် ရန် ကြိုးစား ပြန်သည် ။

မမြင်ရသော လူ တစ်ယောက် က သူ့ ရင်ဘတ် ကို ဖိထား သလို ဖြစ်ပြီး ကြွ လိုက်တိုင်း ကြွ လိုက်တိုင်း သူ့ ခြေထောက်များ သည် ကြမ်းပြင် ပေါ် သို့ မရောက်ဘဲ သူ့ ဦးခေါင်း ပေါ် တွင်သာ လမ်းလျှောက် ရန် ဆန္ဒတွေ ပြနေ၏ ။

နောက်ဆုံးတွင် ကိုပုကောက် သည် ဖြစ်သလို ကုတ်ကပ် ထ ၍ ပြတင်းပေါက် ဆီ သို့ သွားကာ ပြန်စေ့ သွားသော တံခါးရွက်များ ကို ဖွင့်၍ ကောင်းကင်ပြင်ကြီး ကို မျှော် ကြည့် လိုက်လေသည် ။

“ အလို .. မြတ်စွာဘုရား ”

သူ သည် လွှတ်ခနဲ အော်လိုက်မိ၏ ။ ကောင်းကင်ပြင်ကြီး သည် မည်းမှောင်၍ အမျှင်အမျှင် နှင့် အရွက်ရှည်ကြီး များ သည် ကောင်းကင် မှ တွဲလောင်း ကျ ကာ ပြတင်းဝ နား တွင် ရောက် နေသည် ။

“ ဘာတွေ ဖြစ်ကုန်ပါလိမ့် ”

သူ သည် ခဲခဲယဉ်းယဉ်း ပင် ကုတ်ကပ် လျှောက်ခဲ့ပြီး အဝင်တံခါးကြီး ကို ဖွင့် ကာ ရိုးတံ ကို ဖက်၍ ကြိုးစား ပမ်းစား ဆင်း လိုက်၏ ။ ရိုးတံ မှာ တစ်ဝက် မရှိ တရှိ တွင် ပြတ် နေသဖြင့် အံ့အားသင့် သွား၏ ။ ပို၍ ဆိုး သည်ကား ကောင်ကင်ပြင်ကြီး သည် ရိုးတံ အောက်တွင် ရောက်နေ သည် ကို သူ မြင်ရလေသည် ။

“ ကဲ မထူးဘူးကွာ ”

သူ သည် မြက်ပင်များ အကြား မြေကြီး ပေါ် ခုန်လိုက် သည် ။ ဤတွင်မှ သူ့ တွင် မှန်ကန်သော အမြင် ကို ရ သွား သည် ။ သူ့ အိမ်ကြီး မှာ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီး စောစောက ပြတင်းဝ နား တွင် သူ မြင်ရသည်မှာ ဇောက်ထိုး ဖြစ်နေသော မြက်ပင်များ သာ ဖြစ်ကြောင်း ကို သိရ လေ တော့သည် ။

ထိုမျှ မကသေး ။ သူ မြတ်နိုးလှသည့် ရာသီ အလိုက် သူ့ စံနန်းတော် ဖြစ်သည့် မှိုပွင့်ကြီး မှာ ရိုးတံ မှ ပြတ် ၍ ကျနေလေပြီ တကား ။

“ ဒါ .. အုန်းအမ် ရဲ့ လက်ချက် ပဲ ဖြစ်ရမယ် ”

ချက်ချင်းပင် သူ ၏ ဦးခေါင်း ထဲ သို့ ထို အသိတရား သည် ဝင်ရောက် လာခဲ့သည် ။ သူ အဝေးသို့  လှမ်းမျှော် ကြည့် လိုက်၏ ။

မှိုပွင့်အိမ်ကြီး ပြိုကျ သွား ကတည်း က ထွက်ပြေးလေပြီ ဖြစ်သော ကိုအုန်းအမ် ကို တော်တော် ဝေးကွာသော အရပ် တွင် မြင် နေရသည် ။ သူ သည် ခုန်ဆွခုန်ဆွ နှင့် ထွက်ပြေးဆဲ ပင် ဖြစ်သည် ။

နတ်ပု သည် ဖား ထက် အပြေး သန်သည် ။ ထို့ကြောင့် ဤမျှလောက် ဝေးကွာသည် ကို ကိုပုကောက် မကြောက်ပါ ။ အုပ် မိ လျှင် နာနာကလေး ဆုံးမ လိုက်မည် ဟု ကြံ၍
သစ်ကိုင်းခြောက် မာမာ တစ်ချောင်း ကို ရှာဖွေ ကောက်ယူ ကာ ကိုပုကောက် သည် ကိုအုန်းအမ်ကြီး ၏ နောက်သို့ ဒုန်းစိုင်း ၍ ပြေး လိုက်လေတော့သည် ။

ကိုအုန်းအမ်ကြီး သည် ပြေးရင်း က ပင် တစ်ချက် တစ်ချက် နောက်သို့ လှည့် ကြည့် တတ်လေရာ မကြာမီ ပင် သူ့ နောက် က ကိုပုကောက် တစ်ယောက် တုတ် တစ်ချောင်း မြှောက်ကိုင် ၍ ပြေးလိုက်လာသည် ကို မြင်ရလေ၏ ။ ထိုအခါ တွင် ကိုအုန်းအမ် သည် ပို၍ လျင်မြန်စွာ ပြေးလေတော့သည် ။

သို့သော် နတ်ပု သည် ဖား ထက် အပြေးမြန် ကြောင်း ကို ကိုအုန်းအမ် က လည်း သိ၏ ။ ဤအတိုင်း ဆိုလျှင် ကြာသော် အမိ ခံရမည် မှာ သေချာ၏ ။ သို့သော် သူ မကြောက်ပါ ။ ရှေ့ တစ်ကွေ့ ဆိုလျှင် ပန်းဝတ်မှုံဘုရင်မ ဖြစ်သော ဝိဇယာဒေဝီ ၏ ဥယျာဉ်တော် သို့ ရောက် တော့မည် မဟုတ်ပါလား ။

အရပ် ပု သလောက် စိတ် မြန်သော ကိုပုကောက် သည် ဇွတ်အတင်း လိုက်နေ၏ ။ သူ့ ရှေ့ က ကိုအုန်းအမ် သည် အကွေ့ကလေး ကို ကွေ့ လိုက်ပြီး ဖြစ်ရာ မြန်မြန် မ လိုက်လျှင် အကွေ့ကလေး ၌ မျက်ခြေပြတ် သွားနိုင်၏ ။ ထိုကြောင့် ပို၍ လျင်မြန်စွာ ပင် ပြေးသည့်အရှိန်အဟုန် ကို မြှင့်တင် လိုက်ပြီး အကွေ့ကလေး သို့ ရောက်သော အခါ မလျှော့သော အရှိန် ဖြင့် ပင် ထိုး ကွေ့ လိုက်၏ ။ သူ သည် စွေ့ခနဲ လေ ထဲ သို့ ပျံ သွားပြီး မြေကြီး ပေါ် သို့ ဖုတ်ခနဲ ကျ သွားသည် ။ မြေကြီး ပေါ် တွင် လေးဘက်ကလေး ဖြစ် လျက် က သမင်လည်ပြန် လှည့် ကြည့်လိုက်၏ ။

“ အိမ်း .. အစား မတော် တစ်လုပ် ၊ အသွား မတော် တစ်လှမ်း ဆိုပေမယ့် အပြေး မတော်ရင် လည်း တစ်ကွေ့ ပါပဲ ကလား ၊ အရမ်းကြီး ပြေး တော့လည်း အရမ်းကြီး မှောက်ခုန်ကျရောပေါ့လေ ၊ အိမ်း .. အနိစ္စ - အနိစ္စ ၊ ဒုက္ခ - ဒုက္ခ ၊ အနတ္တ - အနတ္တ ”

ကိုရွှေလိပ်ကြီး သည် သူ့ ဘာသာ သူ ပြောသလို တတွတ်တွတ် နှင့် လေးကန်စွာ ပြောရင်း ဖြည်းညင်းစွာ ပင် ကွေ့ ကို ကွေ့၍ ထွက်သွား နေသည် ။

“ တောက် ... သောက်ရေးထဲ လိပ်ပုပ် ကို ခလုတ် တိုက် နေရသေးတယ်ဗျာ ”

ကိုပုကောက် သည် မကျေမချမ်း ရေရွတ်ပြီး ကိုအုန်းအမ် ၏ နောက် သာ ဆက် ၍ လိုက်ပြန်သည် ။

သူ့ မျက်စိ ရှေ့ က ကိုအုန်းအမ် သည် ဥယျာဉ်တော် ထဲ သို့ ကွေ့ဝင် သွားသည် ကို သူ သည် မျက်ဝါးထင်ထင် မြင်ရ၏ ။ သူ သည်လည်း ထို အတွင်း သို့ လိုက် ဝင်သည် ။ သို့သော် နွေဦး ၏ လေရူး တွင် လှုပ်ရှား ယိမ်းထိုး နေသော ခေါင်းလောင်းပန်း ၏ အခွက် တွင် ထိုင်၍ ဒန်းစီး နေသော ပန်းဝတ်မှုန် နတ်သမီးဘုရင်မ ဝိဇယာဒေဝီ ၏ ရှေ့သို့ ဗြုန်းခနဲ ရောက်ကြောင်း သိရသည် နှင့် ကိုပုကောက် သည် ကမန်းကတမ်း ကိုယ်ရှိန် ကို သ,တ်ရသဖြင့် သူ့ ခြေထောက် တစ်ဝိုက် တွင် ဖုန်တွေ တထောင်းထောင်း ထ ကုန်တော့ သည် ။

နတ်ပုကလေးများ သည် ပန်းဝတ်မှုန် နတ်သမီး နတ်သား တို့ ၏ အစေအပါး ၊ အလုပ်သမား သာ ဖြစ်ကြလေရာ ကိုပုကောက် သည် ဝိဇယာဒေဝီ ကို ကြောက်ရ၏ ။ ရိုသေရ၏ ။ ထိုကြောင့်ပင် ဘုရင်မ မရိပ်မိ ရ အောင် ကိုယ်ရှိန်သ,တ်ရခြင်း ဖြစ်သည် ။

သို့သော် သူ့ မျက်လုံးများ ကား ဖားပြုပ် ကို ပင် ရှာဖွေ ကြည့်ရှု လိုက်သည် ။ ထိုအခိုက် တွင် ဘုရင်မ ၏ သမီးတော် သော်ကမာလာ သည် ကိုအုန်းအမ် ကို မြင်သည်နှင့် တစ်ပြိုင်နက် ဝမ်းသာအယ်လဲ ဖြစ် သွားကာ

“ အောင်မယ်လေး ... အုန်းကြီး ရယ် ၊ ဘယ် လျှောက် သွား နေရတာလဲ ၊ သမီးတော် ပန်းရနံ့ လျှောက် ရှူမလို့ ..  လာပါ  ၊ သွားကြရအောင် ”ဟု ဆိုပြီး ကိုအုန်းအမ် ၏ ကျော ပေါ် သို့ ခုန်တက် လိုက်လေ ၏ ။

နတ်ပုကလေး ကိုပုကောက် မှာ ကိုအုန်းအမ်ကြီး သည် သမီးတော် သော်ကမာလာ ၏ စီးတော်ယာဉ် ဖြစ်ကြောင်း ကို သိရသည် တွင် တော်တော်ပင် စိတ်ပျက် သွားမိ၏ ။ ထို့ပြင် ဤနေရာ တွင် ကိုအုန်းအမ် ကို လက်ဖျား နှင့် ပင် တို့ ၍ မရကြောင်း ကို သူ သိရှိ နားလည် သွားရတော့သည် ။

ထိုအခိုက် တွင် ဝိဇယာဒေဝီ သည် မျက်စိ အောက် သို့ ဝင်ရောက် လာခဲ့သော ကိုပုကောက် ကို လှမ်း ပြောလိုက်၏ ။

“ မောင်ပုကောက် ၊ သခင်မ ကို ဒီနေ့ ဘယ်လို မြင်သလဲဟင် ”

“ ဖား .. ဖား ”

“ ဘယ့်နှယ်ကွဲ့  ”

“ မှန်လှပါ ၊ ဖားဂမုန်း နဲ့ ပြဒါးလုံး ကို နိုင်လှတဲ့ ဝိဇ္ဇာဇော်ဂျီများ မြင် မိ ကြရင် သူယောင်မယ်ကလေး ပေလား လို့ ထင် သွားကြမယ် ထင်တာပဲ ... ဟူး ”

“ ဟူး - ဆိုတာ ဘာတုံး ”

“ မောလို့ လေ ထွက် သွားတာပါ သခင်မ ”

“ ဟဲ့ .. သခင်မ ထံ ခစား ဝင်ရတာ မောရသလား ”

ဝိဇယာဒေဝီ ၏ အကြိုက် ကို ကြံဖန်လှည့်ပတ် ၍ ဖြေ ထား ရသော ကိုပုကောက် ၏ ဒုက္ခ မှာ မငယ်လှချေ ။

“ မှန်လှပါ ၊ သခင်မ ဒီမှာ စံမြန်း နေကြောင်း သတင်း ကြားကြားချင်း သွားချင်တာ နဲ့ ဒုန်းစိုင်း လာရလို့ မောရ ကြောင်းပါ  ”

“ အဟတ် ... ဟား ... ဟား ”

ခပ်လှမ်းလှမ်း မှ ကိုအုန်းအမ် က အော် ရယ်လိုက် သဖြင့် ကိုပုကောက် သည် မျက်စောင်း ထိုး ကြည့် လိုက် ၏ ။ ဝိဇယာဒေဝီ က လည်း ဖားပြုပ်ကြီး ကိုအုန်းအမ် ထံ တစ်ချက် ကြည့် လိုက်ပြီး ကိုပုကောက် ဘက် သို့ ပြန် လှည့် သည် ။ ကိုအုန်းအမ် ၏ ကျော ပေါ် မှ သော်ကမာလာ က “ ဟို ပန်းချုံ ကို တစ်ပတ် လှည့် ခုန်စမ်းပါ ၊ စီးရတာ ပျော်လို့ ” ဟု ပြောလိုက် သဖြင့် အိုအုန်းအမ် သည် မျက်နှာပိုးသ,တ် ၍ ခုန်ဆွ ခုန်ဆွ နှင့် ပန်းချုံ ကို စတင်၍ ပတ်လိုက်၏ ။

ပန်းဝတ်မှုံနတ်သမီးဘုရင်မ သည် ကိုပုကောက် ကို မေးပြန်သည် ။

“ အလို ၊ မောင်ပုကောက် လက် ထဲ မှာ လည်း တုတ် နဲ့ ပါကလား ၊ ဘာ လုပ်ဖို့တုန်း ”

ကိုပုကောက် သည် လက် ထဲ မှ တုတ်တံ ကို မြှောက်၍ ယောင်ကန်းကန်း ဖြစ်နေတော့သည် ။

“ အား ၊ ဟိုဟာ ၊ အာ အည်း ”

“ ဘာတွေ တင်လျှောက် နေတာလဲ ”

“ အော် .. သခင်မ ၊ ဒါက တုတ်တံ လေ ”

“ ဟဲ့ ငါ မြင်သားပဲ ၊ အဲဒီ တုတ်တံပေါ့ .. ငါ ဘာလုပ်ဖို့လဲ လို့ မေးတာ ”

“ ဒီလိုပါ သခင်မ ၊ သခင်မ ဆီ ဒုန်းစိုင်း ပြေးလာတော့ ခေါင်း နဲ့ တိုက်မိတဲ့ သစ်ကိုင်းခြောက် ပြုတ်ကျတာ နဲ့ အပြန် မှာ တပ်ပေးမယ် လို့ ကောက်လာခဲ့တာပဲ ”

ကိုပူကောက် ၏ စကား ကို ကြားရသော အခါ ဝိဇယာဒေဝီ သည် အားရပါးရ ရယ်မော လေတော့၏ ။

“ ကြံကြံဖန်ဖန် မောင်ပုကောက် ရယ် ၊ ကျိုး သွားတဲ့ သစ်ကိုင်းများ ပြန် တပ်လို့ ရပါ့မလား ”

“ အဟက် ဟား ဟား ”

ဖားပြုပ်ကြီး ကိုအုန်းအမ် ထံ မှ ရယ်သံ ထွက်ပေါ် လာ ပြန် သဖြင့် ကိုပုကောက် သည် ဒေါသ ထွက်စွာ နှင့် မျက်စောင်း ထိုး လိုက်၏ ။ သို့သော် ဖားပြုပ်ကြီး မှာ ယခင် နေရာ တွင် မရှိတော့ ဘဲ အခြား တစ်နေရာ တွင် သာ ရောက် နေ၏ ။ ကိုပုကောက် မျက်စောင်းထိုး လိုက်သော နေရာ တွင် နတ်စစ်သူကြီး မဟာပုကွ ထိုင် နေလေရာ သူ က လည်း မော့ အကြည့် လိုက် နှင့် ကိုပုကောက် က လည်း မျက်စောင်း အထိုး လိုက်မှာ ဆုံစည်း သွားလေသည် ။

စစ်သူကြီး မဟာပုကွ မှာ ခပ်အေးအေး ပင် ထိုင်၍ ဘုရင်မ ကို ခစား နေသည် ဖြစ်ရကား ကိုပုကောက် ၏ မျက်စောင်းကြီး ကို မြင်လိုက်သည် တွင် “ ဟ .. ဒီကောင် ငါ့ ကို ဘာဖြစ်လို့ ရှုသိုးသိုး နဲ့ ကြည့်ရတာပါလိမ့် ” ဟူသော အတွေး ဖြင့် မျက်လုံးကြီးများ ကို ပြူး၍ ပြန် ကြည့်သည် ။

ကိုပုကောက် သည် မဟာပုကွ စိတ်ဆိုး သွားမှာ ကို ကြောက်၏ ။ ထို့ကြောင့်ပင် မျက်နှာထား ကို ပြင်ကာ ပြုံး ပြ လိုက်သည် ။ မဟာပုကွ က “ ဒီကောင် ဘယ်သူ့ ကို ပြုံးပြ ပြန်ပါလိမ့် ” ဟူသော သဘောဖြင့် နောက် သို့ လှည့် ကြည့်၏ ။ ထိုအခါတွင် ကိုပုကောက် က “ ကျွန်တော် ပြုံးပြတာ ခင်ဗျား ကို ပြုံးပြတာပါဗျာ ” ဟု ပြောချင် သကဲ့သို့ လက်ညှိုး နှင့် မသိမသာ လှ မ်း ထိုးပြစဉ် မဟာပုကွ က လည်း ချက်ချင်း ပြန် မလှည့် သဖြင့် လက်ညှိုး တန်းလန်းကြီး ဖြစ်နေ၏ ။

ထိုအခိုက် ဝိဇယာဒေဝီ သည် တစ်ဖက် တွင် ခစားနေ သော အပျိုတော် မယ်ရင်ကပ် ကို မေးခွန်း တစ်ခု လှမ်း မေး လိုက်၏ ။

“ ဟဲ့ .. ရင်ကပ် ၊ မနေ့ က နင့် ဝတ်လဲ ပျောက်တာ သူခိုး တွေ့ ပလား ”

ဘုရင်မ အသံ ထွက်လာ သဖြင့် မဟာပုကွ ပြန် အလှည့် တွင် ကိုပုကောက် က သူ့ ကို လက်ညှိုး ထိုး ပြနေ သည် ကိုတွေ့ ရ၏ ။ သူ သည် ချက်ချင်းပင် မျက်လုံးပြူး မျက်ဆန်ပြူး နှင့် ဘုရင်မ ထံ မှ လက်အုပ်ချီ ၍ ကမန်း ကတမ်း အငန်းမရ လျှောက် တင်ပါလေတော့သည် ။

“ ဟာ ... ကျွန်တော်မျိုး မခိုးဘူး ၊ ကျွန်တော်မျိုး မခိုးဘူး ”

အဖြစ် ကို ဘာမျှ မသိသော ဘုရင်မ သည် စစ်သူကြီး ကို ချာခနဲ လှည့် ကြည့်မိ၏ ။

“ အို စစ်သူကြီး .. ဘာဖြစ်တာလဲ ၊ သခင်မ သိတာပေါ့ ၊ စစ်သူကြီး တန်မဲ့ နဲ့ အပျိုတော်ထဘီ ကို ခိုးပါ့မလားကွဲ့  ၊ ကြံကြံဖန်ဖန် ”

“ နို့ ... သူ က ”

စစ်သူကြီး က မကျေမချမ်း ပြန် လျှောက်ရင်း က ကိုပုကောက် ကို လှည့် ကြည့်ရာ ဘုရင်မ က လည်း ရောယောင် ၍ လိုက်ကြည့်၏ ။ ကိုပုကောက် မှာ မကြံသာတော့ဘဲ ပါးစပ် ထဲ ရှိရာတွေ ပြောရတော့သည် ။

“ ကျွန်တော် မောင်ပုကောက် ပါ ၊ လက် ထဲ မှာ တုတ်တံကြီး ကိုင် လို့ ”

ကိုပုကောက် ၏ စကား ကို စစ်သူကြီး မကျေနပ်ပါ ။

“ မဟုတ်ပါဘူးလေ ”

“ ဟုတ်ပါတယ်လေ ”

“ မဟုတ်ပါဘူး ဆိုမှ ”

“ သိပ်သေချာတာပေါ့ ”

“ အော် ၊ မဟုတ်ရေးချ မဟုတ် ”

“ အို .. ဟုတ် လုံးကြီးတင် ဟုတ် ”

ဝိဇယာဒေဝီ က ကြား က ဝင်တော့သည် ။

“ ဟဲ့ ... မဟာပုကွ ၊ ဘာဖြစ်နေတာတုံး ၊ မောင်ပုကောက် ပြောတာတွေ အားလုံးဟာ ဟုတ်တယ် ၊ ငါ သိတာ ပေါ့ ၊ သူ ဟာ မောင်ပုကောက် ဆိုတာလည်း ဟုတ်တာပဲ ၊ သူ့ လက် ထဲ မှာ တုတ်တံကြီး ကိုင်ထားတာ က လည်း ဟုတ်တာပဲ ”

စစ်သူကြီး က တစ်စုံတစ်ခု ကို တင်လျှောက်ရန် ကြံ သေး၏ ။ သို့သော် အထောက်တော် တစ်ယောက် ရောက် လာ ကာ မြေလျှောက် ပန်းပွင့်တန်းများ ပွင့်လာပြီ ဖြစ်ကြောင်း တင်လျှောက် လာသည် ။

ပန်းဝတ်မှုံ နတ်သမီးတွေ အားလုံး ပျော်ရွှင် သွားကြ ၏ ။ သူတို့ သည် မြေလျှောက်ပန်းများ ကို ဝိုင်းရံပတ်လှည့် ၍ ကပွဲကြီး ဆင်ယင်ရတော့မည် ။ ဘုရင်မ က ဦးဆောင် ရသည့် ထုံးစံ ရှိသဖြင့် ဝိဇယာဒေဝီ သည် ပိုးပုဝါ ကဲ့သို့ ပါးလွှာသော တောင်ပံကလေးများ ကို ဖြန့် လိုက်ကာ ခေါင်းလောင်းပွင့် ပေါ် မှ ဝဲပျံ၍ ဆင်း လာလေသည် ။

ထို့နောက် ပန်းဝတ်မှုန် နတ်သမီးများ စုဝေး၍ ချီတက် သွားကြလေရာ သူတို့ ကို စောင့်ရှောက်ရန် နတ်ပု စစ်သူကြီး နှင့် စစ်သည်တော်များလ ည်း လိုက်ပါ သွားကြ ရလေတော့၏ ။ ထိုနည်းတူစွာ ပင် သမီးတော် သော်က မာလာ သည် စီးတော်ယာဉ် နှင့် သွားလေရာ ဖားပြုပ်ကြီး ကိုအုန်းအမ် သည် လည်း လိုက်ပါ သွားရသည် ။

သို့ဖြစ်ရကား မောင်ပုကောက် မှာ ပြန်လာခဲ့ရတော့၏ ။

သူ့ တွင် မှိုပွင့်အိမ် မရှိတော့ပြီ ။ အခြားသော မှိုပွင့်များ သည် လည်း အိမ် နေသူ အသီးသီး နှင့် မအားမလပ် ဖြစ်နေ လေရာ သစ်ဆွေးတုံးကြီး ထဲ မှ သေးငယ်သော အပေါက် ထဲ တွင် ကျဉ်းကျဉ်းကျပ်ကျပ် နေရလေတော့၏ ။

“ နေပေဦးတော့ အုန်းအမ် ရယ် ၊ တစ်ခါ တစ်လှည့် တော့ ရောက် လာလိမ့်ဦးမှာပေါ့ ၊ ဒီတော့ မှ ငါ့ အပေါ် မင်း လုပ်သွားတဲ့ အကြွေး ကို ပြန် ဆပ်ရမှာပေါ့လေ ”

ထို့နောက်တွင် သူ သည် တော်တော်ဝေးဝေး တွင် တည်ရှိသော ရွာကလေး ဆီ သို့ လှည့်ပတ်၍ အရိပ်အခြေ ကို ကြည့်သည် ။

ရက်များ မကြာမီပင် သူ ရှာဖွေ နေသော အိမ် ကို တွေ့ရ၏ ။

ထို အိမ်သည် ကား သမားတော်ကြီး ဦးကုပျောက် ၏ အိမ် ပင် ဖြစ်လေတော့သည် ။ ထိုအခါတွင် ကိုပုကောက် သည် အိမ်သား အားလုံး တို့ အိပ်မောကျစဉ် အိမ် တွင်း သို့ ဝင်၍ ထောင်းစရာ ရှိသော ဆေးများ ကို ထောင်းထား ပေးခြင်း ၊ လုံးစရာ ရှိသော ဆေးများကို လုံးထား ပေးခြင်း စသည်ဖြင့် အလုပ်များ လုပ်ပေး၏ ။

ဦးကုပျောက် သည် တစ်ရက် လည်း သတိ မထားမိ ၊ နှစ်ရက် လည်း သတိ မထားမိ နှင့် နေလာခဲ့ရာ ကိုပုကောက် သည် သုံးလ နီးပါး ခန့် ညတိုင်း အလုပ် လာ၍ လုပ်ပေး နေရသည် ။

ထိုအခါတွင် ဦးကုပျောက် သည် သူ ၏ လုပ်ငန်းများ နံနက်ခင်း တွင် ပြီး ပြီး နေကြောင်း ကို သတိပြုမိ လာသည် တွင် ညဘက် တွင် ချောင်း ၍ ဖမ်းရာ တစ်ည တွင် အလုပ် လုပ်ပေးသော ကိုပုကောက် နှင့် ရင်ဆိုင် တွေ့ ရတော့၏ ။

ဆရာကြီး ဦးကုပျောက် သည် ကိုပုကောက် ကို သေသေချာချာ ကြည့်သည် ။

“ အလို မင်း က ဘယ်သူတုံး ”

“ ပုကောက် ပါ ”

“ အဲဒါက ဘာလဲ ”

“ ကျွန်တော့် နာမည် ပါ ခင်ဗျ ”

“ မင်း နာမည် က ဘယ့်နှယ် ”

“ ပုကောက် ”

“ ဟယ် ”

“ ဟယ် မဟုတ်ပါဘူး ၊ ပုကောက် ပါ ပုကောက် ”

“ ငါ နားကြားပါတယ်ကွ ၊ ကောင်းကောင်း ပြောပါ ”

“ ဒါနဲ့ စောစောက ဟယ် ဆို ”

“ ဒါက ငါ့ သာသာ ငါ ဟယ်ချင် လို့ ဟယ်တာ ၊ ဒါထက် မင်း နာမည် က ”

“ ပုကောက် ”

“ မင်း ဟာ ငါ့ ညီ မဟုတ်ပါဘူး ”

“ မဟုတ်ပါဘူး ”

“ ငါ့ အစ်ကို လည်း မဟုတ်နိုင်ပါဘူး လေ ”

“ ဝေးလိုက်တာမှ ”

“ ဒါဖြင့် မင်း က ဘာဖြစ်လို့ ပုကောက် ဖြစ်နေရသလဲ ”

“ ပု ပြီး ကောက် နေလို့ ပေါ့ဗျ ၊ ဒါ ဘာဖြစ်သလဲ ”

“ ဟ ငါ က ကုပျောက် ”

“ ဒါကလည်း ကု ပြီး ပျောက် နေလို့ ဖြစ်မှာပေါ့ ”

“ မဟုတ်သေးပါဘူး လေ ၊ နာမည် ဆင်တူ ဆိုတော့ ကဲပါလေ ရှိပါစေတော့ ။ ဒါထက် ည ည မှာ ငါ့ အလုပ် တွေ ကို လာ ဝိုင်း လုပ်ပေးတာ မင်း လား ”

“ ဟုတ်ပါတယ်ဆရာကြီး ”

“ ကောင်းလိုက်လေ မောင်ကုပျောက် ရယ် ”

“ ကျွန်တော် က ပုကောက် ပါ ၊ ကုပျောက် က ဆရာကြီး ပဲ ”

“ အေး - ဟုတ်သားပဲ ၊ အဲဒါကို ငါ သိပ် ကျေးဇူးတင် တယ် ။ ဒါကြောင့် ငါ စောင့် တွေ့ တာ ၊ ကဲ ဒီမှာ မောင်ပုပျောက် ”

“ မှားပြန်ပြီ ဆရာကြီး ၊ ကျွန်တော့် နာမည် က မောင်ပုကောက် ပါ ”

“ ဟဲ့ - အဲဒါ ငါ့ နာမည် မဟုတ်ဘူးလား ၊ အို .. မဟုတ် သေးပါဘူးလကွာ ၊ ငါ့ နာမည် က ပြုကောက် ပဲ ”

“ မဟုတ်ပါဘူး ဆရာကြီး ၊ ဆရာကြီး ရဲ့ နာမည် က ကုပေါက် မဟုတ်ဘူးလား ”

“ ထွတ် မဟုတ်ပါဘူးလေ ၊ ဟာ မင်း နာမည် နဲ့ ငါ့ နာမည်တွေ ရောပြီး ရှုပ် ကုန်ပြီကွာ ၊ ကဲ ဘာ နာမည် မှ မခေါ်စတမ်း ၊ ခေါ်နေသမျှ ကာလပတ်လုံး တော့ ရှုပ် သထက် ရှုပ် ကုန်တော့မှာပဲ ။ မင်း ကို ငါ ကျေးဇူးတင် တယ် ။ ဒီတော့ မင်း ကို ငါ ဆုချမယ် ..  မင်း ဘာ လိုချင် သလဲ ”

“ ကျွန်တော် ဝမ်းချုပ် နေပါတယ် ”

“ အော် .. ပိုပြီး ချုပ်တဲ့ ဆေးကို လိုချင်လို့ ဆိုပါ တော့ ”

“ ဟာ မြန်မြန် သေတော့မှာပဲ ၊ ဒီ ဆေး သာ ပေးရင် ဆရာကြီး နာမည် ဦးပေါက်ပြု မဖြစ်တော့ဘဲ ”

“ ဟိတ် နာမည် မခေါ်စတမ်းလကွာ ”

“ ဟုတ်ကဲ့ ကျွန်တော် မေ့သွားလို့ပါ ။ ကျွန်တော့် ကို ကျေးဇူးပြု၍ ဝမ်းဖောဖောသီသီ အရမ်းကာရော သွားတဲ့ ဆေး ကို ပေးသနားပါ ဆရာကြီး ”

ဆရာကြီး သည် ပုကောက် ကို တစ်ချက် ချိန်ဆ သလို ကြည့် လိုက်၏ ။

“ ဝမ်း အရစ် ခံနိုင်သလား ”

“ ရစ် လေ ကြိုက်လေပေါ့ ခင်ဗျာ ”

“ မင်း တော်တော် ထူးဆန်းတဲ့ ကောင်ပဲ ၊ ကဲပါလေ .. ရော့ ၊ ဒီ ကနခိုကဲလေး ယူသွားချေ ”

“ ကနခိုခဲ သာ ဆိုတယ် ဆေး က အခဲ လည်း မဟုတ် ဘူး ၊ အမှုန့်တွေ ပါလား ”

“ ဟ - ကနခိုကဲ လို့ ခေါ်တယ် ၊ ဒီ ဆေး ထဲ မှာ တခြား ဆေးအမယ်တွေ ထက် ကို ကနခို ဆိုတဲ့ ဆေး က ပို ကဲ ပြီး ပါ နေလို့ ဒီ ဆေး ကို ကနခိုကဲဆေး လို့ ခေါ်တာ ဟ မောင်ကောက်ပြု ရာ ”

“ နံမယ် .. နံမယ် ”

“ သိပ် မနံလှပါဘူး မောင်ကောက်ပု ရဲ့ ”

“ ဟာ နာမည်တွေ မရွတ်စတမ်း ”

“ အေး ငါ မေ့သွားသကွ ”

“ ဒါထက် ဒီ ဆေး က ရေ နဲ့ ဖျော်သောက်ရင် ရသလား ”

“ သိပ် ရတာပေါ့ကွာ ၊ အဲဒါ ခွက်ငါးဆယ်စာ နော် ”

“ ကျေးဇူးကြီးလှပါတယ် ဆရာကြီး ”

ထို့နောက် ကိုပုကောက် သည် သူ့ အိမ် သို့ ဝမ်းသာ စွာ ပြန်လာခဲ့လေ၏ ။

ရာသီဥတု သည် ကား နွေဥတု ကုန်ဆုံး လေပြီ ။ သို့သော် ရှေ့ပြေး မိုးကလေး ကား တစ်စက် မျှ မကျသေး ။ ထို့ကြောင့် ကိုအုန်းအမ် မှာ မိုး ကို မျှော်လှလေပြီ ။ ထိုသို့ မျှော်ခြင်းကား နှစ်စဉ် နှစ်တိုင်း သူ လုပ်နေကျ ဖြစ်၏ ။ သို့သော် ယခု နှစ် တွင် တော့ တမူထူးခြား ကာ ကိုပုကောက် က ပါ မိုး ကို မျှော် နေလေတော့သည် ။

မိုး သည် နောက်ကျ ချင် သာ နောက်ကျ မည် ၊ မလာဘူး ဟူ၍ တော့ မရှိပါချေ ။

ထို့ကြောင့် မကြာမြင့်မီ ပင် ဝဿန်ဦးမိုး သည် အလုံး ကြီးကြီး နှင့် ခပ်ကျဲကျဲ ရွာသွန်းချ လာ လေတော့သည် ။ ဤတွင် တစ်ခါတစ်လှည့် ကို စောင့် နေသော ကိုပုကောက် သည် ရေကန်ဆီ သို့ ပြေးကာ ကနခိုကဲဆေး ကို အားလုံး သွန် ထည့်လိုက်ပြီး ပိန်းပင်အုပ် အောက် က  မိုးခို ရင်း စောင့်ကြည့် နေလိုက်သည် ။

မကြာပါပြီ ။

ကိုအုန်းအမ် သည် ခုန်ဆွခုန်ဆွ နှင့် ကန်ဘောင် ပေါ် တက် လာ၏ ။ ရွှင်လန်းမြူးတူးစွာ နှင့် မိုး ကို အော် နှုတ်ဆက် လိုက်ပြီးသော် ရေကန် ထဲ သို့ လွှားခနဲ ခြေပစ်လက်ပစ် ခုန်ချ လိုက်လေသည် ။

“ ဗွမ်း ဗုတ် ဗတ် ဗွမ်း ဗုတ် ဗတ် ”

ဖားပြုပ်ကြီး ကိုအုန်းအမ် သည် ကူး - ကူး - ကူးခတ် လျက်ရှိသည် ။ ထိုအခိုက် တွင် ခင်ခင်အမ် သည် လည်း ကန်ဘောင်ရိုး ပေါ်သို့ ဘွားခနဲ တက်လျက် လာခဲ့လေ ၏ ။ ရေ ထဲ က ကိုအုန်းအမ် သည် ကန်ဘောင် ပေါ် က ခင်ခင်အမ် ကို မြင်တော့သည် ။

ကိုအုန်းအမ် သည် ခင်ခင်အမ် ကို အလွန် ချစ်ခင်၏ ။ ထို့ကြောင့် ယခုကဲ့သို့ ကန်ဘောင် ပေါ် က ခင်ခင်အမ် ကို မြင် လျှင် ကိုအုန်းအမ် သည် အစွမ်း ပြ တော့၏ ။

ရေ ထဲ တွင် သူ အဘယ်မျှ ကျွမ်းကျင်သူ ဖြစ်ကြောင်း ကို ရေငုပ် ပြ၏ ။ နီးရာ ကြာရွက် ပေါ် က နေပြီး ရေ ထဲ သို့ ဂျွမ်းထိုး ချ ပြ၏ ။ ဤသို့ တတ်စွမ်းသမျှ တွေ ကို ပြသလေ ရာ ကန်ရေ များစွာ သည် သူ ၏ ပါးစပ် မှ တစ်ဆင့် ဝမ်း ထဲ သို့ ရောက်၏ ။ ကန်ရေများ နှင့် အတူပင် ဝမ်းနှုတ်ဆေး များ လည်း သူ ၏ ဝမ်း ထဲ သို့ တစ်ပါတည်း ရောက်တော့ သည် ။

“ ဟင် .. တကတည်း နံလိုက်တာ တော် ”

ခင်ခင်အမ် သည် မျက်နှာ ရှုံ့မဲ့၍ ခုန်ပြေး လေသည် ။ ကိုအုန်းအမ် သည် ခင်ခင်အမ် ၏ နောက်သို့ ပြေး လိုက်ရန် ကြိုးစား၏ ။ သို့သော် သူ့ ခမျာ ဝမ်းတွေ သွားရလွန်း သဖြင့် နုံးချည့် နေပါပြီ ။ နောက် ခြေထောက်များ ကို ပင် ပြည့်ပြည့်ဝဝ မဆန့်နိုင် ရှာတော့ပါ ။ မျက်လုံးကြီးများ လည်း စင်း နေ၏ ။

“ ဟား ဟား ဟား ၊ တစ်ခါတစ်လှည့် တော့ လည်း မင်း ခံချေဦးပေါ့ကွာ ၊ ငါ့ တုန်း က လည်း ဒီလိုပဲ ကျိတ်မှိတ် ခံခဲ့ရ တာပဲ ဟေ့ ”

ကိုပုကောက် သည် အားရပါးရ ရယ်မော ၍ ထို ကန် ဆီ မှ ခပ်သုတ်သုတ် ပြေးသွားလေတော့သည် ။ နောင် မကြာမီ သော ကာလ တွင် ပေါက်လာမည့် မှိုပွင့်အိမ်ကြီး တွင် ဤ တစ်ချီ တော့ သူ သည် စိတ်တိုင်းကျ နေရပါတော့မည် ။

ကလေးတို့  ရွှင်လန်းကြပါစေ ။

◾ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသ ပုံပြင်များ ပေါင်းချုပ် ( ပထမတွဲ )
.

No comments:

Post a Comment