Monday, January 27, 2025

ထွက်ပြေးနေသော အလွမ်းသီချင်း


 

❝ ထွက်ပြေးနေသော အလွမ်းသီချင်း ❞
          ( ပိုင်စိုးဝေ )

( ၁ )

သစ်ပင် ဟာ သူ့ ဟာ သူ ပေါက်နေတယ် ။ အရွက် တွေကို ညင်ညင်သာသာ လေလှုပ်ကစားနေတယ် ။ အဲဒါဟာ သူ့အလုပ်ပဲ ။ ‘ ပါစတာညက် ’ က အဲသလို ပြော ခဲ့တယ် ။ ကျွန်တော် ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ကြေကွဲ စေခဲ့တယ် ။ သီးပွင့်လာမယ့် ပျော်ရွှင်မှုတွေ ကိုလည်း ကျွန်တော်ကိုယ်တိုင် လှုပ်ယမ်းခါချပစ်ခဲ့တယ် ။ အဲဒါ ဟာ ကျွန်တော့် အလုပ်ပဲများလား ။

အများကြီးကို ကျွန်တော် မျှော်လင့်ခဲ့ပါတယ် ။ ဒါပေမဲ့ နည်းနည်းကလေး တောင် ကျွန်တော် ရနိုင်မှာ မဟုတ်တော့ပါဘူး ။ ကုန်ဆုံး လွန်မြောက်ခဲ့ရတဲ့ ကျွန် တော့်ဘဝရဲ့ အနှစ်နှစ်ဆယ် ၊ အနှစ်သုံးဆယ် ၊ အနှစ် လေး ဆယ် ။ အဲဒီ နှစ်တွေဟာ ဆန့်တန်းထားတဲ့ လက်ကို ကွေး လိုက်ရုံနဲ့ ဖြန့်ပြီး လိပ်ပြီးသား ကားချပ်တစ်ချပ် လို ကျဉ်း ကျဉ်းကလေးရယ် ။ ဒီကားချပ်ထဲက ဝင်သက်ထွက်သက် တွေကို ဆန့်ထုတ် လိုက်ရင်တော့ ရှည်လျားရစ်ခွေတဲ့ သံသရာတစ်ခုလို ရေတွက်လို့ကို ဆုံးမှာ မဟုတ်ပါဘူး ။ တကယ်လို့များ ကျွန်တော့် အသွေးအသားကို လည်ပတ် စေမယ့် ခံစားမှု တစ်စုံတစ်ရာ ကျန်ရှိနေသေးတယ် ဆိုရင် တော့ အဲသည်အရာဟာ နောင်တနဲ့ သံဝေဂတရား တွေပဲ ဖြစ်လိမ့်မည် ။ အဲသည် တရားတွေဟာ လူတစ်ယောက် ကို ညစ်ထေးပေကျံမှုမှ တစ်ပါး ဘာမှတန်ဖိုးမရှိနိုင်ဘူး ဆိုလျှင်တောင်မှ ကျွန်တော့် နှလုံးခုန်သံတွေ ဆက်လက် ရှင်သန်နေဖို့အတွက် အဲသည် နောင်တနဲ့ သံဝေဂတရား တွေကို ဆက်လက် ဖက်တွယ်ထားရဦးတော့မယ် ။

( ၂ )

အမှောင်ထုက နောက်တစ်ကြိမ် ဖုံးအုပ်လာပြန် ပါပြီ ။ အလင်းရောင်ဟာ နာရီပေါင်းများစွာ ကုန်ဆုံးမှ သာ ကျွန်တော့်ဆီ ပြန်ရောက် လာတော့မယ် ။ ဟို ခပ်ဝေးဝေး မီးရထားဘူတာရုံဆီက ဒီဇယ်စက်ခေါင်းတွေ ခုတ်မောင်းနေသံ ကြားရတယ် ။ ညတစ်ည အဖြစ် အိပ် စက်အနားယူဖို့ ၊ တည်းခိုခန်း တစ်ခုဆီ ရောက်ဖို့ သွားနေ ရတယ် ။ နာရီသံချောင်းခေါက်သံတွေကို လိုက်ပြီး ရေ တွက်နေရင်းပဲ သီချင်း တစ်ပုဒ်ရဲ့ အလိုက်ကို လေချွန်မိ ပြီးတော့ လမ်းဘေးမှာ အိပ်နေတဲ့ ခွေးတစ်ကောင် ကို တက်နင်းမိခဲ့တယ် ။

အခန်းကျဉ်းကလေးတစ်ခုထဲ ရောက်လာခဲ့တယ် ။ ခန္ဓာကိုယ်ပေါ်က လေးလံမှုတွေကို ခါချပစ်လှဲလိုက် တယ် ။ ‘ ကြေကွဲမှုဆိုင်ရာ ဥပေက္ခာစာတမ်း ’ မှတ်စု စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာပေါ် ချရေးလိုက်တယ် ။ နှလုံးခုန်သံဟာ ပိုပြီးဝေးတဲ့ အရပ်ဒေသတစ်ခုဆီက ပြေး လာနေသလိုပဲ ။ ရင်ထဲမှာ အချိန်အကြာကြီး မြည်ဟည်း ပြီးတော့ အပြင်ဘက် မိုင်ပေါင်း များစွာဆီ ထွက်ပြေး သွားပြန်တယ် ။ ညဉ့်နက်နက်ထဲမှာ မြို့ပြရဲ့ ဆူညံမှုတွေ ငြိမ်ကျ သွားတယ် ။ ဒီဇယ် မီးရထားစက်ခေါင်း ဥသြဆွဲသံက ပိုပြီး ကျယ်လောင်စူးရှစွာ မြည်ဟည်းလာတယ် ။ တစ်စုံတစ်ခု ချရေးဖို့ ကြိုးစားနေမိတယ် ။ ‘ ငါ ’ ဆိုတဲ့ စာလုံး တစ်လုံးတည်း ကိုပဲ စာရွက်ပေါ် ချရေးလိုက်နိုင် တယ် ။ ပျံ့လွင့်နေတဲ့ စိတ်အာရုံကို စုစည်းပြီးတော့ စာရွက် ပေါ်က ‘ ငါ ’ ဆိုတဲ့ စကားလုံးကို အချိန်အကြာ ကြီး စိုက်ကြည့်နေမိတယ် ။ ပြီးတော့ ငါ ... ငါ ... ငါ ၊ စာရွက်တစ်ခုလုံး ရေးပစ်လိုက်မိတယ် ။

ခံစားမှုအာရုံကြောတွေဆီက တစ်ဆင့် နှလုံးသား ကို စောင့်ပြီး နားထောင် နေမိတယ် ။ ဦးနှောက်က ဝင် လာမယ့် အသိအာရုံတံခါးတွေကိုလည်း အဆင်သင့် ဖွင့်ထားမိတယ် ။ ဒါပေမဲ့ ဘယ်အရာမှ ဝင်ရောက် မလာ ပါဘူး ။ အကြောင်းအရာတွေ ၊ စကားလုံးတွေ အားလုံးပဲ အငွေ့ပျံပြီး လေထုထဲ လွင့်မျောနေကြတယ် ။ ကျွန်တော့် ဘဝ တစ်ခုလုံးကို ကျွန်တော့် ရှေ့မှာရှိနေတဲ့ စာရွက်ပေါ် အန်ချလိုက်ချင်ရဲ့ ။ တကယ်တမ်း ချရေးဖို့ ကြိုးစားတော့ ‘ ငါ ’ ဆိုတဲ့ စကားလုံးမှ တစ်ပါး ဘာမှ ရှာမရတော့ဘူး ။ အတိုဆုံး ဝါကျလေး တစ်ခု အဖြစ်တောင် ဖွဲ့စည်းလို့မရ နိုင်တဲ့ ‘ ငါ ’ ဆိုတဲ့ စကားလုံးကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲ ပစ်လိုက်မိတယ် ။ တင်းမာနေတဲ့ အစမ်းသပ်ခံ မျက်နှာပြင်အောက်က ကျွန်တော့် ဘဝကို ကျွန်တော် ကိုယ်တိုင် အကြိမ်ကြိမ် ဆုတ်ဖြဲပစ်ခဲ့ဖူး သလိုပါပဲ ။ တစ်ခု တည်း အဖြစ်က အစိတ်အပိုင်းများစွာ ပြန့်ကျဲနေတဲ့ စာရွက်တွေကို ပြတင်းပေါက် ကနေပြီး အပြင်ဘက် အမှောင်ထုထဲ လွှင့်ပစ်လိုက်တယ် ။ လေစိမ်းတွေက ကျွန်တော့် မျက်နှာကို တိုးဝှေ့နေတယ် ။ အမှောင်ထဲမှာ ဖြူဖြူဖွေးဖွေး အစက်အပြောက်ငယ်တွေ လေထဲဝဲပျံ ဆင်းနေတာကို စောင့်မကြည့်တော့ဘဲ ပြတင်းပေါက်ကို ဆောင့်ပိတ်လိုက်တယ် ။

အလင်းရောင်ထဲ ကို ထိုးဖြတ် ။ ပြီးတော့ အမှောင် ထုထဲတိုးဝင် ၊ ပြီးတော့ ညတစ်ည အဖြစ် အိပ်စက် ။ နေ့ တွေ ၊ ညတွေ ၊ အလင်းရောင်တွေ ၊ အမှောင်တွေ ၊ အိပ်စက် ခြင်းတွေနဲ့ ရှည်လျားတဲ့ ခရီးတစ်ခုပါ ။

( ၃ )

အနှစ် နှစ်ဆယ်ကျော် က သူမ ထံသို့ အပြန်ခရီးပါ ။ သူမ ထံရောက်ဖို့ ကျွန်တော့် ခရီးဟာ အမှန်တကယ်ပဲ

ရှည်လျားပါတယ် ။ သစ်ပင်တွေ ၊ တောတောင်တွေ ၊ စိမ်း လန်းတဲ့ လယ်ကွင်းတွေနဲ့ တောင်တန်းတွေ ၊ မြစ်တွေ ၊ ချောင်းတွေ ဖြတ်သန်းခဲ့ပြီးပြီ ။ ဖြတ်သန်းရဦးမယ် ။ ပြီးတော့ မီးရထားဘူတာရုံတွေ ၊ သင်္ဘောဆိပ်တွေနဲ့ ပင် လယ်ပြင် ၊ မိုးကောင်းကင် ကိုလည်း ဖြတ်သန်းခဲ့ပြီးပြီ ။ ဖြတ်သန်းရဦးမယ် ။

အခု ကျွန်တော် ဖြတ်သန်း နေတဲ့ လမ်းတစ် လျှောက် လွန်ခဲ့တဲ့ ဟို အနှစ်နှစ်ဆယ်ကျော်တုန်းက လူငယ် တစ်ယောက် ဖြတ်သန်းခဲ့ဖူးတာပေါ့ ။ တစ်ဆင့်ပြီး တစ်ဆင့် ကျွန်တော် ကျောပေး ထွက်ခွာခဲ့တဲ့ သည်အရပ် တွေဟာ ဟိုတစ်ချိန်တုန်းက အဲသည် လူငယ်ရဲ့ ဦးတည်ရာ အရပ်တွေပဲပေါ့ ။ အခု ကျွန်တော်က အသက် လေးဆယ်ရွယ် လူကြီး တစ်ယောက် ။ အဲသည့်အချိန် တုန်းက အဲသည် လူငယ်ကတော့ အသက်နှစ်ဆယ်ရွယ် လူငယ် တစ်ယောက်ပါ ။ ဒါပဲ ကွာခြားမယ် ။

ကျွန်တော် နဲ့ အဲသည် လူငယ်ကြား ခြားနားမှုတွေ လည်း အများကြီး ရှိပါတယ် ။ ကျွန်တော် က ငေးမှိုင် တွေဝေတဲ့ မျက်လုံးအစုံနဲ့ အရာဝတ္ထုတိုင်း ကို တရား သဘောဆန်ဆန် ကြည့်တယ် ။ လမ်းခရီး တစ်လျှောက် တွေ့သမျှလူတိုင်းကို နှိမ့်ချပြောဆို ဆက်ဆံဖို့ အဆင် သင့် ဖြစ်နေတယ် ။ အဲသည် လူငယ်ကတော့ ကျွန်တော် နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါ ။ သူ့မျက်လုံးတွေက တောက်ပ ပြီးတော့ အရောင် တဖျပ်ဖျပ် လက်နေတယ် ။ အရာဝတ္ထု တိုင်းဟာ သူ့အကြည့်ကို ခံလိုက်ရရင် ဖုံးကွယ်ထားတဲ့ အပေါ်ယံ အလွှာတွေ ကွာကျပြီးတော့ အတွင်းသားကို အလိုအလျောက် ဖော်ပြ နေတတ်ကြတယ် ။ မျှော်လင့် ချက်တွေနဲ့ တက်ကြွနေခဲ့တယ် ။ ချေချေငံငံ ပြောဆိုခြင်း အကြောင်းကို သူ စိတ်မဝင်စားဘူး ။ ဒါပေမဲ့ သူ ဟာ ပါးနပ်တယ် ။ လိုအပ်ခဲ့ရင် ဝံပုလွေ တစ်ကောင်လို ရက် စက်ကြမ်းတမ်းဖို့ရော ယုန်ကလေးတစ်ကောင်လို နူးညံ့ သိမ်မွေ့ ဖို့ပါ နှစ်ခုလုံး အတွက် သူ့ ပင်ကို ဗီဇက သင်ကြား တတ်မြောက်ပြီးသား ဖြစ်နေတတ်တယ် ။ သူဟာ ကမ္ဘာ မြေကြီးကို သူ့ခြေထောက်တွေအောက် နင်းပစ်ခဲ့ပြီး မိုးကောင်းကင် ဆီကိုသာ အမြဲ မျှော်ကြည့်နေခဲ့တဲ့ အတွက် အခု ကျွန်တော် မြင်နေရတဲ့ စိမ်းစိမ်းစိုစို လယ်ကွင်းတွေ ၊ တောတန်း တောင်တန်းတွေ ကို သူ မမြင်နိုင်ခဲ့ဘူး ။

သူဟာ မျက်စိ ကို စုံမှိတ် ပြီးတော့ မီးရထား တစ်လျှောက် လမ်းဘေး သစ်ပင်ပုပုတွေအပေါ် တံတွေးနဲ့ ထွေးပစ်မဲ့မယ် ။ စီးကရက်မီးခိုးတွေကို လေထဲမှုတ်ထုတ် ရင်း ‘ ရာစုတိုင်းကို ဖြတ်သန်းနေသော ဝိညာဉ်များ ’ အတ္ထုပ္ပတ္တိစာအုပ်ကို အကြိမ်ကြိမ် ဖတ်ခဲ့မယ် ။

အခု ကျွန်တော်ကတော့ ခရီးလမ်းတစ်လျှောက် တစ်ခါမှ မတွေ့ဖူး ၊ မကြုံဖူးတဲ့ လူတွေ ကိုလည်း လက်ပြ နှုတ်ဆက်ခဲ့တယ် ။ ဒါပေမဲ့ သည်အကြောင်းကို ကျွန်တော်တို့ တစ်တွေ မှတ်မိခဲ့ကြမှာ မဟုတ်ပါဘူး ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သည်လူတွေနဲ့ သည်နေရာမှာ ။ တခြားတစ်နေရာရာမှာ ပြန်တွေ့ ခဲ့ရင်လည်း သည် အကြောင်းကို ကျွန်တော်တို့ ပြန်ပြောနိုင်ကြမှာ မဟုတ် တော့ပါဘူး ။

သီချင်းစာသား တစ်ပုဒ်ကို ကျွန်တော့် ပါးစပ်က ဆိုလိုက်မိတယ် ။ အခု အချိန်မှာ အသက်အရွယ် အရ ၊ အတွေ့အကြုံ အရ နောင်တနဲ့ သံဝေဂတရားတွေ ကို မျက် မှောက်ပြုနေရတဲ့ ကျွန်တော်ပေါ့ ။ ဒါပေမဲ့ ကျွန်တော် ဆိုလိုက်တဲ့ သီချင်းဟာ ကမ္ဘာမြေကြီးကို အချစ်များစွာနဲ့ ရစ်ပတ်ပြီး ဘဝမှာ ပျော်ရွှင်မှု အပြည့်ရှိတဲ့ လူငယ်ကလေး တစ်ယောက်အကြောင်း ပျော်ရွှင်စရာ သီချင်း တစ်ပုဒ်ပါ ။ အလို မပြည့်မှုတွေက ထိုးနှက်ထားတဲ့ အတွက် ကျွန်တော် နှလုံးဟာ အစိတ်စိတ်ကြေမွပြီး နာတာရှည်ရောဂါသည် တစ်ဦးလို ခံစားနေရပေမယ့် ပျော်ရွှင်မှုကို ကျွန်တော် ယုံကြည်တယ် ။ ပျော်ရွှင်နေတဲ့လူတွေကို ကျွန်တော် လေးစားတယ် ။ ကျွန်တော်ကိုယ်တိုင် ပျော်ရွှင်မှုကို နှစ် သက်မြတ်နိုးသူဖြစ်ပါလျက်နဲ့ ကျွန်တော့် ဘဝဟာ ဘာ ကြောင့်များ ငိုကြွေးစရာ ဝဋ်ဆင်းရဲတွေ ကို ပိုင်ဆိုင်နေရ ပါလိမ့် ။ ကမ္ဘာမြေကြီးဟာ သည်လို မှားယွင်းမှုတွေကို လည်း ထမ်းဆောင်ထားရပါလား ။

ဟို အနှစ် နှစ်ဆယ် ကျော်တုန်းက လူငယ် ။

သူ ကတော့ သူ့ လမ်းခရီး တစ်လျှောက်မှာ ယုံကြည် မျှော်လင့်ချက်တွေ ပြည့်ပြီး သူ့ ခရီးကို ယုံကြည်စိတ်ချ နေသူပါ ။ ရှေ့မှာရှိတဲ့ ပျော်ရွှင်စရာ အသစ်တွေနောက် လိုက်ရင်း နောက်မှာ ကျန်ရစ်ခဲ့တဲ့ ပျော်ရွှင်စရာတွေကို စွန့်ပစ်ထားနိုင်ခဲ့သူပါ ။ အသစ်အသစ်တွေက အဟောင်း အဟောင်းတွေ ကို ချုပ်ငြိမ်းစေသည် ဆိုတဲ့ တရားသဘော ကို နားလည်လို့တော့ မဟုတ် ။ အရာဝတ္ထုနဲ့ အမူအရာရဲ့ တရားသဘော ဖြစ်ခြင်း ပျက်ခြင်းကို တွေးတော ဆင်ခြင်နိုင်တဲ့ စွမ်းအားကလည်း သူ့မှာ မရှိ ။ အဲသည်လို နားလည်တတ်မြောက်မှု မပါခြင်းကိုက သူပိုင်ဆိုင် ကိုယ်စားပြုနေတဲ့ ဘဝ အစုအဝေးကြီး တစ်ခုလုံးဟာ စစ်မှန်တဲ့ သင်္ခါရဓမ္မရဲ့ ပြယုဂ် တစ်ခုကို ပြနေခဲ့တယ် ။

သူ့နဲ့ သာ ယှဉ်လိုက် ရင်တော့ ကျွန်တော့် နောက်မှာ လှပမှုဆိုတာ ဘာမှမရှိပါဘူး ။ အသက်ရှူသံထဲ လွင့်မျောကျန်ရစ်ခဲ့တဲ့ သံဝေဂတရားတွေရဲ့ ပုန်းခိုရာ မှောင်မှောင်မည်းမည်း ကမ္ဘာကြီးသာ ထုထည် ကြီးကြီးမားမားနဲ့ ကျန်ရစ်ခဲ့လိမ့်မယ် ။ သူကတော့ တောက်ပတဲ့ ဆေးရောင်စုံ နေ့ရက်တွေကို သူ့နောက်မှာ ချန်ထားခဲ့ တယ် ။ ရှေ့မှာလည်း မျှော်လင့်ချက်တွေ အပြည့်အဝနဲ့ ။

သူ့ဘဝရဲ့ အမှတ်ရစရာ နေ့ရက်တွေ ထဲမှာ သူမ ဟာ လွင့်မျောတုန်ခါပြီး ကျန်ရစ်ခဲ့မယ် ။ မကြာခင် ရောက်လာတော့မယ့် လက်ထပ်မင်္ဂလာပွဲရက်အတွက် သတို့သမီးဝတ်စုံကို ချုပ်လုပ်ရင်း ကျန်ရစ်ခဲ့မယ် ။ အဲသည် နေ့တွေဟာ သူတို့ နှစ်ဦးလုံးရဲ့ တကယ့် ပျော် ရွှင်စရာနေ့တွေပါ ။ သူမရဲ့ သူငယ်ချင်း မိန်းမလှ အပျို ဖော်တွေနဲ့ တွတ်တွတ် တွတ်တွတ် ပြောဆိုရယ်မော နေကြမယ် ။ သူတို့က သူမကို ရွှတ်နောက် ကျီစယ်ပြီး စကြမယ် ။ သူ့ကိုကြည့်ပြီး ပါးစပ်တွေကို လက်ဝါးနဲ့ အုပ်လို့ တခစ်ခစ် ရယ်နေကြမယ် ။ သူတို့ အလစ်မှာ သူက သူမကို လှစ်ခနဲ နမ်းမယ် ။ သူမက သူ့ကို လိမ်ဆွဲပြီး သူ့ အဖော်တွေရှိရာ ထွက်ပြေးသွားမယ် ။ ပြီးတော့ သူမ က သူ့ ကို အံ့သြသွားစေချင်ခဲ့တယ် ။ သူမ ရွေးချယ်ထားတဲ့ မင်္ဂလာဝတ်စုံအတွက် အထည်စကို အရောင်နဲ့ ဒီဇိုင်းပုံစံတွေ သူမသိအောင် လျှို့ဝှက်ထား ခဲ့တယ် ။ ဒါပေမဲ့ သူနှစ်သက်တဲ့ မိုးကောင်းကင်အပြာ ရောင်ဖြစ်လိမ့်မယ်ဆိုတာ သူသိပြီးသား ။ ပုံစံဒီဇိုင်း အတွက်လည်း သည်မြို့မှာ အကျော်ကြားဆုံး အမျိုးသမီး စက်ချုပ်ဆရာမ နဲ့ တိုင်ပင်နေကြတာ သူသိပြီးသား ။

အဲသည်ရက်တွေက သူတို့နှစ်ဦး ပျော်ရွှင်ခဲ့ကြပုံ ဟာ လူတိုင်းကို ခံစားမှုတွေ ကူးစက်စေခဲ့တယ် ။ သူတို့ နှစ်ဦးရဲ့ ရင်ခုန်သံကြောင့် နေရောင်ခြည်ဟာ ကွေ့ ကောက်သွားခဲ့တယ် ။ နီရဲတဲ့ နှုတ်ခမ်းတစ်စုံ ဖန်ခွက်ထဲ ငုံ့ဆင်း သွားချိန်မှာ စီးကရက်မီးခိုးတွေ လေထဲလွင့်တက် သွားတယ် ။ ဖြူဖြူနုနု လက်ဖမိုးခုံးခုံးကလေးကို ဆုပ်ယူ နမ်းရှိုက်လိုက်တဲ့ ကာလတွေမှာ သူမရဲ့ နှလုံးခုန်သံတွေ သွေးကြောထဲ ဖြတ်စီးသွားသံ သူကြားနေရတယ် ။ လမ်းမများပေါ် ကျကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ရယ်မောသံ တွေက လူအချို့ကို ခလုတ်တိုက်မိစေခဲ့တယ် ။ မြို့တော်ရဲ့ပန်းခြံ ၊ တိရစ္ဆာန်ဥယျာဉ်ရဲ့ အရိပ်တစ်ခုခု ။ လူသွားလမ်း ပလက်ဖောင်းနဲ့ ဘတ်စ်ကားတွေပေါ်မှာ နောင်လာမယ့်နှစ်တွေ အများကြီးထိ တငွေ့ငွေ့ တည်ရှိ နေမယ့် စကားလုံးတွေကို ချန်ထားရစ်ခဲ့ကြတယ် ။

တစ်နေ့ ... သူ ။

လူငယ်ဟာ သူမ ရဲ့ခေါင်းမှာ ပန်ထားတဲ့ ပန်း ကလေးတစ်ပွင့်ကို ဖြုတ်ယူပြီးတော့ လမ်းမဘက် ထွက် သွားခဲ့တယ် ။ ပြန်မလာတော့ပါဘူး ။

အဲသည်နေ့က ကောင်းကင် တစ်ပြင်လုံး အုံ့မှိုင်း နေလိမ့်မယ် ။ ဒါမှမဟုတ် တောက်ပတဲ့ နေရောင်ခြည် ဟာ တစ်မြို့လုံးပေါ် ဖြာကျနေလိမ့်မယ် ။ ဒါမှမဟုတ် ရာသီဥတုဟာ တခြား အခြေအနေ တစ်မျိုးမျိုး ဖြစ်ကောင်း ဖြစ်မယ် ။ ရပ်ကွက်မှာရှိတဲ့ ဝတ်ပြုဓမ္မာရုံမှာတော့ လူစည် ကားနေတဲ့ နေ့တစ်နေ့ ဆိုတာ သူ မှတ်မိနေတယ် ။ မြို့တော်ရဲ့ ရုပ်ရှင်ရုံ တစ်ရုံမှာ ဂျိန်းဖွန်ဒါ ပါဝင်တဲ့ ဇာတ် ကားတစ်ကား ပြနေတယ် ။ တိုက်ခေါင်မိုးတွေပေါ်မှာ ခိုတစ်အုပ် ပျံဝဲနေတယ် ။ သူမရဲ့ခေါင်းက ဖြုတ်ယူလာတဲ့ ပန်းကလေးကို မိုင်ပေါင်းများစွာဝေးသော ပင်လယ်ပြင်ရဲ့ လှိုင်းလုံးတွေပေါ် ပစ်ပေါက်ခဲ့တယ် ။

သူဟာ ကျော်ကြားမှု တစ်ခုကို အနံ့ခံပြီးလိုက် ရင်းက လက်ထပ်ပွဲ ရက်အမီ ပြန်ရောက် မလာတော့ဘူး ။ သူဟာ လူငယ်တစ်ဦး ဖြစ်တယ် ။ အောင်မြင်ကျော်ကြား မှုကို တပ်မက်တယ် ။ အောင်မြင်ကျော်ကြားမှုနောက်ကို တောလိုက်မုဆိုးရဲ့ ခွေးတစ်ကောင်လို အငမ်းမရ လိုက် ခဲ့တယ် ။ သူချစ်တဲ့ ဇနီးလောင်း ထက် ပိုပြီးချစ်တဲ့ အောင် မြင်ကျော်ကြားမှု အတွက် သူ့ဘခရီးကို စခဲ့တယ် ။

မိုင်ပေါင်းများစွာဝေးတဲ့ အရပ်ဒေသ တစ်ခုဆီကိုပါ ။

တောတောင် ၊ သစ်ပင် ၊ ပင်လယ် ၊ သမုဒ္ဒရာတွေကို သူ ဖြတ်ခဲ့တယ် ။ သူ ယုံကြည်မြတ်နိုးတဲ့ အောင်မြင် ကျော်ကြားမှု အတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့တယ် ။ အကြိမ်ကြိမ် ခံခဲ့ရတယ် ။ သူ တပ်မက်တဲ့ အောင်မြင်မှ တွက် ဒီလောကကြီး ထဲမှာ ဆက်လက် ရပ်တည်နိုင်ဖို့ သူ အမြတ်တနိုး တန်ဖိုးထားခဲ့တဲ့ ကိုယ်ကျင့်တရားကို လောင်းကြေး အဖြစ် သူပေးလိုက်ရတယ် ။

နောက်ဆုံးမှာတော့ သူ ကျင်လည်နေရတဲ့ နယ်မြေ အနေအထားကို ကောင်းကောင်းကျွမ်းကျင်ခဲ့တယ် ။ အတတ်ပညာတွေ အများကြီးရခဲ့တယ် ။ အောင်မြင် ကျော်ကြားမှု အတွက် နည်းလမ်းအားလုံးကို သူဟာ ဖော်စပ်နိုင်သူ ဖြစ်ခဲ့တယ် ။

သူ ... ။

သို့မဟုတ် အလင်းလက်ဆုံး ကြယ်တစ်ပွင့် ။

အောင်မြင်မှုရခဲ့တဲ့ သည် လူငယ်အကြောင်းဟာ အစဉ်အလာပုံပြင်တွေ အတိုင်းပါပဲ ။ အောင်မြင်မှုတွေ ကုန်ဆုံးရတဲ့ ခေတ်ကာလ ကို မလွဲမသွေ သူ ရင်ဆိုင် ရပြီ ။ သည်လို အစဉ်အလာအတိုင်း နိဂုံးချုပ်ပုံမျိုး သူ ခွင့်မပြုနိုင် ။ အကြိမ်ကြိမ် ထပ်ပြီး သူကြိုးစားခဲ့တယ် ။ အကြိမ်ကြိမ်ပဲ ကျဆုံးခဲ့ရပြန်တယ် ။ နောက်ဆုံးမှာတော့ ‘ သည်လောက၌ နှစ်ကြိမ်ပြန်၍ မွေးဖွားနိုင်ခွင့်မရှိ ’ အဲသည်လိုပဲ သူ မှတ်ချက် ချလိုက်တယ် ။

အဲဒီ ကျဆုံးမှုတဲ့ ပုံပြင် ထဲက လူငယ်ဟာ ကျွန်တော် ကိုယ်တိုင် ပါပဲလို့ တွေးရမှာ ကြောက်လန့်လွန်းလို့ပါ ။ အဲဒီလိုတွေးရတာ နှလုံးသားမှာ စိုက်နေတဲ့ အပ်တစ်ချောင်း ကို လှုပ်ခါယမ်းချရသလို နာကျင်လွန်းရဲ့  ။ အနှစ် နှစ် ဆယ်ကျော်က မျှော်လင့်တက်ကြွမှုနဲ့ လျှောက်ခဲ့တဲ့ ခရီးလမ်းပေါ်မှာ ဆုံးရှုံးမှုများစွာနဲ့ ပြန်လာခဲ့ခြင်းပါ ။

မေ့ပျောက်စွန့်ပစ်ထားခဲ့တဲ့ နေ့များထဲ တိုးဝင်ခဲ့ တယ် ။ နေ့များ ညများကို ချန်ထားပစ်ခဲ့တယ် ။ နောက်ဆုံး မိုင်ပေါင်းများစွာ၌ .. ။

တံခါးပေါက်တစ်ခုကို ကျွန်တော် ခေါက် လိုက်တယ် ။

( ၄ )

၆ဝ ဝပ်မီးသီးရဲ့ အလင်းအင်အားတွေက သူမရဲ့ မျက်နှာကို ထင်ထင်ရှားရှား မဖော်ပြနိုင်ဘူး ။ အပြင် ဘက်အမှောင်ထုရဲ့ အပိုင်းအစတွေကလည်း ကျွန်တော့် နောက်ကျောပေါ် ကဖြတ်ပြီး သူမ မျက်နှာပေါ် ထိုးကျနေပြန်တယ် ။ ကျွန်တော် ဝင်ဖို့ ဖွင့်ပေးထားတဲ့ တံခါးပေါက် ဟာ ဟင်းလင်းပွင့်ပြီး နှင်းငွေ့ပါတဲ့ လေအေးတွေ က နှစ်ဦးလုံး ကို တိုးဝှေ့ တိုက်ခတ်နေတယ် ။

ကျွန်တော် မှတ်မိနေသေးတဲ့ ပရိဘောဂ တချို့ဟာ အရင်တုန်းက နေရာမှာပဲ မပြောင်းလဲ တည်ရှိနေတာ ကိုက ကျွန်တော့် စိတ်နှလုံးကို တုန်လှုပ်ချောက်ချားစေ တယ် ။ ကြမ်းပြင်ပေါ် ခင်းထားတဲ့ ဖယောင်းကော်ဇော ၊ အလယ်တည့်တည့် ဆက်တီခုံရဲ့ နောက်ကျောဘက်တိုင် မှာ ချိတ်ထားတဲ့ သံပတ်ပေး တိုင်ကပ်နာရီကြီး ၊ အခန်းရဲ့ ညာဘက် နံရံတစ်လျှောက်မှာရှိတဲ့ ဗီရိုကြီးတွေ ။ အဲသည် ဗီရိုကြီးတွေပေါ်က စာရွက်စာတမ်းတွေ ၊ ဖိုင်တွဲတွေ ၊ သတင်းစာဟောင်းတွေ ၊ ဆက်တင်ခုံတွေရဲ့ ဘယ်ဘက် အစွန်ဆုံးမှာ ပန်းကန်ပြားနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ထည့်တဲ့ ဗီရိုတစ်လုံး ။ အပေါ်ထပ်တက်တဲ့ ကျွန်းသား ပွတ်လုံး လှေကားကြီး အောက်က စတိုခန်းတစ်ခု ။ နောက်ဆုံး စိုးစံသွားခဲ့တဲ့ ဘုရင်မင်းမြတ် နဲ့ မြေးတော်သူ သူမ အဘွားနဲ့ ဇနီးမောင်နှံတို့ရဲ့ ၂၄ လက်မအရွယ် ဓာတ်ပုံကြီး နှစ်ခု ။ သူမ အဖေနှင့် အမေတို့ရဲ့ ဓာတ်ပုံတွေ ၊ ညီအစ်ကို မောင်နှမတစ်တွေ ရဲ့ ဓာတ်ပုံတွေကတော့  ကျွန်တော် ကျောပေးထားရာ အဝင်ပေါက်ရဲ့ ညာဘက် အထက်နားမှာ ရှိလိမ့်မယ် ။ အားလုံးဟာ ဟောင်းနွမ်း ဝါရော်နေပေမယ့် ဟိုတုန်းက အနေအထား အတိုင်းပါပဲ ။

သူမ နဲ့ ကျွန်တော်တို့ဟာ ပြောဆိုဖို့ စကားလုံး ရှာမရဘဲ တစ်ဦး ကို တစ်ဦး အံ့သြတွေဝေပြီး ကြည့်နေကြတယ် ။ သူမ ကိုယ်ပေါ်က အပြာရောင် မင်္ဂလာပွဲဝတ်စုံ ဟာ ဟောင်းနွမ်းပေမယ့် အချိုးအစားကျတုန်းပဲ ။ အခန်းထဲက ပရိဘောဂပစ္စည်းတွေ လိုပဲ သူမ မျက်နှာဟာ အချိန်ကာလရဲ့ ဖြတ်သန်းမှုပေါ်မှာ ဇရာရုပ် လွှမ်းနေပေ မယ့် ကျွန်တော့်အတွက်တော့ အရင်တုန်းက အတိုင်း ပါပဲ ။

မောဟိုက်ပင်ပန်းနေတဲ့ အသက်ရှူသံတွေအောက် မှာ တစ်ဦးရဲ့ ရင်ခုန်သံကို တစ်ဦး ကြားနေရတယ် ။ နှစ်ဦးစလုံးရဲ့ ကိုယ်ခန္ဓာပေါ် အချိန်တွေ တရွေ့ရွေ့ဖြတ် သွားနေတဲ့အကြောင်း လုံးဝ မစဉ်းစားမိဘဲ ရပ်တန့်နေမိ ကြတယ် ။ အားလုံးဟာ ရပ်တန့်ငြိမ်သက်နေတယ် ။ ဘာမှ မရွေ့လျားဘူး ။

ဟောသည် စကြဝဠာကြီး ဟာ တစ်စုံတစ်ရာ ဆွဲအားရှိတယ် ဆိုတာ မယုံကြည်နိုင် လောက်အောင် ငြိမ်သက်ရပ်တန့် နေတယ် ။ လိုချင်တောင့်တမှု ၊ ဆန္ဒရမ္မက် တွေနှင့် သွေးကြောတွေ လည်ပတ်ရှင်သန်နေတဲ့ ကမ္ဘာကြီး တစ်ခုဆိုတာ မယုံကြည်နိုင် လောက်အောင် ငြိမ်သက် ရပ်တန့်နေတယ် ။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် နှစ်ခုပေါ်မှာ ဥပါဒ် ၊ ဋ္ဌီ ၊ ဘင် ခဏငယ်တရားတွေ မရပ် မနား ဖြတ်သွားနေတယ် ဆိုတာ မယုံကြည်နိုင်လောက် အောင် ငြိမ်သက် ရပ်တန့်နေတယ် ။ ကျွန်တော့် နဖူးပေါ်က ဆံပင်တွေကြားမှာ အနိစ္စတရားတွေ ဖြတ်သွားနေတယ် ဆိုတာ မယုံကြည်နိုင်လောက်အောင် ငြိမ်သက်ရပ်တန့် နေတယ် ။ ဟောသည် ကမ္ဘာကြီး လည်ပတ်နေတယ် ဆိုတာ မယုံကြည်နိုင် လောက်အောင် ငြိမ်သက်ရပ်တန့် နေတယ် ။ ကျွန်တော်တို့ နှစ်ဦးစလုံးဟာ ကလေးဘဝ တွေကို ဖြတ်သန်းခဲ့တယ်ဆိုတာ မယုံကြည်နိုင်လောက် အောင် ငြိမ်သက် ရပ်တန့်နေတယ် ။ ဟောသည် အခန်း ကြီးထဲမှာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်တုန်းက သူမရဲ့ နှုတ်ခမ်းတွေကို အကြိမ်ကြိမ် နမ်းခဲ့ဖူးတယ် ဆိုတာ မယုံ ကြည်နိုင်လောက်အောင် ငြိမ်သက်ရပ်တန့်နေတယ် ။ ပင်လယ်ပြင်တွေကိုဖြတ်ပြီး လူတစ်ယောက် ထွက်ပြေး သွားခဲ့ဖူးတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင် ငြိမ်သက် ရပ်တန့်နေတယ် ။ ဆူညံပေါက်ကွဲတဲ့ ဂီတသံ တစ်မျိုးဟာ ဟောသည် ကမ္ဘာကြီးပေါ်မှာ အမှန်တကယ် တည်ရှိနေပြီ ဆိုတာ မယုံကြည်နိုင် လောက်အောင် ငြိမ်သက် ရပ်တန့်နေတယ် ။

အား ... ။ ငြိမ်သက် ရပ်တန့်မှုရဲ့ အပြင်းထန်ဆုံး ပေါက်ကွဲမှု အင်အားတစ်ခုနဲ့ နှစ်ဦးစလုံးရဲ့ ခန္ဓာကိုယ် ဟာ လှုပ်ရှားပူးကပ် သွားကြတယ် ။

ပွေ့ဖက်ထားတဲ့ နှစ်ဦးစလုံးရဲ့ ခန္ဓာကိုယ်တွေ လေထဲ လွင့်မျောနေသလိုပဲ ။ စကားပြောဖို့ ကြိုးစားပေ မယ့် အိပ်မက်ထဲမှာလို ပါးစပ်ကို ဖွင့်လို့မရ ။ ညဟာ တဖြည်းဖြည်း ကုန်ဆုံးလုနီးလာခဲ့တယ် ။ အပြင်ဘက် မှာ အမှောင်ထုက ပိုပြီး သိပ်သည်းလာတယ် ။ ဝှေ့ယမ်း တိုက်ခိုက်လိုက်တဲ့ လေက ပြတင်းပေါက်ကို လာပြီး ကုတ်ခြစ်နေတယ် ။ ညဉ့်နက်သန်းခေါင်ထိ အလည်လွန် ရာမှ ပြန်ရောက်လာတဲ့ ကြောင်တစ်ကောင်က မီးဖိုချောင် ထဲမှ ပန်းကန်ပြား တစ်ချပ်ကို တိုက်ချလိုက်သံ ကြားရ တယ် ။ ညဥ့်ငှက် တစ်ကောင် ‘ ဂီး ’ ခနဲ အော်ပြီး ပျံပြေး သွားတယ် ။

ကျွန်တော့် နှလုံးသားကို တစ်စုံတစ်ယောက် က ဆွဲနုတ်ယူငင်ပြီး အဝေးတစ်နေရာဆီ လွှင့်ပစ်လိုက်သလို ခံစားနေရတယ် ။ ကျွန်တော့် ဝိညာဉ်ဟာ မိုင်ပေါင်း များစွာဆီ လွင့်စဉ်သွားပြန်ပြီ ။ ကြယ်တာရာတွေ က ကျွန်တော့် ခြေဖဝါးအောက်မှာ အစိတ်စိတ် ကွဲကြေနေကြတယ် ။ အဲသည် ကြယ်တွေထဲက တစ်ပွင့်ဟာ ကျွန်တော့် နှလုံးသားထဲက အစိုင်အခဲတစ်ခုလို ခံစားနေရတယ် ။ “ ရာစုတိုင်းကို ဖြတ်သန်းနေသော ဝိညာဉ်များ ” က ကျွန်တော့် ကို လှောင်ပြောင် ရယ်မောနေတယ် ။ အရှုံး ပေးခဲ့ရတဲ့ အစမ်းသပ်ခံ ကွင်းပြင်ပေါ်မှာ ကျွန်တော် ဟာ နောက်တစ်ကြိမ် ထပ်ပြီး ထိုးသတ်နေတယ် ။ ကျွန်တော် ငိုပစ်လိုက်ပြီ ။

ကျွန်တော် ငိုတယ် ။ အဆက်မပြတ် ရှိုက်ရှိုက်ပြီး
တော့ ကျွန်တော် ငိုတယ် ။ သူမရဲ့ ရင်ခွင်ထဲမှာ အဆက် မပြတ် ရှိုက်ပြီးတော့ ကျွန်တော် ငိုတယ် ။ သူမကတော့ လွန်ခဲ့တဲ့ အနှစ် ၂ဝ ရဲ့ ဟိုမှာဘက် နေ့တစ်နေ့ကို မှတ်မိ ခံစားနေမိလိမ့်မယ် ။ ကျွန်တော် ကတော့ နောင်လာမယ့် ရာစုနှစ်ပေါင်းများစွာရဲ့ ဟိုမှာဘက် နေ့တွေဆီ ထွက်ပြေးနေတယ် ။ တစ်ယောက် နဲ့ တစ်ယောက် ပူးကပ်တင်းကျပ် နေအောင် ဖက်ထားမိပေမယ့် ကျွန်တော့် နှလုံးသားဟာ သူမနဲ့ဝေးရာဆီ ထွက်ပြေးနေပြန်ပြီ ။

“ မင်းဟာ ငါ့နှလုံးသား ထဲမှာ တစ်သက်လုံး ပုန်း ကွယ်နေခဲ့တယ် ။ မင်းကို ငါ ဘယ်တော့မှ ရှာတွေ့ မှာ မဟုတ်တော့ဘူး ။ မတွေ့တော့ဘူး … မတွေ့ တော့ဘူး ”

အော်ဟစ်ပြီးတော့ မှောင်မည်းနေတဲ့ ရူးသွပ်ဖောက် ပြန်ခြင်းထဲ တစ်ဟုန်ထိုး ပြေးထွက်ခဲ့တယ် ။ ဟို အနှစ် ၂၀ ကျော်တုန်းက လျှောက်ခဲ့တဲ့ မိုင်ပေါင်းများစွာ ခရီး ဆီသို့ နောက်တစ်ကြိမ် .. ။  ။

▣  ပိုင်စိုးဝေ
📖 သင့်ဘဝမဂ္ဂဇင်း
      အမှတ် ( ၁၁ )
       ၁၉၉၉ ခုနှစ်

No comments:

Post a Comment