Sunday, January 26, 2025

မောင်ရွှေမိုး နှင့် ဘီလူးကြီး

 

❝ မောင်ရွှေမိုး နှင့် ဘီလူးကြီး ❞
           ( ပုံပြင် )
       
ဟိုး ရှေးရှေးတုန်းက တောတောင် နဲ့ နီးစပ်တဲ့ မြို့တစ်မြို့ မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ တဲ့ လင်မယား နှစ်ယောက် ရှိသတဲ့ကွယ် ။ သူဌေး လင်မယား မှာလည်း ရုပ်ရည် လှပတဲ့ သား ကလေးမောင်ရွှေမိုး ဆိုတာ ရှိတယ် ။ တစ်ဦးတည်း သော သားကလေး မို့ သူဌေးလင်မယား ဟာ သိပ်ပြီး အလိုလိုက် တာပဲတဲ့ကွယ် ။

အဲဒီ မောင်ရွှေမိုးလေး ဟာ သူငယ်ချင်း အပေါင်းအသင်းတွေ နဲ့ သူတို့ ပန်းခြံ ထဲ မှာ ထွက်ထွက် ကစားလေ့ ရှိကြသတဲ့ ။ တစ်နေ့ တော့ မောင်ရွှေမိုးလေး ဟာ အပေါင်းအသင်းတွေ နဲ့ လိပ်ပြာကလေးတွေ ၊ ပုစဉ်းကလေးတွေ လိုက် ဖမ်းရင်း အဖော်ကွဲပြီး ပျောက်သွားရော တဲ့ ။

သူဌေးလင်မယား ဟာ သားကလေး ကို အချိန်ကျလို့ မတွေ့တာနဲ့ ဟိုရှာ သည်ရှာ ပေါ့ ကွယ် ။ အစေခံတွေ ကိုလည်း မောင်ရွှေမိုးကလေး ကို တွေ့ရန် အရပ်လေးမျက်နှာ ကို စေလွှတ် ပြီး ရှာစေတယ် ။ ဒါပေမယ့် မောင်ရွှေမိုး ရဲ့သတင်းကို အစအန မှ မကြားသိရဘူး တဲ့ ။ သူဌေးလင်မယား ဟာ ချစ်သားကလေး အတွက် ရှာပေးနိုင်သူ ကို ဆုငွေ ပေးမည် လို့ ကြေညာခဲ့တယ် ။ ဒါပေမယ့် ဘယ်သူမှ မောင်ရွှေမိုး ကို တွေ့အောင် ရှာ မပေးနိုင်ကြဘူးတဲ့ကွယ် ။

မောင်ရွှေမိုးကလေး ပျောက်ဆုံးပြီး နှစ် အတန်ကြာလောက် မှာ မြို့စွန်နား မှာ ရှိတဲ့ ရွာကလေး တစ်ရွာ က ဆေးဆရာကြီး ဟာ အိပ် နေရင်း အိပ်မက် မက်သတဲ့ကွယ် ။

အိပ်မက် က ဘယ်လိုလဲ ဆိုတော့ ဆေးဆရာကြီး ဟာ တစ်ည မှာ အိပ် နေတုန်း မောင်ရွှေမိုးလေး ဟာ အလွန် လှပတဲ့ မြင်းကျားကြီး တစ်ကောင် ကို စီးပြီး ဆေးဆရာကြီး ဆီ ကို ရောက်လာသတဲ့ ။ မောင်ရွှေမိုးလေး က သူ ဟာ မြို့ နဲ့ မနီးမဝေး တောကြီး ရဲ့ အလယ် ကျောက်တောင် အတွင်း က သားစားဘီလူးကြီး ဟာ သူ့ ကို ဖမ်းသွားပြီး ပိတ်လှောင် ထားတဲ့ အကြောင်း မျက်ရည်စက်လက် နဲ့ ဆေးဆရာကြီး ကို ပြောပြသတဲ့ ။

“ ကျွန်တော့် လို လိပ်ပြာကလေးတွေ ဖမ်း ၊ စာကလေးတွေ ကို ပစ်တဲ့ ကလေးတွေ ကို အဲဒီ ဘီလူးကြီး က ဖမ်းပြီး ကျောက်တောင် အတွင်း မှာ ရှိတဲ့ သူ့ ရဲ့ စံနန်း မှာ ငါးနှစ်တိတိ လှောင် ထားတတ်ပါတယ် ၊ ငါးနှစ် စေ့ပြန်တဲ့ အခါ ကျတော့ လည်း အလွန် ဝေးလံလှတဲ့ တစ်နေရာ က သူ့ ရဲ့ ရဲတိုက်ကြီး ကို ပြောင်းရွှေ့ပြီး မကြာခင် စားပစ်တယ် ဆိုတာ သိရပါတယ် ၊ ကျွန်တော် လည်း ခု ငါးနှစ် စေ့ပြီး နောက် တစ်နေ့ ညနေ ဆိုရင် ရဲတိုက် ကို အပို့ ခံရပြီး မကြာခင် မှာ ဘီလူးကြီး အစား ခံရတော့မှာ မို့ ကျွန်တော့် ကို ဆရာကြီး ကယ်တင်ပါလို့ စီကာပတ်ကုံး သနားစဖွယ် ပြောပြရှာ တယ်တဲ့ကွယ် ။ မောင်ရွှေမိုးလေး က ဆက်ပြီး ..

“ ကျွန်တော့် ကို ကယ်တင်တဲ့ ဆရာကြီး ကို ကျွန်တော့် မိဘတွေ က ရွှေငွေတွေ အများကြီး ပေးမှာပဲ ” လို့ ဆိုတော့ ဆေးဆရာကြီး က အိပ်မက် ထဲ မှာပဲ ရွှေငွေတွေ မြင်ယောင် လာပြီး ...

“ မင်း ပြောတာ ငါ ဘယ်လို ယုံရမှာလဲ ” လို့ ပြန် မေးလိုက်သတဲ့ ။

“ ဒီလိုဆိုရင် ဟောဒီ အမှတ်အသား ယူထားလိုက်ပေတော့ ” လို့ မောင်ရွှေမိုးလေး က ပြောပြောဆိုဆို နဲ့ သူ စီးလာတဲ့ မြင်း ရဲ့ ရှေ့ လက်တစ်ဖက် နဲ့ ဆေးဆရာကြီး ရဲ့ နဖူးပေါ် ကို တက်နင်း ပြီး တံဆိပ် ခတ်နှိပ်ပြီး ပျောက်ကွယ် သွား သတဲ့ ။

ဆေးဆရာကြီး ဟာ နဖူး ပေါ် ကို မြင်း လက် တစ်ဖက် နဲ့ ကန်လိုက်တဲ့ အရှိန်ကြောင့် အိပ်ရာ က လန့်နိုးလာပြီး နဖူးကို စမ်းကြည့် လိုက်တော့ နဖူး မှာ ယောင်ပြီး နေတယ်တဲ့ ။ အဲဒီ အမှတ်အသား ကို မှန် နဲ့ ယူ ကြည့်တော့ မြင်း ရှေ့ လက် တစ်ဖက် အရာကြီး ထင်နေသတဲ့ကွယ် ။

အဲဒါနဲ့ ဆေးဆရာကြီး ဟာ အိပ်မက် အရ မောင်ရွှေမိုးကလေး ကို ငါ ကယ်ရရင်တော့ ငါ့ တစ်သက်မှာ ချမ်းသာတော့မှာပဲ ။ သူတစ်ပါး အသက် လည်း ကယ်ရာ ရောက် ၊ ကုသိုလ် လည်း ရ ၊ ဝမ်းလည်း ဝ ဆိုတာမျိုး စိတ်ကူးပြီး မောင်ရွှေမိုးကလေး ကို ကယ်တင်ရန် သွားဖို့ ဆုံးဖြတ် လိုက်သတဲ့ ။

ဆေးဆရာကြီး ဟာ ဒီ ကျောက်တောင် က ဘီလူးကြီး နဲ့ ပတ်သက်ပြီး အကြောင်းအရာ အမျိုးမျိုးတွေ ကြားဖူးပြီး ဖြစ်တော့ ဘီလူးကြီး ဟာ ဆေးခြေမန်းကွင်း ကို အလွန် ကြောက်တတ် တဲ့ အကြောင်း ကြားထားတော့ ဘီလူးကြီး ဆီ မသွားခင် ဘုရားရှေ့ မှာ ကန်တော့ပွဲ ပြင်ပြီး ဘီလူး ကို နိုင်စေတဲ့ ဂါထာ ကို ရွတ်ပြီး ခြေမန်းကွင်း သုံးခု လုပ်ပြီး ယူခဲ့ သတဲ့ ။

ဆေးဆရာကြီး ဟာ တောလမ်းခရီး အတိုင်း မနက်အစောကြီး ကတည်း က ထွက်လာ လိုက်တာ ညနေပိုင်းကျတော့ ဘီလူးကြီး နေတဲ့ ဂူနား ရောက်သတဲ့ ။ ဘီလူးကြီး နေတဲ့ ဂူကြီး က အဝေးက မြင်ရတာပဲ အတော် ကို ကြောက်စရာကောင်းသတဲ့ကွယ် ။ ကျောက်တောင်ကြီး ရဲ့ အထဲ မှာ လိုဏ်ဂူ ရှိတယ် ။ အဲဒီ လိုဏ်ဂူ ထဲမှာ မှ ဘီလူးကြီး က နန်းစံ တာကိုးကွယ့် ။

ဆေးဆရာကြီး ဟာ တဖြည်းဖြည်း နဲ့ ဂူ နား ကပ်သွားမိပြီ ဆိုရင်ပဲ ဂူတံခါးကြီး ဟာ အခိုင်အမာ ကျောက်တုံးကြီးတွေ နဲ့ ပိတ်ဆို့ထားတာ ကို မြင်ရသတဲ့ ။

ဆေးဆရာကြီး ဟာ တစ်ခဏချင်းပဲ သူ့ မှာ ပါတဲ့ ဆေးစီရင် ထားတဲ့ ခြေမန်းကွင်း တစ်ခု ကို ဂါထာစုတ်ပြီး ဂူဝ ကို ပိတ်ဆို့ နေတဲ့ ကျောက်တုံးကြီး ကို ပစ်ပေါက်လိုက် သတဲ့ ။

ကြီးမားသော ကျောက်တုံးကြီး ဟာ ဆေးဆရာကြီး ရဲ့ ခြေမန်းကွင်း တန်ခိုး ကြောင့် ပိတ်ဆို့ နေရာက ဘေး ကိုဖယ်ပြီး လိမ့်သွား သတဲ့ ။ ဂူဝတံခါး ပွင့်တယ် ဆိုရင် ဆေးဆရာကြီး ဟာ ဂူ အထဲ ကို လှမ်းပြီး ဝင်လိုက်သတဲ့ ။ တဖြည်းဖြည်း ဂူဝလမ်း အတိုင်း အထဲ ကို ဝင်လာခဲ့ရာ က သူ့ ရှေ့ မှာ ကြယ်ပွင့်ကလေးလို တောက်ပနေတဲ့ အလင်းရောင်လေး တစ်ခု ကို တွေ့ရတယ် ။

နောက်ဆုံး ဆေးဆရာကြီး ဟာ အလွန် ကျယ်ဝန်းလှတဲ့ အခန်းကြီး တစ်ခု ထဲကို ရောက်လာတဲ့ အခါ ပထမ သူ တွေ့ရတဲ့ အလင်းရောင် ဟာ မီးအိမ် တစ်ခု က ထွက်ပေါ် နေတယ် ဆိုတာ ဆေးဆရာကြီး သိရသတဲ့ ။

ဆေးဆရာကြီး ဟာ တံခါးပေါက် က နေပြီး ချောင်းကြည့် လိုက်တာ ဘီလူးကြီး တစ်ကောင် ဟာ ကျောက်ခုတင် ပေါ် မှာ စန့်စန့်ကြီး အိပ်နေတာ ကို တွေ့ရသတဲ့ ။ အဲဒီ ဘီလူးကြီး ဘေး မှာလည်း ဘီလူးငယ်တွေ အိပ်နေတာ အများကြီးပဲတဲ့ ။ ဘီလူးတွေ ရဲ့ ရှည်လျားတဲ့ ဆံပင် ၊ မုတ် ဆိတ်မွေးတွေ ဟာ ဘေးပတ်လည် မှာ စုပုံ နေကြတာတွေ ကို တွေ့ရ သတဲ့ ။

အဲဒီ အခန်း တစ်ခုလုံး ဟာလည်း ဖုန်မှုန့်တွေ ပြည့် နေလို့ ဆေးဆရာကြီး ဟာ အသက် ရှူလိုက်မိတာ နဲ့ ဖုံတွေ ဝင်ပြီး ဟတ်ချိုး ၊ ဟတ်ချိုး လို့ နှာချေ မိ သတဲ့ ။ အဲဒီလို ဆေးဆရာ နှာချေမိသံ ဟာ အခန်းကြီး က လုံနေတော့လိုဏ်သံ ပါပြီး မိုးချုန်းသံ လို မြည်သွားသတဲ့ကွယ် ။

အဲဒီ အသံ ကို ဘီလူးတွေ လည်း ကြားပြီး လန့်နိုးကုန် သတဲ့ ။ ဘီလူးကြီး ဟာ အိပ်ရာ က အိပ်ရေး မဝဘဲ ထ လာရတော့ ဒေါသ ထွက်ပြီး ဟိုဟိုဒီဒီ လိုက် ကြည့်တော့ ဆေးဆရာကြီး ကို တွေ့သွား သတဲ့ ။

ဆေးဆရာကြီး လည်း အချိန်မီ မပုန်းလိုက် နိုင်တော့ ဘီလူးကြီး ကို ရဲရဲကြီး ရင်ဆိုင် လိုက်ရတယ်ကွယ် ။

ဘီလူးကြီး ဟာ ဆေးဆရာကြီး ကို မြင်လိုက်တာ နဲ့ တစ်ပြိုင်တည်း အံ့ဩစွာနဲ့ ...

“ မင်း ဒီမှာ ဘာလာ လုပ်တာလဲ ” ဟု ကျယ်လောင်စွာ မေး လိုက်တယ် ။

ဆေးဆရာကြီး ဟာ မကြောက်မရွံ့ဘဲ ...

“ ငါ လာတာကတော့ အသင် ဖမ်းထားတဲ့ မောင်ရွှေမိုးကလေး ကို လွှတ်ဖို့ပဲ ၊ ငါ ပြန်ခေါ် သွားရမယ် ” လို့ ဘီလူးကြီး ကို ပြန်ပြောသတဲ့ ။

ဘီလူးကြီး ဟာ ဒီလောက် ရဲရဲရင့်ရင့် လူသား တစ်ယောက် က သူ့ ကို ပြန်ပြောတာ တွေ့ ရတော့ အနည်းငယ် ကြောက်သွား သတဲ့ ။

နောက်တစ်ခါ တဟားဟား ရယ်မောပြီး ဘီလူးကြီး က ဆက်ပြီး ...

“ အသင်လူသား ၊ မောင်ရွှေမိုး ကို လိုချင်ရင် ငါ ဖမ်းထားတဲ့ ကလေးတွေ ထဲ က မောင်ရွှေမိုး ကို မှန်အောင် ရွေးနိုင်ရင် ငါ ပြန်ပေး လိုက်မယ် ၊ မရွေးနိုင်ရင် မင်း ကို ငါ သ,တ်မယ် ” လို့ ဆိုပြီး ကလေးတွေ ချုပ်နှောင်ထားတဲ့ အခန်း ကို ခေါ်သွား သတဲ့ ။

အခန်း ထဲ မှာတော့ မောင်ရွှေမိုး နဲ့ ရွယ်တူ ကလေးတွေ ဟာ အဝတ် ဆင်တူ ဝတ်ပြီး တန်းစီ နေတာကို တွေ့ရ သတဲ့ ။

ဆေးဆရာကြီး ဟာ ပထမ တော့ ကလေးတွေ အားလုံး ဆင်တူရောင်တူ ဖြစ်နေလို့ ရွေးမရအောင် ဖြစ်သွား သတဲ့ ။

ဒါနဲ့ ဆေးဆရာကြီး က အကြံ ရပြီး ဘီလူးကြီး ကို ချိုသာသော စကား ပြောပြန်တယ် ။

“ အဲဒီ ကလေးတွေ သိပ် လှပြီး ဝဖြိုးနေတာ တွေ့ရတာ ဖြင့် အသင် ဘီလူးကြီး ဟာ ကလေးတွေ ကို အတော်ကလေး ဂရုစိုက်ရမှာပဲနော် ” လို့ ပြောလိုက်ရင်ပဲ ဘီလူးကြီး ဟာ ဆေးဆရာကြီး စကား ကို သဘောကျပြီး ရယ် လိုက်တာ ဘီလူးကြီး ဟာ ဝလွန်းတော့ သူ့ မျက်စိ နှစ်လုံး ပိတ်သွားတဲ့ အထိပဲတဲ့ ။ အဲဒါကို ချက်ကောင်း ယူပြီး ဆရာကြီး ဟာ သူ့ ဆေးခြေမန်းကွင်း နဲ့ ဘီလူးကြီး မျက်နှာ ကို ပိတ်ပေါက်လိုက်သတဲ့ ။

ဘီလူးကြီး ဟာ အငိုက် မှာ ခံလိုက်ရတော့ သံကုန် ဟစ်အော်ပြီး နောက် ကို ဆုတ်ပြေး သတဲ့ ။ အဲဒီလို ဖြစ်ပျက်နေတုန်း ကလေး တစ်ယောက် က ဆေးဆရာကြီး အမည် ကို လှမ်းခေါ် လိုက်သံ ကြားရ သတဲ့ ။

ဆေးဆရာကြီး ဟာ ကပျာကယာ ခေါ်သံရှင် ကလေးလေး ကို လက်တွဲပြီး    
“ ဒါ မောင်ရွှေ မိုး ၊ ကဲ ... အသင် ဘီလူး ၊ ကတိ အတိုင်း ကျုပ် ကို ပေးပါ ” လို့ အော်ပြော လိုက်တယ်ကွယ် ။

အားလုံး ဘေးက ကလေးတွေ ကလည်း မောင်ရွှေမိုး ဟုတ်တဲ့ အကြောင်း အော်ပြောကြ သတဲ့ ။

ဆေးဆရာကြီး ဟာ မောင်ရွှေမိုး လက် ကို ဆွဲပြီး ဂူအပြင် ကို အတင်း ပြေးထွက် နေတုန်း ဘီလူးကြီး နောက် က လိုက်လာပြန်သတဲ့ ။ ဒါနဲ့ နောက်ဆုံး ဆေးခြေမန်းကွင်း နဲ့ ဘီလူး ကို တအား ပေါက်ပြီး ထွက်ပြေးလာခဲ့ သတဲ့ ။

ဘီလူးကြီး ကျောက်တောင် အတွင်း က စံနန်း တစ်ခုလုံး ဟာ ဘီလူးတွေ အိပ်ရာ က နိုး ပြီး ဆူညံပြီး မည်းမှောင် သွားတာပဲတဲ့ကွယ် ။

အဲဒီ အချိန်မှာပဲ အခြား ကလေး တွေ ဟာ ကိုယ် လွတ်ရာ ထွက်ပြေး လာကြသတဲ့ ။ မောင်ရွှေမိုး နဲ့ ဆေးဆရာကြီး ဟာ သူ့ မိဘအိမ် ကို ရောက်တော့ မောင်ရွှေမိုး ဟာ သူ့ ရဲ့ ကတိစကား အတိုင်း မိဘများ ဆီ က ရွှေငွေ အမြောက်အမြား ကို ဆေးဆရာကြီး အား အသက် ကယ်တင်တဲ့ အတွက် ကန်တော့ လိုက် သတဲ့ ။

မောင်ရွှေမိုး နဲ့ ကလေးတွေ ဟာ လည်း အဲဒီနေ့ က စပြီး တိရစ္ဆာန်ကလေးတွေ ကို မညှဉ်းဆဲ ၊ မသ,တ်ဖြတ်တော့ဘူးတဲ့ကွယ် ။ ညီ ၊ ညီမလေးတို့ လည်း မောင်ရွှေမိုး တို့ ကို အတုယူ ပြီး စာကလေးတွေ ၊ လိပ်ပြာကလေးတွေ ကို မသ,တ်ဘဲ ကြင်နာကြပါလို့ တိုက်တွန်းပါတယ် ကွယ် ။

◾မောင်ထွန်းအေး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၃ ၊ ဩဂုတ်

No comments:

Post a Comment