❝ ရွှေကျေး ❞
ထိန်တိုင် ၊ လဲတော ၊ စမ်းပေါက် နဲ့ ညောင်တစ်ပင် ရွာတန်း မြောက်ဘက် တစ်ဖာလုံလောက် အကွာ က ကွင်းတောကြီး ကို မြို့ ပေါ် က စက်ယန္တရားကြီးတွေ ရောက် လာပြီး ထိုးကော် ရှင်းလင်း နေတာ မြင်တော့ တောသူ တောင်သားတွေ ခမျာ ထုံးစံအတိုင်း အထိတ်တလန့် ဖြစ် ကုန်ကြတာပေါ့ ။ ရွာတန်း အနောက်တောင် ဘက် က နေ အဲဒီ ကွင်းတောကြီး ကို ပတ်စီး နေတဲ့ ရိုးချောင်းကြီးများ ပျက်စီး ပျောက်ကွယ်သွားလေမလား ၊ ငါတို့ ရွာတွေ နဲ့ ငါတို့ လယ်ယာတွေ လွတ်လွတ်ကင်းကင်း မှ ရှိပါ့မလား ။ စက်ရုံ က ဘာ စီမံကိန်းလဲ ၊ ဆိုင်းသံ မကြား ဗုံသံ မကြား ဗြုန်းစားကြီး ရောက် လာတာမို့ အမျိုးမျိုး တွေး ပူနေကြ တယ် ။ ကျေးရွာအုပ်ချုပ်ရေးမှူး တွေ က တော့ အာပေါက် အောင် ရှင်းပြ နေကြလေရဲ့ ။
“ အားလုံး လွတ်လွတ်ကင်းကင်း ပါ ၊ စိတ်မပူကြ ပါနဲ့ ။ ဒီလို စက်ရုံစီမံကိန်းမျိုးတွေ ရောက် လာတာ ကောင်းပါတယ် ။ ကျွန်တော်တို့ ရွာတွေ ဖွံ့ဖြိုး တာပေါ့ ။ လမ်းတံတားတွေ ပို ကောင်းလာမယ် ၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ရ လာမယ် ၊ ဈေးသည်တွေ ဈေးကွက် ရ လာမယ် ။ အားလုံး အေးအေးဆေးဆေးပါ ”
အရင်ဆုံး အလုပ် ဖြစ်နေ သူ က တော့ လဲတောသူ နဲ့ အိမ်ထောင်ကျ နေတဲ့ ထိန်တိုင်သား ကိုအုံးမောင် ပါ ပဲ ။ သူ က နှုတ်သွက်ခြေသွက် လူပေါင်း ညက်တဲ့သူ ။ တစ်ပတ် နှစ်ပတ် အတွင်း ယန္တရားဆရာတွေ ၊ အင်ဂျင်နီယာတွေ ၊ တာဝန်ခံလူကြီးပိုင်းတွေ နဲ့ ဖက်လဲတကင်း ဖြစ်နေပြီ ။ မြေတူး မြေပေါက် ၊ မြေသယ် အလုပ်ကြမ်းသမား ရှာပေး တာ ၊ စက်ပစ္စည်းတွေ ထား ဖို့ ယာယီဂိုဒေါင်တွေ ၊ လူနေဆောင်တွေ အတွက် သစ်ဝါး အစ လက်သမား အဆုံး ကိုအုံးမောင် က ပဲ ဆက်သွယ် ရှာဖွေ ပေးရတယ် ။ အမဲရှာ ၊ ကြက်ရှာ စားသောက်ကုန်တွေ အတွက် လည်း သူ့ ခြေ သူ့ လက် ပဲ ။
တစ်ရက် တော့ စက်ရုံစီမံကိန်း က တာဝန်ခံ လူကြီး ဆိုလား ကားတစ်စီး နဲ့ ထိန်တိုင် ကို စ ရောက်လာတယ် ။ ရွာ က ဆင်းရဲနွမ်းပါးသူ တွေ ကို စာရင်း ကောက်ပြီး အဝတ်အထည် နဲ့ ဆန်ထုပ်တွေ ဝေတယ် ။ အုပ်ချုပ်ရေးမှူး အဖွဲ့ နဲ့ အတူ အလုပ် အရှုပ်ဆုံး လူ လို့ ပြော ရမယ့် ကိုအုံးမောင် လည်း အပါအဝင် ပေါ့ ။ ထိန်တိုင် က နွမ်းပါးသူ စာရင်း ထဲ မှာ ကိုသာဆောင် နဲ့ မခင်အိ တို့ လင်မယား ထိပ်ဆုံး က ပါတယ် ။ ကိုသာဆောင် က လယ် မရှိ ၊ ယာ မရှိ ၊ အတတ်ပညာ မရှိလေ တော့ ကြုံရာ ကျရာ အကုန် လုပ်တယ် ။ မခင်အိ က အရင် ဈေးရောင်းခဲ့ ဖူးပေမဲ့ နောက်ပိုင်း မှာ အရင်းပြုတ် လို့ မှီခို လုပ်လာတာ ကြာပြီ ။ မွေးထား တဲ့ ကလေး က သား ယောက်ျားလေးတွေ ချည်း ငါးယောက် ။ တစ်ယောက် ကို မှ ကျောင်း မထားနိုင်ဘူး ။ လက်ရှိ ရင်ခွင်ပိုက်ကလေး က ရှစ်လ ထဲ ဝင်စ ရှိသေး တယ် ။ ဆိုပါတော့ ၊ သူတို့ မိသားစု ဝေစု ရကြတယ် ။ မခင်အိ က သူ့ ရင်ခွင်ပိုက် သားလေး အတွက် အဝတ်အထည် စာရင်း မပါလို့ မကျေနပ်ဘူး ။ အုပ်ချုပ်ရေးမှူး ကိုကျော်တင့် နဲ့ စကား အချေအတင် ဖြစ်ကြတယ် ။
“ ဒီ လသား အရွယ်လေးတွေ အတွက် ဘာမှ မပါ ဘူး ။ မကျေနပ် ရင် ဟော ဟိုမှာ သူဌေး ရှိတယ် ။ ကိုယ်တိုင် သွားပြော ”
မခင်အိ က လည်း ကားလှလှကြီး ဘေး မှာ ရပ် နေတဲ့ သူဌေး ဆီ ရုတ်ခနဲ ရောက်ချ သွားတယ် ။ သူဌေး က လူလတ်ပိုင်း အရွယ် ပဲရှိသေးတယ် ။
“ ဒီမယ် သူဌေးမင်း ၊ ဟောဒီ ကျုပ် သားလေးကျ ဝေစု စာရင်း မပါဘူး ပြောတယ် ။ ကျုပ်သားလေး ကို လူ စာရင်း မသွင်းတဲ့ သဘောလား ။ ကျုပ်တို့ မှာ သူ့ အတွက် အဝတ်အစား မတတ်နိုင်လို့ ပုဆိုးစုတ် အပိုင်းအစလေး တွေပဲ ပတ်ပေး ထားရတယ် ”
“ ဟင် ”
သူဌေး လည်း ရုတ်တရက် ကြောင် သွားတယ် ။ ပြီးတော့မှ ပုဆိုးစုတ်ကလေး နဲ့ ပတ်ထားတဲ့ ဝဝတစ်တစ် ဖြူဖြူဖွေးဖွေး ကလေးလေး ကို သေချာ ကြည့်ပြီး တအံ့ တသြ ဖြစ်သွားတယ် ။ လှုပ်ယမ်းကန်ကျောက် နေတဲ့ ကလေး ရဲ့ လက်သီးဆုပ်ကလေး ကို သေသေချာချာ ကိုင် ကြည့်တယ် ။
“ ကလေးက ချစ်စရာလေးပါလား ။ ကျန်းမာလိုက် တာ လက်ကလေးတွေ က မာကျစ်နေတာပဲ ၊ ဘယ်နှလ ရှိပြီလဲ ၊ သူ့ကို ဘာကျွေးလဲ ”
ဒေါပွ နေ တဲ့ မခင်အိ မျက်နှာ ချက်ချင်း ပြေလျော့ သွားတယ် ။
“ ရှစ်လ ထဲ ဝင်ပေါ့ ၊ တနင်္ဂနွေသား လေ ။ အရင် ကလေးတွေ တုန်း က လည်း သူ့ အတိုင်းပါပဲ ။ ကျုပ်တို့ ဆင်းရဲ သလောက် ကလေးတွေ က တော့ ကျန်းမာလိုက် သမှ ဒေါင်းဒေါင်းပြေး ချည်းပဲ ။ ဒီကလေး ကျ မှ နို့အား သိပ် မကောင်းလို့ ထမင်းရည် ကို ထန်းလျက် နဲ့ ပြန် ကျိုပြီး ယာဂု သဘောမျိုး တိုက် ရတယ် ။ ငှက်ပျောသီးဖီးကြမ်း ပျော့ပျော့လေး ခြေပြီး ခွံ့တယ် ။ ကျုပ် သားလေး က ဘယ် ဘဝ က လာသလဲ မသိပါဘူး ၊ သူ့ ပါးစပ် ထဲ ထည့် ပေးသမျှ အကုန် မျိုချ ပစ်တာပဲ ”
“ ဒီ အရွယ် ကလေးတွေ အတွက် အဝတ်အထည် ပါ မလာဘူး ။ ပါလာတဲ့ ထဲက အသေးဆုံး ဆိုဒ်တွေ ရွေး ပေး ရင် ဖြစ်မလား ။ ကလေး ကြည့်ရတာ အထွား မြန် လောက် ပါတယ် ။ ဒါမှ မဟုတ်ရင် တစ်ရက် နှစ်ရက် လောက် စောင့် ပေးပါ ၊ ကိုအုံးမောင် နဲ့ ထည့် ပေးလိုက်ပါ့မယ် ”
“ ရပါတယ် သူဌေး ရယ် ၊ အလကား ရတဲ့ နွား သွား ဖြဲ ကြည့်နေသလို ဖြစ်နေပါ့မယ် ။ ခုပါ လာတဲ့ အထဲ က ပဲ သင့်တော်တာလေး တစ်ထည် နှစ်ထည် လောက် ရရင် ဖြစ် ပါတယ် ။ သူဌေးမင်း လည်း ခုလိုမျိုး အမြဲ လှူနိုင် တန်းနိုင် ပေးကမ်းနိုင် ပါစေ ၊ ခုထက် ပိုပြီး ချမ်းသာပါစေ ၊ ကျန်းမာပါစေ တော် ”
အဲဒီ နေ့ က သူဌေး ကိုယ်တိုင် ကလေးဝတ် အင်္ကျီ နဲ့ ဘောင်းဘီ နှစ်စုံ လိုက် ရွေးပေးတယ် ။ ပြီးတော့ ကလေး ရဲ့ လက် နှစ်ဖက်လုံး ကို ဆုပ်ကိုင် နှုတ်ဆက် လိုက်သေး တယ် ။ မခင်အိ ပျော်မဆုံး ကို ဖြစ်လို့ ။
နောက် တစ်ရက်ခြား ညဦးပိုင်း အချိန်မှာ ကြွပ်ကြွပ်အိတ်ကြီး တစ်လုံး နဲ့ ကိုအုံးမောင် ရောက်လာတယ် ။ တဲ ထဲ မှာ ကိုသာဆောင် တို့ လင်မယား နဲ့ အိပ်ပျော် နေတဲ့ ကလေး ပဲ ရှိတယ် ။
“ ကိစ္စ ရှိလို့လား ကိုအုံးမောင် ၊ လာ ထိုင်ဗျာ ရေနွေး ရှိတယ် ။ စီမံကိန်း ဆိုက် ထဲ အလုပ် ပေါ်ရင် ကျုပ် ကို မမေ့ နဲ့ဦး နော် ၊ ဘာ အလုပ် ဖြစ်ဖြစ်ဗျာ ”
“ ဒါတော့ စိတ်ချ ၊ ကိုသာဆောင် ကို ထိပ်ဆုံး က စာရင်း တို့ ထားပါ့မယ် ။ ရှေ့လျှောက် ခင်ဗျားတို့ လင် မယား ကံ ကောင်းဖို့ ရှိတယ်ဗျ ။ ဒါနဲ့ ကလေးတွေ မမြင်
ပါလား ”
“ ရွာလယ်ပိုင်း သွားပြီး တီဗွီ ငေး နေကြမှာပေါ့ ”
“ ကလေးဝတ် အထည်တွေ သူဌေး က ရှာ ဝယ်ပေး လိုက်တယ် ။ ဟောဒီမှာ မုန့်ဘူးတွေ ရော ၊ ဒီ ဘူး က ကလေး အာဟာရမှုန့် ။ ရေနွေးလေး နဲ့ ဖျော် တိုက်ရုံပဲ ။ ခင်ဗျားတို့ သားလေး ကို သူဌေး က တော်တော် သဘောကျ နေတာ ။ မျက်စိ ထဲ က ကို မထွက်တော့ဘူးဆိုပဲဗျ ၊ ဟား ဟား ”
“ အားနာစရာ ဗျာ ၊ အဲဒီ နေ့ က ပဲ ကလေး အတွက် သင့်မယ် ထင်တာလေးတွေ သူဌေး ကိုယ်တိုင် ရွေး ပေးခဲ့ တာပဲဟာ ။ ဟောဒီက မခင်အိ လေ သူဌေး ကို အားမနာ လျှာမကျိုး သွား ပြောတာ ၊ တားလို့ ကို မရဘူး ”
“ ကျုပ် က ဘာ ပြောလို့တုံး တော့် ။ ကျုပ်တို့ သား လေး ဝတ်စရာ မရှိလို့ မရှိတဲ့အကြောင်း ပြောတာပဲ ။ အုပ်ချုပ်ရေးမှူး ကိုကျော်တင့် က ကျုပ် သား ကို လူစာရင်း မသွင်းဘူး ထင် လို့ ။ သူဌေး က သားလေး လက် ကို ကိုင် ကြည့်ပြီး သိပ် သဘောကျ နေတာ အဟင်း ဟင်း ”
“ အဲဒါပဲ ၊ ကလေး ကိစ္စ က အထူး အရေးပါ နေတယ် ။ ကျွန်တော် က တော့ ဒီကလေး ဟာ သူဌေးဇာတာ ပါနေ တယ် ထင် တာပဲ ။ ခင်ဗျားတို့ လင်မယား ဒီ ကလေး နောင်ရေး အတွက် အထူး အလေးပေး ပြီး စဉ်းစား ဆုံးဖြတ် စေချင်တယ် ။ သူ့ အထက် က အကြီးကောင်လေး တွေ ကြည့် ဗျာ ၊ မိဘတွေ နွမ်းပါး ကြလေတော့ အများနည်းတူ ကျောင်း တောင် မနေကြရရှာဘူး ။ ဆိတ်ကျောင်း ၊ နွား ကျောင်း လိုက် ဆိုလိုက် ရ ၊ သစ်ထမ်း ဝါးထမ်း လိုက် ဆို လိုက် ရ ၊ လယ် ထဲ ချောင်း ထဲ ငါးရှာ ဖားရှာ လုပ်ရ ၊ သူ များ ခိုင်းသမျှ အရွယ် နဲ့ မလိုက်အောင် ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရရှာ မဟုတ်လား ။ ဒီ ကလေးတွေ သေစာ ရှင်စာလေး တောင် မတတ်ကြဘဲ ဆင်းဆင်းရဲရဲ ကြီးပြင်း လာကြရ မှာ တွေး ကြည့်ရင် သိပ် သနားစရာ ကောင်းလှ ပါတယ်ဗျာ ။ အဲ .. အဲဒီ အထဲ မှာ ဒီ အငယ်ဆုံးကလေး ပါ မပါ ဆိုတာတော့ ခင်ဗျားတို့ လင်မယား အပေါ်မှာ လုံးဝ တည် နေတယ် ”
ကိုသာဆောင် နဲ့ မခင်အိ တို့ အူကြောင်ကြောင် နဲ့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက်ကြတယ် ။ ကိုအုံးမောင် မျက်နှာ က ပြုံးဖြဲဖြဲ နဲ့ ။
“ ကိုအုံးမောင် ပြောတာ ကျွန်တော် နားမလည်ဘူး ဗျ ၊ တည့်တည့် ပြော ”
“ ဟုတ်ပါ့ ၊ ကျုပ် လည်း အူလည်လည် ပဲ ”
“ အဟား ဟား ၊ ပြောပါ့မယ် ဗျာ ၊ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း ပါ ။ ခင်ဗျားတို့ သားလေး ကို သူဌေး က အမွေစား အမွေခံ သားအဖြစ် မွေးစားချင် သတဲ့ဗျ ။ ကဲ ဘယ်လောက် ကံ ထူးလိုက်တဲ့ ကလေး လဲ ။ အင်မတန် ကြုံတောင့်ကြုံခဲ အဖြစ်နော် ။ ခင်ဗျားတို့ ဝမ်း မသာကြဘူးလား ”
ကိုသာဆောင် ရော မခင်အိ ပါ အထိတ်တလန့် နဲ့ အံ့သြငေးမော သွားကြတယ် ။ ပြီးတော့မှ ဘေးနား ချ သိပ် ထားတဲ့ သားတော်မောင် ပိစိလေး ကို ပြိုင်တူ ငုံ့ကြည့် လိုက်ကြရဲ့ ။
“ သူဌေး က သားအရင်း အဖြစ် စာချုပ်စာတမ်း နဲ့ သေသေချာချာ မွေးစားမှာနော် ။ သူ မွေးစားလိုက်တာ နဲ့ ဒီ ကလေး ဟာ နေ့ချင်း ညချင်း သူဌေးသား ဖြစ် သွားပြီ ။ မြို့ ပေါ် မှာ တိုက်ကြီး တာကြီး နဲ့ နေရမယ် ။ အစားကောင်း အသောက်ကောင်း တွေ စားရသောက်ရ မယ် ။ ပညာ ကောင်းကောင်း သင်ရမယ် ။ သူတို့ လုပ် လိုက်ရင် ဆရာ ဝန် လား ၊ အင်ဂျင်နီယာ လား ၊ တစ်ခု ခု တော့ သေချာပေါက် ပဲ ။ နှယ်နှယ်ရရ မမှတ်လိုက်ကြနဲ့နော် ။ နိုင်ငံခြား ကို တောင် လွှတ်ပြီး ပညာ သင်ပေးမှာဗျား ”
ကျောက်ရုပ် တွေ ဖြစ်သွားကြတဲ့ နှစ်ယောက်သား မှာ ကိုသာဆောင် က အရင် အသက် ပြန် ဝင်လာတယ် ။
“ အင်း စဉ်းစားရတာ တစ်မျိုးကြီးပဲ ဗျာ ။ ကျွန်တော် တို့ က ကိုယ့် သားသမီး ကို တစ်သက်လုံး စွန့်လွှတ် လိုက်ရမှာ ကိုအုံးမောင် ရ ။ ကိုယ့်သွေး ကိုယ့်သား ကို အရုပ် တစ်ရုပ် လို သဘော ထားပြီး ပေး ပစ် ရမှာ မဖြစ်နိုင်ပါဘူးဗျာ ”
“ ဒါကြောင့် ကလေး နောင်ရေး ကို အထူး အလေးပေး စဉ်းစားဖို့ စကား ပလ္လင်ခံထားတာပေါ့ ။ ကိုယ့် ဘက် ထက် ကလေး ဘက် ကို ဦးစားပေး စဉ်းစားရ မှာ ကိုသာ ဆောင် ရဲ့ ၊ မိဘ ဆိုတာ စုန်ရေ မဟုတ်ဘူးလားဗျာ ”
“ ဟုတ်တယ် ကိုသာဆောင် ၊ စကား ကို အပြတ်ကြီး မပြောလိုက်နဲ့ဦး ။ အေးအေးဆေးဆေး စဉ်းစားကြတာ ပေါ့ ။ ကျုပ် က ဟောဒီ ဗိုက်ကြီး နဲ့ လွယ်ပြီး မွေးခဲ့ရတဲ့ မအေ ပါ ။ သားလေး ဘက် ကို ကြည့် ပြန်တော့ ကိုအုန်းမောင် ပြောသလို ငရဲတွင်း ၊ ဆင်းရဲတွင်း က နေ နတ်ဘုံ နတ်နန်း ပေါ် ရောက်သွား သလို သားလေး ဘဝ ကြီးပွား ချမ်းသာ သွားမှာ သေချာတယ် ။ သားလေး ဒီ ဘဝမျိုး ကို ရောက် သွားရင် ကျုပ်တို့ ရင် တွေ ဗြုန်းဗြုန်း ကွဲ ပါစေတော့ ကျုပ် ကျေနပ်တယ် ”
လွန်ပွဲ က သူတို့ လင်မယား နဲ့ ကိုအုံးမောင် မဟုတ် တော့ဘဲ လင်မယားချင်း ပြန်ဆွဲတဲ့ ပွဲ ဖြစ်လာတယ် ။ ကိုအုံးမောင် က လည်း ဒီ ပွဲ အောင် လိုက်ရင် သူဌေး ဘက် က ကျလာမယ့် လာဘ်လာဘ မြိုးမြိုးမြက်မြက် ကို မြင် ထား လေတော့ သူ့ ဘက် ယိမ်းမယောင် ရှိ နေတဲ့ မခင်အိ ကို ဖိ ဆွယ် တော့တာပေါ့ ။
“ သူဌေး နာမည် က ဦးမျိုးထွဋ်ကျော် ၊ သူဌေးကတော် က ဒေါ်သီရိအောင် တဲ့ ။ သူတို့ မှာ သမီးလေး တစ်ယောက် တည်း ရှိတာ ။ အဲဒီ သမီးလေး ကို တောင် သူတို့ အိမ်ထောင် သက် ဆယ်နှစ် လောက် ရှိ မှ ဆေးပညာပါရဂူကြီးတွေ အကူအညီ နဲ့ ယူခဲ့ကြရတာ ဆိုပဲ ။ ဒေါ်သီရိအောင် က မွေးရာပါ နှလုံးရောဂါ ဆိုလား ၊ ရှော့ ဆိုလား မသိပါဘူး အဲဒီ ရောဂါ ရှိ သတဲ့ ။ ကလေး ယူ ရင် အသက်အန္တရာယ် သိပ် ကြီးသတဲ့ဗျာ ။ သားရူး ရူး နေကြတဲ့ သူတို့ လင်မယား အတွက် ရော ၊ သမီးလေး အဖော် အဖြစ်ရော ကလေးမွေးစား ဖို့ ရှာ ခဲ့ကြတာ အတော် ကြာပြီ ။ စိတ်တိုင်း ကျ မတွေ့ ခဲ့ဘူး ။ ဟော .. ဒီ ကလေး ကျ မှ တစ်ခါ မြင်လိုက်ရုံ နဲ့ အကြိုက် တွေ့ သွား တော့တာပဲ ။ ကလေး ရဲ့ အတိတ်ဘဝ ကုသိုလ်ကံ ကို က သိပ် ကြီးလို့ နေမှာ ”
“ ကလေး အတွက် က ပြော နေစရာတောင် မလိုပါ ဘူး ကိုအုံးမောင် ရယ် ၊ ကျုပ်တို့ မိဘတွေ အဖို့ သာ ပါ ။ ဒါမျိုးလည်း ကြုံကြိုက်ဖူးကြတာ မှ မဟုတ်ဘဲ ”
“ ဟိုနေ့ က သူဌေးကား နဲ့ လဲတော ဘက် ကို သွား ဝေ တော့ ကျွန်တော့် သားလေး ကို တောင် ပြ လိုက်သေးတယ် ။ ခုမှ အခါလည် ကျော်ရုံ ရှိသေးတာ ။ သူဌေး က စိတ်မဝင်စား လို့ ဗျ နော် ။ သူ သာ သဘောကျ ရင် ကျွန်တော် က တော့ ပျော်ပျော်ကြီး ပေး ပစ်လိုက်ဖို့ ဝန် မလေးဘူး ။ ကိုယ့် သားသ မီးပဲ ဗျာ ၊ ဘယ် ခွဲနိုင်ပါ့မလဲ ။ ဒါပေမဲ့ ကိုယ့်သား သမီး ကို ချစ်တဲ့ စိတ် နဲ့ ဖက်တွယ် ထားတာဟာ ကိုယ့် ရဲ့ အတ္တစိတ် သက်သက်ဗျ ။ သားသမီး ကောင်းစားရေး အတွက် စွန့်လွှတ် ပေးနိုင်တာမှ မိဘ မေတ္တာ အစစ်အမှန် လို့ ကျွန်တော် ခံယူတယ် ”
“ မှန်ပါတယ် ကိုအုံးမောင် ၊ ကျွန်တော် မငြင်းပါဘူး ။ ဒါပေမဲ့ ခု ကိစ္စ က တစ်မျိုး ဗျ ၊ စဉ်းစားရ တော်တော် ခက်တယ် ”
“ ကဲပါလေ ၊ ဖုတ်ပူမီးတိုက်ကြီး လည်း မဟုတ်ပါဘူး ။ အေးအေးဆေးဆေး ဆွေးနွေး တိုင်ပင်ကြဦးပေါ့ ။ ဪ .. မခင်အိ ကို ပြောရဦးမယ် ၊ ကလေး ကိစ္စ အဆင် ပြေ ရင် မခင်အိ တို့ မိသားစု ကို သူဌေး က ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှောက်ဦးမှာနော် ”
အဲဒီ ည က သူတို့ လင်မယား နှစ်ယောက်လုံး အိပ် မပျော်ကြတော့ဘူး ။ အတွေးနယ် ကိုယ်စီ နဲ့ သားလေး ရဲ့ အနာဂတ်ပုံရိပ် ကို မှန်းဆ မြင်ယောင် နေမိကြတယ် ။ မခင်အိ က တော့ သားလေးမျက်နှာ ကို အကြိမ်ကြိမ် ပြန် ပြန် ကြည့်နေမိရဲ့ ။
“ ယောက်ျား ”
“ အင်း ”
“ ကျုပ်တို့ သားလေး တက္ကသိုလ်ကျောင်းသားကြီး ဖြစ် ပြီး ဘွဲ့တွေ ဘာတွေ ရ လာတဲ့ အခါ ကျုပ် မြင်ချင်စမ်း ပါဘိ တော် ။ လူပျိုကြီးဖားဖား တကယ့် ယောက်ျား တစ် သွေးတစ်မွေးကြီး နဲ့ မြို့ ပေါ် က သူဌေးသမီး တွေ နန့်နန့်လူး ဝိုင်းဝိုင်းလည် နေကြမှာ မြင်ယောင် မိသေး ။ သားလေး က ကျုပ်တို့ ကို မမှတ်မိလောက်ဘူးနော် ။ ဒါပေမဲ့ ရုပ်ရှင်တွေ ဘာတွေ ထဲ က လို တစ်နည်းနည်း နဲ့ မွေးစား မိဘ မှန်း သိသွားတဲ့ အခါ မိရင်းဖရင်းတွေ ကို ရ အောင် စုံစမ်းပြီး လာ တွေ့မှာ သေချာတယ် ။ သားလေး က ပညာ ဉာဏ်တွေ ကြီး နေပြီလေ ၊ သွေး က လည်း စကား ပြောဦး မှာ ကိုး ။ အမယ်လေး မြို့ကြီးသား လူပျိုထွား ကျုပ် သား ကို အားရပါးရကြီး ဖက် တဲ့ပြီး အမေ့ ကို မှတ်မိသေးရဲ့လား သား ရဲ့ ၊ ဟောဒီမှာ မင်း ရဲ့ အဖေအရင်း ဟဲ့ ၊ ဟောဒါ မင်း ရဲ့အစ်ကိုကြီး ခင်ဆောင် ဟဲ့ ၊ ဟောဒါ က မင်း ရဲ့ အစ်ကိုလတ် တင်ဆောင် ဟေ့ ၊ ဟောဒါ .... ဟောဒါက ... အဟင့် အီး ဟီး ဟီး ”
“ ဟာ ဒီအရူးမ ဘာသောက်ရူး ထ ငိုရပြန်တာလဲ ၊ အိပ် မပျော်ရတဲ့ အထဲကွာ ။ ကလေး က မင်း ဘေးမှာ လေ ”
“ ကျုပ် တွေးရင်း တွေးရင်း ငိုချင် လာ တာ ကိုး ။ ကျုပ် တို့ ဘယ်လို လုပ်ကြမလဲ ဟင် ။ ကျုပ် က တော့ ကျုပ် သားလေး ကောင်းစားစေချင်လိုက်တာတော် ။ ဒီ သူဌေး နဲ့ ဒီကလေး ရှေး က ရေစက် ပါလာကြလို့ နေမှာ ။ ကိုအုံးမောင် ပြော သလို ကိုယ့် သားသမီး ကို ချစ်တဲ့ စိတ် နဲ့ ဖက်တွယ် ထား ရင် အကြီးကောင် တွေ လို ပဲ ဖွတ်မွဲ တစ်ကောင် ထပ် တိုး လာရုံ အပြင် ဘာမှ ဖြစ်လာစရာ မရှိဘူး ။ တော်ရော ဘယ်လို စဉ်းစားမိလဲ ဟင် ”
“ ဘယ်လိုမှ မစဉ်းစားတတ်ဘူး ။ ရွှေပင် မှာ နား ရွှေကျေး ၊ ငွေပင် မှာ နား ငွေကျေး ဆိုတဲ့ စကား အတိုင်းပဲ ဖွတ် ပင် မှာ နားတော့ ဖွတ်ကျေး ပဲ ပေါ့ကွာ ။ မင်း သဘောပဲ ခင်အိ ။ မင်း သား ကို တစ်သက်လုံး ခွဲ နိုင်လား ၊ စွန့် နိုင် လား ။ ကိစ္စ ပြီး တော့ မှ မျက်ရည် တလည်လည် အပူသည် ဇာတ် မခင်းလေ နဲ့ ။ မင်း စိတ်ကူးယဉ် တဲ့ ရုပ်ရှင်တွေ ဘာတွေ ထဲ က လိုလည်း ဖြစ်လာမယ် မထင်လေ နဲ့ ၊ ငါ ကြို ပြောလိုက်ပါရဲ့ ”
“ အိုတော် ၊ ကိုယ် မနေနိုင်တဲ့ အခါ အလွမ်းပြေ သွား ကြည့် လိုက်ရုံပေါ့ ၊ ကိုယ့် သားသမီး ပဲ ဟာ ”
“ နားမလည် တောင်မတည့် ပြော ပြန်ပြီ ၊ သူတို့ က စာချုပ်စာတမ်း နဲ့ အပိုင် မွေးမှာ ။ စာချုပ် ချုပ် ပြီးရင် သူတို့ သား ဖြစ် သွားပြီ ။ မင်း တွေ့ချင် တိုင်း တွေ့လို့ မရတော့ ဘူး ။ ဒါမှ ကလေး က သူတို့ ကို အဖေရင်း အမေရင်း မှတ် မှာပေါ့ ။ အဲဒီလို မဟုတ်ရင် ဘယ် မွေးစား လိမ့်မလဲ ”
“ ဒါဖြင့် တော် က သဘော တူတယ်ပေါ့ ”
“ မင်း သဘော အတိုင်းပါ လို့ ပြောပြီးပြီလေ ။ ငါ့ မှာ လက်ကျန် မျောက်လောင်းလေးကောင် တောင် ကျန်သေး တာပဲ ။ မင်း ဗိုက် က ရော နောက် တစ်ကောင် ထွက်မလာ တော့ဘူး ပြောနိုင်လို့လား ”
“ အောင်မယ် ၊ အဲဒါက ကျုပ် တစ်ယောက်တည်း နဲ့ ဆိုင်သလား ဟင် ”
မခင်အိ က ကိုသာဆောင့် လက်မောင်း ကို ရှက်မျက်နှာ နဲ့ လှမ်း ထုတယ် ။
••••• ••••• •••••
ခြံဝင်းကြီး ထဲ လှမ်း ဝင် ဝင်ချင်း ကြီးမားခမ်းနားလှ တဲ့ တိုက်ကြီး ကို မြင်ပြီး မခင်အိ အံ့သြ ငေးမော သွားမိ တယ် ။ ရင်ခွင် ထဲ က သားလေး ကို တင်းတင်းဖက် ပွေ့ ရင်း ကံကောင်း လိုက်တဲ့ ငါ့ သားလေး လို့ လည်း ရေရွတ် လိုက် မိရဲ့ ။ သူတို့ နှစ်ယောက် ကိုအုံးမောင် နောက် ကနေ တွန့်ဆုတ်ဆုတ် ခြေလှမ်းတွေ နဲ့ လိုက်ပါခဲ့ကြတယ် ။
“ ကြည့်ပါဦး ယောက်ျား ရယ် ၊ တိုက်ကြီး က ကျုပ်တို့ တစ်ရွာလုံး တောင် နေလို့ ရတယ်နော် ”
“ စိတ်ကူး ယဉ် မနေနဲ့ ၊ တစ်ရွာလုံး ကို မွေးစား မှာ မဟုတ်ဘူး ”
သူတို့ နှစ်ယောက် စကား ကြောင့် ကိုအုံးမောင် တဟားဟား ရယ်တယ် ။ ပထမဆုံး တွေ့ တဲ့ စင်တင်ပန်းရုံကြီး အောက် က ခုံတန်း ပေါ် ခဏ ထိုင် ခိုင်းတယ် ။
“ ဧည့်သည်တွေ ရောက် နေတယ် ထင်တယ် ၊ ကား တွေ တန်းစီလို့ ။ ကျွန်တော် အရင် ဝင် ကြည့်လိုက်ဦးမယ် ”
ကိုအုံးမောင် ထွက် သွားပြီး ချက်ချင်း ပြန်ရောက် လာတယ် ။ သူတို့ ကို တိုက်ကြီးမြောက်ဘက် ထောင့် နား က အုတ်ခံပျဉ်ထောင် အခန်းတွဲ ဆီ ခေါ် သွားတယ် ။ ထိပ် ဆုံးက လွတ် နေတဲ့ အခန်း ထဲ မှာ နေရာချ ပေးတယ် ။
“ ဒီ အခန်း က ဒရိုင်ဘာ ကိုခင်ထွန်း နေတဲ့ အခန်း ၊ ဟိုဘက်ခန်း က ခြံစောင့်ကြီး အခန်း ၊ ဟိုဘက်ဆုံး က စတိုခန်း ပေါ့ ။ ကျွန်တော် ဒီ ခြံ ထဲ ရောက် တာ အခု လေးကြိမ် မြောက် ပေါ့ ။ ဒီ အခန်း မှာ တစ်ည အိပ်ဖူးတယ် ”
“ ခင်ဗျား လည်း သူဌေး လက်စွဲတော် ဖြစ် နေပြီနော် ”
“ သူ့ ပီအေ က သတ်သတ် ရှိတယ်ဗျ ။ ကျွန်တော် က ကြုံရာကျရာ တန်သလောက်ကလေး ဝင်ဆံ့တာပါ ”
သူတို့ စကား ပြောနေကြတုန်း မြီးကောင်ပေါက် အရွယ် ကောင်မလေး ရောက် လာတယ် ။ ကော်ဖီအိုးကြီး နဲ့ ကိတ်မုန့် တွေ ချ ပေးတယ် ။
“ ကော်ဖီ သောက် ၊ မုန့် စားကြပါဦး ။ ဧည့်သည်တွေ ပြန် တော့ သမီး လာ ခေါ်ပါ့မယ် ”
“ ကျေးဇူးပဲ သမီး ရေ ၊ ကဲ ကိုသာဆောင် နဲ့ မခင်အိ တို့ ကြုံကြိုက်တုန်း အပြတ်သာ တွယ်ကြပေတော့ ။ ဒါက ခင်ဗျားတို့ သားလေး ရဲ့ ဘုန်းတန်ခိုး ဗျ နော် ။ ကျွန်တော် လည်း ဆင်ဖြူတော် မှီပြီး ကြံ စုပ် နေရတာပေါ့ ၊ ဟား ဟား ဟား ”
မခင်အိ က ကော်ဖီ နဲ့ ကိတ်မုန့် ကို တို့တို့ပြီး ကလေး ကို လည်း ခွံ့ ၊ သူ လည်း စားပေါ့ ။ အနံ့အရသာ ထူး လှတဲ့ ကော်ဖီ ကို သုံးခွက် တိတိ သောက်တယ် ။ ကိတ်မုန့် ကို ဘယ်နှချပ် မှန်း တောင် မမှတ်မိဘူး ။
“ ရွာ မှာ ကျန်ခဲ့တဲ့ ကလေးတွေ ကို ကျွေးချင် လိုက်တာ တော် ”
“ ဟား ဟား ၊ ဒါကြောင့် ကျွန်တော် ပြောတာပေါ့ ၊ ဒီ ကလေး သူဌေးသား ဖြစ်သွားရင် ကောင်းပေ့ ညွန့်ပေ့ ဆိုတာတွေ စားရမယ် ။ ဟောဒီ ခြံကြီး နဲ့ တိုက် အပြင် အတွင်း ပစ္စည်းတွေ ၊ ကားတွေ ၊ စီးပွားရေး လုပ်ငန်းတွေ အားလုံး ကို ဒီ ကလေး နဲ့ သူ့ အစ်မ နှစ်ယောက် တည်း အမွေ ဆက်ခံရမှာ ။ ကျွန်တော် က တော့ အိပ်မက် မက်နေ သလား တောင် ထင်မိတယ် ။ ကုသိုလ် ထူး တဲ့ ကလေးဗျာ ”
“ နေပါဦး ကိုအုံးမောင် ရဲ့ ၊ သူ့ အစ်မ ဆိုတာ က ”
“ ဟောဗျာ ၊ မခင်အိ တို့ သားလေး က ဒီနေ့ ပဲ သူဌေးသား ဖြစ်တော့မယ်လေ ဗျာ ၊ အဲဒီတော့ သူတို့ သမီးလေး သီရိထွဋ်ကျော် ဟာ သူ့ အစ်မ ဖြစ်သွားပြီပေါ့ ဗျ ။ အဟား ဟား ”
“ အမယ်လေး ကျုပ် တော့ ကြက်သီးတောင် ထ လာပြီ ။ ကျုပ် သားလေး ဟောဒီ ကျုပ် သားလေး ကံ ထူးချက် တော့ ၊ ကိုသာဆောင် တော် လည်း တော့် သား ကို တဝ ကြီး ကြည့် ထားဦး ၊ နောင် ဆို မြင်ရ တွေ့ရ ဖို့ မလွယ်တော့ဘူး ဆို ရော့ ”
ပြောပြောဆိုဆို ကလေး ကို ကိုသာဆောင့် လက်ထဲ ထည့် ပေးလိုက်တယ် ။ လူရိုးကြီး ကိုသာဆောင် က ကလေး ကို သူ့ ရှေ့ စားပွဲ ပေါ် တင်ပြီး ငူငူကြီး ကြည့် နေ တယ် ။ ကလေး က သူ့ မျက်နှာ ကို လက်ကလေး နှစ်ဖက် နဲ့ ဆုပ်ကိုင် ဆော့ ကစားရင်း ဝူးဝူးဝါးဝါး အသံ ပေးနေ တယ် ။ မခင်အိ မနေ နိုင် ပြန်ဘူး ။ ကလေး ကို ပြန် ဆွဲ ယူ ပြန်တယ် ။
“ သားလေး က သူဌေးသား ဖြစ်တော့မယ် ဆိုပြီး ပျော် နေတာပေါ့ ၊ ဟုတ်လား ။ အမေ တို့ ကို မေ့ သွားမှာ လား ဟင် ၊ ရော့ အမေ့နို့ ကို နောက်ဆုံး အနေနဲ့ အဝ စို့ ထား ။ နောင်ဆို .... နောင်ဆို အမေ တို့ မတွေ့ရတော့ဘူး သား ရဲ့ ။ အမေ တို့ ကို အပြစ် မတင်ပါနဲ့ သားလေး ရယ် ။ သားလေး ဘဝ ပင်ပန်းဆင်းရဲမှာ စိုးလို့ ၊ မင်း အစ်ကိုတွေ လို ပညာ မတတ် မှာ စိုးလို့ ဒါတွေ ကို သားလေး ဘာမှ မသိရှာဘူး နော် ၊ အဟီး ဟီး ဟီး ”
မခင်အိ က ဗြုန်းစားကြီး ငို ချ လိုက်တယ် ။ ကိုသာဆောင် နဲ့ ကိုအုံးမောင် တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ဘာ လုပ်ကြရမှန်း မသိဘူး ။ ကိုအုံးမောင် က တံခါးပေါက် ဆီ ထ သွား လိုက်ပြီးမှ ကပျာကသီ ပြန် လှည့် လာတယ် ။
“ မခင်အိ မခင်အိ မငိုနဲ့ တော့ ။ ဟို ချာတိတ်မလေး ပြန် လာနေပြီ ၊ အထဲ ကို ဝင်ကြရတော့မယ် ထင်တယ် ။ မျက်ရည် သုတ် ပါဗျာ ”
မခင်အိ လည်း သူ့ စိတ် ကို သူ ပြန် ချုပ်ပြီး မျက်ရည် သုတ် တယ် ။ ကလေး နဲ့ သူ့ ခန္ဓာ ထိတွေ့ ထား သရွေ့ ရင် ထဲ က ဝေဒနာ ကို လွန်ဆန်နိုင်ပုံ မရတော့ သလို ကိုသာ ဆောင့် လက် ထဲ လွှဲ ပေး လိုက်ပြန်တယ် ။
“ အန်ကယ် တို့ က အထဲ ကို လာခဲ့ကြပါတဲ့ ”
“ ဟုတ်ပြီ သမီး ၊ ဟုတ်ပြီ ”
ကိုအုံးမောင် ဦးဆောင်ရာ လိုက် သွားကြတယ် ။ ဧည့်ခန်းကျယ်ကြီး ထဲ ဝင် လိုက်တော့ စိမ့်ခနဲ အေးမြသွားတယ် ။
“ ဧည့်သည်တွေ အားနာစရာ ဖြစ်နေပြီ ၊ အလုပ်ကိစ္စ တွေ ဆွေးနွေး နေတာ ကြာသွားတယ် ။ ကဲ ထိုင်ကြပါ ၊ ထိုင်ကြပါ ။ အေးအေးဆေးဆေးပေါ့ ”
ဦးမျိုးထွဋ်ကျော် က ခရီးဦးကြို ပြု လိုက်ပြီး ဧည့်ခန်း ထဲ က လူတွေ နဲ့ မိတ်ဆက်ပေးတယ် ။ ဒေါ်သီရိအောင် နဲ့ သူတို့ သမီးလေး အပြင် ရှေ့နေ တစ်ယောက် ၊ ရပ်ကွက် လူကြီး နှစ်ယောက် လည်း ပါတယ် ။ ကလေး ကိစ္စ စပြီး စကား ပြောကြတော့ သီရိထွဋ်ကျော်လေး က ဝမ်းသာ အားရ ထ လာတယ် ။ ရဲရဲတင်းတင်း ပဲ ကိုသာဆောင် ရင်ခွင် ထဲ က ကလေး ရဲ့ လက်ကလေး နှစ်ဖက် ကို ဆုပ် ကိုင် ပြီး သေချာ ကြည့်တယ် ။ ကလေး က ဝူးဝူးဝါးဝါး စကားတွေ ပြော နေတယ် ။
“ ဟယ် ချစ်စရာလေး မေမေ ရေ ၊ ဝဝကစ်ကစ် နဲ့ အသားလေး က လည်း ဝင်းလို့ ။ အဟေး ဟေး မောင်လေး ရပြီ ကွ ”
ကလေးမ က နှုတ်သွက်ခြေသွက် နဲ့ ကလေး ကို ရုတ်ခနဲ ပွေ့ချီပြီး သူ့ အမေ ဆီ သွားပြတယ် ။ ဒေါ်သီရိအောင် က လည်း ကလေး ကို ဆီးယူ လိုက်ပြီး တအံ့တသြ ကြီး သဘောကျ နေပုံ ရတယ် ။
“ မောင်ခင်ထွန်း ကို ကလေးထိန်း နာနီ သွား ခေါ်ခိုင်း လိုက်ပြီ သမီး ၊ စပါယ်ရှယ် Nurse တစ်ယောက် ပါ အချိန်ပြည့် ထား ပေးရမယ် ။ ကလေး ကျန်းမာရေး က သိပ်အရေးကြီးတယ် ။ တနင်္ဂနွေသားလေး ဆိုတော့ အောင်မျိုးထွဋ် လို့ နာမည် ပေးမယ် ၊ သမီးလေး ကြိုက် ရဲ့လား ”
“ ဟာ ကြိုက်တယ် မေမေ ၊ အရမ်း မိုက်တယ် ”
ရှေ့နေကြီး က သူ ရေးထားတဲ့ စာချုပ် ကို အားလုံး ကြားအောင် ပီပီသသကြီး ဖတ်ပြတယ် ။ မခင်အိ ခမျာ သားလေး နေရာမှာ အစားထိုး ဝင်လာတဲ့ ဟာလာဟင်းလင်း ဝေဒနာ ကြောင့် ဖြေမဆည် နိုင်ဘဲ မျက်ရည် ဖြိုင်ဖြိုင် ကျ နေပြီ ။ ရှေ့နေကြီး ဖတ်ပြ နေတာကို ဘာ တစ်လုံး မျှ ကြားရတယ် မထင်ဘူး ။ ကိုသာဆောင် က တော့ အချိန်မတိုင်မီ သူ့ လက် ထဲ က လုယူ ခံလိုက်ရတဲ့ သားလေး ဆီ တွေတွေကြီး ငေး ကြည့်နေလေရဲ့ ။ ကလေး က လည်း အမျိုးမျိုး ချော့မြူ နေကြတဲ့ ဒေါ်သီရိအောင် တို့ သားအမိ နှစ်ယောက် ကြား မှာ တခစ်ခစ် ရယ် လို့ ။ ဒီ မြင်ကွင်း ကို ကြည့်ပြီး ဦးမျိုးထွဋ်ကျော် နဲ့ လူကြီးမင်း တို့ ပြုံး ပြုံးကြီး တွေ ဖြစ် နေကြတယ် ။
“ သိပ် သန္ဓေကောင်းတဲ့ ကလေး ၊ ကိုသာဆောင် နဲ့ မခင်အိ တို့ ကို ကျေးဇူး အထူးတင်ပါတယ် ။ ဘယ်တော့မှ မမေ့ထားပါဘူး ။ တစ်ခု ပါ ပဲ ၊ စာချုပ်ပါ သတ်မှတ်ချက် တွေ အပေါ် သစ္စာ ရှိရှိ ကတိ တည်တည် စောင့်ထိန်းပေး ဖို့ တော့ သိပ် အရေးကြီးပါတယ် ။ ကလေး တစ်ဘဝလုံး အတွက် ဘာမှ ပူပင်သောက မဖြစ်ကြပါနဲ့ ။ ကိုယ်တိုင် မွေးထုတ်တဲ့ သား အရင်း လို ပြုစု ပျိုးထောင် သွားမှာပါ ”
နောက်ဆုံး စာချုပ် ပေါ် မှာ လက်မှတ်ရေးထိုး လိုက် ကြတယ် ။ ကိုသာဆောင် က ဘုန်းကြီးကျောင်း ထွက်မို့ သူ့ နာမည် ကို တုန်တုန်ချည့်ချည့် ရေး နိုင်တယ် ။ မခင်အိ က စာ တစ်လုံး မှ မတတ်လို့ မရေးနိုင်ဘူး ။ ကိုသာဆောင် က ပဲ ကိုယ်စား ရေး ပေးရတယ် ။
“ ကိုသာဆောင် နဲ့ မခင်အိ တို့ ကို မိဘချင်း ကိုယ်ချင်း စာ ပါတယ် ။ ကလေး ဘဝ ကောင်းစားရေး အတွက် မုဒိတာပွား မေတ္တာထား နိုင်ရင် အကောင်းဆုံး ပါပဲ ။ ဒါက ကျွန်တော် တို့ မိသားစု ရဲ့ ဂုဏ်ပြုလက်ဆောင် ငွေ ငါးသိန်း ပါ ။ နောက် နောင် လည်း အခက်အခဲ ရှိရင် ကိုအုံးမောင် က တစ်ဆင့် ဆက်သွယ်ပါ ၊ ကူညီပါ့မယ် ။ ကွင်းတောစက်ရုံ ပြီး လို့ လည်ပတ်တဲ့ အခါ လည်း ကိုသာဆောင် နဲ့ မခင်အိ တို့ အတွက် အလုပ်အကိုင် အခွင့်အလမ်း တွေ ဖန်တီး ပေးပါဦးမယ် ။ ကလေး ကိစ္စ ကို သာ နှုတ်လုံ အောင် စောင့်ထိန်း ပေးဖို့ မေတ္တာ ရပ်ခံပါတယ် ”
ကလေးထိန်း နာနီ သွား ခေါ်တဲ့ ကိုခင်ထွန်း ပြန် ရောက်လာတယ် ။ ချက်ချင်းပဲ အဲဒီ ကား နဲ့ ကိုသာဆောင် တို့ လင်မယား ကို ရွာ ပြန် ပို့ခိုင်းတယ် ။ ကိုအုံးမောင် က ပြန် မလိုက်သေးဘဲ နေခဲ့ဦးမတဲ့ ။ သူ က သူဌေး မိသားစု နဲ့ အလွမ်းသင့် နေတဲ့ အပြင် ကလေးကိစ္စ အောင်မြင်ရေး အဓိက လုံးပန်းခဲ့သူ အဖြစ် ဂုဏ်ပြုခံဖို့ ရှိနေသေးတယ် ။ ဒီလိုနဲ့ အားလုံး ကို နှုတ်ဆက်ပြီး ဧည့်ခန်းကြီး ထဲ က ထွက် လာခဲ့ကြတယ် ။
ကိုခင်ထွန်း က ကား နောက်ခန်း တံခါး ဖွင့်ပြီး စောင့် နေတယ် ။ ကား ပေါ် ကို ကိုသာဆောင် အရင် တက် ထိုင် လိုက်တယ် ။ မခင်အိ လိုက် မတက်နိုင်သေးဘူး ။ စက္ကူ ပတ် ထားတဲ့ ငွေထုပ် ကို ရင်ဘတ် မှာ ကပ် ထားရင်း မျက်ရည်ဖုံး မျက်လုံးတွေ နဲ့ တိုက် ထဲ ကို လည်ပြန် ကြည့်နေ တယ် ။ ကိုခင်ထွန်း က ကား ကို စက်နှိုး ထားလိုက်တယ် ။
“ ခင်အိ လာ တက်လေ ၊ ငါ ကြိုပြောခဲ့ပြီးသား ၊ နောက်တော့ မှ မျက်ရည် တလည်လည် အပူသည် ဇာတ် မခင်း နဲ့ လို့ ။ ကဲ လာစမ်းပါ ဟာ ၊ ကိုခင်ထွန်း ကို အားနာဖို့ ကောင်းတယ် ”
ကိုသာဆောင် စကား မဆုံးမီ တိုက် ထဲ က ကလေး ငိုသံ ကြား လိုက်ရတယ် ။ “ ဒီ ကောင် က ငိုခဲ တယ် ။ ငိုမိ ရင် လည်း အသံပြဲကြီး နဲ့ အတော် ဇွဲကောင်းတဲ့ ကောင် ” လို့ ကိုသာဆောင် တွေး နေတုန်း မခင်အိ တစ်ယောက် ရုတ်ခနဲ ဧည့်ခန်းကြီး ထဲ ပြန်ရောက် သွားတယ် ။ ချီပိုး ချော့မော့ နေတဲ့ နာနီ လက်ထဲ က ကလေး ကို ဆွဲယူ လိုက် ပြီး လှည့်ပတ် ချော့တယ် ။ ကလေး က အငို မတိတ်ဘူး ။ နီး ရာ ဆက်တီ ပေါ် ထိုင်ချ လိုက်ပြီး နို့ လှန် တိုက်တော့မှ ငြိမ်ကျ သွားတယ် ။ စောစောက ဟာလာဟင်းလင်း ဖြစ် ခဲ့တဲ့ သူ့ ရင်ထဲ နွေးထွေး ပြည့်ဝ သွားသလို ခံစား လိုက်ရ တယ် ။ ဧည့်ခန်း ထဲ မှာ အစု မကွဲသေးတဲ့ လူကြီးတွေ စကား မပြောနိုင်ကြဘဲ အခြေအနေ ကို စောင့် ကြည့် နေကြတယ် ။
ကလေး ငြိမ်ကျ သွားတော့ ဒေါ်သီရိအောင် က မျက်ရိပ် ပြလိုက်တယ် ။ အကင်းပါးတဲ့ နာနီ က ကလေး ကို ပြန် ဆွဲ ယူလိုက်တယ် ။ မခင်အိ က လည်း ဆွဲဆွဲငင်ငင် လွှတ် ပေး လိုက်ပြီး လေးတွဲ့တွဲ့ကြီး ပြန် ထွက်လာတယ် ။ အပြင် မှာ လာ စောင့် နေတဲ့ ကိုသာဆောင် က ကား ပေါ် ရောက် တဲ့ အထိ ဆွဲခေါ် သွားတယ် ။ ကိုခင်ထွန်း က လည်း ကား ကို အမြန် မောင်း ထွက် လိုက်တယ် ။ ခြံဝ နား ရောက်လု နီနီး မှာ မခင်အိ က ရုတ်တရက် ကျုံး အော် လိုက်တယ် ။
“ ကားဆရာ ရပ် ရပ် ၊ ကလေး က ငိုပြန်ပြီ ၊ မြန်မြန် ရပ် ”
“ ဟင် ဟုတ်ရဲ့လား ခင်အိ ရာ ”
“ ကျုပ် သေသေချာချာ ကြားရတယ်တော့် ”
ကား ရပ်လိုက်တော့မှ ကလေး ငိုသံ ကို သူတို့ ကြား လာရတာကြောင့် မခင်အိ ကို တအံ့တသြ ကြည့် လိုက် ကြတယ် ။ ကိုခင်ထွန်း က စိတ်ပျက်လက်ပျက် ပုံစံနဲ့ တံခါး လာ ဖွင့်ပေးတယ် ။ မခင်အိ က တစ်ချက် မဆိုင်းဘူး ၊ ကား ပေါ် က နေ ခုန်ဆင်းပြီး တစ်ဟုန်ထိုး ပြေး တော့တာပဲ ။ တိုက် ထဲ ကို ဝုန်းခနဲ ပြန် ရောက်လာပြန်တဲ့ သူ့ ကို မြင် လိုက်တော့ အားလုံး အေးစက်တောင့်ခဲ သွားကြသလိုပဲ ။ သူ က တော့ ဘယ်သူ့ကို မှ ဂရုစိုက် မနေဘဲ နာနီ့ လက် ထဲ က ကော့လန် အော်ဟစ်နေတဲ့ ကလေး ကို ခပ်မြန်မြန် ဆွဲယူ လိုက်တယ် ။ ဦးမျိုးထွဋ်ကျော် နဲ့ ဒေါ်သီရိအောင် တို့ မျက်စိမျက်နှာ ပျက် နေကြပြီ ။ ဒေါ်သီရိအောင် က ချုပ် တည်း ထားတဲ့ ဒေါသမျက်နှာ နဲ့ ထ လာတယ် ။
“ ကလေး ဆိုတာ ငိုမှာပဲ မခင်အိ ရဲ့ ၊ ပြဿနာ မဟုတ် တာ ။ တဖြည်းဖြည်း လက်သင့် သွားတဲ့အခါ နေသား ကျ လာမှာပေါ့ ။ ဒီလောက်ကြီး အမျှင်တန်းတန်း မဖြစ် သင့်ဘူး ထင်တယ် ”
“ ဟုတ်ပါတယ် မခင်အိ ၊ ခုချိန်က စပြီး ဒီ ကလေး နဲ့ မခင်အိ တို့ မသက်ဆိုင်တော့ဘူး ဆိုတာ သတိထား သင့် ပါတယ် ။ ကလေး ကို ပြန် ပေးပြီး အေးအေးဆေးဆေး ပြန်ပါလို့ တောင်းပန်ပါတယ် ”
တစ်ဖက်က ရှေ့နေကြီး ပါ စစ်ကူ ဝင် လာတာကြောင့် မခင်အိ ရင် ထဲ မှာ ဆို့တက်လာပြီး မျက်လုံးတွေ ပါ ပြာဝေ သွားတယ် ။
“ ဘာလို့ မဆိုင်ရမှာလဲ ၊ ဟောဒါ ကျုပ် ရဲ့ သား ၊ ဟောဒီ ဗိုက် နဲ့ လွယ် မွေးထားတာ ။ မဆိုင်တာ က တော် တို့ ၊ သိရဲ့လား ။ မိရင်းဖရင်း တွေ ကိုဖျောက် ၊ မိဘ အတု တွေ နဲ့ အစား ထိုး ပြီး ဘာမှ မသိ နားမလည်တဲ့ ကလေး ကို တစ်သက်လုံး လိမ်ညာ လှည့်စား ဖို့ ကြိုးစား နေတာ ဘုရား ကြိုက်တဲ့ အလုပ် မှတ်နေကြလား ။ ကျုပ်တို့ မှာ ဒီသား တစ်ယောက် ထပ် တိုး လာလို့ ပိုပြီး မွဲ မသွားဘူး ။ တော်တို့ သာ ပိုပြီး ချမ်းသာ ရင် ချမ်းသာ လာကြမှာပေါ့ ။ ရော့ ၊ တော်တို့ ပေးတဲ့ ငွေထုပ် ။ ကျုပ်တို့ ကို တောသူတောင်သား တွေ ဆိုပြီး ရှေ့နေ တွေ ၊ စာချုပ် တွေ နဲ့ ဖြဲ ခြောက်လို့ ကြောက်လိမ့်မယ် ထင်သလား ။ ကျုပ်လို ကောင်မက ဘယ်သူ့မှ ဂရု မစိုက်ဘူး ။ တော်တို့ ကြိုက်သလို ရှင်း နိုင်တယ် ”
ကလေး ကို ခပ်တင်းတင်း ပွေ့ ပိုက်ပြီး တိုက်ကြီး ထဲ က အပြေး တစ်ပိုင်း ထွက် လာခဲ့တယ် ။ နောက်က လိုက် လာတဲ့ ကိုသာဆောင် လည်း ခေါင်းရှုပ် သွားတယ် ။
“ ဘာတွေ လျှောက် လုပ်လာပြန်တာလဲ ခင်အိ ရာ ”
“ ဘာလဲ ၊ တော် က ဒီ ကလေး ပြန် ပါလာမှာ ကို ကြောက် နေသလား ၊ ကြောက် ရင် တော် နေခဲ့ ”
“ ဟာ မဟုတ်ပါဘူး မိန်းမ ရာ ”
“ မဟုတ်ရင် မြန်မြန် လာ ”
မခင်အိ က ခြံနား မှာ ရှိနေတဲ့ ကား ကို ရှောင်ကွင်းပြီး ခြံ အပြင်ဘက် ကို အရှိန် နဲ့ ထွက်တယ် ။
“ ဟင် ခင်ဗျားတို့ ဘာဖြစ် လာကြတာလဲ ”
“ ဘာပဲ ဖြစ်ဖြစ် ခင်ဗျား အပူ မပါဘူး ၊ ဒီမယ် ကား နဲ့ လိုက် လာမယ် မကြံနဲ့ နော် ၊ ပြဿနာ အကြီးအကျယ် တက် သွားမယ် ”
ကျားသစ်မ တစ်ကောင် လို လှည့် မာန်ဖီ လိုက်တာ ကြောင့် ကိုခင်ထွန်း မျက်လုံးပြူး မျက်ဆန်ပြူး ကျန်ရစ် ခဲ့တယ် ။ မခင်အိ က လမ်းမကြီး အတိုင်း အပြင်း ချီတက် နေတယ် ။ တဝေါဝေါ ပြေးလွှား နေကြတဲ့ ကားတွေ ၊ ဆိုင်ကယ်တွေ က သူ့ ကို ကွင်းရှောင် သွား နေရတယ် ။ ကိုသာဆောင် က မခင်အိ နောက် ကို အမီ လိုက်ပြီး လမ်း ဘေး ဆွဲချ လိုက်ရတယ် ။
“ နင့် ကြည့်ရတာ မော လိုက်တာ ခင်အိ ရာ ၊ ပေး ကလေး ၊ ငါ့ ကို ပေး ”
“ နေဦး ၊ ဒီနေရာ စိတ် မချရသေးဘူး ။ လိုက်လာ ဝံ့ ရင် လိုက်လာကြပေါ့ ၊ ခင်အိ အကြောင်း ကောင်းကောင်း သိသွားမယ် ၊ ဟွန်း ။ အရေးထဲ ရှေ့နေစုတ် က ဝင်ရှုပ် နေသေးတယ် ။ ကျုပ် ဖြင့် သားလေး ကို သနားလိုက်တာ တော် ၊ ရင်ပွင့် မတတ်ပဲ ။ အရေးအကြောင်း ဆို တော် က လည်း သုံးစား မရဘူး ။ သားလေး သိတယ် ၊ ငါ့ ကို အမေ တို့ သူစိမ်းတွေ လက်ထဲ ပစ်ထားခဲ့ပြီ ဆိုပြီး အော် ငိုတာ ။ ဒီလောက်တောင် တော် နားမလည်ဘူးလား ”
“ အေး အေးပါကွာ ၊ နားလည်ပါတယ် ။ ဒါပေမဲ့ ဒီ ကိစ္စ က မင်း ပဲ ... ”
“ တော်ပြီ ကိုသာဆောင် ၊ တော် ပြောခဲ့ သလို ကျုပ် သားလေး က ရွှေပင် မှာ နား မှ ရွှေကျေး ဖြစ်ရမှာလား ။ ကျုပ် အရင် လို ဈေး ပြန် ရောင်းမယ် ၊ တော် လည်း ဘာအလုပ် ဖြစ်ဖြစ် ဖင်ပြဲ အောင် လုပ်ပေတော့ ။ ကျုပ်တို့ သားလေး ကို ကျုပ်တို့ ကိုယ်တိုင် ရွှေကျေး ဖြစ်အောင် မွေးပြမယ် ။ မယုံရင် စောင့်ကြည့်ကြပေါ့ ”
“ နေဦး ခင်အိ ၊ ငါတို့ ရွာ အထိ လမ်းလျှောက် သွားကြဖို့လား ”
“ ဘာမှ မကြုံရင် လမ်းလျှောက် သွားမှာပေါ့ ၊ တော် ယောက်ျား မဟုတ်ဘူးလား ”
ကိုသာဆောင် နှုတ်ပိတ် သွားတယ် ။ မြို့ နဲ့ ရွာ က မိုင် နှစ်ဆယ် ကျော် ဝေးတယ် ။ နေ က မွန်းတည့်ချိန် ရောက် နေပြီ ။ သူတို့ မှာ သုံးစရာ ပိုက်ဆံ လည်း တစ်ပြားတစ်ချပ် မှ ပါ မလာကြဘူး ။ မြို့ အပြင် ကို ရောက်လာတဲ့ အထိ မခင်အိ ခြေလှမ်းတွေ ကို ကိုသာဆောင် အမီ လိုက် နေရတုန်း ။
◾ဖူးသစ်မော်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၊ ၂ဝ၁၇
.
No comments:
Post a Comment