Wednesday, January 29, 2025

နေခြည်နုသော်လည်း


 

❝ နေခြည်နုသော်လည်း ❞
( ခိုင်နုလေး - တောင်ကုတ် )

( ၁ )

“ ဟော လာပြီ ” ဆိုသည်နှင့် ကိုစောလင်း၏ အကြည့်တွေ ဧည့်ခန်းဝသို့ လျင်မြန်စွာ ဆိုက်ရောက် သွားသည် ။ အပြာရောင် ခန်းဆီးစကလေး လှုပ်ယမ်း သွားပြီး ကလေးကို ပွေ့ ချီလျက် မြငယ် ခပ်ရို့ရို့ကလေး ဝင်လာနေသည် ။

“ ကဲ လာ ညီမလေး ထိုင်ပါ ”

ခင်အေးဝင်း က ပြုံးရွှင်သော မျက်နှာ ၊ ချိုသာသော စကားသံလေးဖြင့် မြငယ် ၏ နွမ်းလျလျမျက်နှာ ကို အကဲခတ်ရင်း ဆိုလိုက်ကာ ခင်ပွန်း ဖြစ်သူ တင်ဝင်းမိုး ဘက်သို့ တစ်ချက် ငဲ့ကြည့်သည် ။ တင်ဝင်းမိုး အပါအဝင် ရပ်ကွက်လူကြီး နှစ်ဦးနှင့် ရှေ့နေ ဦးမင်းခိုင် တို့၏ မျက်ဝန်းတွေက မြငယ် ထံတွင် ကျရောက် နေကာ စဉ်းစားဟန် တွေ ဖြင့် ရှိနေကြသည် ။ မြငယ် က ပုဆိုးစဖြင့် ထွေးပတ် ထားသော ကလေးငယ် အား ခင်အေးဝင်း ၏ ရင်ခွင် ထက်သို့ အသာ တင်ပေးလိုက် ပြီး တစ်နေရာစာ လွတ် နေသော ခုံတွင် ဝင် ထိုင်လိုက် သည် ။

“ မြငယ် ကော်ဖီ နဲ့ မုန့် သုံးဆောင်လိုက်ပါဦး ”

ခင်အေးဝင်း က အသင့်ဖျော်ထားသော ကော်ဖီခွက်နှင့် မုန့်ပန်းကန်အား မြငယ် အနီးသို့ တိုးရွှေ့ ပေးလိုက်သည် ။

“ နေပါစေတော့ မမ ။ ကျွန်မ အိမ်က မနက်စာ စားခဲ့ပြီးပါပြီ ။ မမတို့ ဆောင်ရွက်စရာရှိတာကိုသာ ဆောင်ရွက်ကြပါ ”

မြငယ် အပြောကို ကိုစောလင်း သဘောတွေ့ သွားရသည် ။ ဟုတ်သည်လေ ။ ဆောင်ရွက်မည့် သူတွေကို ဆောင်ရွက်ခံရမည့် သူက အလိုက်တသိ အရင် ဦးစွာ ကြိုပြော ကတည်းက မြငယ် ၏ ပါးနပ်မှုကို ရိပ်မိသလိုပင် ။ ခင်အေးဝင်း ကလည်း ဝတ္တရား အရသာ ပြောခြင်းဖြစ်နိုင်ကာ ယခု ကိစ္စအား အမြန်ဆုံး ပြီးသွား စေချင်ပုံရသည် ။ မျက်လုံးတွေ က ဂနာမငြိမ်ချင် ။ တစ်ခုခု ကို စိုးရိမ်နေသည်မှာ အထင်းသား ပေါ်လွင် လျက်ရှိသည် ။ သူ ကတော့ တည်ငြိမ်၍ တိတ်ဆိတ် နေသော မြငယ် ၏ မျက်နှာကို သာ လစ်ရင် လစ်သလို ၊ အမိအရ ဖမ်း၍ အကဲခတ် နေမိပါသည် ။ ဦးမင်းခိုင် က ...

“ ရော့ သမီး ၊ ဒီစာရွက်ကို ဖတ်ကြည့် ။ ဒီကိစ္စ နဲ့ ပတ်သက်လို့ လိုက်နာရမယ့် စည်းကမ်းချက်တွေ ကို အပြည့်အစုံရေးထားတယ် ”

ရှေ့နေကြီး ကမ်းပေးသော စာချုပ်အား မြငယ် လက်နှစ်ဖက် နှင့် ရိုသေစွာ လှမ်းယူပါသည် ။ ထိုစာကို ဖတ်နေစဉ်အတွင်း သူမ ၏ မျက်ဝန်းတို့ သည် အံ့သြစရာ ကောင်းလောက်အောင် တည်ငြိမ်နေ ကြသည် ။ ဘယ်အချိန်ကတည်းက လေ့ကျင့်ထားခဲ့ ပါလိမ့် ။ လူတစ်ဦး နှင့် တစ်ဦး စိတ်ဓာတ်ချင်း မတူ သော်ငြားလည်း ယခု ကိစ္စမျိုးမှာတော့ သွေးပျက်ပုံချင်း တူညီကြလိမ့်မည် ဟု ယူဆမိတာပဲ မှားသလား ။ ပြီးတော့ သာမန် ကိုယ်ရေးကိုယ်တာ ကိစ္စမျိုး မဟုတ် ။ အင်မတန် နက်ရှိုင်းသိမ်မွေ့ သည့် အင်အားကြီးသည့် ကိစ္စ ။ သူ ကတော့ သူ့ ရင်ထဲက ခံစားမှုအတိုင်း နက်နက်ရှိုင်းရှိုင်း ဝေဖန်နေမိသည် ။

တကယ်ဆိုလျှင် စာချုပ်ပါ အကြောင်းအရာ တွေကို မြငယ် မလာသေးခင်က သူတို့ အရင်ဦးစွာ ကြိုသိပြီးနေခဲ့သလို မြငယ် ကိုယ်စား သူ စာနာ နား လည်စွာ ထိခိုက်ခံစား နေခဲ့ရသည်ကို သူ သာလျှင် အ သိဆုံး ။ ကျန်ပုဂ္ဂိုလ်များ၏ ရင်ထဲမှာ လည်း ဖြစ်နိုင်ပေမည် ။ သို့သော် သူ က ပိုသည်ဟု ကဲလွန်းစွာ ဆို ချင်ပါသည် ။ အထူးသဖြင့်

“ ကျွန်မသည် ဤနေ့ ၊ ဤရက်မှ စ၍ ဘယ်လို အကြောင်းကြောင့်နှင့်မှ ဤကလေး အား တွေ့ဆုံရန် မကြိုးစားတော့ပါ ။ လုံးဝ မတွေ့ ဆုံပါ ”

ဟူသော နေရာတွင် မျက်နှာ ကွက်ခနဲ ၊ သို့မဟုတ် အနည်းငယ် ပျက်သင့်သည်ဟု သူထင်သည် ။ မြငယ် ၏ စိတ်ဆင်းရဲမှုကို အရသာခံ ကြည့်ရှုချင်လွန်း ၍ မဟုတ်ဘဲ ဒါလုပ်ရင် ဒါမျိုးဖြစ်တတ်မှာပဲဟူသည့် ဖြစ်လေ့ဖြစ်ထတစ်ခုကို သူ ရှာဖွေမိခြင်းပင် ။ မြငယ် က ဖတ်၍ အပြီးတွင် လက်မှတ်ထိုးလို့ ရပြီလားဟု မေးသည် ။ ရှေ့နေကြီး က “ သမီး ကျေနပ်ရင် ရပြီ ” ဟု ပြောအပြီးမှာ သွက်လက်စွာပင် လက်မှတ် ထိုးကာ အားလုံးကို “ ကျွန်မကို သွားခွင့်ပြုကြပါဦး ” ဟု ဆိုသည် ။ ခင်အေးဝင်း က ပျာပျာသလဲ ပြောသည် ။

“ မြငယ် ခဏနေပါဦး ။ မမ ညနေစာကျွေး မွေးပါရစေဦး ။ မမ ကိုယ်တိုင် လိုက်ပို့ချင်လို့ပါ ”

“ မမ စေတနာကို ကျွန်မ နားလည်ပါတယ် ။ ဒါပေမယ့် အဲဒီလို အချိန် မရလို့ပါ ။ သွားဦးမယ်နော် အားလုံးပဲ ”

မြငယ် က အားလုံးကို ဝေ့ခနဲတစ်ချက်ကြည့် ရင်း နှုတ်ဆက်ကာ ထွက်သွားသော အခါ သူ့ ရင်ထဲ မှာ ဆစ်ခနဲ နာကျင်သွားသည့် ဝေဒနာကို မည်သူကမျှ စာနာ နားလည်နိုင်မည် မဟုတ်ချေ ။ တင်ဝင်းမိုး နှင့် သူက အလုပ်ကိစ္စနှင့် ပတ်သက်၍ ရင်းနှီးခဲ့သော မိတ်ဆွေတွေ ဖြစ်သည် ။ တစ်နေ့က အလုပ်ထဲတွင် တင်ဝင်းမိုး က ပြောခဲ့သည် ။ သူတို့ အိမ်ထောင်သက် လေးနှစ်အတွင်း ဆရာဝန်၏ စစ်ချက်အရ သူ့ဇနီး ခင်အေးဝင်း တွင် သားသမီး မွေး၍ မရနိုင်ကြောင်း ၊ ဒါကြောင့် ကလေးတစ်ယောက် မွေးစားဖို့ စီစဉ်နေကြောင်း ၊ မနက်ဖြန် လူကြီးစုံရာ ရှေ့မှာ စာချုပ်စာတမ်း နှင့် မွေးမှာဖြစ်ကြောင်း ပြောပြသဖြင့် သူ စိတ်ဝင်စား လွန်း၍ ကြိုရောက်နေခဲ့ခြင်းပင် ဖြစ်သည် ။

“ အသက် ကတော့ ၃၀ကျော် ဝန်းကျင် လောက်ပဲ ကိုစောလင်း ရဲ့ ။ ကလေးကလည်း လသား အရွယ်လေးပဲ ။ ကျွန်မ က အရမ်းတော့ ဘယ်ယူရဲပါ့ မလဲ ။ တော်ကြာ အားလုံး ပြီးသွားကာမှ ပြဿနာတွေ ပေါ်လာမှာကိုလည်း စိုးရသေးတာမဟုတ်လား ။ ဒါနဲ့ သူ့ရဲ့ အကြောင်းအရာလေးကို သိသင့်သလောက် မေး ဖြစ်ခဲ့တယ် ။ နေရပ်လိပ်စာ က အစပေါ့ ။ နောက်တော့ လက်ခံနိုင်စရာ အချက်အလက်တွေ စုံလင်တာမို့ ကျွန်မ က မွေးဖို့ဆုံးဖြတ်လိုက်တာပါ ”

ခင်အေးဝင်းက သည်လောက်ပဲ ပြောပြပါသည် ။ သူ ကတော့ လူမှုရေး ကျင့်ဝတ်အရ ထပ်မံ သိချင်စိတ်ကို ချိုးနှိမ် လိုက်ရသော်လည်း ၊ ရင်ထဲမှာ ထိုကိစ္စက သူ့ အတွက် အရေးပါ အရာရောက် နေလို့ နေခဲ့သည် ။ သူ ထိုအိမ်မှ ထွက်ခွာလာခဲ့သော်လည်း မတိကျသည့် သေချာမှု အတွက် သိချင်စိတ်တွေက ရင်မှာ မတင်မကျ ဖြစ်လို့နေလေသည် ။

•••••   •••••   •••••

( ၂ )

တိမ်တွေ ရွေ့လျား နေကြသည့် ကောင်းကင် ကို သူ ငေးကြည့်မိသည် ။ ညဘက်မှာ ထင်ရှား ပြတတ် သော လခြမ်းလေးက ရွဲ့စောင်းစောင်းလေး တိမ်တွေ ကြားမှာ တည်ငြိမ်စွာဖြင့် တည်ရှိ နေပါသည် ။ လာခြင်း ကောင်းသည့် လမင်းလေးပဲ ။ လသာ ညတွေမှာ လူ တွေ၏ ချစ်ခြင်းကို အပြည့်အဝ ရရှိပြီး လမိုက်ညတွေ မှာ လူတွေ၏ တောင့်တမှုကို ကံကောင်းစွာ ရရှိထား သည် ။ တိမ်တွေ ဘယ်လိုပင် ကွေ့ကောက်ရွေ့လျား သော်လည်း သူက မတုန်မလှုပ် နေရာမှမရွေ့ ။ လသာ ညတွေမှာ လူတွေ၏ ချစ်ခြင်းကိုရဖို့ သူ့ကို အလင်း ရောင် ပေးနေသည့် နေမင်းကြီး ကလည်း သူ့ ဘေးနား မှာ မားမားမတ်မတ် ။ ကလေး အတွေးဖြင့် လမင်းလေး ၏ ကံဇာတာ အား သူ အားကျလှပါသည် ။ သူ့ မှာတော့ သူ့ ဘဝကို အေးမြသောအလင်းရောင် ဟန်ဆောင်ထားသည့် ကာလာရောင်စုံတွေကို သူ့အား မွေးထုတ် ပေးခဲ့သော မိခင်က သူနှင့်ဝေးကွာ သော အခြား အရပ်တစ်ပါးမှ ပေးကမ်းစွန့်ကြဲလျက် ရှင်သန်နေရသည် ။ ဘေးနားမှာ အားကိုးလောက်စရာ မားမားမတ်မတ် မဟုတ်ဘဲ ချုပ်နှောင်ကာဆီးထား သည့် တံတိုင်းကြီး သဖွယ် ၊ သူ့ကို စိတ်ချမ်းသာမှု အ ပြည့်အဝ မပေးနိုင်သော အမျိုးသမီးကြီး တစ်ယောက် သာလျှင် အုပ်ထိန်းလျက် အမေ့ ကို မွေးစားခဲ့တာ ။ အမေ့ ဘဝကို ကယ်တင်ခဲ့တာ ဟု မကြာခဏ ပြောပြ သည် ။ သူ့မှာ အဖေ ဘယ်သူဘယ်ဝါ ရယ်ဟု တိကျ သေချာစွာ မသိရဘဲ လောကကြီးမှာ မရှိတော့ဘူး ဆို တာကိုသာ သိခွင့်ရသည် ။

“ မင်းအမေ က မင်းအတွက် ငွေအမြဲ ပို့နေတာ ။ သူများ ကလေးတွေ ဆို ရေခဲချောင်း ရောင်းလိုက် ၊ အရွယ်နှင့် မမျှတဲ့ အလုပ်တွေ လုပ်နေကြတာ မင်း အမြင်ပဲ ။ ခု မင်းက အေးဆေးစား ၊ အေးဆေးနေ ၊ အချိန်တန်ရင် ကျောင်းတက် ။ တစ်နေ့နေ့ တော့ မင်း တို့သားအမိ အချိန်ပြည့် အတူတူ နေရတော့မှာပါ ”

သူ ခုနစ်တန်းနှစ် တုန်းက အမေ့ကို တမ်းတ လွန်း၍ ဒေါ်ချောလှ က ပြောပြသော ဖြေသိမ့် စကား ။ ဟိုအရင်နှစ်တွေ တုန်းကတော့ အမေ က တစ်နှစ်တစ်ခေါက် ပုံမှန် ရောက်လာပြီး သူ ငေးလို့မဝ ၊ ချစ်လို့ မဝခင်မှာ ပြန်ပြန် သွားတတ်သည် ။ သူ့ကို ဘယ်အရွယ် ကတည်းက ဒေါ်ချောလှ ဆီမှာ ဝကွက် အပ်ခဲ့သည် ကို သူ မသိနိုင်ခဲ့ ။ သို့သော် အမေရယ် လို့ တမ်းတ တတ်သည့် အရွယ်တွင် သူ့ အနားမှာ အမေမရှိ ။ အမေ ၏ ကိုယ်ပွားအဖြစ် အမေ ပေးပို့ထားသော ကစားစရာ တွေကိုသာ ပျက်စီးသွားသည့်တိုင် သူ သိမ်းဆည်း ထားဆဲ ။ ကစားဖော်သူငယ်ချင်းတွေကို ကြွားလုံး ထုတ်စရာ ဟူ၍ အမေ့ဆီက ပို့လိုက်သော ပစ္စည်းလေး တွေသာ ရှိသည် ။ ဒုတိယတန်းနှစ် စ တက်သောအချိန် က အမေ့ ကို တွေ့ ရတော့မည်ဟု သိရ၍ သူ ပျော်မဆုံးခဲ့ ။

“ ဒီနှစ် ငါ့ အမေ လာမှာတဲ့ကွ ”

ပြောသာ ပြောရ သော်လည်း သူ့မှာ အားမပါ ။ အမေ လာမည့် အရပ်ကို တစ်နေ့လာနိုးနှင့် မျှော်ရတာ အမော ။ ထိုနှစ်က အမေ ရောက် မလာခဲ့ပါ ။ အမေ့ နာမည် ဒေါ်လင်းလင်း ဟု သိရပြီး အမေ့ နာမည်ပါ ရော ၍ မှည့်ခေါ်ထားသော စောလင်း ဟူသော သူ့ အမည် ကို သူ ကျေနပ်နှစ်သက်နေခဲ့သည် ။ အမေ က ရှမ်းပြည်နယ် ဘက်မှာ အလုပ် လုပ်နေသည် ဟု သိရသဖြင့် ကျောင်းစာအုပ်တွေ ထဲက ရှမ်းပြည်နယ် ၏ အကြောင်းအရာလေးတွေ ၊ ရှမ်းလူမျိုးတို့ ဝတ်စားဆင်ယင်ပုံ ၊ နေ ပုံထိုင်ပုံ ၊ အသေးအမွှား စုံစီနဖာလေးတွေက သူ့ဦး နှောက်ထဲ အလွတ်ရနေကာ အမေ့ အား အမျိုးမျိုး ပုံ ဖော်ရင်း မှန်းဆခဲ့ရသည် ။

•••••   •••••   •••••

( ၃ )

နွေရာသီ ဆိုလျှင် သူတို့ ရပ်ကွက်နှင့် ချောင်း ကလေး တစ်ခုခြားထားသော တစ်ဘက်ကမ်းရှိ ထင်းရှူးပင်ကြီး အောက်တွင် သူတို့ ကလေးတစ်သိုက် ပျော် ရွှင်စွာ ဆော့ကစားလေ့ ရှိသည် ။ မိုးရာသီ ဆိုလျှင်တော့ ထင်းရှူးပင်ကြီး၏ ပတ်ပတ်လည်မှာ ဦးမြဝင်း ၏ စပါးခင်းကြီးက ဝင်းဝါနေသည် ။ နွေမှာတော့ ထို လယ်ကွက်များက သူတို့၏ ကစားကွင်းကြီးဖြစ် သည် ။ ဒုတိယတန်း အောင်၍ တတိယတန်းသို့ စ တက်ရမည့်နှစ် သူ မျှော်ငေးခဲ့ရသော လမင်းကြီး ဖြာလင်း လာခဲ့သည် ။ တစ်ဖက်ကမ်း မှ သူတို့ ကစား နေ သော နေရာဘက်သို့ လှမ်းကာ တူးတူး က အော်ပြောသည် ။

“ ဟေ့ကောင် စောလင်း ၊ ဒေါ်ကြီးချော က မင်း ကို တွေ့ ရင် ပြောလိုက်ပါ တဲ့ ။ မင်း အမေ ရောက်နေလို့ တဲ့ ”

သူ့ ခန္ဓာကိုယ် တစ်ခုလုံး ကြက်သီးတွေ ဖြန်းခနဲ ထသွားသည် ။ သွေးကြောတွေ ပူနွေးစွာ ခုန်ပေါက် နေကြသည်လား ။ ခြေထောက်တွေ စက်တပ်ထား သလို မြန်ဆန်လှသည် ။ သူ့ နောက်မှ ပြေး၍လိုက်လာ ကြသော ရွယ်တူ သူငယ်ချင်းများ၏ အသံက သူ့စိတ် တွေကို ပို၍ မြူးကြွစေသည် ။

“ ဟေ့ စောလင်း ၊ မုန့်အဆန်းတွေ ပါရင် ငါတို့ ကို ပေးဖို့ မမေ့နဲ့နော် ”

“ ဟေ့ကောင် အမေဂုဏ် မောက်ပြီး ငါတို့ကို ရှမ်းလက်ဖက် ကျွေးမယ်လို့ ပြောထားတာ မေ့နေမယ်နော် ”

အိမ်ပေါ်သို့ ပြေးတက် သွားတော့ သူ့ကို မြင် သည်နှင့် ပြုံးပြနေသော နှုတ်ခမ်းတစ်စုံကို သူ ငေးခနဲ ပြန်ပြုံးပြရန် သတိမေ့လျော့စွာ ကြည့်နေမိသည် ။ သူ့ မျက်လုံးထဲမှာ မြင်နေရတာ က မိုးပေါ်က ကျလာသည့် နတ်သမီးလား ၊ သူ ကြည့်ဖူးနေကျ တီဗွီကြော်ငြာ မင်းသမီးလား ။ သည်လို ကြွရွ ၊ နုသစ်လှပနေသော အမျိုးသမီးလေး ဟာ သူ့ အမေ တဲ့လား ။ ကြောင်အမ်း စွာ ကြည့် နေသော သူ့ အား ဒေါ်ကြီးချော က အော် ပြောသည် ။

“ ဟဲ့ စောလင်း ဘာဖြစ် နေတာလဲ ။ မင်းအမေ လေ ။ အဲဒါ ဒေါ်လင်းလင်း ။ လာ ထိုင် ”

ဒေါ်ကြီးချော ပြထားသော ဓာတ်ပုံ ထဲမှ ပါးပြင် ပေါ်တွင် မှဲ့နီကလေး ပါ၍သာ ယုံလိုက်ရသော် လည်း သူ့ အမေ သည်မျှ လှပနေ၍ အံ့သြမိသည် ။ သူ ထင်ထားသည်က သူ့ အတွက် အလုပ်တွေ လုပ်ရ လွန်းသဖြင့် အမေ ပင်ပန်းလွန်း၍ အရွယ်တွေ ကျနေ ပြီဟုပါ ။ သူ့ အား “ သားလေး လာလေ ထိုင်ပါဦး ” ဟု ချိုသာစွာ ဆိုရင်း လက်ချောင်းလှလှလေးတွေဖြင့် ခေါင်းကို ပွတ်သပ်ပေးပါသည် ။ “ အမေ ပို့လိုက်တဲ့ ကစားစရာတွေ ၊ အဝတ်ကလေးတွေ သားကြိုက်ရဲ့ လား ” တဲ့ ။ အမေ ပြောသမျှ သူ ခေါင်းညိတ်နေမိ သည် ။ စာကြိုးစားဖို့ ၊ ရန်မဖြစ်ဖို့ ၊ လိမ်လိမ်မာမာနေ ဖို့ မိခင် တစ်ယောက် ၏ ပြောပိုင်ခွင့်တွေ တော်တော် လေး စုံလင်လှပါသည် ။

အမေက ရပ်ကွက်ထဲ သို့လည်း လျှောက်လည်ရန် မထွက်ဘဲ အိမ်မှာပဲ သူနှင့် စကားတွေ ပြော လိုက် ၊ ခြေသည်းလက်သည်းတွေ တသသ လုပ်လိုက် ၊ အဝတ်တွေ မီးပူထိုးလိုက် ။ အမေ အလှကြိုက်လွန်း သည် ။ မှန်ရှေ့မှာ အမြဲ ရှိတတ်သည် ။ ရပ်ကွက်ထဲ မှ ရင်းနှီးသူ တချို့က လာ နှုတ်ဆက်ကြသည် ။ အမေ့ ကို အလုပ်အကိုင် နှင့် ပတ်သက်၍ မေးမြန်းကြသည် ။

“ သားလေးကို ခေါ်လို့ မဖြစ်သေးလို့ပါ ။ ကျွန်မတို့ အလုပ်ရှင် က လုပ်ငန်းတွေ များတော့ ကျွန်မတို့ နေရာ အနှံ့ကို အပြောင်းအလွဲ လုပ်နေရတယ် ။ ဒီတော့ သားလေး ပညာရေး ထိခိုက်မှာ ။ ကျွန်မ ရည်မှန်းချက် တွေ ပြည့်တဲ့ တစ်နေ့တော့ ဒီမှာပဲ အခြေချ ဖြစ်မှာပါ ”

ထိုသို့ မေးပြီး ဘာရယ် မဟုတ် ၊ ချက်ချင်းပြန် ဆင်းသွားကြသည် ။ ဒေါ်ကြီးချော ကတော့ သည်လို လာသည်ကို ပြန်လည် မဖော်ရွေသည့် အပြင် မဲ့ကာ ရွဲ့ကာ ပွစိ ပွစိ ပြောကျန်ရစ်ခဲ့သည် ။

“ အလကားဟာတွေ စပ်စပ်စုစု ၊ ကွယ်ရာကျ အကောင်းတစ်စေ့ ပြောတာ မဟုတ်ဘူး ။ ကိုယ့်ထမင်း ကိုယ်စားပြီး .. ”

အမေ ကတော့ ဘာမျှ မပြော စာအုပ်ကလေး ပင် အဖတ် မပျက်ပေ ။ ဒါတွေက အမေ့ အတွက် ရိုးအီ နေပြီ ထင်သည် ။ ထိုစဉ်ကတော့ အမေ လှတာကို သူတို့ မနာလို ဖြစ်ကြသည်ဟု သူ ထင်ခဲ့သည် ။ အမေ စား ချင်သော အကြော်ပူပူလေး ကို သူ ထွက်ဝယ်သောအခါ အကြော်ဆိုင် ထဲ တွင် လူတော်တော် စည်လျက် ရှိသည် ။ ထိုအထဲမှ မိန်းမတစ်ဦး က မေးသည် ။

“ မင်းအမေ အတွက်လား ”

“ ဟုတ်ကဲ့ ”

အကြော် က ကျက်ပြီးသား မရှိသဖြင့် ထိုင်စောင့် နေရသည် ။

“ ကောင်လေး သနားပါတယ်နော် ။ ဒီ မိန်းမ ကတော့ အဲဒီ ဘဝ ထဲမှာပဲ သာယာနေပြီ ထင်ပါရဲ့ ”

“ ကလေး အတွက် ငွေ ပို့တာပဲ မိခင်စိတ် ရှိသေးတယ် ဆိုရမယ် ”

“ မိန်းမ ကတော့ ဖွေးဥ နေအောင် လှသေးတယ်နော် ”

“ အေးဟယ် သူ့ ရုပ်သူ့ရည် နဲ့ အတည်တကျ ယောက်ျား တစ်ယောက် လက်ထပ် ယူလိုက်ရင် ဒီ ကလေး မျက်နှာ မငယ်ရတော့ဘူး ”

အကြော်ထုပ် ပေးသဖြင့် သူ ပိုက်ဆံ ပေး၍ ထွက်လာခဲ့သည် ။ အမေ့ အကြောင်း ပြောနေမှန်းကို ဖွေးဥနေအောင် လှတယ် ဆို၍ သိသော်လည်း သူတို့ ပြောသော အဓိပ္ပာယ် ကိုကား သူ နားမလည်ခဲ့ပါ ။ သူ ကတော့ လူတွေ ပါးစပ်ဖျားမှာ အမေ လှကြောင်း ချီးမွမ်း ခံရလျှင် ထိုစဉ်က ကျေနပ်မဆုံး ဖြစ်ခဲ့ရသည် ။ အမေ့ ရင်ခွင်မှာ နွေးထွေးစွာ အိပ်စက်ခွင့် ရသည့် ကြည်နူးမှုမျိုးကို ဘယ်အရာနှင့်မျှ မလဲနိုင်ပါ ။ အမေ ၅ ရက် ပဲ နေခဲ့ပြီး ပြန်သွားသည် ။

နောက်တော့ အမေ က တစ်နှစ်တစ်ခေါက် မှ နေ၍ နှစ်တွေ ခြားလာခဲ့သည် ။ သူ လည်း တဖြည်း ဖြည်း အရွယ်ရောက်လာခဲ့ပြီး ဒေါ်ကြီးချော ထံသို့ အမေ့ ဆီမှ စာတွေ သာ ရောက်လာခဲ့သည် ။ ထို စာကို သူ ဖတ်ခွင့် မရသဖြင့် ဒေါ်ကြီးချော အပေါ် နာကျင်စွာ စိတ်ဆိုး မိသည် ။ သူ ရှင်သန်နေရသော ဘဝ ကိုလည်း အလို မကျနိုင်တော့ ။ လူတွေ၏ စကားလုံးအဓိပ္ပာယ် တချို့ကို ခွဲခြားတတ် လာသောအချိန်မှာ အမေ့ အား သူတို့ ပြောဆိုနေခြင်းသည် ရှုတ်ချခြင်း၏ တစ်ဖက် ခြမ်းကို ကျော်လွန်ခဲ့ပြီ ကို သိလိုက်ရတော့သည် ။ ကျေးဇူးတရား ကို သူ နားလည်ပါသည် ။ လက်ဝေခံ မွေးစားခဲ့သော အဒေါ်ကြီးချော ကိုလည်း သူ ကျေးဇူး တင်၍ မဆုံးပါပေ ။ သို့သော် သူ့ ကို ကြည့်သော မျက် လုံးများ ၊ သူ ရှင်သန်လာခဲ့ရသော အရင်းအနှီး ၊ သူ ဖြတ်သန်း လာခဲ့သော ပတ်ဝန်းကျင် ၊ ဒါတွေ အားလုံး ကို ကျောခိုင်း၍ အမေ့ ဆီ ရောက်အောင် သွားဖို့ ဆုံး ဖြတ်လိုက်ချိန်မှာ ရန်ကုန်ဆေးရုံကြီး တွင် အမေ ဆုံး သွားပြီ ဆိုသည့် သတင်းကို သူ ကြားလိုက်ရသည် ။ သူ့ အသည်းနှလုံးတွေ တစ်စစီ မွမွကြေကုန်ကြပြီ ။ သူ့ ဘဝ ၏ တစ်ခုတည်းသော သွေးရင်းချာ ၊ သူတကာ တွေ အထင် မကြီးနိုင်သော ၊ သူ့မှာ တန်ဖိုးထားလွန်း ရသော အနာဂတ် မျှော်စင်ကြီး ပြိုလဲခဲ့ပြီ ။

•••••   •••••   •••••

( ၄ )

တကယ်ဆို သူတစ်ပါး ၏ ကိုယ်ရေးကိုယ်တာ ကိစ္စအား အလွယ်တကူ သိချင်စိတ်နှင့် အလိုက် ကန်းဆိုး မသိ မေးခြင်းသည် အလွန် အောက်တန်းကျ မှန်း သူ သိပါသည် ။ သူ ကိုယ်တိုင်ပင် မေးခွန်းများစွာ ကို နားမလည်ခင် ကတစ်မျိုး ၊ နားလည်သောအခါ မဖြေချင်ဘဲ အောင့်အည်း သည်းခံ၍ တစ်ဖုံ ဖြေခဲ့ရ သည် ။ လူတိုင်း ကို မဆိုလိုချင်ပါ ။ သို့သော် လူတချို့ သည် လူတစ်ဦး ၏ ချို့ယွင်း အားနည်းချက် ကို ဆို လက်ညှိုး တည့်တည့် ထိုးရဲပြီး ထိုလူ ၏ ကိုယ် ထဲမှ အစွမ်းအစကို မြင်အောင် မကြည့်နိုင်ကြရှာ ။

ယခုလည်း အောက်တန်းကျသည် ဟု ဆိုက သူ ဝန်ခံပါသည် ။ ဤ ကလေးငယ်အား မိခင် အစစ် ရှိပါလျက် အဘယ်ကြောင့် သွေးမတော် သားမစပ် သည့် သူစိမ်း မိသားစု ကြားထဲ မိခင် ကိုယ်တိုင် စိတ်ချလက်ချ ပေးရဲရသနည်း ။ ထို အမျိုးသမီးသည် သူ့ မေမေ လို မိန်းကလေးမျိုးလား ။ မထင်ရက်ပါ ။ ထိုနေ့ က အလုပ်နားရက် ဖြစ်သည် ။ သူ မေမေ့ အတွက် ကုသိုလ်ကောင်းမှုပြု ၊ အမျှအတန်း ဝေရန် ဘုရားသို့ သွားခဲ့သည် ။ အပြန်တွင် တင်ဝင်းမိုး တို့ လင်မယား နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့သည် ။ သူတို့ လည်း ဘုရားသို့ လာသည် ဟု ပြောသည် ။ မြငယ် တို့ အိမ် ဝင်ဦးမလို့ လိုက်ဦးမလား ဟု ခင်အေးဝင်း ကိုယ်တိုင် ဖိတ်ခေါ်သောအခါ သူ့ မှာ ဆန္ဒနှင့် ထပ်တူ ဖြစ်သွားရ သည် ။ နောက် မြငယ် နှင့် ပတ်သက်၍ ခင်အေးဝင်း က စိတ်လိုလက်ရ ပြောပြသောအခါ မေးဖို့ အခက်အခဲ ဖြစ်နေသော ကိစ္စ က အဆင်ပြေ သွားပြန်သည် ။

“ မြငယ် အဖြစ်က သနားစရာပါ ကိုစောလင်း ရယ် ။ ကလေး ဗိုက်ထဲမှာ သန္ဓေတည် ကတည်းက သူ့ ယောက်ျားက သစ္စာမဲ့ သွားတာ ။ မွေးလာတော့ ကလေး က အမြွာ ။ ဒါကြောင့် ဒီလို ပေးရရှာတာပါ ။ သူ့ခမျာ ဆင်းရဲလွန်းရတဲ့ကြားထဲ အမေ မုဆိုးမကြီး ကလည်း မကျန်းမာဘူး ။ အခုလည်း ကျွန်မတို့ တတ် နိုင်သလောက် ကူညီချင်လို့ပါ ”

သူ သိချင်သော အဖြေ က ရှင်းသွားပါပြီ ။ မြငယ် တို့ လမ်းထဲ ဝင်လာတော့ အိမ်က ခြေတံရှည်တွေ များသည် ။ သူတို့ ရပ်ကွက်က မိုးရာသီ ဆိုလျှင် ရေကြီး ၍ ဒူးလောက်ပေါင်လောက် ကူးရသည်ဟု ပြော သည် ။ မြငယ် က ကလေးသိပ် နေသည် ။ သူမ ၏ မိခင် ဖြစ်ဟန် တူသည့် အမျိုးသမီးကြီး က ဝါးထရံလေး ကို မှီ၍ ထိုင်ရင်း ဆန်ပြုတ် သောက်နေသည် ။ တစ်အောင့်တစ်နား စကားတွေ ထိုင်ပြော အပြီး ခင်အေးဝင်း က ပိုက်ဆံအိတ် ထဲမှ ငွေအနည်းငယ် ကို မြငယ် လက် ထဲ ထည့်ရင်း ပြောသည် ။

“ ဒီ ပိုက်ဆံလေး ကို ဘယ်လိုမှ သဘော မထားဘဲ လက်ခံပေးပါ ညီမရယ် ။ မမတို့ တတ်နိုင်သလောက် ကူညီပါရစေ ”

မြငယ် မျက်နှာထား က အားနာဟန် ပြသော်လည်း မိခင် ကျန်းမာရေးကြောင့် ငွေ လိုနေပုံရသည် ။ ကျေးဇူးတင်စကား ပြောရင်း လက်ခံပါသည် ။ သူတို့ ပြန်တော့ တင်ဝင်းမိုး က ပြောသည် ။

“ ဒီ သားလေး ကျွန်တော်တို့ ဆီ ရောက်လာတာ သူ့ အတွက်ရော ကျွန်တော်တို့ အတွက်ပါ ကံကောင်း တာပါပဲ ကိုစောလင်း ”

သူ ခေါင်းညိတ် ပြလိုက်သည် ။ မချမ်းသာ သော်လည်း ပြေလည်သော တင်ဝင်းမိုး တို့ မိသားစု ဝင် ဖြစ်လာမည့် သည် ကလေးသည် သူ့ ထက် အများကြီး ကံကောင်းပါသည် ။ သို့သော် သူ နှင့် သည် ကလေးသည် မြငယ် ၏ စောင်ပုခက်အတွင်း မှ ကလေး လောက် ကံမကောင်း ဟု ထင်သည် ။ နေခြည် နု သော်လည်း လရောင် ၏ အေးမြမှု ကိုတော့ မီမည် မထင်ပေ ။

▢ ခိုင်နုလေး - တောင်ကုတ်

📖 ရွှေအမြုတေမဂ္ဂဇင်း
     မေလ ၊ ၂၀၁၀

No comments:

Post a Comment