Tuesday, January 21, 2025

လေးမွန်



 

❝ လေးမွန် ❞

ကျောင်းဝတ်စုံလေးတွေ ချုပ် ရောင်းတဲ့ အမျိုးသမီးလေး ရဲ့ လိပ်စာကတ် မှာ သူ့ ပညာ အရည်အချင်း M.Sc ( Math ) လို့ ဖော်ပြ ထားတာကြောင့် သူ့ ကို ကျွန်တော် စိတ်ဝင်စား မိတယ် ။

သူ့ အမည် က မလေးလေးမွန် ပါ ။ “ လေးမွန် ” ဆိုတဲ့ နာမည် နဲ့ ကျောင်းဝတ်စုံတွေ ချုပ်တာ အောင်မြင်ပါတယ် ။ သူ့ အကြောင်း ကို လေ့လာတော့ ဒီဂရီကောလိပ် တစ်ခု က နည်းပြဆရာမ အလုပ် ကို စွန့်လွှတ်ပြီး ကျောင်းဝတ်စုံတွေ ချုပ် နေတာ လို့ သိရတယ် ။

သူ့ အလုပ်ခွင် ရှိရာ အရောက် သွားပြီး မလေးလေးမွန် တစ်ယောက် ကိုယ်ပိုင် လုပ်ငန်း တစ်ခု ထူထောင်လာခဲ့ပုံ ကို ကျွန်တော် မေးမြန်းပါတယ် ။

••••• ••••• •••••

ကျွန်မ အမေ က အထည်လုပ်ငန်း လုပ်တယ် ။ ကိုယ်တိုင် ချုပ်တာ ၊ အစ ရောင်စုံလေးတွေ နဲ့ ပေါ့ ။

ကျွန်မ ငယ်ငယ် က ကြီးရင် ဘာလုပ်မှာလဲ မေးရင် စက်ချုပ်မယ် မပြောဘူး ။ ဆရာမ လုပ်မယ်လို့ပဲ ပြောတယ် ။ ဒါပေမဲ့ နိမိတ် ပြတာလား မသိဘူး ။ မေမေ စက်ချုပ်တဲ့ အထဲ က ပိုတဲ့ အစကလေးတွေ နဲ့ အရုပ်ကလေးတွေ ကို အင်္ကျီ ၊ ဂါဝန်လေးတွေ ချုပ်ပေးတာ ။

ရှစ်တန်းနှစ် မှာ အမေ့ ဆီ က စက်ချုပ်ပညာ သင်ပြီး အပ်ချုပ်စက်ခုံ ပေါ် စ ထိုင်တာပါ ။

ငယ်ငယ် ကတည်း က ဆရာမ လုပ်ချင်တာ ၊ စာ သင်တာ လည်း ဝါသနာ ပါတယ် ။ နှစ်တန်း လောက် ကတည်း က သူများ မသိတဲ့ စာ ဆိုရင် ဝင် ပြောတယ် ။ ခုနစ်တန်း ၊ ရှစ်တန်း ရောက်တော့ သူများ ကို စာ ရှင်းပြတယ် ။ သူများ က မုန့်ဝယ်ကျွေး တဲ့အခါ ပျော်တာပေါ့ ။ ဆယ်တန်း ရောက်တော့ သူငယ်ချင်းတွေ က စာရှင်း ခိုင်းတယ် ။ မုန့် လည်း ဝယ်ကျွေး ကြတယ် ။ စာ ရှင်းပြရတဲ့ အလုပ် ကို ပို ပျော်တာ ပေါ့ ။

၁၉၉၂ ခုနှစ် မှာ ကျွန်မ ဆယ်တန်း အောင်တယ် ။ သင်္ချာ အဓိက ယူပြီး တက္ကသိုလ် ဆက် တက်တယ် ။ ကျောင်း တက်ရင်း နဲ့ ကလေးတွေ ကို guide ( စာနည်းပြ ) လုပ်တယ် ။ အိမ်တွေ ကို လိုက်ပြီး သင်ပေးတယ် ။ ကျွန်မ က စာသင် တာ ကို ဝါသနာ ပါလို့ ကြိုးစားပမ်းစား သင်ပြရင်း တဖြည်းဖြည်း သင်ချင်တဲ့ ကျောင်းသားတွေ များ လာတော့ သူတို့ ကို အိမ် ပဲ ခေါ်သင် ပေးတယ် ။ ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း တွေ ပို့ပေး ကြတယ် ။

၁၉၉၉ ခုနှစ် မှာ ကျွန်မ သိပ္ပံဘွဲ့ရပြီး ၂၀၀၁ ခုနှစ် မှာ အလုပ် ဝင်တယ် ။ ဒီဂရီကောလိပ် တစ်ခု မှာ သင်္ချာဌာန အချိန်ပိုင်း နည်းပြဆရာမပေါ့ ။

အဲသည့် ၂၀၀၁ ခု မှာပဲ စက်ချုပ်လုပ်ငန်း စ လုပ်ဖြစ်တယ် ။ အမေ့ လက်ထက် တုန်း ကတော့ အထည်အမျိုးစုံ ရောင်စုံ ချုပ်တာ ။ ကျွန်မ ကတော့ ကျောင်စိမ်း ပဲ ဦးတည်ပြီး ချုပ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ ကလေးတွေ ရဲ့ ဘဝ မှာ ကျောင်း တက်ရတဲ့ အချိန် က များတယ် ။ တစ်နှစ် မှာ ကျောင်း ပိတ်တာ က သုံးလ လောက်ပဲ ရှိတာ ။ တစ်နေကုန် တစ်နှစ်ပတ်လုံး လိုလို ကျောင်းဝတ်စုံ ကို ပဲ ကလေးတွေ ဝတ်နေတာ ။

ကျွန်မ ငယ်ငယ်တုန်း က အမေ က ကျောင်းစိမ်းဝတ်စုံ ပုံဆန်းဆန်းလေး တွေ ချုပ်ပေးတာ ဝတ်တော့ တွေ့တဲ့ သူတွေ က လှတယ် လှတယ် နဲ့ ပြောကြတာ ကို ကျေနပ်တယ် ။ ကလေးတွေ ကို လည်း လှကြစေချင်တယ် ။ ဒါနဲ့ ကိုယ့် ဟာ ကိုယ် ဒီဇိုင်းကလေးတွေ ဖော်ပြီး ချုပ် ဖြစ်သွားတယ် ။ လုပ်ငန်း က အောင်မြင် သွားပါတယ် ။

M.Sc ( မဟာသိပ္ပံ ) ကလည်း ဆက် တက်ရမှာ ၊ လုပ်ငန်း က လည်း အောင်မြင်တော့ ဆက် တက်ဖို့ ကိစ္စ စဉ်းစားတယ် ။ သင်္ချာဌာန ဆရာမကြီး ဒေါ်ရီရီကြိန် နဲ့ ဒေါ်ခင်ဥ တို့ နှစ်ယောက် က ခေါ်ပြီး ဘဝ မှာ အောင်မြင်မှု နှစ်ခု ရတာ ပို ကောင်းတယ် ။ စီးပွားရေး လည်း အောင်မြင်တယ် ။ M.Sc ဘွဲ့ လည်း ရအောင် လုပ်ပါ ။ လုပ်နိုင်မှာပါလို့ တိုက်တွန်းတယ် ။

M.Sc က အချိန်ပြည့် တက်ရတာ မို့ နေ့ဘက် မှာ ကျောင်းတက် ၊ ညဘက် မှာ စက်ချုပ် လုပ်ရတယ် ။ တစ်ည တစ်ည ကို လေးနာရီ လောက်ပဲ အိပ်ရတယ် ။ အချို့ ကလည်း အထည် အပ် ပြီးရင် မြန်မြန် ရချင်တယ် ။ သူတို့ လိုချင်တဲ့ ရက် ရ အောင် ညပိုင်း မီး လာတဲ့ အချိန် ထ လုပ်ရတော့တာပဲ ။

၂၀၀၃ ခုမှာ M.Sc ဘွဲ့ရတယ် ။ Ph.D ဆက် တက်ခွင့် ရတယ် ။ M.I.S.C တက်ခွင့် ရတယ် ။ ဒါပေမဲ့ ကျွန်မ လက် လွှတ် လိုက်တယ် ။ စက်ချုပ်လုပ်ငန်း ကို ပဲ ဇောင်းပေး လုပ်တော့တယ် ။

၂၀၀၁ ခုနှစ် က စက်ချုပ်လုပ်ငန်း စ လုပ်တော့ ကိုယ်ပိုင် ဒီဇိုင်းလေးတွေ ထွင် ထွင်ပြီး ချုပ်တယ် ။ အဲသည် နှစ်မှာပဲ ကြိုးသိုင်း ဒီဇိုင်းသစ်လေး ထွင်ပြီး ချုပ်တယ် ။ ချုပ် ပြီးတော့ ဆိုင် မှာ ချိတ်ထား လိုက်တယ် ။

ချိတ် ချိတ်ချင်းပဲ ဆိုင်ရှေ့ က ဖြတ်သွားတဲ့ တိုးရစ် က မြင်သွားတော့ ဓာတ်ပုံ ရိုက်တယ် ။ ပြီးတော့ ဝယ်သွားတယ် ။ သူ က အင်္ဂလန် က တဲ့ ။ နောက် သူ့ မိတ်ဆွေ နိုင်ငံခြားသား တစ်ယောက် တစ်ခေါက် ရောက်လာပြန်ပြီး စာ ရေး ပေးလိုက်တယ် ။ ဟိုမှာ ကလေးတွေ ဝတ်စေချင်လို့ ဘယ် အရွယ် ၊ ဘယ် အရွယ် ဝတ်တွေ ရောင်းပေး ပါဦး မှာလိုက်တယ် ။ မြန်မာပြည် က ကျောင်းဝတ်စုံ အဖြူအစိမ်းမျိုး သူတို့ ဆီ က ကျောင်း မှာ မဝတ်ပါဘူး ။ အမှတ်တရ ဆိုပြီး ဝယ်တာ ။ ကျောင်းဝတ်စုံ ကို မူကြို မှ စပြီး ဆယ်တန်း အထိ အရွယ်စုံ အတွက် လုပ်ထားတယ် ။ ကျွန်မ ငယ်ငယ် က အမေ့ စိတ်ကူး နဲ့ ချုပ်ပေးတဲ့ ပုံဆန်းဆန်းလေးတွေ ဝတ်ရတာ ကျေနပ်တော့ ဒီဇိုင်း သစ်သစ်ဆန်းဆန်းလေးတွေ  ထွင်တယ် ။ အဖတ်ကလေးတွေ ထည့်တာ ၊ အတွန့်ကလေးတွေ ၊ အဝဲကလေးတွေ ၊ ကြိုးသိုင်းလေးတွေ အမျိုးစုံ လုပ်တယ် ။ ကျောင်းစုံညီပွဲတော် မှာ ပြိုင်ဖို့ ဒီဇိုင်းလေးတွေ တစ်ကျောင်းလုံးစာ ချုပ်ပေးရတယ် ။ တစ်ကျောင်း နဲ့ တစ်ကျောင်း မတူအောင် ဒီဇိုင်းတွေ ထုတ် ပေးရတယ် ။

တစ်ဖက် မှာ အထည်တွေ ချုပ်ရင်း တစ်ဖက် မှာ စာ သင်တဲ့ အလုပ် ဆက် လုပ် သေးတယ် ။ တက္ကသိုလ် ဆရာမ အလုပ် ကို တော့ အကြောင်း မညီညွတ်လို့ မလုပ်တော့ပေမယ့် ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း စာ ပြတဲ့ အလုပ် ကို တော့ ဆက် လုပ်တယ် ။ အချိန်တော့ ရအောင် လုပ်ရတာပေါ့ ။ ကျွန်မ က စာ လည်း သင်ချင်သေးတာကိုး ။

ကလေးတွေ အတွက် ကျောင်းဝတ်စုံ ချုပ်ရာမှာ ဒီဇိုင်း လှရုံ မဟုတ်ဘူး ။ ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိဖို့ သက်သောင့်သက်သာ ရှိမယ့် ဒီဇိုင်း ကို လုပ်ထား တယ် ။ ကလေးတွေ ဆိုတာ ကျောင်းဝတ်စုံ ကို တစ်နေကုန် ဝတ်ရမှာ ။

နေ့စဉ် ဝတ်ရမှာ ဆိုတော့ အရည်အသွေး ကောင်း ဖို့လည်း လိုသေးတယ် ။ ခဏခဏ လျှော်တာ ခံနိုင်အောင် ပစ္စည်း အကောင်း ကိုင်ရတယ် ။ ဈေးချုပ် နဲ့ ယှဉ်ရင် ကျွန်မ အထည် က ဈေး ပိုပါတယ် ။

ဆိုက်ကားသမားကြီး လာ ဝယ်တာ ကျွန်မ က ဈေး မြောက်တာ ရောင်းရလို့ အားနာပါတယ် ပြောတော့ ကျွန်တော်တို့ က တစ်နေကုန် ဆိုက်ကား နင်း နေရတာ ၊ ကလေးတွေ ကို လှည့် မကြည့်နိုင်ဘူး ။ စုတ်ရင် ပြဲရင် လည်း ပြန် ချုပ် မပေးနိုင် ဘူး  ၊ အစ်မ ရဲ့ ကျောင်းဝတ်စုံ က စိတ်ချမ်းသာ ရတယ်တဲ့ ။

ကျွန်မ က ဝယ်သူတွေ ကိုလည်း စိတ်ချမ်းသာ ကြစေချင်တယ် ။ ဒါကြောင့် ကျွန်မဆိုင် က ပစ္စည်း ကို ဝယ်ပြီး မှ စိတ်တိုင်း မကျရင် ကိုယ့် ကလေး နဲ့ မတော်ရင် အချိန်မရွေး ပြန် လဲလို့ ရတယ် ။

ကျောင်းဝတ်စုံ ဆိုတာ ကျောင်း မဖွင့်ခင် ရက်ပဲ ရောင်းရတယ်လို့ အချို့က ထင်တယ် ။ ကျွန်မ က တော့ တစ်နှစ်ပတ်လုံး ရောင်းရတယ် ။ အတန်းတင် စာမေးပွဲကြီး ဖြေပြီးတဲ့ နောက်ဆုံး ပိတ်ရက် မှာ လည်း ရောင်းရတယ် ။ စာမေးပွဲ ဖြေနိုင်တဲ့ သားသမီး ကို မိဘ က ဆုချတဲ့ အနေနဲ့ လိုက် ဝယ်ပေးတာ နောက်နှစ် ဝတ်ဖို့ တဲ့ ။

ကျွန်မ အလုပ် က အဆင် ပြေပါတယ် ။ စိတ်ရင်း အမှန် အတိုင်း ပြောရမယ် ဆိုရင် စက်ချုပ် တဲ့ အလုပ် ရယ် ၊ စာသင် တဲ့ အလုပ် ရယ် နှစ်ခု ထဲ က တစ်ခု သာ ရွေးခိုင်းမယ် ဆိုရင်တော့ ကျွန်မ ဆရာမ ပဲ လုပ်ဖြစ်မှာပါ ။

⎕ ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment