Saturday, January 25, 2025

ပုံပြောတဲ့ ပါမောက္ခ ဒေါက်တာ

❝ ပုံပြောတဲ့ ပါမောက္ခ ဒေါက်တာ ❞

[ ဆရာမကြီး ၏ စားပွဲ ပေါ် မှာ ချိုချဉ် သကြားလုံး ရောင်စုံ ထည့်ထားသော ဖန်ပုလင်း ရှိသည် ။ ကလေး ကစားစရာ အရုပ်ကလေး တွေ လည်း ရှိသည် ။ အခန်းနံရံ ပေါ် မှာ ကလေး တစ်ဦးချင်း ၏ ကျန်းမာရေး ဖွံ့ဖြိုးမှု ၊ အာဟာရ တိုင်းတာ စိစစ်ထားသော ဂရပ် မှတ်တမ်းကတ်ပြားများ ကို စုပြုံ ချိတ်ဆွဲ ထားသည် ။ ကလေး ကစားစရာ အရုပ်လေး တွေ လည်း ဟို တစ်ခု သည် တစ်ခု ချိတ်ဆွဲ ထားတာ မြင်ရသည် ။ စားပွဲ ရှေ့ ကို ကလေး တစ်ယောက် ရောက်လာမည် ဆိုလျှင် အာရုံ ဝင်စားစရာတွေ များစွာ ရှိနေသည် ။

ပါမောက္ခ ဒေါက်တာ ဒေါ်တင်တင်နွယ် က ကလေးတွေ အတွက် ပုံပြင် တွေ ရေးထားသည် ဆို၍ ဖတ်ကြည်ဖို့ သူ့ ရုံးခန်း ကို ကျွန်တော် သွားပါသည် ။ ပုံပြင်တွေ အများကြီး ကို နေ့စဉ်မှတ်တမ်း စာအုပ်ဟောင်းများ ပေါ် မှာ ရေး ထားသည် ။ ရေအသက် ၊ အပယ်ခံ ၊ နှလုံးလှ ၊ ဆင်းရဲခြင်း ၊ အဖြူရောင် ၊ ယပ်တောင်လေး ... ပုံပြင်တွေ အများကြီး တွေ့ ရသည် ။ 

ပုံပြင်တွေ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ စ ရေးခဲ့တာလဲ ကျွန်တော် မေးပါသည် ။ ]

••••• ••••• •••••

စ ရေးဖြစ်တာ က ကျော်အဲသို ဆိုတဲ့ ကရင်လူနာကလေး ပေါ့ ။ ၁၂ နှစ်သားလေး ။ ကျွန်မ တို့ ဘားအံဆေးရုံ ကို နှလုံး အပေါက်ကျယ် လို့ ရောက် လာတာ ။ ဆေးရုံ မှာ အကြာကြီး နေရတယ် ။ ( ဆရာမကြီး က ပြောနေရင်း လူနာကလေး ကျော်အဲသို ကို သတိရပြီး ပါးပြင် ပေါ် ကို စီးကျ လာတဲ့ မျက်ရည်တွေ ကို တစ်သျှူးပေပါ နဲ့ သုတ်တယ် ၊ စကား ပြောရင်း ခံစားမှုကြောင့် အသံ တုန်လာတဲ့ အတွက် စကား ပြောတာ ကို ခေတ္တ နားတယ် ။ )

သူ့ မိဘ က ဆင်းရဲတော့ ဆေးရုံ ကို တက်လိုက် ဆင်းလိုက် မလုပ်နိုင် ရှာဘူး ။ မိဘ က ကျွန်မ တို့ ကို ယုံပြီး ဆေးရုံ မှာပဲ ပေးထားခဲ့တာပေါ့ ။ ဆေးရုံ မှာ ခုနစ်လ ရှစ်လ နေရတော့ အိမ်သား ဖြစ်သွားပြီ ။ ဆေးရုံ က အလုပ်တွေ ကို ဆရာမ တွေ နဲ့ ဟိုဟာ ဒီဟာ ဝိုင်းကူ လုပ်တာပေါ့ ။

ည ဆယ်နာရီ သူ အိပ်ချိန် မှာ နှလုံး rate ( ခုန်နှုန်း ) တိုင်း ယူရတယ် ။ ယူဖို့ ခိုင်းလိုက်တဲ့ ဆရာဝန်တွေ က ပြန် ပြောတယ် ။ ကျော်အဲသို ဆေးရုံ ကုတင် မှာ မရှိဘူးတဲ့ ။ ဘယ် သွားနေသလဲ သား ဆိုတော့ တယ်လီဗေးရှင်း သွား ကြည့် နေ တာတဲ့ ။ အိုဂျီ ( သားဖွားနဲ့မီးယပ် ) ဆောင် မှာ သွားကြည့်တာ ။ နည်းနည်း တော့ ဝေးတယ် ။ မင်း အဲဒီလို မလုပ် နဲ့ မင်းတို့ အဆောင် မှာ ငါ တယ်လီဗေးရှင်း ဝယ် ပေးမယ် လို့ ပြောခဲ့တယ် ။ ဘားအံ ဆိုတော့ ကျွန်မ မှာ ဂျီပီပီ ( ကိုယ်ပိုင်ဆေးခန်း ) ကလည်း မကောင်းဘူး ။ ငါ ပိုက်ဆံ စုဦးမယ် လို့ ပြော တာပေါ့ ။ တိုက်တိုက်ဆိုင်ဆိုင် ပဲ အလှူရှင် ပေါ်လာတယ် ။ ဆေးရုံ လာ တက်တဲ့ လူနာ တစ်ယောက် က ဆေးရုံ မှာ ဘာ လိုအပ်သလဲ လိုတာ လှူပါရစေ လို့ ဆရာမတွေ ကို ပြောတာနဲ့ တယ်လီဗေးရှင်း အလှူခံ လိုက်တယ် ။ ကလေးတွေ သူတို့ အဆောင် ထဲ မှာ တင် တယ်လီဗေးရှင်း ကြည့်လို့ ရသွားတယ် ။

ဒါပေမယ့် အဲဒါ ဝယ်ပေးပြီး လေးငါးလ နေတော့ ကျော်အဲသို သူ့ ကိုယ်သူ အဆုံး စီရင်သွားတယ် ။ သူ ဘာကြောင့် ဒီလို လုပ် သွားပါလိမ့် ။ ကျွန်မ သူ့ မိဘ ကို အကြောင်း ကြား လိုက်တယ် ။ သူ ဒီလို လုပ် သွားတော့ ကျွန်မ တစ်ရက် တိတိ ထမင်း မစားဘူး ။

ကျွန်မ စဉ်းစားတယ် ။ ကလေးတွေ ဆေးရုံ မှာ နေကြရတာ အထီးကျန် မဆန် အောင် အပျင်းပြေ အောင် လိမ္မာရေးခြား ရှိ အောင် လုပ်ပေးရမယ့် တာဝန် ကျွန်မ မှာရှိတယ် ဆိုပြီးတော့ ကျွန်မ အားတဲ့ အချိန် စိတ်ကြည်လင်တဲ့ အချိန်တွေ မှာ ပုံပြင်ကလေးတွေ စ ရေးတယ် ။ လွန်ခဲ့တဲ့ ဆယ်နှစ် ၁၉၉၄ ခု က စ ခဲ့တာပေါ့ ။

ပုံပြင်ကလေးတွေ ထဲ မှာ ကျွန်မ ငယ်စဉ် က မိဘဘိုးဘွားတွေ က သွန် သင်ပေးခဲ့တာတွေ ၊ ကျွန်မ တွေ့ကြုံ သိမြင်ခဲ့တာတွေ ထည့်တယ် ။ ကလေး တွေ အပျင်းပြေရုံ မကဘူး နေထိုင်ကျင့်သုံး တတ်အောင် ကျွန်မ ရေးတယ် ။

ဥပမာ ရေနည်းငါး ဆိုပါတော့ ။ ဆေးရုံ ရောက်လာတဲ့ ကလေးတွေ ထဲ မှာ တချို့က အဖေ မရှိ အမေ မရှိဘူး ။ ဒီလို ကလေး ကို အချို့ က နှိမ်ချင်တယ် ။ မနှိမ်အောင် စာနာ နားလည် တတ်လာအောင် ရေနည်းငါး ပုံပြင် ကို ရေးတာ ။

ဆန်စေ့ကောက် ဆိုတာလေး လည်း ကျွန်မ ရေးတယ် ။ ကျွန်မ ငယ်စဉ် က ပုသိမ် မှာ အဖိုး နဲ့ နေရတယ် ။ ကျွန်မ တို့ မှာ စာ လည်း ဖတ်ရတယ် ။ တစ်ချိန် တည်း မှာ နောက်ဖေးချောင် အလုပ် လည်း လုပ်ရတယ် ။ အိမ် မှာ house mate ရှိပေမယ့် မရဘူး ။ ကြီး လာရင် အိမ်ထောင် ထိန်းသိမ်း တတ်အောင် လုပ်ရတာပဲ ။ ဆန်ရွေး ရတယ် ။ ဆန် ရွေးတဲ့ အခါ ကိုယ့် ပတ်ပတ်လည်မှာ ဆန်စေ့တွေ ကျနေ တာတွေ့ ရင် အဖိုး က ပြန်ကောက် ခိုင်းတယ် ။ ငယ်ငယ် က အိမ်ရှေ့ မှာ ဆင်းရဲ သား လာတောင်းရင် အဖိုး က ဆန် တစ်ပြည် ပေးတယ် ။ ဆန် တစ်ပြည် တော့ အလကား ပေးပစ်တယ် ။ ဆန် တစ်စေ့ ကျ တာကျ ပြန် ကောက် ခိုင်းတယ် ။ ငယ်ငယ် က နားမလည်ဘူး ။ ဒါနဲ့ အဖိုး ကို မေးတော့ ဟိုဟာ က လူ ရဲ့ ပါးစပ် ထဲ ကို ရောက် တာ ဒါက မြေကြီး ပေါ် ကျပြီး အလကား ဖြစ်တာတဲ့ ။ ဒါကို ကြီး မှ သဘော ပေါက်ပြီး ဆန်စေ့ကောက် ပုံပြင်လေး ရေးဖြစ်တယ် ။

မနေနိုင် ဆိုတာလေး ရေးဖြစ်တာ က တော့ ကျွန်မ က ရေပိုက်ခေါင်း က ရေ တစ်စက်စက် ကျနေတာ တွေ့ရင် မနေနိုင်ဘူး ပိတ်တယ် ။ နေ့ခင်း ကြောင်တောင် လင်းလင်းချင်းချင်း မှာ မီး ဖွင့်ထားရင် လည်း ပိတ်တယ် ။ အဲဒီလို မနေနိုင်တာတွေ အများကြီး ရှိတယ် ။ ကလေးတွေ အနေ နဲ့ ရေ တစ်စက်စက် ကျ နေလည်း ကြည့်နေတာ ၊ မလိုဘဲ မီးလင်း နေလည်း ဘာသိဘာသာ နေတာ မျိုးတွေ မဖြစ်စေချင်လို့ မနေနိုင် ကို ကျွန်မ ရေးတာပါ ။

ဘားအံဆေးရုံ ward ( အဆောင် ) ထဲ မှာ ကြာကြာ နေရတဲ့ ကလေး တွေ ကို ကျွန်မ ပုံပြင်တွေ ပြောပြတယ် ။ ကလေးတွေ ကို ကျွန်မ ရေးထားတာတွေ ဖတ်ခိုင်းတယ် ။ အချို့ ပုံတွေ ကို သူတို့ နားလည်တယ် ။ အချို့ကို တော့ သူတို့ နား မလည်ဘူး ။

ကျွန်မ အသက် ငါးဆယ်ပြည့် မွေးနေ့ မှာ ကျွန်မ ဆုံးဖြတ်ချက် ချခဲ့တာ နှစ်ခု ရှိတယ် ။ တစ်ခု က အဟာရချို့တဲ့ တဲ့ ကလေးတွေ ကို ဖြည့်ဆည်း ပေးမယ် ၊ နောက် တစ်ခု က ကျွန်မ တို့ ငယ်စဉ်က မိဘတွေ က ကလေးတွေ ကို အသိအမြင် ပညာ တိုးပွားအောင် လုပ်ပေးခဲ့ သလို ကျွန်မ အချိန် ပေးပြီး လုပ်ပေးမယ် ။

နောက် လာမယ့် လွပ်လပ်ရေးနေ့ နောက် နေ့ မှာ ကျွန်မ ပင်စင် သွားမယ် ။ ပင်စင် ယူပြီး ကျွန်မ လုပ်ချင်တဲ့ အလုပ် လုပ်သင့်တဲ့ အလုပ်တွေ ကို အချိန် ပေးပြီး လုပ်မယ် ။

⎕ ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

.

 

No comments:

Post a Comment