Friday, January 3, 2025

ချွေးမနှစ်ယောက်

 

❝ ချွေးမနှစ်ယောက် ❞
       ( မနှင်းဖွေး )

ကျောင်းဆရာမ ဘဝ မှ ပင်စင် ယူပြီး ကတည်း က ဒေါ်သင်းထုံ ရန်ကုန် ကို သွားချင် နေသည် ။

သွားချင် နေသည့် အကြောင်း က တခြား မဟုတ် ။ သား နှစ်ယောက် လုံး ရန်ကုန် ကို ပြန်ရောက် နေပြီ ဆိုသည့် သတင်း ကို ကြားထားခြင်း ကြောင့် ဖြစ်သည် ။

သားတွေ ကို သူ သတိရ လှသည် ။ လွမ်းဆွတ် အောက်မေ့ လှသည် ။ သူတို့လေးတွေ သူ့ ရင်ခွင် ကို စွန့်ခွာ သွားကြသော ကာလ ကြာလှပြီ။ ဘွဲ့ ကိုယ်စီ ရအောင် ပညာ သင် ပေးပြီး နောက် အလုပ်အကိုင် ကိုယ်စီ ဖြစ်သွားပြီး ကတည်း က ဆိုပါစို့ ။

သားတွေ က အလုပ်တာဝန် နှင့် နယ်တကာ လှည့်ရင်း အိမ်ထောင်ကျ သွား ပြန်တော့ သားအမိ သားအဖ တစ်တွေ ပို၍ အနေ ဝေးသွား ရပြန်သည် ။

ဒေါ်သင်းထုံ တို့ ဇနီးမောင်နှံ လည်း ဝန်ထမ်းများ ပီပီ စိတ် သွားတိုင်း တိုင်း ကိုယ် မပါ ရကား သားတွေ ထံ မရောက်နိုင်ခဲ့ ။

ထို့ကြောင့် ချွေးမတွေ ကို ပင် မှတ်မှတ်ရရ ဒေါ်သင်းထုံ တစ်ခါ လား နှ စ်ခါ လား မြင်ဖူးခဲ့သည် ။ သူတို့ လက်ထပ်စဉ် က တစ်ကြိမ် ၊ လက်ထပ်ပြီး စ မိဘရပ် ထံ ဆွေပြ မျိုးပြ အလည် ခေါ်လာစဉ် က တစ်ကြိမ် ၊ ဤမျှသာ ပင် ။

ယခုတော့ သားတွေ က ရာထူးတွေ တိုးကာ သား ကိုယ်စီ သမီး ကိုယ်စီ နှင့် ရန်ကုန် ကို ပြန်ရောက်နေပြီ ဟု သိရတော့ ကိုယ် က လည်း အားလပ် နေသည် က တစ်ကြောင်း အိမ် က ဆရာကြီး က လည်း နေကောင်းနေသည် ကလည်း တစ်ကြောင်း ၊ ဘိုကလေး နှင့် ရန်ကုန် ကို အိမ်ဦးကြမ်းပြင် လို ကူး နေသည့် အိမ်နား က မကျင်လှ က လည်း လိုက်ပို့ပေးမည် ဟု ပြောသည် က တစ်ကြောင်း တို့ ကြောင့် ဆရာကြီး ကို တပည့်လေး တစ်ယောက် နှင့် အပ်ခဲ့ကာ ဒေါ်သင်းထုံ သား နှစ်ယောက် ရှိရာ ရန်ကုန်မြို့ သို့ ထွက် လာခဲ့လေသည် ။

•••••   •••••   •••••

သားကြီး ကိုမြင့်သူ နေထိုင်ရာ ဝေဠုဝန် အိမ်ရာစခန်း ကို လွယ်လွယ် ကူကူပင် ရောက်ရှိ လာပြီး သားကြီး ၏ တိုက်ခန်း ကို လည်း အခက်အခဲ မရှိ ရှာတွေ့ခဲ့ပါသည် ။

လူခေါ်ခေါင်းလောင်း နှိပ် လိုက်ပြီး စောင့်နေစဉ် တံခါး လာ ဖွင့်ပေးသူ မှာ ချွေးမ သက်သက်ခင် ဖြစ်သည် ။

အထုပ်တွေ အပိုးတွေ ဝန်စည်စလယ်တွေ နှင့် အတူ ဒေါ်သင်းထုံ ကို တွေ့လိုက်တော့ ရုတ်တရက် အံ့သြတွေဝေ သွားပြီး နောက် ချက်ချင်း ဆို သလို ဝမ်းသာအယ်လဲ ကြိုဆို ရှာပါသည် ။

“ ဟင် အမေ ၊ အမေပါလား ၊ ကိုကိုရေ ဟောသည် မှာ အမေရောက် နေတယ်တော့၊ အမေရယ် ဆိုင်းမဆင့် ဗုံမဆင့် လာမယ် ဆိုလည်း ကြိုကြိုတင်တင် ပြောရောပေါ့ ၊ ကြိုကြိုတင်တင် သိရင် သင်္ဘောဆိ ပ်ကို သက်တို့ လာ ကြိုမှာ ပေါ့ ၊ ပေးပေး အထုပ်တွေ သက် ဆွဲခဲ့မယ်၊ အမေ အိမ်ထဲ ဝင် ”

သားကြီးကိုမြင့်သူ ကတော့ နဂိုကပင် နှုတ်နည်းသူ ပီပီ ဘာမျှ မပြော နိုင်ဘဲ ဒေါ်သင်းထုံ ရောက်လာသည့် အတွက် ဝမ်းသာလှိုက်လှဲစွာ ပြုံး ကာ အမေ့ လက် ကို ဆွဲ၍ အိမ် ထဲ ခေါ်ဝင်သည် ။

“ အမေ ပက်လက်ကု,လားထိုင် မှာ ထိုင်ပါ ၊ ကျောလေးဘာလေး လည်း ဆန့်ရအောင် ၊ အမေ တော့ အရမ်း ပင်ပန်းမှာ ပဲနော် ၊ ဟဲ့ ဘုတ်ဆုံ ရေ ယပ်တောင်တစ်ချောင်း နဲ့ အမေ့ အတွက် ရေအေးအေးလေး တစ်ခွက် လောက် ခပ်ခဲ့ပါဟဲ့ ”

ချွေးမ လုပ်သူ က နှုတ်ခွန်းပျူငှာ တော့လည်း ဒေါ်သင်းထုံ စိတ်ထဲ အကျေနပ်ကြီး ကျေနပ်ကာ အမောပင် ပြေချင်ချင် ဖြစ်သွားသည် ။ မကျင်လှ က တော့ ဒေါ်သင်းထုံ ကို ထားခဲ့ပြီး သူ့ အစ်မ ရှိရာ တစ်တိုက်ကျော် ကို ထွက်သွားလေတော့သည် ။

“ အမေ နေကောင်းတယ်နော် ”

“ အေး ... ကောင်းပါတယ် သားရယ် ”

သား ၏ နှုတ်ခွန်းဆက် စကား က ဤမျှသာ ပင်။

“ အဖေ ကော နေကောင်းရဲ့ လား အမေ ၊ အဖေ ကျတော့ ဘာလို့ ခေါ်မ လာတာလဲ ၊ အဖေ့ ခမျာ တစ်ယောက်တည်း ပျင်း ကျန်ရစ်တော့မှာ ပဲ အမေရယ် ”

အဖေ့ သတင်း ကို သား က မမေးမီ ချွေးမ က ဦးစွာ မေးဖော်ရသည့် အတွက် ဒေါ်သင်းထုံ ပိုမို၍ ပင် သဘောကျ သွားပြန်သည် ။

အင်း .. အိမ် က ဆရာကြီးများ သိလျှင် ဘယ်လောက်များ ဝမ်းသာရှာလိမ့်မလဲဟု တွေးကာ “ အေးကွယ်၊ သမီး ရဲ့ အဖေ ကို အိမ်စောင့် ထားခဲ့ရတယ် ၊ နောက်တစ်ခါ သူ့ အလှည့်ပေါ့ ” ဟု အလိုက်သင့် ဖြေရသည် ။

ပါလာသော ပုစွန်ခြောက် ၊ ငါးခြောက်များ ကို တောင်း ထဲ မှ ထုတ်နေစဉ် သက်သက်ခင် က ဝရန်တာ ထွက်ကာ ဝတ်စုံ ဝတ်ထားသော မိန်းကလေး နှစ်ယောက် တက်လာသည် ။

“ အမေ၊ ဟောသည် မှာ အမေ့ မြေးတွေ ၊ အကြီး က မြအိမ်သူ တဲ့ ၊ သည် အောက်တိုဘာလ ဆို ခြောက်နှစ် ပြည့်မယ် ၊ ပထမတန်း ရောက်ပြီ စာ လည်း သိပ်တော်တာ အမေ၊ အတန်း ထဲ မှာ အမြဲ ပထမချည်း ပဲ ရတယ် ၊ ကျောင်းအုပ်ဆရာ ၊ ဆရာမကြီးတွေ ရဲ့ မြေး လို့ မပြောရဘူး ၊ အငယ် က မြစိုးသူ တဲ့ ၊ အရင် လ က လေးနှစ် ပြည့်တယ် ၊ မူကြို ပေါ့ ၊ ဒါ သမီးတို့ ရဲ့ ဘွားဘွား နော် မှတ်ထား ၊ ဟုတ်လား ”

သက်သက်ခင် က မိတ်ဆက်ရင်း သူ့ ဘက် တွန်းပို့ပေးသော မြေးနှစ်ယောက် ကို ဒေါ်သင်းထုံ က အသာ ဆွဲခေါ်၍ ရင်ခွင် ထဲ ပိုက်ပွေ့ထားမိသည် ။

“ ငါ့ မြေးတွေ က အချောလေးတွေပဲဟေ့ ”

ကလေးတွေ က ပထမတော့ ခပ်စိမ်းစိမ်း ဖြစ်နေသေး သော်လည်း နောက်တော့ ရင်းနှီးရဲတင်းစွာ သူ့ ထံ တိုးကပ်လာသည် ။ သို့သော် တွတ်တီးတွတ်တာ စကားတော့ မပြော ။ သူ့ ဖအေ လို နေမှာ ပေါ့လေ ။ သားကြီးကိုမြင့်သူ က လည်း ငယ်ငယ် က အလွန် အေးသည့် ကလေး ၊ ငိုခြ င်း ၊ ယိုခြင်း ၊ ဆူခြင်း ၊ ပူခြင်း လုံးဝ မရှိ ၊ ကျောင်း နေချိန်မှာ လည်း ကျောင်းစာ ပဲ တစ်ကုပ်ကုပ် ကျက်၍ ခပ်အေးအေး နေခဲ့သူ ။ တက္ကသိုလ် ရောက် ၊ ဘွဲ့ရ ၊ အလုပ်ဝင် ၊ နယ်တကာ လှည့်ပြီး သူ မိန်းမ ယူပါတော့မည် ပြောလာတော့ မှ သားအရည်အသွေး ကို တအံ့တသြ ဖြစ်ရသည် ။

ချွေးမ သက်သက်ခင် က ပျဉ်းမနားသူ ။ အလယ်တန်းပြ ။ သား က ပျဉ်းမနားတွင် ဦးစီးမှု အဖြစ် တာဝန်ကျ စဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည် ။

သက်သက်ခင် နှုတ်သွက် ၊ လျှာသွက် ရှိကြောင်း သူတို့ လက်ထပ်ပြီးစ အိမ်ကို ခေါ်လာ ကတည်း က ဒေါ်သင်းထုံ သိပြီး ဖြစ်သည် ။ သား နှင့် က သည် လို မိန်းမမျိုးပဲ ကိုက်ပါတယ်လေ ။ နို့မို့ သား က အေး၊ သူ က အေး ဆိုလျှင် သူတို့ အိမ် လူသံသူသံ ပင် ကြားရတော့မည် မဟုတ် ။

ယခုလ ည်း ကြည့် ။ ဒေါ်သင်းထုံ ကို ရေတစ်ခွက် တိုက်ပြီး ပြောလိုက် သည့်စကား ။ အမေ့သား က ဘယ်လို ၊ အမေ့မြေးအကြီး က ဘယ့်နှယ် ၊ အမေ့မြေး အငယ်မ က ဘယ်သို့နှင့် အမျှင် မပြတ် ။ ဒေါ်သင်းထုံ မှာ သူ ပြော သမျှ ကို ခေါင်း တညိတ်ညိတ် နှင့် တမေ့တမော နားထောင် နေရသည် ။

“ ကဲ ... စကား ပြော တာလည်း ပြောပေါ့ သက် ရယ် ၊ အမေ ထမင်း ဆာ နေပါ့မယ်၊ ထမင်း စားဖို့ ပြင်ပါဦး ”

ကိုမြင့်သူ က သတိပေး မှ ..

“ ဟင် ... ဟုတ်သားပဲ ၊ ကြည့်ပါဦး ၊ ထမင်းစားချိန်တောင် ရောက်ပြီပဲ ၊ အမယ်လေး စကား ကောင်း နေလိုက်တာ ၊ သားအမိချင်း ကလည်း အခုမှ တွေ့ရတာကိုး ကိုကို ရဲ့ ၊ ကဲ ... အမေ ရေချိုး ချင် ချိုးလိုက်ပါလား၊ လန်းဆန်းသွားအောင်နော် ၊ သက် ထမင်းပွဲ ပြင်နှင့်မယ် ”

“ အေး ... အေး ”

ဒေါ်သင်းထုံ က ချွေးမ စီစဉ်သည့် အတိုင်း ရေမိုး ချိုးသည် ။ ချိုးသည် ဆိုသော်လည်း ကိုယ့် အိမ်မှာ လို အားရပါးရ တော့ မချိုးဝံ့ ။

“ ရေ နည်းနေလို့ အမေ၊ ခပ်လို့ မီရဲ့ လား မသိဘူး၊ ရေ က တစ်နေ့ မှ နှစ်နာရီ လောက် လာတာ အမေရဲ့ ၊ မနက် တစ်နာရီ ၊ အသုံးများ တဲ့ နေ့ ဆို ရေက တယ် မလောက်ချင်တော့ဘူး ” ဟု ချွေးမ က ပြောထား သဖြင့် ချွေချွေတာတာလေး ချိုး နေရသည် ။

ဘာပဲဖြစ်ဖြစ် ရေချိုး လိုက်ရသဖြင့် အနည်းငယ် တော့ နေသာထိုင်သာ ရှိသွားသည် ။

ရေချိုး ပြီးတော့ အသင့် ပြင်ထားသော ထမင်းဝိုင်း မှာ ဝင်ထိုင်သည် ။

“ ဒါက ကြက်သား နဲ့ ဘူးသီး အမေ ၊ ကာလသားချက်လေး ချက် ထားတာ ၊ ဆီပြန် ဆို အီနေမှာ ဆိုးလို့ ၊ ဒါက သရက်သီး ပိုးတီသုပ် ၊ ကိုကို က ငါးပိရည် နဲ့ တို့ စရာကောင်းကောင်း စားချင်တယ် ဆိုလို့ ဘောလယ် ငါးပိလေး ဝယ်ကျိုထားတာ မွှေးသားပဲနော် ၊ ခရမ်းသီး နုနုလေးတွေ ပေါ တာနဲ့ ဝယ်ပြုတ်ထားတယ် အမေ စားနော် ”

ငယ်တုန်း ကတော့ ငါးပိရည် ကို ဟုတ်ဟုတ်ငြားငြား မစားခဲ့သော ကိုမြင့်သူ က ငါးပိရည် ကို တောင့်တောင့်တတ ဘယ်တုန်းကများ ကြိုက် သွားပါလိမ့် ။ အေးလေ ... ၊ ဇနီးသည် ၏ ပျူပျူငှာငှာ စကားတွေနှင့်အတူ ငါးပိ တို့စရာ ကို ဖွယ်ဖွယ်ရာရာ ပြင်ဆင်ကျွေးမွေးတော့ လည်း ဘယ်ယောက်ျား မဆို သဘော တွေ့ မပေါ့ ။ ဒါ မဆန်းလှပါဘူးဟု တွေး ကာ ငါးပိရည် ကို ပင် ဦးစွာ ခပ်၍ ထမင်း ပေါ် ဆမ်းလိုက်သည် ။

ထမင်း တစ်လုတ် စားကြည့်သောအခါ ချို မနေဘဲ ငန်ကျိကျိ ဖြစ်နေသဖြင့် ခရမ်းသီး နုနုကလေး တစ်လုံး ကို ယူ၍ ထမင်း ထဲ မြှုပ်ရန် အညှာချွေ ၍ အလယ်သား ကို ခွဲထုတ်လိုက်သည် ။ ကွေးကွေးလေး သေနေသော ပိုးကောင်ဖြူဖြူလေးများ ကို တွေ့ရသဖြင့် မစားဖြစ် တော့ဘဲ ထမင်းပန်းကန် နှုတ်ခမ်း တွင် အသာ ပြန် တင်လိုက်သည် ။

“ ကြက်သား ထည့်စားလေ အမေ ”

သက်သက်ခင် က ပြောပြောဆိုဆို ထမင်းဝိုင်း အလယ် ရှိ ကြက်သားဘူးသီး ပန်းကန် ထဲ မှ ဟင်း ကို ဇွန်း ဖြင့် ခပ်သည် ။ ပထမ တစ်ခါ ခပ်တော့ ဘူးသီး ၊ နောက်တစ်ခါ ခပ်မှ ကြက်တောင်ပံ တစ်ခု ပါလာ သဖြင့် ဘူးသီးဖတ်တွေ နှင့်အတူ ဒေါ်သင်းထုံ ပန်းကန် ထဲ ဦးဦးဖျားဖျား ထည့်ပေးလေသည် ။ နောက်တစ်ခါ ကြိုးစားတော့ မှ ကြက်ရင်ပုံသား တစ်လုံး ကပ်ပါလာရာ ဒေါ်သင်းထုံ ပန်းကန် ထဲ ထည့်ရန် ဟန်ပြင်သည် ။

“ တော်ပြီ သမီး ၊ တော်ပြီ ၊ အမေက အသားတွေ ၊ ငါးတွေ တယ် မကြိုက်လှဘူး ၊ ဟင်းသီး ဟင်းရွက် ပဲ ကြိုက်တယ် ၊ ဘူးသီးလေး က ချိုသကွယ် ”

ထမင်းစား အပြီး လက်ဖက် နှင့် ရေနွေးကြမ်း တိုက် ပြန်တော့ လက်ဖက် က ဆီ မပါ သဖြင့် တယ်ပြီး ခံတွင်း မတွေ့လှပေ ။

ရေနွေး သောက်ရင်း သမီးချွေးမ တစ်တွေ စကားကောင်း လိုက်ကြသည် မှာ ည ၁၁ နာရီ ကျော် မှ အိပ်ရာဝင် ဖြစ်သည် ။

နောက်တစ်နေ့ မနက် ၅ နာရီ တွင် အိပ်ရာ မှ နိုးသည် ။

မျက်နှာသစ် ၊ ဘုရားစင်ရှေ့ ထိုင်၍ ဘုရားရှိခိုးမည် အပြု တွင် ဘုရားပန်း ဝေဝေဆာဆာ မတွေ့ရဘဲ ဇော်စိမ်းချည်း သက်သက် တင်ထား သော ဘုရားပန်းအိုး ကို သတိထား ကြည့်မိပြီး ဘဝင် မကျလှပေမယ့် စိမ်းစိမ်းစိုစိုလေးတော့ အရှိသား ဟု စိတ် ဖြေကာ ဩကာသ ကို အစ ချီ လိုက်သည် ။ ဘုရားရှိခိုး နေစဉ် မီးဖို ထဲ မှ တိုးတိုးကျိတ်ကျိတ် ဆူသံ က နားထဲ ကို ဖျတ်ခနဲ ဝင် လာသေးသည် ။

“ ပြောပေါင်းလည်း များ လှပြီ ၊ သည် လိုသာ ဆီ ကို ဗုံးပေါလအော သုံး နေရင် တစ်လ တစ်ပုံး လည်း လောက်မှာ မဟုတ်ဘူး ၊ ရှေ့ပိုင်း က ဘ ယ်လို ရှာရှာ ။ နင်တို့ က စည်းကမ်း မရှိရင် အလကားပဲ ”

သက်သက်ခင် က ဆွေရိပ်မျိုးရိပ် မကင်း သဖြင့် ခေါ်ထားသည် ဆိုသော မိန်းကလေး ကို ဆူပူနေခြင်း ဖြစ်သည် ။

ဘုရားရှိခိုးရသည် မှာ အာရုံ က ရ တစ်ချက် ၊ မရ တစ်ချက် နှင့် ပဲ အဆုံး သတ်လိုက်ရသည် ။

မနက်ပိုင်း ထမင်းကြော် က တော့ ဆီ မပါသလို၊ ပဲပြုတ် က လည်း ခပ်နည်းနည်းပင် ။ ပန်းကန် ထဲ မှ တစ်ဝက် ပြန် ထည့်၍ ကျန် ထမင်းကြော် တစ်ဝက် ကို ပင် အတော် ကြိုးစား၍ ဒေါ်သင်းထုံ မျိုချ နေရသည် ။ ကော်ဖီ ကျဲကျဲလေး နှင့် မျှောချလိုက် မှ အနေတော် ဖြစ်သွား၏ ။

ရှစ်နာရီ လောက် တွင် ကိုမြင့်သူ တို့ အိပ်ခန်း မှ အသံတွေ ထွက်လာ ပြန်သည် ။

“ သက် က လည်း ကွာ၊ သည် နေ့ တော့ နှစ်ဆယ် လောက် ထည့်ပေးစမ်းပါ ၊ ကိုကို အကုန် မသုံးပါဘူး ၊ ပိုတာ ပြန်ပေးမှာ ပေါ့ ”

“ ပိုက်ဆံ ဆိုတာ အိတ်ထဲ များများ ရှိ များများ သုံးဖြစ်တာပဲ ကိုကို ရဲ့ ကိုကို့အတွက် လက်ဖက်ရည်ဖိုး နဲ့ ဆေးလိပ်ဖိုး လောက်ရရင် တော်ရောပေါ့ ”

“ ဘယ် ဟုတ်မလဲ သက်ရဲ့ ။ ကိုကို့ မှာ ဧည့်သည် စောင်သည် ဆိုတာ လည်း ရှိသေးတယ် ။ သာရေးနာရေး ဆိုတာ လည်း ရှိသေးတယ်လေ ။ ပြီးတော့ကွာ အရာရှိကြီး တစ်ယောက် လုပ်နေပြီး အိတ် ထဲ ၂ဝ မျိုး ၊ ၃ဝ မျိုး မှ မပါတော့ ကောင်းမလား ”

အသက် ၆ဝ ကျော် ပေမယ့် နားက ပါး နေသေး သောကြောင့် သား နှင့် ချွေး မတို့ အသံ ကို အတိုင်းသား ကြားလိုက် မိသည် ။ သူ့ လက်က ခါးပိုက် ဆီ ရောက် သွားကာ အပြန် ကျလျှင်တော့ ခရီးစရိတ် ဖယ်ပြီး ပိုတာ ကိုမြင့်သူ ကို ပေးထားခဲ့ဦး မှ ဟု တေးမှတ် ထား လိုက်မိသည် ။

တိုက်ဘေး တွင် ကားတွန်းသံ တစ်ချက် နှင့် အတူ ကားဆိုက်သံ ကို ကြားလိုက်ရပြန်သည် ။

“ အမယ်လေးကွာ ၊ ငွေလေး နှစ်ဆယ် ရဖို့ အရေး လက်ဝင် လိုက်တာ ရုံးကား ရောက်နေပြီ ၊ ထမင်းချိုင့် အဆင်သင့် ဖြစ်ပလား ”

ပြောပြောဆိုဆို နှင့် ကိုမြင့်သူ က အတက်ချီကေ့စ် ဆွဲရင်း ဧည့်ခန်း သို့ ထွက်လာသည် ။

“ သည်နေ့ သောကြောနေ့ ပဲ ၊ ထမင်းချိုင့် ယူဖို့ လို လို့ လား ကိုကို ”

သက်သက်ခင် က ကိုမြင့်သူ ၏ ပုဆိုးရေစို နှင့် မျက်နှာသုတ်ပဝါ ကို ကို င်လာရင်း မေးသည် ။

“ သောကြာနေ့ နဲ့ ထမင်းချိုင့် မယူတာနဲ့ ဘာဆိုင်လို့ လဲ သက် ” 

“ ဪ ... မသိပါဘူး၊ ပြီးခဲ့တဲ့ သောကြာနေ့တွေ တုန်းက နှစ်ပတ် ဆက်တိုက် အစည်းအဝေး က မနက်စာ ကျွေးတယ် ဆို၊ သည် တစ်ပတ်ပဲ ထမင်းချိုင့် မလိုဘူးလားလို့ ”

သက်သက်ခင် က ရယ်ဟဟ နှင့် ပြောသည် ။

“ အမေ့ ချွေးမ ကတော့လေ ၊ သူ သက်သာမယ့် အကွက် ပဲ စဉ်းစားနေတာပဲ ”

ဧည့်ခန်းဆက်တီ မှာ ထိုင်နေသော ဒေါ်သင်းထုံ ကို ကိုမြင့်သူ က ပြုံးမဲ့မဲ့နှင့် လှမ်းပြောသည် ။ ဒေါ်သင်းထုံ က လည်း အလိုက်သင့် ပြုံး နေရသည် ။

သက်သက်ခင် က သဘောကျစွာ တခစ်ခစ် ရယ်ရင်း ကမန်းကတန်း ထမင်းချိုင့် ပြင်သည် ။

ခေါင်းလေး တခါခါနှင့် သူ ရယ်လိုက်တိုင်း သူ့ နား က စိန်ခြယ်နားကပ်ကလေးသည် ဖျတ်ခနဲ ဖျတ်ခနဲ လက်၍ သွားသည် ကို ဒေါ်သင်းထုံ မြင် တွေ့လိုက်ရပါသတည်း ။

•••••   •••••   •••••

သားအငယ် ကိုအောင်နိုင် ကို တွေ့တော့ ဒေါ်သင်းထုံ အတော်ကြီး ကို အံ့သြ သွားသည် ။ မတွေ့ကြသည့် ခြောက်နှစ် ၊ ခုနစ်နှစ် အတွင်း ကိုအောင်နိုင် မနည်းကြီး ကို ဝဖီးလာသည် ။

ကိုအောင်နိုင် က ၁၉၅၅ ခုနှစ် ဖွားတဲ့ ကလေး ။ အခုမှ အသက် ၃၄ နှစ်ပဲ ရှိဦးမှာ ပေါ့ ။ ခုတော့ ကြည့်စမ်း၊ ဗိုက်တွေ ဘာတွေ ထွက်ပြီး တကယ့် လူကြီးရုပ် ကို ပေါက် နေသည် ။

ချွေးမနီနီကျော် က လည်း ဝလို့ ။ အမယ် သူတို့ သား နှစ်ယောက် ကလည်း ဝလုံးနေတာပဲ ။ လိုက် လည်း လိုက်သည့် သားအမိ တစ်တွေ ။

“ ကျွန်တော် တို့ လည်း အမေတို့ ဆီ လာ မလို့ ပဲဗျ ၊ တစ်ပတ် အားနိုး ၊ အားနိုး နဲ့ အလုပ်တွေ က မပြတ် ဖြစ်နေတာ ၊ ကဲ ... ခုတော့ အမေ က အရင် ရောက်လာတယ် ”

“ အေးကွယ် ၊ အမေ လည်း မင်းတို့ ကို နေ့ ရှိသရွေ့ မျှော်နေတာပဲ ၊ ငါ့ သားကြီး မိသားစု အရင် ရောက်လာမလား ၊ ငါ့ သားငယ် မိသားစု အရင် ရောက်လာ မလားနဲ့ ၊ နောက်တော့ မင်းတို့ မအားကြလို့ ၊ မလာနိုင်တာ ပဲ ၊ ငါ က အားနေတဲ့ လူ ၊ သွားမှ ဆိုပြီး ထွက်ခဲ့တာပဲ သားရယ် ”

ချွေးမ နီနီကျော် က တော့ သက်သက်ခင် လို့ စကားတွေ ဖွယ်ဖွယ်ရာရာ ဝေဝေဆာဆာ မပြောတတ် ။

“ အမေ စကား ပြောနှင့် ဦးနော် ၊ နီနီ ဈေးခဏ ပြေးလိုက်ဦးမယ် ” ဟု ဆို ၍ ဆွဲခြင်းတောင်းလေး ကောက် ဆွဲကာ အိမ်ပေါ် မှ ဆင်းသွားသည် ။ နာရီဝက်လောက် ကြာတော့ ပြန်ရောက်လာသည် ။ မီးဖို ထဲ ဝင်ကာ တရှဲရှဲ နှင့် ဘာတွေ ကြော်လှော် ချက်ပြုတ် မှန်း မသိ ။ ညှော်နံ့တွေ က အိမ်ရှေ့ဧည့်ခန်း ကို လုံးခနဲ လုံးခနဲ ဝင်လာသည် ။

ဒေါ်သင်းထုံ က လက်ကိုင်ပဝါ ဆွဲ၍ နှာခေါင်း ပိတ်ကာ အိမ် အောက် ပြေးဆင်း ရသည် ။

ကိုအောင်နိုင် တို့ ရသည့် အိမ် က မဆိုး ။ စက်ရုံ က ပေးသော သီးသီးသန့်သန့်  လုံးချင်းအိမ်ကလေး ကို လှည့်ပတ် ကြည့်ရင်း မြေကွက် အလွတ်များ ပေါ်တွင် သီးပင် စားပင်လေးများ တစ်ပိုင်တစ်နိုင် စိုက်ထား နိုင်လျှင် ကောင်းမည် ဟု စဉ်းစားပြီး ။ အို ... သူတို့ ခမျာ နှစ်ယောက်လုံး ဝန်ထမ်း ၊ ဘယ် လုပ်နိုင်မှာ လဲ ဟူသော အတွေး ကို ဆက် တွေးလိုက်မိသည် ။

အတန်ကြာတော့ ကိုအောင်နိုင် က အိမ် ပေါ်မှ လှမ်းခေါ်သည် ။

“ အမေ ထမင်း စား ရအောင်၊ ညှော် ပြီး သွားပါပြီ အမေ ရဲ့ ”

နီနီကျော် ထမင်းပွဲ က သက်သက်ခင် ၏ ထမင်းပွဲ နှင့် တော့ ဘာမျှ မဆိုင်ပေ ။ အဆီ တဝင်းဝင်း နှင့် ဟင်းတွေ က စားချင်စဖွယ်ပင် ။ ဝက်သားနှပ် တဲ့ ၊ ပုစွန်တုပ် ဆီပြန် တဲ့ ၊ ငါးရံ့ နှင့် ချဉ်ပေါင်ရွက် ချဉ်ရည် ၊ ငါးပိတ်ချက် နှင့် တို့စရာ တဲ့ ။

“ ဟင်းတွေ က များ လှချည်လား သမီး ရယ် ”

“ မများ ပါဘူး အမေ ရယ် ၊ နီနီ က သည့်ထက် တောင် ကျွေးချင်သေး တာပါ ”

ချွေးမ က သည်မျှသာ ပြောပြီး ထမင်းပန်းကန်တွေ ထဲ ထမင်းတွေ ထည့်ပေးသည် ။

“ သည် မှာ ပုစွန်တုပ် ဘယ်ဈေးလဲ သမီး ”

“ တစ်ရာဈေး အမေ ”

“ ဘုရား ၊ ဘုရား ၊ များ လှချည်လား ”

“ ပေါတဲ့ အခါ လည်း ပေါသလို ၊ ရှားတဲ့ အခါ လည်း ရှားသလို ဝယ်စား ရတာပဲ အမေ ”

နီနီကျော် က ဒေါ်သင်းထုံ ပန်းကန် ထဲ အကြီးဆုံး ပုစွန်တုပ်ကြီး ကို ရွေးခပ်၍ ထည့်ပေးသည် ။ ပြီးတော့ ကိုအောင်နိုင် ပန်းကန် ထဲ တစ်ကောင် ၊ နောက် သူ့ ပန်းကန်ထဲ တစ်ကောင် ၊ သားနှစ်ယောက် ၏ ပန်းကန် ထဲ လည်း တစ်ကောင်စီ ထည့် ပေးသည် ။

သူတို့ တွေ က တော့ မြိန်ရေယှက်ရေ စားကြပေမယ့် ဒေါ်သင်းထုံ က တော့ တစ်ပိဿာ တစ်ရာ ဆိုသည် နှင့် မျို၍ မကျချင်တော့ ။

“ ငါ့ သမီး လည်း ရုံး တစ်ဖက် ၊ အိမ်မှုကိစ္စ တစ်ဖက် နဲ့ ပင်ပန်း မှာ ပဲနော် ၊ ကိုယ်ခွဲလက်ခွဲ က လည်း မရှိနဲ့ ”

“ ရှိတယ် အမေ ၊ အိမ်ဖော် တစ်ယောက် ခေါ်ထားတယ် ၊ သည် နေ့ ကတော့ သူ့ နားရက်မို့ အိမ် ပြန်တယ် ၊ တနင်္ဂနွေနေ့ ဆိုရင် သူ နားတယ်လေ ”

“ ဪ ... သူ့ ကို လခ ဘယ်လောက် ပေးရလဲ ”

“ နှစ်ရာပါ အမေ ”

“ အလိုလေး မနည်းပါလား ”

“ အဲဒါတောင် သည် အိမ် မှာ မပျော်မှာ စိုးလို့ အမြဲ မျက်နှာချိုသွေးနေရတာ အမေရဲ့ ”

သား က ဝင်ပြောသည် ။

“ မင်းတို့ ရန်ကုန် က တော့ ကွယ် ”

ထမင်း စားပြီး တည်သည့် အချို ကလည်း မနည်း ။ လက်ဖက် ရော ၊ ငှက်ပျောသီး ရော ၊ ကျောက်ဖရုံယို ရော ၊ အုန်းထန်းလျက် ရော အစုံ ၊ အစုံ ။

ညဘက် ရောက်တော့ အမေ့ ကို ရွှေတိဂုံဘုရား ပို့မည် ဆို၍ ရုံးကား ထုတ်ကာ မိသားစု တစ်တွေ မြို့ ထဲ တရုန်းရုန်း ထွက်ကြပြန်သည် ။ ရွှေတိဂုံဘုရား သည် ညပိုင်း ဘုရားဖူးရသည် မှာ တကယ်ပင် ကြည်ညို သပ္ပာယ်စရာ ကောင်းလှသည် ။ အေးအေးလူလူ နှင့် မို့ ဘုရားအာရုံပြု လို့ လည်း အလွန် ကောင်းသည် ။

ဘုရား ဖူးပြီး ပြန်တော့ အိမ် ကို တန်းမပြန်သေး ။ အမေ့ ကို ရေခဲမုန့် ကျွေးချင်သေးတယ် ဆို၍ ကား ကို အအေးဆိုင် တစ်ဆိုင် သို့ မောင်းပြန်သည် ။

ဒေါ်သင်းထုံ အတွက် ရေခဲမုန့် ။ သူ တို့ က လည်း ကူဖီး ( လ် ) ၊ ဖာလူဒါ စသဖြင့် အသီးသီး မှာ ၍ သောက်ကြပြန်သည် ။ လိုက် လည်း လိုက်ဖက် သည့် သားအမိ သားအဖတွေပါလား ဟု ဒေါ်သင်းထုံ ရေရွတ်မိသည် ။

ကိုအောင်နိုင် တို့ အိမ် တွင် ဒေါ်သင်းထုံ နေစဉ် သုံးရက်လုံးလုံး ဟင်းမ ကောင်းသည့် နေ့ ဟူ၍ မရှိ ၊ နေ့စဉ် အသားဟင်း က တစ်မျိုး ၊ သို့မဟုတ် နှ စ်မျိုး ပါသည် ။ ဆီ က လည်း ဟင်းတိုင်း လိုလို အိုင်ထွန်း နေသည် ချည်း ။

နောက်ပြီး ၊ နီနီကျော် တစ်ယောက် လက် က လည်း လွယ်လိုက်ပါဘိ ။ တပည့်တွေ က သူ့ ထံ ငွေငါးဆယ်မျိုး ၊ တစ်ရာမျိုး လာ ချေးလျှင် ဘာဘာ ညာညာ မေး မနေဘဲ ဒေါ်သင်းထုံ ရှေ့တွင် အလွယ်တကူ ပေးလိုက်သည် ။ သက်သက်ခင် ဆိုလျှင် သည် လိုလုပ်မည်မဟုတ် ။

အိမ်နီးချင်းတွေ က ' နီနီရေ ဈေး က မေ့လာလို့ ကြက်သွန်လေး လေး ငါးဥလောက်နော် ' ဟု ဆို၍ ဆယ်ဥ ဆယ့်ငါးဥ နှိက်သွား လည်း ' လိုသလောက် သာ ယူသွား ' ဟု ထိုင်ရာ မထ ပြော တတ်သည် ။ တချို့က ပုစွန်ခြောက် ၊ တချို့က မီးသွေး စသဖြင့် လာလာ မ,သွားလည်း ဘာမျှ မပြော ။ “ ဘာဟင်း ကျန်သေးလဲ ၊ မမနီ လက်ရာ မြည်းချင်လို့ ” ဟု ဆို၍ ညစာ အတွက် ချက်ထားသော ဟင်းအိုး ကို လှန်၍ စားသွားလည်း သည် အတိုင်းပဲ ကြည့်နေသည် ။ ဒေါ်သင်းထုံ က သာ လူကြီးတန်မယ့် နှမြောတွန့်တိုစိတ် ဝင်မိသေးသည် ။

နီနီ တစ်ယောက် ဤမျှ လက်လွယ် နေခြင်းနှင့် ပတ်သက်၍ တစ်ခုခု ပြောချင်သော်လည်း လက်တွေ့မှာ ဒေါ်သင်းထုံ ဘာမျှ မပြောဖြစ်ခဲ့ပေ ။

အိမ် ကို ပြန်သာ ပြန်လာခဲ့ရသော်လည်း တစ်ခုတော့ ဒေါ်သင်းထုံ စိတ်မကောင်း ။

အင်ဂျင်နီယာကတော် ၊ သူ ကိုယ်တိုင် ကလည်း အင်ဂျင်နီယာ တစ်ယောက် ဖြစ်သော ချွေးမနီနီကျော် ၏ နား တွင် နားပေါက်ကလေး မျှ မရှိသော အဖြစ်ပင် ဖြစ်လေသည် ။

အိမ် ပြန်ရောက်သည် နှင့် ထင်သည့် အတိုင်း ဆရာကြီး က မျှော်လင့် နေသည့် မေးခွန်း ကို ဆီး မေးပါသည် ။

“ ဘယ့်နှယ်လဲ ဆရာမကြီး ၊ ချွေးမတွေ နဲ့ တွေ့ခဲ့ရဲ့ လား ”

“ သားတွေ ရော၊ ချွေးမတွေ ရော ၊ မြေးတွေ ရော တွေ့ခဲ့ပါတယ်ရှင် ”

“ အားလုံး နေထိုင် ကောင်းကြရဲ့ လား ”

“ ကောင်းပါရှင် ”

“ ခင်ဗျား ချွေးမတွေ တော်ရဲ့ လား ”

ဒေါ်သင်းထုံ က ကိုမြင့်သူ တို့ ကန်တော့ လိုက်သော မုန့်နှစ်ဘူး ၊ ကိုအောင်နိုင်တို့ ကန်တော့ လိုက်သော ပါတိတ်လုံချည် တစ်ထည် နှင့် တရုတ်နို့မှုန့် တစ်ထုပ် ကို ဆရာကြီး ရှေ့ ချပြရင်း...

“ တော်ပါတယ်ရှင် ၊ တော်ပါတယ် ၊ ချွေးမ နှစ်ယောက်လုံး တစ်မျိုးစီ တော်ကြပါတယ် ”

“ ဟုတ်လား ၊ ဘယ်လို တော်ကြတယ် ဆိုတာ ပြောစမ်းပါဦး ”

“ ချွေးမအကြီး က အင်မတန် မိန်းမ ပီသတယ် ၊ စေ့စပ်တယ် ၊ သေချာတယ်၊ နှုတ်ချို ပျူငှာတယ် ၊ ချွေချွေတာတာ ရှိတယ် ၊ စုတတ်ဆောင်းတတ်တယ် ”

“ အင်း ...”

“ ချွေးမအငယ် ကျတော့ စိတ်ကောင်း နှလုံးကောင်း ရှိတယ် ၊ စိတ်စေတနာ ကောင်းမွန်တယ် ၊ သဒ္ဓါတရား ထက်သန်တယ် ၊ ရိုးသားတယ် ၊ တစ်မျိုးစီ ပဲ ”

“ ဒါဆို ကျုပ် သားတွေ မိန်းမရ ကံကောင်း ကြတယ် ဆိုပါတော့ ”

“ ဒါပေါ့ ”

“ အင်း ... ဒါပေမဲ့ သူတို့ ကံကောင်းတာ ကျုပ် ကို မမီသေးဘူးဗျ ”

“ အမယ် ... အဘိုးကြီး က အရေးထည်း ”

“ တကယ် ပြောတာ ကျုပ် က ကံ အကောင်းဆုံးဗျ ၊ အတော်ဆုံး မိန်းမ ကို ကျုပ် ရထားတာ ”

“ ဘယ်လိုကြောင့် ပါလိမ့်ရှင် ”

ဒေါ်သင်းထုံ က သူ့ ဆရာကြီး ကို မျက်လုံး ဝင့် ကြည့်ရင်း မေးသည် ။

ဆရာကြီး က ဆေးပြင်းလိပ်ကြီး ခဲပြီး အတန်ကြာ ပြုံး နေသေးသည် ။ ပြီးမှ စကား ဆက်သည် ။

“ သည်လိုလေ ၊ ယောက္ခမ ဆိုတာ များသောအားဖြင့် ချွေးမတွေ အပေါ် အမြဲ အပြစ် မြင်လေ့ရှိတယ် မဟုတ်လား ၊ ကြည့်တော့လည်း အပြစ် ရှာတဲ့ မျက်လုံး နဲ့ ပဲ ကြည့်တတ်တယ် ၊ ဘယ် ချွေးမ ကဖြင့် ဘယ်နေရာ အားနည်းတယ် ၊ ဘယ်နေရာ ချို့ယွင်းတယ် ၊ ဘယ်နေရာ ညံ့တယ် စသ ည် ဖြင့်ပေါ့ ”

“ အင်း ...”

“ ဒါပေမဲ့ ခင်ဗျား က သည်လို မဟုတ်ဘူး ဗျ ၊ ချွေးမတွေ ရဲ့ ချို့ယွင်းချက် ၊ အားနည်းချက်တွေ ကို တစ်ခွန်း မှ မပြောဘူး ၊ ကောင်းတဲ့ အချက်တွေ ချည်းပဲ ရွေး ပြောတယ် ၊ ဒါကြောင့် ကျုပ် က အတော်ဆုံး မိန်းမ ကို ရ ထားတယ်လို့ ပြောတာဗျ ဆရာမကြီး ရဲ့ သိပြီလား ”

ဒေါ်သင်းထုံ ၏ မျက်စောင်း သည် ကနွဲ့ကလျ မနေပေမယ့် လှပ၍ နေသည် ။

◾မနှင်းဖွေး
📚 မဟေသီ မဂ္ဂဇင်း
      ၁၉၈၉ ၊ မေလ

No comments:

Post a Comment