❝ ခွေး နှင့် ကြောင် ❞
( ပုံပြင် )
တရံရော အခါ လာဘ် ကောင်းသော လက်စွပ်ကလေး တစ်ကွင်း ကို ပိုင်သော လင်မယား နှစ်ယောက် ရှိလေ၏ ။ ထို လက်စွပ်ကလေး ကို ရသည့် နေ့ မှ စ၍ သူတို့ လင်မယား သည် မပူမပင် နေနိုင် ထိုင်နိုင် ကြလေသည် ။ ထိုသို့ ကောင်းမွန်စွာ နေနိုင်ကြ သော်လည်း ထို လင်မယား သည် လာဘ်ကောင်းသော လက်စွပ်ကလေး ကြောင့် ဖြစ်သည် ဟု မထင်ကြချေ ။
တစ်နေ့သ၌ ထို လက်စွပ်ကလေး ကို အမှတ်မဲ့ ပင် ရောင်းချ ပစ်လိုက်မိလေသည် ။ ထိုနေ့ မှ စ၍ သူတို့သည် အခါတိုင်း ကဲ့သို့ ရောင်းဝယ်၍ မကောင်းကြ တော့ဘဲ တစ်နေ့တခြား ဆင်းရဲပင်ပန်း လာကြရလေ၏ ။ ထို လင်မယား ၌ လက်သပ်မွေး ထားသော ခွေး တစ်ကောင် နှင့် ကြောင်ကလေး တစ်ကောင် လည်း ရှိလေသည် ။ အိမ် ၌ ဝမ်းစာရေး ကျပ်တည်း လာသော အခါ၌ အိမ်ရှင်တို့ သည် သူတို့ မွေးထားသော ခွေး နှင့် ကြောင်ကလေး ကို ကျွေးမွေးရန်ပင် မတတ်နိုင် ကြတော့ချေ ။ ထို့ကြောင့် ခွေး နှင့် ကြောင်ကလေး တို့သည် အစာ ကို အချိန် မှန်အောင် ပင် မစား နိုင်ကြတော့ပဲ အမြဲ ဆာလောင် မွတ်သိပ် နေကြရလေသည် ။
သူတို့ သည် သခင့် အိမ်၌ ဝမ်းရေး ကျပ်တည်း နေသည် ကို လည်း သိကြ လေသည် ။ တစ်နေ့သ၌ ခွေး နှင့် ကြောင်ကလေး တို့သည် အိမ် နောက်ဖေး ၌ ထိုင်ကာ အဘယ့်ကြောင့် သခင်တို့ အခုလို ဆင်းရဲ သွားကြသည့် အကြောင်း ကို တိုင်ပင် နေကြလေ၏ ။ ခွေး က ကြောင်ကလေး အား “ ဟေ့ ... ငါတို့ သခင်များ ဆင်းရဲ သွားရတာ ဟာ သူတို့ရဲ့ လာဘ်ကောင်းတဲ့ လက် စွပ်ကလေး ကို ရောင်းစား လိုက်လို့သာ ဖြစ်မှာပဲ ၊ ကြည့်ပါလား ၊ အဲဒီ လက်စွပ် ကို ဝယ်သွားတဲ့ လူ ဟာ မြစ် ဟိုဘက်ကမ်း မှာ အိမ်ကြီး တစ်ဆောင် ကို ဆောက်ပြီး ကြီးပွား နေလိုက်တာ ၊ အရင် က လည်း အဲဒီ လူ ဟာ အင်မတန် ဆင်းရဲတယ် ။ ဒီ လက်စွပ် ကို လည်း ဝယ်သွား ရော ၊ လိုတရ နေ တော့တာပါပဲ ၊ အဲဒီ လက်စွပ်ကို ငါတို့ ပြန်ရအောင် လုပ်နိုင် ရင်တော့ ကောင်းမှာပဲကွာ ” ဟု ပြော လေ၏ ။
ကြောင်ကလေး က လည်း သူ့ သခင်များ မှာ ထို လက်စွပ်ကလေး မရှိ ကတည်း က ဆင်းရဲ သွားကြသည် ကို သတိပြုမိ လေသည် ။ ထိုကြောင့် သူ က လည်း အကြံ ထုတ် နေလေသည် ။ ထိုအခိုက် ခွေး ကပင် အကြံ ရလာလေသည် ။ ခွေး က “ ဟေ့ ... ဒီလို လုပ်ရရင် မကောင်းဘူးလား ၊ ငါတို့ သခင် ရဲ့လက်စွပ် ကို သူတို့ ဝယ်သွား ပြီးတော့ သေတ္တာ ထဲ မှာ သိမ်းထားတယ် ၊ မင်း သွားပြီး ခိုးပါလား ” ဟု ပြောလေ၏ ။ ကြောင် က လည်း “ အို ... ငါ က အိမ် ထဲ ကို ဘယ်လိုလုပ် ပြီး ဝင် ခိုးလို့ ရမှာလဲကွာ ၊ မဖြစ်နိုင်တာ ” ဟု ပြန် ပြောလေ၏ ။ ခွေး ကလည်း မလျှော့ဘဲ “ အို ... ဖြစ်နိုင်ပါတယ် ကွာ ၊ မင်း က ကြွက်ကလေး တစ်ကောင် ကို ဖမ်းပြီးတော့ အဲဒီ အိမ်ကြီး ထဲ ကို လွှတ် လိုက်ပေါ့ ၊ အိမ် ထဲကို ရောက်လို့ ရှိရင် ကြွက် က လက်စွပ် ထည့် သိမ်းထားတဲ့ သေတ္တာ ကို တိတ်တိတ် ကိုက်ပြီး ဖောက်ပါစေ ၊ ဖောက်ပြီးတော့ လက်စွပ် ကို ခိုးခဲ့ပါစေ ၊ မင်း ပြောတာ ကို ကြွက် က မလုပ်နိုင်ဘူး ဆိုရင် နင့် ကို အသေသ,တ်မယ်လို့ ကြိမ်းပေါ့ ၊ ကြွက် က မင်း ကို ကြောက်ပြီး လုပ် ပေးမှာပါကွာ ” ဟု အကြံ ပေးလေ၏ ။ ကြောင် လည်း ခွေး အကြံပေးသည့် အတိုင်း ကြွက်ကလေး တစ်ကောင် ကို ဖမ်း ပြီးလျှင် “ ဟေ့ ... ကြွက်ကလေး ၊ မင်း ငါ ခိုင်းတာ ကို လုပ်မယ် ဆိုရင် မင်း အသက် ကို ချမ်းသာပေးမယ် ၊ ဘာလုပ်ရမလဲ ဆိုရင် ဟောဟို မြစ် တစ်ဖက်ကမ်း က အိမ်ကြီး ထဲ မှာ သေတ္တာ တစ်လုံး ရှိတယ် ၊ အဲဒီ သေတ္တာ ထဲ မှာ ငါ့ သခင် ရဲ့ လက်စွပ်ကလေး ရှိတယ် ၊ အဲဒါကို မင်း က ကိုက်ဖောက် ပြီး သွား ယူချေပါ ၊ ကဲ ... လာ ... လာ .. သွားကြစို့ ” ဟု ဆိုကာ သူတို့ ထွက် လာကြလေ၏ ။ မြစ်ကြီး မှာ လည်း အလွန် ကျယ် သဖြင့် ခွေး က ကြောင် နှင့် ကြွက်ကလေး ကို သူ့ ကျော ပေါ် မှာ တင်၍ မြစ် တစ်ဖက်ကမ်း သို့ ကူးပို့ ရလေသည် ။ ရောက်သော အခါ ခွေး က မြစ်ကမ်း နဖူး ၌ နေရစ်ခဲ့၍ ကြောင်ကလေး နှင့် ကြွက်ကလေး တို့ သာ အိမ်ကြီး ဆီသို့ သွား ကြလေ၏ ။ အိမ်ကြီး အနီး သို့ ရောက်သောအခါ ကြောင်ကလေး က ကြွက်ကလေး ကို လွှတ်ပေး လိုက်ရာ အိမ် ထဲသို့ အမှတ်မဲ့ ပြေးဝင် သွားလေ၏ ။ ကြွက်ကလေး လည်း အိမ်ရှင်တို့ မသိအောင်ပင် ကြောင်ကလေး ပြောပြလိုက်သော သေတ္တာ ကို တိတ်တိတ် ကိုက်ဖောက်လျက် ရှိလေ၏ ။ ဖောက်ပြီး သော အခါ၌ အထဲ မှာ ရှိသော လက်စွပ်ကလေး ကို ကိုက်ချီ၍ ပြန်ထွက် လာခဲ့လေ၏ ။ မြစ်ဆိပ် ၌ စောင့် နေသော ခွေး သည် ကြောင်ကလေး နှင့် ကြွက်လေး ကို သူ့ ကျောပေါ် သို့ တင်၍ ပြန်လာခဲ့ လေသည် ။ သူတို့ သုံးဦး သည် တစ်ဖက်ကမ်း သို့ ရောက်သော အခါ ကြောင် က အိမ် သို့ အရင် ရောက်ချင် သဖြင့် လမ်းပေါ် မှ မသွားဘဲ အိမ်ခေါင်မိုးများ ပေါ်မှ ဖြတ်ကျော်၍ သွားလေ၏ ။ ခွေး က မူကား လမ်း ထဲ မှ ပြန်လာခဲ့ရ လေသည် ။ အကြံ နှင့် ပြန်လာသော ကြောင် သည် အိမ် သို့ အရင် ရောက် နှင့်ကာ သူ ယူ လာသော လက်စွပ် ကို သခင့် ထံ အရင် ပြန် ပေး လိုက်လေ၏ ။ အိမ်ရှင်တို့ လည်း ဝမ်းသာအားရ ဖြင့် ယောက်ျား က မိန်းမ အား “ ဟေ့ ... ရှင်မ ရေ ၊ ကြည့်စမ်းပါဦးကွာ ၊ ငါတို့ မွေးထားတဲ့ ကြောင်ကလေး ဟာ ဘယ်လောက် လိမ္မာ လိုက်သလဲ ၊ ငါတို့ ရောင်းစားလိုက်တဲ့ လက်စွပ်ကလေး ကို ပြန် ရအောင် လုပ်ပေးရှာတယ် ၊ ငါတို့ ကို ကောင်းကျိုး ပြုတဲ့ ကြောင်လိမ္မာကလေး ကို ကောင်းကောင်း ကျွေးမွေး ထားရမယ် ၊ သူ့ ကို မရိုက်မနှက်ပါနဲ့ကွာ ” ဟု ပြောလေ၏ ။ အိမ်ရှင် လင်မယား က လည်း ကြောင်ကလေး ကို ကျေးဇူးတင် သဖြင့် ကောင်းစွာ ကျွေးမွေး လေ၏ ။ ကြောင်ကလေး အစာ စား နေစဉ် လမ်း ထဲ မှ ခွေး သည် အိမ်ထဲ သို့ ဝင်လာလေ၏ ။ ခွေး ဝင်လာသည် ကို မြင်ရသော အိမ်ရှင် ယောက်ျား က “ ကြည့်စမ်း ရှင်မ ၊ ဒီ ခွေး နှင့် တို့ ကြောင်ကလေး မကွာလိုက်လား ၊ ခွေး ဟာ ဘာတစ်ခုမှ ကောင်းကျိုး မပေးဘူး ၊ အားရင် လျှောက်လည်ဖို့ပဲ သိတယ် ၊ သူ့ ကို တော့ အိမ် မှာ မထားနိုင်ဘူး ၊ အလကားအကောင်ပဲ ” ဟု ပြောပြောဆိုဆို ထ၍ ခွေးကို ရို,က်နှက်ကာ မောင်းထုတ် လိုက်လေ၏ ။ ခွေး ကို အိမ်ရှင်သခင် က ထိုသို့ ရိုက်နှက်၍ မောင်းထုတ် နေသော်လည်း အစားကောင်း အသောက်ကောင်းများ ကို အဝ စား နေသော ကြောင် သည် သူ့ မိတ်ဆွေ ခွေးအား ရို,က်နှက်နေသည် ကို ပြောပြ တားမြစ်ရန် မကြိုးစားဘဲ အစား ကိုသာ မပျက် စားလျက် ရှိလေသည် ။ ခွေး သည် ကြောင် ၏ မသမာသော စိတ်ထား ကို သိရှိ သွားလေတော့သည် ။
ထိုနေ့မှ စ၍ ခွေးသည် အိမ်ပြင်ဘက် မှ နေ၍ ကြောင် ကို မြင်လျှင် တစ်ခါတည်း လိုက်၍ ကိုက်လေ့ ရှိလေတော့ သတည်း ။
⎕ နုယဉ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ ဇူလိုင်
.
No comments:
Post a Comment