Monday, January 6, 2025

အချစ်ဆိုတာ ဒုက္ခ



 

❝ အချစ်ဆိုတာ ဒုက္ခ ❞

မန္တလေး ဆီဒိုးနားဟိုတယ် အရှေ့ဘက် မှာ အမြဲသဖြင့် လူ စည်ကား နေတဲ့ အိမ် တစ်အိမ် ရှိတယ် ။

မနက် စောစောပိုင်း က စပြီး အဲသည် အိမ် ရှေ့မှာ လူငယ်တွေ နဲ့ စည်ကားတယ် ။ အဲသည် အိမ် မှာ ဆရာမဒေါ်မမနိုင် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ထားတာမို့ အနာဂတ် အတွက် မျှော်မှန်းချက် မြင့်မားတဲ့ လူငယ်တွေ သည် နေရာ မှာ လာရောက် စုဆုံကြတာပါ ။ ညဦးပိုင်း မှာတော့ သည် အိမ်ကလေး မှာပဲ လျှပ်စစ်မီးတွေ လင်းထိန် နေပြီး ဆိုင်းသံ ဗုံသံတွေ ကြားရပြန်တယ် ။ အိမ် တစ်ဝိုက် မှာ နိုင်ငံခြားသား ဧည့်သည် တွေ နဲ့ ညစဉ် စည်ကား နေတော့တယ် ၊ သည် အိမ်ကလေး မှာ ညပိုင်း ကျတော့ Mandalay Marionette မန္တလေးရုပ်စုံ ဆိုပြီး ရုပ်သေးပွဲ ကပြ ပြန်တယ် ။ မြန်မာ့ ရုပ်သေးပွဲ ကို စိတ်ဝင်စားတဲ့ ကမ္ဘာလှည့် နိုင်ငံခြားသားဧည့်သည်တွေ ဒေါ်မမနိုင် ရဲ့ ရုပ်သေးရုံကလေး မှာ လာရောက် စုဆုံကြတယ် ။

ဒေါ်မမနိုင် က အင်္ဂလိပ်စကားပြောသင်တန်း မှာ နာမည် ရ သလို ရုပ်သေးပွဲ က ရာ မှာ လည်း အောင်မြင်တယ် ။ သူ ဦးစီးတဲ့ ရုပ်သေးအဖွဲ့ ဟာ ပြင်သစ် ၊ ဟော်လန် ၊ အမေရိကန် နိုင်ငံပေါင်း များစွာ ကမ္ဘာလှည့်ပြီး ဖြေဖျော်ခဲ့ရတယ် ။

ယနေ့ စင် ပေါ် ကို ရောက် နေတဲ့ ဒေါ်မမနိုင် ဟာ တစ်ချိန်တစ်ခါ က အချစ် ကို မလည်မဝယ် နဲ့ ကိုးကွယ်မိခဲ့လို့ ဒုက္ခတွင်း သက်ဆင်းခဲ့ရဖူးတယ် ။ အဲသည် ဘဝ ကို ဆရာမ က ယခု လို ပြောပြပါတယ် ။

•••  ••••  •••••  ••••  ••••

မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် မှာ ကျွန်မ က သမိုင်း အဓိက နဲ့ တက္ကသိုလ် ပထမနှစ် ကျောင်းသူ ။ အဲသည် နှစ် မှာ ရန်ကုန်သား က မန္တလေးသင်္ကြန် လာ လည် တာ ၊ ကျွန်မတို့ အိမ် ဘေး မှာ လာ တည်းတယ် ။

ကျွန်မ က အိမ်ထောင်ရေး လည်း နားမလည် ၊ ဘယ်လို လူ ကို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ရမယ် ဆိုတာ လည်း မသိ ၊ ကိုယ့် ရှေ့ မှာ နမူနာ ယူစရာ အမြင် ကလည်း မရှိခဲ့တော့ ခုတွေ့ ခုကြိုက် ရန်ကုန်သား ရဲ့ အချစ် ကို ခေါင်းညိတ် ခဲ့တယ် ။

၁၉၇၅ ခုနှစ် မှာ ဘွဲ့ လည်း ရ ၊ အိမ်ထောင် လည်း ကျပေါ့ ။ ကျွန်မ မိဘတွေ က အိမ်ထောင်ပြု တာ ကို သဘော မတူဘူး ။ ကျွန်မ ကတော့ မိဘ ရင်ခွင် ကို ခြေစုံကန်ပြီး အမေ့အိမ် က လွဲရင် ပျော်စရာ ကောင်းမှာပဲ ဆိုတဲ့ အတွေး နဲ့ မီးရောင် ကို ရွှေတောင် ထင်ပြီး မိုက်မှားခဲ့သည်ပေါ့ ။ အမှား ကို သိနားလည် လာ တဲ့ အချိန် မှာ တော့ အစစအရာရာ က နောက်ကျခဲ့ပြီ ။ ပြင်ရ ခက်တဲ့ ပြင်လို့ မရတဲ့ အမှားလေ ။

ခင်ပွန်း နဲ့ အတူ ရန်ကုန် ပါသွားတယ် ။ မိဘ သင်ပေးထားတဲ့ ပညာတွေ ၊ ရခဲ့တဲ့ ဘွဲ့တွေ ကို ဘေးဖယ် ပစ်ထားပြီး ယောက္ခမအိမ် က မီးဖိုချောင် ထဲ မှာ ယောက္ခမ ကို ထမင်းဟင်းချက် ကူရင်း ၊ ယောက်မလေးတွေ ရဲ့ အနွံတာခံရင်း ၊ အဝတ်လျှော်ကု,လားမ မလာ ရင် အဝတ်တွေ တစ်ပုံတစ်ပင် လျှော်ဖွပ် မီးပူတိုက်ရင်း ကလေး ထိန်းရင်း နဲ့ ခုနစ်နှစ် ဆိုတဲ့ အချိန်တွေ ကုန်လွန် သွားတော့တယ် ။

ဘဝ ဟာ အဓိပ္ပာယ် မရှိဘူး ဆိုတာ သိလာတယ် ။ အိမ်ထောင်ဘက် က လည်း အမြဲတမ်း အရက် မူး နေတာ ။ ကောင်းလာနိုး ကောင်းလာနိုး နဲ့ ကလေး တစ်ယောက် လည်း ရခဲ့ပြီ ။

ကိုယ့် သောကတွေ ကို သားကြီးမျက်နှာ တစိမ့်စိမ့် ကြည့်ရင်း ဖြေခဲ့ရတယ် ။ သားကြီး ငယ်စဉ် က လေနာ တတ်တယ် ။ လေနာ လို့ တစ်ညလုံး ငိုတဲ့ အခါ သား ရဲ့ ဝေဒနာ သက်သာစေဖို့ ကလေးဗိုက် နဲ့ အမေ့ဗိုက် ကပ်ပေးတဲ့ အခါ အငို တိတ်ပြီး မှိန်း နေတတ်တယ် ။ ကလေး မှိန်း အိပ်နေတာ နိုးသွားမှာ စိုးလို့ အိပ်ရာ ထဲ ပြန် မချ ရက်ဘူး ။ ခုတင် ပေါ် မှာ အုတ်နံရံ ကို မှီပြီး တစ်ညလုံး ငုတ်တုတ် ထိုင် မှေးရင်း မိုးလင်းခဲ့ရတယ် ။ သည်တော့မှ အမေ့ မေတ္တာ အမေ့ ကျေးဇူး ကို တဖြည်းဖြည်း နားလည်နိုင်စွမ်း ရှိလာတယ် ။

အဲသည် အချိန် က ကျွန်မ အဖေ ( မြန်မာစာ ၊ ဂုဏ်ထူးဦးသိန်းနိုင် ) က ရန်ကုန် မှာ အလုပ် လုပ် နေတယ် ၊ အမေ က မန္တလေး မှာ ။

သားကြီး ငါးနှစ်သား အရွယ် ၊ ဒုတိယ သားငယ် ကိုယ်ဝန် ခုနစ်လ ရတဲ့ အချိန် မှာတော့ မန္တလေးက အမေ့ အိမ် ကို ပဲ ပြန်ဖို့ ဆုံးဖြတ်ချက် ချ လိုက်တယ် ။ အဖေ ပေးတဲ့ လမ်းစရိတ်ငွေ ကျပ် ၁၀ဝ နဲ့ သားကြီး ကို လက်ဆွဲ ၊ အထုပ် ကို ပွေ့ပြီး နေ့စေ့လစေ့ ကိုယ်ဝန်ကြီး နဲ့ မန္တလေး ပြန်လာခဲ့တယ် ။ ၁၉၈၁ ခုနှစ် ၊ ဧပြီလ ၂၂ ရက် သားငယ် ကို မျက်နှာမြင် တော့ ကလေးတွေ အဖေ ရန်ကုန်သား လိုက်ချ လာတယ် ။

ဘဝ ဟာ အလွန် ဆန်းကြယ်ပါတယ် ။ ရိုးရိုးသားသား ပြောရရင် ကျွန်မ မဖြစ်ချင်ဆုံး က မူလတန်းပြဆရာမ ၊ မွန်မြတ်တာတွေ ကျွန်မ နားမလည်ခဲ့ဘူး ။ ဒါပေမဲ့ ဘဝ ကို မူလတန်းပြ ဆရာမလေး အဖြစ် နဲ့ စ ခဲ့ရပါတယ် ။ သားအငယ် ခုနစ်လသား မှာ တံတားဦးမြို့နယ် တောင်တစ်လုံးရွာ မှာ မူလတန်းပြ ဆရာမ ဝင် လုပ်တယ် ။

ဘဝသစ် စ ဖို့ တောင်တစ်လုံးရွာ မှာ မူလတန်းပြဆရာမ အဖြစ် တာဝန် ထမ်းဆောင်ဖို့ သွားတဲ့အခါ သားတို့ အဖေ လည်း အတူ လိုက်ပါ လာတယ် ။ ကလေးတွေ က လည်း ငယ်သေးတာ မို့ ခင်ပွန်းလင်သား အတူ ပါလာတာ အားရှိ ပေမယ့် မရှိ မကောင်း ရှိ မကောင်း မပေါင်း လည်း ခက် ပေါင်း လည်း ခက် ယောက်ျား ဟူ က ပုရိသ လို့ သာ အော်အော်ပြီး ငိုချင်တော့တာပါပဲ ။

ဆရာမယောက်ျား ဆိုပြီး ရွာသားတွေ က မြှောက်စား ကြတော့ ကိုယ်တော်ချော က သောက်စားမူးယစ်ပဲ နေတော့တာပေါ့ ။ တစ်နေ့တခြား ပိုပိုဆိုးရွား လာတယ် ။ မူးပြီး သောင်းကျန်းတယ် ။ ရပ်ရွာ ကို အော်ဟစ် ဆဲဆိုတယ် ။ ရွာ က ခဲနဲ့ ပေါက်ထုတ်ဖို့ တိုင်ပင် ကုန်ကြပြီ ။

တစ်ည သူ က မူးရူးအော်ဟစ် ဆဲဆိုသောင်းကျန်း နေတယ် ။ ရွာသားတွေ စုပြီး ကျွန်မတို့ အတွက် သီးသန့် ဆောက်ပေး ထားတဲ့ ရွာအစွန် မူလတန်း ကျောင်းဝင်းကြီး ထဲ က စာသင်ခန်းကလေး နဲ့ တွဲလျက် အိမ်ကလေး ကို ခဲမိုး ရွာချဖို့ စောင့်နေကြ သတဲ့ ။ အဲသည် အချိန်မှာ ကျွန်မ က စိတ်ညစ်ညစ် နဲ့ သူ့ အသံ ဖုံးအောင် ဓာရဏပရိတ် ကို အခေါက်ခေါက် အခါခါ အော်ရွတ် နေမိခဲ့တယ် ။ ခဲမိုးရွာဖို့ လာတဲ့ ရွာသားတွေ က ကျွန်မ ရဲ့ ပရိတ်ရွတ်သံ ကြားလို့ ခဲနဲ့ မထုဘဲ ပြန် သွားကြတယ် လို့ နောင် တစ်ချိန် မှာ ပြန် ပြောပြကြပါတယ် ။

သည်လို ဖြစ်တော့ ရှက် လည်း ရှက်တာ နဲ့ ဆေးလက်မှတ် နဲ့ လစာမဲ့ခွင့် သုံးလ တင်ပြီး မန္တလေး ကို ပြန်လာခဲ့တယ် ။ ပြီးတော့ အမေ့ အိမ်ဝင်း ထဲ မှာ ထမင်းကြော် ဆိုင်ကလေး ဖွင့်ပြီး နေတယ် ။ သူ ကတော့ မူးရူး နေတာပါပဲ ။ နေမြင့်လေ အရူးရင့်လေ ဆိုသလိုပါပဲ ။ သူ က ပို လို့ သာ ဆိုး လာတယ် ။ တစ်ခါတစ်ရံ မှာ တော့ အရိုက်အနှက် နဲ့ လက်ပါ  ပါလာတော့ ကျွန်မ ရင်မှာ နာကြည်းလာတော့တာ ပေါ့ ။

နောက်တော့ သူ ရန်ကုန် ပြန် သွားတယ် ။ အဖေ ကတော့ မကောင်းရင် လက်မောင်း ထဲ က သွေးတောင် ဖောက်ထုတ် ပစ်ရတယ်လို့ ဆိုတယ် ။ ကျွန်မ ရန်ကုန် လိုက် သွားတယ် ။ ဖေဖေ့ အကူအညီ ယူပြီး သူ နဲ့ ကွာရှင်းဖို့ စီစဉ်တယ် ။

သူ နဲ့ ကွာရှင်းဖို့ ရှေ့နေ နဲ့ လှမ်း ခေါ် လိုက်တော့ သူ ရောက်လာတယ် ။ လူချင်း တွေ့တာနဲ့ သူ က သားကြီး ဖို့ ဘာတွေ ဝယ်လာတယ် ၊ သားငယ် ဖို့ ဘာ ပါတယ် ၊ နိုင့် ဖို့ ဝမ်းဆက် ဝယ် လာတယ် လို့ စ ပြောတာကိုး ။ ကျွန်မ ကို သူ က နိုင် လို့ ခေါ်တာ ။ ကျွန်မ ကလည်း ရန်ဖြစ်ပြီး ကွဲချင် ကွာချင်တာ မဟုတ်တော့ သူ နဲ့ ရယ်ရယ်မောမောပါပဲ ။ ကွာရှင်းပေးမယ့် ရှေ့နေ က လည်း ကျွန်မတို့ ကို ကြည့် ပြီး ဒုက္ခပဲ ၊ သည် လင်မယား ကွဲဖြစ်မယ် မထင်ဘူးပေါ့ ။ ရှေ့နေ မျက်စိတွေ လည်နေတယ် ။

သူ က ဘာ ဆက် ပြောသလဲ ဆိုတော့ သူ့ အသိုင်းအဝိုင်း က ကွာ မပေးနဲ့ လို့ မြှောက်ပေး ကြတယ် တဲ့ ။ ဒါပေမဲ့ သူ ကွာပေးပါမယ် တဲ့ ။ တစ်နေ့ တစ်ချိန် မှာ သူ ချမ်းသာလာရင် ကျွန်မ က ပြန်ပေါင်းဖို့ ကတိ တောင်းတယ် ။ ကျွန်မ က ချမ်းသာ ချင် ချမ်းသာ ၊ ဆင်းရဲ ချင် ဆင်းရဲ ၊ အလုပ် ရှိရှိ မရှိရှိ အရက် မသောက် ရင် ပြန် ပေါင်းမယ် ၊ ဒါကလည်း ကလေး နှစ်ယောက် အတွက် ပါ ဆိုတော့ သူ့ ကိုယ် သူ ပြုပြင်ပါ့မယ်တဲ့ ။ ဒါပေမဲ့ သူ အရက် ရဲ့ ကျေးကျွန် ပဲ ဖြစ်သွားတယ်လေ ။ တရားဝင် ကွာရှင်းအပြီး လေးနှစ် အကြာ မှာ တော့ အရက် နဲ့ ပဲ သူ ဆုံးသွားခဲ့ ပါတယ် ။ ကျွန်မ ဘဝ မှာတော့ ဒါ အချစ်လား လို့ ဆိုရလောက်အောင် သင်ခန်းစာ ရခဲ့တာပေါ့ ။

လစာမဲ့ခွင့် သုံးလ ပြည့်လို့ အလုပ် ပြန်ဝင်တော့ သူ နဲ့ ကွာရှင်း လိုက်ကြောင်း တစ်ဆင့် စကား တစ်ဆင့် နား နဲ့ တစ်ရွာလုံး သိ သွားပြီး ကောင်းပါတယ် လို့ ကောက်ချက် ချကြတယ် ။ ဒါပေမဲ့ ရွာ ကို တစ်ခုလပ် ပုံစံနဲ့ ပြန် ရောက် လာတာမို့ အိမ်ထောင် ရှိတဲ့ လူ က အစ ၊ အိမ်ထောင် မရှိတဲ့ လူ အဆုံး အနည်းဆုံး ပါးစပ် အရသာ ခံပြီး ပြောတာ ဆိုတာ ကြုံရတာပေါ့ ။

ကလေး နှစ်ယောက် အဖေ တစ်ခုလပ် ဖြစ်နေတဲ့ ကျေးရွာအုပ်စု ပါတီခေါင်း ဆောင် ဆိုတဲ့ သူ က ဆရာမ သဘောကျ ရင် မောင်ဗမာစက်ဘီး တစ်စီး တင်ပြီး တောင်း ပါမယ်လို့ နားဖောက် လာပြန်ပါတယ် ။ ကျွန်မ ကလေးတွေ သူ့ အိမ် ကို နွားနို့ သွား ဝယ်တဲ့ အခါ သူ က နွားနို့တွေ အများကြီး ထည့်ပေး လိုက်တာတို့ ကြုံရတယ်ပေါ့လေ ။

ဒါနဲ့ မဖြစ်ချေဘူး ။ မြို့ပေါ် ပြန်ပြောင်းဖို့ ဆရာတွေ အပူ ကပ်မှပဲ စဉ်းစား ရတယ် ။

လုပ်သက် နှစ်နှစ် ပြည့် တော့ မန္တလေး မှာ လက်ထောက် မြို့နယ်ပညာရေးမှူး တာဝန် ထမ်းဆောင် နေတဲ့ ကျွန်မ ရဲ့ ငယ်ဆရာ ဦးဉာဏ်ဝင်း က မန္တလေး ကို ပြန်လည် ခေါ်ယူ ရွှေ့ပြောင်း ပေးပါတယ် ။

ကံ ကောင်းချင် တော့ မန္တလေး ပြန် ပြောင်းခွင့် ရော ၊ မူလတန်းဆရာမ က နေ အလယ်တန်းပြဆရာမ အဖြစ် ရာထူး တိုးတဲ့ အပြင် အိုင်အက်ဖ်အယ်လ် ( နိုင်ငံခြား ဘာသာသိပ္ပံ ၊ ရန်ကုန် ) မှာ အင်္ဂလိပ်ဘာသာ သင်တန်း သုံးလ တက်ခွင့်ပါ တစ်ပြိုင် တည်း ရခဲ့တယ် ။

မုန်တိုင်း ကင်းစင်ပြီး ဘဝ မိုးကောင်းကင် ကြည်လင် သာယာတော့မယ့် အရိပ် လက္ခဏာတွေ ထင်ပါရဲ့ ။

◽ ကျော်ရင်မြင့်
📚 ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment