Saturday, January 18, 2025

တိမ်ပေါ်ကဆင်း ကြေကွဲခြင်း


 

❝ တိမ်ပေါ်ကဆင်း ကြေကွဲခြင်း ❞
        ( မြတ်ဆွေ )

တလောက ကောင်မလေး တစ်ယောက် ကို တွေ့ လေသည် ။ သူ က ဗာဒံစိမ်းရောင် ထီးကြီး အောက် မှာ ရပ် နေသည် ။ ဘတ်စ်ကားမှတ်တိုင်နား ဖြစ်၍ ဘတ်စ်ကား စောင့်နေသလား ဟု ထင်မိသည် ။ သူ ဘာ အတွက် သည် နေရာမှာ ရပ်နေသလဲ ဆိုတာ ကျွန်တော် ၏ နှလုံးသား ကွန်ပျူတာ စက်ထဲ ထည့်ကြည့်သည် ။ အဖြေ က ထွက် မလာ ။ ကွန်ပျူတာ ဆိုတာလည်း မှန်ချင်မှ မှန်တာ ။

သို့သော် ည က သူ့ ကို အစိမ်းရောင် လမ်းပေါ်မှာ တွေ့ ခဲ့သည် ဟု အိပ်မက် မက်သည် ။ သူ ၏ မျက်လုံးများ က စူးရှသော အပြာရောင် ဖြစ်၍ ကြည်လင်စွာ တောက်ပ နေသည် ။ သူ၏ မျက်လုံးများသည် ညှို့ယူ ဖမ်းစားမှု အတတ် တွင် ဘွဲ့ ရပြီးသား ဖြစ်ရမည် ဟု ကျွန်တော် တွက်ဆမိသည် ။

“ အစ်ကို ဘယ်က ပြန်လာတာလဲ ” ဟု နှုတ်ဆက်လေ သည့်ဟန် ။ ထို အသံ က ပင် နူးညံ့စေးပျစ်လှသဖြင့် လန့် ဖျပ်စွာ ကြက်သီးများ ထသွားမိသည် ။ ပျော့ပျောင်းချော ညက်သော အသံ ၏ ဂုဏ်ပုဒ် ကို ကျွန်တော် အမည် မပေး တတ်ပေ ။ ဂီတဆရာများ ကတော့ မည်သို့သော အသံဟု သတ်မှတ်ကြလေမည် မသိ ။ ကရဝိက်သံ ၊ ကြိုးကြာသံ ဆိုတာထက် မည်မျှ ပို၍ သာယာကြောင်း တိုင်းတာ သော ကိရိယာ ပေါ်ဦးမည် ဟု မထင်ပေ ။

နောက်ဆုံးတော့ ချိုနွဲ့ကြည်လင်သော အသံ ဟု ကျွန်တော် ဆိုပါရစေ ။ အသံ နှင့် အတူ ပွင့်လာသောအပြုံး ၊ နှင်းဆီပွင့် လား ၊ စံပယ်ဖူး လား ။ သူ့ အပြုံး နှင့် သွား တက်ကလေးပေါ်လာရာ ကျွန်တော် ငေးမော ကြည်နူးစွာ ခံစားလိုက်ရသည် ။

သူ့ လက် ထဲ မှာ သစ်သီးခြင်း တစ်ခြင်း ရှိနေသည် ။ သြဇာသီးများ သည် အပြာရောင် ရှိနေ၍ လိမ္မော်သီးများ သည် အညိုရောင် ရှိနေကြသည် ။ စပျစ်သီးများကတော့ အဖြူရောင် ။ ခြုံ၍ ဆိုရပါမူ သူသည် ဆန့်ကျင်ဘက် သစ်သီးများ ကို သယ်ဆောင် လာပြီး ဘယ်သူ့ ထံ ပို့မှာလဲ ။ နေနတ်သမီး ရှိလျှင်တော့ သည်သစ်သီးခြင်း ကို လာရောက် သယ်ဆောင်လိမ့်မည် ထင်ရ၏ ။

ကျွန်တော်က လူ့လောကကြီး ၏ အငြိမ့်စင် က ထွက်ခွာရန် ကြိုးစားနေသူမှန်း သူသိပုံမရပေ ။ သိလျှင်တော့ ထူးဆန်းသော သရဲ တစ်ကောင်လို ထင်မှတ်ချင် ထင်မှတ် မည် ။ ပြီးတော့ အမှု တစ်ခုတွင် ပါဝင် ပတ်သက်လိုခြင်း မရှိသူလို ကျွန်တော့် ကို ကျောခိုင်း သွားကောင်း ခိုင်းသွား မည် ။

ဤနေရာတွင် ကျွန်တော် တွေ့ သော ကောင်မလေး အကြောင်း မပြောမီ ကျွန်တော့် အကြောင်း ကျွန်တော် ဦးစွာ ပြော မှ ဇာတ်ရည်လည်မည် ဟု ထင်သည် ။

ကျွန်တော့် မှာ အိတ်ကြီး တစ်အိတ် ရှိနေသည် ။ ထို အိတ်အတွင်း ၌ လူ၏ အရိုးခေါင်းများ ရှိသည် ။ လက်ဖျံရိုးများ ရှိသည် ။ ကျွန်တော် က မျက်လှည့်ဆရာ မဟုတ်ပေ ။ သို့သော် ထိုအရာများကို ကျွန်တော် စုဆောင်း မိလျက်သား ဖြစ်နေသည် ။

ကျွန်တော် က ချိုမြိန်သော သစ်သီး တစ်လုံးကို ငတ် မွတ်မိသည် ။ ရေဆာ ပြေမလား ၊ ချိုမြိန်သော အရသာ ရှိမလား ဟူ၍ ။ ဤတွင် ခင်အုန်းမြင့် နှင့် ကျွန်တော် တွေ့. လေသည် ။

ခင်အုန်းမြင့် သည် ဖြူဖွေးနီစပ်သော အသားရောင် ရှိ၍ အမြဲ ပြုံးနေတတ်သည် ။ သူ ၏ အပြုံးသည် လိုအင် ဆန္ဒ၏ အပြုံး ဖြစ်သည် ကို ကျွန်တော် နောက်ဆုံး စာမျက်နှာ မှ သိခွင့်ရခဲ့သည် ။ သူ၏ နှုတ်ခမ်းနီများ ကျွန်တော် ၏ ကော်လံဖြူ ပေါ်တွင် စွန်းထင်းပြီး နောက်တစ်နေ့ ၌ သူမ ကို ကျွန်တော် လက်ထပ် လိုက်ရ၏ ။

သူ သည် ကျွန်တော်၏ ကိုယ်ခန္ဓာ ကို ကြိုးများနှင့် ရစ်ပတ်ပြီးချိန်၌ ဟားတိုက်စွာ ရယ်မော လိုက်လေသည် ။

ဘဝ ၏ စာမျက်နှာများ ကို ကံကြမ္မာသူတော်စင်က လှန်နေသည် ။ ကျွန်တော် သည် သူတော်စင် ၏ မျက်နှာကို မော့မကြည့်ရဲပေ ။ အမိန့် တစ်စုံတစ်ရာ ပေးမည်ကို ကျွန်တော် ကြောက်ရွံ့ ခဲ့တာ ကြာပါပြီ ။

သို့သော် ကျွန်တော့်ကို အမိန့် ပေးခဲ့သူမှာ ခင်အုန်းမြင့် ဖြစ်သည် ။ ကျွန်တော်တို့ အကြင်လင်မယား ဖြစ်ပြီး နောက် ပုဇွန်တောင်မြို့နယ် ၊ ခုနစ်လွှာမှာ အခန်းတစ်ခု ငှားရမ်းနေခဲ့သည် ။ လူတွေနဲ့ ခပ်ဝေးဝေး နေရလေ ကောင်းလေပဲ ။ အောက်ဆုံးထပ်မှာဆို ဈေးသည်တွေ အသံ ၊ ဘတ်စ်ကားသံ ၊ အသံချဲ့စက်သံ ၊ အို … အသံမျိုးစုံ ဆူနေတာပဲ ။ ကျွန်တော် မနေတတ်ဘူး ဆိုတော့ ခင်အုန်းမြင့် က ခုနစ်လွှာခန်း ကို ဝယ်ယူ လိုက်ခြင်း ဖြစ်၏ ။

သူ၏ ရွှေတိုရွှေစများ ကျေပျက် သွားပြီ ။ ကျွန်တော့် မှာကတော့ အစ ကတည်း က ဘာမျှ မရှိချေ ။ ပန်းချီရေး သောကတ်ဘုတ် ၊ စုတ်တံ အချို့နှင့် ရောင်စုံဆေးဘူး အချို့ ။ အပေါ်ထပ် ခပ်မြင့်မြင့်မှာ နေရတော့ လေကောင်း လေသန့်ရသည် ။ အောက်စီဂျင် နှင့် ယမကာ ကို ဖျော်စပ် ကာ ကျွန်တော် ပန်းချီ ရေးလေသည် ။

ကျွန်တော့် နံဘေးမှာ အယ်ဒီတာများ မေတ္တာလက်ဆောင် ပေးသော မဂ္ဂဇင်းစာအုပ် အချို့  ။ ပြီးတော့ မြေပဲ ကြော်ကို လာ၍ အနံ့ခံသော ပိုးဟပ်သုံးလေးကောင် နှင့် ကိုလိုနီ လက်အောက် အိန္ဒိယ ဆားချက်သမားများ စီတန်းဆန္ဒပြသလို တစ်ကောင် နောက် တစ်ကောင် စီတန်းထွက်လာသော ပုရွတ်ဆိတ်မည်းကလေးများသာ ရှိလေသည် ။

ထိုအချိန်၌ ခင်အုန်းမြင့် သည် ကျွန်တော့် အား အခန်းထဲမှာ စိတ်ချစွာ ထားပြီး သူ ကတော့ ကျော့ကျော့ ကလေးဝတ်စားကာ ထွက်သွားလေပြီ ။

“ မောင် ထမင်းကြမ်းတွေ ရှိတယ် ။ စားချင်တဲ့ ဟင်း အောက်က ထမင်းဆိုင် မှာ စား ၊ ဆိုင် က ကောင်ကလေး ကို ကြိုးဆွဲ ခေါ်လိုက်ပေါ့ ” တဲ့  ။

ကျွန်တော် က ပန်းချီရေးခြင်း ၌ အာရုံကို ရေစုန်မျှော ထားသည် ။ ကျွန်တော့် စိတ်အစဉ်သည် စုတ်များက ဆေးရောင်တို့နှင့် အတူ လွင့်ပါးနေလေရာ ညနေ ၃ နာရီ လောက်မှ ထမင်း ဆာရမှန်း သိလေသည် ။

ကျွန်တော် က အောက်ဆုံးထပ် သို့ ချ ထားသာ ကြိုးကလေး ကို ဆွဲလှုပ်သည် ။ ကြိုးကလေး မှာ ခေါင်း လောင်းကလေး ရှိသည် ။ ‘ ကြက်သားတစ်ပွဲ လာပို့ ’ ဟု စာကလေး ညှပ် လိုက်သည် ။ ကောင်ကလေး တစ်ယောက် စာကို လာ ဖြုတ် ကြည့်သည် ။

လက်ကာပြသည် ။ အစ်ကို ကြက်သားဟင်း မရှိတော့ဘူး ဟု လက်ကာရင်း အော်ပြောသည် ။ ကျွန်တော် လက်ကို ပြန်ဝိုင်းပြပြီး ‘ ဘဲဥ ... ဘဲဥ ’ ဟု ပြောလိုက်သည် ။ အတော် ကြာတော့ ပလတ်စတစ် နှင့် ထုပ်ထားသော ဘဲဥ ဟင်းတစ်ပွဲ ကြိုးကလေး အတိုင်း ကျွန်တော့် ထံ တက်လာ လေသည် ။

ခင်အုန်းမြင့် နှင့် လက်ထပ်ပြီး ရက် အတော်များများ ပင် ဘဲဥကြော် ၊ ဘဲဥဟင်း တို့သည် နေထိုင်ရာ ခုနစ် လွှာသို့ တက်လာမြဲ ဖြစ်တော့သည် ။ ခင်အုန်းမြင့် ကတော့ ဟင်း ကို ဇီဇာမကြောင် ။ တစ်ခါတစ်ရံ ကြက် သားကလေး နည်းနည်း ဝယ်ချက်တတ်၍ တစ်ခါတစ်ရံ ဆတ်သားခြောက်ဖုတ် နှင့် ရေနွေးကြမ်းနှင့် ထမင်းစား တတ်လေသည် ။

သူ က ပွဲစား အလုပ် လုပ်သည် ။ ယနေ့ ခေတ်စားနေ သော အိမ်ပွဲစား ၊ မြေပွဲစား ပေပဲလား ။ ကျွန်တော် သေသေချာချာ တော့ မေးမကြည့်မိပေ ။

တစ်ခါတစ်ရံ သူဘဲကင်တို့ ၊ ခေါက်ဆွဲကြော်တို့ ဝယ်လာတတ်လေသည် ။

“ မောင် ဒီနေ့ ခင်တို့ ထောတယ် ၊ တစ်ခု လောက် ကိုက်လိုက်တယ် ” ဟု ဆိုတတ်သည် ။ တစ်ခု ဆိုတာ တစ် သောင်းတော့ ဖြစ်နိုင်သည် တွေးမိသည် ။ ကျွန်တော် စိတ်မဝင်စားလှ ။

သူ နှင့် ကျွန်တော် က အကြင်လင်မယား အဖြစ် ရက်ပေါင်း လပေါင်းတွေ ကြွေကျပျက်ပြုန်းသွားသော်လည်း အပြုံးအရယ်တွေဖြင့် လင်မယား နှစ်ယောက် ဘယ်တော့မှ အတူ ထမင်းလက်ဆုံ စားမိသည် မရှိသလောက်ပင် ။ ညက ညဉ့်နက်အောင် ကျွန်တော် ပန်းချီရေး၍ နံနက် ခင်းအာရုံများ ကျော်လွှား သွားစဉ် ခင်အုန်းမြင့် တစ်ယောက် ထွက်သွားနှင့်နေပြီ ။

‘ မောင် .. သွားပြီ ’ ဆိုသော စာတိုကလေး က သာ မချင့်မရဲ လှောင်ပြောင်၍ ကျွန်တော့် ကို နှုတ်ဆက်သည် ။ သည်အခါမှာ ကျွန်တော်က ထိုစာကလေးကို လုံးချေပြီး အောက် ဆင်းကာ တစ်ယောက် တည်း လက်ဖက်ရည် သောက်လေသည် ။

ချိုကျလက်ဖက်ရည် တစ်ခွက် နှင့် လန်ဒန်တစ်လိပ် ကို အဖော်ပြု နေစဉ် ခင်အုန်းမြင့် တစ်ယောက် ဘယ် ရောက်နေသည်ကို ကျွန်တော် မတွေးတော့ပေ ။ စာရေး ဆရာကြီး ဒဂုန်တာရာ၏ ‘ မေ ’ ဝတ္ထု အကြောင်း ကို ကျွန်တော် တွေးတော နေမိသည် ။ မေ သည် ပြေပြစ် လှပပြီး ဆိုးသွမ်းသော အမျိုးသမီး အဖြစ် တွေ့မြင်ခဲ့ရ လေသည် ။ သူ့ စရိုက် က မြန်မာ မဆန်လှချေ ။

မိန်းမအတွက် ဆုံးရှုံးမှုတွေ ပေးဆပ်ရသော ကမ္ဘာ ကြီးတွင် ကမ္ဘာကျော် ရုရှကဗျာဆရာကြီး ပွတ်ရှကင်ကို ကျွန်တော် လွမ်းဆွတ်မိသည် ။ မိန်းမ အတွက် သာမန် လူတစ်ဦး နှင့် သေနတ်ချင်း ယှဉ်ပစ်ရင်း ကွယ်လွန်ခဲ့ရသော အဖြစ်မှာ ကြေကွဲဖွယ် အတိ ဖြစ်၏ ။ ကျောက်သံ ပတ္တမြားရတနာ အများအပြား နှင့်ပင် ဘယ်လို အစားထိုး လို့ ရနိုင်ပါသည်နည်း ။

နေတစ်စင်း ၊ လတစ်စင်း ကွယ်ပျောက်ချိန်ဝယ် ကျွန်တော့်ရှေ့က လက်ဖက်ရည် သည် ရေခဲရည် တမျှ အေးစက် နေလေပြီ ။

တစ်နေ့တော့ ခင်အုန်းမြင့် သည် နေ့လယ်နေ့ခင်း ကျွန်တော် အဖော် ရအောင် ဆိုပြီး ရွှေဝါ ဆိုသော ကြောင်ကလေး တစ်ကောင် ခေါ်လာသည် ။ ထို ကြောင်ကလေး သည် ရွှေဝါရောင်အမွေးနှင့်မို့ လှပါ၏ ။ သို့သော် ကျွန်တော် မုန်းသည် ။ ကျွန်တော် အမဲကြော် အချို့ကို ယမကာ နှင့် မြည်းရာတွင် သူ့ အား ခွဲဝေ ပေးကျွေးရသော ကြောင့် ဖြစ်သည် ။

ကျွန်တော် က ပန်းချီ ရေးခြင်း ပြီးလျှင် အရသာ ရှိသော အစာကလေးတော့ စားချင်သည် ။ ကျွန်တော် က ပုစွန်ကြော် ကြိုက်သည် ။ ဝက်သား ကြိုက်သည် ။ ကျွန်တော် ဘာကြိုက်သလဲ ၊ ဘာစားချင်သလဲ ဆို သည်ကို ခင်အုန်းမြင့်က ကြိုးစားအပ်သော ကိစ္စတစ်ခု ဟု မယူမှတ်ပေ ။ အခါကြီးရက်ကြီးများ ရုံးပိတ်ရက်များတွင် ခင်အုန်းမြင့် သည် သူ ကြိုက်သော မျှစ်ချဉ်ဟင်း ၊ မှိုနှင့် ကန်စွန်းရွက်ကြော် စသည်တို့ကို လုပ်စားတတ်သော အခါ၌ ကျွန်တော် အံ့သြစွာ ငေးကြည့် နေမိသည် ။ သူ အားရစွာ စားသောက် နေပုံကို ကျွန်တော် စိတ်ကူးဖြင့် ပန်းချီ ရေးကြည့်သည် ။ ကောက်ကြောင်းပင် ဖော်၍ မရ ။

ကြိမ်ဖန်များစွာပင် ကျွန်တော် သည် တိုက်အောက်ထပ် ထမင်းဆိုင် က ထမင်းဟင်းများ နှင့် မိတ်ဖွဲ့ နေရသော အခါ ထို ဆိုင်၏ ဟင်းရနံ့များသည် ကျွန်တော့် ပန်းချီကား တွေမှာပါ စွဲထင် လာဦးမည်လား ဟု စိုးရိမ်ပူပန်မိလေ သည် ။

ခင်အုန်းမြင့် သည် ငွေရဖို့ ။ သူ ကြိုက်သော အစာကို သူ စားဖို့ ကြိုးစားရာ၌ အလွန် ကျေနပ်စရာ ကောင်းသူ ဖြစ်လေသည် ။ တကယ်တော့ ဤအရာများသည် ကျွန်တော် နှင့် ဘာမျှ မဆိုင်လှပေ ။ ကျွန်တော့် ပန်းချီ ကား၏ တန်ဖိုးမဟုတ် ၊ ကျွန်တော့် ပန်းချီကား ၏ ဘောင် တန်ဖိုးနှင့် ညီမျှချင် ညီမျှမည် ။

ကျွန်တော် က ကျွန်တော့် အကြောင်းတွေကို ရွေးသီ စဉ်းစားရင်း မှတ်တိုင်မှာ ရပ်နေသော ကောင်မလေး ကို ပြန် ကြည့်မိသည် ။ ကျွန်တော် သိကျွမ်းဖူးသော မျက်နှာမျိုး ဖြစ်သည် ။ ဖြူလဲ့သောအသား ၊ မျက်နှာပေါက် က ကျွန်တော့် သူငယ်ချင်း မျက်နှာမျိုး ၊ မျက်လုံးကြည်ကြည် ၊ နှာတံစင်းစင်း ပိရိပြည့်ဖြိုးတဲ့ နှုတ်ခမ်းကလေး ။

သူ့ မျက်နှာကလေးကို ကျွန်တော်က ပန်းချီကား တစ်ချပ်ထဲမှာ ထည့် ကြည့်သည် ။ အံဝင်ခွင်ကျပါပဲ ။

ကျွန်တော်က သူ့ ကို အားတက်သရောပင် မေး လိုက်မိသည် ။ ယုံကြည်မှုဖြင့် မေးလိုက်ခြင်း ဖြစ်ပါ၏ ။ သူတို့ မောင်နှမ မျက်နှာ ဆင်သည် ။

“ မင်း ... မင်း ဖျာပုံ က ကိုရွှေသောင်း ရဲ့ ညီမလေး မဟုတ်လားဟင် ”

“ ဟုတ် ... ဟုတ်ပါတယ်ရှင် ၊ ခွာညို လို့ ခေါ်ပါတယ် ”

ထိုအသံ သည် သွားတက်ကလေး ပေါ်အောင် ပြုံး သော အပြုံး ကြားမှ ဖိတ်စင်ကျ လာတော့သည် ။

လေပြည်ကလေး တလူလူ လွင့်လာသည် ။ ကျွန်တော် က ဝရန်တာထွ က်ပြီး လေအေးမြမြ ကို ထိနမ်း ခိုက်တွင် တံခါးပေါက်မှ အသံကြားရသည် ။ ထိုအချိန်၌ ပန်းနုနှင်းဆီရနံ့ တို့ သင်းမွှေးလာသည် ။

“ ဒေါက် ... ဒေါက် ”

ကျွန်တော် က တံခါး ကို ဖွင့်ပေးလိုက်သောအခါ ပန်းနုနှင်းဆီ နှုတ်ခမ်းလှလှ နှင့် အပြုံးမြမြကို တွေ့ ရသည် ။ ကျွန်တော် ဖိတ်ခေါ် ထားတာပဲ မဟုတ်လား ။

“ ခွာညို ဝင်ခဲ့လေ ”

နေရောင်လရောင်တို့သည် အေးမြသွားလေသည် ။ ကောင်မလေး သည် ဆိုဖာတစ်ခုပေါ်မှာထိုင်ပြီး ထူးဆန်း သော ကမ္ဘာ တစ်ခုထဲ ရောက်လာသူ ဖြစ်နေသည် ။ ပန်းချီပစ္စည်းများ ၊ ရောင်စုံဆေးဘူးများ ၊ ပြန့်ကျဲနေသော စက္ကူ များ ။ ပြီးတော့ စားပွဲပေါ်မှ ဖန်ခွက်များ ၊ ပြိုလဲနေသော ပုလင်းပြားကလေးများ ၊ ပုရွက်ဆိတ်များ ၊ ပိုးဟပ်များ ။

ထိုအရာများ ကို သူ တစ်ခုစီ ကြည့်နေသော အခါ ကျွန်တော် က အကြွင်းမဲ့ မျက်နှာပူစွာဖြင့် သူ့ကို ကျောခိုင်း ကာ ဝရန်တာသို့ထွက်ပြီး မိုးတိမ်များကို အဓိပ္ပာယ် မရှိ သော မျက်လုံးများဖြင့် ကြည့်နေမိသည် ။

မိုးတိမ်ဆိုင်တွေ ရွေ့လျားနေသော်လည်း လူသား ရုပ်ဝတ္ထုသည် ငြိမ်နေသည် မှာ အဘယ်မျှ ကြာသွားသည် မသိ ။ ကျွန်တော် ပြန်လှည့် ကြည့်လိုက်သောအခါ အရာရာသည် ပြောင်းပြန် ဖြစ်သွားပြီ ။

ဆေးလိပ်တိုများ မရှိတော့ ။ ပုလင်းလွတ် ၊ ဖန်ခွက် လွတ်များ မရှိတော့ ။ စားပွဲခုံမှာ သန့်ပြန့်စွာဖြင့် စားပွဲ ခင်း အသစ်ကလေး ခင်းထားလေသည် ။ ခွာညို ဘယ် အချိန်က ဘယ်လို လုပ်လိုက်လေသည်မသိ ။ စိမ်းလန်း သော လောကသစ် တစ်ခု ပေါ်ထွက်လာသည် ။ ကြယ်ပွင့်ကလေးများ လင်းလာသည် ။ ခွာညို ၏ မျက်နှာကလေး လည်း လင်းနေသည် ။

ပန်းချီကျောင်းမှာ တုန်းကတော့ လူကို ထိုင်ခိုင်းပြီး ရေးရသော မော်ဒယ်ပုံကို ကျွန်တော် ရေးခဲ့ဖူးသည် ။ ကျောင်းသူကလေး တစ်ဦး ၊ ပြီးတော့ လုပ်သားကြီး တစ်ဦးပုံ ။

ခုတော့ ကျွန်တော် သည် ယဉ်ကျေးစွာဖြင့် ဣန္ဒြေ ဖြင့် ဝင်းပသော ခွာညို ၏ ပုံရိပ်ကလေးကို ပုံတူ ဆွဲလျှင် ကောင်းလေမလား ဟု တွေးတောမိသည် ။ သူ့မျက်လုံး ကလေးတွေက ထူးခြားစွာ ဘာသာစကား တစ်မျိုးမျိုးကို ပြောနေသယောင် ။ သည်မျက်လုံးကလေးများ ကို ကျွန်တော် ၏ ပန်းချီပညာ ဖြင့် ဘယ်လို ဖမ်းယူဆုပ်ကိုင် နိုင်မှာတဲ့လဲ ။

ကျွန်တော့် အမြင်မှာတော့ သူ့ မျက်နှာကလေး သည် ဘယ်ပန်းချီ ရေးလို့ မမီနိုင်ပါချေ ။ ကျွန်တော်က အတွေး ရဟတ်မှာ လည်ပတ်ရင်း ရေးလက်စ မဂ္ဂဇင်းသရုပ် ဖော်ပုံကိုရေးရန် ပြင်ဆင်ရသည် ။

သူက ကျွန်တော် အလုပ် မစခင် မေးလာသည် ။ “ ညီမ ဘာ အကူအညီ ပေးရမလဲတဲ့ ။ ပြီးတော့ မိန်းကလေး ပီပီ ၊ အစ်မကြီး က ထမင်းချက် မသွားဘူးလား ။ ဘယ်လို စားသလဲ ” စပ်စပ်စုစုတွေ မေးလာတော့ ရင်မောရသည် ။

“ အစ်ကို အလုပ် လုပ်လိုက်ဦးမယ် ၊ ဟောဒီမှာ မဂ္ဂဇင်းတွေဖတ် ” ဟု သူမ အား စာအုပ်များ ပေးကာ ကျွန်တော် စကားဖြတ် ရလေသည် ။

ကျွန်တော် ပုံရေးနေစဉ် သူဆိတ်ငြိမ်စွာ စာဖတ်နေ လေသည် ။ ကျွန်တော် အလုပ်နားမှ သူ့အစ်ကို အကြောင်း ၊ ဖျာပုံမှာ ငယ်စဉ်က ကျောင်းနေခဲ့သည့် အကြောင်း ၊ ဟိုအကြောင်း သည်အကြောင်းတွေ ပြော ကြမည်ဟု စိတ်ကူး ထားသည် ။ ပြီးတော့ အောက်ထပ် ထမင်းဆိုင် က ထမင်း မှာပြီး ခွာညို ကို ဧည့်ခံလိုက်ရုံပေါ့ ။ သူ့ကို ပုံတူရေးဖို့ကတော့ ကျွန်တော် အချိန်ယူ စဉ်းစား ရမည့်အလုပ် ။ ဖြည်းဖြည်းပေါ့လေ ။

ကျွန်တော် ၏ အာရုံများသည် တစ်နေရာတည်း၌ စုစည်းပြီးသား ဖြစ်နေဖို့ လိုသည် ။ နေမွန်းလွဲ ရော့မည် ။ ပြတင်းပေါက် မှ စူးရှသော နေရောင်လေး တစ်စ ဝင်လာ သည် ။

“ ဟင် ... ခွာညိုကော ”

ကျွန်တော် လှည့်ကြည့် လိုက်တော့ ခွာညို ကို မတွေ့ရပေ ။ ရေအိမ်များ တက်နေသလားဟု တွေးမိ သည် ။ အတော်ကလေး ကြာတော့ ကျွန်တော် အလုပ် စားပွဲ မှ ထလိုက်မိ၏ ။

မီးဖိုချောင် ထဲမှ ပန်းကန်သံ ၊ ခွက်သံလိုလို ကြား လိုက်ရသည် ။ ကျွန်တော် လှည့်ကြည့် လိုက်သောအခါ ခွာညို သည် အငွေ့ တထောင်းထောင်း နှင့် ဟင်းပန်းကန် ၊ ထမင်းပန်းကန်များ သယ်လာသည် ကို တွေ့ ရသည်မှာ ကျွန်တော့် အတွက် စားသောက်ဆိုင် တစ်ခု အတွင်း ရောက်နေသည့် ပမာ ။

တကယ်တော့ ခွာညို သည် မီးဖိုချောင်ထဲ အဆင် သင့်တွေ့ရသော အသီးအရွက်များကို စိတ်ပါလက်ပါ ချက်ပြုတ် လိုက်ခြင်းဖြစ်ကြောင်း ကျွန်တော် မသိလိုက် ပေ ။

စားပွဲ ပေါ်တွင် အသီးအရွက် အစိမ်းကြော် ။ ပြီးတော့ ကြက်ဥကြော် တို့သည် အငွေ့ တထောင်းထောင်း နှင့် ရှိနေလေသည် ။ ကျွန်တော် စိတ်ကူးဖြင့် ရေးဆွဲသော ပန်းချီကား တစ်ချပ်တော့ မဟုတ်တန်ရာ ။ ထိုအချိန်၌ ပြတင်းပေါက်က ကျွန်တော် ထွက်ကြည့်မည် ဆိုလျှင် သရက်ပင်ပေါ်မှ ငှက်ကလေးများ တေးဆိုနေတာ တွေ့ရ မည် ။ အေးမြသော တိမ်ပြာပြာကို တွေ့ရမည်ဟု ယုံကြည် မိလေသည် ။

နတ်သုဒ္ဓါ ဟု မဆိုနိုင် သော်လည်း တစ်သက်တွင် သည်တစ်ခါ ပူနွေးလတ်ဆတ်သော ထမင်းဟင်းတို့ ကို စားဖူးခြင်း ဖြစ်သည် ။ ကျွန်တော်သည် ခွာညို ကို နား မလည်နိုင်အောင် ဖြစ်မိသည် ။ သူ ကတော့ တက်ကြွမှု ၊ ရွှင်လန်းမှု တို့ဖြင့် ရှင်သန်လွန်းသည် ။ ကျွန်တော် ဝေဒနာ တစ်ရပ်ကို မခံစားနိုင်ပြီ ။

တစ်ခါတစ်ရံ အအေးဓာတ်သည် ဝေဒနာ ဖြစ်၍ တစ်ခါတစ်ရံ အပူဒဏ်သည် ဝေဒနာဖြစ်သည် ။ ကျွန် တော်က ဝေဒနာကို ခံစားတတ်သူ မဟုတ်ပေ ။ မခံစား လိုခြင်း ဖြစ်သည် ဆိုလျှင် ဘယ်လို နေမည်မသိ ။

ကျွန်တော် က ခွာညို ၏ စင်ကြယ်သော မျက်နှာကလေး ကို ထမင်း စားရင်း စေ့စေ့ကြည့်လိုက်သည် ။ ကြယ်မျက်လုံးလေးများ တောက်ပနေသည် ။ သူက လည်း ရိုးသားသော မျက်လုံးများဖြင့် ပြန်ကြည့်သည် ။ သံယောဇဉ် စာမျက်နှာများ ကို ဖတ်ဖြစ်နေသည် ။

ထိုအတွင်း ဆုံးဖြတ်ချက် တစ်ရပ်သည် ရင်ထဲသို့ စူးနစ်စွာ ဖောက်ထွင်း ဝင်ရောက်လာသည် ။ ကျွန်တော့် ရင်သည် ပွင့်သွားသည်သို့ ခံစားလိုက်ရသည် ။ ရင်ထဲက ခွာညို ၏ ပုံတူသည် ကွဲကြေသွားပြီ ။

တောတွေ ၊ တောင်တွေ ပြိုလဲ၍ ကြယ်တွေ လတွေ ကျိုးကြေသွားပြီ ။ အသည်းသည် ထွက်မလာ ။ ရင်ထဲ မှာ တော်လည်း နေသည် ။ မျက်ရည်တွေ စိမ့်ကျလာ သည် ။ ခွာညို မြင်ရမည် မဟုတ် ။ သူ မကြားနိုင်သော စကားလုံး များ ရင်ထဲမှာ ပွင့်ထွက်လာသည် ။  ။

▢ မြတ်ဆွေ
📖 နွယ်နီမဂ္ဂဇင်း
      ၁၉၉၉ ၊ ဇူလိုင်လ

No comments:

Post a Comment