Wednesday, January 1, 2025

ဘရွှေရောက်

 

❝ ဘရွှေရောက် ❞
   ( ကြည်အေး )

ဘရွှေရောက် အသက် ၆ဝ ကျော် သည် မှ စ၍ လက် ထဲ ရွှေ ဝေး လို့ ငွေစက္ကူ ပင် ကြီးကြီးမားမား များများ မရောက်တာ ကြာလေပြီ ။ သူ ပိုင်ဆိုင်ဖူးသော လယ်ဧက များစွာ မှ တချို့ တော ဖြစ် ကုန်သည် ။ တချို့ ကို ညီ တူဝမ်းကွဲ တို့ က လိမ်ညာ ယူကြသည် ။ တချို့ ကို သူပုန် သိမ်းလေသည် ။ တစ်ဦးတည်း သမီး အပျိုကြီး မလှ နာမည် နှင့် ရှိသော လယ်ဧက တစ်ရာ ကျော် ကို သူရင်းငှား ချ စား နေရသည် ။ အတွင်းပစ္စည်း ဟူသမျှ မှာ သားငယ် နှစ်ယောက် ပညာ သင်ရတာ နှင့် ကုန် ပြန်ရာ အိုမင်းပြီ ဆိုသည့် တစ်နေ့ ၌ လေးပင် သုံးခန်း နှစ်ဆောင်ပြိုင် နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး တွင် မြက် ရှုပ်သော ခြံလယ် ၌ ယောင်ချာချာ နေ ရသည် ။

သူ့ သား နှစ်ယောက် မှာ ရန်ကုန်ကောလိပ်ကျောင်း သို့ ရောက်သော အများသော လယ်ပိုင်ရှင် ကုန်သည် သားသမီးတို့ ထုံးစံ အတိုင်း အရာရှိကြီးများ ဖြစ် လာသည် ။ အမေရိက တို့ ၊ အင်္ဂလန် တို့ ၊ ဂျပန် တို့ ရောက်ကြသေးသည် ။ သို့သော် သူတို့ လယ်ကွက် ထဲ တစ်ခါမှ မရောက်ဖူးချေ ။ ဘယ် နား ရှိသည် မသိချေ ။ စပါးပင် ဆိုတာ ဘယ်လိုလဲ ဆိုသည် ကို တော့ မီးရထား စီး သွားရင်း မြင်ဖူးလိုက်ပါ၏ ။ ဝဒ်စဝယ် ၏ ကောက်ရိတ်သူပျို သီချင်း ဆိုသော ကဗျာ ကို အင်္ဂလိပ် လို ရွတ်မိကြသေး၏ ။ သို့သော် လယ်ဘေး ရေကန် မှ ကြာဖြူပွင့် ကို ကောက်ဖူးသည် မဟုတ်ပါ ။ မီးဒုံး နှင့် စပါးနက် ခွဲခြား လို့ မသိ ။ ထို သား နှစ်ယောက် သည် ရန်ကုန်သူများ နှင့် အိမ်ထောင် ကျ ကာ ရန်ကုန် ၌ နေထိုင်ပြီး ရန်ကုန်သူ ရန်ကုန်သား များ မွေးဖွား နေကြလေ၏ ။

သီတင်းကျွတ် တော့မည် ပြင် လျှင်တော့ ဘရွှေရောက် သည် သား နှစ်ယောက် ကို အင်မတန် တွေ့ချင် လာသည် ။ သူ့ သား နှစ်ယောက် ကို အစဉ် မျက်စိ အောက် တွင် နေစေချင် သည့် မိဘ တကာ တို့ စိတ်မျိုး ကို ချိုးနှိမ် နေခဲ့ရသည် ။ သည် သီတင်းကျွတ် မှာ တော့ ချိုးနှိမ် မနေချင်တော့ ချေ ။ သူ က သွား တွေ့ တော့မည် စိတ်ကူးသည် ။

“ အစိုးရ လခစား ဆိုတော့ တို့ ငယ်ငယ် က လို လက် ထဲ ပိုက်ဆံး သီး နေရှာတာ လဲ မဟုတ်ဘူး တဲ့ ၊ ကိုယ့် ကိုယ် ကိုယ် ပိုင်တာ လည်း မဟုတ်ဘူး တဲ့ ၊ စိတ် သွားတိုင်း ဘယ် ကိုယ် ပါ နိုင်မလဲ ” ဟု သူ့ သမီး အပျိုကြီး ကို ဖျောင်းဖျ တတ်သည် ။ ရန်ကုန် ရောက် လျှင် တော့ ရွှေတိဂုံ ဘုရား တက် ဖူးနိုင်ဦးမည် ။ ပြီးတော့ သားတွေ မြေးတွေ အဖေအို ၊ အဘိုးအို ကို ကန်တော့ ခိုင်း ရမည် ။ အင်္ဂလိပ်စာ တတ် ကောလိပ်ကျောင်း ထွက် ချွေးမ တွေ ကို လည်း ခင်မင် ချင် လှသည် ပင် ။

“ အဖေ ဘယ်မှာ တည်းမှာလဲ ” ဟု မလှ က မေးသည် ။

“ ဟဲ့ ငါ့ သားတွေ အိမ် ငါ တည်း မှာပေါ့ ” ဟု သာ ဘရွှေရောက် က ဖြေသည် ။ ခါ တိုင်း တော့ ရန်ကုန် တက်၍ သူဌေး ဖြစ်နေသော ညီဝမ်းကွဲများ အိမ် မှာ တည်းသည် ။ ဒါဟာ လည်း လွန်ခဲ့သော ၁၀ နှစ် ခန့် က သားများ ကျောင်းသား ဘဝ အိမ် နှင့် ရာ နှင့် မဖြစ်ခင် က ဖြစ်ပါသည် ။ ခုတော့ သားများ ရှိလျက် နှင့် ဘယ် အိမ် တည်း ရမည်လဲ မေးသူ သမီး ကို ပင် စိတ် ခပ်ဆိုး ချင်ချင် ။

တစ်ဖန် စဉ်းစားမိ ပြန် သေး၏ ။

“ ဟုတ်သားပဲ လေ ၊ မလှ က ရန်ကုန် ကို ကိစ္စဝိစ္စ နဲ့ အတော် ရောက်ဖူးသား ၊ တစ်ခါမှ မောင်တွေ အိမ် မှာ သူ မတည်းဘူး ၊ ယောက်မများ နဲ့ မသင့်လို့ များ လား ၊ တော က ဆွေမျိုး မိဘကို ရိုသေချင်ကြရဲ့လား မသိ ”

ဘရွှေရောက် သည် စိတ် ငယ် သလိုလို ဖြစ်သည် ။ သို့ပေမဲ့ အိုမင်းခြင်း နှင့် စိတ်ငယ်ခြင်း သည် အမြဲ လိုပင် ရောထွေး နေတတ်သည် မို့ ထူးပြီး မပူပင် အားချေ ၊ ပြီးတော့ သား တွေ နေပုံထိုင်ပုံ ကြည့်ချင်သည် မှာ သူ့ အရင်းခံ ကိစ္စ ဖြစ်သည် မို့ ဘာပဲ ဖြစ်ဖြစ် သားကြီး အိမ် တစ်ပတ် ၊ သားငယ် အိမ် တစ်ပတ် နေမည် လို့ သူ ဆုံးဖြတ်လေသည် ။

“ ပြီးတော့ သားများ က လည်း အင်မတန် လိမ္မာ ရှာတယ် ” ဟု သူ့ အလိုကျ သူ တွေးတော၏ ။

“ သားကြီး ကိုအေး က ဆိုရင် တော ကို တစ်ချီ တစ်ချီ ပို့တာ စားစရာ ချည်း တစ်ရာ ဖိုး ၊ တစ်ရာ့ငါးဆယ် ဖိုး ၊ လက် က လည်း ဖွာဖွာ နဲ့ ၊ ငါ နဲ့ တူတယ်လို့ ဆိုရမယ် ၊ သားငယ် ကိုထွေး က တော့ သွားလေသူ မအေ့ သား မို့ စေ့စပ်ကုတ်ကတ် ပေမဲ့ ဖအေ  ဆီ ကို ရောက် ရောက် လာတယ် ၊ နင်းပေး နှိပ်ပေး တတ်တယ် ၊ စကားနှုတ်ချို ပြောတတ်တယ် ”

ဘရွှေရောက် သည် သီတင်းကျွတ်လပြည့် ကျော် သည် နှင့် တစ်ပြိုင်နက် ဘယ်ဘက် ၌ သမီး အပျိုကြီး မလှ ၊ ညာဘက် ၌ အဖျားနှစ်ခွ ကုတ် ပါသော တောင်ဝှေး တို့ ခြံရံ ပြီး ရန်ကုန် သို့ ရောက် လာလေ၏ ။

သား နှစ်ယောက် က ဘူတာရုံ မှာ ကား ကိုယ်စီ နှင့် သားမယား အပြည့်အစုံ နှင့် လာ ကြို နေသည် ကို မြင်ကာ ထိတ်ခနဲ ဝမ်းသာ ရသည် ။ သမီး အပျိုကြီး ပင် ပြုံး လာသည် ကို တစေ့ တစောင်း မြင်ရသည် ။

“ ဟဲ့ ကားအဖြူ က ကိုအေး လား ” ဟု သူ က မေး၏ ။

“ ဟုတ်တယ် အဖေ ၊ အဲဒါပေါ်တက် ပေါ့ .. ကား က သေးတယ် ၊ ကျွန်တော့် အိမ် က တော့ ကျယ်ပါတယ် ” ဟု သားကြီး က ပြောသည် ။ ချွေးမ အကြီး က ခေါင်း ညိတ် သည် ။ မြေးကလေးများ က ခုန်ဆွ ခုန်ဆွ သဘော တူကြသည် ။

ဘရွှေရောက် သည်

“ အင်း ငါ့ သား ကိုအေး က တော့ တော်တော် စုမိရဲ့လား မသိ ၊ ကလေး က လည်း ၅ ယောက် ထင်ပါရဲ့ ၊ ကျောင်း နေတဲ့ အရွယ်ချည်း ပဲ ” ဟု တွေး လေ၏ ။

“ ကျွန်တော်တို့ အိမ် က တော့ နည်းနည်း ကျဉ်းတယ် အဖေ ရဲ့ ၊ တစ်လှည့် တော့ လာ နေပါဦး ” ဟု သား အငယ် က ပြော၏ ။

“ လာ မနေလို့ ဘယ် ဖြစ်မလဲ ဘဘကြီး ရဲ့ နုနု တို့ က လည်း ပြုစုချင် သေးတာပေါ့ ၊ ခုတော့ ကိုကိုအေး တို့ မမစိန် တို့ အိမ် လိုက်သွားချင် လိုက် သွားဦးပေါ့ ” ဟု ချွေးမအငယ် က သွက်သွက်လက်လက် ပြော၏ ။ တစ်ဦးတည်း သမီး မြေးကလေး က

“ ဟုတ်တယ် ဘိုးဘိုး ရဲ့ ” ဟု ထောက်ခံသည် ။

“ အင်း ကိုထွေး မိန်းမ က တော့ လိမ်လိမ်မာမာကလေး နဲ့ တူရဲ့ ၊ တယ် လောကွတ်ပျူငှာ ရှိတယ် ” ဟု ဘရွှေရောက် တွေးသည် ။

“ အေးလေ နင်တို့ အိမ် လည်း တစ်ပတ် ပြည့်အောင် တော့ လာ နေရမယ် ၊ ခု တစ်ပတ် တော့ ကိုအေး အိမ် မှာ နေမယ် ” ဟု ဘရွှေရောက် က ပြောလေ၏ ။

“ တန်ဆောင်တိုင် အမီ ရွာ ပြန်မှပဲ ဟိုမှာ ဆွမ်းတော်ကြီး ဝတ် က ရှိသေးတယ် ” ဟု သမီးမလှ က ပြောလေ၏ ။

သို့သော် ... ဘရွှေရောက် သည် ရန်ကုန် မှာ တန်ဆောင်မုန်း ကုန်ဆုံးသည် ထိ နေရသည် ။ ရွှေတိဂုံဘုရား ပေါ် ခြေချော် လဲမိသည့် အတွက် ဖြစ်ပါသည် ။ သူ့ ခြေထောက် ပေါင်ရိုး အက် သွားသည် ။ မကျိုးသည် ပင် ကံကောင်း ။ ဓာတ်မှန် သွား ရိုက်ရ ၊ ပလတ်စတာ ကပ်ရ ၊ ဆေး ထိုးရ နှင့် ။ သားတွေ အိမ် မှာ လည်း မနေရတော့ချေ ။ ဆေး ရုံမှ အိပ်ရာ ပေါ် အချိန် ကုန်သည် တည်း ။ သို့သော် သူ သည် ရန်ကုန် က ကောင်းပေ့ ဆိုသည့် ဆရာဝန်များ နှင့် သိုက်မြိုက်ပေ့ ဆိုသည့် အထူးဆေးရုံ မှာ တက်ရောက် ကုသရသည် မှာ တော့ ကျေနပ်စရာ ပင်တည်း ။ ဖြစ်စ က ဆိုလျှင် နေ့ ၂၀ ကျပ် ၊ ည ၂၅ ကျပ် ပေး ရသော အထူးဆရာမများ က စောင့်ရှောက်သည် ။ အခန်း ထဲ မှာ ဘိလပ်ရည်ပုလင်း ဒါဇင် လိုက် ၊ ဟောလစ် ၊ မိုင်လို ၊ ဘီစကစ် ၊ ထောပတ် က အပြည့်အစုံ ၊ တစ်ပိဿာ တစ်ရာနှစ်ဆယ် တန် စပျစ်သီး နှင့် တစ်လုံး နှစ်ကျပ်ခွဲ တန် ပန်းသီး နှင့် သားများ ၏ မေတ္တာ ကို တစ်လှည့် စားသောက် ရသည် ။

သမီး မလှ က မူ နဂို အေးဆေးသော အမူအရာ နှင့် မအိပ် မနေ အဖေ့ နား မှာ နေလေသည် ။

ဆေးရုံ မှာ ဆယ်ရက် ကျော် လာ လျှင် ဘရွှေရောက် သည် လူမမာ လုပ် ရတာ ပျင်း လာ သည် ။ ထို့ကြောင့် သတင်း မေးသည့် ဧည့်သည် အထူး မျှော် လာသည် ။ သမီးမလှ ကို ရန်ရှာ လာသည် ။

“ မလှ ကိုအေး မလာသေးဘူးလား ”

“ ဪ သူ လည်း သိပ် အလုပ် များတယ် ဖေဖေ ရဲ့ ၊ မနက်စာ ဘယ်တော့ မှ စားရ တာ မဟုတ်ဘူး တဲ့ ၊ မိုး လင်းရင် ကလေး ကျောင်း ပို့ပြီး ရုံး တန်း သွားကာ ညနေ ၅ နာရီခွဲ အစောဆုံး အိမ် ပြန် ရောက်တာတဲ့ ။ ခု အဖေ သက်သာ လာတော့ သူ လည်း နားချင်တာပေါ့ ”

“ အေးလေ ငါ လည်း ဘာ ပြောသေးလို့လဲ ” ဟု သာ ဘရွှေရောက် က ပြောသည် ။

“ သူ့ မိန်းမကလေး က တော့ စကား တော့ တယ် မပြောဘူး ၊ သဘော တော့ မဆိုး ရှာပါဘူး ” ဟု မလှ က ပြောသည် ။

“ အေးဟဲ့ ညနေ လာ လည်း တစ်ခွန်း မှ မထွက်ဘူး ”

သမီးမ လှ က အတန်ကြာ တိတ်ဆိတ် နေပြီးမှ

“ သမီး လည်း အားနာသား အဖေ ရယ် ၊ သူတို့ က အရာရှိကြီး ဆိုပြီး ဟန်သာ ရှိတာ ၊ စုမိ ဆောင်းမိ တာ မဟုတ်ဘူး ၊ တစ်လ တစ်လ လည်း စားတာ နဲ့ ကုန်ရောတဲ့ ”

“ ဟင် ဟုတ်ကဲ့လား ” ဟု ဘရွှေရောက် က အံ့ဩသည် ။

“ ခု ... အဖေ့ ဆေးရုံ စရိတ် လည်း ကိုအေး တို့ လင်မယား က အကုန် စိုက်ရှာတာတဲ့ ၊ ကောင်မလေး စိန်နားကပ် တို့ ၊ ရွှေလက်ကောက် တို့ ပေါင်ပေးတာ နဲ့ တူတယ် ၊ တစ် နေ့ တစ် မျိုး ပျောက်ပျောက် သွားတာ ကျွန်မ တွေ့တယ် ”

ဘရွှေရောက် သည် ဘာမှ မပြောဘဲ နေသည် ။ အဘိုးအို သည် ကျေနပ်ခြင်း နှင့် ဝမ်းနည်းခြင်း ရောကာ ရုတ်တရက် အိပ် မပျော်ချေ ။

“ သူတို့ သားသမီးလေးတွေ့ ရဲ့ ကျောင်းစရိတ် က မနည်းဘူး ငါ သိတာပေါ့ ၊ သူတို့ နှစ်ယောက် ကျောင်း ထားရတာ တောင် ငါ့ မှာ စိန်ရွှေ ရှိသမျှလေး ကုန်ပါရောလား ကိုအေး ဖြုန်းတတ်တာ မှန်ပါရဲ့  ၊ ဪ ငါ့ မှာ အရင်လို ချမ်းချမ်းသာသာ ဆို ရင်တော့ တာဝန်ယူ နိုင်ပါရဲ့ ”

ထို ညနေ ကိုအေး တို့ မလာချေ ။ သားကြီး ကိုထွေး တို့ လင်မယား သာ ဝတ္တရား မပျက် လာသည် ။ နုနု က ခြေဆုပ်လက်နယ် ပြုဆဲ ၊ ကိုထွေး က နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေး များ ရိတ်ပေး စ ပြုလေ၏ ။

“ ဟာ အဖေ က အတော် နု သေးတာပဲ ၊ မုတ်ဆိတ်မွေး တွေ ဘာ တွေ ပြောင် သွားတော့ ဟော မိန်းမ တောင် ယူချင် ယူနိုင်ပြီဗျ ” ဟု ဆိုသည် ။

“ ဘဘကြီး ဘာ စားချင်လဲ ၊ မြူရွက်သုပ် ကောင်းရဲ့လား ၊ တစ်မြို့လုံး လိုက်ရှာ ဝယ် ရတယ် ” ဟု နူးနူး က ပြောသည် ။

“ ဘဘကြီး နေကောင်းလား ” ဟု နုနု ၏ ကလေး က မေး သည် ။ ဘရွှေရောက် အားရှိ လာ ဆဲ ၊ သမီး မလှ က နှုတ်ဆိတ်စွာ ပင် ထမင်းချိုင့်များ ထုတ် ၍ ပြင်ဆင်လေသည် ။

“ ကိုအေး နဲ့ မင်း တွေ့သေးလား ... ကိုထွေး ”

“ တွေ့ တယ် အဖေ ... သူတို့ ဒီ ညနေ မလာတော့ဘူး လို့ မှာ လိုက်တယ် ”

“ ဘာဖြစ်လို့တဲ့လဲ ”

“ အာ ကိစ္စ ရှိလို့ ထင်ပါရဲ့ ”

“ ဘာကိစ္စတုံး ”

“ အဖေ က လည်း ” ဟု မလှ က ဝင်ပြောဆဲ ...။

ကိုထွေး က

“ အာ ဘိုင်စကုပ် သွားမလို့ ဆိုလား ” ဟု အနည်းငယ် ရယ် လေ၏ ။

“ မစ္စစ်အေး က ဘိုင်စကုပ် သိပ်ကြည့်တာ ” ဟု နုနု က ပြောသည် ။

“ ဘယ်သူ ရယ် ” ဟု အဘိုး က နားမလည်သည် ကို

“ ဪ ကိုအေး မိန်းမ ကို ပြောတာ အဖေရဲ့ ” ဟု မလှက ပြောရ ပြန်သည် ။

ကိုကို သည် စကား ဧည့်ခံ ပြုသည် ။

“ ဘဘကြီး စားနော် ၊ နုနု ကိုယ်တိုင် ချက်ထားတာ ၊ ဩော် ငှက်ပျောသီး တောင် မေ့လာပြီ ၊ အိမ် မှာ အလုပ်တွေ က လည်း ပွ နေတာပဲ ၊ ညနေ ကို ဆေးရုံ နောက်မကျအောင် ကမန်းကတန်း ချည်း လုပ်ရတယ် ၊ ကား က လည်း ဓာတ်ဆီ ခဏခဏ ကုန်လို့ ထည့်ရတာ က တစ်မျိုး ၊ ကား အကြီး လဲ ထားတာ မကြာသေးဘူး ၊ ဒီကားကြီး က ဓာတ်ဆီ ပို ကုန် ၊ ဒရိုင်ဘာ က လည်း ခိုးချင်တယ် ။ ကားကြီး လည်း လဲ လိုက်တော့ ငွေ နောက် က လိုက် ရတာ ကြွေး ကို နှစ်ထောင် ကျော် တင် နေပြီ ၊ တော်တော် ကျပ် သွားတယ် ၊ ဒါကြောင့် ဘဘကြီး တို့ လာတုန်း အားရအောင် မပြုစုဘူး ၊ နို့မဟုတ် ရင် နု တို့ က သိပ်ဒ္ဓါတရား ကောင်းတာ ၊ တကယ် ပြောတာပါ ”

နုနု တို့ ပြန် သွား သွားချင်း မှာ မလှ က ပြောသည် မှာ

“ သူ့ ကိုယ်ပေါ် က စိန် တစ်ဆင်စာ က တော်တော် အဖိုးတန်မှာ ”

နောက် တစ်နေ့ မိုး လင်း လျှင်တော့ ကိုအေး ရောက်လာသည် ။

“ ဟာ ည က ဘိုင်စကုပ် သွား ကြည့်တယ် အဖေ ရဲ့ ၊ ဒီ ညနေ လည်း လာနိုင်မှာ မဟုတ်ဘူး ၊ ဒါကြောင့် ခု ထ လာတာ ”

“ ရုံး အလုပ် များ သလား ”

“ ဒီနေ့ တနင်္ဂနွေနေ့ ပဲ ၊ ရုံး မသွားရဘူးလေ ”

“ ဘာဖြစ်လို့လဲ ကွ ၊ ဒါဖြင့်ရင် ... ”

ကိုအေး က ရယ်မော ၍ နေသည် ။ ဘရွှေရောက် က ရယ်မောခြင်း အကြောင်းအရင်း ကို စဉ်းစားလို့ မရနိုင် ။ ဖအေ ကို ဂရု မစိုက်ချင် လေသလား ဟု သံသယ ပွားဆဲ ။ မလှ က ဘယ်သူ့ မှ မကြေည့်ဘဲ

“ မြင်း ... မြင်း ” ဟု ပြောလေ၏ ။

“ ဘာ မြင်းလဲ ” ဟု ထပ် မေး လျှင် တော့

“ အဖေ့ သား က မြင်းလောင်းတယ် အဖေ ရဲ့ ၊ နားလည်ပလား ”

“ ဟာဗျာ ... သိပ် မဟုတ်ပါဘူး ... မလှ က လည်း နာမည် ဖျက် တော့မယ် ၊ ဒီ ညနေ ဘုရားကိုးဆူ သွားစရာ ရှိလို့ပါ ” ဟု ကိုအေး က ကန့်ကွက်ဆဲ ၊ ဘရွှေရောက် သည် သူ့ စိတ် ထဲ တစ်ချိန်လုံး ရှိသည့် ကိစ္စ ကို မေးသည် ။

“ ဟဲ့ ကိုထွေး ဟာ တစ်လ တစ်လ လည်း တစ်ထောင်ကျော် ရလျက်သား နဲ့ အကြွေး တင် နေတယ် ဆို ”

ကိုအေး မလှ ကို မေးမြန်း သလို ကြည့်ပြီး မှာ

“ တယ် ဒီကောင် ဘာတွေ လျှောက် ပြောနေတာလဲ ၊ ဟုတ်မယ် မထင်ပါဘူး ”

“ ဟုတ်တယ်တဲ့ နှစ်ထောင်ကျော် ဆိုလား ”

“ ဪ မဟုတ်ပါဘူး ၊ ကားသေး က နေ ကားကြီး လဲ တော့ စုထား သမျှလေး ကုန် သွားတာ ထင်ပါရဲ့ ၊ ပြီးတော့ ကား အာမခံ တစ်ထောင် နီးပါး လောက် မပေးရသေးဘူး ၊ အဲဒါ ပြောတာ ၊ အောင်မယ်လေး ဗျာ ... တစ်ထောင် လောက် တော့ ကျွန်တော်တို့ အကြွေး မခေါ် ပေါင် ၊ ကျွန်တော် တို့ မှာ အကြွေး လေးငါးထောင် လောက်ကတော့ ဘယ်တော့ မှ မပြတ်ဘူး ၊ ဒါမှ ခေတ်မီတယ် ခေါ်တယ် ၊ တစ်လ တစ်လ ဘဏ်တိုးပေး နေရတာ နဲ့ ကုန်တာ က လည်း များသား ။ ကဲ ... ဒါတွေ အသာ ထားပါဦး ၊ အဖေ အခု လမ်းလျှောက် နိုင်ပြီ ”

ဘရွှေရောက် သည် နောက်ထပ် နှစ်ပတ် ခန့် ဆေးရုံ မှာ ဆက် နေရသည် ။ သူ သည် သမီးမလှ နှင့် ယခင်လို  စကား တပြောပြော မနေတော့ဘဲ အိပ်ပျော် နေ သလိုသာ နေတာ များ သည် ။

“ ကိုအေး ဘာလို့ မလာသလဲ ၊ ကိုထွေး ငါ့ ကို ခေါင်းရိတ် ပေးစမ်း ” ဆိုတာမျိုး လည်း သိပ် မပြောတော့ချေ ။ သို့သော် ကိုအေး တို့ လင်မယား သည် ညနေ ကို မလာ တစ်ချက် လာ တစ်ချက် ရှိသည် ။ အဖိုးတန် စားစရာများ တော့ အလျှံ့ပယ် ပို့သည် ။ ဒီည ထမင်းစားပွဲ သွား စရာ ရှိသည် ။ ဒီ ည ရုံး မှာ ၉ နာရီ အထိ လုပ်ရမည် စသည်တို့ကို လည်း သတင်းပို့ လွှတ် သည် ။ လာသည့် အထိ လည်း လင်မယား နှစ်ယောက် စကား သိပ်မပြောဘဲ ဝတ္ထု ၊ မဂ္ဂဇင်း ထိုင် ဖတ် နေကြတာ များလေသည် ။ ကလေးငါးယောက် ခေါ်လာသည့် အခါ ကလေး တို့ သည် ဆေးရုံ မှာ ခုန်ပေါက်ဆူညံ လွန်း၍ စောစော ပြန် သွားရ ပြန်သည် ။ ကိုအေး တို့ လင်မယား အင်မတန် ကျေနပ် ချစ်ခင်ကြသည် လို့ လည်း ထင်ရသည် ။ ဒါကိုပင် ဘရွှေရောက် ဝမ်းသာရသည် အမှန် ။ ကိုထွေး တို့ လင်မယား က မူ ညနေ ခေါင်းလောင်း မတီးခင် လာ ကြ သည် ။ ခေါင်းလောင်း တီးပြီး အကြာကြီး နေမှ ပြန် ကြသည် ။ ရယ်မောစရာ ပြော ကြသည် ။ နင်းနှိပ် ပေးသည် ။ ရေဖတ် တိုက်ပေးသည် ။ ယပ်ခပ် ပေးသည် ။ အဝတ်ညစ်များ ကို ယူ သွား သည် ။ ဖွပ်လျှော် ပြီး အဝတ် ကို ယူ လာသည် ။ သမီးကလေး က လည်း ဘယ်တော့မှ မပေညစ် သော ဂါဝန်လေးကားကား နှင့် ရွရွကလေး ထိုင်ကာ တွတ်တီး    တွတ်တာ ပြော နေသည် ။ ဘာမှ အနှောင့်အယှက် မပေး ။ သူတို့ လင်မယား သည် ငွေရေးကြေးရေး တွက်ချက် တတ်ကြသည် ။ မယိုမဖိတ် နေကြသည် ။ တွဲမိသူများ ပင် တည်း ။

ကောင်းစွာ လမ်းလျှောက် နိုင်သည် ၌ ဘရွှေရောက် သည် ဘယ် သား ၏ အိမ် မှ မဝင် တော့ ဘဲ ရွာ သို့ တန်း ၍ ပြန်လေသည် ။ မလှ က လည်း ကျေနပ်သည် ။ ဘုန်းကြီးကျောင်း မှာ သူ ပျက်ခဲ့သော ဝတ် ပြန်၍ ပြုဦးမည် ။ ဘူတာရုံ သို့ ကားဖြူကလေး တစ်စင်း ၊ ကားပြာကြီး တစ်စင်း နှင့် ဆိုက်ဆိုက်မြိုက်မြိုက် လာသည် ။

ရထားတွဲ ပေါ် ၌ ကိုထွေး တို့ လင်မယားသည် ဘရွှေရောက် ကို ထိုနေ့ အဖို့ ဒုတိယအကြိမ် ကန်တော့ ကြ ပြန်သည် ။ တစ်ဦးတည်း သော သမီးလေး က ကန်တော့ ပြီး သော်

“ ဘိုးဘိုး စပါး ပေါ်ပြီ ဆို သမီး ကို ရွှေဘယက်လေး လုပ်ပေးပါလား ” ဟု ပူဆာသည် ။

“ အေး ... အေး ...ဘိုးဘိုး ပိုက်ဆံ စုထားလိုက်မယ် ” ဟု ပြောသည် ။ နုနု က

“ ကြည့်စမ်း ... ဒီ ကောင်မလေး ဟာ သိပ် တတ်တာပဲ ၊ မသင်ရဘူး ” ဟု ဆိုသည် ။

ကိုအေး က မူ
“ အိမ် မှာ ကန်တော့ ပြီးပြီနော် အဖေ ၊ ဒီမှာ လူတွေ နဲ့ ဗျ ၊ ရှက်တယ် ” ဟု အားနာပါးနာ လေသံ နှင့် ပြောလေ၏ ။ ကလေး ငါးယောက် က
“ တာ့တာ တာ့တာ ” ဟု ဝိုင်း ဆို ကြသည် ။ မစ္စက်အေး က မူ စာအုပ်ဆိုင် ၌ ပိုက်ဆံ ပေး ပြီး မယူခဲ့ဘဲ မေ့ကျန်ရစ်သော မဂ္ဂဇင်းစာအုပ် ကို ပြန် ယူ နေသည် မို့ သည် ကိစ္စများ ၌ မပါဝင် လိုက်ရချေ ။

ရထား ရန်ကုန် ကို လွန် လျှင် ဘရွှေရောက် သည် ကြာရှည် မအောင့်နိုင်တော့ ဘဲ ငိုက် မျဉ်းစ ပြုကာ မလှ ကို ပြောသည် မှာ

“ ကိုအေးတို့ ၊ ကိုထွေး တို့ တတ်နိုင်သမျှ ပြုစုကြတာ ကျေးဇူးလည်း တင်ပါရဲ့ကွယ် ၊ ဒါပေမဲ့ တစ်ခါလောက် များ ကိုအေး က ငါ့ ခေါင်း ကို ရိတ်ပေး ရင် ကိုထွေး က ငါ့ ဆေးရုံ စရိတ် ထဲ ငါးရာ လောက် ပစ်စလက်ခတ် ထည့် လိုက်ရင် ငါ သေပျော်ပါပြီကွယ် ”

◾ကြည်အေး

📖 ရှုမဝ မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၁၉၆၄

.

No comments:

Post a Comment