Tuesday, January 21, 2025

ဪ ကြုံရပုံများ မှုန်တဝါး


 

❝ ဪ ကြုံရပုံများ မှုန်တဝါး ❞
        ( မောင်သာရ )

[ ၁ ]

အမိန့်တော် ။  ။ မင်း ၏ ဘဏ္ဍာတိုက် မှ ဥစ္စာ တို့ သည် ပျောက်ဆုံး ကုန်ပြီ ။ အချင်း မြို့ဝန် ၊ ခိုးသူ တို့ ကို ဖမ်းလော့ ။ သင့် ၌ အစွမ်း မရှိချေက သင့် အား မုချ စီရင်ရမည်သာတည်း ။

မြို့ဝန် လည်း ပြင်းစွာ ပူပန်သည် ဖြစ်၍ တပ်ရေး တပ်မှူး တို့ အား ရုတ်ခြည်းပင် ဆင့်ဆို၏ ။

တပ်ရေး ၊ တပ်မှူးတို့ ၊ မင်း ၏ ဘဏ္ဍာတိုက် မှ ဥစ္စာ တို့ သည် ပျောက်ဆုံး ကုန်ပြီ ။ အချင်းတို့ ၊ သူခိုး အား ဖမ်းကြလော့ ။ မဖမ်းနိုင် ရှိချေက သင်တို့ အား မုချ စီရင်ရမည်သာတည်း ။

တပ်ရေး တပ်မှူးတို့ လည်း ပြင်းစွာ ပူပန်သည် ဖြစ်၍ ရဲချင်းတပ်သား တို့ အား ရုတ်ခြည်းပင် ဆင့်ဆို၏ ။

အချင်းတို့ ၊ မင်း ၏ ဘဏ္ဍာတိုက် မှ ဥစ္စာတို့ သည် ပျောက်ဆုံးကုန်ပြီ ။ ခိုးသူ တို့ အား ဖမ်းကြလော့ ။ မဖမ်းနိုင်ချေ က သင်တို့ အား မုချ စီရင်ရမည်သာတည်း ။

မင်း ၏ အမိန့် ကြောင့် မြို့ဝန် သည် လည်းကောင်း ၊ မြို့ဝန် ၏ အမိန့် ကြောင့် မြို့စောင့် တပ်ရေးတပ်မှူးတို့ သည် လည်းကောင်း ၊ တပ်ရေး တပ်မှူး တို့ ၏ အမိန့် ကြောင့် ရဲချင်းတပ် သား တို့ သည် လည်းကောင်း ၊ မြို့ ကို ခြေရာချင်း ထပ်မျှ လှည့်ပတ်၍ ခိုးသူ အား ရှာဖွေကြကုန်သည် ။ ခိုးသူ ကား မည်သူနည်း ။

••••• ••••• •••••

တပါးသော တိုင်းပြည် မှ ဗလရာဇိန မည်သော ကုန်သည် တဦး သည် မြို့ပြင် ဇရပ်ဆောင် ၌ ပင်ပန်းနွမ်းနယ်စွာ လျောင်းစက်၍ နေ၏ ။ ဗလရာဇိန သည် မိမိ တိုင်းပြည် မှ မြင်းများ ကို ယူဆောင်ခဲ့၍ ၊ အခြားသော တိုင်းပြည် တပြည် ၌ ရောင်းချခဲ့ရာ မှ အပြန် တွင် ပါလာသမျှ ပစ္စည်းဥစ္စာ တို့ကို ခိုးစားဓားပြတို့ လုယက် တိုက်ခိုက်ကြ သောကြောင့် ကိုယ်လွှတ် ထွက်ပြေး လာရသဖြင့် မဟာဒုက္ခ ရောက်နေရ၏ ။

မင်းချင်းတို့ လည်း ဗလရာဇိန ကို မြင်သော် ဤ သူ ကား ခိုးသူ ပေတည်း ဟူ၍ ပညတ်ကာ ခြေလက် တို့ ကို သံကြိုး ဖြင့် ချည်နှောင်၍ အကျဉ်းထောင် သို့ သယ်ဆောင်ကြကုန်၏ ။

••••• ••••• •••••

ပပကလျာ သည် ပြတင်းတော် အဝ မှ နေ၍ လမ်းမတော် တွင် တရွရွ လှုပ်ရှား သွားလာ နေကြသော လူတို့ ကို အကြောင်းမဲ့ ငေးမောလျက် နေ၏ ။ ထိုအခိုက် ဗလရာဇိန အား မင်းချင်း တို့ ချုပ်နှောင်လာသည် ကို မြင်သော် သူ ၏ စက္ခု အစုံ သည် တမုဟုတ်ချင်း ပင် ကျယ်ဝန်း၍ လာကာ ရင် မှာ လည်း တုန်လှာ၏ ။

“ မြတ်စွာဘုရား ၊ တည်ကြည်သော မျက်နှာ နှင့် မှ မလျော်ကန် ။ ကြမ်းတမ်းလှသော သံကြိုးတို့ဖြင့် ခိုးသူ ပမာ အဖမ်း ခံလာရသူကား မည်သူနည်း ။ ကြင်နာဘွယ် ရှိစွ တကား ”

“ အကြင်သူ သည် နတ်တမျှ လှပသည် လည်း မှန်၏ ။ ဘဇာကြောင့် ဖမ်းကြကုန် သနည်း ”

“ ရံရွေတော်တို့ ၊ မြို့ဝန် ထံ သို့ အမြန် သွားကြလော့ ။ ရောက်သော် ငါ ၏ အမည် ကို ပြောကာ အကျဉ်းသား နှင့် တကွ ကြွပါလှည့် ဟု ဖိတ်ခဲ့ကြလော့ ”

••••• ••••• •••••

ပပကလျာ ဟု ဆိုသည်နှင့် တပြိုင်နက် မြို့ဝန် သည် ပပကလျာ ၏ စံရိပ်သာ သို့ အပြေး ဝင် လေ၏ ။ အကျဉ်းသား မူကား မြို့ဝန် ၏ နောက်ပါး မှ မျက်နှာ ကို ငုံ့ ၍ ဖြည်းညှင်းစွာ လိုက်ပါ လာ၏ ။

မြို့ဝန် လည်း ရောက်သည် နှင့် တပြိုင်နက် မြှော်လင့်စွာ ဖြင့် “ အိုဘယ့် ပပကလျာငယ် ၊ ဘဇာ အကြောင်းကြောင့် ကျွန်ုပ် အား အခါမဟုတ် ဖိတ်ကြားသနည်း ။ အကျွန်ုပ် သည်
ဘဝရှင်မင်းတရား ၏ အမှုတော် ကို ထမ်းဆောင် နေခိုက် ဖြစ်၍ ခွင့်ပြုပါဦးလေ ” ဟု ဆို၏ ။

ထိုအခါ ဗလရာဇိန သည် ညွတ်သော ခေါင်း ကို ပြန်၍ မတ် ကာ “ အမိငယ် ၊ အသင် ကား ပသူနည်း ။ ဘဇာကြောင့် ကျွန်ုပ် အား သရော်လေသနည်း ။ အကြောင်းမဲ့ အဖမ်းခံရသော ကျွန်ုပ် အား သရော်ရသည့် အတွက် အသင့် ၌ ပျော်ရသလော ” ဟု ရုတ်ခြည်းပင် ဆို လေ၏ ။

ထို စကား ကို ကြားသော် ပပကလျာ သည် နှလုံး မသာယာသည် ဖြစ်၍ “ အို ခရီးသည် ၊ ဘဇာကြောင့် ယင်းသို့ ပြောရသနည်း ။ ကျွန်မ သည် သရော်သမှု ပြုတတ်သည် မဟုတ်ပါ ၊ ယုံပါ ။ ကျွန်မ ၏ ကိုယ် ထက် ၌ ဆင်ယင်ထား အပ်သော ရတနာများ ကို သင့်အား ပေး၍ သင် ၏ ကိုယ်ထက် မှ သံကြိုး တို့ ကိုပင် ကျွန်မ လဲ၍ ဆင်ယင်ဝံ့ပါ၏ ။ ကျွန်မ ၏ နှလုံးသား ထဲ မှ ပင် သင် ၏ ဒုက္ခ ကို စာနာ သနားမိပါသည် ” ဟူ၍ ဆိုကာ ငိုသည် ။

ပပကလျာ ၏ မျက်ရည်တို့ သည် ဗလရာဇိန ၏ ဂုဏ်သိရ် ယုတ်လျော့မှု နှင့် ရှက်သော စိတ်တို့ ကို ဆေးကြော သုတ်သင်ကြ သတည်း ။

ထို့နောက် ပပကလျာ သည် “ ကျမ တွင် ရှိသမျှ ပစ္စည်းတို့ ကို ယူ၍ ဤ သူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးပါလော့ မြို့ဝန် ” ဟု ဆိုပြန်၏ ။ “ အို ပပကလျာ ၊ သင် ၏ ဆန္ဒ ကို ဤအကြိမ် ၌ ကျွန်ုပ် မလိုက်လျောနိုင်ပြီ ။ ဤ သူ ကို လွတ်ငြိမ်းချမ်းသာမှု ပြုရန် ကား မည်သည့် နည်း နှင့် မျှ မဖြစ်နိုင်ချေ ။ မင်း ၏ ဘဏ္ဍာတိုက် မှ ဥစ္စာတို့ သည် ပျောက်ဆုံး ခဲ့၏ ။ တစုံတယောက် သော သူ ၏ အသက် ကို မျှ မဆက်သ နိုင်လျှင် ကျွန်ုပ် ၌ သေဘွယ်ရာ သာ ရှိတော့သည် ” ဟု မြို့ဝန် က ပြန်၍ ဖြေသည် ။

သို့သော် ပပကလျာ ကား စိတ် မလျော့ချေ ။ “ အို မြို့ဝန် ၊ သို့တပြီးကား ဤအကျဉ်းသား ၏ အသက် ကို နှစ်ညတာ မျှ ချမ်းသာခွင့် ပေးထားပါဦးလော့ ” ဟူ၍ တောင်းပန် ပြန်၏ ။ ဤအခါမူ မြို့ဝန် က လည်း “ ဤသို့ ဆိုသော် ကျွန်ုပ် နာခံအံ့ ” ဟု ဖြေကြားလိုက်လျောသည် ။

••••• ••••• •••••

ဒုတိယ ညဉ့် သို့ ရောက်သော အခါ ဗလရာဇိန အား အကျဉ်းချထားရာ အရပ် သို့ မိန်းမငယ် တဦး သည် မီးတိုင် ကို ကိုင် ၍ ရောက်လာ၏ ။ အကျဉ်းတံခါး တို့သည် မည်သို့သောနည်း ဖြင့် ပွင့်ကြသနည်း မသိနိုင်ချေ ။

ဗလရာဇိန လည်း ထို မိန်းမငယ် ကို မြင်သော် အံ့အားသင့်၍ အ သောသူ ပမာ ဖြစ်ရသည် ။ သူ့ အဖို့၌ ယင်း ကာလ သည် မရဏာသနူမင်း သို့ အသက်အပ်နှင်းရမည့် မိုးသောက် အရုဏ် ကို စောင့်လင့်ခိုက်တည်း ။

မကြာမီပင် ထို မိန်းမငယ် ၏ အသွင်အပြင် အမူအရာ တို့ကို နားလည်သော အားဖြင့် အစောင့်တို့ လည်း သူ့ ၌ ချည်နှောင် ထားသော ကြိုးတို့ ကို ဖြေကြကုန်သည် ။ ဗလရာဇိန သည် မြွေအညှို့ ခံရသူ ပမာ မိန်းမငယ် ၏ မျက်နှာ ကို ငေးမော၍ နေမိသတတ် ။

ထို့နောက်သော် အကျဉ်းသား သည် ပြန်လည် သတိရ လာကာ “ ကျွန်ုပ် ၏ အခန်း ထဲ သို့ ဝင်လာသော သူ ကား မည်သူနည်း ။ ကျွန်ုပ် အဖို့ သင် ဝင်ရောက်လာခြင်း သည် ချမ်းမြေ့ဘွယ် ရှိစွတကား ။ သေငယ်ဇော နှင့် မြောနေသူ ၏ ထံ သို့ ပြန် ရောက်လာသော ဝိညာဉ် ပမာ တကား ။ အနှောင်အဖွဲ့ မှ လွတ်မြောက်ခြင်း လည်း မည်သည် တကား ။ ရက်စက်မှု မုန်တိုင်း ထန်ပြင်းလှသော မြို့ရွာတရွာ သို့ ကြင်နာ သနားတတ်သည့် နတ်သမီး တပါး ရောက်လာသည် နှင့်လည်း တူစွတကား ” ဟု ဆိုသည် ။

ထိုအခါ မိန်းမငယ် လည်း “ ကျွန်မ ကား သနားကြင်နာတတ်သူပေလော ” ဟု ဖာသာ ပြောဆိုကာ ကျယ်စွာ ရယ်သည် ။ ထို ရယ်သော အသံကြောင့် အကျဉ်းထောင် တခွင်လုံး သည် လန့်၍ နိုးလေ၏ ။ ကျောက်နံရံများ သည် ပဲ့တင်ထပ်ကြ ကုန်၏ ။ သို့သော် မကြာမီ မှာ ပင် ထို ပြင်းထန်လှသော ရယ်သံသည် မျက်ရည်များ အကြား ၌ ပျောက်ကွယ် ကုန်၏ ။

မိန်းမငယ် သည် ငိုလျက် နှင့်ပင် “ လမ်းမ ၌ ခင်းအပ်သော ကျောက်တုံးကျောက်ခဲ တို့သည် ကျွန်မ ၏ နှလုံးသားမျှ ပင် ခိုင်မာခြင်း မရှိတကား ” ဟု ပြောဆို၍ ဗလရာဇိန အား အကျဉ်းထောင် မှ ထုတ်ဆောင်သွား သတည်း ။

••••• ••••• •••••

အရှေ့ ပြုဗ္ဗာ တောအုပ် ကို ကျော်၍ အရုဏ် ရောင်ခြည်ဦး သည် ယမုနာ သောင်ကမ်းခြေ သို့ ဖြာကျလျက် ။ လှေငယ် တစင်း သည် ကမ်းပါး တွင် ချည်နှောင်လျက်သား ရှိနေ၏ ။ မိန်းမငယ် သည် လှေဝန်း ထက် တွင် ရပ်ကာ “ လာလှည့် ဘဝသခင် ၊ သခင် နှင့် တလှေ ထဲ စီး တခရီး ထဲ သွားရန် အလို့ငှာ ကျွန်မ စောင့်လင့် နေပါပြီ ။ ကျွန်မ ၌ ရှိသော အနှောင်အဖွဲ့ ဟူသရွေ့ ကို လည်း ပြတ်ခဲ့ပါပြီ ” ဟု ဗလရာဇိန အား ဖိတ်ကြားလျက် ရှိသည် ။ ထို့နောက် တူနှစ်ကိုယ် သည် ကြိုး တို့ ကို ဖြေ၍ ရေယာဉ် ကြောဝယ် လှေငယ် နှင့် မျှောကြလေသည် ။

ဗလရာဇိန သည် ပပကလျာ ကို ရင်ဝယ် ပွေ့၍ ၊ “ ကျွန်ုပ်အား ပြောပြပါလော့ ၊ သင်သည် မည်သို့သော နည်းဖြင့် ကျွန်ုပ် ၏ လွတ်ငြိမ်းချမ်းသာမှု ကို ပြုခဲ့သနည်း ။ ဥစ္စာ မည်ရွေ့မည်မျှ ပံ့ခဲ့ရသနည်း ။ အို မိန်းမငယ် ၊ သင် ၏ ကရုဏာကြွေး ကို ကျွန်ုပ် မည်သို့ ပေးဆပ်ရပါအံ့နည်း ” ဟု မျက်နှာ ကို မော့်စေကာ သာယာစွာ မေးသော်လည်း ပပကလျာ သည် ပြောရန် ငြင်းဆန်ခဲ့ချေသည် ။

လှေငယ် သည် ရေစုန်ဝယ် တဟုန်တည်း ပြေးလျက် ရှိ၏ ။ ဗလရာဇိန လည်း အတန် ကြာသော အခါ၌ “ အိုဘယ့် မိန်းမငယ် ၊ သင် သည် ကျွန်ုပ် အား သံယောဇဉ် နှောင်ကြိုးတို့ ဖြင့် ရစ်ပတ် နေချေပြီ တကား ” ဟု ဆိုပြန်၏ ။ တဆက်တည်း ပင် “ ကျွန်ုပ် အား ပြောပါလော့ ၊ သင် သည် ဤမျှ အန္တရာယ် များလှသော အမှု ကို မည်သည့်နည်း နှင့် ပြုမူဆောင်ရွက်နိုင်ခဲ့ သနည်း ၊ ကြေးငွေ မည်မျှ ပံ့ခဲ့ရသနည်း ” ဟူ၍ ဒုတိယမြောက် မေးပြန်သည် ။ သို့သော် ပပကလျာ ကား ရှေးနည်း တူစွာပင် ငြင်းဆန်ခဲ့ပြန် သတည်း ။

••••• ••••• •••••

နေဝင်ချေပြီ ။ လှေငယ် လည်း တဖက်သော ကမ်းခြေ သို့ ဆိုက်ပြီ ။

ပပကလျာ သည် ဗလရာဇိန ၏ ရင်ခွင်ဝယ် ခိုတွယ် နေနားလျက် “ သခင် ၊ သခင့် အတွက် ဆောင်ရွက် ခဲ့ရသော အမှုသည် အမှန်ပင် ခက်ခဲလှဘိသည် ။ ထို့ထက် ခက်ခဲသည့် အရာကား သခင့် အား ဖွင့်ဆို ပြောပြရန်ပင်တည်း ၊ အို ... သခင် မောင်မောင် ဘုရား ၊ ကျွန်မ ပြောပါတော့အံ့ ၊ သခင့် အား ကျွန်မ ၏ နှလုံးသားတို့ သည် လှည့်ဖြား၍ မရနိုင်ပါ ၊ သို့သော် သခင် ကြားရပြီးသည် နှင့် တပြိုင်နက် သခင် ၏ စိတ် မှ ဖျောက်ဖျက် ပစ်ပါလော့ ” ဟု လေသံမျှ ဖြင့် ဗလရာဇိန  ၏ တတိယမြောက် အမေး ကို ဖြေကြားလှာ၏ ။

“ အခါတပါး၌ ဥတ္တိယ မည်သော ၊ သိမ်မွေ့သော ၊ ငယ်ရွယ်သော လုလင် တဦး သည် ကျွန်မ အား သေမတတ် စွဲလမ်း ခုံမင်ခဲ့ ဘူးပါသည် ။ ဥတ္တိယ သည် ကျွန်မ ထံ မှ မေတ္တာ ကို အတန်တန် ပန်ကြား နေခဲ့သည် မှာ လည်း ကြာပါပြီ ။ သခင့် အား မဟုတ်မတရား ချုပ်နှောင် ကြသည် ကို မြင်ရသောအခါ သခင် ၏ လွတ်မြောက်မှု အတွက် ဥတ္တိယ အား ကျွန်မ သွား၍ မြင်မိပါသည် ။ သူ ၏ ကတိ အလျောက် သူ့ အား ခိုးသူ အဖြစ် ရဲချင်း တို့ ထံ ဝန်ခံစေခဲ့ပါသည် ။ ဤကား ကျွန်မ ၏ ဘဝ တွင် အမိုက်ဆုံးသော အမှု ဒုစရိုက် ဖြစ်ပါသည် ။ သို့တစေလည်း သခင့် အတွက် ကျူးလွန်ရသည် ဖြစ်၍ ကျွန်မ ဂုဏ်ယူ ဝမ်းမြောက်မိပါ၏ ၊ ခွင့်လွှတ်ပါလော့ မောင်မောင် ”

••••• ••••• •••••

ဗလရာဇိန လည်း ပပကလျာ အား စိမ်းစိမ်း ကြည့်ကာ “ ကျွန်ုပ် ဘဝ အတွက် အသင့် အား မလိုတော့ပြီ ။ သင် သည် ကျွန်ုပ် ဘဝ အား မကောင်းမှု ဖြင့် ဝယ်ယူခဲ့ချေပြီ တကား ။ အဘယ် မိန်းမယု,တ် ၊ နှလုံးသွေး တို့ ခုန်သည် နှင့် အမျှ ကျွန်ုပ် လည်း ယုတ်မာရချေပြီတကား ။ အပါး မှ ဖယ်လော့ ။ သင် သည် သွားလို ရာ သွားနိုင်ပြီ ။ သင် ၏ လမ်း သည် ကျွန်ုပ် ၏ လမ်း နှင့် ဆန့်ကျင်စွ တကား ။ ဖယ်လော့ ” ဟု ဆို၍ တယောက်တည်း ခရီး နှင်လေ၏ ။ ပပကလျာ အတန်တန် တားသည် ကို မှ လှည့် မကြည့်မူ၍ နှင်တုံ၏ ။

••••• ••••• •••••

ပပကလျာ ကား ခေါင်း ကို ငုံ့၍ ငိုလေသည် ။ ဗလရာဇိန ၏ ခြေရာ ကို ကန်တော့ ကာ အဆုံး တွင်မူ ကမ်းပါး သို့ ပြန်၍ လာလေသည် ။ မျက်ရည်တို့ သည် သည်းထန်စွာ ရွာဖြိုးလျက် ၊ ရေပြင် သည် မုန်တိုင်း ထလျက်ရှိ၏ ။

[ ၂ ]

ဇာတ်ပေါင်းသော် ထိုအခါ ဗလရာဇိန သည် ယခုအခါ ရုပ်ရှင်မင်းသား ကိုမြင့်အောင် ၊ ထိုအခါ ပပကလျာ သည် ယခုအခါ တက္ကသိုလ် သီရိဆောင်သူ ကျွန်မ မစန်းစန်းသင် ၊ ထိုအခါ ဥတ္တိယ သည် ယခုအခါ ကျွန်မ အတွက် နှင့် 3 F ထိ ၍ ကျောင်းထွက် နေရသော ကိုမြင့်ဦး ( မော ) တည်း ။

ဪ ... အိပ်မက် ၊ အိပ်မက် ၊ ဆောင်းအိပ်မက် ၊ ခက်ဘိသည် တကား ။

▢ မောင်သာရ
📚 ပေဖူးလွှာ မဂ္ဂဇင်း
      ၁၉၅၈ ခု ၊ ဖေဖော်ဝါရီလ

No comments:

Post a Comment