Monday, January 20, 2025

ရယ်ရသော အဖေ


 

❝ ရယ်ရသော အဖေ ❞
   ( မောင်အင်း - ဥက္ကံ )

မိဘ ကျေးဇူး ဆိုတာ အနန္တ ပါ ။ အဖေ့ ကျေးဇူး ဆိုတာ လည်း ဘယ်လာ ဆပ်လို့ ကုန်မှာတုံး ။ ဒါကို ကျွန်မ က ရယ်ပွဲ ဖွဲ့တော့ မေးငေါ့သူ လည်း ရှိမှာပေါ့ ။ ဒီနေရာ မှာ မေးငေါ့ ရင်း အဖေ ကို ဘာကြောင့် ရယ်ပွဲ ဖွဲ့ရသလဲ လို့ မေးလာသူ ရှိရင် ကျွန်မ က တော့ ဖြေချင်တယ် ။ တကယ်ပါ ၊ ကျွန်မ အဖေ က ရယ် ကို ရယ်ရတာ လို့ ... ။

•••••   •••••   •••••

ကျွန်မတို့ အိမ် မှာ အဖေ ရယ် ၊ အမေ ရယ် ၊ ကိုကို ရယ် ကျွန်မ ရယ် မိသားစု လေးယောက် သာ ရှိပေမဲ့ ကိုကို နဲ့ အမေ က ပိုပြီး စည်းလုံးပြီး ကျွန်မ နဲ့ အဖေ ကလည်း သီးခြားအသင်းအဖွဲ့လေး တစ်ခု လို စည်းလုံး နေတတ်ပါတယ် ။ ပိုပြီး သိသာတာ “ ဒါမှ ငါ့ သမီး ” ဆိုတဲ့ အဖေ့ အသံ အောအောကြီး ကို ကြားရတိုင်း ကျွန်မ ပျော်သွားတဲ့ အချက်ပဲ ။ ဒါကြောင့် အပြင် ကနေ ပြန်လာတဲ့ အဖေ့ ကို ကျွန်မ ငယ်ငယ်လေး ကတည်း က မျှော်တတ်တယ် ။ အဖေ့ အပြော ကတော့ သူ့ ကို ကြိုရင်း ကျွန်မ ခပ် တိုက်တဲ့ ရေ တစ်ခွက် ဟာ တစ်နေ့တာ ပန်းသမျှ လန်းရတယ်တဲ့ ။

နောက် ... လကုန်ရက်တွေ ဆိုရင် အသောက်အစားလေး နဲ့ အဖေ ပြန်လာတတ်တယ် ။ ဒါဆိုရင် အမေ့ အကြည့်စူးစူး နဲ့ ပူညံပူညံ စကားသံတွေ ကို ကာကွယ်ဖို့ အဖေ က ကျွန်မ ကို ပွေ့ချီရင်း အာရုံပြောင်းတာမျိုး လည်း လုပ်တတ်ပါတယ် ။

“ သမီးလေးရေ အဖေ့ ပါးစပ် က ဘာစော် နံလဲ ”

“ ဘာမှ မနံဘူး ”

“ အေးလေ ဒါကိုများ တချို့က အထင်လွဲ သေးတာ ”

“ ဟုတ်ပ ကွမ်းနံ့ ပဲ ရတာကို ”

စတဲ့ အချေအတင်စကား ကျွန်မတို့ သားအဖ ပါးချင်း ကပ်ပြီး ပြောပြီ ဆိုရင် အမေ့ မျက်နှာဟာ ချက်ချင်းလိုလို ပြုံးပြုံးကြီး ဖြစ်သွား တတ်တယ် ။ ဒါတွေဟာ ကျွန်မ အတွက် မေ့ မရသော ငယ်ဘဝ ရဲ့ အမှတ်ရစရာတွေပေါ့ ။ ဒါပေမဲ့ ကျွန်မ အလယ်တန်း စတင် တက်ရမယ့် နှစ် က အဖြစ်တွေ ကျတော့ ပိုလို့ မှတ်မှတ်ရရ ဖြစ်မိတယ် ။ ဘာကြောင့်လဲ ဆိုတော့ အဖေ နဲ့ ကျွန်မ ကြား မှာ လေစိမ်းတွေ စတင် တိုက်ခတ် သွားတယ် ထင်မိလို့ပါ ။ အဆိုးဆုံး ကတော့ အဖေ ၊ အမေ တို့ နဲ့ အိပ်ရာ ခွဲ အိပ်ရတဲ့ အဖြစ်ပေါ့ ။

ကျွန်မတို့ အိမ် မှာ အိပ်ခန်း သုံးခန်း ရှိတယ် ။ ပထမ မှာ တစ်ခန်း က ကိုကို အိပ် တယ် ။ တစ်ခန်း က ကျွန်မတို့ သားအမိ သားအဖ သုံးယောက် အိပ်တယ် ။ ကျန် တစ်ခန်း ကတော့ ဖေဖေ့ စာဖတ်ခန်းပါ ။ တစ်ရက် မှာ စာဖတ်ခန်း ကို ရှင်းရင်း ခုတင်လေး တစ်လုံးပါ ဖေဖေ ပြင်တော့ ကျွန်မ စပ်စုတာပေါ့ ။

“ သမီး အတွက် အိပ်ခန်း လေ ”

ဖေဖေ့ လေသံ ပျော့ပျော့အေးအေး ဟာ ကျွန် မအတွက် တော့ ရင်ခုန်စရာပါ ။ တစ်ကိုယ်တည်း မအိပ်ဖူးသေးတဲ့ ကျွန်မ အဖို့ တော့ အဲဒီ ည ဟာ မဟာ စွန့်စားခန်း တစ်ခု ကို ကြုံရ သလိုပါပဲ ။ သစ်ရွက်ကြွေသံတွေ ၊ လေတိုက်သံတွေ ၊ ကြွက်တိုးသံတွေ ကြားမှာ ချွေးသံ တရွှဲရွှဲ ကျရင်း တော်တော် နဲ့ ကျွန်မ အိပ် မပျော်ပါဘူး ။ တော်တာက မကြာခဏ ချောင်းသံ ပေးရင်း အိပ်ခန်းဝ မှာ စာထိုင် ဖတ်နေတဲ့ အဖေ့ ကြောင့် ။ “ ဪ ... အခန်းဝ မှာ အဖေ ရှိနေတာပဲ ” ဆိုတဲ့ အသိ အတွေး ထဲမှာ ရှိတော့ ကျွန်မ အိပ်ပျော် မိတော့တာပေါ့ ။

အဲဒီ နောက်ပိုင်း မှာ အဖေ ဟာ အသောက်အစား ကို လုံးဝ စွန့်လွှတ်လိုက်တယ် ။ ဒါပေမဲ့ ကျွန်မ နဲ့ ဖက်လှဲတကင်း တော့ မရှိတော့ဘူး ။ ကျွန်မ ကို ပွေ့ဖက်ခြင်း မပြုတော့ သလို စကား လည်း နည်းသွားတယ် ။ အဖေ နဲ့ ကျွန်မ ကြား သွေးအေးတဲ့ အဖြစ် ကို အမေ့ ကို တော့ ပြော မိတာပေါ့ ။ ဒီလို ပြောရင် “ ညည်း ဖေ က ချစ်ပါ့ အေ ။ တစ်ခါ တစ်ခါများ ဆို ညည်း အိပ် မှ ခိုးနမ်းတာများ ကျုပ် အသိ ” ဆိုတဲ့ စကားမျိုး အမေ့ ထံ က ကြားရ တတ်တယ် ။ ဒါ ဆိုရင်တော့ “ မယုံပါဘူး ” လို့ အမေ့ ကို ပြန်ပြောရင်း ကျွန်မ တစ်ကိုယ်တည်း ပြုံးတော့တာပေါ့ ။

ကျွန်မ အထက်တန်းဆင့် ရောက်တော့ ညဘက်တွေ ပါ ကျူရှင် တက်ရတယ် ။ အကြိုအပို့ တာဝန် ယူတာ ကတော့ အဖေ ပေါ့ ။ ညနေစောင်း အချိန်တွေမှာ ကျူရှင် သွားရင်း အဖေ နဲ့ အတူ လျှောက်ရတာဟာ ပျော်စရာ ပါ ။ ပြီးတော့ ကျောင်းချိန် မဟုတ်တဲ့ အတွက် အပြင် အဝတ်အစား လှလှပပလေး တွေကို ဝတ်စားရတာလည်း ကျွန်မ ကျေနပ်မိတယ် ။ ဒီအခါမျိုး မှာ အပြင်အဝတ် အစား နဲ့ ကြွရွ နေတဲ့ ကျွန်မ ကို ရွယ်တူ ကောင်လေးတွေ က ငေးကြတယ် ။ ဒါကလည်း ရင်ခုန်ချင်စရာပါ ။ ခက်တာ က ကောင်လေးတွေ ငေးခိုက် အဖေ့ မျက်နှာကြီး က သုန်မှုန်နေတဲ့ အချက်ပေါ့ ။ ပထမ ဆို အဖေ့ မျက်နှာထား ကို ကြည့်ပြီး ကျွန်မ ရဲ့ ကျူရှင်ကိစ္စ ဟာ အဖေ့ အတွက် ဝန်ထုပ်ဝန်ပိုး များ ဖြစ်နေသလားလို့ တောင် ထင်မိတယ် ။ ဒါပေမဲ့ မဟုတ်ပါဘူး ။ ဒီအကြောင်း ကို ရှင်းရှင်းလင်းလင်း သိရချင်တော့ တစ်ည မှာ အိပ်ပျော်ရာ ကနေ ကျွန်မ လန့်နိုး သွားတော့ တီးတိုးစကားသံ အချို့ ကြား ရတယ် ။ ကပ်လျက် ရှိတဲ့ အဖေတို့ အိပ်ခန်းဘက် ကပေါ့ ။

“ ဒီနှစ် ပိုလှလာတယ် ”

အဖေ့ အသံ တိုးတိုး ဟာ စိတ်ဝင်စားစရာ ကောင်းပေမဲ့ ပထမ မှာတော့ ဘာကို ဆို မှန်း ကျွန်မ မသိဘူး ။

“ မင်း ငယ်ငယ်က နဲ့ တူတာ ”

အဖေ့ အသံ အဆုံးမှာ  ခွိခနဲ အမေ ရယ်တော့ ကျွန်မ ပိုပြီး စိတ်ဝင်စား သွားတာပေါ့ ။

“ အရမ်းတော့ ခေတ် မဆန်စေနဲ့ကွာ ၊ ကိုယ်လုံး ကိုယ်ပေါက် လည်း ပေါ် ၊ လုံလုံခြုံခြုံလေးလည်း ရှိမယ့် ဟာမျိုး လေး ၊ ငါးစုံ လောက် တော့ ဝယ်ပေးလိုက်ပါ ”

“ အလိုတော် ကိုယ့် ဝင်ငွေ နဲ့ ကိုယ် ချိန်ရသေးတယ် ”

အမေ့ အသံ အဆုံး မှာ  အဖေ ဟာ “ ကျစ် ” တစ်ချက် စုပ်ရင်း ခွန်းတုံ့ ပြန်တယ် ။

“ အရက် နဲ့ ကွမ်း ဖြတ်ပြီး ကတည်း က သီးသန့် စုထား တာလေး ကိုယ့် မှာ ရှိတယ် မနက် ကျရင် ပေးမယ် ။ ကျူရှင် ဆင်းရင် ကောင်လေးတွေ က ဝိုင်းကြည့်ကြလွန်းလို့ ကွာ ဟင်း ... ဟင်း ၊ ဒီကောင်တွေ မျက်စိ ကျွတ်ကျ အောင် လုပ်ပစ်လိုက်ဦးမယ် ”

အဲဒီ ညက ကျွန်မ နိုးတော့ ညဉ့်အတော် နက်နေပြီ ။ ဝန်းကျင်မှာ လေတိုး သံ က လွဲပြီး ဘာသံမှ မကြား ဘူး ။ ခါတိုင်းဆို ခုလို ကျွန်မ နိုးလေ့ မရှိဘူး ။ နိုးခဲ့ရင် လည်း ခဏ ဆို ပြန် အိပ်ပျော် သွားတတ်တာ ။ အဲဒါကို အဖေ နဲ့ အမေ့ ရဲ့ တီးတိုး စကားသံတွေ ကို လည်း ကြား ပြီးရော ကျွန်မ အိပ်လို့ မပျော် တော့ဘူး ။ ပြီးတော့ ကျွန်မ ကို ငေးတတ်တဲ့ ကောင်လေးတွေ ရဲ့ မျက်နှာ ၊ နောက် သုန်သုန်မှုန်မှုန်ကြီး လုပ်ထားတတ်တဲ့ အဖေ့ မျက်နှာ စတာတွေကို တွေးမြင်ရင်း အသံ မထွက် အောင် ရယ်နေမိတယ် ။

ကျွန်မ သိသမျှ အဖေ့ စိတ်ထား အချို့ဟာ ရယ်စရာ ကောင်းသလို တစ်ခါတစ်ရံကျတော့လည်း တွေးလို့ မမီအောင် နက်ရှိုင်းလွန်းတာလည်း ကိုယ်တွေ့ ပါ ။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ကျွန်မ ဖြေပြီး စ,မှာ အဖေ စီစဉ်တဲ့ သင်တန်းတွေ ဟာ မထင်မှတ်ဘဲ ကျွန်မ ကိုယ်၌ က စိတ်ဝင်စားတဲ့ သင်တန်း တွေ ဖြစ်သွားလို့ပါပဲ ။ ဒါဟာ ကျွန်မ ပင်ကိုစိတ် ကို ဘယ်ရွေ့ဘယ်မျှ ကြိုသိနေကြောင်း ပေါ်လွင်စေတဲ့ အချက်ပါပဲ ။

“ အမေ့ အကူအညီ မပါဘဲ မုန့်ဟင်းခါး ချက်ကျွေး နိုင်ရင် ဟန်းဆက် ရမယ် ”

တက္ကသိုလ်ဝင်တန်း နောက်ဆုံးဘာသာ ဖြေပြီး ည မှာ အဖေ့ စကား ကြား တော့ ကျွန်မ စိတ်ဝင်စားတာ ကိုယ်ပိုင် ဟန်းဆက် ရမယ့် အရေးပါ ။ ဒါကြောင့် နောက်နေ့ က စပြီး အမေ့ ကို ကူရင်း မီးဖိုချောင် ဝင် တော့တာပေါ့ ။ဒီလိုနဲ့ တစ်ပတ်လောက် အကြာ မှာ မုန့်ဟင်းခါး ကို ကျွန်မ နိုင်နိုင်နင်းနင်း ချက်နိုင် သွားတယ် ။ ဒီနေရာ မှာ ထူးခြားတာက အဖေ ဟာ အလွန်အမင်း အသန့် ကြိုက်တဲ့ အချက်ပါ ။ ထမင်းပန်းကန် ကို စားပြီး တစ်ထပ် ၊ မစားမီ တစ်ထပ် ဆေးရသလို ၊ အစားအသောက် ကို အမေ ချက် မှ စားတဲ့သူ ။ ဒါတောင် ငါးကိုင် ၊ ငရုတ်ထောင်း ရင် အနား မှာ ရပ်ကြည့်သေးတာ ။ မသန့်ဘူး ထင်ရင် မစားတော့ ဘူး ။ ပြီးတော့ ချွေးသံတို့ ၊ နှပ်တို့ လို အညစ်အကြေးများ ဆိုရင် သူ့ ခန္ဓာကိုယ် က ထွက်ရင်တောင် ရွံတယ် ။ ဒါကြောင့် အညစ်အကြေး သုတ် ဖို့ လက်ကိုင်ပဝါလေးမျိုး အဖေ့ ထံ မှာ အသင့် ရှိနေတတ်တယ် ။ ထူးခြားတာက ကျွန်မ မုန့်ဟင်းခါး ချက်တဲ့ နေ့မှာ ကျွန်မ အနား အဖေ လုံးဝ မလာဘူး ။ ပြီးတော့ ကျွန်မ လက်ရာကို အဖေ နဲ့ အမေ သာမကဘူး ကိုကို ပါ ခေါင်းမဖော်စတမ်း စားတော့ ထမင်း ၊ ဟင်း ချက်ရတာ ကို ကျွန်မ ပျော်သွားတယ် ။ နောက်ပိုင်း မှာ မိုးလင်းတာ နဲ့ ကျွန်မ မီးဖိုချောင် ကို ရောက်နေတဲ့ အထိ ဖြစ်သွားရော ဆိုပါတော့ ။

ကျွန်မ ဟာ အဖေ့ အစီ အစဉ်ကြောင့် ဟင်း တစ်မည် ရဲ့ နောက်ကွယ်မှာ ငါးဟင်းစား လတ် မလတ် ၊ ဈေးနှုန်း သင့် မသင့် ၊ အလေးချိန် မှန် မမှန် ။ ငရုတ် ၊ ကြက်သွန်ကောင်း မကောင်း တို့ ကိုပါ လေ့လာတတ် လာတယ် ။ ပြောရရင် ဆန် တစ်စေ့ ၊ ဆီ တစ်စက် ရဲ့ တန်ဖိုးတွေ အထိ ကျွန်မ တန်ဖိုးထား လာတယ် ။ ဒါကြောင့် အဖေ က ကျွန်မ ကို “ ငါ့ သမီး က မီးဖိုချောင် သေတ္တာမှောက် ” တဲ့ ။ 

နောက်ထပ် အဖေ့ လမ်းညွှန်မှု နဲ့ ကျွန်မ တက်ရတဲ့ သင်တန်း က စက်ချုပ်သင်တန်းပါ ။

“ မိန်းကလေး ဆိုတာ အချုပ်အလုပ် တတ်ရတယ် ။ စိတ် မလွင့်ပျံ့ဘူး ငါ့ သမီးရဲ့ ”

ပထမ မှာ ဒီလို ပြောရင်း အပ်ချုပ်စက် တစ်လုံး ဝယ် ။ အိမ်နီးချင်း အပ်ချုပ်ဆိုင် မှာ သင်တန်း တက်ဖို့ ပြောဆိုတော့ ကျွန်မ စိတ်မဝင်စားသေးဘူး ။ ကျောင်းပိတ်ရက်ကလေး တောင် မနားရဘူးလား လို့ တစ်ကိုယ်တည်း အတွန့်တက်သေးတာ ။ ဒါပေမဲ့ ချုပ်ရိုး ဖြောင့်အောင် ကြိုးစား သင်ပြီး နောက် ညှပ်တာတွေပါ လေ့လာမိတော့ ကိုယ့်လက် ကိုယ့်ခြေ နဲ့ အင်္ကျီလှလှလေးတွေ ထွင်လို့ ရမှန်း ကျွန်မ သိသွားတယ် ။ ဒီမှာတင် စက်ချုပ်ရမှာ ကို ကျွန်မ ပျော်သွားတာ ။

ငယ်ငယ်က လို အဖေ့ ထွေးပိုက်မှုမျိုး ကျွန်မ ပြန်ရ တာ ကတော့ အခြေခံပညာ အထက်တန်း အောင်စာရင်းတွေ ထွက်တဲ့ နေ့မှာပေါ့ ။ ပြောရရင် အဲဒီနေ့ ရဲ့ ညဘက် မှာ ကျွန်မ တို့ မိသားစု အားလုံး အိပ်မပျော်ဘူး ။ ဧည့်ခန်းမှာ ထိုင်နေရင်း ကျွန်မ အတွက် အဆုံးအဖြတ် ပေးမယ့် မနက်ဖြန် ကို မျှော်နေ မိကြတယ် ။ အဖေ ဆို အိမ်ဦး နဲ့ ကြမ်း နေရာ မလပ်အောင် လျှောက်ရင်း ထိုင် မရအောင်ကို ဖြစ်နေတာပါ ။ ဒီလိုနဲ့ မိုးလင်းလုလု မှာတော့ ဘယ်လိုမှ စိတ်ထိန်းလို့ မရတဲ့ အမူအရာနဲ့ ကျွန်မ လက် ကို ဆွဲတယ် ။ အောင်စာရင်း သွား ကြည့်မယ်တဲ့ ။ အဲဒီအခိုက် ကျွန်မ သတိထား လိုက်မိတဲ့ အချက် က စိုးရိမ်ပူပန်စိတ် ကြောင့် အေးစက်နေသော ကျွန်မ လက်ဖဝါးတွေ ထက် အဖေ့ လက်ဖဝါး က ပို အေးနေ တဲ့ အချက်ပါပဲ ။

ခဏကြာ အောင်စာရင်း ထုတ်ပြန်မယ့် ကျောင်းရှေ့ ရောက်တော့လည်း အားပေး သလို ဆုပ်ကိုင် ထားတဲ့ လက် ကို အဖေ မဖြုတ်ဘူး ။ ကျောင်း ရှေ့ မှာတော့ ကျွန်မတို့ လိုပဲ အောင်စာရင်း စောင့်တဲ့ မိသားစုတွေ အများကြီးပေါ့ ။

“ ဘာသာစုံ က နှစ်ယောက် တဲ့ ”

“ ငါးဘာသာ လည်း ပါ တယ် ပြောတယ် ”

“ အောင်ချက် ကောင်းတယ်တဲ့ ”

စတဲ့ ခန့်မှန်း ပြောဆိုသံတွေ ကြား မှာ အဖေ ဟာ ငြိမ်ပြီး ရပ်နေတယ် ။ ရပ်သာ နေတာပါ အဖေ့ အင်္ကျီ တစ်ထည်လုံး ကတော့ ချွေးတွေ နဲ့ ရွှဲနစ် နေတာပါပဲ ။

အဲဒီ နေ့ က လူအုပ်ကြီး ဟာ များလွန်းတော့ အောင်စာရင်း ကြော်ငြာဘုတ် ထုတ် တဲ့ အချိန် မှာ ကြော်ငြာဘုတ် အနား ကျွန်မတို့ သားအဖ ကပ်ခွင့် မသာပါဘူး ။ နောက်တော့ စောင့်ရတဲ့ အဖြစ် ကို မအောင့်အည်း နိုင်လို့ ထင် ပါရဲ့ ။ အဖေ ဟာ ပုဆိုးတိုတို ပြင် ဝတ်ရင်း လူငယ်လေး တစ်ယောက် လို ကြော်ငြာ ဘုတ် ရှိရာ တိုးဝင် သွားတယ် ။ကျွန်မ အဖို့ရာ ကတော့ လူအုပ် အတွင်း တိုးဝင်သွားတဲ့ အဖေ့ ကို မျှော်ရင်း ဒူးတွေတောင် ခွေလုလု ဖြစ်နေမိတာပေါ့ ။

နောက်တော့ လူအုပ် အတွင်း ကနေ အဖေ ပြန် ထွက် လာတယ် ။ ပြီးတော့ မျက်နှာ ကလည်း ပြုံးလို့ ။ အဖေ ဟာ တိုးဝှေ့ ရလို့ ကြေမွ နေတဲ့ အင်္ကျီ ၊ ရွှဲစိုနေတဲ့ ချွေး စတာတွေ ကို သတိထားမိပုံ မပေါ် ဘူး ။ ကျွန်မ အနီး တိုးကပ်ပြီး “ ဒါမှ ငါ့ သမီးကွ ” လို့ ကြွေးကြော်ရင်း ငယ်ငယ် က လို ကျွန်မ ကို ပွေ့ချီတယ် ။

“ သမီး ကိုယ်ကြီး ကလည်း လေးလိုက်တာ ”

ကျွန်မ ကို ဝမ်းမြောက် စိတ် နဲ့ ပွေ့ချီမိတဲ့ အဖေ ဟာ ချက်ချင်းလိုလို ပြန်ချရင်း ရှက်ရွံ့ရွံ့ အမူအရာ နဲ့ ရယ်တော့ ကျွန်မ ပါ ရောရယ်မိတယ် ။ အိမ်အပြန် လမ်း မှာတော့ လူအုပ် အတွင်း တိုးဝင်ရင်း ဖုန်းကင်မရာ နဲ့ မရအရ အဖေ ရိုက်ယူခဲ့တဲ့ မြင်ကွင်းလေး ကို ကျွန်မတို့ သားအဖ ကြည့်လာမိတယ် ။ အဲဒီ မြင်ကွင်းလေး က စာလုံးလေးတွေ ပဲ ပါတာပါ ။ ပြီးတော့ များလည်း မများဘူး ။ ထင်ရှားတာ က “ စဥ ၁၂၂ မငွေနှင်းသုန် မြန်မာစာ ” ဆိုတဲ့ စာတန်းလေးပေါ့ ။

“ ကျုပ် သမီး က မြန်မာစာ ဂုဏ်ထူးရှင် ဗျ ”

အဖေ ဟာ ဒီ စကား ကို ရေလဲ သုံးရင်း အပြန်လမ်း မှာ တွေ့သမျှ မိတ်ဆွေတွေ ကို ကြွားတော့ ကျွန်မ မှာ အနေတောင် ခက်မိတယ် ။

“ သမီး ၊ မြန်မာစာမေဂျာ ယူ ၊ ကျောင်း ပြီးရင် တက္ကသိုလ်ကထိက လည်း လုပ် ၊ စာ လည်း ရေး ၊ စာရေး ဆရာမပေါ့ ”

လမ်း တစ်လျှောက် မှာ ဒီလို ပြောတော့ အဖေ့ စကား ကြောင့် ကျွန်မ ခြေဖဝါးတွေ ဟာ မြေ နဲ့ မထိ သလိုဘဲ ။ အမေ ဆို တီးတိုးတီးတိုး အူမြူး နေတဲ့ ကျွန်မတို့ သား အဖ ကို ကြည့်ပြီး “ အမြင် ကတ်လာပြီနော် ” တဲ့ ။

ရယ် ရတဲ့ အဖေ့ အကြောင်း ထပ်ပြီး ပြောရရင် ကျွန်မ တက္ကသိုလ် စတင် တက်တဲ့အဖြစ် ကို လည်း ချန် မထားချင်ဘူး ။ အဲဒီတုန်းက ကျောင်းတက်မယ့် ကျွန်မ ကို မှတ်မှတ်ရရ အဖေ ဝယ်ပေး တာ ကျောပိုးအိတ်ကြီး တစ်လုံး နဲ့ ဖိုင်ထူထူ တစ်ခုပါ ။

“ အရေးကြီးတဲ့ စာရွက် စာတမ်းတွေ ဖိုင် နဲ့ ထည့် ။ တစ်နေ့တာ လိုအပ်တဲ့ ပစ္စည်း အားလုံး ကျောပိုးအိတ် မှာ ပါပါစေ ”

အဖေ့ အမိန့် ကို မလွန်ဆန် နိုင်လို့သာ ကျောပိုးအိတ် အကြီးကြီး ကို လွယ် ထားရတယ် ။ ပထမ မှာ ကျွန်မ အစာ မကြေဘူး ။ နောက်တော့ လူကျပ်ကျပ် မှာ ဘတ်စ်ကား တိုး စီးရတိုင်း ကျောပိုးအိတ် ဟာ ကျွန်မ ခန္ဓာကိုယ် နောက်ပိုင်း ကို ကာ ထား ပြီး ပိုက်ထားတဲ့ ဖိုင် ဟာ ရှေ့ပိုင်း တာဝန်ခံ ။ ဒါကြောင့် ဘယ် သူကောင်းသား မှ ကား ကျပ်တာ ကို အခွင့်အရေး ယူ ပြီး ကျွန်မ ကို နှောင့်ယှက်လို့ မရတော့ဘူး ။ ဒီလိုနဲ့ ဘတ်စ် ကား လူကျပ်ကျပ် ကို စီးရ တိုင်း အဖေ့ ကို တွေးပြီး ကျေးဇူးတင်မိ သလို ရယ် လည်း ရယ်ချင်မိတာ အမှန်ပါ ။

အဖေ နဲ့ ကျွန်မ ကြား စကားလုံးတွေ ပျောက်သွား တဲ့ ကာလ ကို ညွှန်းရရင်တော့ ကျွန်မ အိမ်ထောင်ကျတဲ့ ကာလ ကို ညွှန်းရမှာပါ ။ ကျောင်း ပြီးတဲ့ နှစ် ဘွဲ့တက် မယူဘဲ ယောက်ျား နောက် ကျွန်မ လိုက်တော့ သူ ဖြစ်စေ ချင်တာတွေ လုပ် မပေးနိုင်တဲ့ ကျွန်မ ကို အဖေ မကြည်ဘူး ။ ခိုးရာ နောက် လိုက်ပြီး ပြန် အပ်တော့လည်း အဖေ့ မျက်နှာ က မှိုင်းနေတာပဲ ။ မင်္ဂလာဧည့်ခံပွဲ မှာ လည်း ဧည့်သည်တွေ ရှေ့ သာ အဖေ ပြုံးတာ ။ ဧည့် လည်း ကုန်ရော အဖေ့ မျက်နှာ မှာ အပြုံး မရှိတော့ဘူး ။

နောက်ပိုင်းမှာ ကျွန်မ အမျိုးသား အလုပ်တာဝန် ကြောင့် ပြည်နယ် တစ်ခု ကို ရွှေ့ရတော့ လည်း ဘာ အမှာစကား မှ အဖေ မခြွေဘူး ။ ရံဖန်ရံခါ နယ် ကနေ ဖုန်း လှမ်း ဆက်ပေမဲ့ အမေ နဲ့ သာ စကား ပြောခွင့် ရပြီး အဖေ့ အသံ ကို ကြားခွင့် မသာခဲ့ဘူး ။ ဒါပေမဲ့ အဖေ နဲ့ ကျွန်မ ကြားမှာ စကားလုံးတွေ ထစ်အ,စွာ ပေါ်ခွင့်ရတဲ့ အဖြစ်အပျက် ကို တော့ ကျွန်မ ကြုံခဲ့ရပါတယ် ။ အဲဒါက ကျွန်မ ကိုယ်ဝန် ရှိနေပြီ ဆိုတဲ့ သတင်း အမေ့ ထံ ရောက်ပြီး မှ စ,တာပါ ။

“ ညည်း အဖေ က ဒီမှာ လာ မွေးတဲ့ ၊ ဟိုမှာ ဆေးရုံ ဆေးခန်း ဝေးတယ်တဲ့ ”

ကျွန်မ ဟာ ဖုန်း ထဲ က ကြားရတဲ့ အမေ့ စကား အဆုံး မှာ အထုပ်အပိုး ပြင်ပါတယ် ။ ပြောရရင် အဖေ့ ကို တွေ့ချင် လွန်းတာ လည်း ပါတာပေါ့ ။ ဒါကြောင့် အဖေ မီးစိမ်း ပြခိုက် သွားဖို့ ပြင်လိုက်တယ် ။ ခင်ပွန်းသည် ကိုတော့ မွေးဖွား ရက် နီး မှ လိုက်လာဖို့ မှာခဲ့မိတယ် ။

ကျွန်မ အထင် က ဒီ သမီး ကို အဖေ လည်း တွေ့ ချင်ရှာမယ် ။ တွေ့တာ နဲ့ ငယ်ငယ် က လို နွေးနွေးထွေးထွေး စကားသံတွေ အဖေ့ ထံ က ကြားရမယ် စသည်ဖြင့် တွေး ထင်ထားတာပါ ။ ဒါပေမဲ့ အိမ်ခြံဝင်း ထဲ ကျွန်မ ဝင်တော့ ခြံအစပ် နေပူကျဲကျဲမှာ ထိုင် နေတဲ့ အဖေ ဟာ ကျွန်မ ကို မြင် မှ ခေါင်းငုံ့ သွားတယ် ။ သူ့ ရှေ့ ဆန်ကော ထဲ မှာတော့ ဝါဝါ အလုံးလေးတွေ ။ ဒါတွေကို ဟိုဘက် ဒီဘက် ရွှေ့ရင်း ကျွန်မ ကို မော့တောင် မကြည့်တော့ဘူး ။ အမေ က တော့ ကျွန်မ ကို မြင်မြင်ချင်း အိမ် ထဲ က ထွက်လာပြီး ဖက်လှဲတကင်း ကြိုပါတယ် ။

“ အဖေ က နှုတ်တောင် မဆက်ဘူး ”

အထုပ်အပိုးတွေ နေရာ ချရင်း ကျွန်မ စကားနာ ထိုးတော့ အမေ က ရယ်နေတယ် ။ ပြီးတော့မှ -

“ မအားဘူးလေ ၊ ညည်း မီးဖွား ပြီးရင် သောက်ဖို့ နနွင်း နဲ့ ပျားရည်တေပြီး နေလှန်း နေရတယ် ”

အမေ့ စကား လည်း ဆုံးရော ကျွန်မ ဘာ စကား မှ မဆက်နိုင် တော့ဘူး ။ ပါးစပ် အဟောင်းသား ကို ဖြစ်သွားတာ ။ နောက် ရက်တွေ မှာ တော့ ကျွန်မတို့ ရပ်ကွက် ရဲ့ သူနာပြုဆရာမလေး ဟာ နေ့တိုင်း လိုလို ရောက်လာ တတ်တယ် ။ ဆရာမလေး စကား အရ ဆိုရင် အဖေ မှာထားတာ တဲ့ ။ ခဏ ဖြစ်ဖြစ် လာပြီး ရေနွေး နဲ့ အမြည်းလေး သုံးဆောင် ပေးပါ ။ သားဦး မို့ စိုးရိမ်လို့ပါတဲ့ ။ ဒီလို ကြားရ ပြန်တော့ ကျွန်မ ကို စကား မပြောဘဲ နေတဲ့ အဖေ့ ကို ကျွန်မ စိတ် မဆိုးရက်တော့ဘူး ။ နောက်ထပ် ဆရာမ လေး ပြောတာက ကျွန်မ ကိုယ်ဝန် ဟာ ပုံမှန် မဟုတ်ဘူး ။ ကလေး အနေအထား မကြိုက်လို့ ပြင်ပေးပေမဲ့ ခဏပဲ ။ ပြီးရင် ပြန် ပြောင်း သွားရောတဲ့ ။ ဒါကြောင့် ဆေးရုံ မှာ မွေးဖို့ပဲ သတိ ပေးတတ်တယ် ။

“ ဆေးရုံအုပ် က အိုဂျီ အထူးလေ ၊ ဘာမှ မပူနဲ့ ” 

ကျွန်မတို့ မြို့ကလေးရဲ့ ဆေးရုံ အကြောင်း ၊ ဆရာဝန် ၊ ဆရာမတွေ အကြောင်း ဆရာမလေး ပြောခိုက်မှာ အားရှိပေမဲ့ ပြီးရင်တော့ ကြောက် နေမိတာ အမှန်ပါ ။ ဒါပေမဲ့ အမေ ကနေ တစ်ဆင့် မကြောက်ဖို့ အဖေ့ အားပေး စကား ကြားရတော့ ပြန်ပြီး အားတက်လာမိပြန်ပါတယ် ။ ဆိုးတာက ခန့်မှန်းမွေးဖွား ရက် မတိုင်မီ ကျွန်မ ဝမ်းနာ တဲ့ အဖြစ်ပေါ့ ။

အဲဒီ နေ့ က အဖေ ဟာ ကျွန်မ ဝမ်းနာ မှန်း လည်း သိရော အဝေး မှာ ရှိတဲ့ ကျွန်မ ခင်ပွ န်းကို လှမ်း အကြောင်း ကြားတယ် ။ ပြီးတော့ အိမ်ပြင် ကို ထွက်သွားပြီး တစ်ခဏ အတွင်း မှာ အငှားကား တစ်စီး နဲ့ ပြန် လာတယ် ။ ကြည့်ရတာ ကား အဆင်သင့် ရံထားပုံပါပဲ ။ ဆေးရုံ ရောက်တော့ ခွဲစိတ်ဖို့ ပြင်ခိုက်မှာ မိသားစုဝင် ရဲ့ ခွင့်ပြုချက် လက်မှတ် ထိုးရမယ် ဆိုတော့ အဖေ တုံ့ဆိုင်း နေတယ် ။ ပြီးတော့မှ အံတစ်ချက် ကြိတ်ရင်း လက်မှတ် ထိုးတာ ။

“ သမီး အဖေ ရှိတယ် သိလား ” 

အဖေ နဲ့ ကျွန်မ တိုက်ရိုက် စကား ဆိုခွင့်ရတော့ စတင် ကြားရတာ အဲဒီ စကားပါ ။ တုန်တုန်ယင်ယင် ပြောလိုက်ပေမဲ့ အဲဒီ စကား က ပဲ ကျွန်မ ကို အားတက်စေကြောင်း အဖေ က တော့ သိမယ် မထင်ပါဘူး ။ ဒါကြောင့် ခွဲခန်း ထဲ ဝင်မယ့် ကျွန်မ ရဲရဲတင်းတင်း ဖြစ်ခဲ့ရတာ ကို လည်း ဝန်ခံချင်ပါတယ် ။

ကျွန်မ ဘဝ မှာ အဖေ့ အကြောင်း တွေး မိတိုင်း ရင် ထဲ မှာ ရယ်ချင်ပြီး လှိုက်ဖိုစွာ ခံစားခဲ့ရတဲ့ အဖြစ် ကို လည်း သမီးကလေး မီးဖွားစ , မှာ ကြုံရတာပါ ။ ဒီ အဖြစ်ကို ကြုံချင်တော့ မီးဖွားစ မှာ ကျွန်မ က နို့ မလိုက်ဘူး ။ သမီးလေး က ချူချာတယ် ။ ဒါကြောင့် သမီးကလေး ရဲ့ နှာခေါင်း က နေ ပိုက် သွင်းပြီး ဖျော်ထားတဲ့ နို့ ကို လောင်းထည့် ပေးရတာပေါ့ ။ ဒီ တာဝန် ကို အဖေ ယူပေ မဲ့ သေးသေးနီတျာရဲလေး ကို နှာခေါင်းပိုက် သွင်းဖို့တော့ မကြည့်ရက်လို့ ဆိုပြီး အဖေ ရှောင်ထွက် သွားသေးတယ် ။ ပြီးတော့ သူ့ ချွေး ၊ သူ့ နှပ်တွေ ကို တောင် ရွံရှာတတ်တဲ့ အဖေ ဟာ သူ့ မြေး ရဲ့ မစင် ကို တော့ ယုယုယယ သုတ်သင် ပေးပြန်တယ် ။ ဒီအချက် က တော့ အဖေ့ ကို အံ့သြလေးစားမိတဲ့ အချက်ပါ ။ ဖြစ်ချင်တော့ တစ်ရက် မှာ သမီးလေး ရဲ့ နှာခေါင်း ပိုက် အတွင်း ကျန်နေတဲ့ နို့ တွေ အချဉ် ပေါက်ပြီး သမီး ကလေး ဝမ်းတွေ သွားတယ် ။ ပို ဆိုးတာက အဲဒီ ည မှာ မေမေ ရော ၊ ကိုကို ပါ ဆေးရုံ မလာ ဖြစ်ဘူး ။ လူနာ နဲ့ လူနာစောင့် စားဖို့ အိမ် မှာ ပြန်ပြီး စီစဉ်နေ ကြတာတဲ့ ။ ဒါကြောင့် တာဝန်ကျ ဆရာမလေး ကို ဖေဖေ ပဲ ပြေး ခေါ်ရတယ် ။

“ အစာ အချဉ်ပေါက် တာ ဒီတော့ ပိုက် ဖြုတ်မယ် ။ ကလေးအမေ က နို့လိုက် အောင် ကြိုးစား ”  

ဆရာမလေး ဟာ နှုတ် ကလည်း ပြောရင်း ကျွန်မ နို့အုံ ကိုလည်း ဖျစ်ညှစ်ပေး တယ် ။ ဒါပေမဲ့ ခက်တာက နို့ရည် လုံးဝ မထွက်တာ ။ အဖေ ကတော့ သူ့ မြေး ကို ပွေ့ ပိုက်ရင်း အံ ကို ပဲ ကြိတ်ထား တယ် ။ နောက်တော့ ကျွန်မ လည်း အိပ်ပျော် သွားတယ် ။

ဒီလိုနဲ့ ကျွန်မ အိပ်ပျော် ချိန် ဘယ်လောက် ကြာမှန်း တောင် မသိဘူး ။ နိုးချင်တော့ သမီးလေး ရဲ့ ငိုသံပွက်ပွက်ညံ နေတာ ကြားပြီး နိုးလာတာ ။ နိုးလာတယ် ဆိုပေမဲ့ ခွဲစိတ်ထားတဲ့ နေရာ က နာ တာကြောင့် ကျွန်မ မျက်ခွံတွေ ဖွင့်မရသေးဘူး ။ ဒါပေမဲ့ ထူးထူးခြားခြား အတွေ့အထိ တစ်ခု ကို တော့ ကျွန်မ ခံစား နေရတယ် ။

သမီးလေး ငိုသံ ၊ တက် ခေါက်သံ ၊ ကျွန်မ နို့အုံ ကို တစ်စုံတစ်ယောက် က ဖျစ် ညှစ်လိုက် စုပ်ယူ လိုက် ပြုနေဟန် စတာတွေ ဟာ ပထမ တော့ အိပ်မက် မက် နေ သလားတောင် ကျွန်မ ထင်မိ တယ် ။ နောက်တော့ နာကျင်မှုဝေဒနာ ကို မေ့ပြီး ကျွန်မ မျက်စိ ဖွင့်ကြည့် လိုက်မိတယ် ။ ဒီအခါမှာ ကျွန်မ မြင်ရတာက အဖေ ဟာ ငို နေတဲ့ သူ့ မြေး ကို ပွေ့ချီရင်း ကျွန်မ နို့အုံ ကို ဖျစ်ညှစ် စုပ်ယူ နေတဲ့ အဖြစ် ပါပဲ ။ ဒီ အခိုက်မှာပဲ ကံ ကောင်းတယ် ဆိုရမလား မသိပါဘူး ။ ကျွန်မ နို့တံ က နေ နို့တွေ သက်ကျလာတယ် ။ အဖေ ဟာ နို့ လည်း လိုက်မှန်း သိရော ငို နေတဲ့ သမီးကလေး နှုတ်ခမ်း နဲ့ ကျွန်မ နို့တံ ကို တပ် ပေးလိုက်တယ် ။ ဒီတော့မှပဲ အငို ရပ်ပြီး သမီးကလေး ဟာ အားပါးတရ နို့ ကို စို့ပါတော့တယ် ။

“ ဒါမှ ငါ့ မြေးကွ ”

သမီးကလေး ဟာ ငိုရှိန် ကို ရပ် ၊ နို့ ကို လည်း အားရပါး ရစို့ ဆိုပေမဲ့ ရှိုက်နေဆဲပါ ။ ဒါကို ငုံ့ ကြည့်ရင်း အားပါးတရ အဖေ ကြုံးဝါးတော့ ကျွန်မ ရယ်ချင်တာပေါ့  ။ ရယ်ချင်စိတ် နဲ့ မော့ ကြည့်တော့ ပြုံး နေတဲ့ အဖေ့ မျက်နှာ ဟာ ကျွန်မ ကို မမြင် သလိုပဲ ။ သူ့ မြေး ကို ပဲ စူးစူးစိုက်စိုက် ကြည့် နေတယ် ။ ဒီအခိုက် ကျွန်မ သတိထား လိုက်မိတာ က အဖေ့ နဖူးစပ် က ချွေးတွေ ရယ် ၊ အဖေ့ အင်္ကျီမှာ ပေကျံ နေတဲ့ သမီးလေး ရဲ့ မစင်တွေ ရယ် ၊ ပြီးတော့ အဖေ့ နှုတ်ခမ်း က နို့ရည်တွေရယ် ကို ပေါ့ ။

•••••   •••••   •••••

တကယ်တော့ မိဘ ကျေးဇူး ဆိုတာ ဆပ်လို့ မကုန် ပါဘူး ။ ကုန်အောင် မဆပ်နိုင် သည့်တိုင် အောက်မေ့ သတိရ ပြီး တမ်းတ နေရမယ့် အရာ ပါ ။ ခက်တာက ဒီ အမှန်တရား ကို ကျွန်မ သိပင် သိငြား အဖေ့ အကြောင်း တွေးလိုက် ရင် တော့ ... ။

⎕ မောင်အင်း ၊ ဥက္ကံ ၊
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ၂၀၁၆ ခု ၊ ဩဂုတ်လ

No comments:

Post a Comment