❝ ဘေးမဲ့တော သို့ အဝင် - အထွက် ❞
( ရဲသျှမ်း )
( တစ် )
မြို့ကလေး ၏ နေရောင် က ဒီဇင်ဘာ အအေးလှိုင်း ကို ဖြတ်တောက်ဖို့ ဘယ်လို မှ ကြိုးစားလို့ မရ နိုင်တဲ့ အခြေအနေ မှာ ကျွန်တော် အနွေးထည် အထပ်ထပ် ဝတ်ပြီး ဆိုင်ကယ်လေး တစ်စင်း ရဲ့ ကယ်ရီယာ ခုံပေါ် ထိုင်မိ နေပါပြီ ။ စာအုပ်တွေ ထဲ မှာ အကြိမ်ကြိမ် ဖတ်ခဲ့ရသော ရွှေသမင်ဘေးမဲ့တော ( ခေါ် ) ချပ်သင်း ဘေးမဲ့တော ဆီ ကျွန်တော့် စိတ် ၊ နှလုံးသား က ရောက် ရှိခြေချ နေချင်မိတာပဲ ဖြစ်မည် ။ မြေလမ်းကျဉ်းလေး တွေ ပေါ်မှာ ဆိုင်ကယ် ကျွမ်းကျင်စွာ စီးနင်း နိုင်သည့် အလေ့အကျင့် ကို ရထားသော မြို့ကလေး ၏ စာပေ ချစ်သူများ ပါ ကျွန်တော် နှင့် အတူ လိုက်ပါလျက် ။ မြို့ကလေး ကနေ ကျောက်တုံး ၊ အဖုအထစ် ၊ ချိုင့် တို့ ရောပြွမ်း ရာ လမ်းပေါ်မှာ တဒုန်းဒုန်း တဒိုင်းဒိုင်း နဲ့ ဆိုင်ကယ် ရဲ့ သယ်ဆောင်ရာ ကျွန်တော် ပါသွားခဲ့ပေါ့ ။ မိနစ် ၂ဝ ကျော်ကျော် လောက် မှာ တော့ ရွှေသမင် ဘေးမဲ့တော ရဲ့ စဦး နေရာ အင်တိုင်းတော သို့ ဝင်ရောက်လာပြီလေ ။
ချပ်သင်းဘေးမဲ့တော နောက်တမ်းရုံး ဧည့်ခန်းဆောင် မှာ ကျွန်တော်တို့ ကော်ဖီ ၊ ကိတ် ၊ လိမ္မော် သီး အစုံအလင် ဖြင့် ဧည့်ခံ တော့ တာဝန်ခံ နှင့် ဝန်ထမ်း များ ကို ကျေးဇူး အကြိမ်ကြိမ် တင်နေမိပေမယ့် ကျွန်တော့် စိတ်ဝင်စားမှု က ကော်ဖီခွက် တွင် မရှိ ၊ လိမ္မော်သီး တွင် မရှိ ။
“ ရွှေသမင် က ဘယ်မှာလဲ ... ကြည့်လို့ ရမှာလား ”
အလောတကြီး ဖြစ် နေသော ကျွန်တော့် မေးခွန်း ကို ဘေးမဲ့တော တာဝန်ခံ က ခေါင်းယမ်း လျက် သာ ဖြေသည် ။
“ တော ထဲ ကို တော်တော် သွားရဦးမယ် ။ သွားခွင့် မရှိဘူး ၊ ဟိုတုန်းက လင့်စင် က နေ ကြည့်ရင် မြင်ရ တယ် ။ အဲဒီ လင့်စင် ဆောက်ထားတဲ့ သစ်ပင် က တောမီးလောင်တဲ့ ထဲ ပါသွားပြီ ”
မျှော်လင့်ချက်တို့ ပြိုကွဲ ။
“ ဟောဗျာ ချပ်သင်း ရောက်ပြီးမှ ရွှေသမင် မမြင်ရတာ က တော့ ချပ်သင်း မရောက်လိုက် သလိုပါဘဲ ”
ကျွန်တော် အလိုမကျ ညည်းတွားမှု ကို ဘယ်သူ က မှ အသိအမှတ် မပြုတော့ ။
“ ဟိုနား သည်နား ပြတိုက် လောက် တော့ ကြည့်လို့ ရပါတယ် ”
အုပ်ချုပ်ရေးမှူး ၏ တိုးဖွဖွ စကားသံ က ကျွန်တော့် ရင်ဘတ် ထဲ ထိ ရောက်သည် ။ ဟိုနား သည်နား ပြတိုက် ဆိုတာကိုပဲ ကျွန်တော် ကြည့်ခွင့် ရခဲ့ပါသည်လေ ။
••••• ••••• •••••
ကမ္ဘာ ပေါ် မှာ မြန်မာနိုင်ငံ တွင် သာ ရှင်သန် ကျက်စားနိုင်သော မြန်မာ့ ရွှေသမင် မျိုးမသုဉ်းစေရေး အတွက် ထိန်းသိမ်းကာကွယ်ရန် ၊ ဂေဟစနစ် မပျက်စီးရေး ၊ သဘာဝ ပတ်ဝန်းကျင် ပညာရပ် မြှင့်တင်ရေး ၊ သစ်တော ၏ အရေးပါမှု Ecotourism ဖြင့် ဝင်ငွေ ရှာခြင်း ၊ ချပ်သင်းဘေးမဲ့တော ၏ ဆောင်ပုဒ်များ ကား ခမ်းနားလေစွ ၊ ရည်ရွယ်ချက်များ ခေါင်ဖျား ရောက်လု ။
“ သစ်ပင်နှင့် သားငှက်တိရစ္ဆာန် တို့ သည် အတိတ် ၏ အမွေအနှစ် ၊ ပစ္စုန်ပ္ပန် ၏ အကျိုးစီးပွား နှင့် အနာဂတ်ဖွံ့ဖြိုးမှု အတွက် ဖြစ်သည် ” ဆိုတဲ့ ဆိုင်းဘုတ် ကို ပျဉ်ချပ်ဆေးနီ သုတ်ပြီး စာလုံးအဖြူ ဖြင့် မြန်မာ လို ၊ အင်္ဂလိပ် လို ရေးသားထားပြီး အင်တိုင်းတောပင်စည် ထက် ဆိုင်းဘုတ်တိုင် က တုတ်ခိုင် နေတာ ကို တော့ ဖျတ်ခနဲ သတိထား မိသွားသည် ။
“ အင်ပင်တွေ က လှီလိုက်တာဗျာ ”
ကျွန်တော့် မှတ်ချက် ကို တောအုပ်ကြီး က ကွမ်းတံတွေး ပျစ်ခနဲ ထွေးရင်း ...
“ အပင် ကျပ်လို့ပါ ။ ကျွန်တော့်တို့ က အပင် ကြီးထွားသန်စွမ်းရေး အတွက် ရွှေသမင်တို့ နေထိုင်ရာ တောအုပ် အဖြစ် ဖန်တီးတာပါ ” ဟု ရှင်းပြသည် ။
သဘာဝ သမိုင်းပြတိုက် ဆိုသည့် ဆိုင်းဘုတ် ချိတ် ထားသော အဆောက်အအုံ အစိမ်းလေး ထဲ ဝင် လိုက်တော့ From zero to hero ဆိုသည့် စာတန်း လေးက ပြတိုက် နှင့် မလိုက်ဖက်စွာ ခပ်ကြွားကြွား ထင်းထင်းလင်းလင်း ရှိနေသည် ဟု ထင်သည် ။ တိရစ္ဆာန်ငယ် ၄ ၊ ၅ ကောင် ၏ ရုပ်ကြွင်း နှင့် လိပ်ပြာရုပ်ကြွင်း တို့ ပဲ ပြတိုက် ထဲ မှာ ရှိနေသည် ။ သည်ထက် မပိုတော့ ၊ ပြတိုက်နာမည် ကို ပင် အားနာစရာ ကောင်းလှသည် ဟု ကျွန်တော့် စိတ် က မညှာမတာ ဝေဖန် နေမိသည် ။ ပြတိုက် ထဲ က ပြန် လာတော့ From zero to hero ကို ကျွန်တော်တို့ ပြတိုက် ထဲ မှာ ပဲ ချန်ထားပစ်ခဲ့ပြီ ။
ရွှေသမင် လည်း မမြင်ရ ၊ ရွှေသမင် အကြောင်း လည်း မရှင်းပြ ၊ ပြတိုက်မှာ လည်း ဘာမျှ လည်း မတွေ့ ရတော့ ကျွန်တော့် ရင် ထဲ တနုံ့နုံ့ ဖြစ်နေသည် ။ “ ပြော ပိုင်ခွင့် မရှိလို့ပါ ” ဟူသော စကား ကို သာ ဆီမန်း မန်း သလို အထပ်ထပ် ရွတ် နေသော အုပ်ချုပ်ရေးမှူး ၏ မသက်မသာ အမူအရာ ကို ကျွန်တော် ခံစား နားလည်မိနေပါပြီ ။ ဘာမှလည်း မမေးချင်တော့ ။
ချပ်သင်းဘေးမဲ့တော ဆိုင်းဘုတ်တွေ ရှေ့ မှာ သာ ဓာတ်ပုံ အရိုက်ခံ နေလိုက်တော့သည် ။ ဆိုင်းဘုတ် တွေ ရှေ့မှာ Post အမျိုးမျိုး ပေးနေသော ကျွန်တော့် ပုံ က ဘေးမဲ့ ရွှေသမင် နဲ့ တော့ လားလားမျှ မတူနိုင်ပါ ။
••••• ••••• •••••
“ ရွှေသမင်တွေ ကို ဒေသခံတွေ က ဖမ်းဆီးသ,တ်ဖြတ်တာ ရှိလား ”
“ ရှိတာပေါ့ ၊ ပညာပေး စည်းရုံး ၊ ထိထိရောက် ရောက် အရေးယူ ၊ ဒီလိုပဲ ထိန်းသိမ်းရတာလေ ”
ကျွန်တော် နှင့် တောအုပ်ကြီးတို့ ၏ အမေး နှင့် အဖြေ က နည်းနည်းတော့ စရွေးကိုက် လာပြီ ထင်သည် ။
“ ကောင်ရေ ဘယ်လောက် ရှိသလဲဗျ ၊ တစ်နှစ် သားပေါက် တိုးပွားနှုန်း ၊ ဒါမှမဟုတ် လျော့နည်း ”
ကျွန်တော့် စကား က လေထဲ တွင် ပျောက်လွင့် သွားချေပြီ ။ မကြားသည်လား ၊ မကြားချင်ယောင် ဆောင်လိုက်လေသလား ။ အုပ်ချုပ်ရေးမှူး နှင့် တောအုပ်ကြီး တို့ ၏ ခြေလှမ်း က သွက်လွန်းလှသည် ။
“ ဆရာ က လည်း မပြောချင်တာ သွား မေးတာကိုး ၊ ကျွန်တော် သိသလောက်ကတော့ အရင် က ၁၅ဝဝ ကျော် ရှိတယ် ။ အခု ၅ဝဝ လောက် ပဲ ရှိတော့ တယ်တဲ့ ”
ဒေသခံ စာချစ်သူ ဆိုင်ကယ်သမားလေး ၏ အဖြေစကား ကြားတော့ ကြောက်လန့် တုန်လှုပ် သွားသည် ။ ခြေလှမ်း တို့ အယောင်ယောင် ၊ အမှားမှား ။
“ ဟ .. ဒီပုံဆို နောင် ရွှေသမင် ကို ဗီဒီယိုခွေ ထဲ မှာ ပဲ ကြည့်ရတော့မယ် ထင်တယ် ”
ကျွန်တော် ကြေကွဲ နေပြီလား ။ ရွှေသမင်တို့ ရဲ့ ကံကြမ္မာ အပေါ် တွေးကြောက် တုန်လှုပ် နေပြီလား ။ နှလုံးခုန်သံ ကား ပရမ်းပတာ ဖြစ်သွားပြီ ဟု ထင်ပါသည် ။
စမ်းမြောင်စခန်း ပြန် ရောက်တော့ သေန-တ် ကိုယ်စီ လွယ်ထားသည့် ဆိုင်ကယ်သမား နှစ်ယောက် တွေ့ လိုက်ရတော့ ထိတ်ခနဲ ဖြစ်သွားသေးသည် ။
“ ဝန်ထမ်းတွေ လေ ၊ တောထဲ ထိ ဝင်ပြီး မုဆိုးတွေ ရန် ကာကွယ်ဖို့ သွားကြတာ ”
ကျွန်တော့် ဆိုင်ကယ်ဆရာလေး က ရှင်းပြ တော့ ဝန်ထမ်း နှစ်ယောက် ကို မသိမသာ အကဲခတ် ကြည့်သည် ။ ဆန်အိတ် ဖြစ်ပုံရသော အိတ်ကလေး ကို ဆိုင်ကယ်ဒူးကာ နှင့် ထိုင်ခုံကြား ညှပ်လျက် တော ထဲ မှာ နေရမည့် ၄ ၊ ၅ ရက်စာ အတွက် ရိက္ခာ ဖြစ်ပုံရသည် ။ ဆန် က တော့ ဟုတ်ပြီ ။ ဟင်းလျာ က တော့ ... ။
“ မိလို့ က တော့ ပစ်သူ ရော ၊ ရောင်းသူ ရော ၊ ဝယ်စားသူ ရော အကုန် တစ်သီတစ်တန်းကြီး ဖမ်း တော့တာ ။ တော က ကျယ်တော့ ဝန်ထမ်းအင်အား နဲ့ မထိန်းချုပ်နိုင်ဘူး ။ ဥပဒေ နဲ့ ထိန်းချုပ်ရတာပဲ ”
စာချစ်သူ အုပ်စု ထဲ က ဓာတ်ပုံဆရာကြီး ၏ ရှင်းပြမှု ကြောင့် ကျွန်တော် ဘဝင်ကျ ကျေနပ်လို့ သွားသည် ။ ဟုတ်တာပေါ့ ထိရောက်တဲ့ ဥပဒေ နဲ့ ထိန်းချုပ် မှ တောရဲ့ ရှင်သန်မှုက တည်တံ့မှာလေ ။
••••• ••••• •••••
နှင်းမှုန်မှုန် အောက်ရှိ အိမ်ပြန်ဖို့ အတွက် ဘူတာလေး ရဲ့ စင်္ကြံ မှာ ရထားစောင့် နေတော့ တက္ကသိုလ် တုန်း က မေဂျာ အတူ တက်ခဲ့သော သူငယ်ချင်း ကိုမြင့်နွယ် က ဒေသထွက် ကောက်ညှင်းကျည်တောက် ၊ ခေါပုတ်များ အပြင် အိတ်ကလေး တစ်အိတ် လက်ဆောင် ပေးသည် ။ စတိုးဆိုင်သုံး ပလတ်စတစ် အိတ်လေး ထဲ မှ ကိုမြင့်နွယ် ၏ လက်ဆောင်ပစ္စည်းလေး ကို ထုတ်ကြည့်တော့ ။
“ အို ... လယ်သာအစစ် လက်ကိုင်ဖုန်းအိတ် နှင့် ပိုက်ဆံအိတ်ကလေး ”
အရောင်အသွေး စိုကြွ ၊ နူးညံ့လှသည် ။ သားရေလေး ကို ကျွန်တော် ပွတ်သပ် ကြည့်နေမိသည် ။
“ ရွာထဲမှာ လည်သာဆိုင် ၃ ၊ ၄ ဆိုင် ရှိတယ် ။ အချိန် မရလို့ လိုက် မပြတာ ။ အိတ်လေးတွေ ကြိုက်တယ် မဟုတ်လား ”
ကျွန်တော် ခေါင်းညိတ်မိ သလား ၊ ဂျီသားရေ ဂျာကင် အနွေးထည် အတွင်းအိတ် ထဲ သို့ လက်ကိုင်ဖုန်းလေး ကို ဆွဲထုတ်ပြီး ကိုမြင့်နွယ် ပေးသည့် ဖုန်း အိတ်လေး ထဲ သို့ ထည့်ကာ ခါး မှာ ဟန်ပါပါ ချိတ်လိုက်တော့သည် ။
••••• ••••• •••••
( နှစ် )
နေ့လယ် ဘေးမဲ့တော ရောက်စဉ်က ခံစားမှုများ အခုတော့ ဘာမျှ မကျန်တော့ ။
◾ ရဲသျှမ်း
📖 ရနံ့သစ် မဂ္ဂဇင်း
မေလ ၊ ၂၀၁၂
No comments:
Post a Comment