❝ သေတွင်းထွက် ❞
( မဟာဆွေ )
▣ အမှာစာ
မဟာဆွေ ၏ မဟာဆွေ ဝတ္ထု ကို သွေးသောက် ဖိုးပြည့်စုံ က တာဝန်ခံကာ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေ ပေးမည် ဆို၍ မဟာဆွေ မွေးသည် မှ ကျောင်း ထွက်သည် တစ်ပိုင်း ၊ ကျောင်းဆရာ ဘဝ တစ်ပိုင်း ၊ ကလောင်သမား ဘဝ တစ်ပိုင်း ၊ သုံးပိုင်း ခွဲ၍ ရေးသားခဲ့ရာ ၊ ကလောင်သမား ဘဝ နောက်ဆုံး လက်စသတ်ကော်ပီ ကို မြန်မာသက္ကရာဇ် ( ၁၃၁၄ ) ခု ၊ သီတင်းကျွတ်လဆုတ် ( ၁၁ ) ရက် ၊ ( ၁၄ - ၁၀ - ၅၂ ) ၊ အင်္ဂါနေ့ တွင် ပေးအပ်ခဲ့ပါသည် ။ ကိုယ်တိုင် အတ္ထုပ္ပတ္တိ ရေးသားရာ၌ ၊ တတ်နိုင်သမျှ လိုရင်း နှင့် ခပ်ကျဉ်းကျဉ်း ကလောင် သွားခဲ့သည့် တိုင်အောင် ၊ ( ၂၂ ) ဖောင် ၊ ( ၂၃ ) ဖောင် ၊ ( စာမျက်နှာ ၃၅၀ကျော် ၊ ၃၇ဝ နီးပါး ) လောက် ဖြစ်၍ သွား၏ ။
အခြားတစ်နည်းအားဖြင့် အတ္ထုပ္ပတ္တိ နှင့် အကျုံး ဝင်သော စာအုပ်ဝတ္ထု စသည်တို့ ရေးသားခဲ့ဖူးရာ ထို အချက်အလက်များ ကို လုံးချင်း အတ္ထုပ္ပတ္တိကြီး ၌ ချန်လှပ် ထားခဲ့ပေသည် ။ ဥပမာ မဟာဆွေ ၏ ဘဝလမ်းတာ အချစ် နှင့် ပတ်သက်လျှင် ၊ မဟာဆွေ ၏ “ ချစ်ရေးကြိုက်ရေး ” ဟု စာအုပ် တစ်အုပ် ရေးသားခဲ့၏ ။ ကျောင်းသား သတင်းစာတိုက် ဒေါ်မမခင် အင်အက်စီ ( ချီကာဂို ) က တစ်အုပ် ( ၂ ) ကျပ် နှင့် ထုတ်လုပ် ရောင်းချပေး၏ ။ စာမျက်နှာ မှာ ( ၈၀ ) ကျော်မျှ ရှိသော် လည်း ဉာဏ်ပူဇော်ခ ( ၈၀၀ ) ကျပ် ချီးမြှင့်ပါသည် ။ စစ်ပြေးဘဝ ဆိုလျှင် ‘ ငါ ဘယ်သူလဲ ’ ဟူသော စာအုပ်ငယ် တွင် ရေးသားခဲ့၏ ။ ချစ်ရေးကြိုက်ရေး တွင် ပါဝင်သော မိန်းမပျိုများ ၏ အမည်များ မှာ အချို့ ကာယကံရှင်များ ၊ အသက် နှင့် ရှိနေသေး သဖြင့် သူတို့ ၏ ဂုဏ် ကို ငဲ့ကွက်ကာ ပြောင်းလွှဲ ရေးခဲ့ပါသည် ။
ဂျပန်ခေတ် ၊ ပုလိပ်ရောဂါ ကြောင့် ဗဟန်း ဦးအရိယတိုက် ထဲ ၊ သွပ်ပြားကာ အတွင်း ၊ အတော်ကြာ နေရသော ဒုက္ခ ကို ဂျိုကာနှစ်ကောင် ဝတ္ထု တွင် ဖော်ပြခဲ့၏ ။ တစ်ဖန် ဂျပန်ဗုံးကြဲစဉ် က ခွေးနှစ်ကောင် နှင့် ဒုက္ခ ရောက်ပုံကို ရှုမဝမဂ္ဂဇင်း ၌ သံယောဇဉ် ဆိုတာ ဟူသော ဝတ္ထုဖြင့် ဖော်ပြခဲ့၏ ။ အရက်သမား ဘဝ ရောက်ရှိလာပုံ ကို ဇိုးမောင်မောင် ဝတ္ထု တွင် ဖော်ပြခဲ့လေပြီ ။
ယခု ဖော်ပြလတ္တံ့သော အတ္ထုပ္ပတ္တိ အဆက်ကား - အတ္ထုပ္ပတ္တိကြီး တွင် ထည့်သင့် မထည့်သင့် စဉ်းစားရင်း ဝေခွဲမရသည် နှင့် ချန်ထားခဲ့ပါသည် ။ ထပ်မံ စဉ်းစားသောအခါ လူတစ်ယောက် ၏ ဇနုပ္ပတ္တိ ၌ ၊ ကောင်းတာ ဖြစ်ဖြစ် ၊ ဆိုးတာ ဖြစ်ဖြစ် အဆိုးဆုံး ဖြစ်ဖြစ် မထိန်မဝှက် ရေးသားသင့်သည် ဟု ထင်ကာ သွေးသောက် မဂ္ဂဇင်း မှ ၊ အဖြည့် သဘော ရေးသားရခြင်း ဖြစ်ပါသည် ။
••••• ••••• •••••
စစ်ကိုင်းမြို့ မင်းစံရပ်ကွက် ကား ရေဝင်မြေ တစ်ပိုင်း ၊ ကုန်း တစ်ပိုင်း ရပ်ကွက် ဖြစ်၏ ။ ဝါဆိုဝါခေါင် ဧရာဝတီမြစ်ရေ လျှံတက် သော အခါ မြေနိမ့် မြစ်ဆိပ် နှင့် နီးသော ဘက် တွင် ရေဝင်၍ ၊ ကုန်းမြင့်ပိုင်း ၌ မူ ရေမဝင်ချေ ။ သို့ရာတွင် အားလုံးပင် လှေ ၊ သမ္ဗာန် စသည် တို့ဖြင့် မြစ်ဘက် ရေသန့်ရာ ဘက်သို့ ရေချိုးကြ ၊ အဝတ် လျှော်ကြ ၊ သောက်ရေ သုံးရေ ခပ်ကြ နှင့် နှစ်စဉ် ဝတ္တရား ဖြစ်နေကြသည် ။
ဘဆွေ မှာ မွေးလျှင် မွေးခြင်း ၊ မိဘ စီးပွား တက်သည် ။ ဖခင် ကိုအောင်ငြိမ်း နှင့် မိခင် မမြှင် က ပိုမို ချစ်ခင်ကြသည် ။ ဖြူဖြူဖွေးဖွေး ဝတုတ်တုတ် မို့ မိဘ မချီပိုးရ ။ ဆွေမျိုး ၊ မောင်နှမ နှင့် အခြား သူများ လက်တွင် ခါးထစ်ခွင် ချီခြင်းဖြင့် ကြီးပြင်း လာရသည် ။ အဝတ် သန့်သန့်ပြန့်ပြန့် နှင့် သိပ် လျှင် ပက်လက်ကလေး အိပ် နေတတ် သဖြင့် ကြီးပြင်း လာသော အခါ ခေါင်းပြား တော့၏ ။
( ၁၀ ) လ အရွယ် တွင် ခြေ မနိုင့်တနိုင်နှင့် မတ်တတ် သွားစ ပျိုး၍ စကားလည်း မပီကလာ ပီကလာ ပြောတတ် လာ၏ ။ ‘ ဘဆွေလေး ’ ‘ ဟင် ညာ ’ ဟု ထူးသည် ကိုပင် နားထောင်၍ မငြီး ဖြစ်ကြသည် ။ ငယ်ငယ်က မတ်တတ်သွား ၊ ငယ်ငယ် က စကားပြော သဖြင့် အရပ်ပညာ ဆရာကြီး ဦးအယ်ပု က ဒီကောင် ကြီး ရင် ထူးထူးခြားခြား ဉာဏ် ကောင်းမည် ဟု နိမိတ် ဘတ်၏ ။ ဘုရားလောင်း ဆိုလျှင် မွေးမွေးချင်း လမ်းသွား ၊ မွေးမွေးချင်း စကားပြောသည် ဟု အကြောင်းပြသည် ။
ဘဆွေ မှာ မဟာဘုတ် ဗေဒင် အလိုအရ မရဏဖွား သောကြာအဓိပတိ ရသူ ဖြစ်၏ ။ မရဏဖွား ဖြစ်လျှင် ငယ်စဉ်က သေတတ်၏ ။ မသေ ကျန် က မင်းလောင်း ဟု ဆိုရိုး၏ ။ သည်ဟာ ကို ဘဆွေ ၏ မိဘများက ယုံကြည်ကြ၏ ။ သားငယ်ကလေး အား အစားအသောက် အနေအထိုင် အစခပ်သိမ်း ဂရုစိုက်ကြ၏ ။
ဧရာဝတီ မြစ်ရေ ကျသွားချိန် ၊ နံနက်ခင်း မွန်းမလွဲ ခင် ၌ ၊ အိမ်ဇနီးသည်များ ၊ သမီးပျိုများ သည် မြစ်ကမ်း တွင် အဝတ် ဖွတ်လျှော်လေ့ ရှိကြ၏ ။ ဒိုဘီ ခေတ်မစားသေး ၊ စောင် စသော အထည်ကြီးများ ဆိုလျှင် တစ်ထည် ( ၂ ) ပြားတစ်ပဲ နှင့် အငှားဖွတ် ပေးသူများ သာ ရှိကြသည် ။
အသက် ( ၂၅ ) နှစ်ခန့် ၊ အသားဖြူဖြူ ရုပ်ရည်သန့်သန့် မိန်းမ တစ်ယောက် သည် သားငယ် နှစ်ယောက် ၊ သမီးငယ် တစ်ယောက် ၏ အဝတ်များ ကို ဖွတ်လျှော် နေ၏ ။ ( ၁၀ ) လ အရွယ် သားငယ်ကလေး မှာ မိခင် ၏ ကျော ကို ကိုင်လျက် မတ်တတ်ရပ် နေ၏ ။
“ ဘဆွေ ၊ အမေ အဝတ်ဖွတ် နေတယ် ၊ ဟိုနား သွားထိုင်နေစမ်း ”
ကလေး သည် မိခင်ကျောမှ ခွာခဲ့ကာ ၊ ကမ်းစပ် တစ်နေရာတွင် ဆော့၍ နေသည် ။ သူ့ ခြေကို သူနိုင်ပြီ ဟု ထင် သော်လည်း မနိုင်သေးချေ ။ တစ်ခါတစ်ရံ ဖင်ထိုင် လဲကျ သွားတတ်၏ ။ ရေလှိုင်းကလေးများ က လည်း ကမ်းစပ်သို့ တိုက်ခတ်ကာ ဧရာဝတီမြစ်ကြီး ၏ နဖူးရေ ကို တိုးလိုက် လျှော့လိုက် တင်းလိုက် ဖြစ်အောင် လုပ်နေကြသည် ။
“ မမြှင် .. မမြှင် ကလေး ရေနစ် နေပြီ ”
အခြား အဝတ်ဖွတ် နေသော မိန်းမ အချို့က ကျယ်လောင်စွာ အထိတ်တလန့် အော်လိုက် မှ လက် ထဲ က အဝတ်ကို ချထားကာ ၊ သားချစ်ကလေး အား ကြည့်၏ ။ ဘယ်မှ မမြင် ။ မျက်လုံးပြာလောင်ခတ် သွားကာ ၊ ဟိုသည် ရှာနေသည် ။
“ တော့် နောက် ( ၂ ) တောင် လောက် ရေထဲ မှာ ”
“ အမလေး ကျုပ် သားလေး ရေတိမ်နစ်ပေါ့ ”
မမြှင် သည် ငို လည်း ငို ၊ သားကလေး ကိုလည်း ခြေတစ်လှမ်း ထဲ နှင့် ငုံ့ထအကြည့် ။ ငရံ့ပြေး ပက်လက် ဖြစ်နေသည် ကို မြင်ရ၏ ။ ချက်ချင်း ပွေ့ယူ လိုက်သည် ။ “ သား .. သား ” နှင့် ငုံ့ ကြည့် လိုက်သော အခါ ...
“ အမေ .. အနော် ရေ အတောက်ဖူး ”
ဘဆွေ က ရွံတတ်သည် ။ ကမ်းစပ် မှ ရေ နောက် နေ၏ ။ သူ့ အား ဆပ်ပြာခွက် ( ကြေးဖလား ) ပြောင်ပြောင်လက်လက် နှင့် ရေသန့်သန့် တိုက်ရသည် ။ မသန့် လျှင် သောက်လေ့ မရှိ ။ ဝမ်းထဲ ရေဝ င်လျှင် သေတတ်သည် ဟု နားလည် ၍ မဟုတ် ။ ရွှံ့ဗွက်ရေ ကို ရွံ သဖြင့် ပါးစပ်ပိတ် ထားသည် ။ အချိန်ကလည်း မိနစ်ပိုင်း အတွင်း ၊ ဆယ်ယူ မိ သဖြင့် လက်မတင်ကလေး အသက် ချမ်းသာခဲ့ခြင်း ဖြစ်သည် ။
••••• ••••• •••••
“ ငိုမနေပါနဲ့ မမြှင် ရယ် ၊ ဒါကလေးတွေ ကုန်သွားရင် ရှင့် သား သက်သာ လာမှာပါ ”
အသက် ( ၂၉ ) နှစ်ခန့် မိန်းမ တစ်ယောက်က တရှုံ့ ရှုံ့ငိုနေသည် ကို အသက် ( ၂၁ ) နှစ်ခန့် မိန်းမ ဖြူဖြူချောချော က အားပေးစကား ပြော၍ နေခြင်း ဖြစ်၏ ။ သူတို့၏ အနီးတွင် အသက်( ၃ ) နှစ်ကျော် ၊ ယောက်ျားကလေး မှာ ပက်လက်ကလေး ဖြစ်နေ၏ ။ ပိန်ချုံးလျက် နံရိုးကျဲကျဲ နှင့် တစ်ချီတစ်ချီ နှုတ် မှ အသံ သဲ့သဲ့ဖြင့် ...
“ အမေ လုပ်ပါဦး ” ဟု အကူအညီ တောင်း နေသည် ။
ဒူးဆစ် အထက် မှ ပေါင်ချန် အထိ အနာများမှာ အပ်ချစရာ မရှိ ။ မဲညို ကာ တစိုစို ဖြစ်နေသည် ။
“ မမြစ် ညည်းလည်း ညောင်းလှပြီ ၊ ငါ့ သားကလေး ဒီတောင် က မှ တက်ပါဦးမလား ”
“ ဆွေမျိုးတွေ တစ်လှေကြီး နဲ့ ၊ ဘာလို့ လျှော့ရမှာလဲ ”
ကလေး ၏ ရောဂါကား ယားနာအစို ဖြစ်၏ ။ ရေကြီးချိန် လှေ စီး၍ ဆော့ခဲ့သော ဘဆွေ ၊ နံနက် ထမင်းစား ပြီးမှ ညနေ ထမင်း စားခါနီး အထိ အကြီးတွေ နှင့် လှေကစား လိုက်၏ ။ တစ်နေ့ တစ်ရက် မဟုတ် ၊ ရေ မကျသ၍ ၊ အိမ်ကြိုအိမ်ကြား ပေါင်းစုံ ၊ မီးဖိုချောင် က အညစ်အကြေးများ အပြင် ၊ ချီးသေး လည်း အိမ်ပေါ် က ယိုပေါက်ကြ သဖြင့် ညစ်ပတ်သော ရေတစိုစို က ၊ ယားနာစို ဖြစ်သည့် ဘဝ အထိ ခံစားနေရခြင်း ဖြစ်သည် ။
အဝတ် နှင့် အထိ မခံနိုင် သဖြင့် ငှက်ပျောဖက် ကို အဝတ် ပေါ်က ခင်းပေးရ၏ ။ ပေါင်နှစ်ဖက် စလုံး အပ်ချစရာ မရှိသည့် အထဲ ၊ အနာတိုင်း လောက်ကောင် က တဖွားဖွား မြင်မကောင်း ဖြစ်နေသည် ။ အဒေါ်မမြစ် က လောက်ကောင်များ ကို ဇာဂနာ နှင့် တစ်ကောင် ပြီး တစ်ကောင် နှုတ်ယူကာ ထွေးခံထဲ ချနေ၏ ။
“ အမေ ယားတယ် ယားတယ် ”
“ အေး ခြင်ကိုက်တာဟ ဘဆွေ ရ ၊ အဒေါ် မောင်း နေပါတယ် ”
ယပ်တောင် နှင့် ခပ်ပေးရင်း ၊ ဇာဂနာ နှင့် နှုတ် ၊ မမြှင် ကတော့ ငိုဖို့သာ တတ်သည် ။ ဆရာတွေ က လက်လျှော့ ထားကြပါပကော ။
မမြစ် ကား ဉာဏ်ရှိ၏ ။ လောက်ကောင်တွေ အကုန်သေ က ကလေး သက်သာမည် ။ လောက်ကောင်တွေ သေအောင် ဘယ်လို လုပ်ရမည် ကို လည်း နားလည်၏ ။ ကလေး ခံနိုင်ရှာမည် မဟုတ် ။ နောက်ဆုံး တူမတွေ အား ခေါ်ကာ လူနာကလေး ဟိုဘက်သည်ဘက် လေးယောက် စီ ထိုင်ကြကာ ဇာဂနာ ကိုယ်စီနှင့် လောက်ကောင်တွေ အား ထုတ်ယူ ကြသည် ။ နံနက် မိုးလင်း မှ ထမင်းစားချိန် လောက် နားပြီး ညနေ နေဝင်ချိန် ကျတော့မှ လောက်ကောင် ကုန်၍ ဆေးထည့် နိုင်သည် ။ ဘဆွေကလေး တစ်နေ့တစ်ခြား သက်သာ လာတော့၏ ။ ဘယ့်လောက် ဆိုးသည့် ရောဂါ ဟူမူ ၊ ပေါင်နှစ်ဘက် အကွက်အကွက် ညိုမဲ နေရာ အသက် ( ၂ဝ ) ကျော် မှ ထိုအကွက်များ ပျောက်သွားသည် ။
“ မင်း ငယ်ငယ်တုန်း က အဒေါ် ဖြင့် ဇက် နဲ့ လက်များ အန်သေလို့ ... ယားနာလောက်တွေ ထုတ်လိုက်ရတာ ”
ဘဆွေ ကြီးပြင်း လာသောအခါ အဒေါ် ဒေါ်မြစ် က စကား စပ်မိတိုင်း ပြောလေ့ရှိ၏ ။ ဘဆွေ ရန်ကုန် သို့ ပြောင်းရွှေ့လာ၍ အညာ တွင် ဘယ် ဆွေမျိုးရင်းခြာ သေဆုံး၍မှ ၊ ကိုယ်တိုင် မသွား ၊ ငွေကြေး ပေးပို့ ကူညီခဲ့၏ ။ ( ၁၉၃၉ ) ခု ဘုန်းကြီးလမ်း ၌ နေစဉ် ၊ ညနေ ( ၄ ) နာရီ သာသာ “ ဒေါ်မြစ် ဆုံးပြီ ” ဟူသော ကြေးနန်း ရသောအခါ ၊ ဘဆွေ အရက်မူးမူး နှင့် ကြူကြူပါ အောင် ငိုတော့၏ ။ မှီရာ ရထား နှင့် စစ်ကိုင်း သို့ လိုက် ပြေးကာ ၊ ကောင်းစွာ ကူညီ သင်္ဂြိုဟ်၏ ။
အဒေါ် ၌ ကျန်ရစ်သော သား သုံးယောက် ၊ သမီး တစ်ယောက် ၊ သင်းမောင် ( ယခု ကွယ်လွန်သွားပြီ ) ၊ စောမှီ ၊ စိန်မောင် ( ယခု ပုသိမ်ထောင်မှူးလေး ) ထွေးမောင် ( ယခု တပ်မတော် ) တို့အား မင်းတို့ မိဘ မရှိပကော လို့ အားမငယ်ကြနဲ့ ၊ စိန်မောင် နဲ့ ထွေးမောင် ကို အစ်ကိုကြီး ကောလိပ်ပညာ အထိ သင်ပေးမည် ဟု အားပေးစကား ပြောကာ ရန်ကုန် သို့ ပြန်ခဲ့၏ ။
••••• ••••• •••••
“ ကိုငြိမ်း .. ရှင့် သားသမီးတွေ က ဆော့ပါဘိသနဲ့ ၊ ဒီ ဝရန်တာ တစ်ချောင်း မြန်မြန် အစားလဲ တပ်ထားဦး ၊ ဝရန်တာ ပေါက် မှ ကျမှဖြင့် မသက်သာဘူး ”
“ အေးပါ မယ်မြှင် ရာ ၊ ငါ လည်း တပ်မလို့ ဟာ ၊ ပျဉ်ဆိုင် နား ရောက်မှ မေ့မေ့ လာခဲ့တယ် ”
ဦးကြာဖူး ဒေါ်အိုကြီး ၏ သား ကိုအောင်ငြိမ်း ( ၁၉ ) နှစ်သား ၊ ပြည်လုံးအံ့ ( သာစည် ) ရပ်သူ မမြှင် ( ၁၇ ) နှစ် တွင် အကြောင်းပါ ကြပြီး နောက် ကျွန်းတိုင်ကြီးများ နှင့် လေးဆောင်ပြိုင် အိမ်ကြီး တွင် မိဘများ နှင့် အတူ နေထိုင်ကြရာမှ သားဦးကလေး မောင်ဘစိန် မွေးဖွားပြီး နောက် အိမ်တစ်ဆောင် မီးတစ်ပြောင် နှင့် နေမည် ဟု လေးဆောင်ပြိုင် အိမ်ကြီး ၏ နောက်ဘက် တွင် သုံးခန်းပတ်လည် ပျဉ်ခင်း ဝါးထရံကာ ဝါးကပ်မိုး အိမ်တစ်ဆောင် ဆောက်၏ ။ ကိုအောင်ငြိမ်း က ရန်ကုန် သို့ ထွက်ပြေး ဖူး၍ ဝရန်တာများ ကို မြင်ဖူးကာ စိတ်ကူးယဉ်ယဉ် နှင့် အခြား အိမ်များနှင့် မတူ ၊ အိမ်ရှေ့ဘက် မျက်နှာစာ ဘက်တွင် ဝရန်တာ ထည့်ထား၏ ။ တစ်လက်မ လေးထောင့်တိုင်ကလေးများကို တစ်တိုင် နှင့် တစ်တိုင် ( ၆ ) လက်မလောက် စိုက်ကာ ထားရာမှ ၊ တောင်ဘက် ၌ တစ်တိုင် ကျိုးနေ သဖြင့် ပြောခြင်း ဖြစ်သည် ။
တစ်ညနေ ( ၄ ) နာရီသာသာ အချိန်၌ အသက် ( ၆ ) နှစ် အရွယ် မစိန်းမေ နှင့် ( ၄ ) နှစ် အရွယ် မောင်ကလေး ဘဆွေ တို့ စောင်ကြီး တစ်ထည်စီ ခေါင်းမြီးခြုံ ကာ လေးဘက်ထောက် လျက် ၊ ဆင်ဝှေ့တမ်း ဝရန်တာ တွင် ကစား နေကြ၏ ။ မစိန်းမေ က မြောက်ဘက် က ၊ ဘဆွေ က တောင်ဘက် က ဖြစ်၏ ။ မစိန်းမေ က ဘဆွေ ထက် အား ကောင်းသည့် အပြင် ၊ ဒေါသ လည်း ကြီးတတ်၏ ။ ဘဆွေ က ခေါင်း နှင့် ဝှေ့လိုက်ရာ တစ်လှည့် သူ ဖင်ထိုင်ကျ သွား၏ ။ နောက်တစ်လှည့် သူ က တအား ဝှေ့တိုးရာ ဘဆွေ က နောက်ဆုတ် နောက်ဆုတ် နှင့် ဖြစ်နေရာက ဝရန်တာ ကျိုးသော အပေါက် မှ အောက်သို့ ကျသွားသည် ။
“ ဟော ... ကလေးသေပါပြီ .. ”
အိမ် ၏ တောင်ဘက် ကုတင်ကြီး တစ်ခုပေါ်တွင် ယောင်းမများ နှင့် ဝိုင်းဖွဲ့ စကားပြော နေကြရာမှ မမြှင်၏ အော်သံ ဖြစ်၏ ။ အားလုံး ထပြေး လာကြ၏ ။ မြေပြင် နှင့် ( ၇ ) ပေ ကျော်ကျော် မြင့် သဖြင့် ဦးခေါင်း နှင့် ဇောက်ထိုး ကျက ဇက်ကျိုးသေမည် ဖြစ်၏ ။ လူကြီးများ ဘဆွေ အနီးသို့ ရောက်သောအခါ မြေပြင် တွင် ထိုင်လျက် ဘာမျှ မဖြစ် ။ လူကြီးတွေ ကို သာ “ စိန်းမေ တိုက်ချတာ ” ဟု တိုင် နေ၏ ။ အလိုက်သင့် ကျပြီး စောင်က လုံးထွေး ကာ ၊ အောက်က ခံ နေသောကြောင့် အနည်းငယ်မျှ မနာကျင် ။ အရမ်း လုပ်ရသလား ဟု မစိန်းမေ ကိုသာ ကျောပြင် ( ၃ - ၄ ) ချက် အရိုက် ခံရသည် ။
••••• ••••• •••••
“ နင်တို့ တယ် မိုက်တဲ့ ကောင်တွေပါလား ဟင် ”
အသက် ( ၈ ) နှစ် ၊ ( ၉ ) နှစ်ခန့် ၊ ဆံရစ်ဝိုင်း ရောင်ပေစူး နှင့် ဘုန်းကြီးကျောင်းသားကလေး နှစ်ယောက် အား သက်တော် ( ၅ဝ ) ၊ ဝါတော် ( ၃ဝ ) ခန့် ဘုန်းတော်ကြီး က ကြိမ်းဝါး နေခြင်း ဖြစ်၏ ။
“ နဘမ်းလုံးသ,တ် နေကြတာ ဘယ်သူလဲ ဆိုရင် ဘဆွေ နဲ့ ဘဦး ၊ လက်ဝှေ့ ထိုးနေကြတာ ဘယ်သူလဲ ဆိုရင် ဘဆွေ နဲ့ ဘဦး ၊ အခု ကြည့်စမ်း ၊ အိုးခြမ်းပဲ့ နဲ့ ပစ်ခတ် နေကြတယ် ။ မျက်လုံးမျက်ဆန်များ မှန်ရင် မကန်းပါလား ”
ဘဆွေ ၏ ဘယ်ဘက် ပခုံးစွန်း တွင် တစ်လက်မ ခန့် အစင်းနှင့် သွေးစို့ နေသည် ။ ဘဦး ၏ ရင်ဘတ် နှင့် ဘယ်ဘက် ပါး တွင်လည်း သွေးများ စို့နေသည် ။ ဘဆွေ က ငယ်ငယ် ကတည်း က ပေတတ်သည် ။ မင်းစံရပ် ကမ်းနား မြစ်ရေကျ သွားသော အခါ ရွှံ့ဗွက်တွေ ထူ၏ ။ ရွှံ့ နှင့် စစ်တိုက်တမ်း ကစား သဖြင့် မျက်နှာရင်ဘတ် ရွှံ့လုံး မှန်၍ ပေကျံ နေသည် ။ လက်တွက်တမ်း ကစား၏ ။ ၎င်းမှာ လက်မ လက်ခလယ် နှစ်ခု လက်သဲ နှင့် တစ်လှည့်စီ လက်ခုံ ကို တွက်ရခြင်း ဖြစ်ရာ ၊ လက်ခုံတစ်ခုလုံး သွေးခြင်းခြင်း နီ၍ အရေခွံများ ပဲ့နေ တတ်သည် ။ ကန်ချာ ကစားရာ၌ လည်း ရှုံးသူ က ကျောက်ပေသီးဒိုး နှင့် လက်ခေါက် အပစ်ခံရခြင်း ဖြစ်ရာ လက်ခလယ် အရင်းနှင့် လက်ခွံများ နီရဲအောင် ကစားဖူး၏ ။
ယခုလ ည်း သူ နှင့် ပေဘက် ၊ ဘုန်းတော်ကြီး အမိန့် ရှိသလို ကစားကြရာ ဘုန်းတော်ကြီး ကျောင်း ပေါ် က မြင် သဖြင့် ရိုက်နှက်ဆုံးမရန် ခေါ်လိုက်ခြင်း ဖြစ်၏ ။ တစ်ယောက် လျှင် ကြိမ်လုံး နှင့် သုံးချက်စီ အရိုက် ခံရပြီး ဘဆွေ နှင့် ဘဦး မှာ တစ်ယောက် လည်ပင်း တစ်ယောက် ဖက်ကာ ကျောင်း မှ ဆင်း၍ လာကြသည် ။ သူတို့ ကား တစ်ဦး နှင့် တစ်ဦး မမုန်းကြ ။
ဘဦး က ဘဆွေ ထက် တစ်နှစ် ကြီး၏ ။ အလွန် ခင်မင်သော သူငယ်ချင်း ဖြစ်ရာ ဘဆွေ အောင်ပင်လယ်ရွာ က ပြန်သည် ရှိသောအခါ လည်ပင်း ဖက်၍ ငိုရှာသည် ။
ကိုအောင်ငြိမ်း နှင့် မမြှင် မှာ သားသမီး ( ၄ ) ယောက် ရမှ အကြီးအကျယ် စကား များကြ၏ ။ မမြှင် က မိန်းမအေး ဖြစ်သော်လည်း တစ်ခါတစ်ရံ အလွန်ဒေါသ ကြီးတတ်၏ ။ ကိုအောင်ငြိမ်း ကလည်း လက်မြန်ခြေမြန် ရှိသဖြင့် ရိုက်နှက်ရာ က အစ စိတ်ဝမ်းကွဲ ပြီးလျှင် မမြှင် သည် ကိုအောင်ငြိမ်း မသိအောင် သားသမီး ( ၄ ) ယောက် နှင့် မန္တလေး အရှေ့ အောင်ပင်လယ်ရွာ သို့ ထွက်ခွာလာခြင်း ဖြစ်၏ ။
သားအကြီး မောင်ဘစိန် ( ၁၃ ) နှစ် ၊ မစိန်းမေ ( ၁၀ ) နှစ် ၊ ဘဆွေ( ၈ ) နှစ် ၊ စိန်းမြ အငယ်ဆုံး ( ၅ ) နှစ် တို့အား အောင်ပင်လယ်ရွာ တွင် တစ်ပင်တိုင်မုန့်တီ ရောင်းပြီး ကျွေးသည် ။ တစ်နှစ်ကျော် အကြာ သားအကြီး ကိုဘစိန် ( ၁၄ ) နှစ်သား ပလိပ်ဝမ်းရောဂါ နှင့် ဆုံးရာ ၊ ကိုအောင်ငြိမ်း သိရှိပြီး သားမယားများ ကို စစ်ကိုင်း သို့ ပြန် ခေါ်သွားခြင်း ဖြစ်သည် ။ ဘဆွေ မှာ သုံးတန်းပညာ သင်ကြား နေဆဲ ဖြစ်၍ အောင်ပင်လယ်ရွာ ဝါဆိုကျောင်း တွင် ဆက်လက် ပညာ သင်ကြားစေ၏ ။ ထို ကျောင်းမှာ အစိုးရ အသိအမှတ်ပြု လောကဓာတ် ( ၄ ) တန်းကျောင်း ဖြစ်ရာ ဘဆွေ က ပညာ မဆည်းပူးရ ၊ ပညာ တော်သဖြင့် လက်ထောက်ဆရာ အဖြစ် နှင့် တစ်တန်း နှစ်တန်း ကူညီပြသရ၏ ။ နှစ်စေ့၍ ဆုငွေ ထုတ်သောအခါ အဝတ်အထည် နှင့် ငွေများ ခွဲဝေပေး၏ ။
အောင်ပင်လယ်ကန် ရေ ကျလျှင် ၊ လယ်ဧကများစွာ စပါး စိုက်ကြ၏ ။ ကောက်စိုက် ကောက်ရိတ် လိုက်နေရသည် မှာ တပျော်တပါး ၊ ကောက်ညှင်းပေါင်းပွဲဖြင့် လူကြီးတွေ နှင့် စားရသည် ။ ရေ ကြီး၍ ကြာပွင့်လျှင် ကြာဖူးကြာစေ့ စိမ်းစိမ်းလတ်လတ် စားရ၏ ။ ရေ ကျ၍ ခြောက်လျှင် ကြာစေ့ ကောက်ရသည် မှာ မမောနိုင် ။ အခွံနက်မာ အတွင်းက အရသာရှိသော ကြာဆံများ စားရသည် ။
နွားကျောင်း လည်း လိုက်တတ်၏ ။ ဒေါ်မြှင် ၏ ဝမ်းကွဲအစ်ကို ဘကြီးစိုး က ဘဆွေ အား အလွန်ချစ်သည် ။
“ ဟဲ့ ဘဆွေ နင် စီးရင် စာဥကြီး စီးနော် ၊ နင် နွားကောင်းကောင်း မစီးတတ်ဘူး ၊ စာဥကြီး က လိမ္မာတယ် ”
စာဥကြီး နှင့် ဘဆွေ ထိုနေ့က စ၍ မိတ်ဆွေ ဖြစ်ကြ၏ ။ ဖြီး နေအောင် ဝ၍ အလွန်သန်မာ တောင့်တင်းသော နွားကြီး ဖြစ်၏ ။ ထူးဆန်းပုံမှာ ဘဆွေ က နွားကြီး ၏ ကျောပေါ်သို့ ရောက်အောင် ခုန်လွှား၍ မတက်တတ် ။ စာဥကြီး က ဆင်များ လို ခြေလေးဘက် ညွတ် မပေးတတ် သော်လည်း ရှေ့လက်နှစ်ဘက် ကို ညွတ်၍ ပေး၏ ။
တစ်ညနေတွင် ဘဆွေ သည် အောင်ပင်လယ်ကန် မှ စာဥကြီး ကို စီးပြီးလျှင် စာဥကြီး နှင့် အပေါင်းပါ နွား ( ၉ ) ကောင် ( ၁ဝ ) ကောင် နှင့် နွားကျောင်းသား စတိုင် ဟန်ပါပါ ပြန်၍ လာခဲ့၏ ။ ရေအိုင် တစ်ခုသို့ ရောက်သောအခါ အခြား နွားတစ်အုပ် က အပြေး လာကြကာ ၊ ရေသောက်ရာ က အစ အချင်းချင်း နောင်ဂျိန် ကြတော့၏ ။ စာဥကြီး က သူ့ ကျော ပေါ်တွင် ဘဆွေ ပါသဖြင့် ခုန်ပေါက်ခြင်း မပြုဘဲ ခပ်ညှာညှာ ခံ၍ နေသည် ။ စာဥကြီး အပေါင်းအဖော်များ ကမူ ခပ်ကြမ်းကြမ်း အော် နေသဖြင့် တစ်ချီ ၌ စာဥကြီး နောက်ဆုတ် လာသော အကောင်ကြီး ကို အရှောင်လိုက် ဘဆွေ စာဥကြီး ၏ကျောပေါ်မှ လိမ့်ကျသွားသည် ။ ဘကြီးစိုး သားသမီးများ လည်း ပါလာကြရာ ..
“ ဟဲ့ ..... ဘဆွေ လိမ့်ကျသွားပြီ ” ဟု နွားများ ကို တံပြာ နှင့် ရိုက်ကာ ခွဲနေသည် ။ စာဥကြီး ကား နေရာ မှ မရွေ့ ၊ လေးဘက် ခပ်ကားကား ခွထားကာ အခြား နွားများ ဘဆွေ အား မနင်းမိအောင် ကာကွယ် ထား၏ ။ စာဥကြီး က သာ ထိုသို့ လုပ်မထားပါက ၊ နွား နင်း၍ သေမည်ကား မလွဲ ၊ လူကြီးများ က စာဥကြီး အောက်မှ ဘဆွေ အား ဆွဲထုတ်၍ ကျောပေါ် တင်ပေးလိုက်လျှင် ရွာ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်၍ လာနိုင်ခြင်း ဖြစ်သည် ။
••••• ••••• •••••
“ ဒီ့ပြင် ဘယ်သူ ပါသေးသလဲ ၊ ပြောစမ်း ”
အရပ် ပုပု ၊ ကိုယ်လုံး သေးသေး ၊ မဏိတော် လုံးလုံးသေးသေး ၊ ဘုန်းတော်ကြီး ဦးသီလ က ကျောင်းသားတရားခံ အချို့ အား ကြိမ်စာ ကျွေးရန် အရပ် ခိုင်းထားပြီး လူ လိုသေးသည် ထင်၍ ထပ်မံ မေးမြန်းတော်မူခြင်း ဖြစ်သည် ။
ပိုးသင်္ကန်း နှင့် ရွှေတံဆိပ်ရ ၊ ရွှေတောင်ဦးကျောင်းအုပ် ဦးသီလ ဆိုလျှင် အထက်မြန်မာပြည် မှ မသိသူ မရှိချေ ။ ( ၁၅ ) နှစ်သား အရွယ် ရေနစ်ဖူးရာ ၊ သူများ ကယ်သဖြင့် ၊ ရွှေတောင်ဦးမော် နားတွင် အသက် ချမ်းသာရာရ၏ ။ ထိုအရွယ် ကစ၍ ၊ ရွှေတောင်ဦးမော်တောင် ပေါ်၌ သင်္ကန်းဝတ်သည် မှာ ( ၆၃ ) နှစ်ရွယ် ပျံလွန်တော်မူသည် အထိ ရေ လည်း တစ်ကြိမ်မျှ မချိုးတော့ချေ ။ ရေချိုး ဆော့သော တပည့်များ တွေ့က ၊ အတော် နာကျင်အောင် ရိုက်နှက် ဆုံးမတတ်၏ ။
ရွှေတောင်ဦးမော် တွင် လှေကားကြီး ရှိ၏ ။ ဗျက် ( ၂ ) ပေခန့် ၊ တစ်ခု နှင့် တစ်ခု အမြင့် တစ်ပေခန့် ၊ အနံပေ ( ၆ဝ ) ခန့် ကျယ်သဖြင့် လှေကားကြီး ခေါ်သည် ။ ရေ ကြီးသောအခါ သာစည် ၊ နတ်ပန်း ၊ ရန်နိုင် ၊ ပဲခူး ၊ လေးကျွန်းမြေ စသော ရပ်ကွက်မှ လှေကားကြီး ပေါ်သို့ အဝတ် ဖွတ်ကြ ၊ ရေချိုးကြ နှင့် အလွန် စည်ကားသည် ။
လှေကားကြီး တစ်ဘက် တစ်ချက် တွင် မန်ကျည်းပင်ကြီးများ နှင့် ဆော့ကမြင်းသော ကျောင်းသားများ သည် မန်ကျည်းပင်ထိပ်ဖျား အရောက် တက်ကြ၏ ။ ထိပ်ဖျား မှ မန်ကျည်းကိုင်း ကို ဆွဲကာ အဖျားသို့ ဆင်း လာပြီးလျှင် ပေ ( ၂၀ ) ( ၃ဝ ) အမြင့် က ရေထဲ ခုန်ချကြ၏ ။ ကျောက်ဆောင် ၊ ကျောက်စွန်း တစ်ခုခု နှင့် ဆောင့်မိလျှင် သေကြမည် က မလွဲ ။ ထိုကဲ့သို့ ဆော့သော ကျောင်းသားများ တွေ့က ခါး ကော့အောင် ကြိမ်လုံး နှင့် ဆုံးမတတ်သည် ။
“ ဘဇင် ၊ အောင်မြင် ၊ ရန်အောင် ၊ ဘဆွေ ”
တရားခံ လေးယောက် ၊ မန်ကျည်းပင် ပေါ်က ရေထဲ ခုန်ချနေသည် ကို လက်ပူးလက်ကြပ် မိ၍ နေချေပြီ ။ ရေငုပ် ကောင်း၍ တစ်ယောက် မည်သူမှန်းမသိ ။
“ အောင်ခ .. ဘုရာ့ ”
အလိုတော်ရိ ကျောင်းသား တစ်ယောက် က ဖော်ကောင် လုပ်လိုက်၏ ။
“ ခွေးမသား အောင်ခ လာခဲ့ ၊ နင့် အမေ မွေးတုန်းက ရှောက်မွေး ညိ မသေခဲ့ဘဲကိုး ”
အောင်ခ အား ဘုန်းတော်ကြီး က ဤကဲ့သို့ မကြာခဏ ကြိမ်းတတ်သည် ။ ရန်အောင် တစ်ယောက် သာ ကတုံး ဖြစ်၍ ကျန် လေးယောက်မှာ ဆံရစ်ဝိုင်း ၊ ရောင်ပေစူး နီကြင်ကြင်တွေ နှင့် ဖြစ်ကြသည် ။
“ အမယ်လေး ... ကြောက်ပါပြီဖျာ့ ၊ နောက် မဆော့တော့ပါဘူးဖျာ့ ”
ဘုန်းကြီး က ကြိမ်လုံး နှင့် တစ်ချက် အရိုက်လိုက် ၊ ဘဇင် က ခြေနှစ်ဘက် ဆွဆွ ခုန်ပြီးလျှင် ၊ ထွန့်ထွန့်လူး နာ လေဟန် အော်လိုက်ခြင်း ဖြစ်၏ ။ ဘုန်းတော်ကြီး က သည်လို အော် လျှင် သနား တတ်သည် ။ ဘဇင် ကား သတ္တိခဲ လူပေ ဖြစ်သော်လည်း သူ့ ဆရာတော် အကြောင်း သိသဖြင့် ၊ တမင် အော်ခြင်း ဖြစ်သည် ။ ကျန် ကျောင်းသားများလည်း နာကျင်လို့ အော်ခြင်းဖြင့် သက်သာရာ ရကြရာ ၊ ဘုန်းတော်ကြီး လှည့် အသွား အောင်ခ က ဘုန်းတော်ကြီး နောက် မှ မဏိတော် ကို လက်ဖောက်ပြန် ပြနေရာ အားလုံး ဝိုင်းရယ်နေကြ၏ ။
ဘဆွေ ကား မိခင် က တားမြစ် သဖြင့် နောက်တွင် မန်းကျည်းပင် ပေါ်မှ ခုန်မချတော့ပေ ။ ကြီးပြင်းလာသော အခါလည်း ၊ အလွန် အသည်းယားစရာ ကောင်းကြောင်း တွေးမိသည် ။ ဘဆွေ အသက် ( ၃၃ ) နှစ် ၊ ခင်ဦးမြို့ ၌ ကျောင်းဆရာ လုပ်နေစဉ် ၊ အောင်ခ မှာ ခင်ဦး အနီး မဒေါင်းလှ ဆန်စက် ၌ အလုပ် လုပ်နေ၏ ။ မိုးတွင်း အလောင်းဘုရား ၏ တူးမြောင်း ရေကြီးစဉ် ၊ ငယ်မူ မပျောက်သေးသော အောင်ခ ၊ မြောင်း ထဲ ဂျွမ်းပစ် ကစားရာ ၊ တစ်စုံတစ်ခု နှင့် ဆောင့်မိပြီး အလောင်း အတော် ရှာယူရကြောင်း ဝမ်းနည်းစွာ ကြားရသည် ။
ဘဆွေ ကား မန်ကျည်းပင် ပေါ်က ခုန် မချ သော်လည်း ရှေ့ဂျွမ်းပစ် အလွန် ဝါသနာပါ၏ ။ တစ်နေ့သ၌ ကျွန်းတုံးကြီး ပေါ်က ရှေ့ဂျွမ်း ရေထဲသို့ ပစ်ချလိုက်ရာ ၊ ခြေချော်ပြီး ခေါင်း နှင့် ကျွန်းတုံး ဆောင့်မိလျက် မြုပ် သွား၏ ။ လက် မြန်သော ကျောင်းသားကြီး တစ်ယောက် က လျှင်မြန်စွာ ဦးစွန်းဖုတ် ကို ဆွဲမိ သဖြင့်သာ မသေပြန်ခြင်း ဖြစ်သည် ။
ဤ အဖြစ်အပျက်မှာ အောင်ပင်လယ်ရွာ က စစ်ကိုင်း သို့ ပြန်အရောက် ၊ ရွှေတောင်ဦးကျောင်း တွင်ပညာ ဆက်လက် သင်ကြားနေဆဲ ၊ ရှင် မပြုခင် ( ၁၀ ) နှစ်သား အရွယ် က ဖြစ်သည် ။
ဘဆွေ ငယ်ငယ်က ၊ ဗေဒင်ဆရာ တစ်ဦးသည် မရဏအိမ် တွင် စန်းခေါ်တနင်္လာဂြိုဟ် ရှိသဖြင့် ၊ ရေ နှင့် သေမည်ဟု ဟောဖူး၍ ၊ မိဘများ အလွန် စိုးရိမ်ကြသည် ။ ဘဆွေ ကိုယ်တိုင် ဗေဒင် ခေါက်မိသောအခါ ၊ ရေနှင့် သေမည်ကား မှန်၏ ။ သို့ရာတွင် မူလဇာတာ တွင် ဥပစ္ဆေဒကကံ မပါ သဖြင့် ရေနစ်၍ ကား မသေ ၊ ရေချိုး မှား၍ အအေး မိ၍ ၊ ဒီလိုနည်း နဲ့ အသက် ညင်ညင်သာသာ ထွက်မည့် ဇာတာပါ ဟု ရှင်းလင်း ပြောပြမှ မိဘများ အတော်စိတ်အေး သွားကြသည် ။
••••• ••••• •••••
“ မင်းများ ဖြစ်လိုက်ပြီ ဆိုမှဖြင့် လူကြီးတွေ မျက်ရည် နဲ့ မျက်ခွက် ”
“ အော် .. ဘယ်သူက ဒီလို ဖြစ်စေချင်မှာလဲ အဒေါ်ရဲ့ ”
အဒေါ်ဒေါ်မြစ် က အသက် ( ၁၄ ) နှစ် အရွယ် ၊ လူနာ ဘဆွေ အား အမေး လာရင်း အပြစ်တင်သံ နှင့် ပြောလိုက်ခြင်းဖြစ်သည် ။ ဘဆွေ မှာ ဘောလုံးကစား ရာ မှ ကျောက်စရစ်ခဲ နင်းမိ၏ ။ အတော် ပြင်းထန်သဖြင့် အသားမာ လိုက်လာရာ ဆေးရုံ ကွန်ပေါင်ဒါ က မိုက်မိုက်ကန်းကန်း ဓား နှင့် ခွဲရာမှ အနာမြုံ ပြီးလျှင် အကြောလိုက်ကာ ပေါင်တွင်းစက်တန့် ဖြစ်၍ နေချေပြီ ။
( ၃ ) လ ကျော် ကြာခဲ့ပြီဖြစ်၏ ။ ဘယ်ဘက်ပေါင် က မိမွေးတိုင်း ၊ ညဘက်ပေါင် က သေးသိမ်၍ တန်းနေသည် ။ အနည်းငယ်မျှ ကွေး၍ မရ ၊ လူကြီးတွေ က ဆေးရုံ ဆိုတာ လောလောဆယ် ရှနာကွဲပေါက်တာ သာ ကောင်းသည် ။ ပြည် တယ်သော အနာမျိုး မြန်မာဆရာ နှင့် တော်သည် ဟု မြန်မာဆရာ အလဲလဲနှင့် ကုစေသည် ။ နောက်ဆုံး စစ်ကိုင်း အချုပ်စု က အနာပေါက် ဆရာကြီး ဆရာဖြိုး အား ပင့်ဖိတ် ကုသစေသည် ။
“ ကျုပ် သားလေး အသက် မသေရင် တော်ပါပြီ ။ ခြေတစ်ဘက် သိမ် နေလည်း ဘာ ဖြစ်ရမလဲ ၊ ပြတ်သွားဦး ကိစ္စ မရှိပါဘူး ”
မိခင်ကြီး က သားကလေး အသက် မသေရင် တော်ပြီ ဟု ဆုတောင်းနေသည် ။ အင်္ဂလိပ်စာတတ်များ က ပေါင်လယ် အောက် တည့်တည့်က ပေါက်သော စက်တန့် မှာ ယခု အချိန်လောက် ဆိုလျှင် ဟစ် ( ပ် ) ဂျိုင့် ခေါ် တင်ပါးရိုးအဆက် သို့ ကူးစက် သွားပါက အသက်ပင် စိုးရိမ်ရကြောင်း ၊ ဆေးရုံ ပို့၍ ခွဲစိတ် ကုသသင့်ကြောင်း အကြံ ပေးကြသောကြောင့် ၊ ထိုမျှလောက် စိုးရိမ် နေခြင်း ဖြစ်၏ ။
မျက်မြင် မှာ တော့လည်း ဆရာဖြိုး ကုသရာ၌ တစ်ပေါင်လုံး ယောင် နေရာက အနာ မရှိသည် ကို ဆေးအုံ၍ တစ်နေရာ ၌ အနာ ဖော်ပေးသည် ။ ပြည်များပင် ထွက် နေသည် ။ လက်လေးသစ်ခန့် ဆေးတောင့် အနာဝ က အသားထဲ ထိုးသွင်း ထားကာ ၊ တစ်ရက် ထက် တစ်ရက် အသားနု တက်နေပြီ ။ နောက်ဆုံး ( ၄ ) လ ကျော်ကြာသော အခါ အနာ မှာ လုံးဝ ပျောက်ကင်း သော်လည်း ၊ ထော့နဲ့ ထော့နဲ့ နှင့် တစ်နှစ်ကျော် နေရပြီးမှ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်လာတော့သည် ။
••••• ••••• •••••
“ ဟော ဟော မြုပ်သွားပြီ ။ အလွယ်တကူ သေတော့မယ် ”
အသက် ( ၄၃ ) နှစ် ခန့် လူကြီး တစ်ယောက်သည် ရေထဲ သို့ ပေါင်လည်လောက် ရောက်အောင် ဆင်းလိုက် ၊ ကုန်းပေါ် ပြန်တက်လိုက်နှင့် ဗျာများနေ၏ ။ အသက် ( ၄၁ ) နှစ်ခန့် မိန်းမကြီး က မူ မျက်ရေတွေ ဝိုင်းလျက် ..
“ ကိုထွန်းမောင် တို့ ၊ မောင်ထွန်းရ တို့ လုပ်ကြပါဦး ”
အနီးရှိ ငှက်သမားများ အား အကူအညီ တောင်းနေသည် ။ ( ၁၆ ) နှစ်ရွယ် သားကလေး မှာ ရေလယ် တွင် မိုးသက်မုန်တိုင်း မိလျက် ၊ ခေါင်းစုတ်ဖွား နှင့် တစ်ချီတစ်ချီ မြုပ် သွားလိုက် ၊ တစ်ချီတစ်ချီ ပေါ်လာလိုက် နှင့် အသဲယားစရာ ဖြစ်နေ၏ ။ ကမ်းနား ရှိ မိန်းမများ လည်း ဟင် .. ဟယ် .. နှင့် မျက်စိမျက်နှာ ပျက် နေကြသည် ။
ဘဆွေ ကား ၊ တဂေါင်းရပ် ကမ်းနား တွင် ကျောက်ဆောင် ပေါများ သဖြင့် ၊ ဧရာဝတီမြစ်ရေ အကျဆုံး အချိန်၌ မြစ်လယ် ရောက်အောင် ၊ လက်ပစ်ကူးတတ်သည် ။ ဖခင် ဦးအောင်ငြိမ်း က “ ဟဲ့ .. ဘဆွေ ပြန်ခဲ့ပြန်ခဲ့ ၊ လက်ပန်းကျနေမယ် ” ဟု အော် ခေါ်မှ သို့မဟုတ် လျှင် ရွှေကြက်ယက် ဘက် အရောက် ကူးလေမလား ဟု အချို့က ပြောကြသည် ။
ဤနေ့ လည်း ၊ သူငယ်ချင်း ဖေတင် နှင့် ငှက်တစ်စင်း ကို သူ က ခတ်လျက် ရေလယ် သို့ သွားကြကာ ၊ သင်္ဘောရေကြောင်းပြ ၊ ဘောဝါးလုံး တွင် ငှက်အိုးကြီး ကို ဆောင်းကြိုးသတ်ချည်ထားလျက် ၊ ငှက်ပေါ် က ဂျွမ်းထိုး ချလိုက် ၊ ပြန်တက်လာလိုက် နှင့် ကမြင်း နေသည် ။ ထိုအတွင်း မိုးသက်မုန်တိုင်း ကျလာမည် ကို တော့ သူ နားလည်သဖြင့် ငှက်ပေါ် သို့ ကဗျာကယာ တက်ကာ ၊ ကမ်းဘက် သို့ ပြန်ကြမည် အလုပ် ရွက်တိုင်ဝါး တစ်လုံး ကျသွား၏ ။ ဖမ်း၍ ဆယ်လိုက်ရာ လူပါ အားလွန် ကျ သွားပြီးလျှင် ရေစုန် ဘက် ၊ ငှက် နှင့် တစ်ပေခန့် အကွာသို့ ရောက်နေသည် ။
ထိုအတွင်း လေပြင်း ကျလာကာ ၊ လှိုင်းကြက်ခွပ်များ ၊ တဖွေးဖွေး ဝါးလုံးကလေး အားပြုလျက် ဖော့ထားရာ က ဖေတင် မှာ ပြာလောင်ခတ် နေ၍ ကြိုးဖြည် မရ ၊ ဘဆွေ က “ ဂွင်းလိုက် ချွတ်လိုက် ” ဟု အော် ပြောမှ ၊ ချွတ်၍ရကာ ငှက်မျော အလာ ငှက်ပေါ်သို့ ဆွဲတက် ပြီးလျှင် သူ ကိုယ်တိုင် ခတ်၍ လာခဲ့စဉ် ကမ်းနား မှ ကယ်ဆယ်ရန် ငှက် တစ်စီး လည်း ထွက်လာခိုက် ဖြစ်၏ ။ ဆဲကြဆိုကြ ကြိမ်းမောင်းကြသည် ကို ခေါင်းငုံ့ ခံနေရ၏ ။
••••• ••••• •••••
“ လုပ်ကြဟေ့ မြန်မြန် ၊ နောက်ကျနေမယ် ”
“ ဟေး ဘရင် ၊ ငါ့ ပုဆိုး ဘယ် ဖွက်ထားသလဲကွ ”
ရှေးပေါက်ပင်ကျောင်း မှ ကျောင်းသားကိုရင်များ ၏ ဆူညံသံ ဖြစ်၏ ။ ဝါခေါင်လ မြင်းမူ ရွှေစောလူးဘုရားပွဲ သို့ သွားကြရန် နံနက် ( ၇ ) နာရီခန့်တွင် ပြင်ဆင် နေကြသည် ။ ရေဘောခေါ် လောင်းလှေကြီး က လည်း ရေကြီး နေသည့် ကျောင်းကြီး ဘေးတွင် အသင့် စောင့်နေသည် ။
ကျောင်းသား ကိုရင် ဝဲယာ ( ၁၈ ) တက် ၊ ပဲ့ကိုင် တစ်ဦး ၊ ပေါင်း ( ၁၉ ) တက် ၊ ဦးပဉ္ဇင်း ( ၂ ) ပါး ။ ဆရာကလေး ဘဆွေ တို့ က အခန့်သား ထိုင်လျက် မကြာမီပင် ရွေ့ပေါက်ပင်ရွာ မှ အထက် သို့ ဆန်တက် ခဲ့ကြ၏ ။ ဘဆွေ က မြင်းမူမြို့ သို့ မကြာခဏ ရောက်ဖူးသော်လည်း ဘုရားပွဲတော် သို့ တစ်ကြိမ်မျှ မရောက်ဖူးချေ ။ သေသွားတောင် မသနားသည့် အပြင် ၊ ဆဲချင်စရာ က အတွင်းခံ ဘောင်းဘီ ။ ယောလုံချည် ၊ ပင်ဖြူရှပ် ၊ ပင်ဖြူ အပေါ်ဝတ် တို့ ကို ရေကြောင်း သွားရလျက် အရေးရှိ က အလွယ်တကူ ချွတ် မရအောင် ၊ ဝတ်ဆင်ထားသောကြောင့် ဖြစ်၏ ။
ကိုရင် ကျောင်းသားများ ကတော့ ပျော်မြူးကာ တက်သွက် နေကြသည် ။ ဘဆွေ ရေးစပ်ပေးသော လှေတော်သံများ ၊ သံချပ်များ ဆိုကြ ထိုးကြလျက် ကျွဲရိုက်ရွာ အနီးသို့ ရောက်သောအခါ ရေစီး သန်သော ရေစွယ် တစ်ခု ရှိ၏ ။ လှေ အနည်းငယ် ရေလယ် ဘက်သို့ ကားထွက် သွားရာ ၊ ပဲ့ကိုင် ကိုရင်ကြီး က ဝီရိယ လွန်သဖြင့် လှေစောင်း သွားကာ ရေတွေ ဝင်လာ၏ ။
လောင်းလှေကြီး မှာ မူလ က ပင် လှေနံသည် ရေပြင် နှင့် တစ်မိုက်ခန့် သာ မြင့်၏ ။ သို့ရာတွင် ဖင်ငြိမ် ကျင့်သားရသဖြင့် မစိုးရိမ်ရ ။ ယခုမှာမူ လှေနံများ လက်တစ်ဝါး လောက်သာ ပေါ်တော့၏ ။ ဘဆွေ က “ ရေပက် ၊ ရေပက် ” ဟု ပြောသဖြင့် ကျောင်းသား တစ်ယောက်က လျက်မြန်စွာ ပက်နေရာ ( ၂ ) ခါ ( ၃ ) ခါ ပက်မိလျှင် ရေပက်သော ကြေးသပိတ်ဖုံး ရေထဲ လွတ်ကျသွား၏ ။ ရေပက်စရာ ခွက် မရှိတော့ ။ လှေကြီး က လည်း အပြင်သို့ တစ်စတစ်စ ကား ထွက်လာ၏ ။ လှိုင်းလှေတွေ ကလည်း တစ်စတစ်စ လှုပ်ရှား လာတော့သည် ။
သို့နှင့် လှေကြီး မှာ ရေလယ်သို့ အရောက် ရေဝင်၍ နစ်မည့်ဆဲဆဲ ဘဆွေ က တစ်ယောက် တစ်ဘက် ဖြည်းဖြည်း ရေ ထဲ ခုန်ချရန် ၊ အမိန့် ပေးသဖြင့် လှေကြီး ရေထဲ မှောက်မသွားဘဲ အိုးတယ် နစ်သွား၏ ။ အိုးတယ် နစ် သဖြင့်လည်း လှေနံ တစ်ဘက် တစ်ချက် တွယ်စရာ ရကြသည် ။ မှောက်၍ သာ သွားပါက ၊ ကျောင်းသား ၊ ကိုရင် ၊ ဦးပဉ္ဇင်း ( ၂၂ ) ဦး ကိစ္စ ချောမည် ဖြစ်၏ ။ ရေကြီးချိန် ဖြစ်သဖြင့် ၊ ဧရာဝတီမြစ် မှာ ( ၂ ) မိုင်ခန့် ကျယ်ဝန်း နေ၏ ။ လှေကြီး မှာ ရေစုန် သို့ ပါလျက်ရှိရာ ၊ ကျောင်းသား ကိုရင်များ ဇနက္ကမင်းသား ( ၇ ) ရက် တောင် ကူးနိုင်သေးတာ ဟု လှေ မှ ခွာကာ ပြေးတမ်းလိုက်တမ်း ရေကူး ကစားကြသေး၏ ။ ဘဆွေ က လက်ပန်းကျမည် ဟု သတိ ပေးရသည် ။ လေတိုက် နေစဉ် တစ်မိုင်ခန့် ဝေးသော ကမ်း တစ်ဘက်ဘက် သို့ ရောက်အောင် မည်သူမျှ မကူးနိုင်ကြောင်း နားလည်ကြသည် ။
ထိုအတွင်း စာပို့သင်္ဘောကြီး တစ်စင်း မြစ်လယ်မှ ဆန်တက် လာရာ ၊ ဘဆွေ က လက်ကိုင်ပဝါဖြူ တစ်ထည် နှင့် လှုပ်ရမ်း ပြကာ ၊ အကူအညီ တောင်း လိုက်၏ ။ သင်္ဘောကြီး စက်ရှိန်သတ်လိုက်သည် ။ အားလုံး ဝမ်းသာ သွားကြ၏ ။ သင်္ဘောခရီးသည် အချို့ အရှေ့ဘက် သို့ ရေနစ် နေသူများ အား ဝိုင်းဝန်း ကြည့်ကြသဖြင့် သင်္ဘောကြီး ပင် အနည်းငယ် မသိမသာ စောင်းသွားသေးသည် ။ သို့ရာတွင် ဘာမျှ အရေး မကြီးသလို ဆက်လက် ခုတ်မောင်း သွားသောအခါ ကိုရင်ကျောင်းသားတို့၏ ဆဲဆိုသံများ ဆူညံ သွားတော့၏ ။
ဘဆွေ မှ အပ ခါးတွင် မည်သူမျှ အဝတ် မကပ်ကြတော့ပေ ။ သင်းပိုင် ဧကသီ ၊ လုံချည်များ ကို လှေကန်တွင် ချည် ထားကြ၏ ။ အချိန် တစ်နာရီခန့် ကြာသောအခါ ၊ အားလုံး မျက်နှာ ပျက်လျက် စိုးရိမ် လာကြသည် ။ နောက်ထပ် နာရီဝက် ၊ လှေ ကို တွယ်ထားရန် တတ်နိုင်ကြတော့မည် မဟုတ် ။ လေ က တိုက် ၊ ရေ ထဲ တွင် တစ်နာရီကျော် ကြာနေပြီ ဖြစ်သဖြင့် အချို့ မေးခိုက်ခိုက် တုန်နေကြသည် ။
ဘဆွေ ကိုယ်တိုင် လှေနံ ကို လက် နှစ်ဘက် နှင့် တွယ်ထားရာမှ နှစ်ဘက်စလုံး ညောင်း၍ လက်ပြုတ်ထွက် လျှင် အခက် ဟု ၊ တစ်ဘက်စီ တွယ်ထားရ၏ ။ ဘယ် ညောင်း လျှင် ညာ ၊ ညာ ညောင်း လျှင် ဘယ် ၊ နှစ်ဘက်စလုံး ညောင်း သောအခါ အနာ ခံ၍ ဘေး နှင့် လှေနံ ကို ချိတ် ထားရ၏ ။ ဗေဒင်ဆရာ ဟောသည့် အတိုင်း သည်တစ်ချီတော့ ရေ နှင့် ကိစ္စချောတော့မည် ဟု သံသယ ဖြစ်လာသည် ။
“ ဟော လာနေပြီ ”
ကျောင်းသား တစ်ယောက် က ဝမ်းသာအားရ အော်လိုက် သဖြင့် လှမ်း၍ ကြည့်ကြရာ ၊ ကျွဲရိုက်ရွာ ဘက်မှ လူသုံးယောက် သမ္ဗာန်ငယ် တစ်စင်းနှင့် အပြင်း လှော်၍ လာနေသည် ကို မြင် ကြရသည် ။ အားလုံး ဝမ်းသာအားရဖြစ်၍ သွားကြ၏ ။ လေလှိုင်း ထန်သည့် အထဲ က အသက်စွန့် လာကြ သဖြင့်လည်း ကျေးဇူးတင် မဆုံး ဖြစ်နေကြသည် ။ သမ္ဗာန် အနီးသို့ ရောက်သောအခါ ရေမြုပ် နေသော ရေလယ်ကျွန်း တစ်နေရာ သို့ ညွှန်ပြကြ၏ ။ တစ်ဘက်တစ်ချက် မှ လှေကြီး ကို ခြေ နှင့် ယက်ကန် ဆွဲယူက ကျွန်း ဆီရောက်မည် ဟု ပြောကြသဖြင့် မောလှပန်းလှသည့် အထဲ က လှေကြီး ကို တညီတညွတ်တည်း ဆွဲကြ၏ ။
“ ထောက်မိပြီဗျို့ ”
ကျောင်းသား တစ်ယောက် လည်ပင်း လောက် ပေါ် နေအောင် မြေနှင့် ခြေ ထောက်မိသဖြင့် ၊ ဝမ်းသာအားရ အော် လိုက်၏ ။ ထို့နောက် ခါးလယ်လောက် အထိ ၊ ထောက်မိကြကာ လှေကြီး အား လွန်းထိုး၍ ရေ ကုန်အောင် ပက် ကြသည် ။ သမ္ဗာန် မှ ပတ်ခွာတစ်ခု ငှားလျက် အားလုံး လှေပေါ်သို့ တက် ထိုင်ကြ ပြီးလျှင် မြင်းမူ သို့ မသွားဘဲ ၊ ရွှေပေါက်ပင်ရွာ သို့ ပြန်ခဲ့ကြရာ ၊ ကျောင်းဘေး သို့ လှေကြီး ကပ်မိ မှ ဟင်းချ ကြတော့သည် ။
••••• ••••• •••••
“ ဟိုက် ဒီကောင် နဲ့ တွေ့နေပြန်ပါပြီ ”
ဘဆွေ ၏ နှုတ်မှ တိုးတိုး ထွက်သွားခြင်း ဖြစ်၏ ။ တစ်ခေါ် သာသာ လောက်တွင် သူ ၏ ရန်သူ တစ်ယောက် ၊ ဓားမကြီး ထမ်းလျက် ရင်ဆိုင် လာနေသည် ကို တွေ့နေရချေပြီ ။ ရေဘော လောင်းလှေ နစ်သည် မှာ အသက် ( ၂၃ ) နှစ် က ဖြစ်၏ ။ ပညာအုပ် နှင့် စကား များ၍ ရွှေပေါက်ပင်ရွာ မှ ၊ အလုပ် နှုတ်ထွက်ခဲ့၏ ။ အသက် ( ၂၄ ) နှစ် တွင် တပည့်များ အား လွမ်းဆွတ်၍ စစ်ကိုင်း မှ သင်္ဘော နှင့် မြောင်းမြောင် မှ တစ်မိုင်သာသာ ဝေးသော ရွှေပေါက်ပင်ရွာ သို့ ခြေလျင် လျှောက် လာရာ ၊ ရွာ နှင့် ( ၂ ) ဖာလုံခန့် အကွာတွင် တွေ့ဆုံ နေခြင်း ဖြစ်၏ ။
ရန်သူ ကား ဘဆွေ ကျောင်းဆရာ ဘဝ က ( ၃ - ၄ ) ကြိမ် ဆဲဆို စော်ကားသဖြင့် ဓားနဲ့ ထိုးဖူးသော ရွှေပေါက်ပင်ရွာသား “ ဉာဏ်သာ ” ဆိုသူ ဖြစ်သည် ။ သူ့ ဘက်က စဉ်းစားလျှင် ဘယ်နည်း နှင့် မျှ ကျေနပ်စရာ မရှိပေ ။ ဘဆွေ က လုပ်ရဲ လျှင် ခံရဲရမည့် ဝါဒ ရှိရာ ၊ ရွာခေါင်းဆောင်များ က ဆရာလေး အသာ နေ ၊ ကျုပ်တို့ ဘာသာ ဆောင်ရွက်မယ် ဟု ဘဆွေ အား ဘေးချိတ်ထားကာ ၊ ဆောင်ရွက်ကြ၏ ။ ဉာဏ်သာ အား ဓားထိုး ခံရပြီး မြင်းမူဆေးရုံသို့ ပို့ရာ ။ ကု,လားဆရာဝန် က ( ၇ ) ရက် နှင့် အနာအပြင် က ကျက်အောင် ကု ပြီးလျှင် နှင်ချလိုက်၏ ။ ဆရာဝန် အား လာဘ် ( ၂ဝဝ ) ပေးရသည် ဟု နောက်မှ သိရ၏ ။ ဘဆွေ က ရွာ ၏ အသဲဖြစ်သည် ။ ရွာခံလူ နှင့် ဖြစ်လျက် အိမ်ခြေ ( ၃၄၀ ) ခန့် အနက် ၊ ( ၃ဝဝ ) ကျော် က ဘဆွေ ဘက်မှ ဆောင်ရွက် ကြသည် ။ ပုလိပ်ဘက် အတွက် ဘဆွေ ၏ အမေကြီး ဒေါ်အိုကြီး သည် မြင်းမူ သို့ လိုက်လာ ပြီးလျှင် ဦးစံခို သမီး နှင့် တွေ့ဆုံပြီး အကျိုးအကြောင်း ပြောပြ၏ ။ မင်းလောင်း မောင်သန့် အား ဖမ်းဆီး ပေးသော ရာဇဝတ်ဝန်ကလေး ဦးစံခို မှာ ဦးကြာဖူး ဒေါ်အိုကြီး တို့ နှင့် သားချင်းတမျှ ခင်မင်ကြသည် ။ ဦးစံခို ကွယ်လွန်ပြီး နှင့် သမီးချစ် က လည်း ဆက်လက် ခင်တွယ်မြဲ ခင်တွယ် နေသည် ။
“ ဖြစ်ရလေ မောင်လေး ရယ် ၊ အေးလေ လူရိုးလူကောင်း ဆိုတာ ၊ မခံနိုင်ရင် ဒီလို ဖြစ်တတ်တာပဲ ။ ဘာမှ မပူနဲ့ ၊ မမ ကူညီမယ် ”
မမချစ် က သူ့ မောင်ကလေး ဘဆွေ အား နှစ်သိမ့်စကား ပြောကြား၏ ။ မြောင်မြို့ဌာနအုပ် မှာ သာမန် ပုလိပ်သား ဘဝ မှ ဦးစံခို ကြည့်ရှု သဖြင့် ရာဇဝတ်အုပ် ဘဝ အထိ တိုးတက်လာသူ ဖြစ်၏ ။ မမချစ် က စာတစ်စောင် ရေးပေး လိုက်ရာ၌ ဘဆွေ အပေါ် အရေးမယူ ၊ ဆေးရုံ ၏ ညွှန်ကြားချက် ကို စောင့် နေ၏ ။ ပုဒ်မ ( ၃၂၆ ) ထင် နေကြရာက ၊ ပုဒ်မ ( ၃၂၃ ) ဖြစ် သွား၏ ။ ရွှေပေါက်ပင်ရွာ ၊ မြေပိုင်ရှင် ဦးဘိုးထွန်း က ဘဆွေ အတွက် ငွေ ( ၈၀ ) ကျပ် လျော်ကြေး ပေး၍ အမှု ငြိမ်းခဲ့ရသည် ။
တရားခံ မှာ အချုပ်မှု မခံရ ။ ဆေးရုံ က ( ၇ ) ရက် နှင့် နှင်ချရာ ၊ ရွာထဲတွင် ( ၂ ) လ လောက် ဆေးထပ် ကုရသည် ။ သည်လောက် အနိုင်ကျင့်သော ငနဲ နှင့် ပက်ပင်းပါ တိုး၍ နေရာ ၊ ချမ်းသာပေးအံ့လော ၊ ဉာဏ်သာ ၏ မျက်နှာ အမူအရာ ကလည်း လည်ပင်း က နေ၍ စလွယ်သိုင်း ခုတ်ချ လိုက်မည် ဟူသော အသွင် ဆောင်နေ၏ ။
ဘဆွေ မှာ ဉာဉ် တစ်ခုရှိ၏ ။ ကြောက်ပြေးဘ ဝကို ကလေး ကတည်းက အလွန် စက်ဆုပ်ခဲ့၏ ။ ချက်ချင်း စိတ်ကူးရကာ ဓား နှင့် ခုတ်လျှင် ၊ လက်ထဲ က သားရေအိတ် နှင့် ဆီးခံမည် ။ ပြီးတော့ ဘောသမား ခြေထောက် နှင့် ဆီးပုံးကန် ၊ ဒူးလက်သီး ပစ်သွင်း လိုက်လျှင် ဒင်းကို နိုင်ရမည် ။ စိတ်ကူး ရသည်နှင့် တစ်ပြိုင်နက် ရင်ဆိုင် တိုးလိုက်၏ ။ ယှဉ်မိသောအခါ ဉာဏ်သာ ဘေး သို့ တိမ်းကာ ရှောင်ထွက် သွားလေသည် ။
••••• ••••• •••••
“ ဆရာ့ နှယ် ကကြီး ခခွေး ဆိုတာတောင် ၊ မြခြေကျဉ်း ငွေမြိုင် တို့ ၊ ဘိုးစိန်ကြီး တို့ အသံထက် ကောင်းသေးတယ် ” ( အသံ ၏ သာယာခြင်း )
“ သူ့ လက်ကို အကောင်းဆုံး ပုရပိုက်ခေါက် လက်ကောက် ဝတ်ပေးဦး ။ သူ့ ရဲ့ ဝါဝင်းတဲ့ အသားအရောင် ကို မမှီပါဘူး ” ( အသားအရေ ကောင်းခြင်း )
“ ရုပ်ရည် ဆိုတာ ဥမ္မာဒန္တီ တို့ မမြင်ဖူးဘူး ၊ ကျွန်မတို့ မိန်းမချင်း တောင် ချစ်ကြိုက်ချင်လာတယ် ”
ဝက်လက်နယ် ၊ သခွတ်တောရွာ က ၊ ဆရာမ မစိုး အပြော ကောင်းသဖြင့် ဝက်လက်မြို့ ကျောင်းဆရာ ဘဆွေ သည် အဖော် ကိုသိန်းမောင် နှင့် အတူတူ မိန်းမချော ( ၁၆ ) နှစ် အရွယ် မအေးစိန် ရှိသော ထနောင်းသာရွာ သို့ သွားကြ၏ ။ နွေအခါ ခြောက်သွေ့ပတ်ကြားအက် နေသော နေရာများ မှာ မိုးတွင်းတွင် ရေအိုင်ကြီး ဖြစ်ပြီးလျှင် ( ၂ ) ဖာလုံခန့် ကို မိတ်ဆွေ နှစ်ယောက် ခါးလယ်လောက် ရေနက် မှ ခြေလျင်ဖြတ် ကူးကြ၏ ။ သို့ရာတွင် မိုး သည်းအား ကြီး သဖြင့် ထနောင်းသာရွာ သို့ မရောက်ခဲ့ကြပေ ။ ဝက်လက်လူကြီးများ က သာ ရင်ဘတ်စည်တီး နှင့် ဘဆွေ တို့ အား အပြစ် တင်ကြ၏ ။ အကြောင်းမူ ကား ဘဆွေ တို့ ဖြတ်ကူးသော နေရာမှာ မြွေပွေး အလွန် ပေါ၍ ရေထဲ တွင် ခွေ နေတတ်ကြကြောင်း ၊ မြွေပွေး ကိုက်မသေတာ ကံကောင်းသည် ဟု ပြောကြသည် ။ နောင် မအေးစိန် နှင့် တွေ့သော အခါ ပြောသလောက် မဟုတ်သော်လည်း ရွှေမန်း တွင် အေးစိန် လောက် ချောသူ တစ်ဦးမျှ မမြင်တွေ့ဖူးခဲ့ပေ ။
••••• ••••• •••••
စက်ဘီးစီး လုလင် ( ၁၁ ) ယောက် ကား ဟိုပင်မြို့ မှ အနောက်ဘက် သို့ ရှေ့ရှု ထွက်လာကြသည် ။ တပေါင်းလဆန်း ( ၁၄ )ရက် ၊ ဘဆွေ အသက် ( ၃၁ ) နှစ် အရွယ် ၊ အင်းတော်ကြီး ရွှေမဉ္ဇူ ဘုရားပွဲ သို့ မိတ်ဆွေ တစ်စု သွားကြခြင်း ဖြစ်၏ ။ ဝဘော်တောင်ကြီး ကို ကျော်၍ သွားကြရရာ ၊ တောင်တက် မတ်စောက်စောက် ( ၂ ) မိုင်ခန့် တက်ရ၍ တောင်ဆင်း ခပ်ပြေပြေ သုံးမိုင်ခန့် ဆင်းရသည် ။ အတက် တွင် စက်ဘီး ကိုယ်စီ တွန်းတက်ကြရပြီး ၊ အဆင်း၌ မူ စက်ဘီး စီး၍ ဆင်းနိုင်ကြသည် ။ ဟိုပင် မှ အင်းတော်ကြီး အရောက် ( ၃၂ ) မိုင် ကို တောင်ကုန်းငယ် အနိမ့်အမြင့်များ ကျော်လွှား ကာ မမောမပန်း စီးနင်း သွားကြ၏ ။
အင်းတော်ကြီး ရေလယ် တွင် ရွှေမဉ္ဇူစေတီ ရှိရာ အနောက်ကမ်း မှ ၊ မိုင်ဝက် လောက် အထိ တပေါင်းလပွဲတော် ခါ၌ သဲလမ်း ပေါ်နေ၏ ။ ( နတ်များ က လုပ်သည် ဟု အဆို ရှိသည် ။ ) ပွဲတော်ခါ ပြီးလျှင် သဲလမ်းလည်း ပျောက်၍ သွားသည် ။ ဤမျှ ထူးဆန်းသည့် အတွက် ဘဆွေ ဘုရားဖူး လိုက်ပါခဲ့ခြင်း ဖြစ်သည် ။ ဓာတ်ပုံကင်မရာ တစ်လုံး နှင့် လိုသော ပုံများ ရိုက်ကူး ပြီးလျှင် သူရိယ ရုပ်စုံမဂ္ဂဇင်း တွင် အင်းတော်ကြီးရွှေမဉ္ဇူ ဟူသော ခေါင်းစဉ် နှင့် ဓာတ်ပုံဆောင်းပါး ( ၁၉၃၁ ) ခုနှစ် က ရေးသား ဖော်ပြဖူး၏ ။
ဘုရားပွဲ က အပြန် ၊ နမ့်မွန်းရွာ တွင် အဖော် တစ်စု ချက်အရက် နှင့် ကြက်သားဟင်းများ စားသောက်ကြသည် ။ တချို့ အတော် မူးကြသည့် အထဲတွင် ဘဆွေ အပါအဝင် ဖြစ်၏ ။ ဝဘော်တောင် သို့ ပြန်ရန် တက်ကြသောအခါ စက်ဘီး ကို သက်သက်သာသာ တွန်းတင် နိုင်ကြ၏ ။ အဆင်း မတ်စောက်သော ဘက် ကို ရောက်သောအခါ အရက်မူး နေကြပြီ ဖြစ်သဖြင့် စက်ဘီးစီး မဆင်းရန် တားမြစ် ကြသည် ။ စက်ဘီး ဘရိတ် ကောင်းလျှင် ဘာ ကြောက်စရာ ရှိသလဲ ဟု အချို့က ဇွတ် ဆင်းကြ၏ ။ သည်လို စွန့်စားမှုမျိုးတွင် ဘယ်တုန်းကမှ သွေးကြောင်လေ့ မရှိသော ဘဆွေ လည်း စက်ဘီး စီး၍ ဆင်း၏ ။
အကယ်၍ သာ ဘရိတ် မကောင်း ၊ တောင်ဘေး ချောက်ထဲသို့ ကျသွားပါက အရိုးတခြား အသားတခြား ဖြစ်ကြပေမည် ။ ပေ ( ၃၀၀ - ၄၀၀ ) မြင့်သော ချောက်ကြား ထဲမှ ကျွန်းပင်ထိပ်များ ပင် စက်ဘီးလမ်း ပေါ်သို့ စွန်းမထွက်အောင် နက် လှသည် ။ အနံ ( ၆ ) လက်မ ခန့် ပျဉ်ပြားတစ်ခု ထိုးထားသော ထောင့်ချိုး အဆင်း အကွေ့သို့ ရောက်ကြသော အခါ အချို့ ကူးနိုင်ကြ၏ ။ ဘဆွေ ကား ရှေ့ဘီး လွတ်ပြီး နောက်ဘီး ချော်ကျကာ စက်ဘီးရော လူပါ ချောက်ထဲ ထိုးကျ၍ သွားတော့သည် ။
နောက် က လိုက်လာသူများ က “ ဟော ဟော ဆရာ ကျသွားပြီ ” ဟု အော်ဟစ်ကြကာ အပြေး လိုက်လာကြသည် ။ တော်ပါသေး၏ ။ ချောက် ( ၅ ) ခု ( ၆ ) ခု အနက် အတိမ်ဆုံး ( ၇ ) ပေ ခန့် သာ နက်သော ချောက် ဖြစ်သဖြင့် အပေါ် က ဆွဲတင်ကြသည် ။ ဘဆွေ မှာ ရှူးဖိနပ် အနက် ညာထိပ်တစ်ခြမ်းပဲ့ခြင်း နှင့် ဦးထုပ်စုတ်ပဲ့သွားခြင်း မှ အပ လုံးဝဒဏ်ရာ မရချေ ။
“ အား ဆရာ ကံကောင်းတယ် ။ အေး ဒီ ချောက် တစ်ခုပဲ အတိမ်ဆုံးပဲ ။ ဒီတစ်ခါ မစီးပါနဲ့တော့လေ ”
မိတ်ဆွေ တစ်ယောက် က ခပ်ဝဲဝဲ ပြောရာ ၊ ဘဆွေ က ရှက်ရှက် နှင့် ဇွတ်ဆက် စီး၍ ဆင်း၏ ။ ကံကောင်းထောက်မ သဖြင့် ဟိုပင်မြို့ သို့ ချောချောမောမော ပြန်၍ ရောက်ခဲ့လေသည် ။
••••• ••••• •••••
“ အေးဖေ နဲ့ အေးမောင် လိုက်သွားကြ ၊ မင်း ဦးလေး က လှည်း မောင်းတတ်တာ မဟုတ်ဘူး ”
အစ်မ မစိန်းမေ က သူ့ သား နှစ်ယောက်အား ပြောလိုက်ခြင်း ဖြစ်သည် ။ ( ၁၉၄၂ ) ခု စစ်ပြီး ဘဝ ၊ စစ်ကိုင်းထုံးဘိုရပ် တွင် နေထိုင်စဉ် ချန်ကေရှိတ် ၏ တရုတ်စစ်သား နှစ်ယောက်က အိမ် အပေါ် ရှိ ဘဆွေ အား ရိုင်ဖယ် နှင့် ချိန်လိုက် ၊ နွား နှင့် လှည်း ကို လက်ညှိုးထိုး ပြလိုက် လုပ်နေ သဖြင့် ၊ လှည်းနွား မိုက်ကြေးခွဲကြောင်း သိနားလည် ကြ၏ ။
တူငယ် နှစ်ယောက် လှည်း က၍ လိုက် အသွား ၊ ထုံးဘိုရပ် က လူငယ် တစ်ယောက် က “ ဆရာ့ တူတွေ ငယ်ပါတယ် ၊ ဆရာ လိုက်ခဲ့ပါ ။ ကျွန်တော်တို့ မြင်းလည်း ဆွဲသွားလို့ ကူပြောပေးပါ ” ဆိုသဖြင့် ဘဆွေ ကိုယ်တိုင် လှည်း မမောင်းတတ် မောင်းတတ် နှင့် လိုက် ၍ သွားရ၏ ။ သာစည်ရပ် ပွဲစားကြီးဦးသီ ၏ ဂိုဒေါင် သို့ ရောက်လျှင် လက်ပြခြေပြ နှင့် ဘာပစ္စည်း သယ်မလဲ မေးရာ ၊ လက် ရှစ်ချောင်း ထောင်ပြ မှ မြင်း နှင့် လှည်းနွား လိုချင်ရင် ငွေ ( ၈၀ ) ကျပ် ပေး ဟူသော အဓိပ္ပာယ် နားလည်ရသည် ။
ဘဆွေ က ပေးပါမည် ဟု ဝန်ခံ၍ ၊ လှည်းနွား နှင့် မြင်း ကို သူငယ်များ အား ပြန် မောင်းယူ သွားရန် အပ်လိုက်သည် ။ တရုတ်စစ်သား နှစ်ယောက် ဘဆွေ ခြေလျင် ပြန်၍ လာကြ၏ ။ သူတို့ တွင် လုယူ ထားသော စက်ဘီး ကိုယ်စီ ပါ သဖြင့် ဘဆွေ က တစ်ယောက် ရှေ့ က ထိုင် ၊ ငါ နင်းမယ် ဟု ပြောရာ မရပေ ။ ထုံးဘိုရပ် ရောက်၍ ငွေ ( ၈ဝ ) ထုတ်ပေးသော အခါ ခေါင်းခါလျက် မြေကြီး တွင် အင်္ဂလိပ်ဂဏန်း နှင့် တစ်ရာ ဟု ရေးပြ၏ ။ ဘဆွေ အိမ်ပေါ် တက်သောအခါ တရုတ် နှစ်ယောက် ထက်ကြပ် လိုက်လာပြီးလျှင် ဘဆွေ အား ရိုင်ဖယ် ၊ ခြောက်လုံးပြူး နှင့် အသား ထိအောင် ကပ် ချိန်ထားလျက် ဘာတွေ ပြောသည် မသိ ပြောနေသည် ။
ဘဆွေ က ငွေ ( ၂၀ ) ထပ် ပေးသောအခါ ခေါင်းခါ ပြန်လျက် ( ၁၅၀ ) တောင်းပြန်၏ ။ တရုတ်များ မှာ ဘိန်းစား အင်အား လောက် ရှိရာ ၊ ဘဆွေ သည် သေနတ် ကို လု၍ ကန်ချလျှင် နိုင်မည် ဟု ယုံကြည်၏ ။ သို့ရာတွင် အိမ်ခန်း ထဲ တွင် ကလေးလူကြီး ( ၁၃ ) ယောက် နှင့် ခွေးလိမ္မာ နှစ်ကောင် ရှိရာ ၊ အားလုံး မီးလောင်တိုက် အသွင်း ခံရမည် ဖြစ်သဖြင့် ငွေအများကြီး ပေးမည် ဟု အစ်မ ဖြစ်သူ ထံမှ တိုးတိုး တောင်းရပြန်သည် ။
“ ကုန်ချင် ကုန်ပါစေကွာ .. မြန်မြန် သွားအောင် လုပ် ”
ဘဆွေ က နောက်ထပ် ( ၅ဝ ) ပေးရန် ငွေစက္ကူ အထပ်ထဲမှ ရေတွက် နေစဉ် ဆတ်ခနဲ ဆွဲ လုလိုက်၏ ။ တပည့် ရဲသမိန် အမြတ်တနိုး ကန်တော့ ထားသော ဘဆွေ အိတ် ထဲမှ ဖောင်တိန် ပါ နှုတ်ယူ ပြီးလျှင် ထွက်ခွာ သွားကြသည် ။
တစ်သက်တာ သည် တစ်ကြိမ် ၊ ဘဆွေ အညံ့ ခံလိုက်ခြင်း ဖြစ်၏ ။ အဘိုးကြီး ဦးအောင်ငြိမ်း မှာ အောက်မြေပြင် ကုတင်ဘေး ၌ ဓားမကြီး တစ်စင်း ထောင်ထား ပြီးလျှင် ငါ့ သား သေရင် ဒင်းတို့ အခုတ် ၊ ငါ အသက် ကြီးပြီ ။ သေပျော်ပြီ ဟု ကြိမ်းသေး၏ ။ စိတ် ကို လည်း အလွန် ထိခိုက် သွားရှာသည် ။ ထို ( ၁၉၄၂ ) ခုနှစ် မှာပင် ဘခင် ဦးအောင်ငြိမ်း သည် အသက် ( ၆၉ ) နှစ် အရွယ် ရွှေကြက်ယက်ရွာ ၌ ဘဆွေ ၏ လက် ထဲ မှာပင် ကွယ်လွန် သွားသည် ။ ခေတ္တ အရေးပိုင် ဦးရွှေသား အား ငွေတစ်သောင်း ကျော် လုယူသည် သာမက ၊ လူပါသ,တ် သွားသော သတင်း ကို ကြားပြီး ဖြစ်သဖြင့် သား အတွက် အလွန်အမင်း စိတ် ကို ထိခိုက် သွားရှာသည် ။
••••• ••••• •••••
( ၁၉၄၅ ) ခု ၊ ဂျပန်ခေတ် တော်လှန်ရေး အချိန် ၊ ဘဆွေ နှင့် ခင်မင် ယုံကြည်သော ရဲဘော် အချို့ ၊ ဗိုလ် အချို့ ၊ ( ၄၇ ) လမ်း ဘဆွေ ၏ တိုက်သို့ လာရောက်ကြကာ ၊ တော်လှန်ရေးကိစ္စများ တိုင်ပင်ကြသည် ။ ထို ကိစ္စ ကို ဆပ်လက်ဖတင်နင် ရာထူး နှင့် တိုက် အောက်ထပ် နေ ညီအစ်ကို လို ခင်သူက ၊ သူ့ ဝတ္တရားအတိုင်း ဂျပန်ကင်ပေတိုင် သို့ သတင်း ပို့၏ ။ မပို့ က သူ့ တွင် တာဝန် ရှိ၏ ။ ရိုးရိုးသာ ဆိုလျှင် ဘဆွေ အပေါ် ထိုမျှ ရက်စက်မည် မဟုတ် ။ သူ့ အား သူရိယသတင်းစာတိုက် တွင် အလုပ် သွင်းပေးဖူးသည် ။ ထမင်း နှင့် အရက် အိပ်ရာ နေရာပါ ဘဆွေ က ကျွေးမွေး ပြုစုခဲ့ဖူး သူ ဖြစ်၏ ။
ဓားရှည်ကိုင် ဂျပန်စစ်ဗိုလ် တစ်ယောက် ၊ ရိုင်ဖယ်ကိုင် ဂျပန်စစ်သား တစ်ယောက် ၊ ဘဆွေ နေသော တိုက် နှင့် မျက်စောင်းထိုး တိုက်မှ ၊ တစ်စေ့တစ်စောင်း လာရောက် ကြည့် နေကြသည် ။ အကယ်၍ ရဲဘော် တစ်ယောက် ယောက် ၊ ဘဆွေ ၏ အိမ်သို့ လာ၍ ပက်ပင်းပါ တွေ့က ရဲဘော် ရော ဘဆွေ ကို ပါ နေရာတွင် ပွဲချင်းပြီး သ,တ်ဖို့ အမိန့် ပါလာသည် ။ ဘဆွေ ကံကောင်းပုံ က ဂျိုးဖြူရေ လုံးဝ မရှိသဖြင့် တိုက် မြောက်ဘက် ခြံထဲတွင် ရေတွင်း တူးထားသည် ။ ( ၆ ) ပေ လောက် ဆိုလျှင် ရေ လိုသလောက် ရ၏ ။
ထိုစဉ်ကတည်းက ရန်ကုန်မြေကြော သိ၍ ၊ ဂျိုးဖြူ က တစ်သက်လုံး ရေ မရတောင် မပူပင်တော့ ဟု ပြောဖူးသည် ။ ( ၃ - ၄ ) ရက် စောင့်ကြည့်၍ အကြာတွင် ( ၄၇ ) လမ်း တောင်ဘက် ဘီရင်ဒတ်လမ်းထိပ် ၊ တိုက် အနီးရှိ ဂျပန် ထောက်ပံ့ရေး အရာရှိ သည် အင်္ကျီ ကိုယ်တုံးလုံး နှင့် အိုက်လွန်း၍ ဘဆွေ တို့ တိုက်ရှေ့ သို့ ရောက်ရှိ လာရာ ဘဆွေ က ကိုယ်ချင်းစာ ပြီးလျှင် ရေတွင်း ကို ပြ၏ ။
ထို ဂျပန်များ ရေမိုး ဝအောင် ချိုးပြီးလျှင် ဝမ်းပန်းတသာ ကျေးဇူးတင်ကြောင်း ပြောလျက် ၊ သကြား အလွ န်ရှားသော ခေတ်ပင် သကြားငါးဆယ်သား လောက် ပို့လာ၏ ။ ထို့နောက် ညနေတိုင်း ဘဆွေ အိမ် တွင် ထမင်း အတူ စား ၊ အရက် အတူ သောက်ဖြင့် ခင်မင် ယုံကြည် သွားတော့သည် ။
ပစ်သ,တ်ရန် ချောင်း နေသော စစ်ဗိုလ်သည် ဆက်လက် မစောင့်ကြ ၊ သူတို့ အချင်းချင်း မေးမြန်းကာ လက်လျှော့ ပြန်သွားဟန် တူ၏ ။ တစ်သက်တာ တွင် ( ၁၃ ) ကြိမ် မျှ သေတွင်း က ထွက်လာရာ ၊ အချို့က ပီမိုးနင်း အရက် သောက်သည် ။ အသက်( ၅၃ ) နှစ် တွင် ကွယ်လွန်သည် ။ မဟာဆွေ လည်း အရက် သောက်သည် ။ အသက် ( ၅၃ ) နှစ် တွင် ကွယ်လွန်မည် ဟု ပါးစပ်ဗေဒင် ဟောကြ၏ ။ ယခု အသက် ( ၅၃ ) နှစ် ရှိပါပြီ ။ ပီမိုးနင်း လို ခြေသလုံးသေးသေးကလေး မဟုတ် ။ နှစ် ( ၂ဝ ) ကျော် ကြာ ဘောလုံး မကစား၍ ခြေသလုံး ( ၃ ) လက်မ လျော့သွားသည့် တိုင်အောင် ၊ ( ၁၄ ) လက်မ ရှိသေး၏ ။ ညို့သကြီးရိုး နှင့် ခွဲမရအောင် ကြွက်သား မာတင်း တုန်း ။ ကာယဗလ လည်း လိုက်စားဆဲ မို့ သင်္ချိုင်း နှင့် အတော်ကြီး ဝေးပါသေးသည် ။ သို့ရာတွင် သတိတမန် ၊ ဉာဏ်မြေကတုတ် ၊ ပညာစွန်း ချွန်း ကဲ့သို့ အုပ် ဟူသော ရှေးပညာရှိ တို့ စကား ကို လည်း လေးစားရမည် ဖြစ်ပါသတည်း ။
◾မဟာဆွေ
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၃ ခု ၊ ဇန်နဝါရီလ
No comments:
Post a Comment