Thursday, January 30, 2025

အနှောင်အဖွဲ့

❝ အနှောင်အဖွဲ့ ❞
( ရွှေကျွန်းရီလေး )

“ သူဌေး သင်္ဘော ပျက်တာ အရေး မကြီးဘူးကွ ။ သူတောင်းစား ခွက် ပျောက်တာ က အရေးကြီးတယ် ”

ဆန်စက် မီးလောင်ရာ သို့ သူ့ စပါး ၃၀၀ ပါသွား ကတည်း က ဦးဘအောင် သည် အထက်ပါ အတိုင်း တတွတ်တွတ် ညည်းတွား နေလေသည် ။

“ ဒါမျိုးပေါ့ရှင် ၊ ကျား ကြောက်လို့ ရှင်ကြီး ကိုး ၊ ရှင်ကြီး ကျားထက် ဆိုး ဆိုတာ ”

ဇနီး ဖြစ်သူ က လည်း မိန်းမသား ပီပီ နှမြော တွန့်တို တတ်သော သဘာဝ လေသံ ကို သုံးနှုန်း လိုက်ပြန်၏ ။

သည် နှစ်လောက် အလုပ်အကိုင် ချွတ်ချော် သည့် နှစ် ကား မရှိတော့ပြီ ။ ဦးဘအောင် သည် သည် နှစ် အဖို့ တော ကို ပြန်၍ လယ် လုပ်စားရန် ကို သာ စိတ် က ကူးနေမိသည် ။ သည် စားအင် နှင့် သည် ဝင်ငွေ မမျှပုံ ထောက်ချင့်လျက် ကြာလျှင် ခက်ချေရော့မည် ဟု အတွင်းကျိတ် စိတ် ချောက်ချား နေမိ၏ ။

တော တွင် နေ၍ ဟန်ဆောင်မှု ကင်းကင်း အသက် ရှင် ချင်သော စိတ် ကလည်း မဆွက ပင် ရှိနေသေး သဖြင့် ယနေ့လို နစ်နာဆုံးရှုံးရပုံကလေး နှင့် ရင်ဆိုင်လိုက်ရသော အခါ ဆောက်တည်ရာ မရ ဖြစ်သွားတော့သည် ။

တစ်နှစ် ၏ တန်ဖိုး အဖြစ် အမြတ်အစွန်း ဇယားထဲမှ စပါးကလေး ၃၀၀ ကို အားပြု ထားရာ မမျှော်လင့်ဘဲ သူပုန် ရှို့သော မီး ထဲသို့ စက်သူဌေး စပါးများ နှင့် အတူ သင်္ဂြိုဟ် လိုက်ရ သဖြင့် မနောဒေါသကြီး ဖြစ် ကျန်ရစ်ခဲ့ရ၏ ။

မြို့ပေါ်တွင် စားရေးနေရေး ၊ ဝတ်ရေး ၊ သားသမီး ပညာရေး မှ အစ လူမှုထုံးတမ်းအရ တာဝန်ဝတ္တရား အသီးသီး တို့ ကို ဆောင်ရွက် ရာ ဝယ် အိတ်ထဲ တွင် ငွေ မရှိ၍ မဖြစ် ။ အလုပ် မည်မည်ရရ မရှိ သဖြင့် လည်း ဝင်ငွေ က မမှန် ၊ ဝမ်းစာ ရှိထား က တော်ပေသေး၏ ။ ဝမ်းစာ မဖူလုံ လျှင် နေ့စဉ် စားရေး သုံးရေး ထဲ မှ ဆန် အတွက် ဖဲ့ လိုက်ကာ မဝ တမော် ဝ တမော် ဖြစ် ချေရော့မည် ။

ယခုနှစ် လယ်ထောက်ခ ၊ ဥယျာဉ်ခ ဆိုသည် များ ကို ကား ကိုယ် က ပင် ထုတ်ရတော့ မလိုလို ၊ လယ်လုပ်သား နှင့် ဥယျာဉ်မှူး တို့ ညည်းတွားသံ ကြောင့် တစ်ခွန်း မှ မဟနိုင်ခဲ့ပေ ။ ဘိုးဘွား လက်ထက် မှ သစ္စာ ရှိရှိ လုပ်လာခဲ့ကြ သဖြင့် နာ သည့် အခါ နာ ၊ သာ သည့် အခါ သာ ဆိုသော်ငြားလည်း သာကွက် ကို မလည်ခဲ့ ။ နာ ဘက် က ချည်း နေခဲ့ရသည် ။

ဦးဘအောင် မြို့ပေါ် သို့ ရောက်စ က ပစ္စည်း ပစ္စယများ တောင့်တင်းခြင်းကြောင့် မနေဝံ့၍ ပြေးလာခဲ့ခြင်း ဖြစ်၏ ။ သို့သော် သားကလေး နှင့် သမီးကလေး က လည်း မြို့ပေါ်၌ ပင် တစ်စ တစ်စ ကြီးပြင်းလာသည် ။ ပညာသင်ရ၏ ။ အိမ် ၌ လည်း မြို့ စရိုက် နှင့် မြို့ အလိုက် အသင့် အတန် မွမ်းမံရ၏ ။ ကာလံ ဒေသံ အကြောင်းပြု ၍ လူမှုစနစ် ကို မလစ်အောင် လိုက်လျော နေထိုင်ခဲ့၍ လည်း တောသား လယ်သမား မိသားစုကို မြို့နေ လူ့အဆင့်အတန်း က လက်ခံ ဖော်ရွေကြသည် ။

နှစ်စဉ် ငွေတိုးပေး၍ ရသော အတိုးရင်းပွား နှင့် နေ့စဉ် စားသောက်၍ ကာမိ သော် စပါး ပေါ်ချိန်၌ ဆန်စပါး အရောင်း အဝယ်မှ ရသော အမြတ်အစွန်း နှင့် အခြား ကုန်ကျ ရမည့် ဘေးပန်း အပြင် ကျောင်းသား စရိတ် နှင့် ဝမ်းစာ တို့ ကို သိုသိပ်ရ၏ ။

ယခုမူ မှန်းခြေ နှင့် လားလားမျှ မကိုက်ညီပေ ။ ထိုသို့ သူ့ တွက်ကိန်း ထဲ တွင် ဇယား ချ၍ မရခဲ့တိုင်း မကျေမနပ် ဖြစ်မိသည် ။

သည် ကဲ့သို့ ရ သမျှ မလောက်နိုင်သည့် ငွေ တွေ သည် ဘယ် အတွက် ကုန်ရပါသနည်းဟု တွက်ချက်စိစစ် လိုက်လျှင် မဝတ်ချင်ဘဲ တင့်တယ်မှု ကို အရေးပေး ဝတ်ဆင် ရ ၍ သော် လည်းကောင်း ၊ မစားချင်ဘဲ လူမြင် တင့်တယ်စေအောင် တည်ခင်း စားသောက်၍ သော်လည်းကောင်း မလှူသင့်ဘဲ အားနာပါး နာ လှူ ရ၍ သော် လည်းကောင်း ၊ အများတကာ လုပ် သလို လိုက် မလုပ်လျှင် မိမိ သာလျှင် အရူး ဖြစ်တတ်သော မြို့ကျင့်ကလေးများ ကို ဦး ဘအောင် က တရားခံ အဖြစ် ဖမ်းယူ စွပ်စွဲလေသည် ။

ထိုသို့ ထင်မြင်လာသော ခဏ ၌ မူ ဦးဘအောင် စိတ် ထဲ မှ ထိုအရာ အားလုံး နှင့် ဝေးလံ သော အရပ် သို့ ပြေးထွက် သွားလိုစိတ် ဖြစ်ပေါ် လာမိ၏ ။ ထိုသို့သော အနှောင်အဖွဲ့ကြီး အတွင်း သို့ နှစ်ကာလာ ကြာမြင့်စွာ ကျရောက်ခဲ့ ပြီး၍ အခါအား လျော်စွာ အလွတ် ရုန်းထွက်လိုသော ဆန္ဒများ ပေါ်ပေါက်ခဲ့မိ၏ ။ တစ်ခါတစ်ရံ ၌ မူ ဖိနှိပ်ချုပ်ချယ်၍ မရလောက်အောင် တွန်းကန် လှုပ်ရှား နေမိသည် ။

ယင်းသည့် အခါဝယ် တစ်ဇွတ်ထိုး လုပ်ပစ် ချင်စိတ် က များ ၏ ။ စိတ်က လှုပ်ရှား လာပြီ ဆိုလျှင် နှုတ် က စွဲမိစွဲရာ မြည်တမ်း လာလေသည် ။

“ အိမ်း .. မင်းတို့ ဘာသာ မြို့ မှာ ပျော်ရင် နေ ရစ်ကြ ။ ငါ တော့ တော မှာ ပဲ ပြန်ပြီး လယ် လုပ် စားတော့မယ် ”

ဦးဘအောင် က ထိုသို့ လေသံပစ်လိုက်လျှင် သူ့ ဇနီး ဒေါ်သက်စု ၏ မျက်နှာ မှာ ရှုသိုးသိုး ပြင် ပစ် လိုက်လေသည် ။

“ ကြံကြီးစည်ရာ ရှင် မို့လို့ တွေးတတ်ပလေ ။ ရှင့် သား သမီးလေးတွေ လူတစ်လုံး သူတစ်လုံး ဖြစ်လာ မှ တော ပြန် လယ် လုပ်မယ် ဆိုတာ ။ ရှင့် စိတ်ကူးဉာဏ် အကုန်ပဲလား ”

“ အံမာ .... မင်းက ကြီးကျယ်လို့ ကွာ ။ အစက တောထမင်း ၊ တောဟင်း နဲ့ မင်းတို့ ငါတို့ လူ ဖြစ်လာရတယ် မှုတ်လား ။ သူတို့ လေးတွေ ကို တော မှာ အချင်း မြှုပ် လာတာကပဲ ။ မိဘ က တော်တယ်လို့ ထားရင် နေရမပေါ့ကွ ”

“ အင်း...နေပါလိမ့်မယ် ၊ နေပါလိမ့်မယ် ။ ရှင် ထင် သလား ။ ရှင့် သားသမီးတွေ တော မှာ မွေး ပေမဲ့ အခု ရှင့် မျက်စိ အောက်မှာ အဖွေးသား မှုတ်လား ။ လူ အသွင်အပြင် ကို မဆိုထားနဲ့ ။ မိဘ က နေ့သင့်နံသင့် ရွေးပြီး တော်တယ်လို့ ပေး ထားတဲ့ နာမည် တောင် မှ အခု အရင် အတိုင်း ရှိတော့ သလား ။ ကိုယ့် သားသမီးတွေ ဘယ်လောက် ခေတ်ဆန်တယ် ၊ ဘဝင် မြင့်တယ် ဆိုတာ လည်း ရှင် အသိသားနဲ့ ။ တစ်ဆိတ် ရှိရင် တော ၊ တစ်ဆိတ် ရှိရင် တော နဲ့ ရှင့် တော ကို ရှင် ပဲ ပြန် ။ ကျုပ် တို့ တော့ ပိုနေမြဲ ၊ ကျားနေမြဲ ပဲ ရှိ ပေစေတော့ ”

ဒေါ်သက်စု က မြိန်ရေရှက်ရေ ပြောပြီး သောအခါ ဦးဘအောင် အား မျက်စောင်း ထိုး၍ လှည့်ပစ်လိုက်၏ ။

“ အေး .... သူတို့ ဒီလို ခေတ်ဆန်ချင်လေ ၊ ဘဝင် မြင့်လေ မိဘတွေ ခိုက်လေပေါ့ကွာ ။ ကျွန်ထီးကြီး နဲ့ ကျွန်မကြီး တော့ အချိန်တန် မှ ခါးတောင်းကျိုက် ဖြုတ်ပြီး ခေါင်းထဲ ဝင် ကြပေါ့ ”

“ ဒီလို မပြောပါနဲ့ ရှင် ။ ကိုယ် မွေးထားတဲ့ သားသမီး ကိုယ် မပြုစုရင် ဘယ်သူ ပြုစုမှာ လဲ ။ နေရတာက မြို့ ဆိုတော့ မြို့ လို နေမှာ ပေါ့ ။ ဒီနှစ် သူတို့ လေးတွေ စာမေးပွဲ အောင်ရင် ဆရာဖြစ်သင်တန်း ပို့မယ်လို့ ရှင် ပဲ ပြောထားတယ် မှုတ်လား ။ တစ်ချိန်မှာ တော့ တစ်ပြန်တစ်လှ ည့် အားကိုးရဦးမှာ ပေါ့ ”

ဇနီး စကားကို ထောက်ချင့်လျက် သားသမီးလေးတွေ မျက်နှာ ကို ပြန် ကြည့်လိုက်မိသည် ။ သားကြီး မောင်သက်ဦး မှာ မက်ထရိတ် တွင် လေးနှစ် ဖြေဖူးလေပြီ ။ သမီး ခင်ချိုဦး သည် သူ့ အစ်ကို အမီ လိုက်လာခဲ့ သဖြင့် သူ လည်း နှစ်နှစ် ဖြေဖူးပြီ ဖြစ်လေ၏ ။ သို့သော် ယခုနှစ် သူတို့ ဖြေရသော စာမေးပွဲ ကား ထီ ထိုး ရ သကဲ့သို့ ရှိ လေသည် ။ ဆယ်တန်း နှင့် ကိုးတန်း တစ်ခု ခု ချိ တ်နိုင်မှ ၊ မချိတ်နိုင် ၍ ကျပြီ ဆိုလျှင် နှစ်ချို့ သမားများ မို့ သူတို့ မြို့ကလေး ရှိ တန်းမြင့် ကျောင်း တွင် ဆက်လက် နေနိုင်ခွင့် မရှိချေ ။

သားသမီးကလေးတွေ ၏ ပညာ အစွမ်းအစ နှင့် မှီခို စားဦးမည် ဟု တစ်ခါတစ်ရံ ကြုံးဝါးကြည့်လိုက်မိ သော်လည်း နှစ်စဉ် တဖုန်းဖုန်း ကျ နေသည့် ပြင် မကြာခဏ ပြောင်းလဲ နေသော ပညာရေးစနစ် ကြောင့် စိတ်ပျက်မိ လေသည် ။ မတော်တဆ ယခုနှစ် ကျကြဦးမည် ဆိုလျှင် မြို့ ပေါ်တွင် ပင် ထားစရာကျောင်း မရှိတော့ပြီ ။

သို့ဖြစ်လျှင် ကျောင်းသား နှစ်ယောက် ၏ တာဝန် ကို အဘယ်သို့သော အထောက်အကူ နှင့် အားကိုး အားထား ပြုထားရမည်နည်း ။ တွေးတော၍ မရနိုင်အောင် ရှိလေသည် ။

သို့ထက် သားကြီး မောင်သက်ဦး သည် တန်းမြင့် ကျောင်း တွင် နေရသည့် ဂုဏ်ဒြပ် ကို ဝင့်ကြွားသော အသွင် ရှိသည် ။ စကား ပြော လျှင်ပင် ကမ္ဘာ့အရေး ၊ မြန်မာ့အရေး ၊ နိုင်ငံရေး ၊ သမဂ္ဂအရေး တို့ ကို လေလုံး ထွားထွား နှင့်
လက်သီးဆုပ် ၍ ပြောတတ်သေး၏ ။ သူတို့ စကား ပြောပြီ ဆိုလျှင် မြန်မာ စကားချည်း သက်သက် မဟုတ်မူဘဲ အင်္ဂလိပ် စကားကလေးများ ကြားညှပ် ပြောတတ် သဖြင့် တစ်ခါတစ်ရံ ဦးဘအောင် တို့ ဇနီးမောင်နှံ မှာ တစ်ယောက် မျက်နှာ ကို တစ်ယောက် ကြည့် ရှက်အမ်းအမ်းကြီး တွေ ဖြစ်နေတတ်ကြသည် ။ သားသမီးများ ပြော စကား ကို မိဘ လုပ်သူများ က နားမလည် ကြ၍ လုံးစေ့ပတ်စေ့ မေးရမည် မှာ လည်း ခက်လှသည် ။ သားသမီး ပင် ဖြစ်လင့်ကစား သည်လို ပညာဗဟုသုတ နှင့် သက်ဆိုင်လာလျှင် တော့ ဦးဘအောင် ရှက်မိသည် ။ ထို့ကြောင့် တစ်ခါတစ်ရံ သား ကို စိတ် ထဲ မှ ဘဝင် မြင့်သည် ဟု ယူဆလိုက် မိကာ သဘော မကျလှပေ ။

သမီး ကို လည်း ထိုနည်းတူပင် ။ လူကြီး သူကြီး မှန်း မသိ ။ ဆတ်ကော့လတ်ကော့ အမူအရာမျိုး နှင့် လွတ်လွတ်လပ်လပ် နေတတ် စားတတ် ၊ ဝတ်တတ်ခြင်း ကို ပါးစပ် မှ ဖွင့် မပြောခဲ့ သော်လည်း မျက်စိ က အခါခါ ကြိမ်းဝါးခဲ့ဖူး၏ ။

သမီး ဖြစ်သူ က ထဘီ ခြေသလုံးတစ်ပတ် နှင့် ယောက်ျားစီး စက်ဘီးကြီး ပေါ်သို့ ကျော်၍ တက်လိုက်ပြီလား ဆိုလျှင် ဦးဘအောင် အဖို့ မျက်စိမျက်နှာ ပျက် လောက်အောင်ပင် အနေအထိုင် ခက်သွားလေသည် ။ သို့သော် သူ့ သမီး တွင် သာ မဟုတ် ၊ အခြားသော အမျိုးသမီးကလေးများ လည်း ထိုကဲ့သို့ ဖြစ်၍ ဟန့်တားရ ခက်လှ၏ ။

သားသမီးများ ကို တော မှာ မွေးပြီး မိဘ ကြို က် နေ့သင့် နံသင့် ယူကာ သား အား မောင်ချစ်ဦး ၊ သမီး ကို ခင်ချို ဟု မှည့်ခေါ်ခဲ့ သော်လည်း ကျောင်းသို့ ရောက်၍ အတန်းကလေး ရလာ သောအခါ ချစ်ဦး ဘဝ မှ သက်ဦး သို့ လည်းကောင်း ၊ ခင်ချို ဘဝ မှ ခင်ချိုဦး ဟူ၍ လည်းကောင်း သူတို့ ဘာသာ ပြင်ဆင် ပြောင်းလဲလာကြသည် ။

ဤမျှ ခေတ်ဆန်ချင် ခေတ်မီချင် ကြသော သားသမီးများ အတွက် မိဘတွေ ပင်
တစ်ခါတစ်ရံ အံ့အားသင့်ခဲ့ရ၏ ။ သူတို့လေးတွေ သည် လို လူတောသူတော ဝင်ဆံ့သည် ဆိုပြန်တော့ လည်း မိဘများ အနေ နှင့် အခွင့်အရေး ပေးရ ပြန်သည် ။ ရှာသမျှ ၊ ဖွေသမျှ သား နှင့် သမီး အတွက်သာတည်း ။

ကိုယ်တိုင် မသင်ကြား မတတ်မြောက်ခဲ့ကြ သော်လည်း သားသမီးများ ၏ မတောက်တခေါက် ဘိုသံကလေးများ ကို အမှီတကဲ ပြု၍ ဝင့်ကြွားကောင်း ဝင့်ကြွားပေလိမ့်မည် ဟု လည်း တွေးတောခဲ့မိသည် ။

မည်သို့ဆိုစေ စီးပွားရေး အကွက် မလည်သည့် အခါ၌ ကား ဘာကိုမျှ မက်မောလိုစိတ် မရှိ တော့ပေ ။ ဦးဘအောင် အဖို့ သူ့ တစ်ဦးတည်း ရှေ့ဆောင် ရှာဖွေ နေရသည့် စီးပွားရေးကြီး အထစ်ထစ် အငေါ့ငေါ့ ဖြစ်လာသည် ၌ တည်ငြိမ် သော အဖြစ်သို့ ရောက်လာခဲ့ရ၏ ။

ထို့ကြောင့် ဇနီးမယား နှင့် သမီးသား တို့ ပါ အခြေပြု၍ မပြောင်းနိုင်စေကာမူ စိတ်ပြေ လက်ပျောက် သဘောမျိုးဖြင့် သူ တစ်ဦးတည်း တော သို့ သွားရန် စီစဉ်ကာ ခရီးထွက် သွားလေတော့သည် ။

မရောက်တာ လည်း ကြာပေပြီ ။ ဦးဘအောင် နှင့် တန်းတူ ငယ်ပေါင်းကြီးဖော် ချမ်းချမ်းသာသာ သူငယ်ချင်းများ မှာ လည်း မြို့ပေါ် သို့ အသီးသီး ရောက်နေကြပြီ မို့ လယ်လုပ်သား အိမ်တွင် ပင် တည်းခို လိုက်လေ၏ ။

ဦးဘအောင် တည်းခိုသော လယ်လုပ်သား ကိုဘထွန်း တို့ ဇနီးမောင်နှံ မှာ လယ်ရှင် အား ဘုရားတစ်ဆူ လို ဦးထား ပြုစုကြလေသည် ။ ကိုဘထွန်း သည် လယ်သမား စစ်စစ် ဖြစ်သည် ။ လယ် လုပ်ရမှ ထမင်း ဝသည် ထင်သည် ။ မည်မျှ ပင်ပန်း သော်လည်း ငါးပိရည် နှင့် တို့စရာ ကို ငစိန်ထမင်းနီကြမ်း နှင့် အမြဲ လွေး နေကျ မို့ သူ့ ခွန်အားမှာ လယ် ထဲ တွင် အရင်း မြှုပ်၍ ရုန်းနိုင်ရည်ရှိသည် ။

ဧည့်သည် ရောက်သည် ဆိုလျှင် ဟင်းလျာ ရှာရန် ကိုဘထွန်း ထွက်သွားလေသည် ပလိုင်း ထဲ တွင် ဘာ ပါသည် ဟု မမြင်ရ သော်လည်း မီးဖိုဆောင် တွင် တခွပ်ခွပ် ချနေသံကို ဦးဘအောင် ခပ်လှမ်းလှမ်း မှ ကြားရ၏ ။

ထမင်းပွဲ ပြင်လာသောအခါ ငါးပြေမကြီး များ အား မန်ကျည်းသီး နှင့် ချက်ထားသည် ကို တွေ့ရ၏ ။ စောစောက တခွပ်ခွပ် ချနေသံသည် ထို ငါးပြေမပင် ဖြစ်ရမည် ဟု ဦးဘအောင် တွေး လေသည် ။ ထို နေရာတွင် မြို့ နှင့် ကွာခြားလေသည် ။ မြို့တွင် ငွေ ရှိလျှင် ပံ့သကူ ဝယ်၍ ရ၏ ။ တော ၌ မူကား ငွေ ရှိသော်လည်း လိုတိုင်း မရပေ ။

“ ဘာမှ အားမနာ နဲ့ ဦးကြီးအောင် ။ ခင်ဗျား ဟင်း မငတ်အောင် ဒီနေ့ ငါးရစ်ငါး လိုက်လိုက်ဦးမယ် ။ အို... အနည်းဆုံး ငါးပတ်သားတော့ စားရမှာ ပဲ ”

“ အိုကွာ ... သူများ အသက်ကြီး လုပ် မနေကြ စမ်းပါနဲ့ ။ မရှိ ရှိသရွေ့ပေါ့ကွ ။ ငါ့ အတွက်နဲ့ တော့ ငရဲကြီး မခံကြနဲ့ ဟေ့ ”

“ ဟာ ... ဘယ် ဟုတ်မလဲဗျာ ။ ကျုပ်တို့ ဆီမှာ ငရဲ ကြောက် နေရင် ငတ်မှာ ပေါ့ဗျ ။ ငရဲကြီး မှ စားရတာပဲ ဟာ ”

ကိုဘထွန်း ကား မကွယ်မဝှက် ပင် ပြော လို က်လေသည်  ။ ဦးဘအောင် က မူ ဘာ ပြန် ပြောရမည်ပင် မသိတော့ ။ သူတို့ နေစဉ်တုန်းက တော နှင့် ယခုတော ကား ကွာခြား သွားပြီ ကို နေရာတကာ သတိပြုကြည့်မိ၏ ။

ဟိုစဉ်က တောသည် အိမ်ခြေများ သည့် ရွာကြီး သို့ ဈေးသည် များ လှည့်လည် ရောင်းချကြသည် ။ ဈေးဆိုင်ကြီးတွေ လည်း ရှိကြသည် ။ ယခုမူ တစ်ရွာလုံး လယ်သမားချည်း ဖြစ်နေကြသည် ။ ဈေးသည် များ လည်း ရောင်း၍ မဟန်ကြ သဖြင့် မည်သူမျှ ဈေးရောင်း မစားကြပေ ။

ညဘက် မိုးဖြိုင်ဖြိုင် ရွာသော အခါ ကိုဘထွန်း တစ်ယောက် ဖားရိုက်ရန် မီးအုပ်တစ်အုပ် နှင့် ထွက်သွားတော့သည် ။ နေ့ဘက်တွင် ငါးရစ်ငါး ရှာ၍ ညဘက်၌ ဖားရိုက်ကြသည် ။ မိုးဦး ကျ လျှင် သူတို့ အဖို့ ငရဲကြီးသည် ထက် ဟင်းစား ဖောဖောသီသီ စားကြရ သဖြင့် မိုးဦးကျ ကိုပင် ကျေနပ်မိသည် ။

ကိုဘထွန်း သည် ခြင်းပလုံး နှင့် အပြည့် နီးပါး ရလုသော ဖားများကို ဦးဘအောင် အတွက်ပါ နေ့ဖို့ ညစာ ချန်ထားသည် ။ အရိုက် မနာသော ဖားများကား အသက်ပြင်းသည် နှင့် အမျှ ရုတ်တရက် မသေကြပေ ။ လယ်သိမ် ပလိုင်း ထဲ ၌ မှောင်ရိပ်ခို နေရသဖြင့် နေ့ညမရွေး တကွပ်ကွပ် အော်မြည် နေကြရသည် ။ ဖား အော်သံ ကြားတိုင်း ဦးဘအောင် စိတ်မချမ်းသာ လှပေ ။ ရွာ ထဲ ၌ တစ်အိမ်တက်ဆင်း လျှောက်လည် နေသည့် အခါ ပျော်ရွှင်သလို ရှိ၏ ရွာ ၏ အခြေအနေ ၊ ရွာနေ လူများ ၏ အကျင့်စရိုက် စသည် တို့ ကို တစ်စွန်းတစ်စ စူးစမ်း ကြည့်နေမိသည် ။ အထူးသဖြင့် ရွာတွင် အသက် အကြီးဆုံးနှင့် ရွာသား အစစ်မှန်ဆုံးသော ဘကြီးကွန်း ထံ တွင် တစ်နေကုန် တစ်နေခန်း စကားစမြည် ပြောနေလေသည် ။ ဘကြီးကွန်း သည် နွေ က ဘုရားပွဲ ကျင်းပစဉ် အငြင်းအခုံ ဖြစ်ခဲ့ရကြောင်းများ မှ အစ အားလုံး ရွာသား နောက်ပေါက် လူငယ်တွေ ၏ စိတ်နေ သဘောထား ကို ပြောပြလေသည် ။

“ ငါ့တူ ရာ ၊ ဒီ ခေတ်က ကာလပြောင်းပြန် ဆို တာ လိုပါပဲကွ ။ လူကြီးတွေ ဩဇာ ကို လူငယ် တွေ က မထီမဲ့မြင် ပြုလုပ်ကြတယ် ။ လွှမ်းမိုး ကြတယ် ။ အိမ်း .. ဘူးတောင်း မြုပ်လို့ စောင်ချမ်း ပေါ် ဆိုတဲ့ အတိုင်းပေါ့ကွာ ။ ဘူးတောင်း ဆိုတဲ့ အရာဟာ အင်မတန် ပေါ့လို့ ရေပေါ် မှာ ပေါလော ပေါ်သမှုတ်လား ။ စောင်ချမ်းသား များ တော့ လေးလွန်းလို့ ရေ ပေါ်ရိုး ထုံးစံ မရှိ ဘူး ။ အေးအေး ... ဒါပေမဲ့ ခုတော့ စောင်ချမ်းသားကြီးတွေ ရေပေါ် နေရပါပကောကွယ် ”

နွေဦးတုန်း က ဘုရားပွဲ တွင် ပွဲ သွင်းမည် ဆို ၍ မသွင်းရန် ဘကြီးကွန်း တားမြစ်ခဲ့ဖူးသည် ။ သို့သော် ကာလသားများ က ဇာတ် မကြည့်ရလျှင် မကျင်းပ ဟု ငြင်းဆန်ခဲ့၍ ဇာတ်သွင်း ခဲ့သော အခါ ပွဲခင်း ထဲ၌ ရန်ဖြစ်၍ လူနှစ်ယောက် သေရသည် ။ ထိုအကြောင်းကို ဘကြီးကွန်း က စားမြုံ့ပြန်လေသည် ။

ဘကြီးကွန်း စကားသည် မှန်လွန်းလှ၏ ။ ခေတ် ကာလများ ကုန်လွန် ရင့်ညောင်းလာ သကဲ့သို့ လူငယ်တွေ မှာ လည်း နောက်ပေါက် ဘဝ နှင့် တစ်ခေတ် ထ လာလေသည် ။ ထိုအခါ ဘကြီးကွန်း တို့ သြဇာ မညောင်းတော့ပေ ။
ရွာသားတွေ ကား ယခင် က လို စိတ်ရင်းစေတနာ လွန်စွာ မဖြူကြတော့ပါလား ဟု စဉ်းစား ၍ သံဝေဂ ရမိ၏ ။ သို့သော် လယ် ထဲ တွင် နင် လား ၊ ငါလား လုပ်ကိုင်ကြပုံများ မှာ ကား တူညီကြပေသေးသည် ။ ပျိုးခင်းများ ထွန်ရေးများ ကို မြင်ရပြန် တော့လည်း ဦးဘအောင် စိတ် တွင် တက်ကြွလာ မိပြန်သည် ။ ဥယျာဉ် ခြံမြေများ လည်း မိုးဦး မို့ စိမ်းလန်းစိုပြည် နေကြသည် ။ ရှုခင်း ကိုသာ နေကုန်နေခန်း ထိုင်ကြည့်နေမည် ဆိုလျှင် စိတ်ပျော်ဖွယ် ဖြစ်နေသည် ။

ဦးဘအောင် သည် ရောက် ကတည်း က ခြံမြေလယ်ယာ အနှံ့အပြား လိုက်လံ ကြည့်ရှု စိတ်ကူး အမျိုးမျိုး ထုတ်ကြည့် နေသည် ။ မြင်မြင် သမျှသည် ငွေပင်ငွေသီး ချည်း ဖြစ်နေသလို ထင်မှတ်မိ၏ ။ ရွာသူရွာသားများ အခြေအနေ ပြောင်းလဲ ကြသည် ဆိုသော်လည်း ဤ သီးပင် သီးရွက် တို့ ကား ဥတုရာသီ အလိုက် သဘာဝ မပြောင်းလဲဘဲ သီးမြဲပွင့်မြဲ ဖြစ်ကြသည် မို့ မြတ်နိုးမိလေသည် ။ ထိုမြတ်နိုးဖွယ် သဘာဝ သစ်ပင် များ က သာ လျှင် ရွာသူရွာသား များ
အား ဝမ်းတစ်ထွာ အတွက် ဖြည့်တင်း ပေးစွမ်း နေသည် ဖြစ်၏ ။ ဦးဘအောင် ထို သဘောကို တစိမ့်စိမ့် ကျေနပ် သလို ဖြစ်နေမိသည် ။

“ ဦးကြီးအောင်ရေ .... ဟောဒီမှာ လူကြုံနဲ့ စာပါ လာတယ် ”

“ ဟေ ... ဟုတ်လား ၊ ပေးစမ်းဟ ”

ဦးဘအောင် ကား ကိုဘထွန်း လက် တွင်း မှ စာအိတ်ကလေး ကို အဆောတလျင် ယူ၍ ဖောက်လေ၏ ။

သို့ ...
သား ရိုသေစွာ စာရေး အပ်ပါသည် ။ ဖေဖေခင်ဗျား ...
ဖေဖေ သွားပြီး နောက် နှစ်ရက်မှာ သားတို့ စာမေးပွဲ အောင်စာရင်း ထွက်လာပါသည် ။ သို့သော်လည်း သား ရော ၊ ညီမလေး ပါ စာမေးပွဲ ရှုံး ပါသည် ။ သားတို့ မှာ နောက်ထပ် မြို့ပေါ် ကျောင်း တွင် နေခွင့် မရတော့ပါ ။ သို့အတွက် ဖေဖေ ပြန်လာမှ စီစဉ်ရမှာ မို့ သားတို့ ဖေဖေ့ ကို မျှော်နေပါသည် ။
     ဖေဖေ ကျန်းမာပါစေ ။
     သားကြီးသက်ဦး

ဦးဘအောင် သည် စာ ဆုံးသွားလျှင် သက်ပြင်းကြီး တစ်ချက် ရှူထုတ် လိုက်လေသည် ။

“ ဟေ့ ... ဘထွန်း ၊ ဒီနေ့ သီရိကျက်သရေ ထွက်မယ် မဟုတ်လားဟေ့ ။ သွားစုံစမ်းစမ်း ။ ငါ ပြန်လိုက်မလို့ ”

‘ သီရိကျက်သရေ ’ ဆိုသည် မှာ မြို့ နှင့် နေ့စဉ် ခုတ်နေသော သစ်သားခွံ မော်တော်ကလေး ဖြစ်၏ ။ ဦးဘအောင် သည် ပါလာသော လွယ်အိတ် ကို ပြင်ဆင်၍ ဘထွန်း အလာ ကိုပင် မစောင့်နိုင်ရှာဘဲ ကမ်းနားဆိပ် သို့ ဆင်းသွားမိ လေ တော့သည် ။

ဦးဘအောင် ၏ ခြေလှမ်းများ သည် မြို့ မှ တောသို့ လာရန် မော်တော်ဆိပ် အရောက် ဆင်းစဉ် က ထက် မြန်လျက် သွက်လျက် ရှိလှပါတကား ။

◾ရွှေကျွန်းရီလေး

📖 ရှုမဝမဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၁၉၆၃ ခုနှစ်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အမှတ် ၁၈၅
     ဧပြီလ ၊ ၂ဝဝ၅ ခုနှစ်

 

No comments:

Post a Comment