Tuesday, January 28, 2025

နှင်းမယ်မယ်


 

❝ နှင်းမယ်မယ် ❞
      ( ပုံပြင် )

ရှေးအခါ မြို့ရွာ နှင့် မနီးသော ကွင်းပြင်ကြီး တစ်ခု၌ လယ်တဲ တစ်တဲ ရှိလေသည် ။ ထို လယ်တဲ ၌ လယ်သမားကြီး တစ်ယောက် နေသည် ။ ထို လယ်သမားသည် မည်သူ့ထံ ကမျှ အကူအညီ မတောင်းဘဲ တစ်ယောက် တည်း လယ်ထွန်ခြင်း ၊ နွားကျောင်းခြင်း တို့ကို ပြု၏ ။ ကောက်ရိတ်ချိန် ၌သာလျှင် လူတစ်ယောက် ကို ငှား၍ ရိတ်လေသည် ။

ဤပုံဝတ္ထု စချိန်သည်ကား ဆောင်းဥတု ဖြစ်သည် ။ နှင်းများ သည် လယ်ထဲ တွင် အထွေးလိုက် အခဲလိုက် ကျနေလေ၏ ။ လယ်တော တစ်ဝိုက် ၌ အအေးဓာတ် ကို မနှစ်သက် သဖြင့် ညည်းညူကြသော ငှက်သံ ၊ကျွဲနွားသံများ ကိုသာ ကြားရသည် ။ အခြား အသံ ဟူ၍ မကြား ရချေ ။ လယ်သမား သည် တစ်နေ့လုံး လယ် အလုပ်များကို ကြိုးစား၍ လုပ်ကိုင် နေရသဖြင့် ပင်ပန်းလှ၍ ညအချိန် ရောက်သည်နှင့် မနှောင်းမီ အိပ်ရာဝင်လေ၏ ။ သူ သည် ညအခါ မီးမထွန်း ချေ ။ မီးထွန်းလျှင် ရေနံဆီ ကုန်မည် ။ မီးထွန်း ဖို့ လည်း မလိုချေ ။ သူ သည် နေဝင်လျှင် အိပ်ရာဝင်သောကြောင့်တည်း ။

တစ်ည၌ သူ သည် အိပ်နေရာမှ တံခါးခေါက်သံ ကြားရသောအခါ နိုးလာ၏ ။ ပထမ၌ တံခါးကို လေတိုး၍ မြည်သံ ဖြစ်လိမ့်မည် ဟု သူ တွေးထင် သဖြင့် ပြန်၍ အိပ်၏ ။ သို့သော် နောက် တစ်ဖန် ထပ်မံ၍ တံခါးခေါက်သံကြားရပြန်သည် ။ ယခုအခါ၌မူ ရှေးအကြိမ် ထက်ပင် ပိုမို၍ ပြင်းထန်သည် ။

“ ဧကန္တ လူတစ်ယောက် တံခါး လာခေါက်တာပဲ ” ဟု အောက်မေ့ကာ လယ်သမား သည် အိပ်ရာ မှ ထ၍ တံခါးကို ဖွင့်လိုက်၏ ။ လေပြင်း တိုက် နေသဖြင့် ဖွင့်လိုက်သော တံခါးရွက် သည် လန်၍ သွားရာ သူ့လက်တွင်း မှ ရုန်းထွက်မည် ကဲ့သို့ ဖြစ်သွားသည် ။ သူ သည် အိမ်ပြင် ဘက်သို့ လှမ်း၍ ကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့ရချေ ။

“ ဘယ်သူလဲဟေ့ ၊ အခုတင်က တံခါး ခေါက်တာ ဘယ်သူလဲ ” ဟု အော်၍ မေး၏ ။ မည်သူကမျှ သူ့ အမေး ကို ပြန်၍ ဖြေဖော် မရချေ ။

“ အင်း ... ငါ့ စိတ်ထင်လို့ ဖြစ်မှာပါ ”ဟု တစ်ယောက်တည်း ညည်းတွားကာ တံခါး ကို ပြန် ပိတ်ပြီးလျှင် အိပ်ရာ သို့ ပြန်ဝင်လေ၏ ။

မကြာမီ တံခါးခေါက်သံ ကြားရပြန်၏ ။ ဤအကြိမ်တွင်မူ လယ်သမား သည် စိတ်ဆိုးလေ၏ ။

“ ဟေ့ ... ဘယ်သူလဲ ၊ ဘာလိုချင်လို့လဲကွဲ့ ” ဟု သူ သည် အိပ်ရာထဲ မှ နေ၍ ခပ်ထန် ထန် အော်၍ မေးလိုက်၏ ။

“ ဒီမှာ တစ်ည လောက် တည်းခိုပါရစေ ၊ စားစရာသောက်စရာကလေးများ ရှိရင် နည်းနည်းလောက် ပေးစေချင်ပါတယ် ”ဟု အပြင်ဘက် မှ အသံ တစ်သံ ကြားရလေ၏ ။

“ အို ... ငါ အခုတင်ကပဲ တံခါး ဖွင့်ပေးသေးတယ် ၊ အဲသည်တုန်း ကတော့ ဘယ်သူမှ ဝင်မလာဘူး ၊ ခဏခဏ ငါ့ ကို နောက်ပြောင် နေတာကိုး ၊ အေးက အေးပါဘိသနဲ့ ၊ မင်း တည်းချင် ရင် တခြားမှာ သွား တည်းချေ ၊ မဝေးလှပါဘူး ၊ ချောင်းအကွေ့ နားမှာ လယ်တဲ တစ်တဲ ရှိလေရဲ့ ” ဟု လယ်သမား သည် အိပ်ရာ ထဲမှ နေ၍ ဖြေပြီးလျှင် အိပ်ရန် တစ်ဖက်သို့ စောင်းလိုက်၏ ။

သို့သော် သူ သည် အိပ်၍ မရနိုင် ဖြစ်နေသည် ။ ဘာကြောင့်ဟု မပြောနိုင် သော်လည်း သူ့ စိတ်ကို တစ်ခုခု က နှိုးဆော် နေသကဲ့သို့ ဖြစ်နေသဖြင့် နောက်ဆုံး၌ အိပ်ရာမှ ထမည်ဟု မျက်စိ ကို ဖွင့်လိုက်လေရာ သူ့ အနီးတွင် အလွန်လှပသော မိန်းမပျို တစ်ဦး ရောက် နေသည် ကို တွေ့ရ၏ ။ ထို မိန်းမပျိုသည် ချောမွေ့ ဖြူဖွေးသော သင်တိုင်းရှည်ကြီး ကို ဝတ်ထားသည် ။ သူ့ ဆံပင်များ သည် ရွှေရောင်ပေါက်လျက် ရှိနေကာ ပခုံးထက် မှ လျောပြီး ခါးထက် မှလျောပြီး ခါးဆစ် ကို လွန်၍ ကျနေ၏ ။

“ မင်း ဘယ်မှာ နေတာလဲ ၊ အခု ဘယ်သွားမလို့လဲ ” ဟု လယ်သမား က မေးသည် ။

“ ကျုပ် ဟာ နှင်းဖုံးတဲ့ တောင်ထိပ်တွေ မှာ ပျံသန်း သွားလာ နေတယ် ၊ ကျုပ် နေတဲ့ နေရပ် ကို တော့ သင်လူသား သိမယ် မဟုတ်ပါဘူး ၊ ကျုပ်တို့ ဒေသမှာ အမြဲ လင်းပြီး ပန်းအမြဲ ဝေတယ် ၊ စားဖွယ်သောက်ဖွယ် ၊ သစ်သီးသစ်ဥတွေ လည်း ခူးဆွတ်စားဖို့ အဆင်သင့်ပဲ ရှိကြတယ် ” ဟု မိန်းမပျို ကပြန် ဖြေလေ၏ ။

“ အို ... ဒါနဲ့များဗျာ ၊ ကျုပ်တို့လို လယ်သမား ဆင်းရဲသား ဆီက စားစရာ ၊ သောက်စရာကလေးများတောင် တောင်းနေရသေးလား ၊ ဒီမှာကော တည်းခိုဖို့ ဘာ လိုသေးသလဲ ”

“ သည်လိုလည်း မဟုတ်သေးဘူးလေ ၊ ကျုပ် ပြောတဲ့ ဒေသ က တောင်တွေ ရဲ့ ဟိုဘက် မှာ ရှိတယ် ၊ ကျုပ် အဲသည်ကို သွားတာ ၊ အခု လေ ထန်လွန်း လို့ သည်မှာ ခဏ နားဖို့ ဝင်လာခဲ့ တာပါ ၊ ကျုပ် တောင်းတာကလေးများပေးနိုင်ပါရဲ့လား ”

“ အို ... သည်လောက်တော့ ပေးဖို့ ဝန်မလေးလှပါဘူး ” ဟု ဆိုကာ လယ်သမား သည် အိပ်ရာ မှ ထ၍ မီးမွှေးလေ၏ ။ ပြီးလျှင် ဆန်မှုန့် ကို ယူ၍ ဆန်မုန့် လုပ်၏ ။ သောက်ဖွယ်ရာများ ကို လည်း ပူနွေးအောင်ကျို၏ ။ စားဖွယ်သောက်ဖွယ်များ ပြီးစီးသော အခါ ခုံတစ်ခု ကိုခင်း၍ မိန်းမပျို ကို ကျွေးမွေးလေသည် ။ မိန်းမပျို သည် တည်ခင်း ကျွေးမွေးသော စားဖွယ်သောက်ဖွယ်တို့ ကို မြိန်ရှက်စွာ စားသောက်လေ၏ ။

စားသောက် ပြီးသော် မီးဖိုရှေ့တွင် အတန်ကြာ နားနေပြီးနောက် လယ်သမား ကို ...

“ ကျုပ် တော့ လေတိုက်သံ မကြားတော့ဘူး ၊ လေအတိုက် ရပ်သွားပြီလား ” ဟု မေးလေ၏ ။

လယ်သမား သည် တံခါး ကိုဖွင့်၍ အပြင်ဘက်သို့ ထွက်၍ ကြည့်လေသည် ။ လေ အတိုက် ရပ်သွားပြီ ဖြစ်သော်လည်း နှင်းများ မှာ ကျသည် ထက် ကျ၍ နေသည် ကို သူ တွေ့ရ၏ ။ ထို့ကြောင့် အိမ်ထဲ သို့ ပြန် ဝင်လာပြီးလျှင် ...

“ လေတော့ အတိုက် ရပ်သွားပါပြီ ၊ ဒါပေမယ့် နှင်းတွေ ကတော့ ကျတုန်းမို့ သည်မှာပဲ နေပါဦးလား ” ဟုပြော၏ ။

မိန်းမပျို က ပြုံး၍ “ လေရပ် သွားရင် တော်ပါပြီ ၊ နှင်းတော့ ကိစ္စ မရှိပါဘူး ၊ နှင်းကို ကျုပ် စိုးမိုးနေတာပဲ ၊ ကျုပ် ဟာ နှင်းမယ်မယ် ပေါ့ ” ဟု ပြန်ပြော၏ ။

ထို့နောက် လယ်သမား ကို ကျေးဇူးတင်စကား ပြော ပြီးလျှင် နှင်းမယ်မယ် နတ်သမီး သည် အိမ် မှ ထွက်၍ နှင်းတော ထဲတွင် ပျောက်သွားလေသတည်း ။

လယ်သမား သည် မိမိ အိပ်ရာသို့ ပြန် ဝင်ပြီးလျှင် လှပသော နှင်းမယ်မယ် ကို သာလျှင် တွေးတော နေလေ၏ ။ သူ သည် ထိုတစ်ကြိမ် သာလျှင် နှင်းစောင့် နတ်သမီး ကို တွေ့မြင်လိုက်ရ သည် ။ နောက် ထပ်မံ၍ မတွေ့ရတော့ချေ ။ သို့သော် ထူးခြားသော အချက်ကိုကား သူ့တွင် မက သူ့ လယ်တော ကို ရောက်သူတိုင်း သိနိုင်လေသည် ။

ထိုအချက်ကား သူ စိုက်ပျိုးသော စပါးအသီးအနှံ တို့သည် အလွန် ဖြစ်မြောက်၍ သူ မွေးထားသော ကျွဲ ၊ နွား ၊ တိရစ္ဆာန်တို့ မှာလည်း အလွန်သန်မာထွားကျိုင်းပြီးလျှင် အများအပြား ပေါက်ဖွားကြခြင်းပင်ဖြစ်ပေသည် ။ ထို့ကြောင့် လယ်သမား သည် မကြာမီပင် အလွန် ကြွယ်ဝသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာလေသည် ။ ထိုကဲ့သို့ စီးပွား တိုးတက်သည် မှာ နှင်းမယ်မယ် ၏ ကျေးဇူးကြောင့် ဟူ၍ သူ ယုံကြည်ရကား ....

တစ်နေ့ တွင် သို့မဟုတ် တစ်ည တွင် နှင်းမယ်မယ် နှင့် ပြန်လည် တွေ့ဆုံရန် စိတ်စောနေကာ တွေ့နိုင်စေရန် လည်း နေ့စဉ်နှင့် အမျှ ဆုတောင်း နေပေသတည်း ။

▣ အောင်မျိုးချစ် ( သာယာဝတီ )

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၄ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment