Saturday, January 4, 2025

ကိုပီတိ နှင့် ရှားလော့ဟုမ်းသစ်


 

❝ ကိုပီတိ နှင့် ရှားလော့ဟုမ်းသစ် ❞

“ ဒေါက် ... ဒေါက် ”

“ ပီတိလား ဟေ့ ဝင်ခဲ့လေကွယ် ”

အတွင်း က ပေါ်လာတဲ့ အသံကြောင့် ကိုပီတိ နံဘေး မှာ ရပ် နေတဲ့ ကြာပေါ် ကို ဘယ့်နှယ်ရှိစ ဆိုတဲ့ အကြည့် နဲ့ လှမ်း ကြည့်ပြီး တံခါး ကို တွန်း ဖွင့်bလိုက်တယ် ၊ အခန်း ထဲ က ကုတင် ပေါ် မှာ ကတ္တီပါတဘက် နီညို ကို ခြုံပြီး ဆေးပေါ့လိပ် ဖွာရင်း ထိုင်နေတဲ့ သူ့ အငြိမ့် ထောင် ဒေါ်ပိုကာတင် ၊ ကိုပီတိ တို့ ကုတင် နံဘေး က ခွေးခြေ ပေါ် မှာ ဝင် ထိုင်ရင်း ။

“ အစ်မကြီး တံခါး ခေါက်သံ ကြားရုံ နဲ့ ကျွန်တော် မှန်း ဘယ်လို လုပ်ပြီး သိတာလည်း ...”

ဒေါ်ပိုကာတင် ပျော့တွဲတွဲ အရေပြား မျက်နှာ ကို ရှုံ့ လိုက်ပြီး ။

“ ဟဲ့ ဒီ တံခါး ကို ဒီလို ခေါက်တာ ဆိုလို့ ငါ့ အိမ် က အောင်နက် နဲ့ နင် ဘဲ ရှိတဲ့ ဥစ္စာ ၊ အောင်နက် က အစာ စားချင်ပြီ ဆိုရင် သူ့ အမြီး နဲ့ တံခါး ကို တဘုတ်ဘုတ် ရိုက်တော့တာ လေ ၊ နင် လည်း ငွေသုံး တောင်းချင်ပြီ ဆိုရင် ငါ စိတ်ဆိုး မှာ လည်း ကြောက်တော့ လက်ခလယ် ထိပ်ကလေး နဲ့ တောက် ရွံ့တောက်တာ မဟုတ်လား ၊ ခုချိန် က အောင်နက် အိမ် လည်ချိန် ဆိုတော့ နင် ဘဲ ဖြစ်တော့မှာပေါ့ ၊ သူ က နင် ခေါ်ချင်တယ် ဆိုတဲ့ လူပြက် လား ...”

တောက်လျှောက် ပြောမေး မေးလိုက်တယ်

“ ဟုတ်ပါတယ် အစ်မကြီး ...”

ဒေါ်ပိုကာတင် ကြာပေါ် ကို ခြေဆုံး ခေါင်းဖျား တစ်ချက် အကဲခတ် ရင်း

“ ရွှေဘို ဘက် က လာတာ မှတ်တယ် ”

“ ခင်ဗျာ .... ဟုတ် .... ဟုတ်ပါတယ် ခင်ဗျ ”

ကြာပေါ်  ရဲ ရှေ့ ရောက်တဲ့ တရားခံ လို ဖြစ်နေပြီ ။

“ ဆိပ်ခွန်မြောက်ဖျားမှာ နေပုံ ရ သကွဲ့ ၊ မင့် အိမ်ရှေ့မယ် ထနောင်းပင် နှစ်ပင် ရှိရမယ် ၊ အင်း ချည်တွေ ဘာတွေ ဆေး ဆိုးတဲ့ အလုပ် လဲ လုပ် သကိုး ”

ကြာပေါ် ခမျာ ငယ်ကျိုးငယ်နာ တွေ ပါ များ သိနေရော့ပါလား အတွေး နဲ့ ချွေးစီးတွေ ပြန်လာတယ် ။ တံတွေး မျိုးရင်း တုန်တုန်ရီရီ လေသံ နဲ့ ...

“ တိ ... တိကျလိုက်တာ ခင်ဗျာ ၊ ဓာတ်ပုံ ရိုက်ထား တာ မှ လွဲနေပါဦးမယ် ၊ အစ်မကြီး ရဲ့အတွေး နဲ့ ကောက်ချက် ဆွဲပုံ က အံ့ဩ ပြီး ရင်း အံ့ဩစရာပါလား ခင်မျာ ”

ဒေါ်ပိုက်တင် ခွေး နဲ့ တွေ့တဲ့ ကြောင် ရဲ့ မာန်ဖီသံမျိုး ရယ်လိုက်ပြီး ၊

“ ဒါ .. ဘာမှ မခက်ပါဘူးကွဲ့ မနေ့က ဆိပ်ခွန် က ဆိုင်းဆရာ မောင်ကျော် အလည် လာရင်း မင်း ကို - ပီတိ က စာ ရေးပြီး လှမ်း မှာ နေတယ်လို့ ပြောတာနဲ့ စုံစမ်း ထား လိုက်တာပါ ၊ ခပ်ရိုးရိုး ခပ်မှန်မှန် အစား ထဲ က လို့ လည်း ပြောသွားရဲ့ ”

“ ကိုင်း အစ်မကြီး လုပ်ငန်း စကားလေး ...”

“ နင် ယုံကြည်လို့ ခေါ် လာတာ ငါ ဘာမှ ပြော မနေပါဘူး ၊ လိုချင်တဲ့ ငွေသုံး နဲ့ ညကြေး သာ ပြောကြ ၊ အလုပ် ကို လည်း ကောင်း အောင် တိုင်ပင်ပြီး လုပ်ကြ ”

ဒါနဲ့ ကိုပီတိ ကိုယ်တိုင် ဦးဆောင်ပြီး စပေါ်တွေ ၊ ညကြေးတွေ ဆိုကြ ပြောကြပြီး ဒေါ်ပိုကာတင် စာချုပ် မှာ လက်မှတ် ထိုးခိုင်းရင်း

“ မင်း ... ဖဲလေး ဘာလေးတော့ ရိုက်တတ်သလား ”

ဆိုတော့ ကြာပေါ် မျက်လုံးလေး ကလည်ကလည် နဲ့

“ ကျွန်တော် မကစားတတ်ပါဘူး ခင်ဗျာ ”

“ အော် ... ပိတိ ၊ ပီတိ နင့် အပေါင်းအသင်းတွေ ထဲ မယ် ဒီလို ရိုးသားတဲ့ လူလဲ ရှိသေးသကိုး ၊ ကိုင်းကိုင်း ငါ လည်း ခလေးတွေ တော ပြန် သွားတုန်းမို့ ပျင်းနေတာ နဲ့ အတော်ပဲ အပျင်းပြေ ပိုကာ တစ်ဝိုင်း လောက်တော့ ဆော့ ရအောင် ၊ ရော့ နင့် စပေါ်ငွေတွေ ... ”

“ ကျွန်တော် အဟုတ် မကစားတတ်လို့ပါ အစ်မ ရယ် ”

“ ဟဲ့ ... မကောင်းတဲ့ အတတ် ဥစ္စာ ကျူရှင် တက်စရာ မလို ပါဘူး ၊ ပီတိ နင့် ကောင် ကို စာရေးပြီး သင်ပေးလိုက် ၊ လာစမ်းပါ ကွယ် ၊ အလုပ် လုပ်ဖြစ်တဲ့ အထိမ်းအမှတ် ပေါ့ ၊ အဟတ် .. အဟတ် ..”

ဒီလိုနဲ့ အလုပ်ရှင် ကျေနပ်အောင် ကိုပီတိ နဲ့ ကြာပေါ် ထိုင် ကစား လိုက်ကြတာ စပေါ်ငွေ ရဲ့ သုံးပုံ တစ်ပုံ ဟာ သူ့ အိတ်ထောင် ထဲ ပြန် ဝင် သွားပါလေရော့ ၊ ဝိုင်း ပြီး လို့ ပြန်ကြမယ် လုပ်တော့ ...

“ နောက် ကျရင် ပီတိ မပါလည်း လာ ကစားလှည့် သိရဲ့လား ၊ ပိုကာ ဒေါင်းရမယ် ဆိုလို့ကတော့ အစ်မ သေရာ က တောင် ထ ကစားပဲ ၊ နာမည် ကို က ပိုကာတင် လေ အခု ရှုံးတာလဲ ခေါင်း ထဲ မထား နော် ၊ ဖဲ ဆိုတာ မနိုင်တဲ့ အခါ ရှုံးတတ်တာ မျိုး ကွယ့် .. အဟတ် ဟတ် .. ဟတ် ”

အဲဒီ အချိန် က စပြီး ပိုကာတင် နဲ့ ကြာပေါ် ၊ ကြာပေါ်  နဲ့ ပိုကာတင် ဟာ ဝိညာဉ် တစ်ခု နဲ့ လူ နှစ်ယောက် ဖြစ်သွားပါတော့ တယ် ၊ နေ့နေ့ ညည ပွဲ အားချိန် ၊ ပွဲ နားချိန်တွေ မှာ ဒေါ်ပိုကာတင် ရဲ့ ဆေးလိပ်မီးခိုးနံ့တွေ ၊ မြေကြီးအစိုနံ့တွေ နဲ့ မွန်းကြပ် နေတဲ့ အခန်း ထဲ မှာ ဖဲမီးလှုံ နေတဲ့ ကြာပေါ် ကို တွေ့နေ ရပါတယ် ။ တစ်ခါတစ်ခါ လည်း ပြောင်ပြောင်လက်လက် ၊ တစ်ခါတစ်ခါ လည်း ညှိုးညှိုးငယ်ငယ် ၊ ဒါပေမယ့် ဒုတိယ တစ်ခါတစ်ခါ အဖြစ် နဲ့ ပဲ အတွေ့ များ နေ ရတာတော့ အမှန် ။ ပိုကာတင် က လည်း သူ့ ဖောက်သည် မျက်နှာ ငယ် မခံပါဘူး ။ ပွဲခ လည်း ညကြေး ကုန် သွားရင် ကြိုသုံး ထုတ်ပေး တယ် ။ ကြိုသုံး ကုန်တော့ ကျန်နေသေး တဲ့ ပွဲချီတွေ ကို ဈေးလျှော့ ပြီး ဝယ်ယူ တယ် ။ အဲဒီ ငွေ ကုန်ပြီ ဆိုမှ ၊ အတိုး နဲ့ ထုတ် ချေးတယ် ။ အတိုး ဆိုတာ သူများ လို လတိုး ၊ နေ့တိုး မဟုတ်ဘူး ။ ပွဲတိုး ၊ ပွဲ တစ်ချီ ကပြီး တိုင်း ညကြေး ထဲ က အတိုး နှိမ် ယူ ထားပြီးသား ။ ဒီ ယန္တရား ကြိမ်းဝါး ခံ နေရတာ ကြာပေါ် တင် မဟုတ်ဘူး ၊ တစ်ဖွဲ့သားလုံး ၊ ဆပ်လိုက် ထပ် ယူလိုက် ၊ အတိုး နှိမ်လိုက် ၊ ပြန်ဆ ပ်လိုက် ၊ ပြန် ယူလိုက် ၊ ဒီလိုနဲ့ - ငွေတိုး ကို အလုပ်အကြွေး ပြုရင်း ပိုကာတင် ရဲ့ လူရင်းတွေ အဖြစ် မမြဲချင် ပဲ မြဲနေကြရ ရှာတော့တယ် ၊ ကြာပေါ် စကား အတိုင်း ပြော ရရင် ...

“ နောက်စေ့ မှာ မျက်လုံး ပါသလား အောက်မေ့ရတယ် ပီတိ ရေ ၊ ယိမ်းသမ ကလစ် ပျောက်တာ က အစ ၊ လူရွှင်တော် ပုဝါ ပျောက် တာ အဆုံး ထိုင်ရာ မထ ကုတင် ပေါ် က ဝေဖန်ပြီး ဖမ်း ပေး နေတာ ကွက်တိ ပဲ ၊ သူ့ ရဲ့ မူလ နာမည် က ခြောက်ထပ်ပေါက်တင်တင် တဲ့ ကွ ၊ ဘယ်လို အမှုမျိုး မဆို ထရံ ခြောက်ထပ် ကာ ထားဦး သူ ဖောက်မြင် နိုင်တဲ့ သဘောပေါ့ ကွာ ... ”

“ မဟုတ်ရပါဘူး အမေရယ် ၊ သေချင်းဆိုး နဲ့ သေရပါစေရဲ့ ”

“ အဟတ် .. အဟတ် ... ဟတ် ညည်း က ငါ့ ကို ငြင်းဖို့ စဉ်းစားနေသပေါ့ ”

ဒါက ရှေ့ထွက် မင်းသမီး နဲ့ ပိုကာတင် တို့ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံပွဲ ။

“ အဟုတ်ပါ အမေ ရယ် ၊ သမီး ပြောရင် ယုံပါ ၊ အမေ့ ကို သမီး မလိမ်ပါဘူး ”

ဒေါ်ပိုကာတင် မဲ့ပြုံး ပြုံးတယ် ။

ပြီးမှ ...

“ ညည်း အငြိမ့်ခန်း ထွက်ခါနီး ဘင်းချောင် ( အစုံတီးချောင် ) မှာ ခန ရပ်ပြီး ဒိုးတီးငကြိုင် ဘက် ကို ရပ် ကြည့်တယ် ၊ ငကြိုင် က ညည်း ကို မကြည့်ပဲ နေကြာစေ့တွေ ထုတ် ဝါး ပြတယ် ။ ပြီးတော့ ညည်း ရှေ့ ကို ထွက် သွားတယ် ၊ ဟိုကောင် ချောင်းတွေ ဆိုးပြီး ကျန်နေရစ်တယ် ။ ညည်း က နေကြာစေ့ ကို ထမင်းလွတ် ဟင်းလွတ် စားတဲ့ ကောင်မ ၊ ဟိုကောင် က ရင်ကြပ်ပန်းနာ ရှိတဲ့ ကောင် ၊ သွေးတိုး ဝင် နေတဲ့ ကောင် ၊ အခုတော့ အချစ် အတွက် အသက်ပင်သေသေ ဆိုတဲ့ တဏှာရူး ထုံး ၊ နှလုံး မူ ပြီး စွန့်စားပြီး စားပြ နေတယ် ။ ပြီးတော့ သွေးကျဆေး ငါ့ ဆီ က တောင်း သောက်တယ် ၊ ဒါ .. ဘာ အဓိပ္ပါယ်လဲ .. ကဲ ညည်း ရှင်းစမ်း ”

ရှေ့ထွက် ဘာမှ ငြင်းနိုင်စွမ်း မရှိတော့ဘူး ။ ကြက်တူရွေး ကို ညှော်တိုက် ထား သလို ဖြစ်နေပြီ ။ ခိုးထုပ်ခိုးထည် နဲ့ အပိုင် မိ သွားတာ မို့ လေလျော့လေး နဲ့ ...

“ အမေ ပေးတဲ့ အပြစ် ခံရုံပါပဲ ၊ သမီးတို့ ချစ်နေကြပါပြီ ”

“ ဒီလို သတ္တိ ရှိပါ အေ ၊ ဟိုကောင် က လည်း လူပျို မို့ ငါ မငြင်း ပါဘူး ၊ ညည်း ဘက် က သဘော မျှတယ် ဆိုရင် ပေးစားဘို့ပါပဲ အေ ရယ် ...”

ကိုပီတိ နဲ့ ကြာပေါ် ဘယ့်နှယ့် ရှိစ ဆိုတဲ့ အကြည့် ချင်း ဆုံသွား တာတော့ အမှန် ...

“ ဟဲ့ ပီတိ ၊ ငါ ပန်းနာ ထ နေတယ် ၊ ဒီ ပွဲ ငါ လိုက်နိုင် မှာ မဟုတ် တော့ဘူး ၊ အဲတော့ နင် ပဲ ငွေကိုင် ၊ စာရင်းကိုင် ပြီး ၊ ရှင်းပေး ခဲ့ပေ ... ”

တစ်နှစ်တာ ရဲ့ နောက်ဆုံးပွဲ ၊ နှစ်ကျွတ်ပွဲ ၊ ကိုပီတိ စာရင်းတွေ ယူရင်း

“ ဟဲ့ ... လိုရင် လိုသလောက် ပေးလိုက်ပေါ့ ၊ နောက် လ ထဲ လည်း ပွဲ မှ မရှိတော့တာကိုး ... အဲ ... နင် နဲ့ ကြာပေါ် က ဟို အငြိမ့်သစ် နဲ့ စကား ကမ်းလှမ်း ထားတယ် မဟုတ်လား ၊ အဟတ် .. ဟတ် ၊ ဒါပေမယ့် လိုရင်တော့ နင် တို့ လဲ သုံးကြပေါ့ ၊ ဟို တစ်ဖက် က အမ်း ရင် ငါ ပို ရတာပေါ့ကွယ် ၊ အဟတ် .. ဟတ် ”

အဲဒါနဲ့ အဲဒီ နှစ် ကျွတ်ပွဲ ကို သွား က ကြရတယ် ။ မန္တလေး နဲ့ လည်း သိပ် ဝေးနေတဲ့ နေရာ မဟုတ်ဘူး ။ ရွာသစ်ကြီး ရဲ့ အနောက်ဘက် အဲဒီ ပွဲ ရဲ့ ပထမည ပွဲသိမ်း ပြီးတာ နဲ့ ထုံးစံအတိုင်း ကိုပီတိ တို့ ဖွတ်ချင်း အမြီး လိမ် တဲ့ ဖဲဝိုင်း စ ပါလေရော ။ နှစ်ကျွတ်ပွဲ ဆိုတော့ အဖွဲ့သစ် မှာ အလုပ် ပြောင်းသူတွေ ကို အဖွဲ့ဟောင်း ကျန်သူတွေ က ရက်ရက်စက်စက် ဆော်တဲ့ ပွဲပေါ့ ။ လက်ကျန် လူတွေ က ငွေ ကို ပို သုံး ခွင့် ရတာ ကိုး ။ မိုးလေး က လည်း ဖြိုက်ဖြိုက် ရွာ လိုက်တော့ အငြိမ့် ခုံ အောက် မှာ မိုးခို နေတဲ့ ဘောလုံးသည်လေး က လည်း တစ်အိမ် ဝင် ပါ ပါလေရော ။ မိုး လဲလင်း ရော အဖွဲ့သစ် ကူးမဲ့ လူတွေ က နိုင် ၊ လက်ကျန် လူတွေ က ရှုံး ရော ။ ဘောလုံးသည်လေး လည်း ရောင်းရ သမျှ ငွေ ကုန်ပြီး ပါ လာတဲ့ စက်ဘီးလေး ပေါင် ရတဲ့ ဘဝ ရောက် က ရော ... ငွေ ကို ပိုသုံးခွင့် ရတဲ့ လက်ကျန်လူ တို့ ထုံးစံ အတိုင်း ငွေ သုံး ထပ်ယူပြီး ၊ ဒုတိယ တစ်ချီ ဆော် လိုက်တော့ အဖွဲ့သစ် လူတွေ ရော အဖွဲ့ဟောင်း လူတွေ ပါ အကုန် ပြုတ်ပြုတ်ပြုန်း ပြီး ၊ ဘောလုံးသည် လေး ဆီ အကုန် နိုင်ငွေတွေ စုပြုံ ပါလေ ရော့ ။ ကြာပေါ် လည်း ပါလာ တဲ့ လက်စွပ် ၊ ဆွဲကြိုး ၊ နာရီတွေ အကုန် ပြောင် ၊ ငွေသုံး တွေ က လည်း ယူပြီး ရင်း ယူ ၊ ကိုပီတိ လည်း တောင်ရှည်ပေါင် ငွေသုံး ယူ နဲ့ နလံ မထူအောင် တစ်ဖွဲ့ လုံး ရှုံးကြပါလေ ရော ... ဒီလိုနဲ့ ဒုတိယပွဲ အပြီး ညှိုးငယ်စွာ နဲ့ အိပ်နေကြတော့ ...

   •••••   •••••   •••••

“ အဟတ် ... အဟတ် ... ပီတိ နင်တို့ အဖွဲ့မယ် ကစားဝိုင်း ပါပြီကွယ့် ”

ငွေ အသုံးစာရင်း ကို ကြည့် ပြီး ဝေဖန် လိုက်တဲ့ ဒေါ်ပိုကာတင် ရဲ့ စကား ကြောင့် ကိုပီတိ မျက်လုံး ပြူးသွားတယ် ။

“ အစ်မကြီး ... ဘယ် ... ဘယ်လိုများ ... ”

ဒေါ်ပိုကာတင် ၏ အဖွဲ့သားတွေ ကို တစ်ချက် ဝေ့ကြည့်ရင်း

“ ဟဲ့ .. ဟဲ့ နင်တို့ ပွဲသွား က တာ နယ်စပ် မဟုတ်ဘူးလေ ။ ပစ္စည်း ဝယ်ဖို့ တောင်းရအောင် ကလည်း ရွာသစ်ကြီး အနောက်ဘက် ၊ ပဲ နဲ့ ဂျုံ က လွဲရင် ဘာ ရှိမှာလဲ ။ ခု ကြည့်စမ်း တစ်ည မှ ငါးရာ ရ တဲ့ ကြေးတီး ငဝင်း က အသုံး လေးထောင် ၊ ကားဆွဲ ဖိုးပိန် က နှစ်ထောင့်ငါးရာ ၊ ဟို ယိမ်းသမ မိခိုင် က အစ သုံးထောင့်ခုနစ်ရာ ဆိုတော့ ၊ ဒါ ကစား လို့ ရှုံး ကုန်တာ က လွဲရင် ဘာရှိမှာလဲ ပီတိရဲ့ ... ”

ကိုပီတိ ခွေး အ ကြီး လှည်း နင်း ထားတော့ သလို ဖြစ်နေခိုက် ဒေါ်ပိုကာတင် စကား ဆက်တယ် ။

“ ဟိုကောင် ကြာပေါ် က သောင်းရှစ်ထောင် နဲ့ ၊ အခု လက်စွတ် ဆွဲကြိုး တွေပါ  ကုန်ခဲ့ပြီ မဟုတ်လား ။ မင့် လက် မှာ အဖြူရာ အကွင်း လိုက် ပဲ ကျန်တော့တယ် ။ တစ်သက်လုံး ဆွဲကြိုး ကြွားချင် လို့ ရင်ဘတ် ကြယ်သီး ဖွင့်လာတဲ့ နင် က ခု လည်ပင်း ကြယ်သီး ပါ တတ်လို့ ၊ အဟတ် ဟတ် ... ပီတိ နင် လည်း တောင်ရှည် ပါ ပေါင်ခဲ့ရသမှုတ်လား ၊ မလိမ်နဲ့နော် ”

ကိုပီတိ ကြက်သီး ဖြန်းဖြန်း ထ သွားတယ် ။ မျက်ကွယ် ကိစ္စ မှန် သမျှ ကို မျက်မှောက် အမြင် နဲ့ ကောက်ချက်စွဲ ဆုံးဖြတ် နိုင်စွမ်း ရှိတဲ့ ဒေါ်ပိုကာတင် ကို ကြောက်ရွံ့ ရိုသေစွာနဲ့ ...

“ အစ်မကြီး ရယ် ဒီလောက် ထိ အသေးစိတ် ကွက်တိ သိနေရ အောင် အစ်မကြီး မှာ ဘယ်လို ပါရမီမျိုး များ ... ”

ကိုပီတိ စကား မဆုံးခင် ဒေါ်ပိုကာတင် လက် ကာ ရင်း ...

“ နင်တို့ ရှေ့နှစ် အတွက် စာချုပ်လက်မှတ် အရင် ထိုးကြ ပြီးရင် ငါ ပြောပြမယ် ...”

အဖွဲ့သား အားလုံး ရှေ့နှစ် ဆက် လုပ်ရေး ငွေသုံးများ ရကြောင်း လက်မှတ်ထိုး အပြီး မှာ ကိုပီတိ က  ...

“ ကိုင်း ကျွန်တော် တောင်ရှည်ပုဆိုး ပေါင်တာ ကြာပေါ် လက်စွပ် နဲ့ ဆွဲကြိုး ပေါင်ပြီး ရှုံးရတာ အစ်မကြီး ဘယ် ကောက်ချက် နဲ့ ဘယ် အယူအဆ သုံးပြီး သိသလဲ ဆိုတာ ... ”

ဒေါ်ပိုကာတင် လင်းတ တစ်ကောင် ရဲ့ အပြုံးမျိုး ပြုံးပြီး

“ ဘာ ကောက်ချက် ဘယ် အယူအဆ မှ မလိုဘူး ကိုပီတိ ရဲ့ နင် တို့ နှင့် ဖဲ ဝင် ရိုက်တဲ့ ဘောလုံးသည် ဟာ ငါ ထည့် ပေး လိုက်တဲ့ ငါ့ တူ ဖဲလိမ်ဝိဇ္ဇာ ငပြား ကွဲ့ အဟတ် .. ဟတ် ...”

◾ချစ်စရာ

📖 ကိုပီတိ
.

No comments:

Post a Comment