❝ ဆရာတို့ ဆီ ကို ပေါ်ဦးသက် လာသလား ❞
( မောင်ကိုကို - အမရပူရ )
မန္တလေးပန်းချီ အနုပညာသင်ကျောင်း မှာ ပန်းချီသင်ဖို့ ရောက်လာတဲ့ ကျောင်းသားသစ်လေး ကျွန်တော် ဟာ မန္တလေးမြေ ကို ခြေချတာ နဲ့ ပန်းချီဆရာ ပေါ်ဦးသက် နဲ့ တွေ့လိုစိတ် ပြင်းထန်နေပါရဲ့ ။
ပေါ်ဦးသက် ဟာ မျက်နှာကြီး ရှည်တယ် ။ သွားကြီးတွေ က အကြီး ကြီးတွေ ။ သူ့ ကိုယ် သူ မြင်းကြီး နဲ့ တူတယ်လို့ သူ ကိုယ်တိုင် ပြောတတ်သတဲ့ ။ ပေါ်ဦးသက် ဟာ သဘော ကောင်းတယ် ။ စကား ကို အေးအေးဆေးဆေး ပြောတတ်တယ် ။ သူ သဘောကျတဲ့ ဟာသ နဲ့ များ တွေ့ရင် တစ်ကိုယ်လုံး လှုပ် ပြီး တခွိခွိ ရယ်တော့တာပဲတဲ့ ။ အဲဒီ ပန်းချီဆရာ ရဲ့ လူပုဂ္ဂိုလ် ဘဝ ကို ကျွန်တော် အရမ်း တွေ့ချင်တယ် ။
ပေါ်ဦးသက် ဟာ တကယ် မြင်းကြီး နဲ့ တူသလား ။ ဝတ်ရုံဖြူကြီး နဲ့ သူရဲ့ Self potrait ပန်းချီကား ကို စာအုပ် ထဲ မှာ တွေ့ဖူးတယ် ။ ကျွန်တော် အရမ်း ခိုက်တယ် ။ ဒေါ်ဝင်းဝင်းမြင့် ပုံတူ ပန်းချီကား ကို ကျွန်တော် ကြိုက်တယ် ။ ခင်ခင်ဆွေထွန်း ပုံတူပန်းချီကား ကို ကျွန်တော် ကြိုက်တယ် ။ Expecting Mother ဆီဆေးပန်းချီကား ကို ကျွန်တော် ကြိုက်တယ် ။ ကျွန်တော် ပန်းချီ ဆရာ ဖြစ်တဲ့ တစ်နေ့ မှာ ပေါ်ဦးသက် ရဲ့ Portrait ကို ဆွဲမယ် ။
ကျွန်တော်တို့ ကျောင်းအုပ်ဆရာကြီး ပန်းချီ ဦးခင်မောင်စန်း အိမ် ကို ကျွန်တော် သွားတယ် ။
“ ပေါ်ဦးသက် ကို မြင်ဖူးချင်တယ် ။ မန္တလေး ရောက်ရင် သူ့ ကို ကျွန်တော် ပထမဆုံး တွေ့ရ မှ ကျွန်တော့် အတွက် အဓိပ္ပာယ် ရှိမယ် ။ ပန်းချီ ဆွဲ ချင်တဲ့ လူငယ်ဟာ သူ ကြိုက်တဲ့ ဆရာ ကို သူ ကိုယ်တိုင် မြင်ဖူးတွေ့ဖူး ခံစားဖူးရဲမယ် ။ အဲဒီလို ကျွန်တော် ယုံကြည်လို့ပါ ဆရာ ”
ပန်းချီကျောင်းအုပ်ကြီး ဦးခင်မောင်စန်း ဟာ သူ့ အိမ် နဲ့ တွဲထားတဲ့ စတူဒီယိုလေး ထဲမှာ ရေဆေးပန်းချီကား ဆွဲ နေရင်းက ပြုံးတယ် ။
“ ငါ့ တပည့်ရာ ၊ မင်း ပန်းချီဆရာ ပေါ်ဦးသက် ကို တစ်နေ့မှာ တွေ့လာရမှာပါ ။ ဆရာတို့ ပန်းချီအနုပညာကျောင်း က ပန်းချီနည်းပြဆရာတွေ အပြင် ပြင်ပက ပန်းချီပညာရှင်တွေ ကို လည်း ဖိတ်ခေါ်လေ့ ရှိပါတယ် ။ သူတို့ က မင်းတို့ ကို ဟောပြော ပို့ချရဦးမှာပါ ။ ပန်းချီဆရာပေါ်ဦးသက် ရဲ့ ဆရာတွေ က ဦးဘသက် နဲ့ ဦးခင်မောင်( ဘဏ် ) ။ ဦးခင်မောင် က မော်ဒန် ကွ ။ ဒါ့ပြင် အမေရိကန်ပြည်ထောင်စု က Famous Aritist School မှာ လည်း ပန်းချီပညာ ကို စာပေးစာယူ သင်လာခဲ့သေးတာ ”
ကျွန်တော် ဆရာဦးခင်မောင်စန်း ရဲ့ စကား ကို ကျွန်တော် ရိုရိုသေသေ နားထောင် နေပါတယ် ။ ဒါပေမယ့် ကျွန်တော် နားမထောင် ရင် လည်း ခွင့်လွှတ်ပါဆရာ ။ ကျွန်တော် က ပေါ်ဦးသက် ကို တစ်နေ့ လာနိုး ၊ တစ်နေ့ လာနိုး နဲ့ မစောင့်နိုင်တော့ဘူး ။ ပန်းချီဆရာ ဖြစ်ချင်တဲ့ ကျွန်တော် ဟာ ပေါ်ဦးသက် ကိုမှ မတွေ့ရင် သေရပါတော့မယ် ။ ပေါ်ဦးသက် လက်ညှိုးလေး နဲ့ တို့ထိတာ ခံလိုက်ရရင် ကျွန်တော် ဟာ ချက်ချင်း ပန်းချီဆရာ ဝိညာဉ် ကို အသွင်း ခံရမလို ခံစားနေရတယ် ။
မန္တလေးမြို့ ၊ ၅၇ - လမ်းက ဓာတ်ပုံဆရာကြီး အန်ကယ် ဦးချစ်ဝိန် ထံ ကျွန်တော် ပြေးပါတယ် ။
“ အန်ကယ်ကြီး ဆီ ပန်းချီဆရာပေါ်ဦးသက် လာပါသလား ”
ဦးချစ်ဝိန် ရဲ့ မျက်နှာ ဟာ ကင်မရာ ရဲ့ Flash လို ဝင်း လက်သွားတယ် ။
“ အန်ကယ် ဆီ သူ လာတာ မဟုတ်ဘူးကွ ။ အန်ကယ် ရဲ့ ပုံတူ သူ ဆွဲတုန်းက အန်ကယ် က သူ့ အိမ် မှာ သွား သွားထိုင်ပေးရတာ ။ အန်ကယ် လာတာ စောင့် စောင့်ပြီး သူ ဆွဲရတာ ”
ကျွန်တော် က ပေါ်ဦးသက် ဆွဲပေးထားတဲ့ ဦးချစ်ဝိန် ပုံတူ ပန်းချီကားကြီး ကို ငေးမော နေမိတယ် ။ အရမ်း အသက် ဝင်တာပဲ ။ အန်ကယ်ဦးချစ်စိန် ရဲ့ အမျိုးသမီး က ကျွန်တော် ရှေ့မှာ စတော်ဘယ်ရီရောင် ဖျော်ရေအေး တစ်ခွက် လာချ ပေးပါတယ် ။ ကျွန်တော် ဖျော်ရည် ကို သောက်ပြီး အန်ကယ်ဦးချစ်ဝိန် ကို နှုတ်ဆက်ပြီး ပြန်ခဲ့တယ် ။ ကျွန်တော် ပေါ်ဦးသက် ကို တွေ့ချင်တယ် ။ ပေါ်ဦးသက် ကို ကျွန်တော် တွေ့ရမှ ဖြစ်မယ် ။ ဘာလို့ ဆိုတော့ သူ့ကို တွေ့ရမှ ကျွန်တော် နေသာထိုင်သာ ရှိသွားမှာမို့ပါ ။ သူ့ ကို တွေ့ဖူးမှ ပန်းချီဆရာ ဖြစ်ဖို့ အင်အားတွေ ပို ရှိမှာမို့ပါ ။
စိတ်ပညာပါရဂူဘွဲ့ရ ပန်းချီဆရာ ဒေါက်တာကိုကိုကြီး ထိုင်တဲ့ အင်းဝ လက်ဖက်ရည်ဆိုင် ကို ကျွန်တော် ပြေးတယ် ။ မန္တလေးဘုရားကြီး နယ်မြေ ဒေသပါ ။
“ ပေါ်ဦးသက် ဟာ မန္တလေးသား စစ်စစ်ကြီး နော် ဆရာ ”
ကျွန်တော် က ပြောပါတယ် ။
“ ပေါ်ဦးသက် ဟာ မန္တလေး က တို့ ၊ ရန်ကုန် က တို့ ၊ ပြောနေဖို့ မလိုအပ်တော့ပါဘူး ။ ပေါ်ဦးသက် ဟာ အင်တာနေရှင်နယ် ပါ ”
“ ပေါ်ဦးသက် ကို ကျွန်တော် တွေ့ဖူးချင်တယ် ဆရာ ။ ပေါ်ဦးသက် ကို အားကျလို့ ကျွန်တော် ပန်းချီကျောင်း ကို တက်ဖို့ လာခဲ့တာပါ ”
“ ကိုယ် နဲ့ က ရန်ကုန် မှာ ပဲ အတူတူ ရှိခဲ့ဖူးကြတာ ။ မန္တလေး မှာ ကျတော့ မဆုံဖြစ်ဘူး ။ တမ္ပဝတီဦးဝင်းမောင် ကို သွား မေးပါလား ”
ကျွန်တော် တမ္ပ၀တီရပ် ကို ပြေး ရပါတယ် ။ မန္တလေးမြို့ နဲ့ အမရပူရ မြို့ ကြား ထဲမှာပါ ။ အဲဒီမှာ သစ်သားပန်းပုတွေ ထု လုပ်တယ် ။ ကြေးသွန်း ဘုရားကြီး တွေ လည်း ပြုလုပ်ပါတယ် ။
တမ္ပဝတီ ဦးဝင်းမောင် ဟာ အလုပ် များ နေပုံပဲ ။ လူငယ် တစ်ယောက် ကို တော့ အရေးအရာ ပြုပါတယ် ။
“ ကျွန်တော် ပေါ်ဦးသက် ကို တွေ့ချင်လို့ပါ ဆရာ ။ ပေါ်ဦးသက် ဘယ်မှာ ရှိနိုင်မှာလဲလို့ ”
တမ္ပဝတီ ဦးဝင်းမောင် က သူ့ မျက်မှန်ကိုင်း ကို ပင့်တင် ပါသည် ။
“ ဟိုတလော ကတော့ စစ်ကိုင်း ကနေ ပေါ်ဦးသက် နဲ့ အတူတူ ပြန်ခဲ့ ကြတာပဲ ။ ညနေစောင်း တံတားဖြူ မှာ ကား ပျက်တယ် ။ ပေါ်ဦးသက် က ဂမ္ဘီရ ဆန်တယ်ကွ ။ အကြားအမြင် ရနေ သလားပဲ ။ ဒီ ကား ပျက်တဲ့ နေရာမှာ သူ့ ကို နှောက်ယှက်မယ့် ပုဂ္ဂိုလ်တွေ ရှိတာ သူ မြင်ရတယ် ဆိုပြီး ကား ကြုံနဲ့ လစ် တော့တာပဲ ။ အဲဒီတုန်းက သူ က ဦးထုပ်ဖြူလေး ဆောင်း လို့ကွ ။ ပေါ်ဦးသက် က နိုင်ငံခြား တော့ မသွားဘူးကွ ။ သူ က နိုင်ငံခြားရောဂါ ကပ် ခံရသူတော့ မဟုတ်ဘူး ။ ပေါ်ဦးသက် က ရန်ကုန် ကို တော့ ချစ်တယ်ကွ ။ နန်းတော်ရှေ့ ပဒုမ္မာရိပ်မွန် က နေ ရုတ်တရက် ရန်ကုန် ကို ထွက်ချင် ထွက်သွား တာ ။ ဟိုမှာ ဦးခင်မောင်ရင် တို့ ၊ ကိုဖေညွန့်ဝေ တို့ နဲ့ အတူ ရှိနေမလား ။ လောကနတ် ဂယ်လာရီ ပေါ် ရှိနေမလားပဲ ။ မင်း ရန်ကုန် ကို လိုက်သွားကြည့် ပါလား ”
ကျွန်တော် ဟာ မန္တလေး ပန်းချီကျောင်းကြီး ကို ခေတ္တ ပစ်ထားခဲ့ တယ် ။ မီးရထားလက်မှတ် အမြန် ဝယ်ပြီး ရန်ကုန် ကို ဒိုးတော့တာပဲ ။
ကျွန်တော် ပန်းချီဆရာ မောင်ဒီ ထံ ပထမဆုံး သွားပါတယ် ။
“ ဆရာဒီ ကျွန်တော် ပေါ်ဦးသက် နဲ့ တွေ့ချင်လို့ပါ ။ ဆရာ ဆီများ ပေါ်ဦးသက် လာသလားလို့ ”
“ ပေါ်ဦးသက် ဟာ တကယ်ပဲ မြင်းကြီး တစ်ကောင် နဲ့ တူ ပါတယ် ကွာ ။ သူ က ခေတ်ဟောင်း ရုပ်ရှင်မင်းသမီးတွေ ရဲ့ မျက်ခုံးမွှေး လို သုံးရက်လ မျက်ခုံးမွှေးသေးသေးလေး လည်း ပိုင်ဆိုင်သေးတာကွ ။ သူ ဟာ ပန်းချီ ဆွဲရင်း မြို့မငြိမ်း သီချင်းတွေ ကို ဆို ဆို နေတတ်တာ ။ တစ်ခါတလေတော့ ပန်းချီဆွဲ နေရာက လေမှုတ် နေတတ်ပြန်တယ် ။ သူ့ ရဲ့ တူရိယာမှုတ်သံ က ဝမ်းနည်း ကြေကွဲစရာတွေ ၊ အလွမ်းတွေ ၊ အဆွေးတွေ ကို ကြဲချ ပေးတယ် ။ သူ့ရဲ့ မျက်လုံး အိမ် ထဲမှာ မျက်ရည်တွေ ဝဲ နေတတ်တယ် ။ လေမှုတ်တူရိယာ မှုတ် နေချိန်မှာ ပေါ့ ။ သူ့ ပန်းချီဆရာ ဘဝ ကို ကြည်ညိုလေးစားမိ သလို သူ့ ပန်းချီကားတွေ ကို လည်း ငါ သိပ်ချစ်တယ် ။ ဒါပေမဲ့ သူ နဲ့ လူချင်း မတွေ့တာ ကြာပြီကွာ ။ ဒီ လောကကြီး ထဲ မှာ ပေါ်ဦးသက် ရှိပါတယ်ကွာ ။ မင်း ဦးခင်မောင်ရင် ဆီ သွား မေးပါလား ”
ပန်းချီဆရာ မောင်ဒီ က ကျွန်တော့် ကို ဆေးလိပ် ဖွာရင်း ပြောပါ တယ် ။ သူက ကျွန်တော့် ကို ပြောနေသလို နဲ့ လည်း မတူဘူး ။ သူ့ တစ်ကိုယ် တည်း ပြောနေ သလို ။ လေထဲလွင့်မျောလာတဲ့ ဝိညာဉ် နဲ့ စကား ပြောနေ သလိုပဲ ။ ဒါနဲ့ ကျွန်တော် လည်း မြောက်ဥက္ကလာ ၊ သန္တာလမ်း ကို ဦးတည် ထွက်လာပါတော့တယ် ။
ကျွန်တော် ဦးခင်မောင်ရင် ဆီ ရောက်တော့ ဦးခင်မောင်ရင် က သူ့ ပန်းချီကားတွေ ကြားထဲ က မြို့မငြိမ်း ရဲ့ “ လူချွန်လူကောင်း ” သီချင်း ကို နားထောင် နေပါတယ် ။ ကျွန်တော် ဦးခင်မောင်ရင် ကို နည်းနည်းတော့ ရှိန်းတိန်း ဖိန်းတိန်း ဖြစ်နေမိပါတယ် ။ သူ ဘု တော လိုက်မှာလား ။ ဘာပဲဖြစ်ဖြစ် လေ ဒီကို ရောက်အောင် လာပြီး မှတော့ ကျွန်တော် တဲ့တိုးပဲ မေး ချလိုက်တယ် ။
“ ဆရာ ကျွန်တော် ပေါ်ဦးသက် ကို တွေ့ချင်လို့ပါ ။ ဆရာ့ ဆီ ပေါ်ဦးသက် လာတယ် ဆိုလို့ ”
“ အေးကွ ... လာတယ် ။ ခုနှစ်ည လောက် ဆက်တိုက် လာဖူးတယ် ။ ပေါ်ဦးသက် ကို ဘီယာ တိုက်တယ် ။ ကွမ်းယာ ကျွေးတယ် ။ ဆေးပေါ့လိပ် တိုက်ရသေးတယ် ။ ဘီသိုဗင် ရဲ့ တီးလုံးတီးကွက်တွေ ကို လည်း သူ ကြိုက်မှန်း သိလို့ ဖွင့် ပြရတယ် ။ ရှိုးပန်း နားထောင်ချင်တယ် ဆိုပြန်ရင် လည်း ငါ့ မှာ ဖွင့်ပြရ ပြန်ရော ။ သူ က အာရုံ ရမှ ငါ့ ဆီ လာတာပါကွာ ။ အဲလို ခုနှစ်ည ဆက်တိုက် လာပြီး သူ မလာပြန်ဘူးကွ ။ မင်း ဒီလို လုပ်ကွာ ။ ကာတွန်း အော်ပီကျယ် တို့ ၊ ပန်းချီဖေညွန့်ဝေ တို့ ဆီ သွား ကြည့်ပေါ့ ။ မင်း ကံ ကောင်းရင် ပေါ်ဦးသက် နဲ့ တွေ့ဆုံခွင့် ရမှာပါ ”
ဦးခင်မောင်ရင် က ဘီယာဘူး ကို ဖောက် သောက်နေတယ် ။ သူ ကျွန်တော့် ကို စကား ဆက်ပြောမှာ မဟုတ်တော့ဘူး ဆိုတာ ကျွန်တော် နားလည် လိုက်တယ် ။ ကျွန်တော် ၃၇ - လမ်းကို သွားမယ် ။ ၃၈ - လမ်းကို သွားမယ် ။ နောက် လောကနတ် ဂယ်လာရီ ကို လည်း သွားမယ် ။ တာမွေ တို့ ၊
ကျောက်မြောင်း တို့ ကို သွားမယ် ။ ဦးဖေညွန့်ဝေ ကို မေးမယ် ။ ဦးအော်ပီကျယ် ကို မေးမယ် ။
“ ဆရာတို့ ဆီ ကို ပေါ်ဦးသက် လာ သလား ” လို့ ။
တစ်နေရာရာ မှာ တစ်ချိန်ချိန် မှာ ပေါ်ဦးသက် ကို တွေ့ကို တွေ့မယ် လို့ ကျွန်တော် ယုံကြည် မျှော်လင့်တယ် ။
◾မောင်ကိုကို ( အမရပူရ )
📖 မြန်မာတိုင်းဂျာနယ်
နိုဝင်ဘာ ၂၃ -၂၉ ၊ ၂၀၁၇
No comments:
Post a Comment