❝ ယုတ်မာသော ရွာစားကြီး ❞
( ပုံပြင် )
ဟိုး ရှေးနှစ်ပေါင်း များစွာ က မန်းချောင်း ဆိုတဲ့ ရွာ တစ်ရွာ ရှိတယ် ။ အဲဒီ ရွာ မှာ ရေ အလွန် ရှားပါးသတဲ့ ။ သို့သော် ရွာသူရွာသားများ ဟာ တစ်ခုတည်းသော ရေကန် မှ ရေများ ကို ခြိုးခြံမျှတစွာ သုံးစွဲနေလို့ ရေ မငတ်ရုံ တမယ်ပေါ့ကွယ် ။
တစ်နေ့တော့ မန်းချောင်းရွာ ကို စိတ်ထား ပုပ်စပ်တဲ့ ရွာစားကြီး တစ်ဦး ရောက်ရှိလာ ပြီး ရွာတစ်ရွာလုံး ပိုင် ရေကန် ကို တစ်ဦးတည်း ပိုင် အဖြစ် သိမ်းပိုက်ပြီး အစောင့် နှစ်ဦး ချထား လိုက်သတဲ့ ။ နောက်ပြီး ရွာသားတွေ ကို ပိုက်ဆံများ ဖြင့် ရေ ကို ဝယ်စေ သတဲ့ကွယ် ။ အဲဒီလို မတရားမှု ကို ခံစား နေရတဲ့ ရွာသူရွာသားတွေ ဟာ ရွာစားကြီး ကို အလွန်ပဲ ဒေါသ ဖြစ်မိကြတယ် ။ ဒါပေမယ့် သူတို့ တတွေ ဟာ အာဏာမဲ့ တဲ့ လူတွေ ဖြစ်နေလေ တော့ ဘာမျှ မတတ်နိုင်ကြရှာဘူး ။ တစ်နေ့တခြား ရွာစားကြီး ကို ရွံရှာမုန်းတီး ကုန်ကြတာပေါ့ ။
အဲဒီ လူတွေ ထဲ မှာ မောင်သစ္စာ မည်တဲ့ လုလင် လည်း အပါအဝင်ပေါ့ကွယ် ။ မိဘများ မရှိသော်လည်း ရိုးသား ဖြောင့်မတ်ပြီး သနားကြင်နာသော စိတ်ထား ရှိတယ်ကွယ့် ။ နောက်ပြီး တော့ သူ ဟာ ရွာသားတွေ နဲ့ အတူ အနောက်ဘက် လယ်ကွင်းပြင်ကြီး မှာ လယ် လုပ်ကိုင် စားသောက် ကာ နေရှာသတဲ့ ။ မောင်သစ္စာ ဟာ ရွာသူရွာသားတွေ ကြုံတွေ့ နေရတဲ့ ရေဒုက္ခ ကိစ္စ အတွက် မည်သို့ ကူညီရမလဲ ဆိုတာ နေ့စဉ်နဲ့ အမျှ တွေးတောကြံစည် နေတယ် ။ တစ်ခါတော့ သူ ဟာ အကြံ တစ်ခု ရသတဲ့ ။ သူ့ ရဲ့ အကြံစည် ကတော့ မိမိ ရဲ့ ခြံ ထဲ မှာ ရေတွင်း တူးပြီး ကူညီဖို့ပဲ ။
ဒါနဲ့ပဲ မောင်သစ္စာ ဟာ ညစဉ်ညတိုင်း လူအများ ကို အသိ မပေးဘဲ မိမိ ရဲ့ ခြံတွင်း မှာ ရေတွင်း ကို ကြိုးစား တူး လာ လိုက်တာ အတောင် ( ၄၀ ) ကျော် လာတဲ့ အထိ နက် လာခဲ့တယ် ။ ဒါပေမယ့် ရေ ဆိုလို့ တစ်စက် မှ မတွေ့ခဲ့ရဘူးကွယ့် ။ မောင်သစ္စာ လည်း အား မလျှော့ဘဲ ဆက် တူးလာလိုက် တာ ( ၇ ) ရက်မြောက် နေ့ မှာ ကျောက်ပြား တစ်ခု တူးမိတယ် ။ ကျောက်ပြား အပေါ် မှာ တော့ လှပ သေးငယ် တဲ့ ခရုငယ်လေး တစ်ကောင် ဟာ ငြိမ်သက်စွာ ရပ်နေတာ ကို တွေ့ရသတဲ့ ။ ခရုငယ်လေး ကို မောင်သစ္စာ ကိုင် ကြည့်တဲ့ အခါမှာ ကနဦး က ခရုကောင်လေး နေတဲ့ နေရာ မှ အပေါက် တစ်ခု ပေါ်လာတယ် ။ နောက် မကြာမီ အချိန် အတွင်း မှာ ထို အပေါက် ကနေ ရေတွေ ပန်းထွက် လာတာ ကို မောင်သစ္စာ မြင်ရတော့ ရွှင်လန်းဝမ်းမြောက်စွာ နဲ့ ခရုငယ် ကို ပစ်ချပြီး ရွာသူရွာသား တွေ ကို သွားရောက် နှိုးကာ မိမိ အိမ် ၌ ရေလာ ခပ်ရန် ဖိတ်ခေါ်တယ်ကွယ့် ။ မိမိ ရေ ပေးကြောင်း ကို လည်း ရွာစားကြီး ကို အသိ မပေးရန် မှာကြား ကာ ရွာသားများ အား လို သလောက် ခပ်စေ တယ်ကွယ့် ။
နောက် တစ်နေ့ မှာ မောင်သစ္စာ ဟာ သူ့ အတွက် အသုံးပြုရန် ရေတွင်း က ရေ ကို သွား ခပ်တဲ့ အခါမှာ ရေပုံး ထဲ ကို ခရုကောင်လေး ပါလာတယ် ။ မောင်သစ္စာ လည်း ခရုကောင်လေး ကို ရေတွင်း ထဲ ပြန် ထည့် လိုက်တယ် ။ ဒုတိယအကြိမ် လာ ခပ် ပြန်တဲ့ အခါ ထပ် ပါလာလို့ စိတ်မရှည် တော့ဘဲ စဉ့်အိုး ထဲ ကို ရေ နဲ့ အတူ ထည့် လိုက်တယ်ကွယ့် ။
( ၅ ) ရက် မြောက်တဲ့ ညနေ မှာ မောင်သစ္စာ ဟာ လယ်တော က နေအိမ် ကို ပြန်လာတဲ့ အခါ မှာ အံ့ဩဖွယ်ရာ စားဖွယ်ဟင်းလျာ မျိုးစုံ ကို ထမင်းစားပွဲ ပေါ်မှာ တွေ့မိတယ် ။ ပထမ တော့ မောင်သစ္စာ က ရွာသားတွေ ဟာ ငါ့ ဆီ က ရေ ရတဲ့ အတွက် ကျေးဇူးဆပ်တဲ့ အနေနဲ့ ဤ ဟင်းတွေ ကို လာ ပေးတာ နဲ့ တူတယ်လို့ စဉ်းစား မိတယ် ။ နောင်တော့ ဆာဆာ ရှိတာနဲ့ မြိန်ရှက်စွာ စား သောက်ပစ်လိုက်တယ် ။ ( ၆ ) ရက် ( ၇ ) ရက်နေ့များ မှာ လည်း ယခင် နေ့ က လို ဟင်းလျာများကို မောင်သစ္စာ ထပ်မံ မြင်ရတော့ အံ့ဩလာမိတဲ့ အတွက် ရွာသားတွေ ဆီ သွားပြီး မည်သူတွေ က ၎င်း ဆီ ကို ဟင်းများ လာ ပို့ သလဲလို့ မေးမြန်းတဲ့ အခါမှာ အမေအို တစ်ဦး က မင်း အိမ် မှာ မိန်းမချောလေး တစ်ဦး ထမင်းချက် နေတာ ငါ မြင်မိတယ် ။ ဘယ်သူမှ မင်း ဆီ ကို ဟင်းတွေ လာ မပို့ပါဘူးလို့ ပြောပြတဲ့ အခါမှာ မောင်သစ္စာ ဟာ ထမင်းချက်ရှင် အမျိုးသမီး ကို တွေ့မြင်လိုတဲ့ အတွက် နောက် တစ်နေ့ မှာ လယ်တော မှ အစောကြီး ပြန်လာပြီး အိမ်ထဲ ကို ကြည့်လိုက်တဲ့ အခါမှာ နတ်သမီးတမျှ လှပ ချောမောသော အမျိုးသမီးလေး တစ်ဦး ကို မြင်မိတယ်ကွယ့် ။
အဲဒီ အမျိုးသမီးကလေး ဟာ လှပသော ခရုကောင်လေးများ နဲ့ ချုပ်ထားတဲ့ အင်္ကျီကလေး ကို ဆင်မြန်းထားတာကို မောင်သစ္စာ မြင်ရတော့ နတ်ခရုမယ်ကလေး များလား လို့ တွေး မိပြီး ဟုတ်မဟုတ် စမ်းသပ်ရန် ယမန်နေ့ က အိုး ထဲ သို့ ထည့်ထားသော ခရုခွံလေး ကို ထုတ်ကာ မီးရှို့ကြည့်တဲ့ အခါမှာ အမျိုးသမီးကလေး ဟာ ပူလှချည် ရဲ့ လို့ အော်ရှာ သတဲ့ ။ မောင်သစ္စာ လည်း နတ်ခရုမယ် အစစ် ဖြစ်ကြောင်း သိတဲ့ အခါမှာ ခရုမှုန့်ပြာများ ကို ရေထဲ သို့ မျှောချလိုက်တယ် ကွယ့် ။ နောက်ပြီး ခရုမယ်ကလေး ကို ချစ်ရေး ဆိုတဲ့ အခါမှာ ရှေးဘဝ ရေစက် ကြောင့် ခရုမယ်လေး ဟာ မောင်သစ္စာ ရဲ့ စကား ကို လက်ခံ လိုက်ပြီး ချစ်ခင်စွာဖြင့် အကြင် လင်မယား ပြုကာ ပေါင်းသင်း လိုက် သတဲ့ ။
ဒါနဲ့ ရွာစားကြီး အကြောင်း ဆက်ဦးစို့နော် ။ ရွာစားကြီး ဟာ ယခု လာသော ရွာသား တွေ သူ့ ဆီ က ရေ ကို လာ မဝယ်တဲ့ အကြောင်း ကို သိတဲ့ အခါမှာ ဘာကြောင့် လာ မဝယ်တဲ့ အကြောင်း ကို သိချင်လို့ စုံစမ်း ကြည့်တဲ့ အခါမှာ မောင်သစ္စာ ဟာ သူ့ခြံတွင်း က ရေတွင်း မှ ရေ များကို ပိုက်ဆံ မယူဘဲ ပေး သောကြောင့် မဝယ်ကြောင်း ကို သိလျှင် မောင်သစ္စာ ကို မတရား ဖမ်းဆီး လိုက်တယ်ကွယ့် ။ အတော် ယုတ်မာတဲ့ ရွာစားကြီး ပဲ နော် ။ နောက်ပြီးတော့ လည်း ခရု မယ်လေး ရဲ့ ရူပါရုံ ကို ရွာစားကြီး စွဲမက်တဲ့ အတွက် မောင်သစ္စာ ကို မိုးလင်းလျှင် မိမိ ထံ ကို မီးစား နိုင်သော ခွေးတစ်ကောင် ကို ပို့ဆက်ရမည် ။ မပို့ဆက် နိုင်လျှင် ခရုမယ်ကလေး ကို မယား အဖြစ် သိမ်းပိုက်မယ် လို့ ပြောပြီး မဖြစ်နိုင်သော အလုပ် ကို လုပ်ခိုင်းကာ နေအိမ် သို့ ပြန်စေသတဲ့ ။ မောင်သစ္စာ လည်း စိတ်ပျက်စွာ နဲ့ နေအိမ် ကို ရောက်လာခဲ့တယ် ။ ခရုမယ်လေး ကို လည်း အကြောင်းစုံ ရှင်းလင်း ပြတော့ ခရုမယ်လေး က ( စိတ်မညစ်ပါ နဲ့ ကိုသစ္စာ ရယ် ၊ ကျွန်မ ဟာ ရေ အောက် က နတ်ခရုမယ်လေး ဖြစ်ကြောင်း ရှင် သိပါတယ် ၊ ကျွန်မ တန်ခိုး နဲ့ မီးစားတတ်တဲ့ခွေး ကို ရအောင် လုပ်ပေးမှာပေါ့ ) လို့ ပြော အပြီး သူမ ခေါင်း မှာ ပန်ထားတဲ့ ပန်းပွင့်လေး ကိုဖြုတ်ပြီး မြေ ပေါ် ပေါက်လိုက်တဲ့ အခါမှာ အလွန် လှပတဲ့ ခွေးဖြူကလေး တစ်ကောင် ဟာ မီးခိုးတွေ ကြား က ပေါ်လာသတဲ့ ။ နောက်ပြီး ခရုမယ်ကလေး က မောင်သစ္စာ ကို ရွာစားကြီး က ခွေးငယ် ကို မီးစား ခိုင်းရင် ဘယ်လို ပြုရမည် ကို ပြောကြားပြီး စိတ်ချစွာ အိပ်ခိုင်း လိုက်တယ် ။
နောက်တစ်နေ့ ရောက်တော့ မောင်သစ္စာ လည်း ခွေးငယ် နှင့် အတူ ရွာစားကြီး ဆီ အခစား ဝင်လာတယ် ။ ရွာစားကြီး ဟာ ခွေးငယ် ကိုမြင်တော့ အနီးရှိ ငယ်သားတွေ ကို မီးဖို တစ်ခု ပြုလုပ် ခိုင်းတယ် ။ နောက်ပြီးတော့ မီး ကို စားခိုင်းတယ်ကွယ့် ။ မောင်သစ္စာ လည်း ခွေးငယ်ကျော ကို ပွတ်သပ်ပြီး မီးစား ခိုင်းတယ် ။ ခွေးငယ်လေး လည်း အံ့သြစွာ မီးတွေ ကို စားပြသတဲ့ ။ ရွာစားကြီး ဟာ ထို အချင်းအရာ ကို မြင်ရင်ပဲ အံ့ဩလွန်း လို့ ခုန စားတဲ့ မီးတွေ ကို ခွေးပါးစပ် မှ ပြန် ထုတ် ခိုင်းပြန် သတဲ့ ။ မောင်သစ္စာ လည်း ခွေးငယ် ရဲ့ ဦးခေါင်း ကို ယုတ်မာတဲ့ ရွာစားကြီး နဲ့ ငယ်သားတွေ ဘက် လှည့်စေပြီး မီးများ ကို မှုတ်ထုတ် ခိုင်းတယ် ။ ခွေးငယ် လည်း စိတ် ယုတ်မာလှတဲ့ ရွာစားကြီး ဘက် သို့ မှုတ်ထုတ် လိုက်တာ အိမ်ကြီး နှင့် တကွ ရွာစားကြီးတို့ လူသိုက် ဟာ မီးလောင် ကျွမ်းပြီး သေကြေ ကုန်ကြတယ် ကလေးတို့ ရဲ့ ။ ခွေးငယ် လည်း မီးတွေ ကြား ထဲ မှ အံ့ဩစွာ ပျောက်ကွယ် သွားတယ် ။ ရွာစားကြီး မရှိတဲ့ နောက်ပိုင်းမှာ မောင်သစ္စာ နဲ့ ခရုမယ်ကလေး လည်း အေးချမ်းစွာ နေထိုင် ပေါင်းသင်း နိုင်တော့တယ်ကွယ့် ။ ရွာသူရွာသားတွေ လည်း ယခင် က ရွာစားကြီး မတရား သိမ်းယူထားတဲ့ ရေကန် ကို သိမ်းယူ လိုက်ပြီး ရှေးယခင် က လို လွတ်လပ်စွာ ရေများ ကို ခပ်သုံးနိုင်ကြတာပေါ့ကွယ် ။
⎕ ရွှေသိမ် - မာမာဝင်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ ဇူလိုင်
.
No comments:
Post a Comment