Tuesday, January 28, 2025

အဖြူရောင်ဝတ္ထု

 

❝ အဖြူရောင်ဝတ္ထု ❞
     ( လေးကိုတင် )

အဖြူရောင် မှ အဖြူရောင် စစ်စစ် ဖြစ်သည် ။ ပန်းပွင့် အဖြူလား ဆိုတော့ ပန်းပွင့်အဖြူ မဟုတ် ။ တိမ်ဖြူလွလွ တွေလား ဆိုတော့လည်း တိမ်ဖြူလွလွ တစ်စတောင် မဟုတ် ။ အဖြူရောင် လူသား ဖြစ်သည် ။ အဖြူရောင်ဆို သော နာမဝိသေသနပုဒ်ဖြင့် တွဲထားသော လူသားတစ် ယောက်ဖြစ်သည် ။ ထို လူသားတစ်ယောက် အကြောင်းကို ပြောပြချင်သည် ။ ဟိုရှေးရှေးတုန်းက ... တစ်ရံရောအခါ က လွန်လေပြီသော အခါကဆိုပြီး ပြောပြရမည့် လူသား တစ်ယောက် မဟုတ်ပါ ။ နာမည်အရ မောင်စိန်လား ၊ ဒေါက်တာလှမြင့်လား ၊ ခင်ဇော်လား ၊ ကျော်ဟိုးလား ၊ မြဝင်းလား ၊ မျိုးထွန်းလား ၊ ဟန်လွင်လား ၊ တင်မောင်ဝင်း လား ၊ ဘိုဇင်ကော့ဗ် ( ခေါ် ) တင်ဝင်းလား ၊ ဇော်ငြိမ်းလတ် လား ၊ ဦးလှစောလား ၊ ဇော်ဝင်းလား ၊ ဟန်ရှင်ဝင်းလား ... တစ်ယောက်ယောက်ပဲ ဆိုပါစို့ ။ ယေဘုယျဆန်သော လူတစ်ယောက် ( ဒါမှမဟုတ် ) အများနှင့်ဆိုင်သော လူ တစ်ယောက် ( ဒါမှမဟုတ် ) လူဆိုသော အနွတ္တအမည် နာမပိုင်ရှင်ဖြစ်သော မောင်ဖြူ ၊ မောင်နီ ၊ မောင်နက် ၊ မောင်ပြာပဲ ဆိုပါလျှင် ယူသော် ရကောင်းပါသည် ။

ကဲ ... ဒါဖြင့် ဖေအောင်လင်းလား ၊ ခင်မောင်ဆွေလား ၊ စိန်လှဦးလား ၊ အောင်ခင်လား ၊ တင်အေးကြူလား ၊ မျိုးမြင့်ငြိမ်းလား ၊ စိုးသိမ်းလား ၊ သိန်းထွန်းလား ၊ အောင်စန်းမြင့်လား ၊ စောနိုင်းနိုင်းလား ၊ မြအေးလား ၊ ခင်မြင့်အောင်လား ၊ မိုးပင်းလား ၊ အောင်ဒင်လား ၊ ညီညီထွန်းလား ၊ လားပေါင်းများစွာထဲက လူတစ်ယောက် ဆိုလာလျှင် ယူသော် ရကောင်းပါ သည် ။ တစ်ခုတော့ ရှိသည် ။ သူတို့ သူတို့သည် ပကတိ အဖြူရောင်လူသား များဖြစ်သည် ။ နေ့နေ့ညည သူတို့သည် အဖြူရောင် အဆင်တန်ဆာများဖြင့် ကိုယ်ရောင်ကိုယ်ဝါ မတောက် ပကြပါ ။ ကိုယ်ခံအားတော့ ကိုယ်စီကိုယ်င ရှိနေကြ သည် ။ သူတို့ကိုယ်စား ပြောပြချင်သော လူသားတစ်ယောက် သည် ... “ ကျွန်တော်လေ xxx ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း ” ဆိုသော ရွှေမန်းတင်မောင်၏ အော်ပရာသီချင်းထဲက ထပ်ကာ ထပ်ကာ ကျော့ကျော့ ဆိုနေသည့် သီချင်းစာပိုဒ် စာသား လို ဖြစ်နေသည် ။

ယခု သူ့အကြောင်းကို ပြောရတော့မည် ။ ပန်ချာပီ လူမျိုးတစ်ယောက်၏ ဦးခေါင်းမှ ပေါင်းထုပ်ကြီး ဖြေချရသလို ရှည်လျားပေမည် ။ ပြောမဆုံးပေါင်တော သုံးထောင်လို့ ပြောလည်း အပြောခံပါမည် ။ ကိစ္စမရှိပါ ။ ဝတ္ထုတို သည် တိုသောကြောင့် ၊ ဝတ္ထုရှည်သည် ရှည်သော ကြောင့်ဆိုသော ဥပမာစကားကို ယူပြောလျှင် ဝတ္ထုတိုမို့ တိုမည်ဖြစ်ပါသည် ။ ကဲ နိဒါန်းများ နိဂုံးချုပ်အံ့ ။ စာစီစာကုံးတစ်ပုဒ်လို စာကိုယ်ရောက်လာပါပြီ မိတ်ဆွေ ။ ပြောပြရမည်ဖြစ်သော အကြင်အဖြူရောင်လူသားသည် နွေနွေ ၊ မိုးမိုး ၊ ဆောင်းဆောင်း .. ရာသီတွေသာ ပြောင်းလဲ သွားသော်လည်း သူက ဘာမှမပြောင်းလဲပေ ။ နိစ္စဓူဝ ၊ လ တဓူဝ ၊ နှစ်တဓူဝတွေမှာလည်း သူကား ဘာမှ မပြောင်းလဲပြန်ပေ ။ သာမန် လူသားများ လိုပင် နံနက် အိပ်ရာက နိုးထလာမည် ။ အပေါ့အလေး စွန့်မည် ။ သွားတိုက် ၊ မျက်နှာသစ်ပြီး ကိုယ်လက်ဆေးကြောမည် ။ ပြီးလျှင် နံနက်စာအဖြစ် လက်ဖက်ရည် ၊ ကော်ဖီနှင့် မုန့်စားမည် ။ မုန့်ဟင်းခါးနှင့် ထမင်းကြော် စားမည် ။ ပဲပြုတ်နှင့် ထမင်းကြော်စားမည် မဟုတ် ။ သူကတော့ အပေါ့အလေးစွန့်ပြီး သွားတိုက် မျက်နှာမသစ်ခင် နွားဆေးပေါ့လိပ်တိုကို ယူကာ ဆေးပေါ့လိပ် သောက် ဦးမည် ။ ပြီးမှ ခြေလှမ်းခုနစ်လှမ်း တစ်ခေါက် ၊ နောက် တစ်ခေါက် ၊ နောက်တစ်ခေါက် ဆိုပြီး အခေါက်တွေ မှတ်ရင်း လမ်းလျှောက်လေ့ကျင့် ခန်းဆင်းရသည် ။

“ အလျား ၇ လှမ်း ၊ အနံ ၄ လှမ်းခွဲ တိုက်ခန်း ထဲမှာ ပဲရေဆမ်း ထမင်းကြမ်းစားရင်း အားလုံးအပေါ် သစ္စာ ရှိခဲ့တယ် ” တဲ့ ။ ဟုတ်ကဲ့ ။ ဘုန်းနွယ်လင်းရဲ့ ကဗျာလို သစ္စာရှိခဲ့သူပဲပေါ့ ။ တခြား လူတွေလို ကြိုးမပါဘဲ ကြိုး ခုန်ဟန် ဒူးနှစ်ချောင်းထောင်လိုက် ချလိုက်နှင့် လေ့ကျင့် တာမျိုးမလုပ် ။ နောက် ခန္ဓာကိုယ်ဝမ်းလျားမှောက် ၊ လက်နှစ်ချောင်းထောက် နှင့် ဒိုက် ထိုးတာမျိုးလည်း မလုပ် ။ တစ်ခါက သူသည် ဘောလုံးသမားဖြစ်ခဲ့သည် ။ ကျောင်းမှာ ၊ ရုံးမှာ ဘောလုံးကန်ခဲ့သည် ။ ပြိုင်ပွဲ မဝင်ခင် ဘောလုံး လေ့ကျင့်ရစဉ်က ကြိုးခုန်လည်း အကြိမ် ၅ဝဝ ၊ အကြိမ် ၁၀၀၀ ။ ပြီးတော့ ဒိုက်ထိုးရသည် ။ အကြိမ် ၅ဝ ၊ အကြိမ် ၁ဝဝ ။ အပြင်းအထန် လေ့ကျင့်ခဲ့ရသည် ။ သက်လုံကောင်းဖို့ ၊ အမော ခံနိုင်ဖို့ ဖြစ်သည် ။ ခုတော့ သူ့မှာ ဒါတွေမလုပ်ချင်တော့ ။ အသက်က ၂၉ နှစ် ပဲ ရှိ သေးသည် ။ လုပ်လျှင် ရသေးသည် ။

သို့သော် မလုပ်ချင်တော့ ။ ခြေလှမ်း ခုနစ်လမ်း တစ်ခေါက် ၊ နှစ်ခေါက် ၊ အခေါက်တစ်ရာပဲ လုပ်နေ တော့သည် ။ ရင်မှာ ချွေးတောင်စို့လာသည် ။ တော်ပြီ ။ ချွေးအတိတ် ရေအချိုး စောင့်နေသည် ။ ဟော ရေချိုးရပြီ ။ သွပ်ပြားတွေ ကာထား၍ မိမွေးတိုင်း ဖမွေးတိုင်း ချိုးရ သည် ။ ပြီးပြီဆိုပါတော့ ။ အလာလမ်းအတိုင်း အပြန် လမ်းတွင်လည်း ဘေးဘယ်ညာ မကြည့်ဘဲ ပြန်လာရ သည် ။ တစ်ခါတစ်ရံ ကြည့်မိသည် ။ ခေါင်းတောင် ဆတ်ခနဲ ညိတ်မိသည် ။ မျက်တောင်ပင် မခတ် ၊ မျက်လုံး တွေမှာလည်း အပြုံးမရှိ ။ သူလည်း ကိုယ့်လို ၊ ကိုယ်လည်း သူ့လိုဖြစ်နေသည် ။ မိတ်ဆွေသူငယ်ချင်းများ လမ်းမှာ ၊ ဈေးမှာ ၊ ရုပ်ရှင်ရုံမှာ ၊ ပန်းခြံမှာ ၊ ကန်တော်ကြီးမှာ ၊ အင်းလျား မှာတွေ့လျှင် ဖက်လှဲတကင်း ... “ ဟေ့ သူငယ် ချင်း ” ဆိုပြီး အားပါးတရ လက်ဆွဲနှုတ်ဆက်ကြမည် ။ စကားတွေပြောပြမည် ။ ရယ်ရယ်မောမော ပြောပြောဆိုဆို ထိုထိုသော ဣဋ္ဌာရုံတွေကို သူ သတိရသည် ။ နောက် ရှိသေးသည် ။ လေ မချွန်ရ ၊ သီချင်း မဆိုရ ၊ စကား မပြောရတဲ့ ။ သူက ရယ်ချင်သည် ။ မရယ်နဲ့ဦး ။ ခုပဲ ဇော်ငြိမ်းလတ် ကို စောင်ခေါင်းမြီးခြုံ ထုတ်သွားပြီ ၊ စကား ပြောလို့လေ ။ အားလုံးငြိမ် ။ ဗုန်းဗုန်းဗုန်းဗုန်းနဲ့ နံပါတ်တုတ်နဲ့ ရိုက်နေပြီး တစ်နေ့ ၊ တစ်ရက် ၊ တစ်နေ့လယ် ၊ တစ်ညနေ နံပါတ်တုတ်တွေက ရေဒီယို အင်းစိန်ရဲ့ တေးသံတွေပါလား ။ ထား ။ တကယ်လည်း လေ မချွန်ပါ ။ သီချင်း မဆိုပါ ။ စကားလည်း မပြောပါ ။ အားလုံးနှုတ်ဆိတ် စီပိတ် နေကြသည် ။ တရားသဘော အရ ကြည့်လျှင် ( ကျင့်လျှင် ) ကုသိုလ်တောင်ရသေး ။ နတ်လူ သာဓုခေါ်နိုင်သေး ။ မှတ်မိသေးသပ ၊ ခရေပင် လမ်းမှာ သူနေခဲ့သော အိမ်ရှေ့မျက်စောင်းထိုးတွင် မေရီချက်မင်း ဆွံ့အ နားမကြားကျောင်း ရှိသည် ။ ကလေးတွေများသည် ။ သူသည် တစ်လတစ်ခါ အိမ်က အလှူငွေပေး အပ်လှူဒါန်းနေကျမို့ ကျောင်းထဲသို့ သူ ရောက်ရောက်သွားတတ်သည် ။ ဆွံ့အနားမကြား ကလေးတွေကို တွေ့ ခဲ့ရသည် ။

ဒါလည်း ခု သူ သတိရနေသည် ။ လောလောဆယ် သူက ဆွံ့အ နားမကြား လုပ်နေရသည် ။ ဟော ... မနက် ၁ဝ နာရီထိုးပြီ ။ မနက်ထမင်း ဟင်းစားရသည် ။ သံပန်း ကန်ပြား ယူသည် ။ ထမင်းပူပူတွေ ရောက်လာပြီ ။ ပဲဟင်း ရည်ဆမ်း ၊ ထမင်းကြမ်းတွေဖြစ်သွားသည် ။ နောက် လောက်ကလေးတစ်ကောင် ကော့တိုးကော့လန် လုပ်နေသော ငါးပိ စိမ်းစိမ်းစိုစို တစ်ကော် ရသေးသည် ။ သူက တော့ ကဗျာရွတ် စာတွေဖတ်ရင်း ကဗျာအပိုဒ်တချို့ ရ လိုက် ၊ ဝါကျတချို့ ရလိုက်လို့လားမသိ ၊ သည်ထမင်း သည်ဟင်း စားရတော့မည် ဆိုလျှင် မစားခင် သူ ရသော ကဗျာ အပိုဒ်တစ်ပိုဒ်တော့ ရွတ်ရသည် ။ “ ဗီတာမင်များ ၊ ဓာတ်အား ကြွယ်လှ ၊ ပလုတ်ပလောင်း စားနိုင်သေး ” ဆိုပြီး ရွတ်မိလိုက်သည် ။ ( ထိုအချိန်က ၁၉၇၅ - ၇၆ ခုနှစ် တစ်ဝိုက်ဖြစ်၍ ယခုလို ကဗျာရွတ်ဆိုမှုများ မပြန့်ပွားသေးပါ ။ ) သူတို့ ဆီမှာသာ ကဗျာတွေ ရွတ်ကြသည် ။

‘ တင်အေးကြူ ’ က မောင်လေးအောင် ၏ ‘ ဗိုလ်အောင် ကျော်တမ်းချင်း ’ ကို ရွတ်သည် ။ ‘ မြေဝါ ( တန့်ဆည် ) ’ က “ ဘဝဆိုတဲ့ ... ကာလတိုကလေး မသေသေးခင် .. အသက်ရှင်မှုတရား .. တန်ဖိုးထားတတ်ရမယ် ” ဆိုသော ကဗျာရွတ်သည် ။ နောက် သန်းလင်း ၊ ဦးလှစော ၊ ဝင်းမြင့် ၊ ဟန်လွင် သူတို့လည်း ကဗျာရွတ်ကြသည် ။ ထမင်း စားပြီးလျှင် နွားဆေးပေါ့လိပ် သောက်ချင်လာသည် ။ သူ့လို အဖြူရောင် လူတစ်ယောက်ကို သူ့ရှေ့မှ ဖြတ်သွားသော ထမင်းပို့ ဟင်းပို့ အပြာရောင် လူ တစ်ယောက်က မီးစွဲထင်း တစ်ချောင်း ယူလာပြီး မီးပေး၍ တော်သေးသည် ။ နို့ အကျွန်ုပ် အဘယ်သို့ ဤဆေးပေါ့ လိပ်ကို မည်သို့ သောက်ရအံ့ ဖြစ်သွားပေမည် ။ သိုးဆောင်းစကားပုံ အတိုင်း “ မျက်စိ မမြင်သော ကြွက်ကို မျက်စိ မမြင်သော ကြွက်က ရှေ့ဆောင် ခေါ်သွားသည် ” လို့ ဆိုရမလား မသိပေ ။ အဖြူရောင်နှင့် အပြာရောင်သာ ကွဲသည် ။ အရောင်သာကွဲသော်လည်း တစ်မိုးတည်း အောက်တွင် လူချင်းအတူတူ ဖြစ်နေသည်လေ ။ ဘဝ တူချင်း မဟုတ်လား ။ ထား ။ ထမင်းစားပြီး ဆေးပေါ့ လိပ်တဖွာဖွာနှင့် အဖြူရောင် လူသားသည် ထမင်းဆိပ် တက်လာဟန် တူပါသည် ။ ငိုက်မြည်းလာ၏ ။ မျက်တောင်တွေ စင်းလာ၏ ။ နောက် ... မှေးခနဲ အိပ်ပျော်သွားသည် ။ အံမယ် နေ့လယ် အိပ်မက်တောင် မက်သေးရဲ့ ။ ဇနီးသည် နှင့် အတူ သားတွေ ၊ သမီးတွေ ခေါ်ပြီး တနင်္ဂနွေနေ့ တစ်နေ့မှာ တိရစ္ဆာန်ရုံသွားကြသည် ဆိုပဲ ။ ငှက်ကလေးတွေ ၊ သမင်တွေ ၊ ဒရယ်တွေ သူ့လှောင်အိမ် ၊ သူ့ဝင်းခြံနဲ့သူ နေနေကြသည် ။ ဟော ကျားတွေ ၊ ခြင်္သေ့တွေ လှောင် အိမ်တွေနဲ့ပါလား ။ နောက် မျောက်တွေ ၊ မြွေတွေ ၊ ဆင်တွေ ၊ ကြံ့တွေ ၊ တိရစ္ဆာန်တွေ အစုံ ။ သူ့နေရာနှင့်သူ တွေ့ ရသည် ။ ရှုဝမရုပ်စုံမဂ္ဂဇင်း မှာ လားမသိ ၊ မောင်ခက်ပန် ၏ တိရစ္ဆာန်ရုံသွား မိသားစု တစ်စုအကြောင်း ရေးထားသည်ကို သူ ဖတ်ဖူးပြီးသား ။ အဲဒီ ဝတ္ထုတိုထဲမှာ အမေနှင့် သားသမီးတွေ သွားကြစဉ် အဖေ က ပါမလာ ။ တိရစ္ဆာန်တွေ သူ့လှောင်အိမ်နှင့် သူတွေ့ရတော့ သားတွေ ၊ သမီးတွေက အမေ ကို မေး သည် ။ အဖေ ဘယ်မှာလဲ ၊ အဖေသာ ပါရင် ကောင်းမှာပဲ
လို့ ပြောကြလေသည် ။ ထိုအခါတွင် အမေက ဘာမှ ပြန်မပြောဘဲ မျက်ရည်သာဝဲနေသည် ။ အလို သူလန့်နိုး သွားသည် ။ ချွေးစေးတွေတောင် ကိုယ်မှာ အနှံ့ပါလား ။

ဘုရား ... ဘုရား ။ သူသည် ဘုရား တမိလေသည် ။ ပြီးမှ သူ ခေါင်းညိတ်ရင်း စဉ်းစားခန်း ဝင်ရသည် ။ တော်ကြာ သူ့ကို လာခေါ်ဦးမည် ။ သူပြောစရာစကား တွေ မကျန်တော့ ၊ ကျန်လည်းမပြောတော့ဆိုပြီး ဆုံးဖြတ် နေရသည် ။ တစ်ဖက်ခန်း က ခင်ဇော်ပြန်လာတော့ ဝါဒါ နှစ်ယောက်က တွဲလာရသည် ။ ကိုယ့်အလှည့်လား ၊ ကျောတွေ ယားပါဘိ ၊ တင်ပါးတွေ ယားပါဘိ ၊ ခြေသလုံးတွေ ယားပါဘိ ။ တင်မောင်ဝင်းထွက် ၊ စောင်ခေါင်း မြီးခြံ ပေါ့ ။ ငုံ့တဲ့ ။ ဒုန်းဆို နဖူးနဲ့တိုက်မိပြီ ။ ကျော်လေ ... အား ခြေသလုံးအရိုး အက်ပြီ ။ ပြော ... ပြော ... ပြော .. ရွှမ်း ... ရွှမ်း ... ပြောစမ်း ၊ ဇောက်ထိုး ဆွဲကွာ ၊ ကန်စမ်း ၊ ရိုက်စမ်း ၊ ဒီကောင်တွေ မအော်ဘူးကွာ ။ သေရဲ ၊ တိုက်ရဲ ၊ အနိုင်ယူရဲတဲ့ကောင်တွေ ။ ပေးစမ်းမီးခြစ် ၊ ဟိုဟာကို မီးရှို့ စမ်း ။ သို့သော် ထိုနေ့က လာမခေါ်ပါ ။ ညနေသာ စောင်း သွားခဲ့သည် ။ ညနေ ထမင်းဟင်းလည်း ရောက်လာခဲ့ သည် ။ ဗီတာမင်များ ဓာတ်အားကြွယ်လှ ၊ ပလုတ် ပလောင်းစားနိုင်သေး'ဆိုသော ကဗျာဆရာကြီး ဒဂုန် တာရာ၏ “ တဟီဟီသွားရအောင် ” ကဗျာထဲမှ အပိုဒ်တစ် ပိုဒ်ကို သူ ရွတ်ရပြန်သည် ။ ကဗျာရွတ်အပြီး  ၊ ထမင်းလုံး နှင့် စပါးခွံ ၊ တော်ကြာ ကျောက်ခဲသလဲ ရွေးရကောက် ရနှင့် ရွေးကောက်ပွဲ လုပ်ရသေးသည် ။ ကရင် တာလပေါ ဟင်းရည်ဆမ်း ၊ ထမင်းကြမ်း ။ ပြီးတော့ လောက်ကလေး မပါတော့သော ငါးပိကြမ်းစားစမ်း ။ သွားစမ်းစားစမ်းနှင့် ပြီးသွားသည် ။ ညီအစ်ကို မသိတသိ အချိန်ရောက်လာ သည် ။ ကဗျာဆရာတစ်ယောက်၏ သုံးကြောင်းကဗျာ တစ်ပုဒ် ရွတ်သံ ကြားလိုက်ရသည် ။ “ ဆေးလိပ်လည်း တို ၊ နေလည်းညိုပြီ ။ ငါ့ကို အိမ်ပြန်ပို့ကြပါလေ ” တဲ့ .. ဟုတ်ပ ။ ဆေးလိပ်အတို နေ အညိုပါလား ။ လွမ်းစရာ့ အချိန် တမ်းတတတ်သည့်အခါ ထိုအချိန်အခါတွေ ရေတွက်မရအောင် ဖြတ်သန်းကျော်လွှားနေရသည် ။ ထိုအချိန်အခါများတွင် မျက်တောင်ပင် မခတ်အောင် သူ့မျက်လုံးတွေ ရှေ့ကိုပဲတွေ့ပြီး ကြည့်နေသည် ။ မျက်ရည်များလည်း ဝဲမလို ဝဲမလိုနှင့် ( သူ က အဝဲ မခံ )  ။

သူ့လို တခြားလူတွေလည်း ဤသို့ပင် ဖြစ်နေရော့မည် ဖြစ်သည် ။ သူငယ်ချင်း ပန်းချီဆရာ ၊ တေးရေးဆရာ ‘ ကေမြိုး ’ ကတော့ ‘ လွမ်းတမ်းတတယ်ခိုင် ’ သီချင်းကို ဤနေရာ ဤအချိန်မှာ စပ်ဆို သီကုံးသွားခဲ့သလား ။ နေမြန်မြန် ဝင်ပါတော့ ။ တစ်နေဝင် တစ်မိုးချုပ်လျှင် တော်ပါပြီ ။ မိုးချုပ်လို့ ကြယ်တွေ မတွေ့ ရလည်း ကိစ္စ မရှိ ။ လမင်းစန္ဒာ မတွေ့ ပါလည်း ကိစ္စမရှိ ။ မွေးကတည်း က မြင်ခဲ့ရပြီးပြီ ။ ခုမမြင်ရတော့ကော ဘာဖြစ်သလဲ ။ ဘာမှမဖြစ် ။ မဖြစ်ရေးချမဖြစ် ။ လောလောဆယ် မိုးချုပ်သွားဖို့ လိုလေသည် ။ မိုးချုပ်လျှင် ကဗျာ အကြောင်း ၊ ဝတ္ထုအကြောင်း ၊ ဆောင်းပါးတွေအကြောင်း ပြောမလား ။ နောက် ... စာအုပ်အကြောင်း ပြောမလား ။ ဒါမှမဟုတ် ကျပန်းစကားပြောပွဲ နားထောင်မလား ၊ ကွက်စိပ်တရားပွဲ နားထောင်မလား ၊ ရုပ်ရှင်ဇာတ်လမ်း တွေ နားထောင်မလား ၊ ဒါမှမဟုတ် သီချင်းတွေ ဆိုမ လား ( ည ရောက်လျှင် လေကလေးချွန်ရင်း ၊ စည်းဝါး လိုက်ရင်း သီချင်းတွေ အပျင်းပြေ ဆိုကြသည် ) အချိန် အတိုင်းအတာက နှစ်နာရီလောက်ရလေသည် ။ ကိုးနာရီ မထိုးခင် ဆိုပါတော့ ။ သူက ‘ အဝါ အစိမ်း အနီ ဗမာကိန်း အညီ x x x အဝါရောင် ဆိုတာက ဘာသာ ရယ် သာသနာရယ် ပညာရယ် ထွန်းရမည် xx x အစိမ်းရောင်ဆိုတာက စပါးဆန်ရေ အထွေထွေ ပေါ ကြွယ်ရမည် xxx အနီရောင်မြင်သူ အသည်း ရဲစိတ် ရဲမာန်ထက်သန်ရမည် ’  ဆိုသော ‘ သုံးရောင်ခြယ် ’ သီချင်း ဆိုလျှင် အခြားလူ တစ်ယောက်က ‘ ဪ .. လွမ်းတိုင်း တွေးမိကာပင် xxx အောက်မေ့ပေ xxx ဝေးသော ရပ် ဌာနေမှ သားသမီးတွေ xxx အိမ်သူ ချောမေလှကို xxx တမ်းတယောင်မြင်မိပေ xxx ချစ်တင်း နှီးနှော ပြောခဲ့တာတွေ ’ ဆိုသော ‘ လက်ဝဲသုန္ဒရ ’  သီချင်း ဆိုလျှင် အခြား နောက်တစ်ယောက်က ‘ တစ်ခါတလေ ကြုံမယ် အကောင်းအဆိုးလည်း တွေ့ရမယ် xxx အားမလျှော့နဲ့ကွယ် ××× အားလုံးကို ကျော်ဖြတ်ရမယ် ’ ဆိုသော အားလုံးကို ကျော်ဖြတ်ရမယ် ” ဆိုလာပါတော့သည် ။ ဂီတပဒေသာပွဲလား အောက်မေ့ရသည် ။ အဓိပ္ပာယ် ရှိသော သီချင်း ၊ နာကြည်းမှု ကို ခွန်အား ဖြစ်စေ သည့်သီချင်း ၊ သူ ခေါင်းညိတ်မိသည် ။ သူတို့ လေးယောက် ( ဟန်လွင် ၊ ခင်ဇော် ၊ မောင်စိန် ၊ တင်မောင်ဝင်း ) အယူခံ မဝင်သဖြင့် ၅ တိုက် မှ ၆ တိုက် သို့ ရွေ့ပိတ်လိုက်သည် ။ ၆ တိုက် က အမှောင်တိုက် ၊ တံခါးနှစ်ထပ် ၊ အပြင်ကို လုံးဝမမြင်ရ ။ နေ့ဆို အလင်းရောင် ခပ်ပျပျ ၊ ညဆို ၄၀ အားမီးလုံးလေး က မှိန်ပျပျ ။ တစ်လကိုးသီတင်း ရေမ ချိုးရ ၊ ဂန်ဖလားမချရ ၊ ( ကြာတော့ ) ဂန်ဖလားက သေးတွေလျှံကျ ၊ ချေး တွေလျှံကျ ၊ ပုပ်စော်နံဟောင်လို့ ။ လောက်တွေက ရှေ့တိုး နောက်ငင် သွားချင်ရာသွား ။ ညကြတော့ အိပ်ပျော်နေသော သူတို့ကိုယ်ပေါ် တရွရွနှင့် တက်လာ ။ သူတို့ မှာ ကုတ်ရ ပြုရ ။ ဟော ... အနာတွေ ပေါက်ကြ ၊ ပြည်တွေတည်ကြ ၊ အနာတွေရင်းကြ ၊ ၆ တိုက်မှာ လောက်ကိုက် ခံရသည် ။ လောက်တင်ပဲလား မဟုတ် ။ ဆံပင်တွေ က ဘုတ်သိုက် ။ ပဲနီလေးစေ့လောက် သန်းကြီးမတွေ ကိုက်တာ ၊ သန်းကြီးမ တင်ပဲလား ..ကျန် သေးသည် ။ အင်္ကျီကော်လံတွေကြားက သွေးဝနေသော ကြမ်းပိုးညိုညိုကြီးတွေ လည်ပင်းတစ်ဝိုက်မှာ ဆတ်ခနဲ ကိုက်ပေါ့ ။ ( အမိ ဖမ်းပြီး ဝါးစားရ ) အဲလိုနေ့ဆို ယင်တွေ က ဝီခေါ် ၊ ညဆို ခြင်တွေက ဝီခေါ် ။ ဟယ်လီကော်ပ တာက အဖေ ခေါ်ရမည်ပ ။

ဟော .. ရေဖြတ်ပြီ ။ အာခေါင်တွေ ခြောက်လာပြီ ။ ရင်တွေပူလာသည် ။ တံတွေးတွေမျိုချရသည် ။ ရေပေးပါ ။ ရေသောက်ချင်တယ် ။ သူတို့ အော်ပြောကြသည် ။ ကိုယ့်သေး ကိုယ်သောက်ကွတဲ့ ။ တောက် ။ သောက်လို့ မရ ဘူး ။ ဆေးနဲ့ ချေးတွေ ရောတယ် ။ သေးလည်း သောက် ချေး လည်းစား ။ ဒါပဲ ... တောက် ။ ခင်ဗျားတို့ လာသောက် ၊ ခင်ဗျားတို့ လာစား ... တောက် ။ ဘယ်သူ လဲကွ တောက် ခေါက်တာ .. အဲဒီကောင်တွေ ထုတ်ရိုက် စမ်း ။ ကျွန်တော်တို့ ရေတောင်းတာ ၊ တုတ်တောင်းတာ မဟုတ် ဘူး ။ တောင်းဦးကွာ .. ဖြန်း ၊ ဖြန်း ... ။ သူ က မျက်တောင်မခတ် စိုက်ကြည့်နေသည် ။ နောက် တဗုန်းဗုန်းနှင့် ရိုက်နှက်ရင်း ၊ ကန်ကြောက်ရင်း .. မင်း နာမည်ပြော .. သူက မပြော ။ အံကြိတ်ရုံမှ တစ်ပါး အခြား မှ မရှိ ။ ဒေါက် ... ဒေါက် ... ဒေါက် ။ ထောင်မှူးနှင့် ဝါဒါတွေ ရောက်လာကြသည် ။ လက်မြှောက် ၊ အုတ်နံရံ မှာ မျက်နှာအပ်ထား ၊ ကျောကွဲသွားမယ် ၊ နာမည် ပြော ၊ ဟုတ်ပြီ ။ သူတို့ကို စစ်ခွေးတိုက် ပို့လိုက် ။ တပ်ကြပ်ကြီးအမိန့် ။ ဤသို့ဖြင့် စစ်ခွေးတိုက် ရောက်သည် ။ ဤသို့ဖြင့် တိုက်သံသရာ လည်သည် ။ ၆ တိုက် ၊ ၄ တိုက် ၊ ၅ တိုက် ၊ တိုက်သစ် ၊ စစ်ခွေး ၊ ပုံမဝေးဘူး ရောက်လာသည် ။ ဝမ်းလျားမှောက်ရ ၊ ပုံစံထိုင်ရ ၊ မတ်တတ်ရပ်ရနှင့် နံပါတ်တုတ်လား ၊ သံပိုက်လား ၊ မျဉ်းလုံးလား ၊ အစာ ငတ်ခံ ဆန္ဒပြသူတွေရော သူတို့ပါ လူစင်စစ်က ငါးဖယ် တွေဖြစ်သွားသည် ။ ရိုက်စမ်းဗျာတို့ ။ ဟော .. သံချောင်း ခေါက်ပြီး တစ်မောင်း ၊ နှစ်မောင်း ၊ သုံးမောင်း ခေါက် သွားသည် ။ အိပ်စက်ကြရတော့မည် ။ သူ က ဖျာကြမ်း ပေါ်တွင် ကျောခင်း၍ ခရီးသွားအိတ်ကလေးကို ခေါင်းခု ၍ နဖူးပေါ် လက်တင်၍ မျက်လုံးအစုံကို ဖွင့်ကာ အဖြူ ရောင်မျက်နှာကြက်တွင် တပ်ထားသော ဝါကျင့်ကျင့် မီးလုံးကလေးကိုပဲ ကြည့်နေလိုက်သည် ။ အဖြူရောင် တွေ သူ့ခေါင်းရင်းမှာ ၊ သူ့ခြေရင်းမှာ ၊ သူဘေးဘီ ဘယ် ညာမှာ အားလုံးရှိနေကြသည် ။ ရှည်မျောမျော အဖြူ ရောင် သေတ္တာတစ်လုံးထဲတွင် သူ ရောက်နေသလို ခံစား နေရသည် ။ ထိုသေတ္တာသည် နှစ်ပေါင်းတစ်ရာ ကျော် သွားပြီ ။ ထိုသေတ္တာထဲမှာ မျက်နှာဖြူ ဗြိတိသျှတွေခေတ် ကလည်း သူ့လို လူတွေရှိခဲ့သည် ။ အသားဝါ ဂျပန်ခေတ် ကလည်း သူ့လို လူတွေရှိခဲ့သည် ။ နောက် လွတ်လပ်ရေး ခေတ် ၊ ကြားဖြတ် အစိုးရခေတ် ၊ ပထစခေတ် ၊ တော်လှန် ရေးကောင်စီခေတ် ၊ ခုခေတ် ၊ နောက်ခေတ် ၊ နောက်နောင် ခေတ်တွေမှာလည်း သည်မိုး သည်လေ သည်လူတွေ ရှိကြပေဦးမည် ။

အင်္ဂလိပ်ကဗျာ တစ်ပုဒ်တောင် သတိရသေးသည် ။ “ စမ်းချောင်းကလေး ” တဲ့ ။ Men may go and men may come, but I go on forever ဆိုပဲ ။ သူကတော့ Old men may go and new men may come, but the cells are forever ( လူဟောင်းတွေသွားကြ ၊ လူသစ် တွေလာကြ ၊ တိုက်တွေကတော့ ရှိမြဲပင် ) ဆိုပြီး ပြန်ပြောင်း စပ်ဆိုနေသေးသည် ။ ကဲ ... ကိုယ့်လူ မျက်လုံးပိတ် အိပ် ၊ တံခါးပိတ် .. ချလောက် ၊ လမ်းလျှောက်သံ တဒေါက်ဒေါက် ၊ သက်ကြီး ခေါင်းချသံမကြားရ ၊ လင်းကြက်တွန်သံ မကြားရ ၊ မိုးသာ စင်စင်လင်းသွားပြီ ။ သူ နိုးလာသည် ။ မနေ့က အတိုင်း ( ထုံးစံအတိုင်း ) လူတစ် ယောက်ဘဝ ၏ တစ်နေ့တာ တစ်စခန်းစရပြန်သည် ။ “ ကာမဘုံ သား × × × ဆုံလည်နွားသို့ပင် × × × နတက္ကမဘဝတွေမှာ × × × ကျင်လည်ခဲ့ကြတာတွေ ရယ်××× မဆုံးနိုင်ကြတယ် ” ဆိုသော မေလှမြိုင်ရဲ့ ‘ သံသရာခရီးသည် ’ သီချင်းဖြင့် နံနက်ချိန်ခါတေးသံသာ လာချေပြီ ။ စာစီစာကုံး တစ်ပုဒ်လိုပဲ သဘောထားပါ မိတ်ဆွေ ။ စာကိုယ်တွေ ပြီးဆုံးသွားပါသည် ။ နိဂုံးချုပ် ကြရအောင် ။ ဝတ္ထုဇာတ်လမ်းတွေထဲက ‘ စရိုက် သေ ဇာတ်ဆောင် ’  Flat Character မျိုး ဖြစ်အောင် အကြင် အဖြူရောင် လူသားသည် ဗန်းမော်တင်အောင် ၏ ကြော်ငြာပြီး မထုတ်ဝေဖြစ်ခဲ့သော ‘ ည၏ ကန္တရခရီးသည် ’ ဝတ္ထုလုံးချင်း စာအုပ် ကဲ့သို့ပင် ။ ညသံသရာ ကို ရှည်လျား ထွေပြား မနေမနား တစ်ခရီးတည်း သွားနေကြရသည် ။ ( စာရေးဆရာ ၊ ဒါရိုက်တာဦးသုခ ၏ ဘဝသံသရာရုပ်ရှင် ကို သူ ကြည့်ခဲ့ဖူးသည် ) စထွက်သော ဘူတာ ရှိသော် လည်း ဘယ် ဘူတာမှာ ဆုံးမည်နည်း မသိပေ ။ ရန်ကုန် ဘူတာကြီး မှ ထွက်လာသော အပြာရောင်မြို့ပတ်ရထား တစ်စင်းသည် ဘုရားလမ်း ၊ လမ်းမတော် ၊ ပြည်လမ်း ၊ ရှမ်းလမ်း ၊ အလုံလမ်း ၊ ကြည့်မြင်တိုင် ၊ ဟံသာဝတီ ၊ ကမာရွတ် ၊ သမိုင်း ၊ အုတ်ကျင်း ၊ ရွာမ ၊ အင်းစိန် ၊ အောင်ဆန်း ၊ ဒညင်းကုန်း ၊ ကျိုက္ကလဲ့ ၊ အနမ်းပင် ၊ ပုရွက် ဆိတ်ကုန်း ၊ ကျောက်ရေတွင်း ၊ ရေကူး ၊ တံတာလေး ၊ ပါရမီ ၊ ကန်ဘဲ့ ၊ ဘောက်ထော် ၊ တာမွေလေး ၊ မေတ္တာညွန့် ၊ မလွှကုန်း ၊ ပုစွန်တောင် ၊ နောက်ဆုံး ရန်ကုန် ဘူတာကြီး ပဲ ပြန်ဆိုက်လေတော့သည် ။

➽ လေးကိုတင်
📖 ရနံ့သစ် မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၂၀၁၃

No comments:

Post a Comment