Saturday, January 25, 2025

မိန်ရာသီ ခါတော်ဦး


 

❝ မိန်ရာသီ ခါတော်ဦး ❞
       ( မြသန်းတင့် )

တစ်လောက ခင်ဗျား နဲ့ ကျုပ် ဘိုင်စကုတ်ရုံ ထဲ မှာ အမှတ်တမဲ့ သွား တွေ့ခဲ့ကြတယ် ။ ကျုပ် စိတ် ထဲ မှာ တော့ ကျုပ် ဟာ အင်မတန် ရင့်ကျက် လာပြီ ။ ငယ်ရွယ် နုနယ်သူ တို့ မှာ သာ ရှိတတ် တဲ့ ချစ်သူ နဲ့ တွေ့ရင် ရင် တဒိတ်ဒိတ် ခုန်တတ် တဲ့ အခုန်မျိုး ကျုပ် မှာ မရှိတော့ဘူးလို့ ထင်ခဲ့ တယ် ။ အေးလေ ကျုပ် ထင်မယ် ဆိုရင်လည်း ထင်စရာတွေပဲ ။ ခင်ဗျား နဲ့ ကျုပ် ဟာ လေနှင့် လွှင့်မှုတ်လို့ အညှာ က ပြုတ်ထွက်သွားကြတဲ့ ရွက်ဝါကလေးတွေလို တဖြင့်တစ်ပါး ကွဲပြား သွားလိုက်ကြတဲ့ အချိန် က ပဲ တော်တော်လေး ကြာခဲ့ ပြီပဲ ။ ခုဆိုရင် ဘာလိုလို နဲ့ ဆယ့်နှစ်နှစ် ကျော် လို့ ဆယ့်သုံးနှစ် ထဲ ကို ရောက်လာကြပြီ ။

ဒီ ဆယ့်နှစ်နှစ် ကျော် အတောအတွင်း မှာ ကျုပ် မှာ လည်း ဇနီး ရလို့ သားတွေ သမီးတွေ နဲ့ ၊ ခင်ဗျား မှာ လည်း သားတွေ သမီးတွေ ရလို့ ကြီးလှပြီပဲ ။ ခင်ဗျား နဲ့ ပါလာတဲ့ ဆယ့်နှစ်နှစ် လောက် ကလေးမလေး ဟာ ခင်ဗျား သမီးလေး မဟုတ်လား ။ မျက်လုံးမျက်ခုံး ကြည့်ရတာ ကတော့ ခင်ဗျား နဲ့ တူ သလိုလိုပဲ ။

ဘိုင်စကုတ်ရုံ ထဲ ရောက်တော့ ခင်ဗျား က ရှေ့တန်း မှာ ၊ ကျုပ် က ခင်ဗျား ရဲ့ တည့်တည့် မှ ထိုင်မိရက်သား ဖြစ်နေတယ် ။ တကယ်ပါပဲ မခင်ဝေ ၊ ဒီည က ဘိုင်စကုတ်ရုံ ထဲ မှာ ခင်ဗျား ရှိမှန်း သာ သိမယ် ဆိုရင် ကျုပ် ဝင် ကြည့်ဖြစ်မှာ ဟုတ်ဘူး  ။ ဒီနေရာတင် မကပါဘူးလေ ၊ ဘယ် နေရာမှာ ပဲ ဖြစ်ဖြစ် ခင်ဗျား ရှိတယ် ဆိုရင် ကျုပ် လာဖြစ်မှာ မဟုတ်ပါဘူး ။ အမှန်ကတော့ ကျုပ် ဟာ ကျုပ် ကို ကျုပ် အထင် ကြီးတဲ့ လူ တစ်ယောက် ပဲ ။ ခင်ဗျား ကြောင့် ကျုပ် အသည်း ကွဲခဲ့ တဲ့ ဒဏ်ရာ ဟာ ပျောက်ပြီး ခင်ဗျား ဟာ ကျုပ် အသည်း နှလုံး ကို မစိုးမိုးနိုင်တော့ဘူးလို့ ကျုပ် ထင်ခဲ့တယ် ။ နောက် တစ်ကြောင်း က လည်း ကျုပ်တို့  ၊ ခင်ဗျားတို့ တစ်တွေ ဟာ စိတ်ကူးယဉ် တဲ့ အရွယ်တွေ လွန်မြောက်ကြပြီး ဘဝ ရဲ့ အတွေ့အကြုံတွေ ကို နှစ်ပေါင်း သုံးဆယ်ကျော် ကျော် တွေ့ဆုံခဲ့ကြရပြီး ဖြစ်တဲ့ အတွက် ငယ်ငယ်တုန်း က လို စိတ်ကူးတွေ ဟာ မလှပ မနုနယ်ကြတော့ဘူးလို့ ကျုပ် ထင်ခဲ့တယ် ။ တကယ် ဆိုတော့ ကျုပ် ထင်မယ် ဆိုရင်လည်း ထင်စရာပဲ ။ ကျုပ်တို့ တစ်တွေဟာ စိတ်ကူးယဉ် တတ် တဲ့ နုနယ်ငယ်ရွယ် ကို ကျော်ပြီး ရင့်ကျက်တဲ့ အ ကျိုး နဲ့ အကြောင်း ကို တွေးခေါ်တတ်တဲ့  ၊ အဆိုး နဲ့ အကောင်း ကို ခွဲခြား သိတတ်တဲ့ အရွယ်တွေ ရောက်ကြပြီ မဟုတ်လား ။ တကယ်ပဲ မခင်ဝေ ၊ အမှန်ကတော့ ကျုပ်တို့ အသက်အရွယ် ဟာ ရှိတ်စပီးယား ပြောသလို နွေဦး ကို ရောက်နေကြပြီ ။ ကျုပ်တို့ ရှေ့ မှာ အရွယ် အားဖြင့် ငယ်မျစ်နုပျိုခြင်း ဆိုတာ မရှိတော့ဘူး ။ ကျုပ်တို့ ဘဝ ရဲ့ အဆစ်အပိုင်း မှာ ဆောင်းရာသီ ပဲ ကျန် တော့တယ် ။

ဒါကြောင့် မို့ ကျုပ် ဟာ ငယ်ငယ်တုန်း က လို ရင် တလှပ်လှပ် မခုန်တတ်တော့ဘူး လို့ ကျုပ် အထင်ကြီးခဲ့တယ် ။ ငါ့ ဘဝ ဟာ နွေဦး ကို ရောက်ပြီ ၊ ဒါကြောင့် မို့ ငါ ဟာ အထိုက်အလျောက် တော့ ရင့်ကျက် လာပြီလို့ ကျုပ် ကိုယ် ကျုပ် ထင်ခဲ့တယ် ။ ဒါပေမဲ့ မခင်ဝေ ရေ့ ၊ မနေ့ည က ကျုပ် နဲ့ မခင်ဝေ ဘိုင်စကုတ်ရုံ ထဲ မှာ တွေ့လိုက်တဲ့ အခါကျတော့ ကျုပ် ကိုယ် ကျုပ် အထင်ကြီး ခဲ့ သမျှတွေ ဟာ အလကားပဲ ။ မခင်ဝေ ကို မြင် လိုက်တယ် ဆိုရင်ပဲ ကျုပ် ဟာ ဟိုတုန်းက လို ရင် တဒိတ်ဒိတ် ခုန် လာတယ် ။ ဟိုတုန်းက လိုပဲ ပြောမပြ တတ်တဲ့ ဝေဒနာ ကို ခံစားလာရတယ် ။ မခင်ဝေ က ကျုပ် ကို နှုတ်ဆက် မလို့ လှည့် ကြည့်တော့ မျက်လုံးချင်း မဆိုင်မိအောင် ကျုပ် မျက်နှာ ကို တခြား လွှဲထားလိုက်တယ် ။ အမှန်ကတော့ ကျုပ် နဲ့ မခင်ဝေ တို့ ရဲ့ ဇာတ် ဟာ ဒီ ဘဝ ဒီ မျှ နဲ့ စခန်းသိမ်း ခဲ့ကြပေမဲ့ လောကဝတ် အနေ နဲ့ တွေ့ ခေါ် ၊ ဖြေ မေး ၊ လောကရေး အရ နှုတ်ဆက်စကား ဆိုဖို့ ကောင်းတယ် မဟုတ်လား ။ ဒါ ပေမဲ့ ကျုပ် ဟာ ခင်ဗျား ကို နှုတ်မဆက် ချင်တော့ဘူး ။ ကျုပ် ရင် ထဲ မှာ အသည်းခိုက်အောင် နာခဲ့တဲ့ အနာဟောင်း ဟာ ပြန် ပေါ်လာတယ် ။ အပူရုပ် ကို ဟန် လုပ်ပြီး မဖုံးချင်တော့ဘူး ။ တကယ်ကတော့ ကျုပ် က ပဲ ခင်ဗျား နဲ့ ကျုပ်တို့ နှစ်ယောက် ရဲ့ အတိတ်ဟောင်း ကို ဖုံးကွယ်ပြီး လောကွတ် ပျူငှာ နဲ့ စကား ဆိုသင့်တယ် မဟုတ်လား ။ ဒါပေမဲ့ ဒါမျိုးတွေ ကျုပ် မလုပ် တတ်ဘူး မခင်ဝေ ။ ကျုပ် ဟာ အသည်းနှလုံး ထဲ မှာ ရှိတာ ကို ပဲ ဖွင့်ပြောချင်တယ် ။ တကယ်တော့ ကျုပ် ဟာ လောကဝတ် ကို ဘာမှ နားလည်တဲ့ သတ္တဝါ တစ်ယောက် မဟုတ်ဘူး ၊ အရိုင်းပဲ ။

ဘိုင်စကုတ် ထဲ က မင်းသမီး ဟာ ခင်ဗျား နဲ့ ကျုပ် ရဲ့ အသည်းစွဲ မင်းသမီး ပဲ ။ ဒါကြောင့် လာ ဆုံကြတာလေလား လို့ တွေးမိတယ် ။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်ကျော် ဆယ့်သုံးနှစ် လောက် ခင်ဗျား နဲ့ ကျုပ် နှစ်ယောက် ကြည့်ကြတုန်း က ဒီ မင်းသမီး ဟာ အသက် နှစ်ဆယ်ကျော် လောက်ပဲ ရှိဦးမယ် ထင်တယ် ။ ကျုပ်တို့ နှစ်ယောက် ဟာ သည် တုန်း က အသက် နှစ်ဆယ် တောင် မပြည့်တတ်ကြ သေးဘူး ။ ခုတော့ ကျုပ်တို့ တစ်တွေ လည်း အရွယ်ကလေး နည်းနည်း ထောက် လာကြပြီ ။ ကျုပ်တို့ အသည်းစွဲ မင်းသမီး ဟာ လည်း ကျုပ်တို့ လိုပဲ ငယ်မူငယ်သွေးတွေ ပျောက်လို့ အရွယ် ထောက်လာ ပြီ ။ အင်း ကျုပ် တို့ တစ်တွေ ဟာ ကျုပ်တို့ ဘ ဝရဲ့ အဆစ်အပိုင်း မှာ နွေဦး အရွယ် ကို ရောက်လာကြပြီ မခင်ဝေ ။ တချို့ ကတော့ ဒီ အရွယ်ဟာ ရင့်ကျက်စ ပြုတဲ့ အရွယ် လို့ ဆိုကြတယ် ။ ဒါကြောင့် မို့ ငယ်ငယ် တုန်း ကလို ရင် တလှပ်လှပ် ခုန်တာတွေ မရှိကြတော့ဘူးလို့ ဆိုကြတယ် ။ ကျုပ် လည်း အစက ဒီလိုပဲ ထင်ခဲ့တာပဲ မခင်ဝေ ။ ကျုပ်တို့ တစ်တွေမှာ သားရယ် ၊ သမီးရယ် လို့ ရှိလာကြပြီ ဖြစ်တော့ ကျုပ်တို့ ရဲ့ အသည်းနှလုံး ဟာ ဒီ သားတွေ ၊ သမီးတွေ ရဲ့ အရေး ကို တွေးတော စိုးရိမ်ပြီး ခုန်ရလွန်း လို့ မောပန်း နွမ်းနယ်လှပြီ ၊ တခြား အကြောင်းတွေ ကြောင့် ရင် တဒိတ်ဒိတ် မခုန်နိုင်တော့ဘူး လို့ ထင်ခဲ့မိ တယ် ။ ဒါပေမဲ့ မခင်ဝေ ရေ ၊ တကယ်ကျတော့ ဒီလို မဟုတ်ဘူး ။ အတိတ် က ဇာတ်ကြောင်း ကို ပြန်ပြောင်း သတိရစရာ ပေါ်လာရင် ကျုပ်တို့ အသည်းနှလုံး ဟာ တဒိတ်ဒိတ် ခုန်တုန်းပဲ ၊ အခုန် မရပ်သေးဘူး ။ အချစ် အတွက် အသည်းနှလုံး ခုန်ရခြင်း ဟာ ဘယ်တော့မှ ရပ် မှာ မဟုတ်တော့ဘူးလို့ ကျုပ် ထင်တယ် ။

ကြည့်လေ ၊ ဘိုင်စကုတ် ပြီးကြလို့ ခင်ဗျား နဲ့ ကျုပ် နှစ်ယောက်သား ကိုယ့်ထိုင်ခုံ က ကိုယ် ထ ကြတယ် ။ ခင်ဗျား က ခင်ဗျား သမီးလေး လက် ကို ဆွဲလို့ ၊ ကျုပ် က လည်း လက် ထဲ က အခွံချည်းကျန်တဲ့ မြေပဲလှော်ထုပ် ကို လက် ထဲ မှာ ယောင်ကန်းကန်း နဲ့ ကိုင်လို့ ။ ကျုပ် က ခင်ဗျား ကို တစ်ချက် လှမ်းကြည့်လိုက်မိတယ် ။ ခင်ဗျား က မျက်လွှာ ကို ချထားတယ် ။ ကျုပ် နဲ့ မျက်လုံးချင်းမဆိုင်ဘူး ။ နောက် ကျုပ် ကလည်း ခင်ဗျား နဲ့ မျက်လုံးချင်း မဆိုင်ချင်တာနဲ့ မျက်လွှာ ကို ချ ထားလိုက်ပြန်တယ် ။ ကျုပ် မျက်လွှာ ချထားတဲ့ အချိန် မှာ ခင်ဗျား လည်း ကျုပ် လို ကျုပ် ဘက် ကို လှမ်း ကြည့်နေမှာ ပဲလို့ ထင်တယ် ။ အမှန်ကတော့ ကျုပ်တို့ နှစ်ယောက် ဟာ တစ်ယောက် နဲ့ တစ်ယောက် မျက်လုံးချင်း မဆိုင်ရဲကြဘူး ။ မျက်လုံးချင်း ဆိုင်မိရင် ကျုပ်တို့ ရင်ထဲ မှာ ရှိနေ တဲ့ ဝေဒနာတွေ ကို ဒီ မျက်လုံးတွေ က ဖွင့် ပြောပြမှာ ကို ကြောက်နေကြတာပဲ ။

ခင်ဗျား နဲ့ ကျုပ် ရှေ့မှာ လူတွေ စီတန်း ထွက်နေ လို့ ကုလားထိုင် နှစ်တန်း ရဲ့ ကြား ထဲ မှာ တရွေ့ရွေ့ နဲ့ ဘေးတိုက် ထွက်လာကြတယ် ။ အဲဒီတုန်း က ကျုပ် ရင်ဟာ တဒိတ်ဒိတ် ခုန်နေတယ် ။ နှုတ် မဆက်ရင် ကျုပ်ဟာ ရိုင်းရာကျ လေမလား ၊ စိတ်သဘောထား သေးသိမ်ရာ ကျလေမလားလို့ တွေးမိတယ် ။

ဒါကြောင့်မို့ ခင်ဗျား ကို လောကဝတ် အရ နှုတ်ဆက် ဖို့ ကျုပ် ကြိုးစားပါတယ် မခင်ဝေ ၊ တကယ်ပါပဲ ။ ဒါပေမဲ့ ကျုပ် ပါးစပ် ဟာ ဆွံ့နေတယ် ။ စကား တစ်လုံးမှ ထွက် မလာဘူး ။ ဒီလိုနဲ့ ခင်ဗျား နဲ့ ကျုပ် အပေါက်ဝ ကို ရောက် လာကြတယ် ။ ဟော ... ရုပ်ရှင်ရုံ အပေါက်ဝ မှာ ခင်ဗျား နဲ့ ကျုပ် မျက်နှာချင်း ဆိုင်မိကြပြန်ပြီ ။ ခင်ဗျား က ကျုပ် ကို လှမ်း ကြည့် လိုက်တယ် ။ ကျုပ် က ခင်ဗျား ကြည့်နေတယ် ဆိုတာကို သိတာနဲ့ ကျုပ် မျက်လွှာ ကို ချလိုက်တယ် ။ ကျု ပ်က ပြန် ကြည့် လိုက်တော့ ခင်ဗျား က မျက်လွှာ ပြန် ချ လိုက်တယ် ။ ဟုတ်တယ် မခင်ဝေ ၊ ကျုပ်တို့ နှစ်ယောက် တစ်ယောက် ကို တစ်ယောက် မျက်လုံးချင်း မဆိုင်ရဲကြဘူး ။ မျက်လုံး နှစ်စုံ ဆိုင်မိကြလို့ ရှိရင် ကျုပ်တို့ ဟာ ကျုပ်တို့ ရင် ထဲ မှာ မျိုသိပ်ခဲ့ရတာတွေ ကို သည် မျက်လုံး တွေ က ပြန် ပြောကြမှာ စိုးရိမ် နေကြတယ် ။ တကယ်တော့ လည်း ဒါဟာ စိုးရိမ်စရာပဲ ။  ကျုပ် မှာ လည်း သားတွေ သမီးတွေ နဲ့ ဆိုတော့ ဒီအကြောင်း တွေ ကို ပြန်ပြီး မသစ်စေချင်တော့ဘူး မဟုတ်လား ။

ပရိသတ်တွေ ဟာ အပေါက်ဝ မှာ ငိုင် နေတဲ့ ကျုပ်တို့ နှစ်ယောက် ကို ကြည့်ပြီး ထွက်သွား ကြတယ် ။ ကျုပ် ကလည်း ခင်ဗျား ကျုပ် ရှေ့က ထွက်စေချင်တယ် ။ ခင်ဗျား ရဲ့ ကိုယ်လုံး ကို ကျုပ် အားမနာပါးမနာ ကြည့်ပြီး လိုက်လာချင်တယ် ။ ခင်ဗျား က လည်း ကျုပ် ကို ရှေ့ က ထွက်စေချင်တယ် ။ ပိန်ချုံးကျ နေတဲ့ ကျုပ် အခြေအနေ ကို ခင်ဗျား အကဲခတ်ချင်ဟန် တူပါရဲ့ ။ ဒီလိုနဲ့ ကျုပ်တို့ နှစ်ယောက် ရုံပေါက်ဝ မှာ ငိုင်နေကြတယ် ။ ခင်ဗျား သမီး လေး က “ မေမေ လာလေ ၊ လူရှင်းပြီ ” လို့ ပြော တော့မှ ခင်ဗျား ဟာ ခေါင်းငုံ့ပြီး ရှက်ကိုးရှက်ကန်းနဲ့ လှည့်ထွက် သွားတယ် ။ အမှန်ကတော့ ဒီ အချိန်လေး ဟာ ဘယ်လောက် မှ မကြာလိုက် ပါဘူး ။ တစ်ခဏလေးပါပဲ ။ ဒါပေမဲ့ ကျုပ် အဖို့ တော့ တစ်ကမ္ဘာ ကြာတယ်လို့ ထင်တယ် ။

အပြင် ရောက်တော့ မိုး ဟာ သည်းသည်းမဲမဲကြီး ရွာချ နေတယ် ။ ကဲ မျက်
လုံးချင်း မဆိုင်ရဲတဲ့ သူ နှစ်ယောက် တွေ့ကြ ပြန်ပြီ ။ မိုးရွာ နေလို့ ရုံ ထဲ က ထွက်လို့ မဖြစ်ပြန်ဘူး ။ ကျုပ် မှာ ထီး မပါတော့ ဒီအတိုင်းပဲ ရပ်ရင်း ဆေးပေါ့လိပ် ကို အဓိပ္ပာယ် မရှိ ဖွာ နေတယ် ။ ခင်ဗျား က မိတ်ဆွေ တစ်ယောက် နဲ့ ရပ်ပြီး စကား ပြောနေတယ် ။ ခင်ဗျား စကားထဲ မှာ ခင်ဗျား မောင်တော် က ကား လာ မကြိုသေး ကြောင်း ညည်းသံ ကြားတယ် ။ ခဏ ကြာတော့ အသားဖြူဖြူ ၊ ခပ်ဝဝလူ တစ်ယောက် တက် လာပြီး ခင်ဗျား သမီးလေး ကို လက်တွဲ ခေါ်တယ် “ ဝေရေ ၊ ဆောရီးပဲကွာ ၊ နည်းနည်း နောက်ကျ သွားတယ် ”  လို့ တောင်းပန်သံ ကြားရတယ် ။ ခင်ဗျား မောင်တော် ဟာ ခင်ဗျား ကို တော်တော် ချစ်ရှာသားပဲ လို့ တွေးလိုက်မိပါတယ် ။

ခင်ဗျားတို့ ပြန်သွားတဲ့ နောက် တော်တော် ကြာတဲ့ အထိ မိုးမစဲ သေးလို့ ကျုပ် ဘိုင်စကုတ်ရုံ အောက်မှာ ရပ်နေရတယ် ။ အဲဒီ နေ့ က ကျုပ် မဂ္ဂဇင်းတိုက်တွေ ကို ပန်းချီဆွဲခကလေး ရမလား လို့ သွား တောင်းဖို့ ထွက်လာ ခဲ့တာပဲ ။ အိမ် မှာ ကျုပ် မိန်းမ က လည်း နေမကောင်းဘူး ။ ကျုပ် သားအကြီး က လည်း ဖျား နေတယ် ။ ဆေးဖိုးဝါးခ ဓာတ်စာဖိုးလေး တောင် မရှိလို့ ကျုပ် ဆွဲ ထားတဲ့ ပန်းချီခကလေးတွေ များ ရလေမလား ဆိုပြီး ထွက် ခဲ့တာပဲ ။ ဒါပေမဲ့ ခင်ဗျား နဲ့ တွေ့လိုက်ပြီး တဲ့ နောက် မှာ ကျုပ် ဘယ်ကို မှ မသွားချင်တော့ဘူး ။ ကျုပ် ဟာ ပယောဂ အပူး ခံနေရတဲ့ လူ လို စိတ် ထဲမှာ ရှုပ်ပွ နောက်ကျိပြီး အိမ် ကို ပြန်လာတယ် ။

အိမ် ပြန်ရောက်တော့ ကျုပ် တစ်ကိုယ်လုံး မိုးရေတွေ ရွှဲရွှဲစို နေတယ် ။ အိပ်ရာ ထဲ မှာ လှဲ နေ တဲ့ ဇနီးသည် က “ ပိုက်ဆံ ရခဲ့သလား ” လို့ မေးတယ် ။ သမီးကလေး က “ ဖေဖေ သမီး ဖို့ ဘာ ဝယ်ခဲ့သလဲ ” လို့ တီတီတာတာမေးတယ် ။ ကျုပ် ဟာ အိပ်ရာ ထဲ လှဲနေတဲ့ ဇနီးသည် ကို ရော ၊ သမီး ကို ရော အော်ပစ် လိုက်တယ် ။ အမှန်ကတော့ ကျုပ် ဟာ ကလေးကို သိပ် ချစ်တတ်တယ် ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျုပ် ဟာ ရိုင်းနေတယ် ။ သမီးလေး ဟာ မှုန်သိုး နေတဲ့ ကျုပ် မျက်နှာ ကို ကြည့်ပြီး အမေ့ ဆီ ကို ငို ပြေးတယ် ။ အမေ က သူ့ သမီး ကို ချော့နေတယ် ။ ကျုပ် ဇနီး က တော့ ကျုပ် ကို ဘာမှ မပြောရှာတော့ပါဘူး ။ တကယ်တော့ ကျုပ် ဟာ အပြစ်မဲ့ သူ ကို အပြစ် သွား ရှာတာပဲ ။

ကျုပ် ဟာ အဝတ်အစားတွေ မလဲမိဘဲ ကု,လားထိုင်ပေါ်မှာ အရုပ် ကြိုးပြတ် ထိုင်ချလိုက် မိတယ် ။ ခင်ဗျား နဲ့ ကျုပ် ရဲ့ ရင်နင့်စရာ ဘဝဇာတ်ကြောင်း ကို ပြန် တွေးမိတယ် ။ မှတ်မိသေး လား မခင်ဝေ ။

•••••   •••••   •••••

( ၂ )

ခင်ဗျား နဲ့ ကျုပ် ဟာ ၄၆ ခုနှစ် မှာ တက္ကသိုလ် ကို တစ်နှစ် တည်း ရောက်ကြတယ် ။ ခင်ဗျား ရော ကျုပ် ရော ဘာသာ အတူတူ ယူပြီး တစ်တန်း တည်း မှာ သွားကျကြတယ် ။ အဲဒီတုန်း က ကျုပ်တို့ သင်တန်းတွေ ဟာ အင်ဂျင်နီယာကောလိပ် ဘက် က တဲတန်းတွေ မှာ ပဲ ရှိသေးတယ် ။ အင်းလျားကန် တက္ကသိုလ် အဆောက်အဦတွေ ကတော့ အင်္ဂလိပ် စစ်ဆေးရုံ လုပ်ထားတယ် ။ တစ်နေ့ ကျုပ် ကျောင်း ဆင်းပြီး မြို့ထဲ ကို သွားဖို့ နဂါးကားဆိပ် ကို သထုံလမ်း အတိုင်း လျှောက်လာတယ် ။ ခင်ဗျား က လည်း စာအုပ်ကလေး ပိုက်ပြီး ကျုပ် နဲ့ အတူ လျှောက် လာတယ် ။ အဲဒီတုန်းက ခင်ဗျား ဟာ နှင်းပန်းရောင် အင်္ကျီအဖြူကလေး ကို ဝတ်ပြီး အင်းလေးလုံချည် အစိမ်းကလေး ကို ဝတ်လို့ လုံချည်စိမ်း အောက် အနား မှာ အဝါစင်းတွေ ခတ်ထားတယ် ၊ လုံချည်အနား က ရွှေစင်းတွေ ဟာ ခင်ဗျား ခြေလှမ်း တဲ့ အတိုင်း ရွှေလှိုင်းတွေ လို တွန့်သွားကြတယ် ။ နွေဦးပေါက် လို့ ရော်ရွက်တွေ ကြွေကျ ကုန်ကြပြီ ၊ တချို့ ရွက်ဝါကလေးတွေ က တော့ လေ ထဲ မှာ လိပ်ပြာကလေး တွေ ပျံ သလို ဝဲကျ လာကြတယ် ။ သထုံလမ်း တစ်လျှောက် မှာ ရှိတဲ့ ပိတောက်ပင်ကြီး တွေ မှာ ရိုးတံကျဲတွေ ချည်း ပဲ ရှိတော့တယ် ။ ကံ့ကော်ပန်း တွေ တော့ ဖူးပွင့် ကုန်ကြပြီ ။ ကျုပ် က ခင်ဗျား နောက် ခပ်လှမ်းလှမ်း က လိုက်လာတယ် ။ ဘယ်လောက် လှတဲ့ ရှုခင်းလဲ ၊ မခင်ဝေ ၊ ခင်ဗျား ပဲ ပြန် တွေးကြည့်စမ်း ၊ ရိုးတံကျဲတွေ ချည်း ပဲ ကျန်တော့တဲ့ ပိတောက်ပင်တွေ ရယ် ၊ မြေပြင်အနှံ့ ခင်းထားတဲ့ ရွက်ဟောင်းရွက်ကျင် နီမောင်းမောင်း ၊ ဝါရွှေရွှေ တွေရယ် ။ ကတ္တရာလမ်းမဘေး က မြက်ရှည် တောအစပ် မှာ ပြန့်ကျဲနေတဲ့ ကံ့ကော်ပန်းဖူး ပန်းငုံ ဝတ်မှုန်တွေ ရယ် ။ ကောင်းကင်တစ်ခို မှာ ပြာညိုရောင် သန်း နေတဲ့ မြူ တန်းရယ် ။ ပြီးတော့ ခင်ဗျား လို ကျက်သရေ ရှိတဲ့ မိန်းမ ချောချောလှလှ တစ်ယောက် ရယ် ၊ ကဲ ကြည့်စမ်း  ဘယ်လောက် လှတဲ့ ရှုခင်း တစ်ကွက် လဲ လို့  ။ အဲဒီ ရှုခင်းလေး ကို ကျုပ် ရင် ထဲ မှာ အရအမိ ဖမ်းထား လိုက်ပြီး အခန်းပြန် ရောက်တော့ ပန်းချီ ကား တစ်ကား ဆွဲ ထား လိုက်တယ် ။ ပန်းချီကား ရဲ့ နာမည် ကိုတော့ “ စပရင် ရာသီ “ လို့ အမည် ပေးလိုက်တယ် ။ ကျုပ် မိတ်ဆွေတွေ ကတော့ ကျုပ် ပန်းချီကား နဲ့ ပန်းချီကား ရဲ့ နာမည် ကို နားမလည်ကြဘူး ။ “ ခင်ဗျား ဟာ က ရှုခင်း က မြန်မာရှုခင်း ၊ နာမည် က အင်္ဂလိပ်နာမည် ဆို တော့ အဓိပ္ပာယ် မရှိဘူး ”  လို့ ဝေဖန်ကြတယ် ။ ကျုပ် က တော့ အသာပဲ ပြုံး နေလိုက်တယ် ။ အမှန်ကတော့ သူတို့ ဝေဖန်တာဟာ မှန်သင့်သ လောက် မှန်ပါတယ် ။ ဒီ ပန်းချီကား နဲ့ ဒီ နာမည် ဟာ ကျုပ် တစ်ဦး တည်းသာ နားလည်တဲ့ အရာပေပဲ ။ ဒီ ပန်းချီကားရဲ့ နာမည် ကို ဘာကြော င့် “ စပရင်ရာသီ ” လို့ မှည့်ရတဲ့ အကြောင်း ကို ကျုပ် သူတို့ ကို ရှင်း မပြခဲ့မိဘူး ။

မခင်ဝေ ကျုပ်တို့ ဥပစာတန်း တုန်း က ရှိတ်စပီးယား ရဲ့ ဆွန်းနက် တွေ သင်ခဲ့ရတာကို မှတ်မိဦးမလား မသိဘူး ။ အဲဒီတုန်းက ဆရာ ဦးမျိုးမင်း သင်ခဲ့တာလေ ။ လူ့ဘဝ ရဲ့ ဖူးငုံစ အရွယ် ကို ရှိတ်စပီးယား က စပရင်ရာသီ နဲ့ နှိုင်းယှဉ် ခဲ့တယ် မဟုတ်လား ။ အဲဒီတုန်းက ခင်ဗျား ဟာ ဖူးငုံစ အရွယ် ပဲ ရှိသေးတယ် ။ “ စပရင်ရာသီ “ မှာ ပွင့်တဲ့ ပန်းငုံ လို လန်းဆတ်တယ် ။ ကျုပ်  တွေ့လိုက်ရတဲ့ ရှုခင်း က လည်း နွေရာသီ မပီ သေးဘူး ။ ဒါပေမဲ့ ဆောင်း ပေါက်လုပြီ ။ ဆောင်း နဲ့ နွေရာသီ ဟာ မပီမသ ဝိုးဝါး ရောထွေးနေ တဲ့ အချိန် ကလေး မဟုတ်လား ။ ဒါကြောင့် မို့ ကျုပ် က ဒီ ပန်းချီကားကို “ စပရင်ရာသီ ” လို့ မှည့်ခဲ့တာပဲ ။

ဪ စကား ကို ဆက် ပြောရဦးမယ် ။ အဲဒီလို ခင်ဗျား နဲ့ ကျုပ် နှစ်ယောက် လျှောက်လာ ကြလို့ တင်းနစ်ကွင်းကြီး တွေ နား ရောက်တော့ ခင်ဗျား ဟာ ကတ္တရာလမ်း ပေါ် က ဆင်းပြီး မြက်ရှည်တော အစပ် မြေပြင် ပေါ် မှာ ကျနေတဲ့ ကံ့ကော်ပန်းတွေ ကို ကောက် နေတယ် ။ ကျုပ် စိတ် ထဲမှာ တော်တော် ထိခိုက်သွားတယ် ။ လှပချောမောတဲ့ မိန်းကလေး တစ်ယောက် ဟာ ကံ့ကော်ပန်းတွေ ပန်ချင်ဇော နဲ့ ခူးပေးမယ့် သူ မရှိရှာဘဲ မြေပြင် ပေါ် မှာ အလိုလို ကြွေကျနေတဲ့ ကံ့ကော်ပန်းတွေ ကို ကောက်နေရှာ တယ် ဆိုတာ ကို တွေးမိပြီး ကျုပ် တော်တော် သနား သွားတယ် ။ တကယ် ပြောတာပါ ။ နဝဒေး  တို့ နတ်ရှင်နောင် တို့ ရဲ့ ကဗျာတွေ ထဲ က လို ဒါမှမဟုတ် ဝတ္ထုတွေ ထဲ ကလို စိတ်ကူးယဉ်ပြီး ခူးပေးချင်တဲ့ စိတ်မျိုး မဟုတ်ပါဘူး ။ အစ်ကို တ စ်ယောက် က အစ်ကို ကို မပူဆာရဲဘဲ သူ့ ဘာသာ သူ ဖြစ်သမျှ နဲ့ ရောင့်ရဲ တင်းတိမ်ရှာရတဲ့ ညီမလေး တစ်ယောက် ကို သနားတဲ့ စိတ်မျိုးပါ ။

ကျုပ် က အနား ရောက်လာတော့ ခင်ဗျား ဟာ ရှက်ကိုးရှက်ကန်း ဖြစ်နေတယ် ။ ကျုပ် က လည်း “ ကံ့ကော်ပန်း လိုချင်ရင် ကျွန်တော် တက်ခူး ပေးပါ့မယ် ၊ အောက်က ပွင့်ကြွေ တွေ ကို မကောက်ပါနဲ့ မကောင်းပါဘူး “ လို့ ပြောမိတယ် ။ ကျုပ် စိတ် ထဲ မှာ ရှိတာကို ရိုးရိုးသားသား ပြောတာပါ ။ ဒီ စကားလုံးတွေ ဟာ ကျုပ် ပါးစပ် ထဲ က အလိုလို ထွက်သွားကြ တယ် ။ “ နေပါစေရှင် ”  လို့ ခင်ဗျား က ရှက်ပြုံးလေး နဲ့ ပြန်ပြောပေမဲ့ ကျုပ် တက် ခူးပေး ရင် ခင်ဗျား ငြင်းမှာ မဟုတ်ဘူး ဆိုတာ ခင်ဗျား မျက်လုံးတွေက သက်သေခံ နေတဲ့ အတွက် ကျုပ် လည်း ကံ့ကော်ပင် ပေါ် တက်ပြီး ခူးပေး မိတယ် ။

ကံ့ကော်ပွင့်ခိုင်တွေ ကို ပေးလိုက်တော့ ခင်ဗျား ဟာ ကျုပ် ကို ကျေးဇူး တင်တဲ့ မျက်လုံးတွေ နဲ့ လှမ်း ကြည့်နေတယ် ။ ဒီ မျက်လုံးတွေ ကို ကျုပ် တစ်သက်လုံး မမေ့တော့ဘူး မခင်ဝေ ရေ ၊ ကဲ တိုတိုပဲ ပြောပါစို့လေ ၊ ဒီ ကံ့ကော်ပန်းတွေ ကို အကြောင်းပြုပြီး ခင်ဗျား နဲ့ ကျုပ် ဟာ ချစ်သူ ဘဝ ကို ရောက်လာခဲ့ကြတယ် ။ အဲဒီတုန်းကတော့ ကျုပ်တို့ တစ်တွေဟာ လောက မှာ ကျုပ် လောက် ပျော်တဲ့ လူ မရှိဘူးလို့ ထင်တယ် ။ ကျုပ် ဘဝ မှာ အပျော်ဆုံး အချိန် ဟာ အဲ့ဒီ အချိန်ပဲ ။ ဒီတုန်းကတော့ အင်းလျားကန် က လှိုင်းကြက်ခွပ်ကလေးတွေ ဟာ ကျုပ်တို့ ရဲ့ အချစ်သက်သေ ။ ကန်စပ် က ပန်းပွင့်ဝါဝါ ကလေးတွေ ဟာ ကျုပ် တို့ ရဲ့ အချစ်ပြယုဂ် ၊ ဖိုမတွဲပြီး ဝဲ နေကြတဲ့ ပျံလွှား ငှက်ကလေးတွေ ဟာ ကျုပ်တို့ အချစ်ရဲ့ စံနမူနာ ။ အို လောကကြီး တစ်ခု လုံးမှာ ရှိရှိသမျှ အရာတွေ ဟာ ကျုပ်တို့ အချစ် ကို ကောင်းချီး ပေးနေတယ် လို့ ပဲထင်မိတယ် ၊ စိတ်ကူး ယဉ် လိုက်ကြပါပေ့ မခင်ဝေ ရယ် ။

မှတ်မိသေးလား မခင်ဝေ ၊ ကျုပ် နဲ့ ခင်ဗျား ဥပစာတန်း ကို တစ်နှစ် တည်း အောင်ကြတယ် လေ ။ ဥပစာတန်း အောင် တော့ ဝိဇ္ဇာအောက်တန်း က ဆရာထင်အောင် အတန်း မှာ အင်္ဂလိပ် ဘာသာစာပေ ကို ယူကြတယ် ။ အဲဒီ တုန်းကလည်း အင်္ဂလိပ်စာလုံးတွေ ရဲ့ ကြည်နူးစရာကောင်းတဲ့ အချစ်ကဗျာ တွေကို ဖတ်ပြီး ကျုပ်တို့ စိတ်ကူးယဉ်ကြတယ် ။

အဲဒီ အထဲမှာ တင်နီဆန် ရဲ့ “ ဥယျာဉ်ထဲ ကို လာခဲ့ပါတော့ မော့ဒ် ရယ် ” ဆိုတဲ့ ကဗျာ ကို ကျုပ် သေသေချာချာ မှတ်မိသေးတယ် ။ ဒီ ကဗျာ ကို ဆရာထင်အောင် က လေးလေးနက်နက် အဓိပ္ပာယ်ပြန်ပြလို့ ဆရာထင်အောင် ရဲ့ လက်ချာမှတ်စု ကို ခင်ဗျား ကျုပ် စာအုပ် ထဲ မှာ ကူးပေးထားတာလေ ။ ကျုပ် ဆီမှာ ခုထိ ဒီ စာအုပ် ရှိ သေးတယ် မခင်ဝေ ရေ့ ၊ ကျုပ် သေသေ ချာချာ သိမ်းထားတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ် ဘဝ နဲ့ ဟပ်တဲ့ ကဗျာ လည်း ဖြစ်လို့ နောက်ပြီး ကျုပ် အင်မတန် လေးစားတဲ့ ဆရာထင်အောင် သေသေချာချာ ပေးထားတဲ့ လက်ချာ လည်း ဖြစ်လို့ ၊ နောက်ပြီး ကျုပ် အင်မတန် ချစ်တဲ့ မခင်ဝေ ကိုယ်တိုင် က ကူးပေးထားတာလည်း ဖြစ်လို့ ။

ခင်ဗျား နဲ့ ဘိုင်စကုတ်ရုံ မှာ တွေ့ပြီးတဲ့ နောက် ကျုပ် စာအုပ်စင် ကို မွှေနှောက်ပြီး အဲဒီ စာအုပ်ကလေး ထဲ က ကဗျာလေး ကို ပြန် ဖတ်ကြည့်မိ တယ် ။ ကျုပ် ပန်းချီ ဆွဲရင်း တန်းလန်း က မကြာခဏ ဖတ်ဖန်များ လို့ စာအုပ်မှာ ဆေးကွက်တွေ စွန်းနေတယ် ။

•••••   •••••   •••••

( ၃ )

ဆည်းဆာ ဖျော့ဖျော့ မှိန်လာတဲ့ အခါမှာ ဥယျာဉ် ထဲ က ငှက်ကလေးတွေက ( မော့ဒ် ရေ - လာပါတော့ ၊ မော့ဒ် ရေ - လာပါ တော့ )လို့ ဆိုမြည်တမ်းတ ကြတယ် ၊ မော့ဒ် ရေ မင်း ဘယ်မှာလဲကွယ် လို့ ငှက်ကလေးတွေ က မေးကြတယ် ၊ အမှန်ကတော့ မော့ဒ် ဟာ တို့ ခင်တန်းကလေး ထဲ မှာ ကိုယ် နဲ့ အတူ ကြာပန်း တွေကို ခူးနေပါ တယ်ကွယ် ။ အဲဒီတော့ ( မော့ဒ် ဟာ ဒီမှာ ရှိနေ တယ်ဟေ့ ၊ ဒီမှာ ရှိတယ် ၊ တို့ ခင်တန်း ထဲ က ကြာတော ထဲမှာ ရှိတယ် ) လို့ တို့ ခင်တန်း ထဲ က ငှက်ကလေးတွေ က ပြန် ဖြေကြတယ် ။ သူတို့ ရဲ့ စိုးစိုးစီစီ အော်မြည်သံတွေ ဟာ တောခြေလျှိုကြား တစ်ဝိုက် မှာ ညံစီ သွားတာပဲ ။

“ ကိုယ် ဟာ သူ့ ရဲ့ သွယ်ပျောင်းတဲ့ လက် ကို နမ်းမိတယ် ။ သူ ဟာ ကိုယ့် ရဲ့ အနမ်း ကို ဣန္ဒြေရစွာ နဲ့ ခံယူတယ် ။ မော့ဒ် ဟာ အသက် ကို စစ်ရင် တစ်ဆယ့်ခုနစ်နှစ် တောင် မပြည့်တတ်သေးပါ ဘူး ၊ ဒါပေမဲ့ မော့ဒ် ရဲ့ အရပ်အမောင်း ဟာဖြင့် သွယ်ပြီး ကိုယ်ဟန် ဟာ တင့်တယ်လှပတယ် ။ လောက မှာ ဖြင့် မော့ဒ် ရဲ့ အချစ် ကို ပိုင်တဲ့ လူ ဆိုလို့ ကိုယ့် အပြင် ဘယ်သူများ ရှိသေးသလဲလို့ ကိုယ် ဟာ ဝင့်ကြွားမိတယ် ။ မော့ဒ် ဟာ ဘုံထွဋ်နတ်တောင် မှာ နေသူပဲ လို့ ထင်မိတယ် ”

တကယ်ပဲ မခင်ဝေ ၊ ခင်ဗျားနဲ့ ကျုပ် အင်းလျားကန်ဆွယ် က သစ်ပင် အောက်မှာ မရန်း သီးတွေကို ဆားနဲ့ တို့ စားရင်း စာမေးပွဲ နီးလို့ စာကျက်ကြတာတွေကို အမှတ်ရမိတယ် ။ အဲဒီတုန်းက တင်နီဆင် ရဲ့ ကဗျာလေး ကို ကျက်ကြ ရင်း ခင်ဗျား ဟာ မော့ဒ် လို့ ထင်မိတယ် ။

“ မော့ဒ် ဟာ သူ့ ရဲ့ နွဲ့နှောင်းတဲ့ ကညာဟန် နဲ့ အိမ်ပြန်တဲ့ လမ်း ကို ကိုယ်သိပါတယ် ။ မော့ဒ် ရဲ့ နုနယ်နီတွေးတဲ့ ခြေထောက်ကလေးတွေ ဟာ မြက်တော ကို ထိကြတယ် မဟုတ်လား ။ ဒီတော့ သူ့ ခြေထောက်နီတွေး တွေးကလေးနဲ့ ထိလို့ မြက်တော ပေါ်မှာ ပေါက် နေတဲ့ ဒေစီပန်း ဝါဝါကလေး တွေဟာ နှင်းဆီသွေး စို့နေတာပဲ ။ မော့ဒ် ပြန်တဲ့ လမ်း ကို မသိဘဲ နေပါ့မလား  ”

“ ဥယျာဉ် ထဲ က ငှက်ကလေးတွေ ကတော့ မော့ဒ် ကို ခေါ်နေကြပြီ ။ မော့ဒ်ရေ မော့ဒ် ၊ မော့ဒ် ဘယ်မှာလဲ ၊ မင်း ကို ပိုးဖို့ လူ တစ်ယောက် ဖြင့် လာလေရဲ့ ဟေ့ လို့ အော်မြည် နေကြပြီ ကြည့်စမ်း ၊ တံခါးဝ မှာ မြင်းတစ်ကောင် ရယ် လို့ မင်းသားလေး တစ်ပါးဟာ ဟောင်ဖွာဖွာ နဲ့ စကား ပြောနေတယ် ။ မြက်တော ကို ဖြတ်ပြီး ပြန်လေဦး အရှင်မင်းသားငယ် ၊ အသင်ဟာ မော့ဒ် ရဲ့ ချစ်သူ မဟုတ်လေသလား လို့ ငှက်ကလေးတွေ က အော်နေကြတယ် ”

ဟုတ်တယ် မခင်ဝေ ၊ ခင်ဗျား နဲ့ ကျုပ် အင်းလျားကန်စပ် က စာ ကျက်ပြီး ပြန်အလာမှာ အင်းလျားဆောင် ရှေ့ ပေါ်တီကို အောက် ကို ရောက် တော့ အနက်ကျား ဆလွန်းကားလေး တစ်စီး ထိုးဆိုက် ထားပြီး ဝတ်စုံဝတ် ထားတဲ့ ခပ် ချောချော လူတစ်ယော က်ကို တွေ့ရတယ် ။ သူ က လက် ထဲ က ကားသော့ကွင်း ကို လှည့်ရင်း ခင်ဗျား နဲ့ ကျုပ် ကို ခပ်မှုန်မှုန် ကြည့် နေတယ် ။ အဲဒီတော့ ခင်ဗျား လည်း မျက်နှာ ပျက်လို့  ။ “ ဘယ်သူလဲ ”  လို့ မေး တော့ ၊ ခင်ဗျား က မျက်နှာလေးနီနီ ၊ “ အို ဝေ ရဲ့ ကာစင် ကိုဝင်းအောင် ပါ အမေရိကား က ပြန်လာတာ ”  လို့ ဖြေတယ် ။ ကျုပ် ကတော့ ဘာမှ မပြောခဲ့ပါဘူး ။ ခင်ဗျား အချစ် ကို လည်း ကျုပ် ယုံတယ် ၊ ပြီးတော့ ကျုပ် ကိုယ် ကျုပ် လည်း စိတ်သဘောထား ကျဉ်းမြောင်းတဲ့ လူ ဆိုပြီး အထင် မခံနိုင်ပေဘူး ။

တကယ်တော့ ကျုပ်တို့ အဖြစ်က တင်နီဆင် ကဗျာ ထဲ က လိုပဲ ။ ခင်ဗျား က မော့ဒ် ဆိုတဲ့ လှပတဲ့ မိန်းမချောလေး ။ ကိုဝင်းအောင် က မင်းသားကလေး ၊ ကျုပ် က တော့ အညတြ ပေါ့ လေ ။ ကြည့်လေ မြင်း တစ်ကောင် အစား ကား တစ်စီး ရပ်ထားတယ် မဟုတ်လား ။ ဒါပေမဲ့ ကဗျာ ထဲ က လို “ ပြန် ဦး မင်းသားငယ် ၊ အသင် ဟာ မော့ဒ် ရဲ့ ချစ်သူ မဟုတ်လေသေး ” လို့ တော့ အင်းလျားဆောင် ထဲ က ငှက်ကလေးတွေ က မအော်ကြပါဘူး ။ ကျုပ် လည်း စိတ် ထဲ မှာ စနိုးစနောင့်နဲ့ ပဲ ပြန်လာခဲ့ရတယ် ။

“ မော့ဒ် ရေ ၊ ဥယျာဉ် ထဲ ကို ဆင်းခဲ့ပါတော့ ၊ လင်းနို့မည်းကြီးနဲ့ တူတဲ့ ညဉ့် ဟာ အဝေးကို ပျံပြေးပါပြီ ။ မော့ ဒ်ရေ ဥယျာဉ် ထဲ ကို ဆင်းခဲ့ပါ တော့ ၊ ကိုယ် ဟာ တံခါးဝ မှာ အထီးတည်း ရပ် နေရပါတယ် ။ အရုဏ်ဦး လေပြည် ဟာ တသုန်သုန် တိုက် လာပြီ မို့ ဝုဒ်ဘိုင်ပန်းပွင့်တွေ နဲ့ နှင်းဆီရနံ့တွေ ဟာလည်း တသင်းသင်း ထုံလာကြပြီ ။ မင်း အင်မတန် မြတ်နိုးတဲ့ အလင်းရောင် ပျို့လာ ပြီ ဖြစ်တဲ့ အတွက် မေတ္တာဂြိုဟ်လို့ ခေါ်ကြတဲ့ ကြယ်နီကြီး တောင် ကြာပန်း လို ဝါလဲ့ရည်သွေး ကောင်းကင်မှာ တဖြည်းဖြည်း မှေးမှိန်စ ပြု လာပြီ ။ ဒီကြယ်ကြီး ဟာ မင်း မြတ်နိုးတဲ့ နေမင်း ရဲ့ အောက် မှာ ပျောက်ကွယ်ပျက်ပြုန်း သွားတော့မယ် ။ လာပါတော့ အချစ် ကလေးရယ် ၊ ဥယျာဉ် ထဲ ကို ဆင်းခဲ့ပါတော့ ”

မှတ်မိသေးလား မခင်ဝေ ၊ ဝိဇ္ဇာအောက်တန်း ကို ကျုပ်တို့ ဖြေကြပြီး လို့ ကျုပ် တော ကို ပြန် သွားတယ် ။ ကျုပ် က ခင်ဗျား ဆီ စာတွေ အစောင် စောင် ထည့်ပေမဲ့ စာကလေး တစ်စောင် တောင် ပြန်မလာတော့ဘူး ။ ဒါ နဲ့ ကျောင်း ပြန်ဖွင့်လို့ ကျုပ် ကျောင်း ပြန်လာတယ် ။ ဒါပေမဲ့ ကျောင်းသား တစ်ယောက် အနေနဲ့ ပြန်လာတာ မဟုတ်တော့ဘူး ၊ ကျုပ် မိဘများ အင်မတန် ဆင်းရဲကြရှာတယ် ။ သူတို့ သား ကို ကျောင်းတော်ကြီး မှာ ထား ချင်ကြရှာပေမဲ့ မထားနိုင်တော့ဘူး ၊ ဒါနဲ့ ကျုပ် လည်း သူငယ်ချင်း တစ်ယောက် ရဲ့ အခန်း မှာ ခိုနားပြီး အလုပ် ထွ က်ရှာရတယ် ။ ကျုပ် လို ဒီဂရီ မရ သေးတဲ့ လူ တစ်ယောက် ၊ ကျုပ် လို အကပ်အရပ် မရှိတဲ့ မျက်နှာမွဲ တစ်ယောက် အဖို့ အလုပ် ရှာ ရတာဟာ အင်မတန် ခက်ပါတယ် မခင်ဝေ ။

ကျောင်းဖွင့်စ တစ်ည မှာ ခင်ဗျားရဲ့  မွေးနေ့ ပါတီ လုပ်တယ် ။ မခင်ဝေ တို့ ဖေဖေ ဟာ အရေးပိုင်ဘဝ က ပင်စင် ယူပြီး ကုက္ကိုင်း က “ စံပယ်မြိုင် ” မှာ နေကြတယ်လေ ။ ခင်ဗျားတို့ အိမ် ဟာ ခမ်းနားပါတယ် မခင်ဝေ ။ ခင်ဗျား ရဲ့ မွေးနေ့ပါတီ ကို လာကြတဲ့ ပရိသတ်တွေ ဟာ လည်း ပိုးဖဲတွေ ၊ စိန်တွေ ၊ မော်တော်ကားတွေ နဲ့ ခမ်းနားကြပါတယ် ။ အဲဒီ ည က ကျုပ် ကို ဖိတ်လို့ ကျုပ် လည်း လာပါတယ် ။ ဒါပေမဲ့ မခင်ဝေ ကျုပ် မဝင်ရဲဘူး ၊ ကျုပ် ဘဝ ကျုပ် တွေးပြီး ရှက်နေ တယ် ။ ရှင်းရှင်း ပြောရရင် အား လည်း ငယ် တယ် ။ ယောက်ျား မပီသဘူးလို့ ဆိုချင် လည်း ဆို ပေါ့လေ ။ ကျုပ် ကိုယ် ကျုပ် ပြန် ကြည့်တော့ ဘန်ကောက်လုံချည် တစ်ပတ်နွမ်းရယ် ၊ ကော်လာ စုတ်ဖွာ နေတဲ့ စတစ်ရှပ် အင်္ကျီရယ် ၊ အရောင် လွင့်နေတဲ့ မလေးပိုးတိုက်ပုံ ကို ဝတ်ထားတယ် ။ ပြီးတော့ ထီး တစ်ချောင်း နဲ့ ပန်းချီကားတွေ ထည့်ထားတဲ့ လွယ်အိတ်ကြီး ကလည်း ပါနေသေးတယ် ။ အလုပ် က ရုတ်တရက် ရှာမရ တော့ ကျုပ် ဝါသနာ ပါတဲ့ ပန်းချီ ကို ပဲ ဆွဲပြီး မဂ္ဂဇင်းတိုက်တွေ ကို ပို့တယ်လေ ။ အဲဒီ နေ့ ကလည်း မဂ္ဂဇင်းတိုက်တွေ က ပယ်လိုက်တဲ့ ပန်းချီကားတွေ ကို ထည့်ပြီး ပြန်လာရင်း ဝင်တာပဲ ။ ကျုပ် လည်း ကျုပ် ကိုယ် ကျုပ် ကြည့်ပြီး ဝင်လို့ မှ ကောင်းပါ့မလား လို့ ချီတုံချတုံ ဖြစ်နေမိတယ် ။ ကျုပ် များ ဝင်သွားရင် ဥဒေါင်းတွေ အလယ်မှာ ကျီး ရောက်သလို ခင်ဗျားရဲ့ ဂုဏ်သိက္ခာ ကို များ ထိခိုက်လေမလား လို့ စဉ်းစားမိတယ် ။ နောက်ဆုံးကျ မှ မထူးပါဘူးလေ ၊ သူ က ဖိတ်လို့ လာတာပဲ လို့ အားတင်းပြီး ခြံ ထဲ ကို ဝင်ခဲ့တယ် ။ ခြံဝ ရောက်တော့ ဒရဝမ် က ကျုပ် ကို သင်ကာမကင်း ကြည့်ပြီး နှင်ထုတ်တ ယ် မခင်ဝေ ရေ ၊ နှင်ထုတ်တယ် ။ အဲဒီတုန်း က ကျုပ် ရှက် လည်း ရှက်ပါရဲ့ ၊ တကယ်ပါပဲ ။ ဪ ငါ့ ဘဝ ဟာ ဒီ အထိအောင် ရောက်နေပြီ ကိုးလို့ လည်း တွေးပြီး ဝမ်းနည်းမိတယ် ။

ဒရဝမ် က မဝင်ရပေမဲ့ ကျုပ် မပြန်ပါဘူး ၊ ခြံ ဝ ခပ်လှမ်းလှမ်း က ထိုင်ပြီး ခင်ဗျား မွေးနေ့ မှာ ပျော်ကြရွှင်ကြတဲ့ ပရိသတ်တွေ ကို ငေးကြည့် နေမိတယ် ။

“နှင်းဆီပွင့်တွေ ဟာ ပလွေသံ ၊ တယောသံ ၊ မိကျောင်းသံတွေ ကို တစ်ညလုံး ကြား နေကြတယ် ၊ စံပယ်ပွင့်တွေ ဟာ တေးသံ အလိုက် ကခုန်နေကြတဲ့ သူတွေ ကို အားကျပြီး ယိမ်းနွဲ့ လှုပ်ရှား နေကြတယ် ။ လဝန်း ဟာ အနောက်ဘက် မှာ ဝင်သွား ပြီး ငှက်ကလေး တွေ အိပ်တန်း က ထကြတော့ မှ ကသူတွေ အက ရပ်တာနဲ့ အတူ နှင်းဆီပွင့်လေးတွေ နဲ့ စံပယ်ပွင့်တွေ ဟာ အက ရပ်ကြတော့တယ် ။ မော့ဒ် ဟာ ကိုယ် တစ်ယောက် က လွဲပြီး ဘယ်သူ နဲ့ မှ ကချင် မှာ မဟုတ်ဘူး ကွာ ၊ တကယ်တော့ မော့ဒ် ဟာ က ရ လွန်းလို့ ပင်ပန်းလှပါပြီ ၊ ဒီ ဧည့်သည် တွေ ဟာ ဘယ်တော့များ မှ ပြန်ကြမှာ လဲ လို့ ကိုယ် က ကြာပန်းကလေး ကို မေးမိတယ် ။ ပြောရင်းဆိုရင်း လဝန်း ရဲ့ တစ်ဝက်ခြမ်း ဟာ လျှောကျ သွားပြီး နေ့ ရဲ့ အလင်းရောင် တစ်ဝက် လည်း ပေါ်လာ ပြီး မြင်းရထားဘီးသံတွေ ဟာ ကျောက်စရစ်ခဲလုံးကလေးတွေ ပေါ် မှာ မြည်ဟီးပြီး အဝေးကို လွင့်သွားကြပြီ ”

တကယ်ပဲ မခင်ဝေ ၊ ကျုပ် ဟာ ခြံဝ ခပ်လှမ်းလှမ်း က မီးကင်းတဲကလေး ပေါ်မှာ ခိုလှဲပြီး ခင်ဗျားတို့ အိမ်ကြီး ဘက် ကို လှမ်း ကြည့်မိတယ် ။ ခင်ဗျားတို့ “ စံပယ်မြိုင် ” ဆီ က အနောက်တိုင်း တေးသံ ၊ အင်္ဂလိပ်သီချင်းသံ ၊ လက်ခုပ်သံတွေ ကို ကြားနေရတယ် ။ “ စံပယ်မြိုင် ” ခြံဝ စည်းရိုး မှာ ပေါက်နေ တဲ့ ပုဏ္ဍရိက်ပွင့်တွေ ၊ ဖော်ဂက်မီနော့ ပန်းပွင့်ကလေး တွေ ၊ ဇီဇဝါပွင့်တွေ ဟာ လည်း အသက်ရှိမယ် ဆိုရင် ကျုပ်လို ကြားရမှာ ပဲ ။ ဒါပေမဲ့ ကဗျာ ထဲ ကလို တော့ ကျုပ် ပန်းပွင့်ကလေးတွေ ကို မေး မကြည့်မိပါဘူး ။ ကျုပ် ကို ကျုပ် လည်း ပြန်လှန်စစ်ဆေးပြီး မေးခွန်းထုတ်မိတယ် ။ ကျုပ် ဟာ အညတရ ၊ မအောင်မြင်သေးတဲ့ ပန်းချီဆရာ တစ်ယောက် ၊ အောင်မြင် လာရင်လည်း ကြေးစား ပန်းချီဆရာ တစ်ယောက် ၊ ခင်ဗျား က ဂုဏ်ပကာသနတွေ အလယ် မှာ ကျက်စားတဲ့ မိန်းမချော တစ်ဦး ။ ဒီလို ဟိမဝန္တာ နဲ့ သဲပွင့် လို ကွာခြား တဲ့ သူ နှစ်ဦး ရဲ့ ဘဝ ကို ပန်းပွင့်လေးတွေ ဆီ မှာ သွားပြီး ဗေဒင် မေးစရာမလိုပါဘူး မခင်ဝေ ။ အဲဒီ ည က ခင်ဗျားတို့ အိမ်ကြီး ထဲ မှာ က,လိုက် ခုန်လိုက် ကြတာ အသံ မစဲတော့ဘူး ။ ဒါနဲ့ ကျုပ် ခြံဝ က ကင်းတဲကလေး ပေါ်မှာ လှဲရင်း နေ လိုက်တာ မနက် မိုးထိန်ထိန် လင်းတော့မှ ခင်ဗျားတို့ ခြံ ထဲ က တေးသံတွေဟာ ဆိတ်သွား တော့တယ် ။ ခြံ ထဲ က ကားတွေ ထွက်သွားသံ ကို လည်း ကြားလိုက်မိတယ် ။ တချို့ ကားတွေ ပေါ်မှာ မိန်းမချောကလေး တွေ ဟာ နှုတ်ခမ်းနီ တွေ ပြယ်လို့ ၊ ခေါင်း မှာ ပန် လာတဲ့ ပန်းတွေ က လည်း ကြေလို့  ။ ဆံပင်တွေ က လည်း ပြေလို့  ၊ ကျုပ် ကတော့ ဘယ်လိုမှ မတွေး လိုက်မိပါဘူး ။ ခင်ဗျား အတွက်ပဲ တွေးပြီး ပူမိတယ် ။

“ နှင်းဆီပွင့်ကလေး ကို ကိုယ် မေးမိတယ် ။ ( တိုတောင်း တဲ့ ညဉ့် ဟာဖြင့် ရွှင်မြူးသံရယ်မောသံ နဲ့ ဝိုင်အရက်တွေ ရဲ့ ကြားမှာ ကုန်ဆုံး သွားပြီး ဒီ သက်ပြင်းချသံတွေ ဟာ ဘာတွေလဲ နှင်းဆီပွင့် ရယ် ၊ မင်း အတွက်တော့ ဟုတ်မယ် မထင်ပါဘူး ၊ ကိုယ့် အတွက်ပဲ လို့ ထင်ပါ တယ် ) လို့ ပြောမိတယ် ။ တစ်ပြိုင်နက်တည်း မှာ ကိုယ် ဟာ ကိုယ့် ကိုယ် ကိုယ် နှင်းဆီပွင့်ကလေး လို့ ထင်လာမိတယ် ။ ခန်းမကြီး ထဲ မှာ တေးသံ ဆိတ်သွားပြီ ။ ကိုယ် ဟာ ဥယျာဉ် ထဲ က ကြာကန်ဘေး မှာ ရပ်နေတယ် ၊ ကြာကန်ထဲ ရေလှိုင်းသံကလေးတွေ ကို ကြားရတယ် ၊ ကြာကန် ထဲ က စမ်းချောင်းကလေး ဟာ မြက်တော ကို ဖြတ်ပြီး ကိုယ် တို့ အင်မတန် မြတ်နိုး တဲ့ တောခင်တန်းကလေး ဘက် ကို စီးဆင်း သွားတယ် ။ မော့ဒ် ရေ မြက်တော ကို မင်း ဖြတ် လျှောက်လာတာ ဟာ အင်မတန် လှပတာပဲ ။ မတ်လ ရဲ့ လေပြည်ကလေး ဟာ သက်ပြင်းရှိုက် သလို ညင်းညင်းညံ့ညံ့ တိုက်ခတ်လာတဲ့ အခါများ ဆိုရင် မြက်တော ပေါ်မှာ မင်း နင်းခဲ့တဲ့ ခြေ ရာကလေးတွေ ဟာ ဘွားခနဲ ပေါ်လာကြတယ် ။ မင်း ရဲ့ မျက်လုံးတွေ နဲ့ တူ တဲ့ ခရမ်းပွင့်တွေ က မင်း ခြေရာ ဘေး မှာ ပေါက်နေကြ တော့ မင်း ခြေရာ ဟာ စိန်ရွှေတွေ စီချထား သလိုပဲ ။ ခရမ်းပွင့် ညိုပြာကလေးတွေ စီချထားတဲ့ မင်း ခြေရာကလေးတွေ ဟာ ဟိုအဝေး က စိမ်းရင့်ရင့် တောခင်တန်းကလေး အထိပဲ ။ ဒီတော့ ခင်တန်းလေး ရဲ့ ဟိုဘက် မှာ မင်း နဲ့ ကိုယ့် ရဲ့ နိဗ္ဗာနိဘုံ ဖြစ်တဲ့ တောင်ခြေ လျှိုကြား တွေ ရှိတယ် မဟုတ်လား ”

မခင်ဝေ ရေ ၊ အင်းလျားကန်စပ် က ပန်းပွင့်ဝါဝါကလေးတွေ သာ စကား ပြောတတ် ရင် ဒီလိုပဲ ပြောလိမ့်မယ် ထင်တယ် ။ ဒီ ကဗျာကလေး ကို ဆရာထင်အောင် က သင်ပြပြီးတဲ့ ညနေ က ခင်ဗျား နဲ့ ကျုပ် အင်းလျားကန် ဘက် လမ်းလျှောက် ထွက် ကြတော့ ကျုပ် က ပဲ “ ဝေရေ ၊ ဝေ ရဲ့ ခြေရာ ကလေးတွေ ဘေး မှာ ပန်းပွင့်ဝါကလေးတွေ ပေါက်နေကြတာ ၊ ဒီ ပန်းပွင့်က လေးတွေ ဟာ တော်တော် မျက်နှာ လိုက်တဲ့ ဟာ ကလေးတွေ ၊ လှတဲ့ လူ ရဲ့ ခြေရာ ကို ထပ်ပြီး လှ အောင် သူတို့ မို့လို့ လုပ်တတ်ကြပလေ ”  လို့ တောင် ကျုပ် က ရယ်စရာ ပြောခဲ့သေးတယ် ။ အမှန်ကတော့ ရယ်စရာ မဟုတ်ပါ ဘူးလေ ၊ တကယ် ပြောတာပါ ။ ရူးတုန်း စိတ်ကူးယဉ် လို့ ကောင်းတုန်း အရွယ်ကိုး ။ အင်းလျားကန် ဘေး ရောက်တော့ ကျုပ်တို့ နှစ်ယောက် လူရှင်း တဲ့
ဘုတ်ကလပ် ဘက် ကို လျှောက်လာခဲ့ကြတယ် ။ အဲဒီတုန်း က ခင်ဗျား က ကျုပ် ကို စာမေးပွဲ အောင်အောင် ကြိုးစားပြီး ပညာတော်သင် လျှောက်ဖို့ တိုက်တွန်းခဲ့တယ် ။ ဒါပေမဲ့ ကျုပ် က လက်မခံခဲ့ဘူး ။ ဒီလိုနဲ့ ခင်ဗျား နဲ့ ကျုပ် ရဲ့ ဇာတ်လမ်း ဟာ စခန်းသိမ်းပြီး ကိုဝင်းအောင် နောက် ကို ကောက်ကောက်ပါအောင် လိုက်ခဲ့တယ် ။ ဇာတ်လမ်း ကတော့ အင်မတန် ရိုးပါတယ် မခင်ဝေ ။

“ မြင့်ကျိုင်းတဲ့ အာကေရှာပင် ဟာ ငြိမ်နေတယ် ၊ ခါတိုင်း လို့ နို့နှစ်ရောင်ပန်းပွင့်ရှည်မျောမျောကလေးတွေကို ခြေ မချ တော့ဘူး ။ ရေစပ် မှာ ပေါက်နေတဲ့ ပန်းပင် တစ်ပင် က ပန်းပွင့်ကလေး တစ်ပွင့် ကတော့ ရေ ထဲ ကို ကြွေကျသွားတယ် ။ မြတ်လေးပွင့်တွေ ဟာ မြက်တော ပေါ်မှာ အိပ်ငိုက် နေသလို ငြိမ်သက် နေကြတယ် ။ ဒါပေမဲ့ မော့ဒ် ရေ ၊ မင်းတို့ ခြံဝ က နှင်းဆီပွင့်ကလေး ဟာ ဖြင့် တစ်ညလုံး မအိပ် ဘဲ စောင့်နေလေရဲ့  ၊ နှင်းဆီပွင့်ကလေး က မင်း ကိုယ့် ကို ပေးထားတဲ့ ကတိတွေ ကို သိထားပေသကိုး ။ ခြံဝ က နှင်းဆီပွင့်ကလေးတွေ နဲ့ ပန်းကလေးတွေ ဟာ တစ်ညလုံး မအိပ်ကြပါဘူးကွယ် ။ သူတို့ ဟာ အရုဏ်ဦး နဲ့ မင်း ကို သက်ပြင်းတချချနဲ့ စောင့်နေကြရှာတယ် ”

ဟုတ်တယ် မခင်ဝေ ။ ဒီ ကဗျာကလေး ကို မမှတ်မိတော့ဘူးလား ။ အေးလေ ၊ ကဗျာကလေး ကို ခင်ဗျား မမှတ်မိချင် နေပါစေတော့ ၊ ကျုပ် ကို တော့ မှတ်မိကောင်း မှတ်မိပါလိမ့်ဦးမယ် ထင်ပါတယ် ။ ကဗျာ ထဲ က လို ခင်ဗျားတို့ ခြံဝ က ပန်းကလေးတွေ က မမျှော်ပေမဲ့ ကျုပ် မျှော်မိတယ် ။ ခင်ဗျား ဟာ မနက် ဆိုရင် အင်းလျားကန်ပေါင်ရိုး မှာ ထ လမ်းလျှောက် လေ့ရှိတယ် မဟုတ်လား ။ ကျောင်း တုန်းက ဆိုရင် မနက်စောစော ကျောင်း တံခါး ဖွင့်တာနဲ့ တစ်ပြိုင်နက် ကျုပ် နဲ့ ခင်ဗျား ဟာ လမ်းလျှောက် ခဲ့ကြတယ် ။ ဒါကြောင့် မို့ ခုလည်း ခင်ဗျား လမ်းလျှောက် လေမလားလို့ မျှော်ခဲ့တယ် ၊ ခင်ဗျား ထွက်လာရင် တော့ ခင်ဗျား ရဲ့ မွေးနေ့ပါတီ ကို ကျုပ် လာတဲ့ အကြောင်း ဝင်ခွင့်မရလို့ မဝင်ရတဲ့ အကြောင်း ကို ပြောပြချင်ပါရဲ့ ၊ ဒါပေမဲ့ ခင်ဗျား မပေါ်လာ ခဲ့ဘူး ။

“ မော့ဒ် ရေ မင်း ရဲ့ ပတ်ဝန်းကျင် မှာ ရှိတဲ့ မိန်းမချောကလေး တွေ ဟာ နှင်းဆီငုံ အဖူးကလေးတွေ နဲ့ တူတယ် ၊ မင်း ဟာ အဲဒီ နှင်းဆီငုံဥယျာဉ် ရဲ့ အလယ်မှာ နှင်းဆီဧကရီ ပဲ ။ လာပါတော့ မော့ဒ်ရယ် ။ လာခဲ့ပါတော့ ကပွဲတွေ လည်း ပြီးသွားပြီ မဟုတ်လား ။ ပိုးဖဲရောင် တထိန်ထိန် ပုလဲရောင် တလက်လက် နဲ့ ဆိုရင် မင်း ဟာ နှင်းဆီ နဲ့ နှင်းပန်းတွေ ရဲ့ ဧကရီ ပါပဲ ၊ ဆံခွေ ဆံနွယ် ကလေးတွေ သရဖူ ဆောင်းထားတဲ့ မင်း ခေါင်းကလေး ကို ငဲ့စောင်းပြီး ထွန်းလင်းပြ လိုက်စမ်းပါ မော့ဒ် ရယ် ။ ဒီ ပန်းပွင့်ကလေး တွေ အပေါ် မှာ မင်း ဟာ နေမင်းကြီး လို လာပြီး ထွန်းလင်း ပြလိုက်စမ်းပါ ”

“ တံခါးဝ က ကရမက် ပန်းပွင့်ကလေးတွေ ဟာ မျက်ရည် လည်ရွဲ နဲ့ ငိုကုန်ကြပြီ ။ ဟော မော့ဒ် ။ လာပြီ ။ ကိုယ့် အချစ် ကိုယ့် အသက် ကိုယ့် ဘဝရှင်ကလေး လာပြီ ၊ နှင်းဆီနီ က တော့ ( လာနေပြီ ။ သူ လာနေပြီ ) လို့ အော်ရှာတယ် ။ နှင်းဆီဖြူ က တော့ ( အလာ နှောင်းပြီ ) လို့ ဆိုပြီး ငိုကြွေးတယ် ။ ဇီဇဝါ က ( အေးအေး ဟုတ်တယ် သူ ပြောသံကို ငါ လည်း ကြားတယ် ) လို့ ပြော တယ် ။ နှင်းပန်း က တော့ ( ငါ စောင့်နေပါတယ် ကွယ် ) လို့ ညည်း တယ် ၊ တကယ်ပဲ မော့ ဒ်ရေ မင်း လာနေပြီနော် ။ ငါ့ အသက်ကလေး ၊ မင်း လာပြီနော် ။ မင်း ခြေသံ ဟာ တိုးတိတ်ညင်သာ လှပါကလား အချစ်ရယ် ။ ကိုယ့် အသည်းနှလုံး ဟာ ဝသုန် မြေကြီး ဖြစ်ခဲ့ရင် မင်း ခြေသံ ဟာ ဘယ်လောက် တိုးတိတ်ညင်သာ ပေမဲ့ ကြားရပြီး ကိုယ့် အသည်းနှလုံး ဟာ ခုန် နေမှာ ပါပဲ ။ မော့ဒ် ရယ် ၊ ကိုယ် ဟာ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ က သေ ခဲ့ရင် လည်း မြေမှုန် ဖြစ် နေတဲ့ ကိုယ့် အသည်းနှလုံး က မင်း ခြေသံ တွေ ကို ကြားမှာ ပါပဲ ။ ကိုယ့် အသည်းနှလုံး ဟာ မြေအပြင် က ပန်းပွင့်ညိုညို နီနီကလေးတွေ ဖြစ်ရင် လည်း မင်း ခြေသံ ကို ကြားရမှာ ပါပဲ ”

မခင်ဝေ ဒီ ကဗျာ ကို ခင်ဗျား မှတ်မိသေးလား ကျုပ်တို့ ဝိဇ္ဇာ အောက်တန်း တုန်းက သင်ခဲ့ရတဲ့ ကဗျာလေ ၊ ကဗျာ ထဲ မှာ မော့ဒ် တံခါးဝ က စောင့်နေတဲ့ ချစ်သူအကြောင်း ကို ဖွဲ့ထားတယ် ၊ မော့ဒ် ဟာ သူ့ ချစ်သူ ဆီ ကို တော့ လာပါရဲ့ ။ ဒါပေမဲ့ အလာ နှောင်းပြီလို့ နှင်းပန်းကလေး က ပြောလိုက်တယ် မဟုတ်လား ။ ဟုတ်တယ် မခင်ဝေ ၊ ကဗျာ ထဲ က ချစ်သူ ဟာ မော့ဒ် လာတဲ့ အ ချိန် မှာ မရှိရှာတော့ဘူး ။ သူ့ ရဲ့ အသည်းနှလုံး က အခုန် ရပ်ပြီ ။

ကျုပ် အဖို့ ကတော့ ဒီလို မဟုတ်ပါဘူး မခင်ဝေ ၊ မနက် လမ်းလျှောက် ထွက်မလားလို့ တစောင့်စောင့် နဲ့ သာ နေရတယ် မပေါ်လာတော့ ဘူး ။ မခင်ဝေ တို့ အိမ် က ပန်းပွင့်ကလေးတွေ က လည်း အလာနှောင်းပြီ လို့ မပြောကြပါဘူး ။

အဲဒီနေ့ မွေးနေ့ က ပြန် လာပြီး ကတည်း က ကျုပ် ဘဝဟာ လွင့်လာခဲ့တာပဲ ။ ပြီးတော့ မခင်ဝေ တစ်ယောက် ဦးဝင်းအောင် နဲ့ အိမ်ထောင် ကျသွားပြီ လို့ ကျုပ် ကြား လိုက်ရတယ် ။

•••••   •••••   •••••

( ၄ )

ခုတော့ ကျုပ် ဟာ အောင်မြင်တဲ့ ပန်းချီဆရာ တစ်ယောက် ဖြစ်နေပြီ မခင်ဝေ ။ ဒါပေမဲ့ အနုပညာ နယ်ပယ် မှာ အောင်မြင်ခြင်း ဆိုတာ ဟာ ကုံလုံကြွယ်ဝခြင်းရယ် လို့ အဓိပ္ပာယ် ကောက်လို့ မရပါဘူး ။ ဪ ကျုပ် အကြောင်း ကို ပြောရဦးမယ် ၊ ကျုပ် လည်း ခုတော့ အိမ်ထောင် ရက်သား ကျခဲ့ပါပြီ မခင်ဝေ ၊ ကျုပ် ပုံတူ ရေး ပေးတဲ့ မင်းကြီးကတော် တစ်ယောက် ကို မခင်ဝေ က ( ဒီလူ လည်း ခြေသလုံးအိမ်တိုင် နေဖို့ မကောင်းတော့ပါဘူး ။ အိုးနဲ့ အိမ်နဲ့ အတည်တ ကျနေသင့်ပါပြီ ) လို့ ပြောလိုက်တယ်လို့ ကြားရတယ် ။ ဟုတ် မဟုတ်တော့ မသိဘူး ၊ ကျုပ် အတွက် ဒီလောက် စိုးရိမ်ပေးဖော် ရ တာ ကို ကျေးဇူး တင်လှပါပြီ ။ နောက် မစိုးရိမ် ရတော့ပါဘူး ။ ကျုပ် လည်း သား နဲ့ မယား နဲ့ ဖြစ်နေပါပြီ ။

ကျုပ် မိန်းမ ဟာ မခင်ဝေ နဲ့ အဆင့်အတန်းချင်း အင်မတန် ကွာခြား လှပါတယ် ။ မခင်ဝေ က အရေးပိုင်မင်းကြီး ရဲ့ သမီး ၊ ဝိဇ္ဇာဘွဲ့ရသူ ။ ကျုပ် မိန်းမ က အလုပ်သမား တစ်ယောက် ရဲ့ သမီး ၊ စက်ချုပ်သမ ၊ ပန်းချီဆရာ တစ်ယောက် ရဲ့ အငတ်ငတ် အပြတ်ပြတ် ဇနီးသည် ဘဝ ကို ဘယ် အရေးပိုင် သမီး က သည်းခံနိုင်မလဲ မခင်ဝေ ။ စက်ချုပ်သမ က သာ သည်းခံနိုင်တော့ မပေါ့ ။ ဒါ ဟာ သဘာဝ ကျပါတယ် ။

ခင်ဗျား နဲ့ ဘိုင်စကုတ် မှာ တွေ့ပြီး နောက် ကျောင်း တုန်း က ခင်ဗျား လက်ရေး နဲ့ ကူးပေးခဲ့ တဲ့ ဆရာထင်အောင် လက်ချာ ပေးသွားတဲ့ တင်နီဆင် ရဲ့ ကဗျာ ကို ကျုပ် ဖတ်ကြည့်တယ် မခင်ဝေ ။ ကျုပ် စိတ်ထဲမှာ ဘယ်လို ခံစား ရသလဲ သိလား ။

အရင်တုန်း က တော့ ကျုပ်တို့ ရဲ့ ဇာတ်ကြောင်း ဟာ ဆယ့်နှစ်နှစ် ကျော် လောက် လည်း ရှိခဲ့ပြီ ၊ ပြီးတော့ ခု အရွယ် ဟာ လည်း ဘဝ ရဲ့ ရင့်ကျက် တဲ့ အဆစ်အပိုင်း ဖြစ်တဲ့ နွေဦး အရွယ် ကို ရောက်ပြီ ဆိုပြီး ငါ ဟာ ရင်မခုန် တတ်တော့ဘူး လို့ ကိုယ့် ကိုယ် ကိုယ် အထင် ကြီးခဲ့ မိတယ် ။ ဒါပေမဲ့ ခုတော့ ကျုပ် ငယ်ငယ်တုန်း က လိုပဲ တဒိတ်ဒိတ် ခုန်နေတုန်းပဲ ရှိသေးတယ် မခင်ဝေ ။ ဒီ အရွယ်မှာ ရင်မခုန် တတ်တော့ဘူး လို့ ထင်ကြ ပြောကြတာတွေ က အလကား ပြောတာ ။ ကိုယ့် ကိုယ် ကိုယ် လိမ်နေကြတယ် လို့ ထင်လာတယ် ။

တင်နီဆင် ရဲ့ ကဗျာ ကို ဖတ်ပြီး ကျုပ် နဲ့ ခင်ဗျား ရဲ့ အတိတ်ဇာတ်ကြောင်းတွေ ကို ပြန် တွေးမိတယ် ။ ပြန် တွေးရင်း လည်း ခင်ဗျား နဲ့ ကျုပ် ဘိုင်စကုတ်ရုံ ထဲ မှာ တွေ့ခဲ့တာ ကို ပြန်ပြီး မြင်ယောင်လာတယ် ။ ခင်ဗျား ဟာ ဆယ်နှစ် ကျော် လောက် အတောအတွင်း မှာ တော်တော် ပြောင်းလဲ သွားတယ် မခင်ဝေ ။ ခင်ဗျား ရဲ့ မျက်လုံးတွေ ဟာ ငယ်ငယ်တုန်း က လို ညို့ညို့ ရီပြီး မတောက်ပကြတော့ဘူး ။ ပါးပြင် ဟာလည်း ပုံ့ပုံ့ကလေး မနေတော့ဘူး ။ ကိုယ်ဟန် လည်း သွယ်လျပြီး မိုးမခပင် လို မလှပတော့ဘူး ။ မျက်လုံးတွေ ဟာ အရောင် နည်းနည်း မှိန်လာပြီ ။ မျက်ခုံး က အတုအပ လုပ်ရလွန်း လို့ ပြောင်တလင်းခါ မတတ် ဖြစ်နေပြီ ။ နှုတ်ခမ်း ဟာ ဆေးနီတွေ ဆိုး တဲ့ ကြား ထဲ က ပပ်ကြားအက် တွေ လို ကွဲနေတယ် ။ ပါးပြင် ဟာ အဆီ တွေ ကြောင့် ပြည့်ဖောင်းဖောင်းကြီး ဖြစ်နေတယ် ။ ကိုယ် ဟန်ဟာ အဆီတွေ အစ်လို့ ဝပြီး ဖိုင့်ဖိုင့်ကြီး ဖြစ်နေတယ် ။ အရင်တုန်း က သေးသွယ်တဲ့ လည်တိုင် နဲ့ ဝါဝင်းတဲ့ လည်ကုပ် ဟာ ကြည့်လို့ မကောင်းတော့ဘဲ အဆီတွေ တက် လို့ အရစ်လိုက် အရစ်လိုက် ဖြစ်နေတယ် ။ ငယ်ငယ်တုန်း ကလို ဝါဝင်း တဲ့ လည်ကုပ်ပေါ် မှာ ဆံနွယ် စိမ်းစိမ်းကလေးတွေ ကျနေတာ ကို ကြည့်ချင် လို့ မရတော့ဘူး ။ ဒါပေမဲ့ ခင်ဗျား လက်တွဲ ထား တဲ့ သမီးကလေး ကတော့ ဖူးခါစပန်းငုံကလေး လိုပဲ ၊ အရည်ရွှမ်း နေတဲ့ ပန်းသီးမှည့် နဲ့ လည်း တူတယ် ။ ကျုပ် က တော့ ခင်ဗျား ကို ကော ၊ ကျုပ်တို့ ကြည့်ခဲ့ရတဲ့ ဘိုင်စကုတ် ထဲ က မင်းသမီး ကို ကော ကြည့်ပြီး စဉ်းစားလာတယ် ။ ဒီ မင်းသမီး ဟာ ခင်ဗျား နဲ့ ရွယ်တူ မဟုတ်လား မခင်ဝေ ။ ဟို ဆယ်နှစ်လောက် တုန်း က သူ လည်း ခင်ဗျား လို လှတာပဲ ။ အခုတော့ သူ လည်း ခင်ဗျား လို အလှတွေ ပျက်ကုန်ပြီ ။ အေးလေ နွေဦး ရောက်ကြပြီကိုး ။

ခင်ဗျား နဲ့ တွေ့ပြီး ကျုပ် ပန်းချီကား တစ်ကား ရေး ကြည့်တယ် ။ ပုံ ကတော့ အသက် သုံးဆယ် ကျော် ၊ လေးဆယ် ကြား မိန်းမ တစ်ယောက် ဝဝဖိုင့်ဖိုင့် ၊ ပျဉ်းပျဉ်းတွဲတွဲ ခင်ဗျား ပုံ အတိုင်းပေါ့လေ ။ အဲဒီ မိန်းမ ဟာ ကု,လားထိုင် ပေါ်မှာ ဘေးစောင်း ထိုင် နေတယ် ။ သူ့ ဘေး က စားပွဲ ပေါ် မှာ ရွှမ်းမှည့်နေတဲ့ ပန်းသီး တစ်ပန်းကန် နဲ့ ထွားထွားဝေဝေ ဖူးပွင့် နေတဲ့ နှင်းဆီ တစ်ခိုင် ။ မိန်းမပုံ က ခင်ဗျား ကိုယ်စားပဲ ။ ပန်းသီး နဲ့ နှင်းဆီခိုင် က ခင်ဗျား သမီးလေး ကိုယ်စားပဲ ။ ကျုပ် ပြချင်တာက ရင့်ရော်ခြင်း နှင့် နုပျိုခြင်း ကို ပြချင်တာပဲ ။ ပေါ် မပေါ်တော့ မသိဘူး  ။ ရင့်ရော်ခြင်း ဟာ ခင်ဗျား ။ နုပျိုခြင်း က သမီးလေး ပဲ ။ အဲဒီ ပုံ ကို ကျုပ် က  “ မိန်ရာသီ ခါတော်ဦး ”  လို့ အမည်ပေးထား တယ် ။ နွေဦး ရောက်လို့ ရင့်ရော် လာပြီ ဆိုတဲ့ သဘောပေါ့လေ ။ ကျုပ် သူငယ်ချင်း ပန်းချီဆရာ နန်းဝေ က တော့ ဒီ ပုံ ကို ( Mrs.Summer ) “ နွေရာသီ ကတော် ” ဆိုပြီး အမည် ပေးတယ် ။

မကြာသေးမီ က တက္ကသိုလ် မှာ ကျုပ် ရဲ့ ပန်းချီကားတွေ ကို တစ်ကိုယ်တော်ပြပွဲ လုပ်တယ် ။ ဒီ ကား ကို တချို့က နားမလည်ကြဘူး ။ မိန်ရာသီ ခါတော်ဦး သို့မဟုတ် “ နွေရာသီကတော် ” ဆိုတာ ဘာလဲတဲ့ မေးကြတယ် ။ ဒီကားဟာ “ စပရိန်ရာသီ ” ဆိုတဲ့ ခင်ဗျား ကံ့ကော်ပန်း ကောက်နေပုံ လို တော့ မလှတော့ဘူး ။ အခု ဒီ ကား ကို ခင်ဗျား မွေးနေ့ အတွက် လက်ဆောင် ပို့လိုက်ပါယ် ။

ကျုပ်တို့ ဟာ ကျုပ်တို့ ဘဝ ရဲ့ နွေဦး ကို ရောက်ကြပြီ မခင်ဝေ ။ ဒါပေမဲ့ ရင် တဒိတ်ဒိတ် ခုန်တုန်းပါပဲ ။

▢ မြသန်းတင့်

📖 ရှုမဝ မဂ္ဂဇင်း
      မတ် ၊ ၁၉၆၁

No comments:

Post a Comment