Saturday, January 4, 2025

မန်နေကျ နှင့် မန်နေဂျာ နှင့် ကျွန်တော် နှင့်



 ❝ မန်နေကျ နှင့် မန်နေဂျာ နှင့် ကျွန်တော် နှင့် ❞ 


“ မင်း ငါ ”


“ ပြောလဲ ၊ အမှတ် မထားဘူး ” 


“ ည ကျရင်ဖြင့် ဗီဒီယို ကြည့်ရတာ နဲ့ ၊ ဘောလုံးပွဲ ကြည့်ရတာ နဲ့ ၊ ဂိမ်း ကစားရတာ နဲ့ ၊ ခု ကြည့်စမ်း ဘယ်အချိန် ရှိနေပြီလဲ ”


“ လှဲဟ မြန်မြန် ၊ ဟို စားပွဲ အောက် က ပလတ်စတစ်တွေ ၊ မင်း မျက်စိ ခက်ပါတယ်ကွာ ”


၂၀၁၄ ခုနှစ် ဩဂုတ်လ ၁ ရက် နံနက် စောစော ဆေးသောက်ရမည် ဖြစ်၍ ကော်ဖီ အကောင်းစား တစ်ခွက် ၊ မုန့် အကောင်းစားကလေး တစ်ခုခု စားမည် ဟု ဆိုင် ထဲ ဝင်မည် ပြုစဉ် ဆိုင်မန်နေဂျာ က စားပွဲထိုး ကောင်လေး ကို မာန်မဲကြိမ်းမောင်း နေသည် တွေ့လိုက်ရ သောအခါ ... ။


ကဲကွာ ခပ်ညံ့ညံ့ ဆိုင် ကို သွားပါတော့ ။


မိမိ ကိုယ် ကို အမိန့် ပေး၍ ပစ္စည်း က အတန်ငယ် ညံ့ သော်လည်း မလှမ်းမကမ်း မှ ဆက်ဆံရေး ကောင်းသော ဆိုင် သို့ လှမ်းခဲ့ရလေ၏ ။


ဝမ်းခေါင်း ထဲ ရောက် ပြီးရောပေါ့လဟယ် ။


ထိုးသိပ်၍ ဆေးတောင့်များ ကို ရေနွေး နှင့် မျှောချ လိုက်ရလေ၏ ။ 


ပထမဆိုင် ကား ထိုကဲ့သို့ မန်နေဂျာ နှင့် အလုပ်သမား ပြဿနာ တက်နေသည် ကို အကြိမ် များစွာ တွေ့မြင်ရလေ၏ ။ 


မန်နေကျ ဆိုင် ။


“ ဟေ့ ဟေ့ မင်းတို့ ဆူချင် ငေါက်ချင် ရင် ဒီမှာ လာ စားနေတဲ့ သူတွေ ( ကပ်စတန်မာတွေ ) ရှေ့မှာ တော့ မဆူကြ မငေါက်ကြနဲ့ ကွာ ၊ နားအေးအေး ပဲ စားချင်တယ် ” 


သို့ကလို မန်နေဂျာ ကို တိုးတိုးတိတ်တိတ် ခေါ်၍ သတိပေး လိုက် သောအခါ ဆူသံ တိတ်သွားသည့် ခေါက်ဆွဲဆိုင်မျိုး လည်း ရှိပါ၏ ။ 


မောင်ချမ်းသာ သြဇာ ညောင်းသည့် ဆိုင်ကလေး ဆိုပါတော့ ။ 


ဧည့်ကောင်းဧည့်မှန် လာ လျှင် ထို ဆိုင်ကလေး သို့ ခေါ်သွား ဧည့်ခံရ၏ ။


ဆိုင်ရှင် မန်နေဂျာ ကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက် ။ 


မီး ကို ရေ နှင့် လောင်းချလိုက်ရ သလိုပဲဗျာ့ ။


သူ လည်း မန်နေကျ ဆိုင် ပါပဲ ။ ဒါပေမဲ့ မောင်ချမ်းသာ ရှေ့ မှာ တော့ တုပ်တုပ်မျှ မလှုပ် ၊ ကျောက်ရုပ် ။


•••••   •••••   •••••


“ ဟေ့ မိဂွက် ”


“ သိတယ် ဘဘ ၊ မော့ မစ်ခ် တစ်ထုပ် ၊ အင်ပီးရီးယဲလယ်သာ ၊ ကိုးလ်ဂိတ်ကြီး ဒါပဲလား ” 


“ တိုက်ဂါးပုလင်းဘီယာ တစ်ဖာ ပါ ထည့်လိုက်ဟေ့ ”


ဒါက ကုန်စုံဆိုင်ကြီး တစ်ခု မှ အရောင်းစာရေးမ မိဂွက် ပါ ။


ချက် ဆို နားခွက် က မီး ထတောက် ။


“ ညည်း ဆရာ ဘယ်မှာလဲ ” 


“ မမလေး အထဲ မှာ ” 


ကျွန်တော် ဝင်သွား ။


“ အန်ကယ် ပြော ” 


ကျွန်တော် ညာဘက် လက်ညှိုး လက်မ ဝိုင်းပြ ။ 


“ ဘယ်လောက်လဲ ” 


လက်ငါးချောင်း ထောင်ပြ ။ 


စာရင်းစာရွက် မှာ ရေး ။


“ အတိုး က ”


“ စန့်တွန့် ”


“ ဟင် အခု မရတော့ဘူး ။ စီတွန့် ဖြစ်သွားပြီ ”


“ ညည်း အပါး ( အဖေ ) ကို ပြော ပြီးသား ၊ မယုံ မေးကြည့် ”


“ အင် အဲလိုဆိုလဲ ပြီးရော ”


“ မိဂွက် ကို ဘယ်လို ပေးရ ၊ နေ့စားလား လစားလား ”


“ ကြည့် ပေးရတာပေါ့ ၊ သူ စာမေးပွဲ ဖြေနိုင်အောင် ၊ ( မိဂွက် က အဝေးသင် ဖြေနေသူ ) ၊ ညစာ အိမ် မှာ စား ၊ တစ်လ ဂျဘန်တွန့် ( တစ် သောင်းကျပ် ) ”


အဖေ့ အောက် မှာ သမီး က မန်နေဂျာ ၊ မန်နေဂျာ အောက် မှာ မိဂွက် ၊ ပျာကလပ်စိန် ၊ မောင်မဲ ။


“ ဟယ် ညည်း ကိုယ်တိုင် စားပွဲထိုး နေသလား ၊ ဟို တပည့်တွေ ဖိုးပြုံးချို တို့ ဘယ်သွား ”


“ အလုပ် နည်းနည်း ပါးတဲ့ ရက်ကလေး မို့ လို့ သူတို့ ကို ဘုရားဖူး ထည့် လိုက်တယ် ” 


“ စရိတ် ဘယ်သူ ခံ ”


“ ကျွန်မတို့ က ပေးတာပေါ့ ”


•••••   •••••   •••••


“ ဟေ တရုတ်မကြီးလားဟ ” 


“ ဟုတ်ကဲ့ အန်ကယ်ချမ်း ၊ ဆား ပြတ် နေပြီလား ၊ အချိန် အစိတ် အိတ် ၅၀ ၊ ထော်လာဂျီ တစ်စီးစာ ခု ညနေ ပို့လိုက်မယ် ” 


“ ဆားနု ဟုတ်ပြီ သိ ” 


ဝယ်သူ ၏ အထာ ကို သိသော ဤကဲ့သို့ မန်နေဂျာများ လည်း ရှိလေ၏ ။


ကျွန်တော် အသက် ယနေ့ ၆ဝ ကျော် ။


မန်နေကျများ နှင့် မန်နေဂျာများ နှင့် ကျွန်တော် မောင်ချမ်းသာ ။


◾မောင်ချမ်းသာ

📚 ကုမုဒြာ ဂျာနယ်

      ၂၇ ဩဂုတ်လ ၊ ၂၀၀၄

No comments:

Post a Comment