❝ ခရေဖူး အမည်ရှိ မိန်းကလေး အပေါ် ချစ်သော အကြောင်းများ ရေးဖွဲ့ထားခြင်း ❞
အချစ်ည သည် မောပန်းနွမ်းနယ်စွာ အိပ်ပျော်သွား၏ ။
ခရေဖူး ကို အခြား နာမည် တစ်ခု ပြောင်းလဲ ခေါ်ဝေါ်ချင်သူများ ရှိသည့် တိုင်အောင် မွှေးပျံ့ လတ်ဆတ် ကြည်သာခြင်းများ ရရှိနေ သမျှ ကာလပတ်လုံး အလုပ်မရှိ အလုပ်ရှာ ၍ နာမည် ပေးချင် သူများ နှင့် ကျွန်တော် ပြဿနာ ဖြစ်မည် မဟုတ်ပါ ။ မွှေးပါ ပျံ့ပါစေ ။ လတ်ပါ ဆတ်ပါစေ ။ ကြည်ပါ သာပါစေ ။ လယ်တော က ပြန် ပန်ချင်တယ် ၊ ခရေဖူး ဆိုလို့ မောင် ခူးကာပေး ... ကဗျာစ ရင်ထဲ မှာ အခုထိ ရှိနေသည် ။ ခရေဖူး ၊ ချစ်လှစွာသော မခရေဖူး ၊ ရှားရှားပါးပါး ဆန်းပြားသော အလှ ရှိသည် ဖြစ်၍ မခရေဖူး ကို နာမည် နှင့် တကွ ကျွန်တော် ချစ်ပါသည် ။ သောက်ရေအိုးစင် ကြား မှာ ရေစိုပိတ်ပါး ဖြင့် ထုပ်ထားသော ခရေဖူးများ သည် နေစကြာဝဠာ ပြင်ပတိုင် မွှေးပျံ့နေ၏ ။ လာမရှုပ်နှင့် ၊ နည်းနည်းကလေး သိသည် ကို အများကြီး သိသည် ထင်၍ စကားတွေ သိပ် မများ နှင့် ။ ဩဇာ သိပ် မပေးနှင့် ၊ ဆရာ သိပ် မလုပ်နှင့် ။ ဒီနေရာ မှာ ခရေဖူး ၊ နောက်တစ်ခါ ထပ်၍ ဆေးဆိုးရန် လက်သည်းလှလှလေး တွေ ပေါ်မှာ လက်ကျန် ဆေးစများ ကို ချွတ်ဆေး ဖြင့် ပွတ်တိုက်ဖျက်ပစ် နေသည် ။ မနှောင့်ယှက်ပါနှင့် ။ ပေါက်တတ်ကရ လာလာ မပြောနှင့် ။ မနက်ဖြန် မနက် ကမ္ဘာကြီး ပျက်မည့် အကြောင်း လာ မပြောနှင့် ။ ရေနံတွေ အလျှံအပယ် ဖြစ်နေကြောင်း လည်း လာ မပြောနှင့် ။ ငါးဈေး ၊ ပုစွန်ဈေး ကို လည်း လာ မပြောနှင့် ။ ဂျနီဗာကွန် ဖရင့် အကြောင်းလည်း လာ မပြောနှင့် ။ ရွှေတစ်အောင်စ ပေါက်ဈေး အကြောင်း လည်း လာ မပြောနှင့် ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအကြောင်း လာ မပြောနှင့် ။ ယုတ်စွအဆုံး ကဗျာ အကြောင်း ကို ပင်လျှင် လာ မပြောနှင့် ။ ဒီ နေရာ မှာ ကဗျာ ရှိသည် ၊ ဒီနေရာ မှာ ခရေဖူး လက် သည်း ဆေးဆိုးဖို့ ကြိုးစားနေသည် ။ တော်ရာ လျော်ရာ သွား နေကြ ။
••••• ••••• •••••
မောပန်း ထက် နွမ်းနယ်စွာ အိပ်ပျော်နေသော အချစ် ကောင်းကင်ယံ မှာ အပြာရောင်တိမ်များ တဆတ်ဆတ် တုန်၍ ခုန် နေကြသည် ။ လုံးဝန်းသော အရာဝတ္ထုများ သည် ပတ္တမြားမီးကျည်ခဲ ကဲ့သို့ ရဲစွာ တောက်ပနေ၏ ။ ခမ်းနားသော စင်မြင့် ပေါ်မှာ မုသားများ ကို ပြိုးပြိုးပြက်ပြက် မြင်နေရဆဲ ။ အစစ်အမှန် လား ၊ မာယာ လား ။ စစ်မှန်သော မုသား လား ၊ မာယာဆောင်သော အစစ်အမှန် လား ။ ဝေခွဲပိုင်းခြား ရန် အလို့ ငှာ ဆင်ခြင်တတ်သော အလေ့အကျင့်သည် ကြာပြီ ဖြစ်၍ ပျောက်ပျက်ခဲ့လေ ၏ ။ ကိုယ့် အကြောင်း ပြောသူ များသည် ။ လက် ထဲ မှာ ခေါင်းလောင်းကိုယ်စီ ကိုင်ကာ လှုပ်ယမ်း၍ လာ နေကြသည် ။ လောက သည် ခေါင်းလောင်းသံများ ဖြင့် ညံ နေသည် ။ ချောက်ကမ်းပါး ကို မြေဖို့ သူများ ရှိတတ်ပါတယ် ။ မြေယာပြန့်ပြူးသော မြေတလင်း မှာ ဘယ်သူ လာ ၍ ခြေဆင်း ထိုင်မလဲ ။ ပန်းတွေ ပွင့်ပါစေ ၊ ဝေပါစေ ။ လင်းရိပ် ကို ဖယ်ပါ ။ ရွှေရောင်နေခြည် အစက်အပျောက် တို့ စွန်းထင်းတောက်ပ သော မြက်ခင်းပြင် ပေါ်က အမှိုက်ပုံ ကို တစ်နေရာသို့ ရွှေ့ပစ်ကြရင် မကောင်းပေ ဘူးလား ။ လမ်းပေါ် မှာ အမှိုက်တွေ ရှိတတ်သည် ။ အချိန်မရလျှင် ကျော်ခွ သွားပါ ။ အချိန် ရလျှင် လမ်းဘေးသို့ ကောက်ပစ် ခဲ့ပါ ။ အရေးကြီးဆုံး မှာ လမ်း ဆက်လျှောက်ဖို့ ပဲ ဖြစ်သည် ဟု ထင်ပါသည် ။ ထိုင်နေလို့ တော့ ဘာမှ ဖြစ်မလာဘူး ဟူသော စတီရီယိုသီချင်း မြမြမောင်းမောင်း ပတ်ပျိုး ထက် ကျွန်တော် ပို၍ ကြိုက်သည် ။ ခရေဖူး နှင့် ကျွန်တော် တောင်ပိန္နဲပင် အောက် ကော်ဖီဆိုင် မှာ ထိုင်နေကြသည် ။ ကျွန်တော်တို့ ဘာမှ မဖြစ်ကြပါ ။ သူ့ ကို မတွေ့ရသောအခါ ကျွန်တော် ရှာ၏ ။ ကျွန်တော် ရှိတတ်သော နေရာ သို့ သူ လာ၏ ။ သူ့ ကို ကျွန်တော် စာကူး ပေး၏ ။ ကျွန်တော့် ကို သူ့ လက်ကိုင်ပဝါ သုံးထည် နှင့် ကြောင်ကလေး နှစ်ကောင် အရုပ် ပါသော ပိုစတာ တစ်ချပ် ဂျပ်ဆင် အောက်က ဝယ် လာ၍ ပေး၏ ။ အေးမြစိုစွတ်သော ကော်ရစ်ဒါ တစ်လျှောက် လက်ချင်း တွဲ၍ လျှောက်ကြ၏ ။ ဘွဲ့နှင်းသဘင်ရှေ့ က ညာဘက် ခြင်္သေ့ရုပ် ၏ ခေါင်း ကို ကိုင်၍ ကိုယ်စီ ဆုတောင်းကြ၏ ။ ခရေဖူး ကျွန်တော့် ကို မချစ်ကြောင်း သူ ဖွင့် မပြောပေမယ့် ကျွန်တော် သိနေနှင့်သည် ။ သိနေသော အကြောင်း ကို ပြောသောအခါ သူ အံ့ဩ၏ ။ အံ့ဩခြင်း သည် အတောင်ပံ ပါ၍ ကောင်းကင် ကို ပျံတက် ပြေးသည် ။ မေးရိုးအနည်း ကား၍ အသား ဝါသော ခရေဖူး သည် မြန်မာမအစစ် ဖြစ်သောကြောင့် ကျွန်တော် ပိုပြီး ချစ် ရသည် ။ အစွဲအလမ်း ဆိုသည် မှာ ဒါပဲ ဖြစ်လိမ့်မည် ။ အစွဲအလမ်း ကြီးသူ သည် တစ်နေ့တွင် ဒုက္ခ တွေ့လိမ့်မည် ဟု တစ်ယောက် က ပြော၏ ။ ဒုက္ခ ဆိုတာ ဘာပါလဲ ။ ဗလာစာအုပ် ရောင်းရငွေ ကို လေးကြိမ်တိတိ ရေတွက်ရခြင်းသည် ဒုက္ခ လား ။ အမှတ် ၄၅ ဟိုင်းလတ် အမြန်ကား သည် ဒုက္ခ လား ။ တက္ကသိုလ်ဓမ္မာရုံ မှာ ဆရာကန်တော့ပွဲ လုပ်သော နေ့ က မိုးရွာခြင်း သည် ဒုက္ခလား ။ မိုးခေါင် အငတ်ဘေး ရန်ပုံငွေ အတွက် နိုင်ငံရေးသမားများ စကား ဖောင် နေချိန်မှာ အနုပညာသမားများ က သီချင်း ဆို၍ ရန်ပုံငွေ ရှာပေးရခြင်း သည် ဒုက္ခ လား ။ ဒီ လောကမှာ ဒုက္ခ မဟုတ် တာ ဘာ ရှိသလဲ ။ စဉ်းစားစမ်း ခရေဖူး ။ နင့် ကို ငါ စွဲလမ်းတာ ဒုက္ခ လား ။ ငါ့ ကို မချစ်မှန်း သိလျက်နှင့် ပင် နင့် အပါးမှာ တရစ်ဝဲဝဲ တဝဲလည်လည် ဖြစ်နေရခြင်း သည် ဒုက္ခလား ။ ဒီ လောက မှာ ဒုက္ခ ဆိုတာ ဘာလဲ ၊ ဒုက္ခ မဟုတ်တာ ဘာ ရှိသလဲ ။ အပိုတွေ ပြော မနေနှင့် ။ အားလုံးသည် ဒုက္ခ ။
••••• ••••• •••••
မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေသော အချစ်ည အလယ် မှာ အနက် ရောင်ကု,လားထိုင် တစ်လုံး ရှိ၏ ။ ထို ကု,လားထိုင် ပေါ်မှာ ဇာပဝါပါး နှင့် ထုပ်ထားသော ဇီဇဝါပွင့် နှစ်ပွင့် ရှိ၏ ။ ထို ပန်းပွင့် နှစ်ပွင့် ကြားမှာ အဖြူ ရောင် ကြိုးကြာငှက် ၏ ငှက်တောင် တစ်တောင် ရှိ၏ ။ တောင်ပေါ် မှာ ရေကန်ရှိ သည် ။ ရေကန် ထဲ မှာ ကြာနီ တစ်ပွင့် ပွင့်လျက် ၊ ပွင့်လျက်ပိတ် ထားသော တံခါး ပေါက် မှ ဝင်လာခဲ့ပါ ။ ကော်ဇော ပေါ်မှာ ထိုင်ပါ ။ ကု ,လားထိုင် ကို လူအများ မြင်သာသော နေရာကို ရွှေ့ပါ ။ ဘယ်ဘက်မှာ ပန်းအိုး တင်သော စင် ရှိ၏ ။ ညာဘက် မှာ မြင်းဖြူ တစ်ကောင် ရှိ၏ ။ မြင်း ဆိုသည် မှာ စေတနာ ပင် ဖြစ်၏ ။ စေတနာ မပါဘဲနှင့် စကားတွေ သိပ် မပြောပါနှင့် ၊ လူတွေ က မယုံကြ ။ ခရေဖူး နင့် ကို ငါ သိပ် ချစ်သည် ။ အကယ်၍ ဖြစ်နိုင်မည် ဆိုပါလျှင် နင့် ကို ငါ ဖက်ရုံကလေး ဖက်ထားချင်ပါသည် ။ ကြာတတ် တာ ကို မကြာစေဖို့ ကြာတွေ လှူကာ ဆုတောင်းပါသည် ။ မောင်ပန်းမွှေး ကဗျာ မရေးတာ ကြာပြီ ။ ကြာနီပန်း တွေ မျောလွင့် နေသော ရေကန် သည် ကောင်းကင် မှာ ရှိ၏ ။ တောင်ပေါ် မှာ ရှိ၏ ။ တောင်ကြား ထဲမှာ ရှိ၏ ။ မြူနှင်းများ ဆီးဆို့ ပိတ်ဆိုင်းသော တောင်ကြားလွင်ပြင် မှာ သစ်သားအိမ်ကလေး တစ်လုံး ဆောက်၍ ခရေဖူး နှင့် အတူ နေချင်ပါသည် ။ တစ်ဖက် မှာ တော ၊ တောင် တစ်ကြော နှင့် အပြော ကျယ်စွာ ကောင်းကင်ပြာ နှင့် ၊ ဘယ်မှာ ကြည့်လေ စိမ်းမြကြွေနှင့် ရေကန် အတွင်း နှစ်စင်းတည်း ထွက်စပုလဲ ၊ ဝင်းကရွှေဝါ ၊ နေစကြာ ၊ လစကြာ ၊ ရေကန်သာတွင် ၊ ရေကန်သာတွင် ၊ ရေကန်သာတွ င် ခရေဖူး ရေချိုးသည် ။ ကု,လားထို င်၏ ရှေ့တွင် ရွှေငါးကလေးများ အလှမွေးသော မှန်သေတ္တာ ရှိ ။ ကောင်းကင် ပေါ်က မြူနှင်းများ ခိုတွဲလွင့် မျောနေသော တောင်ကြားလွင်ပြင် မှာ သစ်သားအိမ်ကလေး ၏ ဘေးတွင် ကြာနီပန်းများ လွင့်မျောယိမ်းနွဲ့နေသော ရေကန် ထဲ မှာ ခရေဖူး ရှိသည် ။ အပေါစား ယိုးဒယားဖြစ် ကျွန်တော့် ဖိနပ်တစ်ရံ ၏ ဘေးမှာ ကျပ် ငွေ ၁၈၀၀ ပေးရသော ဖန်ကြည်မှန်သား ခရေဖူး ၏ ခွာမြင့်ကြိုးသိုင်း ဖိနပ် တစ်ရံ ရှိနေ၏ ။ ယောက်ျားစီး ဖိနပ် တစ်ရံ နှင့် မိန်းမစီး ဖိနပ် တစ်ရံ အခန်းဝ မှာ အတူတကွ ရှိနေခြင်းသည် ဒုက္ခ တစ်ခု ဖြစ်၏ ။ ခရေဖူး နှင့် ကျွန်တော် အတူတကွ ရှိနေခြင်း သည် အမှန်တရား တစ်ခု ဟုတ် မဟုတ် စဉ်းစားစရာ ဖြစ်ပါသည် ။ ခရေဖူး နှင့် ကျွန်တော် အတူတကွ ရှိနေရခြင်းသည် အတူတကွ ရှိနေခြင်း မဟုတ်ပါ ။ ခရေဖူး နှင့် ဇော်ဇော်အောင် သည် အမှန်တရား မဟုတ်ပါ ။ အမှန်တရား ဆိုသည် မှာ ဘာပါလဲ ။ မသိဘဲ နှင့် တော့ မပြောနှင့် ။ တတ်ယောင်ကားတွေ ဝေးဝေး က နေ ။ အမှန်တရား ဆိုတာ ဘာလဲ ။ သိသွားသော သူတွေ ဒီမှာ မနေကြပါ ။ ဒီမှာ နေသူတွေ က မသိသူတွေ ၊ မတောက်တခေါက်တွေ နှင့် ခရေဖူး နှင့် ဇော်ဇော်အောင် တို့ သာ ဖြစ်သည် ။ တို့ သာ ဒီမှာ နေသည် ။ သူတို့ အားလုံး ဘာမှ မသိကြပါ ။
မောပန်းနွမ်းနယ်စွာ အိပ်ပျော် နေသော အချစ်ည ၏ လက်ဝဲ ဘက် မှာ သစ်ပင် မပေါက်သော တောင်ကုန်း တစ်ခု စိမ်းလန်းစွာ ရယ်မော နေသည် ။ ကျောက်သား ပကတိ ရေညှိ တစ်ပင် ၊ တစ်မျှင်စန မှ မရှိသော တောင်ကုန်း ပေါ်မှာ ပညာ ရှိသော ဗျိုင်းဖြူ တစ်ကောင် သီချင်း ဆိုနေသည် ။ သီချင်း ထဲ မှာ စကားလုံးများ ပါ၏ ။ စကားလုံးများ ထဲ မှာ အသံများ ရှိ၏ ။ အဓိပ္ပာယ်များ ရှိ၏ ။ အဓိပ္ပာယ်များ ကို နေရောင်ခြည် နှင့် ဖုံးအုပ်ထား၏ ။ ဘာသာစကား စတင် ပေါ်ပေါက်သော နေ့မှာ မင်္ဂလာမိုးကြီး အခါ မဟုတ် ရွာသည် ဟု ကြားဖူးပါသည် ။ လူ သည် သူ့ ရင်ထဲ ထုတ်ဖော်လှစ်ရန် မဝံ့ရဲသော စိတ်ကူးများ ဖုံးစရာ ဖိစရာ ကွယ်စရာ ဝှက်စရာ နေရာ တစ်ခု ကို ဘာသာစကား စတင် ပေါ်ပေါက်သော နေ့က တွေ့ရှိသွားသည် ဟု ထင်ပါသည် ။ ဘာသာစကား သည် လိုဏ်ခေါင်း ဖြစ်၏ ။ ဘာသာစကား သည် မျက်လှည့်ဆရာ ၏ သေတ္တာ ကို ဖုံးသော ကတ္တီပါစ အနက်ရောင် ဖြစ်၏ ။ ခရေဖူး ကို ကျွန်တော် ချစ်ကြောင်း ပြောပြရမည်လား ။ ယခု ပြောရမည်လား ။ နဝဒေး ၊ နတ်သျှင်နောင် ၊ ဦးပုည ၊ ဦးရွှန်း ၊ ဦးတိုး ၊ သန်းဆွေ ၊ ငြိမ်းကျော် ၊ နွမ်ဂျာသိုင်း ၊ မောင်စိန်ဝင်း ၊ ခရေဖူး ကို ကျွန်တော် သိပ်ချစ်သည် ။ လိုဏ်ခေါင်း ထဲ က မျက်လှည့်သေတ္တာ ကို ဖုံးသော အနက်ရောင် ကတ္တီပါစ သည် ပြောင်လက်ရွှန်းစိုစွာ အခိုးအငွေ့ ဖြစ်သွားသည် ။ တောင်ကုန်း ပေါ်မှာ ရေညှိများ မရှိ ။ ချောမွေ့မှုများ သည် ရက်ကန်း ရက် သလို ပျံသန်း နေကြ၏ ။ ပါးချင်း အပ်၍ ထားသောအခါ ပါးပြင် နှစ်ဖက် ၏ ကြား မှာ ဘာမှ မရှိစေချင်သောကြောင့် ခရေဖူး မိတ်ကပ် ဘယ်အခါ မှ မသုံး ၊ သနပ်ခါး ဘယ်အခါမှ မလိမ်း ၊ မယုံကြနှင့် ၊ ယုံကြည်အပ်သော အမျိုးအစားများ မဟုတ် ။ ဘာပြောပြော မယုံနှင့် ။ ည ထဲ က လ ထဲ မှာ လေပြည် မရှိ ၊ ပန်းပွင့် မရှိ ၊ စကားလုံး များ မရှိ ၊ ကတိစကားများ မရှိ ၊ ဘယ်သော အခါမှ ပြည့်ဝမည် မဟုတ်သော မျှော်လင့်ချက်များ မရှိ ။ ခရေဖူး ကျွန်တော့် ကို မချစ်ကြောင်း ပြောသောအခါ ကျွန်တော် ယုံပါသည် ။
••••• ••••• •••••
မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေသော ည ၏ လက်ယာ ဘက် တွင် ပင်လယ်ကဗွီးပင်များ ရှိ၏ ။ စက္ကူယပ်တောင် တစ်ချောင်း ရှိ၏ ။ လျှာပွတ် ဆေးပုလင်းငယ် တစ်လုံး ရှိ၏ ။ အထင် တွေ ရှိ၏ ။ အချစ် တွေ ရှိ၏ ။ စက္ကူစုတ် နှင့် ငှက်သိုက်များ ရှိ၏ ။ ဂဏန်းသုံးလုံး တစ်တွဲ ရှိ၏ ။ ရုပ်ရှင် လက်မှတ်ဖြတ်ပိုင်းများ ရှိ၏ ။ သစ်ခွပန်းခြောက်များ ရှိ၏ ။ မှားယွင်း နေသော သော့ခလောက်များ ရှိ၏ ။ အရည်ပျော်ကျ နေသော နာရီများ ရှိ၏ ။ အချစ် ရှိ၏ ။ မင်းသုဝဏ် ၏ ကဗျာ ရှိ၏ ။ ပျံသန်း နေသော မျက်တောင်များ ရှိ၏ ။ နာကျင်နေသော ပုလဲလုံးများ ရှိ၏ ။ ပုပ်သိုးနေသော ကိတ်မုန့်များ ရှိ၏ ။ ပန်းနုရောင်ဝတ်စုံတစ်စုံ ရှိ၏ ။ အချစ် ရှိ၏ ။ ခရေဖူး ရှိ၏ ။ အလင်းနှစ် သန်း ၂၀၀၀ အကွာ မှာ ကြယ်တာရာ အသစ် တစ်လုံး ဖြစ်ပေါ်နေသည် ။ ကွန်ပျူတာ မှာ ပရိုဂရမ် လုပ်၍ ကဗျာ စပ်ဖို့ ကြိုးစားကြသည် မှာ ယနေ့ အထိ ပါ ဆိုလျှင် နှစ်ပေါင်း ၁၉ နှစ် ကြာခဲ့ပြီ ။ သူတို့ မအောင်မြင်သေးပါ ။ ဘယ်တော့မှ လည်း အောင်မြင်မည် မဟုတ်ပါ ။ မြေကမ္ဘာ ပေါ်ရှိ သိပ္ပံ နှင့် နည်းပညာ တိုးတက်ဖွံ့ဖြိုးမှု အတွက် ဟုတ်လှပြီ အထင် နှင့် အလွန်အကျွံ မာန် မတက်ကြနှင့် ။ သိပ္ပံပညာ က မသိသေးသော ၊ ဖြေရှင်း၍ မရသေး သော ကိစ္စပေါင်း ဤမြေကမ္ဘာ မှာ သုံးသောင်းကျော် ရှိသေးသည် ။ ယောင်တောင်တောင် နှင့် ကဗျာကိစ္စ ၊ အနုပညာကိစ္စ မှာ သိပ္ပံနည်းကျ ဖို့ သွား မကြိုးစားလေနှင့် ။ ခရေဖူး ကို ဘာကြောင့် ချစ်ကြောင်း ဘယ် သိပ္ပံပညာ က မှ သိမည် မဟုတ်ပါ ။ ဘယ် ဗေဒင်ဆရာ က မှ သိမည် မဟုတ်ပါ ။ ဘယ် စိတ်ပညာရှင် မှ သိမည် မဟုတ်ပါ ။ ခရေဖူး ကို ချစ်သော အချစ်သည် ကဗျာ ဖြစ်၏ ။ ပန်းပွင့် ဖြစ်၏ ။ နေရောင်ခြည် ၏ မိုးရေစက် ဖြစ်၏ ။ ရူးသွပ်ခြင်း ဖြစ်၏ ။ ရောဂါ ဖြစ်၏ ။ ခရေဖူး ဖြစ်၏ ။ ကျွန်တော် ဖြစ်၏ ။ နေ့စဉ် ညဆက် အိပ်မက်တို့ ရှည်လျားဝေသီစွာ ကုန်းကြတ်တီး မြေပြင် ပေါ် မှာ အရိပ်ထင် ပေကျံစေသော အခါ ဤနေရာ တွင် လာရောက် ဖြစ်တည်နေသော ဇော်ဇော်အောင် သည် လို၍ မရသော ဆင်းရဲ ကြောင့် စိမ်းလန်းခက်ထန်စွာ ရယ်မော ထွက်ပြေး နေသည် ကို တစ်စုံတစ်ယောက် က ကျိုးကြောင်း ဆက်စပ်၍ ယုတ္တိဗေဒ နည်းကျကျ သိပ္ပံဆန်ဆန် ညီညွတ်ခိုင်လုံစွာ ဆင်ခြင်ပါ သော်လည်း ရူးသွပ်ခြင်း မှ လွဲ၍ အဖြေ မထွက် ကြောင်း မချစ်မနှစ်သက် ပါသော မခရေဖူး .. နားလည် သိရှိရန် မလိုအပ်ပါ ။
••••• ••••• •••••
ဒီနေရာ မှာ ဘယ်သူ မရူးဘဲ ရှိမည်နည်း ။
' မိုးနေး ' ၏ ကြာပန်းဆိုင် ပန်းချီကား ထဲ မှာ ခရေဖူး ရေနစ် သေဆုံး သွားပါသည် ။ ဘယ်သူ တွေ ဘာပြောပြော မယုံကြည်နှင့် ။
◾ဇော်ဇော်အောင်
📖 ဝတ္ထုတိုပေါင်းချုပ် ( အပိုင်း - ၁ )
No comments:
Post a Comment