❝ မပါတော့ဘူး ❞
“ အေး အဲဒါ ကောင်းတယ် ”
ကျွန်တော် မောင်ချမ်းသာလေး နှင့် တရုတ်အဘိုးကြီး ဦးဟုတ်လျန် တို့ တစ်ခုသော နံနက် လက်ဖက်ရည်ဆိုင် မှာ ဆုံမိကြတော့ ။
“ ကောင်းတယ် ၊ ငါ ဆို ဝင် မပါတာ ကြာပြီ ”
“ အသက် ကြီးလာလို့ မလုပ်နိုင်တော့လို့ လွှတ်ပေး လိုက်တာလား ”
“ ဟေ အေး အဲဒီလို မဟုတ်ဘူးကွ ၊ သူတို့တွေ ကိုယ်ပိုင် ဆုံးဖြတ်တတ်အောင်လို့ ၊ ကြာပြီကောကွာ လွှတ်ပေးလိုက်တာ ”
“ ဟုတ်ကြီး အသက် ဘယ်လောက် ကလဲ ”
“ ခြောက်ဆယ်ကျော် ကတည်း က ဆိုပါတော့ ”
ဟုတ်ကြီး ကား အသက် ရှစ်ဆယ် ကျော် သွားလေပြီ ၊ တိတိကျကျ ပြောရလျှင် ၈၃ နှစ် ဗျာ့ ။
သူ က ကျွန်တော့် ထက် အသက် နှစ်ဆယ် တိတိကျကျ ပို ကြီးတယ် ။ အခု ကျွန်တော် ခြောက်ဆယ့်သုံး ဆိုတော့ ။
သူ့ မှာ သား သုံးယောက် ၊ သမီး နှစ်ယောက် ရှိသဗျာ့ ။
အကြီးဆုံးကောင် က အဝေးပြေးကား ၊ အလတ်ကောင် က ကားလေး အော်ဒါ ၊ သားအငယ်က ဆေးဆိုင် ထိုင်တယ်ဗျာ ။
သမီးအကြီး က ဖိနပ်လုပ်ငန်း ထူထောင်ထားတယ် ။ သမီးအငယ် က စာအုပ်ဆိုင် ဖွင့်တယ် ။
“ သူတို့ အလုပ်သမား သူတို့ အုပ်ချုပ် ၊ ငါ ဝင်မပါဘူးကွ ”
“ ရှင်းဦးဗျာ ”
“ ဥပမာကွာ ၊ အလုပ်သမား တစ်ယောက် ကို ဖြုတ်ပစ်လိုက်တယ် ဆိုပါစို့ ၊ ဖြုတ်ရခြင်း အတွက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိမှာပေါ့နော် ၊ အဲဒါကို ငါ က ဝင် စွက်မယ် ၊ ဝင် ပါမယ် ၊ သြဇာ ပေးမယ် ဆိုရင် ဘယ် ဟုတ်တော့မလဲကွ ၊ အဲဒီလို ဝင် ပါလိုက်ရင် ပြဿနာ တစ်စုံတစ်ရာ ပေါ်လာတိုင်း ငါ့ ဆီ တက်လာ ကုန်တော့ မှာပေါ့ ။ မှားတယ် ၊ မှန်တယ် ၊ ရှုံးတယ် ၊ မြတ်တယ် အဲ
ဒါ သူတို့ အလုပ် ၊ ဝင်မစွက် ဝင်မပါတော့ သူတို့ လုပ်ရဲကိုင်ရဲ ဖြစ်လာတယ် ၊ မင်း စဉ်းစားကြည့် ”
“ ဟုတ်ကဲ့ ”
“ သူတို့ က အသက် သုံးဆယ် ၊ လေးဆယ် ၊ ငါးဆယ် တွေ ၊ ငါ က ရှစ်ဆယ် ၊ သဘာဝကျကျ ဆိုရင် ငါ က အရင် လူ့ ဘဝ က ခွာရတော့ မှာ ၊ ငါ က အကုန် အုပ်ထားပါပြီ တဲ့ ၊ အကုန် ချုပ်ထားပါပြီ ၊ ငါ့ အဆုံးအဖြတ် ကို အမြဲ ယူနေရပါပြီတဲ့ ၊ ဒါဆို မင်း စဉ်းစား ၊ ငါ သေပြီ ဆို ဒီကောင်တွေ ဘာ လုပ်တတ်တော့မလဲကွာ ”
“ အမှန်ပေါ့ ”
“ အေး အဲဒါကြောင့် ”
“ ဟုတ်ကဲ့ သဘောပေါက်ပါပြီ ”
“ ကိုယ့် အလုပ် ကိုယ် လုပ် ၊ ကိုယ့် အထုပ် ကိုယ် ရွက် ၊ ကိုယ့် ခရီး ကိုယ် ဆက် ကြပေါ့ဟ ”
“ အဲ ကောင်း ”
“ လုပ်မနေနဲ့ မောင်ချမ်းသာလေး ၊ မင်း လဲ အသက် ခြောက်ဆယ် ကျော်နေပြီ ဆိုတော့ ”
အမှန်ပါပဲ ခင်ဗျာ ၊ ကျွန်တော် မောင်ချမ်းသာ မှာ သားသမီး သုံးယောက် ရှိလေ၏ ။
မောင်မင်းတို့ ကိုယ် ကြိုက်တဲ့ မိန်းမ ကိုယ် ယူကြ ၊ ကိုယ် ကိုက်တဲ့
အလုပ် ကိုယ် လုပ်ကြ ။
လွှတ်ထား လိုက်တယ် ၊ လွှဲထား လိုက်တယ် ။
ရှင်းလို့ ခင်ဗျာ့ ၊ ကိုယ့် ထမင်း ကိုယ် ရှာစား ။
ကောင်းဘူးလား ။
မေတ္တာ ထားတာတော့ ထားတာပေါ့နော ၊ ဒါပေမဲ့ နေရာတကာ လက်ဝါးကြီး နဲ့ ဘယ် လိုက် အုပ်နေ နိုင်မလဲဗျာ ။
ဒါမှလည်း သူတို့တွေ ရဲ့ နောင်ရေး ။
“ ဟေ့ကောင် ဘာ ငေးနေတာလဲ ”
“ ကျွန်တော် လဲ ဟုတ်ကြီး လို ပဲ လွှဲထားလိုက်ပါပြီ ၊ ငေးတာ မဟုတ်ပါဘူး ၊ နောက်ကြောင်းပြန် စဉ်းစား နေတာပါ ”
“ အခုဟာ က ဟုတ်ကြီး ရဲ့ သဘောထား ကို တီး ခေါက် ကြည့်တာ ”
“ ငါ့ ကို လဲ အရမ်း အထင် မကြီး နဲ့ ဟ ချမ်းသာလေး ရ ၊ ငါ လဲ အဖေ ဆီ က သင်ယူ ထားလိုက်တာ ”
“ ခင်ဗျား ဖားသားကြီး က လဲ ဒီလိုပဲ လွှတ်ပေးခဲ့တာပဲလား ”
“ အေး လေ ”
ကော်ဖီခါးခါး တစ်ကျိုက် အားရပါးရ ကျိုက်ချ လိုက်မိလေ၏ ။
ကောင်းလိုက်တဲ့ ဘဝ အဓိပ္ပာယ် ။
( မပါမပြီး ဆရာကြီး ဘဝ ကို စွန့်လွှတ်လိုက်ပါပြီ ခင်ဗျာ ။ )
▢ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၆ ၊ ဩဂုတ်လ ၊ ၂၀၀၅
No comments:
Post a Comment