Tuesday, January 28, 2025

နှလုံးသားထဲက ဗိုင်းရပ်စ်များ


 ❝ နှလုံးသားထဲက ဗိုင်းရပ်စ်များ ❞ 

          ( ခင်မြဇင် )


( ၁ )


တစ်ခါတုန်းက ကျွန်မ သည် အိပ်ရာ ထဲမှာ လဲလျောင်းစဉ်မှာပင် အိပ်ရာ ဆီသို့ ပြန်မရောက်နိုင်ဘဲ ခရီး တစ်ခုကို သွားခဲ့ရသည် ။


ထိုခရီးကို ယခု ကျွန်မ ပြန်တွေးကြည့်သောအခါ အစစ်အမှန်ခရီး ပဲလား ။ ဒါမှမဟုတ် ကျွန်မ၏စိတ်ဝိညာဉ်ကသာ လိုက်ပါခဲ့ပြီး ခန္ဓာ ကိုယ်က အိပ်ရာထဲ ကျန်ရစ်ခဲ့လေသလား ၊ သို့မဟုတ်လျှင် စိတ်ဝိညာဉ် ဖြင့်သာ လိုက်ပါခဲ့သည့် ခရီးလေလား ဝေဝါးဆဲဖြစ်သည် ။


ကျွန်မကို လာရောက်ခေါ်ဆောင်သူတို့၏ ရုပ်လက္ခဏာများကို ကျွန်မ မမှတ်မိတော့ပါ ။ ဂမ္ဘီရဝတ္ထု တစ်ပုဒ်မှ ဇာတ်ဆောင်တစ်ယောက် ပမာ ခံစားရလျက် ၊ ကျွန်မကို လာရောက်ခေါ်ငင်ကြသူများသည် ပရ လောကမှ မဟုတ်လျှင် အဆင့်မြင့် ဂြိုဟ်တစ်ခုခုမှလေလား ။


အသူရကာယ်ဘုံစံသတ္တဝါတို့သည် ပကတိ လူသားထက်ပို၍ အဆင့်မြင့်သည့် စွမ်းအင်များရှိကြောင်း ကြားဖူးပါသည် ။ လူ့လောက အစစ်အမှန်နှင့် အတန်ငယ်အလှမ်းကွာသော နေရာဒေသတစ်ခုဖြစ်ဟန် တူပါသည် ။


စီးစရာ ယာဉ် တစ်ခုခု ပေါ်သို့ ကျွန်မကို တင်ဆောင်သွားခဲ့ရာ ည၏ တရိပ်ရိပ်မှောင်မိုက်နေသော အမှောင်ထုထဲသို့ တစ်စတစ်စတိုးဝင် သွားခြင်းဖြင့် ကျွန်မသည် လည်း အမှောင်ထုနှင့် တစ်သားတည်းဖြစ်ကာ ပျောက်ကွယ်သွားမယောင် ထင်ခဲ့မိပါသည် ။


ကျွန်မသည် အသက်ကို ဖက်နှင့် ထုပ်ထားရမလောက် ကြောက်ရွံ့ နေသော်ငြား စိတ်ကို တည်ငြိမ်စွာထားနိုင်ဖို့ ကြိုးစားကာ ဗုဒ္ဓ၏ဂုဏ်တော် များကို အောက်မေ့နေမိပါသည် ။ ထိုစဉ်မှာပင် ကပ်ဖ်ကာ၏ ‘ ရဲတိုက် ’ အမည်ရှိ ဝတ္ထုကို ပြေး၍ သတိရမိသည် ။


တကယ်တော့ ကျွန်မ ၏ အိပ်ရာလေးမှာ နွေးနွေးထွေးထွေးရှိသည့် တိုင် ပျော်မွေ့စရာကောင်းလှသည်တော့ မဟုတ်ပါ ။ ခင်ပွန်းဖြစ်သူ၏ ဆေးလိပ်နံ့သင်းလျက် ခုတင်ပေါ်တွင် အညာစောင်ပါးပါးကို ခပ်စုတ်စုတ် ဂွမ်းကပ်တစ်ခုပေါ်ခင်းထားပြီး အညာစောင် တစ်ယောက် တစ်ထည် စီ ခြုံကာ ခင်ပွန်းကလည်း သူ့ထောင့်မှာ သူ ကပ်၍ အိပ်စဉ် ကျွန်မ ကလည်း စောင်ပါးပါးတစ်ထည် ရင်ဘတ်ပေါ်တင်ကာ ကျွန်မ ထောင့်မှာ ဝေဒနာ ကို ရှုမှတ်နေလေ့ရှိပါသည် ။


သို့တိုင် စာအုပ်နံ့များ အောက်သိုးသိုးနံ့များထွက်နေသည့် အခန်းကျဉ်းကလေး ထဲမှ နှစ်ယောက်အိပ်ခုတင်တစ်လုံးပေါ်တွင် အိမ်ထောင် သက် နှစ်နှစ်ဆယ်ကြာ လူသားနှစ်ဦးတို့ တစ်ထောင့်စီမှာကပ်လျက် ကိုယ့်ရှုမှတ်နှင့် ကိုယ် ရှိနေကြခြင်းသည်ပင် ပြီးပြည့်စုံသော အိမ်ထောင်မှု ဘဝ သို့မဟုတ် နှစ်လိုဖွယ် ညဉ့်ယံများ အဖြစ် ကျွန်မ အောက်မေ့မိလေ သလား မသိပါ ။ ထိုယာဉ်ပေါ်တွင် လိုက်ပါစဉ် ကျွန်မ၏ အိပ်ရာလေးကို တမ်းတမိသေးသည် ။


တကယ်တော့ ညစဉ်လိုပင် ကျွန်မ တွေးမိနေသေးသည်မှာ ကျွန်မ တို့နှစ်ယောက်နှင့် သေခြင်းကြားတွင် ခပ်ပါးပါးနံရံလေးသာ ခြားနေပြီးလူ့ဘဝတွင်နေရဖို့ နှစ်ကာလ များများစားစား မကျန်တော့ကြောင်းပင် ။ ကျွန်မ မသေဆုံးမီ စိတ်ကြည်လင်စွာဖြင့် သေခြင်းကို ရင်ဆိုင်သွားချင်ပါသည် ။ သို့ရာတွင် အချိန်မတိုင်မီ ကျွန်မ မသိသော ဘုံတစ်ခုခုမှ လောက သားတို့က ကျွန်မအား လာရောက် ခေါ်ငင်ခြင်းဖြင့် ကျွန်မ၏ စိတ်ဝိညာဉ် သည် အစွဲတစ်ခုခုကြောင့် မလွတ်မြောက်နိုင်မှာကို စိုးကြောက်မိပါသည် ။ သို့တိုင် ယခုတော့ ဘာမှမတတ်နိုင်တော့ပါ ။


ကျွန်မ၏ သားကတော့ အိမ်ရှေ့ဧည့်ခန်းမှာ အိပ်လေ့ရှိသည် ။ ည အိပ်ခါနီးလျှင် စာအုပ်ပုံများကို တွန်းရွှေ့ပြီး အိပ်ရာခင်းကာ ကျောချ အိပ်လေ့ ရှိသည့်တိုင် ခြင်ထောင်ထောင်ဖို့ အလွန်ပျင်းသော ကလေးဖြစ်သည် ။ သိုးတစ်ကောင်၏ အမွေးများပမာ ကောက်ကွေ့ တွန့်လိမ်မည်း မှောင်နေသည့် ရှုပ်ရှုပ်ပွပွ သူ့ဆံပင်လေးများကို ကျွန်မ ကိုင်ရင်း သိုးမည်းကလေး ဟု ခေါ်တတ်သည် ။ သိုးမည်းကလေးက အမေကို မချစ်တော့ ဘူလား ။ သူတို့ နှစ်ယောက်စလုံး အိပ်မက်တွေပဲ မက်နေကြသလား ။ သိုးမည်းကလေး ငယ်ငယ်လေးတုန်းက အမေဘယ်သွားသွား ထဘီစ ဆွဲပြီး လိုက်ချင်ခဲ့သည် ။ ခုတော့ သိုးမည်းကလေးက ဆယ်ကျော်သက် အရွယ်ရောက်ခဲ့ပြီဖြစ်ရာ ထောင့်မကျိုးသည့်ပုံစံကလေးနှင့် ဂျစ်ကန်ကန် လုပ်တတ်လာသည် ။ သိုးမည်းကလေးသည် အမေ ကွယ်လွန်ပြီးမှ သားမိုက် နောင်တရသည့်အကြောင်း ကဗျာတစ်ပုဒ် ရေးထားရာ ကျွန်မ မှာ ပြုံးမိပါသေးသည် ။ ယခု အမေ တစ်ယောက် အမည်မသိ ဘုံဆီသို့ ခရီးသွားနေသည့် ယာဉ်ပေါ်မှာ လိုက်ပါသွားရကြောင်း သူ မသိလိုက်ဘူးလား ။


ကျွန်မ သည် ဘဝတွင် စာရေးဆရာ အဖြစ်နှင့်လည်း အောင်မြင်သူ မဟုတ်ခဲ့ပါ ။


သူလို ကိုယ်လို လူတစ်ယောက်ပဲ ဖြစ်ပါသည် ။ အိမ်ရှင်မ တစ်ယောက် အနေနှင့်မူ လင်နှင့် သား အပေါ်တွင် ရံဖန်ရံခါ အနိုင်ယူလို စိတ် ပြင်းထန်ပြီး အငြင်းအခုံ သန်သူ ဖြစ်ပါသည် ။


သို့အတွက် ကျွန်မ အား ထိုသို့လာရောက် ခေါ်ငင်ကြခြင်းကို ခင်ပွန်းရော သားကပါ ကြည်ကြည်ဖြူဖြူ ထည့်ရက်နိုင်ခြင်း ဖြစ်လေ သလား ၊ သို့မဟုတ်ပါက သူတို့ထက် အင်အားကြီးမားသည့် လောကသားတို့ကို မြင်နိုင်စွမ်း မရှိကြ၍ပဲလား ၊ သို့မဟုတ်လျှင် ထိုလောကသား တို့နှင့် ယှဉ်ပြိုင်ရန် အဆင်သင့်မဖြစ်ကြသေး၍ပဲလား ။ အိပ်မွေ့ချပဲ ခံခဲ့ရလေသလား ။ ကျွန်မ မသိပါ ။ ကျွန်မကား ကျွန်မ မသိသည့်လောက သားတို့ ခေါ်ဆောင်ရာ ယာဉ်ပေါ်တွင် လိုက်ပါခဲ့ရပါပြီ ။


ကျွန်မအား တခြားဂြိုဟ်မှ လာခေါ်လေသလား ။


လနှင့် အင်္ဂါဂြိုဟ်ပေါ်တွင် လူများနေထိုင်ရန် မြေနေရာများ ရောင်း ချနေပြီဖြစ်ကြောင်း ကြားဖူးခဲ့သည် ။


ယခု ထိုမြေကွက်များတွင် စမ်းသပ် နေထိုင်ခိုင်းစေရန် ကျွန်မကို ခေါ်ငင်သွားခြင်းလေလား ။


ယာဉ်သည် မြေပြင်မှ လဆီသို့ အတောင်ပံဖွင့်လျက် ပျံသန်းလေမည်လား ။


သူတို့ က ကျွန်မကို ပြာမြနက်ရှိုင်းသည့် အမှောင်ထုကြီးတစ်ခု ဆီသို့ ခေါ်ဆောင်သွားခဲ့ကြသည် ။ ပြာ၍နက်ရှိုင်းသော တွင်းတစ်ခု၏ လေမှုတ်စွမ်းအားဖြင့် ယာဉ်သည်ဝဲ၍ တွင်းချိုင့်နှုတ်ခမ်းဝမှာ အတန်ကြာ နားနေခဲ့သည် ။


ပြီးလျှင် တွင်းဆီသို့ ဝင်ခဲ့ရာ ယာဉ်၏ အသံ မကြားရသဖြင့် ကျွန်မ အံ့သြမိသည် ။ မီးရောင်လေးများကို ဟိုနေရာ သည်နေရာက တွေ့မြင် ရပြီး ငြိမ့်ခနဲ ငြိမ့်ခနဲ နိမ့်ဆင်းသွားမှုကို ခံစားနေရသည် ။ ရင်ထဲမှာလည်း တသိမ့်သိမ့်တုန်လာသည် ။


ငရဲဘုံ သို့မဟုတ် အသူရကာယ်ဘုံလေလား ။ 


ထိုဘုံများသို့ အချိန်မတိုင်မီ ခေါ်ဆောင်သွားခြင်းခံနေရသူများ အကြောင်း ကျွန်မ တွေးနေမိသည် ။ ဘာသာရေးမဂ္ဂဇင်းများတွင် ထိုသို့ သောအကြောင်းများ မကြာခဏဖတ်ရပါသည် ။


ယာဉ်သည် တွင်း၏ နက်ရှိုင်းသော တစ်နေရာမှာ ရပ်တန့်ကာ မီးရောင် တဖျတ်ဖျတ်လင်းနေသော နံရံတစ်ခုထဲသို့ တိုးဝင်သွားခဲ့သည် ။ ပြာမှိုင်းမှိုင်းမြူနှင့် သဏ္ဌာန်တူသည့်အရာများက မီးရောင်ထဲတွင် ဝေ့ဝဲနေကြသည် ။


ယာဉ်၏ တံခါးပွင့်သွားပြီး အေးစက်စက်လက်များက ကျွန်မကို ခေါ်ငင် သွားခဲ့သည် ။ လူရိပ် ပုံသဏ္ဌာန်များသာ တွေ့မြင်ရသော်လည်း မြူလို နှင်းလို ရစ်ဝဲနေသောအရာများကြောင့် ဘယ်သူ ဘယ်ဝါ ဘယ်လို ပုံသဏ္ဌာန်ဟု ကျွန်မ မသိမြင်ဘဲ လက်များ၏အေးစက်မှုကိုပဲ ခံစားနေ ရပါသည် ။


လူနာခုတင်နှင့် တူသည့် ခပ်ရှည်ရှည်ခုံတစ်ခုတွင် ထိုင်ခိုင်းပါ သည် ။ မီးရောင်များသည် ပြာလဲ့ပြီး ခပ်မှိန်မှိန်ဖြစ်ကာ အရိပ်လို ရှည် လျားသည့် အရာများက နံရံပေါ်တွင် လှုပ်ရှားနေကြသည် ။


ဖြူဖြူရှည်ရှည်သဏ္ဌာန်တစ်ခုက ကျွန်မပခုံးကို ညင်သာစွာတို့ လိုက်ပြီး လဲလျောင်းခိုင်းလိုက်ရာ နဂိုကမှ အသည်းငယ်နေရသည့်အထဲ ထိတ်လန့်သွားရသည် ။


ထိုသဏ္ဌာန်မှာ အမျိုးသမီး တစ်ယောက် ဖြစ်နေ၍ အတော်အတန် သက်သာရာ ရသော်လည်း


“ ဘာလုပ်မလို့ပါလဲ ”


ရင်မှာ တဒိန်းဒိန်း ခုန်နေပါသည် ။


ဘုရားဂုဏ်တော်များ မှ တစ်ပါး ကျွန်မ ကို ကူကယ်ရာ မရှိပါ ။


ထိုအမျိုးသမီး သဏ္ဌာန်က ကျွန်မ၏ ရင်ဘတ်ကို နားကြပ်လိုလို အရာတစ်ခုဖြင့် ထောက်၍ ကြည့်နေခဲ့ပါသည် ။


မီးရောင်မှာ ပြာလဲ့လဲ့ နှင့် ခပ်မှိန်မှိန်လင်းနေရာ အခန်းထဲတွင် ကျွန်မလို လဲလျောင်းနေကြသော အခြား လူများကို တွေ့မြင်ရသည် ။


ထိုသူများ ကို ကြည့်လိုက်ရာ စိုးရွံ့ဟန် ဖြူဖပ်ဖြူရော်မျက်နှာများ နှင့် ဖြစ်နေသော ကျွန်မ၏မိတ်ဆွေများကို တွေ့လိုက်ရသည် ။ ကျွန်မကို လည်း တွေ့မြင်လိုက်ရသဖြင့် ပြုံး၍နှုတ်ဆက်ကြသည်ဟု ထင်မိခဲ့သည် ။ သို့တိုင် မီးကလည်းမှိန်မှိန် မျက်လုံးတွေကလည်း ခပ်မွဲမွဲဖြစ်ရာ ပြုံး သလား မဲ့သလားတော့ မသေချာလှပါ ။


အမျိုးသမီးသဏ္ဌာန်က ကျွန်မ၏ လက်နှင့် ခြေချင်းဝတ် ကို ဝါယာကြိုးနှင့်ရစ်ပတ်ပြီး သူမ က စက်တစ်ခု ထဲမှ အဖြေများ ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည် ။


တစ်ခါက အသိ တစ်ယောက် အီးစီဂျီ ရိုက်ခဲ့ဖူးတာကို သတိရမိသည် ။


ယခုလည်း ကျွန်မ ကို အီးစီဂျီ ရိုက်နေတာပဲလား ။


ကျွန်မ အသည်းယား လာသည် ။


ယခု ကျွန်မ မသိသော ရောဂါအဖြေကို ရှာဖွေဖို့ ပရလောကသို့ ရောက်ရှိနေကြသော ကျန်းမာရေးစောင့်ရှောက်သူများကပဲ ကူညီနေကြသလား ။


ဒါမှမဟုတ် တခြားဂြိုဟ်ကမ္ဘာမှ အဆင့်မြင့်သတ္တဝါတို့က လူသား တို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ တုံ့ပြန်မှု အလုပ်လုပ်မှုတို့ကိုပဲ စူးစမ်းလေသလား ။ မည်သို့ပင်ဖြစ်စေ စိုးရိမ်စိတ်က ပျောက်မသွား ။ 


ကျွန်မ မျက်လုံးမှိတ်၍ တွေးနေခဲ့သည် ။ 


ကြောက်၍ မလှုပ်ဝံ့ပါ ။


ခဏကြာလျှင် စက်ဖြင့် တိုင်းတာမှုက ပြီးဆုံးသွားပါသည် ။ 


ခုတင်ပေါ်မှ ထထိုင်၍ ရကြောင်း သူမ က လေသံတိုးတိုးဖြင့် ပြောပါသည် ။


သူမ ၏ မျက်နှာ ကျွန်မ မမြင်ရပါ ။


လေသံက မှ ညင်ညင်သာသာပါ ။


သူမ က စက်ထဲမှ အဖြေများ ကို ယူပြီးထွက်သွားပါသည် ။


•••••   •••••   •••••


( ၂ )


တခြားခုတင်များ မှ ကျွန်မ ၏ မိတ်ဆွေများ သို့ လှမ်းကြည့်လိုက်သည် ။ သူတို့ရော သည်နေရာကို ဘယ်လို ရောက်လာသလဲ ကျွန်မ မသိပါ ။


သို့တိုင် သူတို့သည် အသက်ရှင်ဆဲ လူများမှ ဟုတ်မှဟုတ်ရဲ့လား ။ ကျွန်မ ထိတ်လန့်မိပါသည် ။ သစ္စာဖြူ ကို လှမ်းမြင်လိုက်ရမှ စိတ် သက်သာရာ ရသွားပါသည် ။ နေ့လယ်ပိုင်း ကပင် ကျွန်မ ထံ ဖုန်းဆက် ခဲ့ပါသေးသည် ။ ခါတိုင်း ခေါ်ပေးလေ့ရှိသည့် ဖုန်းဆိုင် က တစ်ဆင့် ခေါ်ခြင်းဖြစ်ပါသည် ။


အင်း ... သူ ကတော့ဖြင့် သေပြီးသားလူ မဖြစ်နိုင်ပါ ။


ကျွန်မ ထထိုင်စဉ် သူတို့ လည်း ခုတင် ပေါ်က ထလာကြသည် ။ ကျွန်မ အနီးသို့ လျှောက်လာကြပါသည် ။ သစ္စာဖြူ က ... 


“ ခုမှ ရောက်လာတာလား ”


“ ဒါ ဘယ်နေရာလဲ ” 


“ ရောဂါရှာဖွေရေးဌာနတစ်ခုပဲ ” 


“ ရောဂါရှာဖွေရေး ” 


ကျွန်မသည် ပြာမှိုင်းမှိုင်းတွင်းဆီသို့ သယ်ဆောင်လာခဲ့သည့် ယာဉ် ၊ ပရလောကသားဆန်ဆန်လူများနှင့် ကျွန်မကို စမ်းသပ်ခဲ့သော အမျိုးသမီးတို့ အကြောင်းကို တွေးနေမိခဲ့သည် ။ 


“ ဘယ်နေရာမျိုးပါလိမ့် ” 


ကျွန်မ စဉ်းစား၍မရပါ ။


သစ္စာဖြူ က ပြောလိုက်သည် ။


“ ဟုတ်တယ် ၊ ကျွန်မတို့အားလုံး နှလုံးထဲမှာ ဖိစီးကိုက်ခဲမှုတွေ ရှိနေခဲ့တယ်လို့ ယူဆပြီး အဲ့ဒါတွေကို ကုစားပေးဖို့ ကြိုးစားပေးတဲ့နေရာပဲ ”


ကျန် လူများကို ကျွန်မ ကြည့်လိုက်သည် ။


သူတို့ ကလည်း ကျွန်မထ က် ပို၍ ဘာမှ သိကြပုံမရပါ ။ 


“ သူပြောတာပဲလေ ”


တစ်ယောက် က ပြောသည် ။


ဘယ့်နှယ် ကျွန်မနှင့် အနှစ်နှစ်ဆယ်နီးပါး သိကျွမ်းခင်မင်ခဲ့သည့် သစ္စာဖြူ မှာ သည်လောကသားတို့၏ ကိုယ်စားလှယ်များလား ။ 


နေ့လယ် က ဖုန်းခေါ်သံကို ပြန်တွေးကြည့်သည် ။ 


“ အစ်မ ဘယ်မှ မသွားဘူးလား အိမ်မှာပဲ ရှိခဲ့တာလား ” 


“ အင်း အိမ်မှာပဲ ဘယ်မှ မထွက်ဖြစ်ပါဘူး ”


ကျွန်မ ပင့်သက် ရှိုက်လိုက်သည် ။


“ ရှင် ရော ကုဖူးလို့လား ”


“ ကျွန်မ ကုဖူးတယ် ၊ နှလုံးထဲမှာ ဖိနေတဲ့ အကျိတ်အမြစ် တစ်ခုခုကို ဆွဲထုတ်လိုက်တာပဲ ။ အပြာရောင် မီးငြိမ်းပြီး အစိမ်းရောင်လဲ့လဲ့ လင်းလာ ရင် အိမ်ကို ပြန်လို့ရတယ် ”


“ အဲ့ဒါ ဘယ်တော့လဲ ”


“ ရှင့် ရောဂါ အခြေအနေပေါ် မူတည်လို့ပဲ ” 


သစ္စာဖြူက ပခုံးတွန့်ပြပြီး ပြောလိုက်သည် ။ 


စိတ်ထဲမှာ သူ့ ကို မနှစ်မြို့ဖြစ်သွားရသည် ။


ကျွန်မ စဉ်းစားနေမိသဖြင့် စောစောက အမျိုးသမီးသဏ္ဌာန် ပြန်ဝင်လာခဲ့ပြီး ကျွန်မ ဘေးမှလူများ အလျှိုလျှို သူတို့ ခုတင် သူတို့ ပြန်သွားကြ သည်ကို မသိလိုက်ပါ ။


စောစောက အမျိုးသမီးသဏ္ဌာန် က ကျွန်မ ပခုံးကို ညင်ညင်သာသာ ဖိပြီး


“ အိပ်လိုက်ဦး ”


ခုတင် ပေါ်မှာ ပြန် အိပ်ရမှာကို ကြောက်နေမိသည် ။


သစ္စာဖြူ ကို လည်း ဒေါသ ဖြစ်နေသည် ။


တစ်ဖက်ကိုစောင်းပြီး လှဲနေရင်း နှင်းမြူငွေ့ လို တရိပ်ရိပ် ထင်နေသော အခန်း ၏ ဟိုမှာဘက်တွင် လူရိပ် သဏ္ဌာန်တချို့ကို တွေ့ ရပါသည် ။


မျက်လုံး ကို မမှိတ်ဝံ့ပါ ။


မျက်လုံး မှိတ်ကာ အိပ်ပျော် သွားခဲ့လျှင် ထာဝရ မနိုးတော့မှာကို စိုးရိမ် နေမိပါသည် ။


ဘယ်နှနာရီ ရှိသွားပါလိမ့် ။


ထိုအခန်းထဲမှာ နာရီ နှင့် တူသော အရာ ရှိပုံမရပါ ။ ကျွန်မ ၏ လက်မှာလည်း နာရီ မရှိပါ ။


နာရီပတ်တိုင်း အလာဂျီ ဖြစ်ရသဖြင့် နာရီ မပတ်သည်မှာ ကြာပါပြီ


သည်က ရှေ့ဆက်၍ ကျွန်မ ၏ ဘဝမှာ နာရီ ဆိုတာ လိုပါဦးမည်လား ။


ဆရာကြီး ရွှေဥဒေါင်း ၏ ဝတ္ထုတစ်ပုဒ်ထဲတွင် ဇာတ်ကောင်တစ်ယောက်က ကမ္ဘာမြေကြီး၏ ဗဟိုချက် ကို ဆင်းကာ ကမ္ဘာ၏ စောင်းနေသည့် ဝင်ရိုးကို လှည့်ဖို့ ကြိုးစားခဲ့ပုံကို သတိရနေပါသည် ။


ယခုတွေ့ ရသူများသည်လည်း ပရလောကသားများ မဟုတ်ဘဲ ကျွန်မ ဖတ်ခဲ့ဖူးသည့် ဝတ္ထု တစ်ပုဒ်ထဲက ဇာတ်ကောင်များပဲလား ။


တွင်းနက်ထဲ ဆင်းသွားကြောင်း ရေးတတ်သည့် လူတွေထဲမှာ ဂျပန်စာရေးဆရာ မူရာကာမိ ကို သွားသတိရပါသည် ။ မွန်ဂိုလီးယား စစ်မြေပြင် မှာ ဒုတိယကမ္ဘာစစ်တုန်းက ရေတွင်းဟောင်းထဲ ပစ်ချခံရ သည့် ဂျပန်စစ်သား ၊ ဒါ့အပြင် ကြောင်ပျောက် ရှာရင်း ရေတွင်းဟောင်းထဲ ဆင်းသွားခဲ့သူ ။ ဒါမှမဟုတ်ရင် တွင်းနက်ထဲမှာ သိပ္ပံဓာတ်ခွဲခန်းလိုလို ဝတ္ထု ။ အင်း အဲ့ဒီထဲက လူတွေနှင့်များ တူနေသလား ။ 


တွေးကြည့်တော့လည်း မတူပါ ။


သို့ရာတွင် အခြားစာရေးဆရာ တစ်ယောက်ယောက် ၏ ကျွန်မ မမှတ်မိသည့် ဇာတ်ဝင်ခန်း တစ်ခုမှာ ကျွန်မ ကိုယ်တိုင် ဝင်၍ သရုပ်ဆောင် မိနေခြင်းများလား ။ တွေးရင်း ကျွန်မ ခေါင်းနောက်လာပါသည် ။


“ ရှူး ”


ခေါ်သံကြောင့် လှည့်ကြည့်လျှင် တစ်ဖက် ခုတင်မှာ ကိုဒေဝါ ကို တွေ့လိုက်သည် ။


ကိုဒေဝါ မှာ ကဗျာဆရာ တစ်ယောက် ဖြစ်သည် ။


စောစောက သူ့ ကို ကျွန်မ မမြင်မိပါ ။


ကိုဒေဝါ နှင့် ကျွန်မ လက်ဖက်ရည်ဆိုင် ထိုင်ဖူးပါသည် ။ 


ကဗျာများ အကြောင်း ငြင်းခုံဖူးပါသည် ။


ဂျင်းမောရစ်ဆန် ၏ ကဗျာများအကြောင်း ပြောဖြစ်ဖူးသည် ထင်သည် ။


သူ ရော နှလုံးထဲမှာ အကျိတ်ရှိသူလား ။ 


ကျွန်မ တီးတိုး လှမ်းမေးလိုက်မိသည် ။ 


“ ရှင့် နှလုံးထဲက အကျိတ် ထုတ်ပြီးပြီလား ”


ကိုဒေဝါ က ခပ်တိုးတိုး ရယ်နေပါသည် ။ သူ ရယ်သဖြင့် ကျွန်မ လန့်သွားပါသည် ။


“ ရှင် ကဗျာ ရေးနေတာလား ”


ဧကန္တ သူ့ ကဗျာတစ်ပုဒ်ထဲ မှာ ကျွန်မ ရောက်နေလေသလား ။ ရံဖန်ရံခါ သူ က ကဗျာ ထဲ မှာ လူနာမည်တွေ ထည့် ရေးတတ်သေးသည် ။ 


“ မဟုတ်ဘူး ”


သူ က ခပ်တည်တည်ဖြင့် တိုးတိုး ဖြေပါသည် ။ နောက် ကျွန်မ ကို မကြည့်တော့ဘဲ မျက်နှာကြက် ကိုသာ မော့ကြည့် နေသဖြင့် ဘာ ပြောရမှန်း မသိ ဖြစ်သွားသည် ။


ဧကန္တ အကျိတ် ဆိုတာရော တကယ် ဟုတ်ရဲ့လား ။ 


သစ္စာဖြူ ဖြီး နေတာလား ။


ဒါမှမဟုတ် လူတွေ ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ လှီးထုတ်ရောင်း ဝယ်တဲ့ နေရာ တစ်ခုပဲလား ။


အိုး ဘာမှ မဖြစ်ပါစေနဲ့  ။


ပါရဂူ ဟု ထင်ရသူ တစ်ဦး ၏ ရှေ့မှာ ကျွန်မ ထိုင်နေပါသည် ။ 


ကျွန်မ ၏ ရုပ်ပုံကို ဖန်သားပြင် တစ်ခုတွင် ပြန်မြင်နေရပါသည် ။ 


ပီပီသသတော့ မရှိပါ ။


ခဏကြာလျှင် ကျွန်မ နှလုံး၏ ဖြတ်ပိုင်းပုံ ပေါ်လာပါသည် ။ 


“ ခင်ဗျား မှာ အကျိတ် မရှိဘူး ”


တိုးသော်လည်း သူ့ အသံက ခပ်မာမာလေးလေး ဖြစ်ပါသည် ။ အကျိတ် ရှိမနေခြင်းကြောင့်ပင် ကျွန်မ ကို အပြစ်တင်ချင် သလိုလို ။


ကျွန်မ စောစောက အိပ်ရာငယ် မှာ ပြန်၍ လဲလျောင်းရပြန်သည် ။ 


ခြေချင်းဝတ်နှင့် လက်ကောက်ဝတ်ရှိ သွေးကြောများနေရာတွင် ဝါယာကြိုးနှင့်ရစ်ပတ်လျက် ကျွန်မ၏ ရင်ဘတ်ကို ဂျယ်လီလိုအရည် တွေ သုတ်လိမ်းကာ ကိရိယာ တစ်ခုဖြင့် လှည့်မွှေပြန်ပါသည် ။ 


ကျွန်မ မျက်လုံးများ မှိတ်ထားမိသည် ။


စောစောက အမျိုးသမီးသဏ္ဌာန်ကပင် စက်ကို စောင့်ကြည့်ခြင်း ၊ ကျွန်မ ၏ ခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ခြင်း ပြုလုပ်နေပါသည် ။ 


ကျွန် မကို အသက်ရှူဖို့ ပြောထားသော်လည်း ကျွန်မ အသက် မရှူရဲ ၊ တောင့်တောင့်ကြီး ဖြစ်နေပါသည် ။


ခဏကြာလျှင် သူမ စက်မှ အဖြေကို ယူ၍ ပြန်လည် ထွက်ခွာသွားပြန်သည် ။


ကိုဒေဝါ ၏ ခုတင် မှာ ကိုဒေဝါ မရှိပါ ။


သူသည် ကဗျာများ ကို လက်ဟန်ခြေဟန်ဖြင့် အသံကျယ်ကျယ် ရွတ်တတ်သူ ဖြစ်သည် ။


မိတ်ဆွေများ ကို ခင်မင်တတ်သူ ဖြစ်ပါသည် ။


ရံဖန်ရံခါ အရက်ဖိုး တောင်းတတ်သည် ။


ခုမှ သတိရသည် ။


ယခုလို စမ်းသပ်မှုတွေ အတွက် ကုသစရိတ်တွေ ပဲ တောင်းခံလာလေမလား ။


ကျွန်မ မပြောတတ်ပါ ။


အသက်ရှူ မဝ သလို ဖြစ်လာသည် ။


စောစောက အမျိုးသမီးသဏ္ဌာန် ရောက်လာပြန်သည် ။ ဘာကြောင့်မှန်း မသိ အခန်း ထဲမှာ အေးစိမ့်လာ သလို ခံစားရသည် ။


“ ရှင့် မှာ အကျိတ် မရှိဘူး ”


သူမ က ခပ်တိုးတိုး နှင့် ခပ်လေးလေး ပြောလိုက်သည် ။ ကျွန်မ ဝမ်းသာသွားသည် ။


“ ဒါဆို ပြန်လို့ ရပြီလား ”


အရဲစွန့် မေးကြည့်မိသည် ။ 


“ မရသေးဘူး ”


အကျိတ် မရှိဘဲ ပြန်လို့လည်း မရရင် ဘာလုပ်ရမှာပါလိမ့် ။


“ ဘာလို့လဲဟင် ” 


“ ဗိုင်းရပ်စ် ရှိလို့ ”


“ ဘယ်လို ဗိုင်းရပ်စ်မျိုးလဲ ”


ကျွန်မ ရင်ဘတ် ထဲက နှလုံးသား တစ်ခြမ်းကိုပင် ခွဲစိတ်လှီးထုတ် ပစ်တော့မှာလား ကြောက်လာသည် ။


ဗိုင်းရပ်စ် စားသွားပြီလို့ ပြောမှာလား ကျွန်မ တွေးမရဲပါ ။ 


မျက်ရည် ဝိုင်းလာပါသည် ။


သိုးမည်းလေး နှင့် ကျွန်မ တွေ့ နိုင်ပါဦးမလား ။


သူမက ခပ်တိုးတိုး ခပ်မာမာ လေသံဖြင့် ...


“ ဗိုင်းရပ်စ် က ဗိုင်းရပ်စ်ပဲ ၊ ဆေးသောက်ရမယ် ခဏစောင့် ” 


သူမ ထွက်သွားပြန်ပါသည် ။ ကျွန်မ ကျိတ်၍ ငိုမိသည် ။ 


တစ်ဖက်ခုတင်မှာ ကဗျာဆရာ ကိုဒေဝါ ကို တွေ့ရသည် ။ 


“ ရှူး ”


သူ က ကျွန်မ ကို လေသံဖြင့် ခေါ်လိုက်သည် ။ 


ကျွန်မ သူ့ ကို လှမ်းကြည့်လိုက်လျှင် 


“ ခင်ဗျား ဝတ္ထုရေးနေတာလား ” 


ကျွန်မ သူ့ ကို ပြန်မဖြေပါ ။


“ ခင်ဗျား ဝတ္ထု ထဲမှာ ကျုပ် ကို ထည့်ရေးထားတာလား ” 


ကျွန်မ ငိုနေသည့် ကြားမှ သူ့ ကို ညင်သာစွာ ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည် ။ ဒီလူ ဒီလောက် စိတ်ပျက်စရာ ကောင်းမှန်း ခုမှ သိရသဖြင့် စိတ် မသက်မသာ ပြုံးပြမိခြင်းပါ ။


 •••••   •••••   •••••


( ၃ )


ကျွန်မ ၏ အိပ်ရာလေးပေါ်သို့ ကျွန် မပြန်ရောက်လာခဲ့သည် ။ 


ဆေးလိပ်နံ့ သင်းသည့်အိပ်ရာ ။


ခုတင်ပေါ်တွင် ခပ်စုတ်စုတ်ဂွမ်းကပ်ပေါ်မှာ အညာစောင်ပါးပါး လေး ခင်းထားသည့် အိပ်ရာဖြစ်ပါသည် ။


ကျွန်မ ၏ ခင်ပွန်းက ခါတိုင်းလိုပင် စောင်ကို ခေါင်းမြီးခြုံလျက် အိပ်ရာထောင့်မှာ ခပ်ကွေးကွေး အိပ်နေပါသည် ။ သူ့ကို တွေ့၍ ကျွန်မ ဝမ်းသာသွားပါသည် ။


ကျွန်မ အသက်ရှူ မှတ်နေသည် ။


ရင်ဘတ် ထဲ က မအောင့်တော့ပါ ။


အသက်ရှူရတာ ပိုကောင်းလာပါသည် ။


ကိုယ့် အိပ်ရာပေါ် ကိုယ် ရောက်နေသဖြင့်ရော အသက်ရှူရ အဆင် ပြေနေသဖြင့်ပါ စိတ်ချမ်းသာ သွားရပါသည် ။


ထိုနေ့ည မှစ၍ ကျွန်မ နှလုံးသားထဲမှ နာကျင်မှုများ တဖြည်းဖြည်း လျော့ပါးလာခဲ့ပါသည် ။ ကိုဒေဝါ နှင့် ဖြစ်စေ အခြားမိတ်ဆွေများ နှင့် ဖြစ်စေ မတွေ့လိုတော့ပါ ။


ဘာကြောင့်မှန်း မသိ ။ သူတို့ ကို ခပ်လှမ်းလှမ်းက မြင်တွေ့လိုက် သည်နှင့် သူတို့နှင့် ဝေးရာသို့ ကျွန်မ ရှောင်သွားလေ့ ရှိလာသည် ။


စိတ်သစ်လူသစ် ဖြစ်သွားသလိုပင် ။ သို့သော် စာရေးဆရာ ဖြစ်ခဲ့ သော ကျွန်မ၏ ဘဝသည် တစ်စတစ်စ ချုပ်ငြိမ်းသွားခဲ့ပါသည် ။ စာ တစ်လုံး မှပင် ချရေး၍ မရပါ ။ စိတ်ကူးများ အိပ်မက်များ အရာ အားလုံး ခြောက်ခန်းသွားခဲ့ပါသည် ။


ကျွန်မ ကုသခံခဲ့ရသည့် ဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့်ပဲလား ကျွန်မ မသိပါ ။


သစ္စာဖြူ ဆိုသည့် မိန်းမ ဖုန်းဆက် လာလျှင် ကျွန်မ မရှိဘူး ပြောဖို့ ဖုန်းဆိုင်က လူများ ကိုတော့ မှာထားမိပါသည် ။


▢ ခင်မြဇင်

📖 မဟေသီမဂ္ဂဇင်း

     ၂၀၀၇

No comments:

Post a Comment