Tuesday, January 28, 2025

အပြစ် မှာ ပိုင်ရှင်မဲ့ နေ၍


 ❝ အပြစ် မှာ ပိုင်ရှင်မဲ့ နေ၍ ❞

          ( မဦး )

          

အခုမှတော့ ပြောချင်ရာ ပြောကြပါစေ ။ တကယ်ဆိုရင် ကျွန်မ ကရော ဒီလို ဖြစ်ချင်ပါ့မလား ။ ဘယ်ဖြစ်ချင်မလဲ ။ ဒါမျိုး ကျွန်မ လည်းမဖြစ်ချင် ဘူး ။ ဘယ်သူမှလည်း မဖြစ်ချင်ဘူး ။ ဘယ်သူ့ကို မှလည်း မဖြစ်စေချင် ပါဘူး ရှင် ။ ဒါပေမယ့် ... ။


လူ က လုံးဝ ကို မဟန်နိုင်တော့ဘူး ။ ခွန်အားတွေ ဆုတ်ယုတ်ပြီး အရုပ်ကြိုးပြတ် ဖြစ်နေပြီ ။ မျက်စေ့ထဲ ကလည်း ပြာလိုက်တာ ၊ ဘာမှ ပြတ် ပြတ်သားသား မမြင်ရတော့ပါဘူး ၊ ချွေးတွေနဲ့ စိုစွတ်ရွှဲနစ်ပြီး ခြေဖျားလက် ဖျားတွေ အေးစက်ထုံကျင်နေတာရယ် ၊ ရေ ကို အိုးလိုက် မော့သောက်ပစ် ချင်လောက်အောင် ရေ အငတ်ကြီး ငတ် နေတာရယ်ပဲ သိတော့တယ် ။


စပြီး ခံစားနေရတာ သုံးလေးရက် လောက်တော့ ရှိပြီ ထင်တယ် ။ အင်းလေ ... ပြဿနာရဲ့ အစ ကတည်းက ဆိုပါတော့ ။ အဖျား ဝင်လာတယ် ဘယ်လိုမှ ပြန်မကျဘူး ။ ကျပါ့မလား ။ ကျွန်မ ဘာသာ တိတ်တိတ်ကျိတ် ကုနေတာကို ဆရာဝန်တွေ ၊ ဆေးခန်းတွေ ကိုလည်း မပြရဲဘူးလေ ။ အဖျား ကြီးပြီး သတိ လစ်သွားလို့ ဒီကို ခေါ်လာရတယ် လို့ အမေပြောတယ် ။ ဒါပေမယ့် ဘာဖြစ်လို့ ဒီကို မှ ရွေးပြီး ခေါ်လာရတယ် ၊ ဘယ်သူ ညွှန်လို့ ကားငှား ပြီး ဒီ ရောက်လာရတယ်တွေ အမေ ပြောတာ ကျွန်မ မကြား တစ်ချက် ကြား တစ်ချက်ပါပဲ ရှင် ၊ အမျိုးသမီးရောဂါ တဲ့ ...  


ညာဘက်လက် ကို မလှုပ်နဲ့နော် သမီး ၊ သွေး သွင်းထားတယ် လို့ အမေ က ကျွန်မ နား ကပ် ပြောတယ် ၊ အို ... ကျွန်မ ကို သွေးတွေ ဘာတွေ တောင် သွင်းရတယ် ဆိုပါလား ၊ ကျွန်မ ဆေးရုံ ရောက် နေပြီပဲ ။ အား ကျွတ် ကျွတ် ဗိုက် တစ်ပြင်လုံး လည်း အထိ မခံနိုင်အောင် နာနေတယ် ၊ အရမ်း ကိုက် တာပဲ ။


“ အပြင် မှာ ဘာ လုပ်ခဲ့သလဲ ၊ ဒီလို ဖြစ်အောင် ”


ဆရာဝန်မလေး အသံ က ပုံမှန်ပေမယ့်လို့ ကျွန်မ နားထဲမှာ မိုး ခြိမ်းသံ လို ပါပဲရှင် ၊ ကျွန်မ အံကို တင်းတင်း ကြိတ်မိတယ် ၊ ဟင့်အင်း ဟင့် အင်း မဖြေပါရစေနဲ့ ... ကျွန်မ ကို မမေးကြပါနဲ့ ရှင် ၊ ကျွန်မ အသံတိတ် ငြင်းဆန် နေမိပါတယ် ။


“ ဖြေပါ ။ အမှန်အတိုင်း ဖြေပါ ။ ရှင့် ကို ဘယ်သူမှ တရား မစွဲဘူး ။ အမှန်မှာ ဒါ ရာဇဝတ်ပြစ်မှု မြောက်တယ်နော် ။ ညာ လည်း မပြောနဲ့ ကျွန်မ တို့ သေသေချာချာ စမ်းသပ် ပြီးပြီ ။  လိုအပ်လို့သာ မေးတာပါ ။ ဘာဖြစ်ခဲ့ သလဲ ။ ဘာ လုပ်ခဲ့သလဲ ပြော ၊ ရှင့် အသက် ကို စိုးရိမ်ရတယ်နော် ။ အမှန် အတိုင်း သိမှ ကျွန်မတို့ ဆေးကုလို့ရမှာလေ ” 


ဆရာဝန်မလေး ကတော့ ကျွန်မ ကို ချော့လိုက် ခြောက်လိုက် နဲ့ စစ် မေးနေပါပြီကော ။ ကျွန်မ အသက် ကို စိုးရိမ်ရတယ် တဲ့ ။ အဲဒါ သေ မှာ ကို ပြောတာလား မသိဘူး ။ ဘုရား ဘုရား ကျွန်မ မသေပါရစေနဲ့ ဦး ။ ကျွန်မ မှာ လုပ်စရာတွေ ရှိသေးတယ် ။ ကျွန်မ သေ ဖို့ ရည်ရွယ်ပြီး ဒီလို လုပ်တာ မဟုတ်ဘူး ။ ဒီလို ဖြစ်လာလိမ့်မယ်လို့လည်း မထင်ဘူး ။ ကျွန်မလေ သူ့ ကို လက်စား ချေချင်လို့ အရွဲ့တိုက်ချင်လို့ လုပ်တာ ။ အခုတော့ တကယ်တန်း နစ်နာတာ ကတော့ ကျွန်မ ပဲ ဖြစ်နေပါလား ။ ကြည့်စမ်းပါဦး ။ ကျွန်မ က ဒီမှာ သေကောင်ပေါင်းလဲ ဖြစ်နေ ချိန်မှာ သူ ကတော့ ဘဝသစ်ကလေး ကို ကြည်နူးစွာ တည်ဆောက် ပျော်ရွှင်နေသပေါ့လေ ။ ဒါ သူ နိုင်သွားတာလား ။ သူ နိုင်ပြီးရင်း နိုင်သွားတာလား ။ အို ... မတရားဘူး ။ လောကကြီး မတရားဘူး ။


ကျွန်မ ခေါင်း ကို တွင်တွင် ခါရမ်းပစ်လိုက်တယ် ။ မုန်းတီး နာ ကြည်းဖွယ် သူ့မျက်နှာ ၊ အောင်နိုင်သူ ရဲ့ ဟားတိုက် ရယ်မောသံတွေ ကျွန်မ မျက်စိ ထဲ နား ထဲ က ထွက်သွားအောင် အတင်း ခါယမ်း မိတော့တယ် ။


“ ဒီလို ငြင်းလို့တော့ မရဘူးလေ ။ တစ်ခုခုတော့ လုပ် ထားမှာပဲ ။ ဒီလောက် အဖျားတွေ တက် နေတာ အဲဒါ ပိုးဝင်တာ သိလား ။ သာမန် ကလေး ပျက်ကျရင် ဒီလို မဟုတ်ဘူး ။ ခု အထဲ မှာ ပုပ် နေပြီ ။ အဒေါ်ရော မသိဘူးလား ကိုယ့် သမီး အကြောင်း ဝိုင်း ဖုံးမထားပါနဲ့ ”


“ ဘုရားစူးရစေ့ တကယ့် ကို မသိလို့ပါ ဆရာမလေး ရယ် ။ အဒေါ် တို့လည်း ဈေး ထွက် ရောင်းနေတော့ သူ က အိမ် မှာ ကျန်ရစ်တာပါ ”


ထစ်ငေါ့တုန်ရင် နေတဲ့ အမေ့ အသံ ။


အမေ မသိတာ အမှန်ပဲပေါ့  ။ သွေးဆုတ်ဖြူလျော် အဖျားကြီးပြီး သတိ လစ်နေတဲ့ သမီး ကို ဆေးရုံ လိုက်ပို့ကာမှ အမေ့ ခမျာ ဘုမသိ ဘမသိ နဲ့ အဆူ ခံနေရတဲ့အဖြစ် ။


“ ဆ ... ဆရာမရယ် ... အမေ့ ကို မဆူပါနဲ့ ။ အမေ ဘာမှ မသိတာ တကယ်ပါ ။ ကျွန်မ ဘာသာ ကျွန်မ ဘာသာ ”


ပြောရင်း ပြောရင်း အမေ့ ကိုလည်း သနား ။ အရှုံးတံခွန် ကို လွှင့် ထူရင်း ရှုံး ပြီးရင်း ရှုံးနေတဲ့ ကျွန်မ အဖြစ်ကို တွေးမိလို့ ဆက် မပြောနိုင်တော့ လောက်အောင် ကို ရင် ထဲ မှာ တင်းကျပ် ဆို့နင်ပြီး အသံ က တိမ် ဝင်သွား ပါတယ် ။ မျက်ရည်တွေက ပြည့်လျှံလာပြီး မျက်နှာဘေး တစ်ဘက် တစ် ချက် စီး ကျသွားလို့ နား နှစ်ဘက် ထဲ မှာ ပူနွေး စွတ်စိုသွားတယ် ။


“ ဟုတ်ပြီ ။ မငိုနဲ့ ဆက်ပြော ”


“ ကျွန်မ ဘာသာ လက်သည် ဆီ မှာ ဟို ဖျက် ဖျက်ခဲ့ ”


သိလိုက်ပါတော့လား ဆရာမရယ် ။ ဒီ စကား ကို ကျွန်မ မနည်း ကို အားတင်း ပြောရတယ် ဆိုတာ သိလိုက်ပါတော့ ။  


“ ဘာလို့ လုပ်တာလဲ ။ ကလေး ကို မလိုချင်လို့ပေါ့ ဟုတ်လား ” 


“ ဟုတ်ကဲ့ မလိုချင်လို့ ။ သင်း ရဲ့ ကလေး ကို လူ မဖြစ်စေချင်လို့ ”


“ ဖြစ်ရလေ ရှင် ။ ကိုယ်ဝန် ကို မရှိခင် ကတည်း က တား ရတယ် ။ ရှိပြီးမှ ဒီလို လုပ်တာ ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဟင် ။ ရှင် သိပ်မိုက်ပါလား ”


“ ဟုတ်ပါတယ် ဆရာမရယ် ။ ကျွန်မလေ ကိုယ်ဝန် ရှိစက အနေ အထိုင် အစားအသောက် အားလုံး ဆင်ခြင်ပြီး နေခဲ့တာပါ ။ ခုတော့ လူမှု ရေး ဖောက်ပြန်တဲ့ သူ့ ရဲ့ သွေး ။ အကြင်နာ ကင်းမဲ့တဲ့ သူ ရဲ့ သွေး ကို ကျွန်မ ရင် နဲ့ လွယ် မထားနိုင်တော့ဘူး ။ အနည်း နဲ့ အများ သူ့ကို စိတ် ထိခိုက်ရင် ထိခိုက်ပါစေတော့ ဆိုပြီး ကျွန်မ လုပ် လိုက်မိတာပါ ။ ဒီလောက် ထိ ဆိုးဝါး သွားမယ် ဆိုတာ လုံးဝ မသိခဲ့ဘူး ”


ဆရာဝန်မလေး က ဖျက်ချပေးတဲ့ လက်သည် အမည် နဲ့ နေ ရပ်လိပ်စာ ကိုပါ မေးပြီး ရေး မှတ်ပါတယ် ။


“ မတတ်နိုင်ဘူးလေ ။ ဒါ ရာဇဝတ်မှု ပဲ ။ ထိမ်ချန်ထားလို့ မဖြစ် ဘူး ။ သူ နေကောင်းသွားရင်လဲ သူရော တရား မဝင်ဖျက်ချ ပေးတဲ့ သူကိုပါ တရားဥပဒေ အရ အရေး ယူ ခံကြရမှာပဲ ”


ဆရာဝန်မလေး က ခပ်လှမ်းလှမ်း ရောက်မှ သူ့ ဘေး က သူနာပြု ဆရာမလေး နဲ့ ပြော သွားတာကို နားစွင့် နေတဲ့ ကျွန်မ ကြား လိုက်ရ ပါတယ် ။


“ ဘယ် တတ်နိုင်မလဲ ။ ကိုယ်ပြုတဲ့ အပြစ်ဒဏ် ကိုယ် ခံရမှာပေါ့ ”


“ ဘယ်လိုလဲ သမီးရယ် ။ အမေ တော့ နား ကို မလည်တော့ဘူး ။ သမီးတို့ ချင်း ချစ်ကြလွန်းလို့ မိဘ သဘောမတူ ဘဲ ဝိုင်း ကန့်ကွက်တဲ့ ကြား ထဲက အတင်း လိုက်သွားပြီး ယူ ခဲ့တဲ့ ယောက်ျား မဟုတ်လား ။ ခု ဘယ်လို ဖြစ်ရတာလဲ ။ အမေ့ ကို ပြောစမ်းပါဦး သမီးရယ် ”


အမေ့ ရဲ့ မချိတင်ကဲ မေးသံ က ကျွန်မ ရင်ထဲ ဆို့ကျပ်သွားတာပဲ ။ သမီး ပါ နေမှတော့ သား ပဲ လို့ သဘော ထားပြီး အိမ်ပေါ် ခေါ်တင် ကျွေးမွေးစောင့်ရှောက် ထားတဲ့ မိဘ ကို သစ္စာ မရှိတဲ့ ယောက်ျား အကြောင်း ဘယ်လို ပြော ထွက်ပါ့မလဲ အမေ ရယ် ၊ ကျွန်မ တစ်ယောက်တည်း ဖြစ်လာသမျှ ရင်စည်းခံမယ် ဆိုပြီး တစ်ယောက်တည်း ဇွတ် လုပ်ခဲ့မိသမျှ အမေပါ အရှက် တကွဲ အဆူခံ အပြောခံ ဖြစ်ရတာ ကျွန်မ ကို ခွင့်လွှတ်ပါတော့ ။


တောက် သင်း ကြောင့် ခုလို ဖြစ်ရတာ ၊ သစ္စာမဲ့တဲ့ ယောက်ျား အို ကျွန်မ ဘာလို့ အရှုံး ပေးရမှာလဲ ၊ သင်း ကို ဒုက္ခ ရောက်အောင် လုပ်ဖို့ ကျွန်မ အသက် ရှင် ရဦးမယ် ၊ သင်း ကို လက်စားချေဖို့ ကျွန်မ သေ ကို မသေ သေးဘူး ၊ ငယ်ထိပ် အထိ ဆူဝေလာတဲ့ မကျေနပ်ခြင်း ၊ ဒေါသတွေက လောကကြီး ကို  မှောင်ကျသွားစေပြန်ပြီ ။


       •••   •••   •••   ••• 


ရောင်စုံ ပွင့်နေကြတဲ့ ပန်းခင်းကြီး ကြား မှာ ပြုံးရွှင်ရယ်မော လို့ လက်ချင်း ချိတ် လျှောက်လှမ်း လာကြာတာ ကျွန်မ နဲ့ မောင် ပေါ့ ။ သိပ်ကို ချစ် ကြတာပဲ ၊ မောင် က ပန်းကလေး တစ်ပွင့် ခူးပြီး ကျွန်မ ခေါင်းပေါ် မှာ ပန် ပေးတယ် ။  


ပြုံးမော့မော့လေး ကြည်နူး နေသူဟာ ကြည့်ရင်း ကြည့်ရင်း ကျွန်မ မဟုတ်တော့ပါလား ၊ သူ ဘယ်သူလဲ မောင့် လက် ကို ချိတ်တွဲထားတာ ။ ဟင် မောင် က ကျွန်မ ကို မျက်နှာထား တင်းတင်းနဲ့ ပြန် ကြည့်ပြီး ဟို မိန်းကလေး နဲ့ လက်တွဲ ထွက်သွားတယ် ။ ဒါ ဘာသဘောလဲ ဘာလုပ်တာလဲ မောင် ။


ကျွန်မ အာခေါင် ခြစ်ပြီး စူးစူးနစ်နစ် အော် ခေါ်ပစ်လိုက်တယ် ။


ကျွန်မ လက် ထဲ မှာ ဓား တစ်ချောင်း ရောက်လာပြီ ။ မောင့် လက် ကို ကျွန်မ လှမ်း ဆွဲလိုက်တော့ မောင် က ကျွန်မ လက် ကို ပုတ်ထုတ်ပြီး ဆက် လျှောက်ဖို့ ပြင်တယ် ။ အို ကျွန်မ သည်းမခံ နိုင်တော့ဘူး ။ မောင့် ကို လက် ထဲက ဓား နဲ့ တအားကုန် ထိုး လိုက်တယ် ။ တစ်ဆက်တည်း ဟို မိန်းမ ကို လည်း ဓား နဲ့ အဆက်မပြတ် ထိုး လိုက်တာ သွေးတွေ ဟာ ခြင်းခြင်းနီရဲလို့ ၊ ကောင်းတယ် မှတ်ထား ။ 


အို ... သွေးအိုင်ထဲ လဲနေတာ နောက်တော့ ကျွန်မ ကိုယ်တိုင် ဖြစ်နေပါလား ။ ကျွန်မ အတင်း လူးလဲထ လိုက်တယ် ။ မထ နဲ့ မထ နဲ့ ဆိုတဲ့ အသံတွေ ကြား ရတယ် ။ ကျွန်မ ကိုယ်တွေ ခြေလက်တွေ ကိုလဲ အတင်း ဖိ ထားကြတယ် ။ ကျွန်မ ရုန်းကန်ရင်း မောလာတယ် ။


“ သမီး သမီး မထနဲ့လေ သတိရပြီလား ၊ အမေ ရှိတယ် ” 


အမေ့ အသံ ။


နူးညံ့ပျော့ပျောင်း တဲ့ အမေ့ အသံ ၊ ကျွန်မ သတိထား မိပြီ ။ ကျွန်မ ကယောင်ကတန်းနဲ့ အိပ်မက် မက်နေတာနော် ။


“ အမေ ... အမယ်လေး ၊ သမီး မသေဘူးနော် ”


“ အို သမီးရယ် ၊ သမီး ကို ဆရာဝန် ဆရာမတွေက အကောင်းဆုံး ကုသနေပါတယ် ။ 

စိတ် ကောင်းကောင်း ထားလေ ။ နေ ကောင်းအောင် နေ နော် ၊ ဘာမှ မပူနဲ့ သိလား ”


အမေ ... ဟန် မဆောင်တတ်တဲ့ အမေ့ အကြောင်းကို သမီး ကောင်းကောင်း သိပါတယ် အမေရယ် ။ အမေ ညာ ရင် မပိရိဘူး ။ 


ဟန်ဆောင် ပြုံးရယ်ပြနေတဲ့ အမေ့ မျက်နှာပေါ်မှာ တစ်ခုခု ကို အမေ ကိုယ်တိုင် က အားပေးရင်း စိုးရိမ် နေတယ် ဆိုတာ ကျွန်မ သိတာပေါ့ ။


အမေ က ဘုရားစာအုပ် ဝါဝါလေး ကို ဖွင့်ပြီး ဓာရဏပရိတ်တော် ကို ရွတ်ဖတ်ပြတယ် ။


အမေ့ အသံ ငိုသံ ပါနေတယ် ... အမေ ။


       •••   •••   •••   ••• 


“ မင်း ငါ့ ကို ဘာ ငြင်းချင်သေးသလဲ ဆိုတဲ့ မျက်ဝန်း နဲ့ တရားခံ ဖမ်း သလို လာ မကြည့်နဲ့ ၊ အဲဒါ ငါ့ စာ အမှန်ပဲ ”


“ ဪ ... ဒီတော့ စာ ထဲက ကိုကို ဆိုတာ ရှင့် ပေါ့ ၊ ဟင် ချစ် ဆိုတာက သူများ ယောက်ျား ကို ကာမပိုင် ရှိမှန်း သိရက်သားနဲ့ ကြောင်တောင်နှိုက်တဲ့ ဟာမပေါ့ ။ ကိုကို တဲ့ ။ ကိုကို မိန်းမကြီး ကို ပိုင် ရဲ့လား တဲ့ ။ ချစ် က ကြောက်တတ်တယ် နော် တဲ့ ။ ဟား ဟား ကြောက် ရင် ဒီလို မနေ သေးဘူး ကြာကူလီမ ”


“ တိတ်စမ်း ၊ မင်း သူများ ကို ချိုးချိုးဖဲ့ဖဲ့ မပြောနဲ့ ... ”


“ ပြောရမယ်ရှင့် ပြောကို ပြောရမယ် ၊ ရှင့် ဟာမ ထိတော့ နာသ လား ၊ သူများတွေ ပြောတုန်းကတော့ ကိုယ် ယောက်ျား ကိုယ် စိတ်ချလွန်းလို့ လုံးဝ မယုံခဲ့ဘူး ၊ ဒီလောက် သစ္စာ မဲ့မယ် မထင်ဘူး ၊ ဒါဖြင့် ရှင် အစ က ကျွန်မ ကို ဘာလို့ ယူ သေးလဲ ၊ ဘာလို့ ခိုးပြေးသေးလဲ ဟင် ၊ ကိုယ်တိုင် လက်ပူးလက်ကြပ် မိမှပဲ တောင်ပို့ကြီးမှန်း သိ တော့တယ် ။ အမယ်လေးတဲ့ ဘုရား မှတ် လို့ ကိုးကွယ်မိပါတယ် တော့ ”


“ တိုးတိုး ပြောစမ်း ၊ ဘေးအိမ်တွေ သိ ကုန်မယ် ”


“ ဟင် ဒါတော့ ရှင် ရှက်သလား ၊ ဖောက်ပြန်နေတဲ့ လူဟာ အမှန် ပြောတာကို ရှက်သလား ၊ ဒီ မိန်းမ ကို ရှင် ဖြတ်မလား မဖြတ်ဘူးလား ၊ ဒါပဲ ပြော ”


“ ဖြတ်စကား မပြောနဲ့ ၊ ငါတို့ ယူ ပြီးပြီ ” 


“ ဘာ ဘာပြောတယ် ” 


“ ဟုတ်တယ် ... ယူပြီးပြီ ၊ သူ့ မှာ ကိုယ်ဝန် နှစ်လ ရှိပြီ ”


ခေါင်း ထဲ မှာ မိုက်ခနဲ ဖြစ် သွားပြီးတော့ ကျွန်မ ရုတ်တရက် ကြက် သေသေသွားတယ် ။ မောင် ပြောရက်လိုက်တာ ။ ပြောထွက်လိုက်တာ မောင် ရယ် ။ တကယ်ဆို အလကားပါကွာ ၊ အပျော်ပါ ၊ မောင့် မိန်းမ ကို ကျေနပ် တဲ့ အထိ မောင် တောင်းပန်ပါတယ် ကွာ ။ သူ့ ကိုလည်း လုံးဝ အဆက် ဖြတ်လိုက်မယ်နော် ။ စိတ်ချ လို့ အချို သပ်ပြီးပြော နောက် မှ ခိုး လုပ်ရင်တောင် မှ | ကျွန်မ ဆိုတဲ့ မောင့် ကို သိပ်ချစ်တဲ့ မိန်းမမိုက် က အဆင်ခြင်မဲ့စွာ ခွင့်လွှတ် ချင် လွှတ်မိဦးမှာပါ ။ ပြီးတော့ မောင်နဲ့ ကျွန်မကြား နွယ်ယှက်နေတဲ့ သံယောဇဉ်ကြိုးမျှင်လေး ကို မောင် လည်း အသိပဲ ။ ဟုတ်တယ် ကျွန်မ မှာ မောင့် ရင်သွေးလေး ကို လွယ် ထားရတာ လေးလ လည်း ကျော်ပြီပဲ ။ သား မွေးမယ် သမီးမွေးမယ် လို့တောင် လောင်းစား ကြည်နူးခဲ့သေးတာ မောင် မေ့မယ် မထင်ပါဘူး ဒါနဲ့တောင် ...  ။


အားငယ်စိတ်တွေ ၊ သိမ်ငယ်စိတ်တွေ နေရာ မှာ မခံချင်ခြင်း နဲ့ နာကြည်းခြင်း တွေ က တာရိုးကျိုးပေါက်သွား တဲ့ ရေလုံးတွေ လို အတား အဆီးမဲ့ တွန်းထိုး ဝင်ရောက်လာတယ် ။ ကျွန်မ မျက်လုံးတွေ အေးစက်ကျဉ်း မြောင်းသွားတယ် ။ မဲ့ပြုံး ကို ပီပီပြင်ပြင် ပြုံး လိုက်တယ် ။


“ ကောင်းပြီ ဒီ ဗိုက်ထဲက ရှင့်ကလေး ကို အရှင် မထားတော့ဘူး ” 


“ ဟင် ဘာ မင်း မင်း မမိုက်ရိုင်းနဲ့ နော် ”


“ ပြန် စဉ်းစားကြည့်စမ်း ကိုယ် လုပ်တာ ကိုယ် ပြန်စဉ်းစားစမ်း ၊ ကလေး ရှိတာလည်း ရှင် သိတယ် ။ မိန်းမ ရှိတာလည်း ဟိုဟာမ သိတယ် ၊ သိသိကြီး နဲ့ လူမှုရေး ဖောက်ပြန်တဲ့ လူတွေက မိုက်ရိုင်း ကြတာပါလေ ”


“ စိန်လိုက် ရှင် လည်း လုပ်ချင်တာ လုပ် ကျွန်မ လည်း ကျွန်မ သဘောပဲ ၊ ရှင့် ရဲ့ အမျိုးကောင်း သမီးလေး ရဲ့ ဂုဏ်သိက္ခာ ကို ယောက်ျား ကောင်း ပီသစွာ ဆက်ပြီးတော့ ဆယ်ယူ မြှင့်တင်လိုက်ဦး ပေါ့ ”


စိတ်ညစ်စိတ်ရှုပ် သွားပြီး ဘာ လုပ်ရမှန်း မသိ ဖြစ်သွားတဲ့ မျက်နှာကို စက်ဆုပ်စွာ ကြည့်ရင်း ကျွန်မ ဝမ်းနည်းမျက်ရည် တစ်စက် တောင် မှ အားနာပါးနာ မထွက်ဖြစ်ခဲ့ဘူး ။ မိန်းမတွေ ကို ကျွတ် မိန်းမများ ဒီလောက်တော့ ဖြစ်ပါတယ်ကွာ ၊ ပိုင်ပါတယ် ဆိုပြီး လျှော့ တွက်ကြတဲ့ လူတွေ ကို မိန်းမတွေ အကြောင်း ကောင်းကောင်း ပြ ရသေးတာပေါ့ ။


       •••   •••   •••   ••• 


မခံချင်ခြင်း ၊ နာကြည်းခြင်း ဆိုတဲ့ စိတ် တွေ က ပဲ ဖိစီးနေတော့ ကျွန်မ လုပ်ချင်တဲ့ ရည်ရွယ်ချက် ထမြောက်အောင်မြင်ရင် ပြီးရော ဆိုပြီး နောက်ဆက်တွဲ လိုက်လာမယ့် အကျိုးအပြစ်တွေ ကို လည်း မစဉ်းစားမိခဲ့ ဘူး ၊ အမေ့ ကိုလည်း မတိုင်ပင်ခဲ့ဘူး ၊ ကျွန်မ လုပ်မယ့် ကိစ္စမှာ အတားအဆီး ဖြစ်မှာ စိုးတယ်လေ ။


ဘာမှ မဖြစ်သလို မသိသလို နေခဲ့တယ် ။ ဗဟုသုတ ကလည်း မရှိ ။ ရှိတောင်မှ အမှောင် ဖုံးလွှမ်းနေတဲ့ ကျွန်မ စိတ် ကို မိုက်မဲခြင်း တွေ ကသာ ကြီးစိုးနေခဲ့တာပေါ့ ။


ငွေ မျက်နှာတွေကြောင့် ဥပဒေ အပြင်ကနေ ပုန်းလျှိုးကွယ်လျှိုး ခိုးကြောင်ခိုးဝှက် နဲ့ အာမခံတဲ့ သူ ကြောင့်လည်း ကျွန်မ က ခပ်ပေါ့ပေါ့ တွက် မိတာလဲ ပါတယ် ။ သူ လုပ်ပေးတာ ဘယ်နှစ်ယောက် ရှိပြီ ဖြစ်ကြောင်း ၊ တစ်ယောက် မကျန် အောင်မြင်ကြောင်း ၊ ဘာ ပြဿနာမှ မပေါ်ခဲ့ဖူးကြောင်း ၊ ဘာ ဆေးမှလဲ သောက်စရာ မလိုကြောင်း ၊ အားလုံး အဆင်ပြေ နေကြကြောင်း ရွှန်းရွှန်းဝေအောင် ပြောတဲ့ နောက် နားယောင် ပါ သွားမိတာပဲ ၊ ပြောသာ ပြောတာ သူ က ကျွန်မ ကို လာ ဆွယ်တာတော့ မဟုတ်ပါဘူး ။ ကျွန်မ က သွား ဆက်သွယ်တာပါ ။


အဲဒီ နောက်ပိုင်း ကျွန်မ တစ်ယောက်တည်း မိုက်မဲမှားယွင်းမှု ချောက်ကမ်းပါးနက်ကြီး ထဲ ကို ဒလိမ့်ခေါက်ကွေး ကျ ခဲ့ရတာပါပဲ ။ ပြေး ပေါက် မရှိတဲ့ သားရဲတွင်း ထဲ မှာ မောဟိုက်ပင်ပန်း နွမ်းလျပြီး အသက် ကို ခဲပင်ပန်းစွာ ရှူ နေရပြီလေ ။


အို ... မွန်းလိုက်တာ ကျပ်လိုက်တာ ။ မောတယ် မောတယ် ။


“ သမီး ဘာဖြစ်လဲ ၊ မောတယ် ဟုတ်လား ။ သမီး နှာခေါင်းမှာ လေ ပိုက် တပ်ထားတယ် ။ သတိထား ။ အသက် မှန်မှန် ရှူနော် အမေ ဆရာဝန် သွား ပြောပေးမယ် ”


ကသောကမျော ပြောပြီး အမေပြေးထွက်သွားတယ် ။


ဪ အမေ ... အမေ အသက် ကြီး ကာ မှ သမီးမိုက် ကြောင့် ဒုက္ခ ရောက်ရပြီ နော် ။ ကျွန်မ ကို ပြန်ပြုစုနေရရှာတယ် ။ ချွဲကျပ်ပြီး အန်တော့လည်း ထွေးခံလေး ကပျာကသီ ခံပေးရ ။ ဆီးဝမ်း က အစ အားလုံး လုပ်ပေးရ နဲ့ ကျွန်မတော့ ငရဲ ကျမှာ သေချာနေပါပြီကော ။ အပြစ် မဲ့တဲ့ ကလေးကို ဖျက်ဆီးမှု ၊ အနန္တောအနန္တဂိုဏ်းဝင် မိဘ ကို စိတ်နှလုံး ညှိုးချုံးအောင် လုပ်မှု ဆိုတဲ့ အကြီးလေးဆုံး ပြစ်မှုတွေ နဲ့ ငရဲ မှာ တူးကပ် အောင် ခံ ရတော့မှာပါ ။


 ကောင်းသွားရင်လည်း ရာဇဝတ်ပြစ်ဒဏ် ခံရဦးမယ် ။


ဘေးဘီ ကို မှုန်ဝါးတဲ့ မျက်လုံးတွေ နဲ့ အားကိုး ရှာမိတယ် ။ အို ကျွန်မ လို မိန်းမ လူနာ တွေ ချည်းပဲ ။ နှာခေါင်း ပိုက်တန်းလန်း ၊ သွေးပုလင်း တန်းလန်း ၊ ခုတင်ခြေရင်း မြှင့်ထားသူ က တစ်မျိုး ၊ အောက်ဆီဂျင်ပိုက် သွင်း ထားသူကတစ်မျိုး ။ အားလုံးက သူ့ အကြောင်း နဲ့ သူ ကံမကောင်းကြရှာ ဘူးနော် ။ ဒီအထဲ ကျွန်မ လို မိုက်တွင်း နက်ခဲ့တာတွေ ဘယ်နှစ်ယောက် ပါမယ် မသိ ။ အမေ နဲ့ အတူ ဆရာဝန်မလေး ပါ လာတယ် ။ ကျွန်မ ကို စမ်းသပ် စစ်ဆေး နားထောင်တယ် ဝမ်းဗိုက် ကို လက် တင် လိုက်တာနဲ့


“ အမလေး လုံးဝ မထိပါနဲ့ ၊ မခံနိုင်လို့ပါ ဆရာမ ရယ် ”


“ အိုး အရမ်း နာနေသလား ။ ဟုတ်တယ် ။ အစ်မ ရဲ့ သားအိမ် ထဲ ကို ဝင်တဲ့ ရောဂါပိုးတွေ က အစ်မ ဗိုက် ထဲ က အူတွေရော တစ်ဗိုက်လုံး လျှောက် ပြန့် ကုန်လို့ ရောင်ကိုင်းပြီး နာ နာနေတာပေါ့ ။ ကျွန်မတို့ ဆေးတွေတော့ ပြည့်စုံအောင် ပေး ထားတယ်နော် ။ အောက်ဆီဂျင် ကိုလည်း ကျွန်မ ညှိပေး ခဲ့မယ် ။ ဒီလိုပဲ ရောဂါ ပြင်းထန်တော့ အလူးအလဲ ခံရတာပေါ့လေ ။ စိတ် တင်းထားစမ်းပါ အစ်မ ရယ် ”


စိတ်သက်သာအောင် ပြောတဲ့ ဆရာမလေး ကို သိပ်ပြီး ကျေးဇူး တင် မိတယ် ။ အပြောလေး ကလည်း ချိုလိုက်တာ ။ နည်းနည်းတော့ သက်သာ သလို ရှိ သွားတာပေါ့ ။ သူ ပြန်လာပြီး ပိုက် ထဲ ကို ဆေး တစ်လုံး ထိုး တယ် ။ ကျွန်မ လက်ဖျံသွေးကြော ထဲ သွင်း ထားတဲ့ ပိုက် က ဆေးရည် တွေ တစ်စက် ပြီး တစ်စက် စီးဝင် နေတယ် ။ ဆေး ထိုး ပြီးပြီးချင်း ဟိုဘက် ခုတင် က လာ ခေါ်တယ် ။


“ ဒေါက်တာ လာ ကြည့်ပါဦး ။ အမောဖောက် နေပြီ ထင်တယ် ” ဟုတ်ပါရဲ့ ။ 


ဟို ခုတင် က အမျိုးသမီး ကြည့်ရတာ အသက် ကို တော်တော် ကလေး ခက်ခက်ခဲခဲ ရှူ ရတဲ့ ပုံပဲ ။ ဆရာဝန်မလေး သွား ကြည့် အပြီး မှာ ချက်ချင်းပဲ အခြား ဆရာဝန်တွေ ဆရာမတွေရော ဝိုင်းအုံလို့ ပျားပန်းခတ် သွားတာပဲ ။ ဆေးထိုးတဲ့ သူ ထိုး ၊ ချွဲစုပ်စက်ကြီး နဲ့ စုပ် ရှုပ်ယှက်ခတ်သွား တယ် ။


“ သမီး ကြည့် မနေနဲ့လေ ။ မျက်စိ မှိတ် ကိုယ့် ဘာသာ ကောင်း အောင်နေ ။ ဘုရားစာ ရွတ်နေပါလား ”


“ ဟင့်အင်း အမေ သမီး ကြည့်ပါရစေ ”


ကျွန်မ ခေါင်းမာစွာပဲ အမေ့ စကားကို ငြင်းဆန် နေမိတယ် ။ ခေါင်း ထဲ ကတော့ ရီဝေဝေ မူးမှိုင်းမှိုင်းနဲ့ပါပဲ ။ အဖျား ကလည်း ကျတယ် ရယ် လို့ မရှိဘူး ။ ထိုး လိုက်ရတဲ့ ဆေးတွေကလည်း တင်ပါးတွေ ကျိန်း ၊ လက်ခုံ ၊ တံတောင်ကွေး ၊ ခြေကျင်းဝတ်တွေ လည်း ကြည့် မကောင်း ရှုမကောင်း လောက်အောင် ကို မည်းပြာပြာ ညိုညစ်ညစ် အကွက်တွေနဲ့ ပြည့် နှက်နေတယ် ။ အဖတ် လည်း စား မရ ၊ အရည်လေး နည်းနည်း ပဲ ဝင်တယ် ။


ဟော အဖျား လိုက် တိုင်း တဲ့ ဆရာမကြီး လာ ပြီ ။  


ကျွန်မ ကတော့ အဖျား ရှိနေဦးမှာပဲ ။ ကျွန်မ ရောဂါပိုး ကို နိုင်တဲ့ ဆေး မရှိတော့ဘူးလား ရှင် ။ ဆရာမကြီး က အခန်း ထဲ က လူနာတွေ ကို တစ်ခုတင် ပြီး တစ်ခုတင် အဖျား တိုင်းရင်း ပါးစပ် ကလည်း သူ့ ဝသီအတိုင်း နှုတ်ကြမ်း လျှာကြမ်း နဲ့ တတွတ်တွတ် ပြောနေတယ် ။


“ ကိုယ့် ဘာသာ ပေါက်ကရတွေ လုပ် ။ သေလုမြောပါး ဖြစ်မှ ဆေးရုံ ကို လာကြ သိလား ။ နင်တို့ အတွက် ကုန် လိုက်တဲ့ ဆေးတွေ နည်းမှတ်လို့ လား ။ ခုနက ထိုး တဲ့ အသက်ကယ်ဆေး ဆို တစ်ပုလင်း တစ်ရာ့ငါးဆယ် နှစ်ရာ ။ တစ်နေ့ ရှစ်ပုလင်း ကိုးပုလင်း ။ တွက် ကြည့်စမ်း ။ ဆိုဒါဘိုင်ကပ် ဆိုတဲ့ ဆေး က တစ်ပုလင်း ရှစ်ဆယ် လေး ပုလင်း ။  ပိုး သေတဲ့ ဆေးသုံးမျိုး ကလည်း တစ်နေ့ လေးကြိမ် ၊ သွင်း လိုက်ရတဲ့ ဂလူးကိုစ် ကလည်း တစ်နေ့ လေးလုံး ၊ တစ်နေ့ တစ်နေ့ ကို နင် တို့ တစ်ယောက် စီ အတွက် အောက်ထစ် နှစ်ထောင်ကျော် ကုန်တယ် နားလည်ကြရဲ့ လား ။ ဆေးရုံ ဆိုတာ ဆေးကုရ မှာပဲ ။ မှန်တယ် ။ ဒါပေမယ့် ရိုးရိုး ၉၆ ပါး မဟုတ်ဘဲ နင် တို့ မိုက်တွင်း တူး လို့ ဖြစ်လာတဲ့ ဟာမတွေ ကို အဖိုးတန် တဲ့ ဆေးတွေ သုံးပြီး အသက်ကယ် နေရတယ် ။ ကောင်း သွားလို့ ဆေးရုံ က ဆင်းသွားကြရင်လဲ နောက်ထပ် ဖန်တီး လာခဲ့ကြဦးပေါ့ ”


သူ လုပ်စရာ ရှိတာ လုပ် ၊ ပါးစပ် ကလည်း မနားတမ်း ပြောပြီး ထွက် သွားတော့တာပါပဲ ။ ဘယ်သူမှလဲ မထောက်ခံ ၊ ဘယ်သူမှလဲ မကန့် ကွက် ။ အားလုံး မျက်နှာငယ်လေးတွေ နဲ့ ငိုင် နေကြတယ် ။


“ ဆရာမကြီး ပြောတာ အရမ်း မှန်တယ် ။ သူ အဲဒါ ကရုဏာ ဒေါသော နဲ့ ပြော သွားတာ ။ သူ့ ကို စိတ် မကွက်လေနဲ့ ။ ဆင်းရဲချမ်းသာ မရွေး ညစ်ပတ် နံစော်နေတဲ့ လူနာတွေ ကို မရွံမရှာ တာဝန်ကျေကျေ လုပ်ပေး နေ တဲ့ ဆရာဝန်ဆရာမတွေ ဘယ်လောက် ကျေးဇူး တင်ဖို့ ကောင်းလဲ ။ အဲဒီ ဆရာမကြီး ဆို အရမ်း အလုပ်လုပ်တာ ။ နားတယ်ရယ်လို့ မရှိဘူး ။ ပါးစပ် က ပြော တာတော့ တည့်တိုးကြီး ဖြစ်နေလို့သာ ။ မှန်တာတော့ အမှန်ပဲ ” 


အမေ ပြောတာနဲ့ ဆရာမ ပြောတာတွေ အထပ်ထပ် ကြားနေတုန်း


“ အမလေး သမီးလေး ရယ် ။ အဖြစ် ဆိုးလှချည့်လား ။ မောင်အောင့် ကို ပို ချစ်လို့ လိုက် သွားတာပေါ့နော် ။ ညည်း အဖေ ခရီး က ပြန် လာတာကို တောင် မစောင့်တော့ဘူးလား ။ အမိုက်မလေး ရဲ့ ”


စီကာပတ်ကုံး ဖွဲ့နွဲ့ ငိုယိုလိုက်တဲ့ လူနာစောင့် အဘွားကြီးရဲ့ ငိုသံ အောက် မှာ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက် သွားပြီး ဝိုင်း ကြည့် နေကြတော့တယ် ။ ခုနက မိန်းကလေး ရဲ့ မျက်နှာ ကို ကျွန်မ ကြည့် လိုက်တုန်းက အဆင့်ဆင့် ပြောင်းလဲ သွားတဲ့ ပုံစံတွေ ကို ကျွန်မ မျက်စိ ထဲ က မထွက်ဘူး ။ အခုတော့ သူမ ငြိမ်သက် သွားပြီလေ ။  


ဆရာမ တစ်ယောက် က နှာခေါင်း က အောက်စီဂျင်ပိုက် ကို ဖယ် ရှားလိုက်တယ် ။ ခန်းဆီး အဖြူတွေ ချက်ချင်း ရောက်လာပြီး ခုတင် ကို ဝိုင်း ပတ် ကာရံ လိုက်ကြတယ် ။ သူမ တကယ် သေသွားပြီပဲ ။ ဘုရား ဘုရား ကျွန်မ လည်း အဲဒီလို မဖြစ်ပါရစေ နဲ့ ။ မသေပါရစေ နဲ့ ဦး ရှင် ။


       •••   •••   •••   ••• 


စဉ်းစားကြည့်ပါ ။


ဘယ့်နှယ် ယောက်ျားတွေ က သစ္စာစောင့်စည်းမှု မရှိဘဲ ထင်ရာစိုင်းတိုင်း မိန်းမတွေ က ဖြစ်ပြီးတာတွေ ပြီးပါစေ သဘောလေးထား စိတ်နှလုံးကောင်းလေးတွေ မွေးပြီး သဘောထား ပြည့်ဝ နေပြမယ် ဆိုရင် တရား ပါ့ မလား ။ ခုပဲ ကြည့် ။


ရလာတဲ့ ကလေးမျက်နှာ ကို မှ မထောက် ။ သူ မို့ ဖောက်ပြန်ရက် တယ် ။ အိမ်ထောင်ရေး ဖောက်ပြန်တာ ကို ကျွန်မ အရွံ့မုန်းဆုံးပါ ဆိုတာ မယူခင် ကတည်း က အတန်တန် အထပ်ထပ် ပြော ပြီးသား ။ ကတိတွေ ကို လျှာဖျား က ပဲ ပြီးစလွယ် ပေးခဲ့တာ ။


ဘယ်လောက်များ ခံရ ခက်သလဲလို့ ။


ကျွန်မ ဘက်ကများ အဲဒီလို မှား ကြည့်စမ်း ။ ဒါမျိုးကျတော့ သူတို့ တွေ အားကြီး ရွံ့တတ် မသတီတတ် လိုက်ကြတာ ။ အခု သူ ကျတော့ တောင်းပန်တဲ့ လေသံ တစ်စက်တောင် မဟဘဲနဲ့ မာရေကျောရေ သဟောက် သဟာ ပြောသွား ခဲ့သေးတယ် ။ မှန်တဲ့ လူ က မှားတဲ့ လူ ကို ခြေသလုံး ဖက်ပြီး မတောင်းပန်နိုင်ဘူး ။ အရှုံးလည်း မပေးနိုင်ဘူး ။


ဒါကြောင့် သူ့ကို အနိုင် ပိုင်းချင်လို့ရယ် ၊ ကျွန်မ အရှုံးပေးပြီး ဒီကလေး ကို မွေး မပေးချင်လို့ရယ် သစ္စာမရှိ ဖောက်ပြန်တတ်တဲ့ သူ ရဲ့ ရင်သွေး အဖြစ် တစ်သက်လုံး ရပ်တည် မသွားစေလိုလို့ရယ် ကျွန်မ ဒီလို မိုက် မိုက်မဲမဲ လုပ်ခဲ့တာ ။ ခုတော့ ကျွန်မ အဖြစ်က သေမင်း နဲ့ လက်ဆန့်တစ်ကမ်း မှာ ကျွန်မ သေရမှာကို ကြောက် လိုက်တာ ။ ကျွန်မ ရင်သွေး ကိုတော့ ကျွန်မ ကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ပြီး သ,တ်ခဲ့ ပြီးပြီ ။ ကျွန်မ ဟာ လူသ,တ် သမား ဖြစ်ပြီ ။ လူသ,တ်သမား တွေ ဟာ ကိုယ် သေ ရမှာတော့ ကြောက်ကြသ လား မသိဘူး ။ မသေချင်သေးဘူး ။ ကလဲ့စား ချေဦးမယ် ။ ကျန်သေးတယ် ။ ဖြစ်အောင် လုပ်ရမယ် ။ ကျွန်မ ခေါင်းထဲမှာ စီစဉ်တကျ မရှိဘဲ ဆန္ဒ မောဟတွေ နဲ့ ဦးနှောက်ကို ညစ်ညူးနေတယ် ။


       •••   •••   •••   ••• 


“ အမေ အမေ ရင် ထဲ မှာ အရမ်း ပူ ပူတယ်  ။ ရေ သောက်ချင်တယ် ၊ မောလဲ မောတယ် ”


ကျွန်မ အသံ က တိုးလျလွန်း လို့ အမေ့ နားက ကျွန်မ နှုတ်ခမ်းနား ကို ကပ်ပြီး နားထောင် ရ ရှာတယ် ။ ပြီးမှ ဆရာဝန် က ဘာမှ မသောက်ရဘူး လို့ မှာ ထားတယ်တဲ့ ။ ခွဲ ရမှာဆိုလား မသဲကွဲဘူး ကြား လိုက်တယ် ။ ကျွန်မ စိတ်ပျက်လက်ပျက် နဲ့ မျက်လုံး ပြန် မှိတ် လိုက်တယ် ။ အင်း စိတ် သွားတိုင်း ကိုယ် မပါတဲ့ ဘဝ ပါလား နော် ။ တွေးရင်း တွေးရင်း နဲ့ အသက် ရှူ ရတာ ပို ကျပ်လာသလိုပဲ ။ အာခေါင်တွေ ပို ခြောက်လာပြီ ။  


အို ... ရုန်းကန် အော်ဟစ်ပစ်လိုက် ချင်ပေမယ့် ခြေလက်တွေ ကို မသယ်နိုင် လောက်အောင် ခွန်အားတွေ က ဆုတ်ယုတ် နေပါပြီ ။ မွန်းတယ် ကျပ်တယ် ။ လေ မဝဘူး ။ အမေ ရေ ဆရာမ ရေ လုပ်ပါဦး ။ ကျွန်မ စိတ် ထဲ မှာ အကြိမ်ပေါင်း များ စွာ ပဲ့တင်ထပ် မျှ ပြော နေပေမယ့် နှုတ် ကတော့ ပွင့် ထွက် မလာဘူး ။ ကျွန်မ လက်ကို တစ်စုံတစ်ယောက် က လာရောက် ဆုပ်ကိုင် လာတယ် ။ လက်နွေးနွေးလေး ။အို မောင် ၊ မောင်ပါလား ။ မောင် ကျွန်မ ဆီ ကို လာတယ်ပေါ့ ။ ကျွန်မ မျက်လုံး ကို အားယူပြီး ဖွင့် ကြည့်လိုက်တယ် ။


“ သမီး ဘယ်လိုနေသေးလဲ ဆရာ့ ကို ပြောပါဦး ”


အို ... ကန်တော့ပါ ဆရာ ရယ် ။ ကျွန်မ လေ မသိစိတ် က စိတ် စွဲပြီး မောင့် လက် လို့ ရုတ်တရက် ထင် မိတာပါ ။ နာကြည်းချက် နဲ့ မပြတ် သတိရနေမိတာ ကျွန်မ မိုက်မဲနေတုန်းပဲ မို့ ထင်တယ်နော် ။ သွားစမ်း ပါ ဒီ လူ အကြောင်း လုံးဝ မတွေးနဲ့တော့ ဖယ် ထွက် ။


“ မောတယ် ။ အသက်ရှူ မဝဘူး ဆရာ ၊ ကျွန်မ ကို ကယ် ကယ်ပါ ဦးဆရာ ရယ် ။ ရင် ထဲ က ပူတယ် ။ မွန်းတယ် ”


ဆရာ က ကျွန်မ ကို စမ်းသပ်ပြီး နားကျပ် ကို ပြန် ချိတ်ရင်း အမေ့ ကို ပြောတယ် ။


အမေ့ ခမျာ အရမ်း မျက်နှာ ပျက် နေရှာပြီ ။


“ အဒေါ့် သမီးရဲ့ သားအိမ် ထဲ မှာ ကျန်နေသေးတဲ့ အသားစ ပုပ်တွေ သွေးပုပ်တွေ ကို ကျွန်တော်တို့ ဆွဲထုတ်ပြီး တာတောင် ပိုးတွေ က ဗိုက် ထဲ က တစ်ဆင့် တစ်ကိုယ်လုံး ပြန့် သွားတာပဲ ။ စ ဖြစ်ဖြစ်ချင်း ဆိုရင်တောင် မနည်း ဆေး နိုင်အောင် လိုက်ရတဲ့ အဖြစ်မျိုးပေါ့ ။ ခု အဒေါ် တို့ လာ တာ လေး ရက် လောက် လဲ နောက် ကျတယ် ။ ရောဂါ ကလည်း သည်းတယ် ”


နောက် ဆရာ က ကျွန်မ ရဲ့ လူနာ မှတ်တမ်းစာရွက် ထဲ ရေးရင်း အတူ ပါလာတဲ့ ဟိုတစ်နေ့ က ဆရာဝန်မလေး ကို အင်္ဂလိပ် လို ပြောတယ် ။ ဒီ တစ်ယောက် လည်း ဆက်ပ်တီဆီးမစ်ရှော့ ဝင် ပြန်ပြီတဲ့ ။ အဲဒါဟာ ကြောက်စရာ ကောင်းသလား ၊ စိုးရိမ် ရသလား ပြောသွားပါဦး ဆရာရယ် ။ ကျွန်မ နားလည်အောင် ရှင်း မပြတော့ဘူးလား ။


ခဏနေတော့ ဆေး လာ ထိုး ပြန်တယ် ။ ဟော ချွဲစုပ်စက်ကြီး တွန်း လာတာ ကို ကျွန်မ မောဟိုက်မွန်းကျပ်နေတဲ့ ကြားက သတိ ထား လိုက်မိ တယ် ။ ကျွန်မ နှာခေါင်း ထဲ ပါးစပ် ထဲ ချွဲစုပ်စက် က ပိုက် ကို ထိုး ထည့် နေပြီ ။ အို ...


ကျွန်မ မနေ့က တစ်ဘက် ခုတင်က ကောင်မလေး ကို ကွက်ခနဲ ပြေး မြင်မိတယ် ။ အို ... မတွေးနဲ့ ။ မမြင်နဲ့ အင်အားဖျော့တော့စွာ ငြင်း ဆန်နေမိပေမယ့် မျက်စိ ထဲ မှာတော့ ချွဲသံတွေ တဝူးဝူး နဲ့ အသက် ကို ခက်ခက် ခဲခဲ ရှူနေရပုံ ။ တစ်ချက် တစ်ချက် မျက်လုံးတွေ အပေါ် ကို လန် တက်သွား ပုံ ၊အပေါ်နှုတ်ခမ်း လန်လန်သွားပုံ ။ အင်း နောက်ဆုံး မေးတစ်ချက် ထိုးပြီး ဇက် လည်ကာ ငြိမ်သက်သွားပုံတွေ ကို မျက်လုံး ထဲ က တွန်းထုတ်ဖယ်ရှား ပစ်လို့ မရအောင်ကို ဖြစ်နေတာပဲ ။


ကျွန်မ အသက်ရှူသံ ဟာ ချွဲသံတွေ နဲ့ ရောထွေး ဆူညံလို့ နေ တယ် ။ ချွဲစုပ်စက်ကြီး က စက်သံတွေ ဟာလဲ စက်ရုံ ထဲ ရောက်နေသလိုပဲနော် ။ အောက်ဆီဂျင် ပိုက် သွင်းလျက် ချွဲတွေ လည်း စုတ်ထုတ်လျက် က ကို ပဲ အသက် ရှူရတာ မွန်းကျပ်မြဲ ဖြစ်နေတယ် ။ အား မရဘူး ။


ပြီးရင် ကျွန်မ မျက်လုံးတွေ အပေါ် ကို လန် သွားတော့မှာလား ။ အပေါ်နှုတ်ခမ်းတွေရော လန်လန်တက် သွားတော့မှာလား ။ မျက်နှာ ကရော ခြေလက်တွေရော ဟိုကောင်မလေး လို ပြာနှမ်း သွားကြရတော့မှာလား ။ အဲ ဒါတွေ အားလုံး ဖြစ်သွားကြပြီး ရင်ကော နှာခေါင်းပိုက်တွေ ဆေးသွင်းပိုက် တွေ ကို ဟို ဆရာမက လာ ဖြုတ်ပစ်တော့မှာလား ။


နောက်တော့ ခန်းဆီး အဖြူတွေ ကျွန်မ ခုတင်ကို ကာ တော့မှာ လား ။

 

ကျွန်မ ကိုယ်ခန္ဓာ ကို ရော အဝတ်ဖြူကြီး ဖုံးအုပ် အို ... ကျွန်မ သေ ရတော့မှာလား ရှင် ။ သေတယ် ဆိုတာ ပြစ်မှု တစ်ခုလား ။ ကျွန်မ မသိ တော့ဘူး ။ ပြစ်မှု ဆိုရင်လဲ အဲဒီ အပြစ်ရဲ့ ပိုင်ရှင် တရားခံ ရှိမှာပဲပေါ့ ။ အဲ့ဒီ တရားခံ ဟာ ဘယ်သူလဲ ။ ဘယ်သူ့ကြောင့်လဲ ။ ကျွန်မ မသေခင် ဖြေပေး မယ့်သူ မရှိဘူးလား ရှင် ။


မိန်းမ မာန ကို မချဘဲ ( လွဲမှားတဲ့ မာနလို့ ဆိုဆို ) ယောက်ျား နဲ့ ဖက်ပြိုင် အန်တုပြီး အနိုင် ယူ ချင်တဲ့ ကျွန်မ ရဲ့ မိုက်ရူးရဲမှု အပြစ်လား ။


အချစ်ကြီးလို့ အမျက်ကြီးပြီး ကလဲ့စား ချေချင်တဲ့ ကျွန်မ အပြစ် လား ။ တစ်လင်တစ်မယား စနစ် ကို သွေဖည် ဖောက်ပြားတဲ့ သစ္စာမဲ့သူ မောင့် ရဲ့ ( ကျွန်မ ဒီနာမည်ကို လုံးဝ မခေါ်ချင်ပါဘူး ) အပြစ် ပဲလား ။ ဒါမှ မဟုတ် ငွေမျက်နှာ တစ်ခုတည်း ကြည့်ပြီး အပြော ကောင်းလှတဲ့ တစ်ဘို့ တည်းသမား ၊ ဘယ်သူသေသေ မာနေတဲ့ ငတေလက်သည် ( သန္ဓေ ဖျက် ပေးသူ ) တွေ ကိုပဲ အပြစ် တင်ရမလား ။


ကျွန်မ လို ကျွန်မတွေ အများကြီး ထဲမှာ ကျွန်မ လို ပဲ ပြဿနာတွေ ဖြေရှင်းနေကြပြီး ရည်ရွယ်ချက် အောင်မြင် သွားကြပါရက် နဲ့ ကျွန်မ ကို မှ ရွေးပြီးတော့ နစ်နာဆုံးရှုံးစေတဲ့ ကံကြမ္မာ ဇာတ်ဆရာ ရဲ့ အပြစ်လား ။


သူများ အိမ်ထောင် အသိုက်အမြုံ ပြိုကွဲအောင် မိမိ အလိုဆန္ဒ သာ ရှေ့တန်း တင်ပြီး လူမှုရေး ကျင့်ဝတ်ဖောက်ဖျက်တတ်တဲ့ မိန်းမ ကိုပဲ လက်ညှိုး ထိုး ကာ တရားခံ အဖြစ် သတ်မှတ်ရမလား ။ ဖြေကြပါ ။ မြန်မြန် ဖြေကြ ပါဦး ရှင် ။ ကျွန်မ မှာ အချိန် သိပ်မရတော့လို့ပါ ။


ဒါ ဘယ်သူ့ အပြစ်လဲ ။


အပြစ် ရှိသူကို တရားဝင် လူသိရှင်ကြား ကြေညာပေးပါလားရှင် ။ | တကယ် အပြစ် ရှိသူဟာ ကျွန်မ ဆိုကြရင်လဲ လူတကာ လက်ညှိုး ထိုး ပြီး ကဲ့ရဲ့ ပြစ်တင် ရှုတ်ချတာ ကို ကျွန်မ ဘဝ ရဲ့ နောက်ဆုံး အချိန်လေး မှာ ရဲရဲကြီး ရင်စည်း ခံပါ့မယ် ။


ဖြေ သာ ဖြေ ကြပါရှင် ။


ဒါဟာ ဘယ်သူ့ အပြစ် ပါ လို့ ပြတ်ပြတ်သားသား သိ သွားရရင် ကျွန်မ သေရတာ ဖြောင့်မှာပါ ။ နောင် အရှုံးကြီး ရှုံးမယ့် အဖြစ်ကလဲ မိန်းကလေးတွေ ရှောင်ရှားနိုင်ဖို့ ဒီ အပြစ် ရဲ့ ပိုင်ရှင် အစစ် တရားခံ အစစ် ကို တစ်ဆိတ်ကလေး ကျေးဇူးပြုပြီး ဖြေ ... ဖြေပေးကြပါ ။ 


ဘယ်သူလဲ ဘယ်သူလဲ ရှင် ။


◾မဦး


📖 ရွှေသမင် မဂ္ဂဇင်း

      စက်တင်ဘာ ၊ ၁၉၉၂


.

No comments:

Post a Comment