❝ ကိုမှုံသာ လွမ်းချင်း ❞
တက္ကသိုလ် ၏ ဆောင်းရာသီ နံနက်ခင်း သည် ကိုမှုံသာ အတွက် နှစ်သက်စရာ အကောင်းဆုံး အချိန် ဖြစ်၏ ။ အမှန် ဆိုရလျှင် တက္ကသိုလ် ပရဝုဏ် မှာ သာဖြစ်ပါက ရာသီ အားလုံး ၊ အချိန် အားလုံး သည် သူ့နည်း သူ့ဟန် ဖြင့် သာယာသည် ချည်း ဖြစ်သည် ဟု ကိုမှုံသာ မြင်၏ ။ ဆောင်းရာသီ နံနက်ခင်း ကို တော့မူ ပို၍ စွဲမက်သည် ဟု သာ ဆိုရပါမည် ။
မိုးရာသီ ဆိုလျှင် စိန်ပန်းတို့ ရဲရဲနီအောင် လမ်းပေါ် ပန်းခင်း ထားမြဲ ။ မိုး ပိတောက်တို့ ဝါဝါထိန် နေအောင် တန်ဆာဆင်မြဲ ။ ဆောင်းရာသီ ရောက်ပြီ ဆိုလျှင် ကံ့ကော်နံ့ သင်းမြဲ ။ နှင်းမြူ မှိုင်းမြဲ ။ နွေဦးရာသီ တွင် ဥဩသံ က အရွက်တွေ ဖွေးဖွေး လှုပ်အောင် ခြွေချမြဲတည်း ။
ဤနေရာ ဤဒေသ ဝယ် သူ ကျင်လည်ခဲ့ရသည် မှာ ကြာခဲ့ပြီ ။ ဤ နေရာ ဤဒေသသည် ပင် သူ့ ဘဝ ဖြစ်၏ ။
ပန်းချီကထိက အဖြစ် အမှုမထမ်းခင် က လည်း သူ ဤနေရာတွင် ပင် ကျက်စားခဲ့ပြီး ဖြစ်သည် ။
ကိုမှုံသာ ထက် သက်တမ်းရင့်စွာ ဤနေရာ ပတ်ဝန်းကျင် ၌ ရှေ့မီနောက်မီ သက်ရှင်ထင်ရှား လှုပ်ရှား နေသည့် ပုဂ္ဂိုလ်များ ကို ညွှန်ပြရပါမူ -
လက်ညှိုး ထိုး၍ ရေတွက် နိုင်လောက်အောင် နည်းပါးလှသည် ။
ဆရာကြီး ဦးဖေမောင်တင် ၊ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တို့ လို ဆရာ ကြီးများ အနည်းအကျဉ်း က လွဲလျှင် သူ သာ လျှင် ဝါအရင့်ဆုံး ပုဂ္ဂိုလ် ဟု ကိုမှုံသာ က ဂုဏ်ယူ တတ်သည် ။
ကိုမှုံသာ တက္ကသိုလ် စ ရောက်သည့် နှစ် ကို မြန်မာ့နည်းဖြင့် မှတ်သားမိ သရွေ့ ညွှန်ပြရပါသော် ထိုအခါက မြန်မာပြည် ယမ်းငွေ့နံ့ မပြယ်တပြယ် သထုံ ၊ ပဲခူးဆောင် တို့မှ ကပ္ပလီစစ်သားတို့ အထုပ် ထမ်း၍ မစွန့်ခွာသေးသော ကာလ က ပင်တည်း ။
••••• ••••• •••••
ကိုမှုံသာ သည် အနားက ဖွာဆန်ကြဲ နေပြီဖြစ်သော အဖြူရောင် အိုးပွဘောင်းဘီရှည် ဖြင့် တုတ်ကောက် ကို ညာလက် က လွဲ၍ အဓိပတိလမ်း အတိုင်း တစ်လှမ်းချင်း လျှောက်၍ လာ၏ ။ ယခုခေတ် မျက်စိ ဖြင့် ကြည့်လျှင် ကိုမှုံသာ ဆင်မြန်းထားသော ဘောင်းဘီ သည် ပြတိုက် တွင် ထား၍ ရလောက်ပြီ ဖြစ်သည် ။ ခါးတစ်ဘက် တစ်ချက် တွင် ဘာကယ်ကွင်းတပ် ရှေးဘောင်းဘီ ဖြစ်၏ ။ ခြေထောက်အိုးဝ သည် နောက်ထပ် ခြေတစ်ချောင်း ထပ် စွပ်၍ ရသေးသည် ။
ယခုတော့ နံနက်ခင်း လမ်းလျှောက်ချိန် တွင် သာ အနွေး လုံစေရန် ဝတ်ရသောပစ္စည်း ဖြစ်သော်လည်း ဟိုတုန်း အခါက မူ ဤဘောင်းဘီ ဖြင့် ပင် ပွင့်သစ်စ
တက္ကသိုလ်ကျောင်းသား အဖြစ် တလွှားလွှား ဝင့်ဝါနိုင်ခဲ့ပါသည် ။
ဘွဲ့နှင်းသဘင် ဘက် မှ လူကြီး တစ်အုပ် တုတ်ကောက် ကိုယ်စီ ယမ်း၍ ခပ်သွက်သွက် လျှောက်လာကြ၏ ။ မြူနှင်းတို့ ဝေ့ဆိုင်းမှိုင်းမှုန် နေသည် ကြား မှာ ပင် ထို လူအုပ် ကို ရှေ့ဆောင် လာသော ရှေ့ဆုံးက လူ ကို ရှမ်းပြည်ဦးတင်အေး ဖြစ်ကြောင်း ကိုမှုံသာသိပြီး ဖြစ်၏ ။ လူ တစ်ကိုယ်ပင် ဝင်ထိုင်လောက်သော ဘောင်းဘီတို အဝ ကျယ်ဖြင့် ရှေ့ဆုံး က လွှားကနဲ လွှားကနဲ လျှောက်လာသူ ကလည်း တုတ်ကောက် ကလေး တနွဲ့နွဲ့ ထောက်၍ မျက်နှာချင်းဆိုင် လျှောက်လာသော ကိုမှုံသာ ကို တုတ် ကောက် မြှောက်ပြရင်း နှုတ်ဆက် သွားသည် ။
ကိုမှုံသာ သည် ပြုံးရင်းသာ ထို လူအုပ် ကျော်လွန် သွားသည် အထိ ကြည့် ရင်း ကျန်ရစ်ခဲ့၏ ။
‘ ဪ ... အိုကြပြီကော ’ ဟု စိတ်တွင်း က မှတ်ချက် ချမိ၏ ။
‘ နှစ်တွေ ကလည်း ကြာခဲ့ပြီလေ ၊ ဟိုတုန်းက ဒီနေရာ မှာ ဟောဒီ အပန်းဖြေရိပ်သာအဆောက်အအုံကြီး ဘယ်ရှိဦးမလဲ ။ မရမ်းပင်အုပ်ကြီး ဟည်းထ လို့ပေါ့ ။ ဒီ စာကြည့်တိုက်ကြီး ကလည်း မိုင်းဗုံးဒဏ် နဲ့ အုတ်ပုံသာသာ ရှိသေးတယ် ။ သူ့နောက် က အခု ဖွေးဖွေးလှုပ် အောင် ပွင့်နေကြတဲ့ ကံ့ကော်တောကြီး ဟာ မျိုးတောင် ချရ သေးတာ မဟုတ်ဘူး ၊ အပင် အောက် က ခုံတန်းတွေ ကတော့ ပြော မနေနဲ့ ၊ ကြားတောင် မကြားဖူးဘူး ’
ကိုမှုံသာ သည် ရှေးကာလ နှင့် နှောင်းကာလ သူ မီသမျှ စိတ်ထဲ တွင် နှိုင်းယှဉ်၍ ကြည့်မိသည် ။
“ ဟုတ်သားပဲလေ ၊ ဟောဒီ သစ်ပုတ်ပင်ကြီး နဲ့ ဟောဟိုက ဘွဲ့နှင်းသဘင်ကြီး က သာ ဟိုတုန်းက အတိုင်း အခုရှိနေတာ ၊ ဒါတောင်မှ ဘွဲ့နှင်းသဘင် နောက်ဘက်ကို သူရဲချောက်တယ် ပြောကြလို့ ဘယ်သူမှ ညဘက် မသွားရဲဘူး ။ ဘွဲ့နှင်းသဘင် နောက်ဘက် မြေကွက် ဟာ စစ်အတွင်း က ရင်ခွဲရုံ လုပ်ခဲ့တယ် ဆိုတာပဲ ”
“ ဒါပေမယ့် လှတာပါပဲ ၊ ဟိုတုန်းကလည်း လှတာပဲ ၊ အခုလည်း လှ တာပဲ ။ တက္ကသိုလ်ကြီး ကတော့ အလှတရားတွေ လွှမ်းမိုး ထားတဲ့ နေရာပဲ ။ ပန်း ရောင်စုံ ခြယ်ထားတဲ့ ဥယျာဉ်ကြီးပါပဲ ။ ဟောဒီ သစ်ပုတ်ပင်ကြီး ကတော့ ပန်း ဥယျာဉ်ကြီး ရဲ့ မလဲနိုင်တဲ့ အလံတိုင်ကြီးပေါ့ ”
ကိုမှုံသာ ၏ အတိတ် စိတ်ကူးပန်းချီတို့ ကို သိပ္ပံအဆောက်အအုံထောင့် ရှိ ခုံတန်းလျားပြာလေး တွင် ယှဉ်တွဲ ထိုင် နေကြသော ကျောင်းသား ကျောင်းသူ မောင်နှံတို့ က အာရုံ ပြောင်းသွားစေသည် ။
“ အရင် အတိုင်းပါပဲ ၊ အရင် အတိုင်းပါပဲ ။ ဟိုတုန်းကလည်း ဒီလိုပါပဲ ။ မေတ္တာ ရှုခင်းတွေ ရှိတာပဲ ၊ ခုံတန်းလေး မရှိတာ ရှိတာ ကွာတာပဲ ”
ပတ်ဝန်းကျင် ရှုခင်း က လှ သကဲ့သို့ သက်ရှိတို့ ၏ လှုပ်ရှားမှုရှုခင်း က လည်း လန်းဆန်းလှပပေသည် ။
ထိုကြောင့် ကိုမှုံသာ အဖို့ ဤနယ်မြေ ကို မစွန်ခွာရက်အောင် စွဲမက် မိခြင်း ဖြစ်၏ ။ အချို့ သူများ ကတော့ ဤ တက္ကသိုလ် ကို ကွန်းခိုစရာ ဇရပ် အဖြစ် သဘောထား နိုင်ခဲ့ကြမည်ဖြစ်သည် ။ ဝင်လာကြသည် ၊ စွန့်ခွာ၍ သွားကြသည် ။ သူတို့တတွေ ဤနေရာ မှာ ရှိခဲ့စဉ်က ဤလိုပင် တွဲခဲ့ကြသည် ။ မေတ္တာပန်းတွေ ပွင့်လန်းခဲ့ကြသည် ။ ဤနေရာ တွင် ဇာတ်လမ်းတွေ ဖန်တီးခဲ့ကြသည် ။
ညအခါ လသာသာ ဤ လမ်းမ ပေါ်တွင် ပုလင်း ထောင်၍ ရွှေစံပယ်ရုံ သီချင်း ကို ဆိုကာ ကွေးနေအောင် ကခဲ့ကြသည် ။ ပြီးတော့ မေ့မေ့ပျောက်ပျောက်ပင် ဤကျောင်း ကို စွန်ခွာ သွားကြသည်သာ ဖြစ်၏ ။
တနင်္ဂနွေနေ့ နံနက်ခင်း များတွင် ခရိုင်အသင်း တို့ အပျော်ခရီး ထွက်ရန် နဂါးကားတွေ ဤ လမ်းမှာ တန်းစီ၍ စုဝေးကြမြဲ ဖြစ်၏ ။ ချစ်သူ ကိုယ်စီ ရှိကြသူတို့ ကတော့ ဤ နေရာ သည် သူတို့ နေ့ပင်တည်း ။ သက်ဆိုင်ရာ ခရိုင်အသင်းများ တွင် လက်မှတ် ကိုယ်စီ ဝယ်၍ တွဲကြသည် ။ ထိုသို့မှ မဟုတ်လျှင် မြို့ထဲ သို့ထွက်၍ ရုပ်ရှင် ကြည့်ရန် ဘင်တန်ဆောင် ၊ အင်းလျားဆောင်ဝ တွင် အစောင့်ဂိုရမ်း ကို ဘောက်ဆူး ပေး၍ အခေါ် လွှတ်ကြမည် ။
အမျိုးသားနေ့ နံနက်ခင်း တွင် မြို့တွင်း သို့ ချီတက်ရန် ကားများ ဤလမ်း ၌ စုဝေး တတ်ကြ၏ ။ ဤ အခါမျိုးတွင် ဒိုးပတ်ဝိုင်း သည် မြိုင်ဆိုင်လှသည် ။ ဟိုတုန်းက ဤနေရာ မှ ခွပ်ဒေါင်းအလံ သည် လည်းကောင်း ၊ ဒိုးပတ်သံသည် လည်းကောင်း အမျိုးသားရေး ကို နှစ် အတော်ကြာ ရှေ့ဆောင်နိုင်ခဲ့သည် ။
သူ့ မှာ တော့ ဤနေရာ ကလည်း မစွန့်ခွာနိုင် ။ သူများတကာ လို တမ်းတစရာ ၊ အောက်မေ့ တသစရာ ၊ မှတ်တမ်းဇာတ်လမ်း လည်း မရှိ ၊ တက္ကသိုလ် ၏ လှုပ်ရှားမှု တကာ ကို နောက်ယောင်ခံ လိုက်၍ ပန်းချီကောက်ကြောင်း ရေးဆွဲခဲ့သည် မှ အပ မည်မည်ရရ ဘာမျှ ပြန်လည် ပြောပြစရာ မရှိခဲ့ပေ ။
သို့သော် သူ သည် ဝင်လာသူ ကို ရော ၊ ထွက်သွားသူ ကို ပါ သိသည် ။ အော်ဟစ်သူ ကိုရော ၊ မဲ့သူ ကို ပါ တွေ့ခဲ့ရသည် ။ အလံ နှင့် လူအုပ်ကြီး ကို လည်း ရေးဆွဲ ခဲ့ပြီးဖြစ်၏ ။ အဆောင် ရှေ့က ညစာစားပွဲ ၊ အငြိမ့်စင် ကိုလည်း ဆေးရေးဖူးခဲ့ပြီ ။
ကံ့ကော်ပင် အောက်က ချစ်သူနှစ်ဦး ကို လည်း ဆီဆေး တင်ခဲ့ဖူးပြီ ။ ပိုစတာ နှင့် ကျောင်းသား ၊ ပန်းစည်း နှင့် ကျောင်းသူ ၊ တယော နှင့် ညမင်းသား အားလုံး ၊ အားလုံး တို့ ကို ပိတ်ကားပေါ် မှတ်တမ်း တင်ခဲ့ဖူးပြီဖြစ်၏ ။
သို့သော် သူ့ အတွက် မှာ ငိုစရာဇာတ်လမ်း မရှိခဲ့ ။ ရယ်စရာပြက်လုံး မကြားခဲ့ ။ တက်ကြွစရာ ကြွေးကြော်သံ မတိုင်ခဲ့ရချေ ။
မှတ်မှတ်ရရ မမေ့နိုင်စရာ နေ့ဟူ၍ မပြော မဖြစ် ပြောပြရမည် ဆိုပါလျှင် တ-က-သ အောက်ထပ် ပန်းချီပြပွဲ လုပ်စဉ် နေ့တစ်နေ့ ကို သာ လက်ညှိုး ထိုး၍ ပြနိုင်ပါသည် ။
ထိုစဉ်က ကိုမှုံသာ သည် ဥပစာတန်းကျောင်းသား မျှသာ ရှိသေးသည် ။
ဝါသနာရှင် ကျောင်းသား တို့ စုဝေးပြီး ပြသော ပန်းချီပြပွဲ တွင် ကိုမှုံသာ ၏ အင်းလျား ကန်ဘောင်ရှုခင်း ဆီဆေးကား ကို နှစ်သက်သူ မိမိခင်က သူ့ ကို မိတ်ဆက်သော နေ့ဖြစ်၏ ။
ထိုနေ့ နောက်ပိုင်းတွင် တော့ ကိုမှုံသာ ၏ နေ့စဉ်မှတ်တမ်း တို့သည် စိုပြည်ပြီး အသက်ဝင် လာတော့သည် ။ ပန်းချီပြပွဲ အပြီး ဘင်တန်ဆောင် နေ မိမိခင် ထံ သို့ သူ နှစ်သက်သော ပန်းချီကား ကို လက်ဆောင် သွားပေးခဲ့သည့် ညနေခင်း သည် ကိုမှုံသာ အဖို့ ဘဝ တွင် ပထမအကြိမ် ရင်ခုန်ရသော အခါ ဖြစ်သည် ။
မိမိခင် ၏ ချစ်စဖွယ် ဧည်ခံစကား တို့ က ဘင်တန် မှ အင်းဝ သို့ အပြန် လမ်း တစ်လျှောက်လုံး ကိုမှုံသာ ကို မြူးကြွစေခဲ့သည် ။
ထို နှစ်သည် ကိုမှုံသာ အဖို့ အစိုပြည်ဆုံး ၊ အသာယာဆုံး နှစ် ပင်တည်း ။ တက္ကသိုလ် ပတ်ဝန်းကျင် တစ်ခုလုံး အလှဆုံး ၊ အတောက်ပဆုံး နှစ်ပင်တည်း ။ ညနေခင်း မိမိခင် နှင့် အင်းလျားဘက် လမ်းလျှောက် ရင်း ပျော်ခဲ့သည် ။
“ ခင့် ကို ပန်းချီ သင် ပေးပါလား ကိုမှုံသာ ” ဟု တောင်းဆိုသည် ကို ...
“ ဟုတ်ကဲ့ …… သင်ပေးတာပေါ့ ” ဟု ဝန်ခံကတိ ပေးရင်း စုတ်တံကိုင်နည်း ပင် မပြသခဲ့သော်လည်း နံနက်တိုင်း ဘင်တန်ဆောင်ဝ သို့ ကံ့ကော်ပန်းဆက် ရောက်ခဲ့ရသည် ။ ပြီးတော့ သူ ပေးသော ကံ့ကော်ပန်းစည်း ကို ပွေ့လျက် ဂျပ်ဆင် မျှော်စင်အောက် ၌ နှင်းသက်လေ ကိုရှူရင်း မိမိခင် နှင့် စကား ပြောခဲ့ရလေသည် ။
ထိုစဉ် က မိမိခင် ကို ချစ်မိခဲ့ပါသည် ။ ရင်နင့် အောင် ပင် တွယ်တာမိ ခဲ့ပါသည် ။ သို့သော် ဖွင့်ပြောရန် မဝံ့စားခဲ့ ။ ထိုနှစ် စာမေးပွဲကြီး အပြီး မိမိခင် နေရပ် သို့ မပြန်မီ တစ်နံနက် က ဆင်ဝင်
ရှေ့ တမာပင် အောက် မှာ နောက်ဆုံး တွေ့ခဲ့ရသည် ။
“ မပြန်ခင် ကိုမှုံသာ ခင့် ကို ပြောစရာ ရှိတယ် ဆိုတာ ပြောလေ ၊ ခင် မနက်ဖြန် ပြန်တော့မှာ ”
ကိုမှုံသာ သူ့ ရင်ကို ဖွင့်ပြရန် စကား ပြောင်းခဲ့ပြီး ဖြစ်၏ ။ မပြန်မီ တစ်ရက် တွင် တော့ သူ့ မေတ္တာ ကို ဖွင့်ပြောရန် ရည်ရွယ်ခဲ့သည် မှာ အမှန်ပင်ဖြစ်၏ ။ ယခုလို မိမိခင် က သူ ဖွင့် ပြောရမည့် စကားကို မေးနေပြန်တော့ သူ့ မှာ ရင် တလှပ်လှပ် ခုန်ရသည် ။ ချစ်စကားများ က မူ ပွင့်အန်၍ မလာနိုင်ခဲ့ ။
“ ပြောမယ်လည်း ဆို သေးတယ် ၊ အခုတော့ ဘာငိုင်နေတာလဲ ”
မိမိခင် က ထပ် မေးနေ ပြန်ရာ ကိုမှုံသာ အဖြေ ခက်ခဲ့ရသည် ။
“ ဪ…. ဒီလိုပါ ၊ ခင့် ကို ကျွန်တော် .. ကျွန်တော် ”
ကိုမှုံသာ စကား ရပ်သွား၏ ။
“ ခင့် ကို ဘာဖြစ်လဲ ကိုမှုံသာရဲ့ ”
မိမိခင် က ကိုမှုံသာ ကို မော့ကြည့်ရင်း ပြုံးပြုံးလေး မေးနေပြန် မှ မတတ် သာလှသော ကိုမှုံသာ မှာ ...
“ ကျွန်တော် ခင့် ကို ပုံတူ ဆွဲချင်လို့ ”
မိမိခင် သည် ကိုမှုံသာ ၏ အဖြေ ကို ကြားရပြီး နောက် သက်ပြင်း တစ်ချက် ချလိုက်၏ ။
“ ဒါများ ကိုမှုံသာ ရယ် ၊ ပြောရမယ့် စကား ကို အရှိန် ယူနေလိုက်ရတာ ၊ ခင့် ပုံတူ ဆွဲတာများ ခင် က ဝမ်းသာရမယ့် ဥစ္စာ ၊ ကဲ ... ကျောင်းပြန်ဖွင့် လို့ ခင် ပြန် လာရင် ဆွဲပေး ဟုတ်လား ၊ ဒါပဲ ၊ လှလှလေး ဆွဲပြီး ရင် ခင့် ကို ပေးရမယ်နော် ”
ဤသို့ဖြင့် ကိုမှုံသာ ၏ မေတ္တာဇာတ်လမ်း သည် ကား မင်ပုံ မပေါ်ဘဲ ဆေး ပြယ် ခဲ့ရသည် ။
နောက်နှစ် တွင် မူ မညီညွတ်သော အကြောင်းတွေ ကြောင့် မိမိခင် ကို တက္ကသိုလ် ၌ ကိုမှုံသာ ပြန် မတွေ့ရတော့ချေ ။ နောက်များ မကြာမီပင် မိမိခင် သည် မိန်းမတို့ ၏ ဝေဒနာ ဖြင့် လောက ကို စွန့်ခွာ သွားခဲ့ပြီ ဟု ကြားလိုက်ရ၏ ။
ကိုမှုံသာ အဖို့မူ ကား ပန်းချီ ဆွဲရင်း ၊ စိတ်လေရင်း စာမေးပွဲများ ကို ရှုံး တစ်လှည့် ၊ အောင် တစ်ခါ အလီလီ ဖြေရင်း ၊ ခင့် ကို လွမ်းရင်း တက္ကသိုလ် တွင် သံသရာ လည်ခဲ့ရလေသည် ။
ဘဝ တစ်သက်တာ တွင် မပြေနိုင်တော့သည် မှာ ကား မိမိခင် သည် သူ့ အား ထိုစဉ်က မေတ္တာ မျှခဲ့ ၊ မမျှခဲ့ ဟူသော ပြဿနာ ပင်တည်း ။
အကယ်၍ သာ ဖွင့်ဟ ပြောခဲ့ပါလျှင် ခင် သည် ကိုမှုံသာ လိုချင်သော အဖြေ ကို ပေးမည် ဟူသော အမေး သည် တွေးမိလေတိုင်း ကိုမှုံသာ ကို တအုံနွေးနွေး ရင်မောစေပေသည် ။
ဤ ပဟေဠိ ကို ဖြေနိုင်ကောင်း သူ ကား ထားထား ပင် ရှိတော့သည် ။ ထားထား သည် ထိုစဉ်က မိမိခင် ၏ အချစ်ဆုံး တစ်ဆောင်တည်း ၊ တစ်ခန်းတည်း နေ သူငယ်ချင်း ဖြစ်၏ ။ ယခုအခါ ကထိက ဘဝ ဖြင့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် တွင် ဆရာမ လုပ်နေသူ ဖြစ်သည် ။ ထားထား ၏ ခင်ပွန်းသည် လည်း ကိုမှုံသာနှင့် ကျောင်းနေ ဘက် ပါမောက္ခ ဦးထွန်းလွင် ဖြစ်သည် ။ သူတို့ ပုဂံလမ်း တွင် နေကြသည် ။
နံနက်တိုင်း လမ်းလျှောက် ကြမြဲ ဖြစ်သည် ။ နံနက်တိုင်း အင်းလျားလမ်း တွင် ဆုံမြဲ ဖြစ်သည် ။
••••• ••••• •••••
ဘွဲ့နှင်းသဘင် နောက်ဘက် ဝင်ပေါက် ကို ကျော် လိုက်ပြီး အင်းလျားလမ်း ပေါ် ခြေ တင်လိုက်မိသည် နှင့် တစ်ပြိုင်နက် ကန်ဘောင် ဘက် မှ လျှောက် လာကြသော ထားထား တို့ ဇနီးမောင်နှံ နှင့် ဆုံမိတော့သည် ။
“ ဘယ့်နှယ်လဲ ဆရာကြီး ၊ မြင်ကွန်းမင်းသားကြီး ဝတ်တဲ့ ဘောင်းဘီကြီး နဲ့ ပါလား ”
ဦးထွန်းလွင် က စ၍ နှုတ်ဆက် လိုက်သည် ။
“ မောင် က အခု မျက်စိ နဲ့ကြည့်ပြီး ပြောတာကိုး ၊ ဟိုတုန်းက သူ ဒီ ဘောင်းဘီ နဲ့ ပဲ ခပ်ကြော့ကြော့ ဝတ်ပြီး ခင့် ဆီကို လာ လာနေတာ ၊ မဟုတ်ဘူးလား ကိုမှုံသာ ”
ကိုမှုံသာ သည် ပြုံးရင်း ထား ဘက် သို့ ခေါင်းညိတ် ပြပြီး ..
“ ဟုတ်ပါတယ်ဗျာ ၊ ဒီဘောင်းဘီ နဲ့ပါပဲ ၊ ဒါကြောင့် ဘယ်လောက် စုတ်စုတ် အခုလို နံနက်ခင်းမျိုး မှာ အလွမ်းပြေ ဝတ်ရတာပေါ့ ” ဟု စကား ပြန်လိုက်၏ ။
“ အမယ် အခုမှ အလွမ်း သယ် မနေပါနဲ့ ၊ ဟိုခမျာ ဖြင့် အရိုးဆွေး နေပြီ ။ သူ ဒါကြောင့် လူပျိုကြီး ဖြစ်နေတာ ၊ အခွင့်အရေး ရှိတုန်း ကတော့ ဖွင့် မပြော ခဲ့ပဲနဲ့ ..”
“ ဟ ... တို့ ပန်းချီကျော်ကြီး က ဇာတ်လမ်းတွေနဲ့ပါလား ၊ မဆိုးပါလား ၊ တို့ တောင် မသိခဲ့ပါလား ”
“ ဟုတ်တာပေါ့ မောင် ရ ၊ သူလေ ထား သူငယ်ချင်း ခင့် ကို ပိုးခဲ့တာ ၊ ထား တို့ သိတာပေါ့ ”
ကိုမှုံသာ အဖို့တော့ သဲလွန်စ ရချေပြီ ။ သူ တအုံနွေးနွေး ဖြစ်ခဲ့သည် ကို ဒီ မနက် တော့ အဖြေ ရှာရတော့မည် ။
“ ဖွင့် ပြောမလို့ပါပဲ ထား ရာ ၊ မရဲလို့ပါဗျာ ။ ကျွန်တော် ဖွင့် ပြောလိုက် ရင် ခင် စိတ်ဆိုးမှာ စိုးလို့ ကျောင်း ပိတ်ကာနီး ခင် မပြန်မီ တစ်မနက် က ကျွန်တော် ဖွင့် ပြောမလို့ ဆုံးဖြတ်ပြီး လာတာဗျ ၊ ဒါပေမယ့် ကျွန်တော် သတ္တိ နည်းပြီး မပြော လိုက်ရဘူး ၊ အဲဒီ နေ့ ကို များ ထား မှတ်မိမလား မသိဘူး ”
ထားထား သည် အံ့ဩတကြီး သူ့ ဘေးမှ လျှောက်လာသော ကိုမှုံသာ ကို မော်ကြည့် ရင်း ...
“ မှတ်မိတာပေါ့ ရှင် ၊ အံ့ဩပါရဲ့ ။ အဲဒီတုန်း က ကိုမှုံသာ ဖွင့် ပြောတော့ မှာပဲလို့ ခင် က ထား ကို ပြောပြီးသား ”
“ ဟင်… ဟုတ်လား ခင် ရိပ်မိတယ် ဟုတ်လား ။ ဒီလိုဆိုရင် ကျွန်တော် ဖွင့် ပြောရင် ခင် ဘယ်လို ဖြေမလဲ ဟင် ထား သိလား ”
“ သိတာပေါ့ ရှင့် ၊ ခင် က ထား တို့ နဲ့ တိုင်ပင် ပြီးသားပဲ ။ တကယ်လို့ ကိုမှုံသာ က သာ အဲဒီ မနက် က ဖွင့် ပြော ရင် သူ ခေါင်းညိတ် လိုက်မှာပဲတဲ့ ။ ဒါပေမယ့် ကိုယ်တော်ချော က တလွဲ ငေါ့ပြီး ပုံတူဆွဲ ဖို့ ခွင့် တောင်းတော့ သူ့ ခမျာ မျှော်လင့် ထားတာ ဖြစ်မလာလို့ ရှက် လည်း ရှက် ၊ ရင် လည်း မောပြီး မပြန်ခင် မျက်ရည် ကျ သွားရသေးတယ် ”
“ တကယ်ပဲလား ဟင် ၊ သူ တကယ် ကျွန်တော့် ကို ချစ်တယ်နော် ”
ကိုမှုံသာ အသံ သည် တုန်၍ လာ၏ ။ ပုဂံလမ်း သို့ ချိုးကာနီး တွင် ကိုမှုံသာ သည် ဣန္ဒြေ မဆောင်နိုင်ဘဲ ထား ၏ ရှေ့သို့ သွား ရပ်ကာ အငမ်းမရ မေးမိ၏ ။
ထား သည် ပထမ လန့်များ ပင် သွားမိ၏ ။
“ တကယ်ပေါ့ ရှင် ၊ မယုံရင် ခင့် သင်္ချိုင်း သွားမေးပေါ့ ၊ ကိုယ့် ဘာသာ ကိုယ် သတ္တိ နည်းခဲ့ပြီး အခုတော့ လူပျိုကြီး ဖြစ်ပြီး တစ်သက်လုံး လွမ်းတော့ ”
ဟုတ်ပါသည် ။ ကိုမှုံသာ တစ်သက်လုံး လွမ်းရပါသည် ။ ဤ တက္ကသိုလ် မှာ ကျင်လည် နေရတိုင်း လွမ်းရပါတော့မည် ။
••••• ••••• •••••
ကိုမှုံသာ သည် လက်ဖက်ရည်စားပွဲ တွင် မောဟိုက်ဟိုက် ဖြင့် ထိုင်ရင်း ငိုင် နေမိသည် ။ သူ့ အနား လာ ရပ်ပြီး သူ့ ရှေ့ရှိ ပန်းကန် ထဲ သို့ ကော်ဖီ ငှဲ့ ပေးနေသော မိခင် ကို မော့်ကြည့်ကာ မမြိုသိပ်နိုင်တော့ဘဲ မိခင် ၏ ခါး ကို ဖက်၍ ခေါင်း ကို ဝှက်ပြီး လျှင် ချုံးပွဲချ ငိုချ လိုက်လေတော့သည် ။
◾မောင်ကိုယု
📚 ရှုမဝ မဂ္ဂဇင်း
အမှတ် ( ၂၉၇ )
အတွဲ( ၂၅ )
၁၉၇၂ ခုနှစ် ၊ ဖေဖော်ဝါရီလ
No comments:
Post a Comment