❝ သစ်ရွက် လည်း ဆွေး မြေ လည်း ဆွေးပေါ့ ❞
( မောင်နေဝင်း )
( ၁ )
ကျွန်တော် ပြန် ရောက်သွားသော အခါ အဖေ သည် မထသော လဲလျောင်းခြင်း ဖြင့် လဲလျောင်း နေလေ၏ ။
အမေ သည် တရှုပ်ရှုပ် ငိုနေရာ မှ ရှိုက်ကြီးတငင် အော်ဟစ် ငိုကြွေးလေတော့ သည် ။ “ ရှင့် သားတွေ လာကုန်ပြီ ။ ထ ကြည့်ပါဦး ” ဟု လည်း မြည်တမ်းသည် ။
အပြင်ဘက် တွင် မိုးအုံ့ နေသည့် အတွက် အိမ်တွင်း ၌ လည်း အတန်ငယ် မှောင်လျက် ရှိသည် ။ ကျွန်တော် သည် မနိုးသော အိပ်ခြင်းဖြင့် ထာဝစဉ် အိပ်စက် နေပြီ ဖြစ်သော အဖေ့ ကို အနီးကပ်၍ စေ့စေ့စပ်စပ် ကြည့်မိ၏ ။ အဖေ ကား မည်သည့် အခါ မျှ ဤ အိမ်သို့ ပြန် လာနိုင်တော့မည် မဟုတ် ။ အဖေ့ လက် နှစ်ဖက် သည် အသက် မရှု တော့ သဖြင့် လှုပ်ရှားမှု မရှိတော့သော ဝမ်းဗိုက် ပေါ်တွင် လုံးလုံးလျားလျား နားနေလျက် ရှိလေ၏ ။
ကျွန်တော် သည် အဖေ့ လက်နှစ်ဖက် ကို သေသေချာချာ ကြည့် မိသည် ။ တစ်သက်တာ လုံးလုံး လှုပ်လှုပ်ရှားရှား အလုပ် လုပ် နေခဲ့သော ဤ လက်များ ၊ သားသမီးများ အတွက် ဆွေမျိုးသားချင်းများ ၊ မိတ်ဆွေသင်္ဂဟများ အတွက် စွမ်းစွမ်းတမံ ရှိခဲ့သော ဤ လက်များမှာ ယခု လှုပ်ရှားခြင်း မပြုနိုင်တော့ပြီ ။
အဖေ့ မျက်နှာ ပေါ်တွင် ဖုံးလွှမ်းထားသော ပဝါပါး ကို လှစ်၍ ကြည့်မိသည် ။ ကားသော မေးရိုး ၊ ကျယ်ဝန်းသော နဖူးပြင် တို့ ကိုသာ ပင်ကို အတိုင်း တွေ့ရသည် ။ ပါးစပ် မှာ အတန်ငယ် ဟ လျက်ရှိ၏ ။ မျက်စိ အစုံကား ကျွန်တော် နှင့် တကွသော ပတ်ဝန်းကျင် တစ်ခုလုံး ကို မျက်ကွယ် ပြုနေလေ၏ ။
ဤသို့နှင့်ပင် အဖေ သည် အသက် ၆၉ နှစ် အရွယ် တွင် ကျွန်တော် တို့ နေထိုင်ရာ လူ့လောက ကို အပြီးအပိုင် စွန့်ခွာ သွားလေ၏ ။
အဖေ့ ရုပ်အလောင်း ကို ငေးစိုက်ရင်း ကျွန်တော် သည် သေခြင်းတရား ကို ဆင်ခြင် နေမိ၏ ။ သေခြင်းတရား သည် လူသတ္တဝါများ ပြိုင်တူ သွားနေကြသော လမ်း ပင် ဖြစ်ပေ၏ ။ သေခြင်းတရား ၌ အဆန်းတကြယ် ထင်ဖွယ်ရာ အကြောင်း တစ်စုံတစ်ရာ မရှိ ဟု ကျွန်တော် တွေးမိသည် ။ သို့သော် ယင်း သေခြင်းတရား တည်း ဟူသော နိဂုံး သို့ မရောက်မီ လူတွေ သည် ဘာ လုပ်သင့်သနည်း ဟု ကျွန်တော် စစ်တမ်း ထုတ်မိပြန်သည် ။
အမေ သည် ငိုလျက် ရှိ၏ ။ ကျွန်တော့် နှမ သည် လည်းကောင်း ၊ အစ်မ သည် လည်းကောင်း ၊ ကျွန်တော့် ဇနီး နှင့် တကွ ဆွေမျိုးသားချင်းများသည် လည်းကောင်း ၊ ငိုကြွေးတသလျက် ရှိကြ၏ ။ ကျွန်တော် ကား မငို ပေ ။
အဖေ့ အကြောင်း ၊ အဖေ့ လှုပ်ရှားမှု ၊ လူ တစ်ယောက် အဖြစ် အဖေ ၏ အကောင်းအဆိုးတွေ အားလုံး ကို ကျွန်တော် တရိပ်ရိပ် ပြန်လည် မြင်ယောင်နေမိခြင်း ကြောင့် ပင် ဖြစ်ပါသည် ။
( ၂ )
မြရည်များ လိမ်းကျံ ထားသည် နှင့် တူလှသော ကောက်ပင်စိမ်းစိမ်းတွေ ကိုင်းညွှတ်ဝန်းရံထားသည့် မြစ်ပြင်ကျယ်ကြီး က လည်ဆွဲတန်ဆာ ပမာ ကွေ့ဝိုက် စီးဆင်းနေသည့် မိချောင်းရဲ ရွာကလေး တွင် အဖေ့ ဘဝ သည် မြစ်ဖျားခံခဲ့လေသည် ။
အဖေ သည် လယ်သမား သားသမီး ဖြစ်သည် နှင့် အညီ စာ ကို ဘုန်းကြီး ကျောင်း ၌ သာ သင်အံခဲ့ဖူးသူ ဖြစ်၏ ။ သို့မို့ကြောင့်လည်း အဖေ သည် လယ်ကွင်း ၌ ကျွမ်းကျင်၏ ။ မြေ အကြောင်း ကို သိ၏ ။ ဝါဆို ဝါခေါင် ရေဖောင်ဖောင် အခါမျိုး အညာရေဆင်းချိန် ၌ ထင်း ဆယ်ရသော အလုပ် ကို ခုံမင်၏ ။ အဖေ့ ဓလေ့ အဖေ့ ဝါသနာ သည် မြေကြီး နှင့် ရေမြေ တောတောင် တို့ နှင့် ရင်းနှီးဆက်စပ် နေသော ဓလေ့ ဝါသနာများ သာ ဖြစ်၏ ။ သူ ကျင်လည် ခဲ့ရသော ပတ်ဝန်းကျင် နှင့် ဘဝ ကို အဖေ မေ့လျော့သည် ဟူ၍ မရှိ ၊ ထာဝစဉ် သတိရ၏ ။ သူ့ မျိုးရိုး သူ့ ဇာတိ ဖြစ်သော လယ်ကျွန် ၊ ယာကျွန် ၊ မြေကျွန် တွေ ၏ အဖြစ်သနစ်များ အတွက် ရင်ထုမနာ ဖြစ်ခဲ့ရရှာ၏ ။
သို့မို့ကြောင့်လည်း အကြောင်း အားလျော်စွာ မြို့သူ နှင့် အိမ်ထောင်ပြုခဲ့ စေကာမူ အဖေ သည် သူ့ ဘဝ မြစ်ဖျားခံရာဒေသ သို့ မကြာမကြာ ပြန်တတ်၏ ။ သူ ချစ်သော ၊ သူ ကြင်နာသော သူ နှင့် ဘဝတူ လယ်သမားတွေ ၊ လယ်ကူလီတွေ အကြား တွင် သွား နေကာ သူတို့ အရေး ကို စိတ်ဝင်စားခဲ့၏ ။
၁၃ဝဝ ပြည့် အရေးတော်ပုံကြီး တွင် အဖေ သည် စိတ်ရောကိုယ်ပါ ပါဝင်ခဲ့၏ ။ ယင်း အရေးတော်ပုံကြီး အတွက် နယ်လှည့်၍ တရားဟော ထွက်သည် ။ တောကြို အုံကြား မကျန် အဖေ သွားသည် ။ ဝံသာနုရက္ခိတ တရား ဟောရင်း အဖေ သည် နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုးသားလွတ်လပ်ရေး အတွက် လှုံ့ဆော်ခဲ့လေ သည် ။ ထိုအခါ က အဖေ သွားရာ နောက်သို့ တကောက်ကောက် လိုက်ရသူ မှာ ကျွန်တော် ပင်တည်း ။
“ ဗမာစာသည် တို့စာ ”
“ ဗမာစကားသည် တို့စကား ”
“ ဗမာပြည်သည် တို့ပြည် ”
တို့ဗမာအစည်းအရုံး ၏ ကြွေးကြော်သံများ ကို အဖေ သည် ကိုယ်တိုင် ကိုယ်ကျ ကြွေးကြော်သည် သာ မက အိမ် တွင် လည်း ရေး၍ ကပ်ထား လိုက်သေး၏ ။ နိုင်ငံရေး ၌ နှစ်မြုပ် ထားသော အဖေ သည် သားသမီးတွေများ လာသည့် အတွက် စီးပွားရေး တွင် ပါ ပို၍ ဇောက်ချ လုပ်လေတော့သည် ။ သာမန် ဆိုင်ကလေး အဖြစ် ဖွင့်ထားသော ထမင်းဆိုင် ကို အဖေ က တိုးချဲ့သည် ။ ကျေးလက်တောရွာ များ မှ လာကြသည့် ကုန်ရောင်းကုန်ဝယ်သမားများ ၊ အမှုသည်များ ၊ အင်းလေလံ သမားများ ၊ စပါးပွဲစားများ အားလုံး သူ့ ဆိုင် တွင် တည်းခိုရန် နေရာ ပေးထားလေရာ အဖေ့ စီးပွားရေးလုပ်ငန်း မှာ များစွာ အောင်မြင်လေသည် ။
အဖေတို့ ဦးစီးကျင်းပသော အမျိုးသားနေ့ အခမ်းအနားများ နှင့် ပါတော်မူနေ့အခမ်းအနားများ ကို ကျွန်တော် အမှတ်ရ နေပါသေးသည် ။ ဗြိတိသျှအစိုးရ ၏ ဖိနှိပ်ချုပ်ချယ်မှုများ မှာ လွန်စွာ ပြင်းထန်လျက် ရှိလေရာ တစ်မျိုးသားလုံး နှင့် စပ်ဆိုင်သော အခမ်းအနားများ ၊ အစည်းအဝေးများ ကို ကျင်းပရသည်မှာ မလွယ်ကူ ။ တစ်ခါတစ်ရံ ‘ တကောင်းအဘိရာဇာ ’ အစချီသော အမျိုးသားသီချင်း ကို သီဆိုမည့်သူ ပင် မရှိအောင် ဖြစ်နေတတ်၏ ။
ထိုအခါမျိုး၌ အမျိုးသားသီချင်း ကို အဖေ နှင့် အတူ ရဲရဲဝံ့ဝံ့ သီဆိုသူ တစ်ဦး ရှိလေသည် ။ ၎င်း ကား သခင်ကု,လားကြီး ပေတည်း ။ သခင်ဘငြိမ်း ၊ သခင်ကု,လားကြီး နှင့် အဖေ အစရှိသော သခင် သုံးဦး မှာ အစိုးရ၏ စုံထောက်များ ခြေရာချင်း ထပ်အောင် အလိုက် ခံနေရသော နိုင်ငံရေး လူဆိုးကြီးများ ပင် ဖြစ်ပေသည် ။
သည်လိုနှင့်ပင် ဒုတိယ ကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံ သို့ ကူးစက်တောက်လောင် လာတော့သည် ။ ကျွန်တော် တို့ ၏ ဇာတိရပ်မြေ ဖြစ်သော မအူပင်မြို့ မှာ လည်း ဗုန်းဒဏ် ၊ စက်သေနတ်ဒဏ် တွေ ခံရတော့သည် ။ သို့မို့ကြောင့် အဖေ သည် သူ ၏ ဆိုင် ကို ပိတ် လိုက်ရသည် ။ ဂျပန်တွေ တက် လာစ၌ အဖေ ၏ နိုင်ငံရေးစိတ်ဓာတ် သည် အရှိန် သေသွားသည် ဟူ၍ မရှိဘဲ ပိုလို့သာ တောက်ပြောင်ထက်မြက် လာသည် ။
မြစ်ဝကျွန်းပေါ် စစ်ကြောင်း အတိုင်း ချီတက်လာကြသည့် ဗိုလ်ရန်နိုင်ဦးစီး သော ဗမာ့လွတ်လပ်ရေးတပ်မတော်သားများ အတွက် စားနပ်ရိက္ခာ နှင့် အဝတ်အထည်များ လုံလောက်စွာ ထောက်ပံ့နိုင်ရန် အဖေ သည် မနားမနေ လှုံ့ဆော် စည်းရုံးခဲ့ပြန်သည် ။ ယင်း ဂျပန်ခေတ် မှာ ပင် အဖေ သည် သားသမီးများ ၏ စားဝတ် နေရေး အတွက် ကြိုးစား၍ အလုပ် လုပ်ရပြန်၏ ။ ပွဲရုံ တစ်ရုံ ဖွင့်ကာ ပွဲစား လုပ်သည် ။ ဗုန်းတွေ စက်သေနတ်တွေ အကြား မှာ သားသမီးများ အတွက် စီးပွား ရှာခဲ့ ပြန်သည် ။
၁၉၄၅ ခုနှစ် ဖက်ဆစ်ဆန့်ကျင်ရေး အရေးတော်ပုံကြီး ကို လည်း အဖေ သည် လျစ်လျူ မပြုနိုင်ချေ ။ အသက်အရွယ် အားဖြင့် အတန်ငယ် အိုမင်းရင့်ရော် လာပြီ ဖြစ်သော်လည်း ကျရာ တာဝန် ကို ယူ၍ အလုပ် လုပ်သည် ။ ဖက်ဆစ်ဆန့်ကျင်ရေး တပ်သားများ ကို ဆက်သွယ် ပေးသည် ။ အကာအကွယ် လုပ်ပေးသည် ။ ဝှက်ထားပေးသည် ။ သူ့ နယ် ဖြစ်သော ထနီး ၊ မိချောင်းရဲ ၊ မလက်တို အစ ရှိသည့် ကျေးရွာများ ၌ ပြောက်ကြား အခြေခံစခန်းတွေ ဖွင့်ဖို့ အတွက် ကင်ပေတိုင်များ နှင့် ဂျပန်သတင်းပေး များ အကြား မှ လွတ်အောင် ရှောင်ကာ ဆောင်ရွက် ပေးခဲ့လေသည် ။
“ အလကား ချွေးတပ်ဆွဲ မုဒိမ်းကျင့် နေတဲ့ ကောင်တွေ ကို မင်းတို့ ဒီလို ပြန် မချဘဲ မရဘူးကွ ” ဟု အဖေ ဆိုလေ့ ရှိသည် ။
အမျိုးသားရေး နှင့် လွတ်လပ်ရေး လှိုင်းတံပိုးကြီးများ အကြား စုန်ချည် ဆန်ချည် ဆိုသလို မျောပါ လာ ခဲ့သော အဖေ သည် နိုင်ငံ လွတ်လပ်ရေး ရလျက်
ပြည်ထောင်စုမြန်မာနိုင်ငံ အဖြစ် ကြေညာနိုင်ခဲ့သည့် အချိန် မှ စ၍ စိတ်ရော ကိုယ်ပါ အတန်ငယ် ကျဆင်း ရင့်ရော် လာကြောင်း ကျွန်တော် ရိပ်စားမိလေသည် ။
၁၉၅၄ ခုနှစ် တွင် သတင်းစာတစ်စောင် ၌ အယ်ဒီတာ လုပ်နေသော ကျွန်တော့် အား ပြည်ပိုင် အစိုးရမင်းများ က နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို အနှောင့်အယှက် ပေးနိုင်သူ ဟု ဆိုကာ ပုဒ်မ ( ၅ ) နှင့် ဖမ်းဆီး အကျဉ်းချ ထားလိုက်လေသည် ။
အဖေ သည် ကျွန်တော့် ကို ချုပ်နှောင်ထားရာ ရန်ကုန် အကျဉ်းထောင်ကြီး သို့ ထောင်ဝင်စာ လာ တွေ့သည် ။ ထိုအခါ အဖေ မှာ အသက်အရွယ် အားဖြင့် အိုမင်း လျက် ရှိလေပြီ ။ ကောင်းစွာ လည်း ကျန်းမာဟန် မရှိ ။ အိုမင်းခြင်း ၊ မကျန်းမာခြင်းများ နှင့် အတူ အဖေ့ စိတ်ဓာတ်သည် လည်း ကျဆင်းလျက် ရှိပြီ ကို ကျွန်တော် မျက်ဝါး ထင်ထင် တွေ့မြင်ရ ပါတော့သည် ။
“ အဖေ ကိုဗဆွေ ဆီ သွားမယ် ”
ဝန်ကြီး ဖြစ်နေသော ဦးဗဆွေကြီး ထံ သွားမည် ဟု အဖေ က ပြောလေသည် ။ ပုဒ်မ ( ၅ ) အကျဉ်းသား ဘဝ ဖြင့် တစ်နှစ်ကျော်ကျော် ထောင်သက် ရနေခဲ့ပြီ ဖြစ်သော ကျွန်တော် က တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုသော အခါ အဖေ က ပင် ဖွင့် ပြောပြန် လေသည် ။
“ ပြည်သူ့အရေးတော်ပုံ ပါတီ ဖွဲ့တုန်း က အဖေ အများကြီး အကူအညီ ပေးခဲ့တာပဲ ။ နောက်ပြီး မင်းတို့ ကိုယ်တိုင် လည်း လွတ်လပ်ရေး အတွက် အများကြီး လုပ်ခဲ့ကြတဲ့ ဥစ္စာ ။ အခုလို ပုဒ်မ ( ၅ ) နဲ့ ဘာ မသိရ ညာ မသိရ ချုပ်ထားတာ ဘယ် ကောင်းပါ့မလဲ ။ အဲဒီတော့ နောက် ကို လည်း ဒီ နိုင်ငံရေး ဆိုတာ ဆက် မလုပ်ပါနဲ့ တော့ သားရယ် ။ အဖေ ဦးဗဆွေ ကို သွား တောင်းပန်မယ် ”
အမှန်စင်စစ် အားဖြင့် ကျွန်တော် သည် အကျဉ်းထောင် အတွင်း၌ တစ်မိနစ် ၊ တစ်စက္ကန့် မျှ ပင် နေလိုသူ မဟုတ် ။ သို့ရာတွင် ကျွန်တော့် မှာ အပြစ် တစ်စုံတစ်ရာ မရှိပါဘဲ လျက် အဖေ က ကျွန်တော့် အတွက် တောင်းပန်မည် ဆိုသော အချက် ကို သဘော မတူနိုင်အောင် ဖြစ်ရသည် ။
“ အဖေ က ဘာဖြစ်လို့ တောင်းပန်ရမှာလဲ ”
ကျွန်တော် က ထပ် မေး လိုက်သောအခါ အဖေ သည် တွေလျက် ရှိ၏ ။ အဖေ့ နှုတ်ခမ်း အစုံ မှာ တဆတ်ဆတ် တုန်လျက် ရှိ၏ ။
“ သား အပေါ် မှာ အထင် လွဲ နေတာတွေ ရှိလည်း ပြေလည် သွားအောင် ၊ နောက်ပြီး နောင် ကို လည်း နိုင်ငံရေးတွေ ဘာတွေ ဆက် မလုပ်တော့ပါဘူးလို့ ကတိ ပေးရအောင် ”
“ မဟုတ်ဘူး အဖေ မဟုတ်ဘူး ။ ကျွန်တော့် အပေါ် အထင် လွဲ နေတာတွေ ရှိလည်း တောင်းပန်ဖို့ မလိုဘူး ။ နောင် ကို လည်း နိုင်ငံရေး ဆက် မလုပ်ဘူး ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး ။ ကျွန်တော့် အပေါ် ဘာအကြောင်း မှ မပြနိုင်ဘဲ နဲ့ ဒီလို ချုပ်နှောင် ထားတယ် ဆိုတာ ကို က ကျွန်တော့် ကို မတရားသက်သက် လုပ်တာ ။ ကျွန်တော့် အပေါ် ခွင့်လွှတ်ပါ ဆိုပြီး ဒီ လူတွေ ကို တစ်ခါ ထပ် တောင်းပန်ရဦးမယ် ဆိုတော့ အဖေ ပဲ စဉ်းစား ကြည့်လေ ။ ရိုးရိုးသားသား နေထိုင် လုပ်ကိုင် စားသောက်ချင်တဲ့ တိုင်းသူ ပြည်သား တစ်ယောက် ရဲ့ ဂုဏ်သိက္ခာ ဆိုတာ ဘယ်မှာ ကျန်တော့မလဲ ”
ကျွန်တော့် စကား ကို ကြားသော အခါ အဖေ့ မျက်နှာ မှာ သိသိသာသာ ပျက်လျက် ရှိလေသည် ။ နဖူးပြင် တွင် အတွန့်အရေးများ ထင်း နေအောင်လည်း စဉ်းစား တွေးခေါ်နေပုံ ရ၏ ။
“ ကိုယ့် မှာ သား နဲ့ မယား နဲ့ ဆိုတာလည်း ပြန် စဉ်းစားဦးပေါ့ သားရယ် ”
ကျွန်တော် က ဘာမျှ မပြောမီ အဖေ က ဆက် ပြောပြန်သည် ။
“ တစ်ချိန်တုန်း က တော့ အဖေ လည်း ကိုယ့် တိုင်းပြည် အတွက် ဆိုပြီး နိုင်ငံရေး လုပ်ခဲ့တာပဲ ။ အခု လွတ်လပ်ရေး ရပြီးတဲ့ အချိန် က စပြီး ကြည့်စမ်း ။ ပြည်တော်သာ ရမည် ဆိုတဲ့ ကြွေးကြော်သံ ကို စိတ် ထဲ က ပါပါ ၊ မပါပါ လိုက် အော် နေတဲ့ အချောင်သမားတွေ ပဲ နေရာကောင်း ရပြီး ခေါင်းပေါင်းစ တလူလူ လုပ် နေကြတယ် မဟုတ်လား ။ ဒါတွေကို သိပေမဲ့ အသက် က လည်း ကြီးလာပြီ ဆိုတော့ အေးအေးပဲ နေတော့မယ် လို့ အဖေ ဆုံးဖြတ် ထားတယ် ။ အခု မင်း ဒီလို ထောင်တန်း ကျနေတယ် ဆိုတော့ အဖေ အနေ မဖြောင့်ဘူး ။ ဒါကြောင့် ရန်ကုန် လိုက် လာတာ ”
“ အဖေ စိတ်အေးအေး ထားပြီး မအူပင် ကို ပြန်သွားပါ ။ ကျွန်တော့် အတွက် စိတ်ဒုက္ခ မရှာပါနဲ့ ။ အဖတ်တင် ခံပြီးတော့ လည်း သွား တောင်းပန် မနေပါနဲ့ ။ အချိန်တန် တော့ ကျွန်တော့် ကို လွှတ်ကြမှာပါ ”
ကျွန်တော့် အပေါ်၌ စိတ်ပျက်လေသလား သို့တည်းမဟုတ် ခေါင်းမာနိုင်ရန် ကော ဟု တွေးလေသလား မသိ ။ အဖေ သည် လက်လျှော့ ၍ ပြန်သွားလေတော့သည် ။
အကျဉ်းထောင် အတွင်း၌ ၃ နှစ် ကျော် မျှ အချုပ်အနှောင် ခံထားရပြီး နောက် ကျွန်တော် လွတ်မြောက် လာသော အခါ မအူပင် သို့ ပြန်၍ အဖေ နှင့် သွား တွေ့သည် ။ အဖေ ကား လေဖြတ် ထား သဖြင့် ကိုယ် တစ်ခြမ်း သေလျက် ရှိလေပြီ ။
တစ်နေ့တခြား ယိုယွင်း လာသော အဖေ့ ကျန်းမာရေး အတွက် ကျွန်တော် သည် အားမလို အားမရ ဖြစ်သည် မှာ မှန်၏ ။ သို့သော် သားရေးသမီးရေး စားရေး နေရေး အတွက် ဝန်ထုပ်ဝန်ပိုးများ ဖိစီးနေသည့် အတိုင်း တစ်ခါတစ်ရံ မျှ သာ အဖေ့ ထံ သို့ ရောက်နိုင်ခဲ့၏ ။ တစ်နေ့ နေ့တွင် အဖေ သည် ကျွန်တော် တို့ နှင့် တကွ လူ့လောက တစ်ခုလုံး ကို ပါ စွန့်ခွာသွားတော့မည်လော ဟု မရဲတရဲ တွေးနေမိ၏ ။
၁၉၆၂ ခုနှစ် ၊ နိုဝင်ဘာလ က မူ အဖေ့ ထံ သို့ ကျွန်တော် တစ်ခေါက် ရောက်ပြန်သည် ။
အဖေ သည် ထူထူထောင်ထောင် ဖြစ်နေ၏ ။ သွားသွားလာလာ လည်း ရှိနေ၏ ။ ရပ်ရေးရွာရေးများ ၌ မားမားမတ်မတ် မဟုတ်တော့သည့် တိုင်အောင် တတ်အားသမျှ ပါဝင်ဆောင်ရွက် နေပြန်၏ ။
“ ဟေ့ ဗိုလ်ချုပ်နေဝင်း ပဲ ဖြစ်ဖြစ် ၊ ဗိုလ်မှူးချုပ်တင်ဖေ တို့ ၊ ဗိုလ်မှူးကြီးသန်းစိန် တို့ပဲ ဖြစ်ဖြစ် ပြောပေးစမ်းပါဦးကွ ”
“ ဘာပြောရမလဲ အဖေ ”
“ တို့ ဆီ မှာ တော်လှန်ရေးအစိုးရ တက် လာမှ ရေခွန်တွေ တိုး ကောက်တယ် ကွ ။ အဲဒါ ထိပ်ပိုင်း က ဗိုလ်ချုပ်ကြီး တို့ ဗိုလ်မှူးကြီး တို့ က သိမှာ မဟုတ်ဘူး ။ ငါ က လက်သာ လေမဖြတ် လို့ ကောင်းသေးရင် စာ ရေးပြီး တင်ချင်လိုက်တာ ”
ကျွန်တော် က ဘာမျှ ပြန်မပြောပါ ။ အမေ က သာ “ ရှင့် မှာ လည်း ဒီ အသက် အရွယ် ကျ မှ ” ဟု တီးတိုးရေရွတ် လိုက်၏ ။
“ သူတို့ အုပ်ချုပ်တဲ့ တပ်ရင်း ( ၄ ) ဆိုတာ တို့ မြို့ နဲ့ ဆို သွေးရင်းသားရင်းတွေ လို နေသွားတဲ့တပ် ပဲ ကွာ ။ ဆိုးဆိုးကောင်းကောင်း တိုင်စရာ ရှိ တိုင်ရမှာပေါ့ကွ ”
အမေ့ ရေရွတ်သံကြောင့် ထင်သည် ။ အဖေ့ လေမှာ ပျော့ကျ သွား၏ ။ ကျွန်တော် ကား မကျန်းမမာ မသန်မစွမ်း ဖြစ်နေသည့် အကြားမှ ရပ်ရေးရွာရေးနှင့် တိုင်းရေးပြည်ရေး အတွက် စိတ်ဝင်စား နေသေးသော အဖေ့ ကို ကြည့်ကာ ကြည်ညို စိတ်တွေ ပိုလို့သာ တိုးပွားလျက် ရှိသည် ။
“ အဖေတို့ တို့ဗမာအစည်းအရုံး ဝင်ကာစ က သခင်အောင်ဆန်း လက်မှတ် နဲ့ ထုတ်ပေးထားတဲ့ အစည်းအရုံးဝင် ကတ်ပြား ရှိတယ် ။ အဲဒါ တပ်မတော်မော်ကွန်းတိုက် ကို လှူလိုက်စမ်း ” ဟု အဖေ က ဆက် ပြောလေသည် ။
ကျွန်တော် ကား လေဖြတ် ထားသဖြင့် လက်ဆစ်ခြေဆစ်တွေ အရုပ်ကြိုး ပြတ် သလို တွဲရရွဲ ကျလျက် ရှိသော အဖေ့ ကို ကြင်နာသော အကြည့် ဖြင့် သာ ကြည့်နေ မိ၏ ။ အဖေ သည် ကျွန်တော် တို့ ညီအစ်ကို မောင်နှမများ ၊ ဆွေမျိုးသားချင်းများ အတွက် တာဝန် ကို နှစ်ပေါင်းများစွာ မညည်းမညူ ထမ်းဆောင်ခဲ့၏ ။ အဖေ သည် သူ ၏ သားသမီးများ အတွက် သာ မက သူ နေထိုင်ရသော ပတ်ဝန်းကျင် နှင့် လူ့လောက တစ်ရပ်လုံး အတွက်ပါ သူ တတ်နိုင်သည့် အပိုင်း မှ သူ တတ်စွမ်းသမျှ သူ့ ကိုယ် သူ စွန့်လှူ လျက် အလုပ်အကျွေး ပြုခဲ့သည်သာတည်း ။
( ၃ )
အဖေ့ ရုပ်အလောင်း ကို သုသာန် သို့ ပို့သော နေ့က မိုး သည် သဲသဲမဲမဲ ရွာချလျက် ရှိ၏ ။ မည်းမှောင်သော မိုးသားတိမ်တိုက်များ သည်လည်း အလိပ်လိုက် အခဲလိုက် တက်လာလျက် ရှိ၏ ။
အဖေ့ အတွက် တူး ထားသော ကျင်းမှာ ခပ်ထုတ်၍ မနိုင် လောက်အောင် ရေတွေ ထွက်လျက် ရှိသည် ။ ရွာချ နေသော မိုးရေ နှင့် မြေထဲ ၌ ခိုအောင်း နေသော စိမ့်ရေများ ကို ကျွန်တော် တို့သည် ခပ်ထုတ်ကြရ၏ ။ မြေ မှာ ရေနူး နေသဖြင့် စေးပျော့ လျက် ရှိသည် ။ သစ်ရွက်ဆွေးများ မြေဆွေးများ နှင့် ရေများ ကို သို့ကလို တူးဖော်လျက် အဖေ့ ကို မြုပ်နှံ လိုက်ရပါပြီ ။
အဖေ ၏ ခန္ဓာကိုယ် အစုအဝေး တို့ သည် ဤ မြေဆွေး နှင့် သစ်ရွက်ဆွေးများ ကဲ့သို့ပင် ဆွေးမြေ့ကြေမွ ပျက်သုဉ်း သွားရ ပေတော့မည် ။ တစ်ဆွေတစ်မျိုးလုံး ငိုကြွေးကြ သော်လည်း ကျွန်တော် ကား မျက်ရည် မကျပါ ။
အဖေ သည် ဆင်းရဲသား လယ်သမား သားသမီး ဖြစ်၏ ။ ဆင်းရဲသား လယ်သမားတွေ အကြား ၌ မွေ့လျော်၏ ။ အဖေ သည် ခေတ်ပညာတတ် မဟုတ် ။ လူကုံထံ ကြေးရတတ် မဟုတ် ။ အဖေ သည် သူ့ နှလုံးသားများ အား မြုပ်နှံ ထားခဲ့ရာ ဆင်းရဲသား လယ်သမားများ သူ ချစ်သော တောသူတောင်သားများ အကြောင်း သူ တတ်သလောက် ၊ သူ နားလည်သလောက် အလုပ်အကျွေး ပြုခဲ့၏ ။
အဖေ သည် သားသမီးတွေ လူ တစ်လုံး သူ တစ်လုံး ဖြစ်ဖို့ အတွက် အချောင် နည်းလမ်း ကို မလိုက် ၊ သူ တတ်သော အလုပ် ဖြင့် ထမင်းရောင်း ၍ ကျွေးမွေးပြုစု ပျိုးထောင်ခဲ့၏ ။ အဖေ သည် ဆင်စွယ်ဗိမာန် အတွင်း မှ စိတ်ကူးယဉ်သူ မဟုတ် မြေ ကို ချစ်၏ ။ မြေကြီး ပေါ် မှ နိဗ္ဗာန် ကို ခုံမင်၏ ။ မြေကြီး ပေါ် မှ နိဗ္ဗာန် တွင် သူ့ လို လူအများစုကြီး နေနိုင်ဖို့ အတွက် တစ်သက်တာ ပတ်လုံး ခွန်အား ရှိသလောက် သူ့ အတိုင်းအတာ အရ သူ့ တာဝန် ကို ထမ်းဆောင်ခဲ့၏ ။
သစ်ရွက်များ လည်း ဆွေးကြမည် ။ မြေတွေ လည်း ဆွေးကြမည် ။ အဖေ ၏ ရုပ်ခန္ဓာ အစုအဝေး လည်း ဆွေးမြေ့ပေဦးမည် ။ လူ တစ်ယောက် အဖြစ် လူ လို အကောင်းဆုံး နေ၍ လူ လို အကောင်းဆုံး ကြိုးစား ကာ လူ့တာဝန်တွေ ကို ထမ်းဆောင် သွားသော အဖေ့ အတွက် စေးပျော့သော မြေဆွေးများ နှင့် မိုးစက်မိုးပေါက်များ အကြား ၌ ပျားဝပ်ရိုကျိုး ရှိခိုးဦးတိုက် မိသည် မှ အပ ကျွန်တော့် မျက်လုံးအိမ် တွင် ကျဆင်းစရာ မျက်ရည် ဟူ၍ မရှိတော့ပါ ။
◾ မောင်နေဝင်း
📖 မြဝတီ မဂ္ဂဇင်း
မတ် ၊ ၁၉၆၅
No comments:
Post a Comment