Thursday, January 9, 2025

ချမ်းလိုက်တဲ့ ဆောင်းတွင်း ဗျာ

 ❝ ချမ်းလိုက်တဲ့ ဆောင်းတွင်း ဗျာ ❞

      ( ကြပ်ကလေး )


“ စိုးဝင်း  ... ဘာလုပ် နေသလဲကွ ၊ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ချက်သား ကောင်းလှချည့် ကလား ” 


လှကျော် သည် တစ်ယောက်တည်း နေသော သူငယ်ချင်း စိုးဝင်း ၏ အိမ်ပေါက်ဝ ရောက်ရောက်ချင်း အော် နှုတ်ဆက်ကာ တောက်လျှောက် အခန်း ထဲ သို့ ဝင်သွားလေ၏ ။


စိုးဝင်း သည် ခုတင် ပေါ်၌ ထိုင်ရင်း စာရွက်ကလေး တစ်ရွက်ကို ကိုင် ကာ မှိုင်တွေချ နေသည် ကို တွေ့ရ သဖြင့် ...


“ အော်မယ်လေးကွာ ၊ ယောက်ျားပဲ ၊ ဒီလောက် မှိုင်ရသလားကွ ။ အလုပ် က လူ လျှော့လို့ ပြုတ် ရတာပဲ ၊ ကိုယ် ညံ့လို့ ပြုတ်ရတာ မှ မဟုတ်ဘဲ ၊ တခြား မှာ အလုပ် ရှာသေးတာပေါ့ ”  


“ မင်း မသိပါဘူးကွာ .... ၊ အလုပ်ကြောင့် စိတ်ပျက် နေရတဲ့ အထဲ ဒီ စာ ရောက်လာလို့ ပိုပြီး စိတ်ရှုပ်ထွေး သွားတာပေါ့ကွ ” 


“ ဒီ စာ က ဘာ စာ မို့လို့ လဲ ၊ ရည်းစား ဆီ က ဖြတ်စာ လာရအောင် ဟာ လည်း မင်း မှာ ရည်းစား ရှိတယ်လို့ ငါ မကြားမိပါကလားကွာ ...” 


“ ဟေ့ ... လှကျော် ရေ ဖတ်လည်း ကြည့်ပါဦးကွာ ။ ရည်းစားဆီ က မဟုတ်ဘူး ကွ  ၊ ဘကြီး ဆီ က ... ဘကြီး ဆီ က ” 


လှကျော် လည်း စိုးဝင်း  ကမ်းပေး လိုက်သော စာရွက်ကလေး ကို လှမ်းယူ ဖတ်ကြည့် လိုက်လေ ၏ ။


မောင်စိုးဝင်း 

        ဘကြီး စာ ရေးလိုက်သည် ။ အကြောင်းမှာ မနေ့က သတင်းစာ ထဲ မှ လူငယ်စာဖတ်အသင်း တစ်ခု မှာ မင်း တရားဟောကြောင်း တွေ့ရလို့ ငါ သိပ် ဝမ်းသာမိတယ် ...  ၊ မင်းလို ကောင်မျိုး တစ်သက်မှာ လူတော မတိုး တော့ဘူး လို့ ငါ ထင်ထားတာ လွဲသွားပြီပေါ့ ။


မင်း စကားပြော ကောင်းအောင် ဘယ်လို ကျင့်တယ်ဆိုတာကို ငါ စဉ်းစားလို့ မရဘူး ...  ။ ဘာပဲ ဖြစ်ဖြစ် နောက် နှစ်ပတ် ကျော်ရင် ငါ လာခဲ့မယ် ၊ မင်း ငါ့ ကို စကား ပြောရမယ် ။ စကားပြော ကောင်း ရိုး မှန်ရင် ... ငွေ တစ်ထောင် ပေးခဲ့မယ်ကွာ ။

       မောင်စံထွန်း


စာ ဖတ်၍ ပြီးဆုံး သွားသောအခါ ၊ လှကျော် သည် စိုးဝင်း ကို ကြည်လင်သော မျက်လုံးများ ဖြင့် ကြည့် လိုက်ပြီး ပြော လိုက်လေသည် ။ 


“ ဟာ ... မင်း တော့ ပွတာပဲ ။ ငွေတစ်ထောင် ရဦးမှာ ပေါ့ ”   


စိုးဝင်း ကမူ လှကျော် ကို မျက်မှောင်ကုပ် ကြည့်ရင်း ပြန်ဖြေလိုက်၏ ။ 


“ အင်း .... မင်း ကတော့ ထင်သပေါ့ ၊ ငါ့ မှာ တော့ သေချင်စော် နံနေပြီ ” 


“ နေပါဦးကွ ၊ သေချင်စော် ဆိုတာ ဘယ်လို အနံ့မျိုးလဲ ..  ၊ မဆလာနံ့ ခပ်ဆန်ဆန်လား ” 


“ နောက် မနေစမ်းပါနဲ့ ကွ ...  ၊ ငါ တော့ ဒုက္ခပဲ ” 


“ ဟင် .... ငွေတစ်ထောင် ရတာဟာ ဒုက္ခပဲ ဆိုတာ မင်း လက်ထက် မှ ငါ ကြားဖူးတော့တယ် ၊ ဆိုစမ်းပါဦး ... ” 


“ မင်း မသိဘူးနော် ” 


“ ငါ မသိလို့ မေးနေတာပေါ့ကွ ” 


“ ငါ ဘယ်မှာ စကား ကို လေးလုံးကွဲအောင် ပြောတတ်သလဲကွ ”   


“ မင်း အခု ပြောနေတာ လေးလုံး မကပါဘူး ... ” 


“ ဒါ ပြောတာ မဟုတ်ပါဘူး ၊ ငါ စကားပြော ကောင်းတာ မဟုတ်ဘူး  ၊ လူငယ် စာဖတ်အသင်း မှာ ပြောတာ ငါ မဟုတ်ဘူး ကွ ၊ ဟိုဟာက ဦးစိုးဝင်း ဆိုတဲ့ လူတစ်ယောက် ၊ ဒါကို အဘိုးကြီး က ငါ မှတ်ပြီး အထင်ကြီး နေတယ် ၊ အဲဒါ သူ လာတော့ ငါ့ စကား မပြောတတ်မှန်း သိသွားရင် ဒုက္ခ ပဲကွာ ” 


လှကျော် လည်း စိုးဝင်း ဘေးနား ခုတင်ပေါ် ဝင် ထိုင်လိုက်ရင် သူ့ အဖို့ ဤ ပြဿနာ မှာ မရှုပ်ထွေး သကဲ့သို့ ပင် အေးစက်စက် အမူအရာနှင့် ... 


“ ဒါ ဘာ ခက်သလဲကွာ ၊ မင်း မဟုတ်ဘူး လို့ စာ ပြန်လိုက်ပေါ့ကွ ”    


“ ဟ ... ဒီလိုလည်း ဘယ် လုပ်လို့ ဖြစ်မလဲ ၊ ငါ့ မှာ အလုပ်ပြုတ်ပြီး ဘိုင်ကျ နေတယ် မဟုတ် လားကွ ...  ။ ဘကြီး သူဌေး က မစမယ့် ငွေတစ်ထောင် ကို ဘယ်မှာ အလွတ် ခံချင်မှာ လဲ ”  


“ ဒါဖြင့် မင်း အခု ဘာလုပ်မယ် စိတ်ကူးသလဲ ”  


“ စကားပြော သင်ချင်တယ်ကွ ၊ နှစ်ပတ် အတွင်း ကြိုးစားပြီး သင်ရမှာ ပေါ့ ၊ အဲဒါ ဆရာ ရှာပေးစမ်းကွာ ”    


လှကျော် မှာ ခေါင်း ကို လက်ဖြင့် ကုတ်မိကာ ...


“ ဆရာတော့ ဘယ်မှာ ရှိမှာ လဲကွ ၊ အနောက်နိုင်ငံက လာတဲ့ Public Speaking ဆိုတဲ့ စာအုပ် တွေ ဘာတွေ ဖတ်ပါလား ” ဟု အကြံပေး လိုက် ရာ စိုးဝင်း သည် ခေါင်းကို ခါပြလိုက်ရင်း ... 


“ မရပါဘူးကွာ ... လက်တွေ့ သင်မှ ဖြစ်မှာ ပဲ ”


“ ဒါဖြင့် ဒီလို လုပ်ပါလား ... ၊ သတင်းစာ ထဲ ကနေ ကြော်ငြာပြီး ခေါ် လိုက်ရင် လျှောက်လွှာ တွေ လာမှာ ပေါ့ ၊ အဲဒီမှာ ရွေးယူပေါ့ ” 


“ ဟာ ဒါက သာ မဖြစ်သေးတယ် ၊ အဘိုးကြီး က သတင်းစာ ကောင်းကောင်း ဖတ်တယ်ကွ ... ဒီကြော်ငြာ ဆန်းတယ် ဆိုပြီး သတိထား မိမှာ ပေါ့ .. ”


လှကျော် မှာ လည်း မကြံတတ် သဖြင့် ရှေ့ က ထရံကြီး ကိုသာ ငေးစိုက်ကြည့်နေမိလေရာ ငတ်လုလု - ငတ်မူးမူး - ငတ်တျားတျား - ငတ်အံ့ ဆဲဆဲ ဖြစ်နေသော စိုးဝင်း မှာ လည်း ခေါင်းများ ပူလာ သည် အထိ အကြံထုတ် နေလေသည် ။


ထိုခဏ၌ လှကျော် သည် ရုတ်တရက် အကြံ ရလာသလို ဖျတ်ခနဲ စိုးဝင်း ဘက် လှည့်လိုက်ပြီး ...


“ ဟေ့ ... ဒီလို လုပ်ပါလားကွ ၊ “ ကျွန်တော့် သမီး အတွက် အင်္ဂလိပ်စာ နှင့် မြန်မာစာ ပြရန် ဆရာ လိုသည် ” လို့ လျှောက်လွှာ ခေါ်ပါလား ... ။ ဆရာ ဆိုတာ ... စကားပြော ကောင်းတယ်ကွ ၊ ငယ်ငယ်တုန်း က ပြန် စဉ်းစားကြည့်ပါလား ၊ တစ်ခါတစ်လေ ဆရာ စကားပြော နေတာနဲ့ အချိန် ကုန်တာပဲ ၊ စာ သင် လိုက်ရတယ် တောင် မရှိဘူး ။ နောက်ပြီး ဘယ်လောက် စကားပြော ကောင်းသလဲ ၊ ကြည့်စမ်း စာသင်လာတာ က မှ ငိုက်ချင်သေးတယ် ၊ သူ စကား ပြောတော့ ဘယ်ကောင် ငိုက်သလဲ ” 


စိုးဝင်း သည် လှကျော်  ပြောပြချက် ကို စိတ်ဝင်စားစွာ နားထောင် နေရာ က “ ငါ့ လိပ်စာ ထည့် ရင် အဘိုးကြီး သိမှာ ပဲကွ ” ဟု ပြောလိုက်ရာ လှကျော် က ပေါင် တစ်ချက် ပုတ်ရင်း ..


“ မင်း ဟာ လျှော်တယ် လည်း ဆိုရဲ့ ... ဆပ်ပြာ လည်း တစ်တောင့် ကုန်ရော ဆိုတဲ့ အစား ထဲ က ကိုး ။ သတင်းစာတိုက် မှ တစ်ဆင့် ပေးပါ ဆိုပြီး သတင်းစာတိုက် ကို သာ ကိုယ့် လိပ်စာပေးပေါ့ ”  


“ အေး ... ဒီအကြံ ကောင်းတယ် ဟေ့ ၊ ဒါပေမဲ့ ငါ့ သမီး ဆိုလို့ ကောင်းပါ့မလားကွ ၊ ငါ့ မှာ သား မယား မှ မရှိဘဲ ”  


“ ဒါ အရေး မကြီးပါဘူးကွာ ဒီကျမှ ကြည့်ပြီး ကိုယ့်ဒုက္ခ ကို ပြောပြတာပေါ့ ။ လခ ပေးရင် လုပ်ပါတယ်ကွ ” 


“ ဒါဖြင့် ငါ့သား ဆိုရင်ကော မရဘူးလား ” 


“ ဟ .. သမီး ဆို မှ ဆရာ များများ လာမှာ ပေါ့ ၊ သေချာအောင် အသက် ၁၆ နှစ်ခန့် ရှိတဲ့ သမီး လို့ ထည့်ပေးကွာ ၊ လျှောက်လွှာတွေ ပုံ မနေ တော့ ငါ့ ပါးရိုက် ။ နောက်ပြီး သမီး ဆိုတော့ မိန်းကလေးဆရာမတွေ လည်း လာမှာ ပေါ့ ၊ မိန်းမ က ပိုပြီး စကားပြော ကောင်းသေးတယ် ၊ သူစိမ်း တစ်ရံဆံတွေ တောင် ငါးမိနစ် မကြာဘူး မိတ်ဆွေ ဖြစ်အောင် ပြောနိုင်တယ်ကွာ ” 


“ ဟာ ... မိန်းမ ဆိုရင် .. ငါလို လူပျို နဲ့ တူတူ နေလို့ ဖြစ်ပါ့မလားကွ ”   


“ မဖြစ်နိုင်ရင်လည်း သူ့ ဘာသာ သူ တခြား မှာ ပဲ သိပ် မှ ပေါ့ကွ .... ၊ ဒါ ဘာ ပူစရာ ရှိသလဲ ” 


စိုးဝင်း သည် လှကျော် ပြောသမျှကို နက်နက်နဲနဲ တွေးတောဆင်ခြင်ပြီး သဘောကျ လာသော် လည်း ဤ အတောအတွင်း ဝယ် စကားပြော ကောင်းနည်း လေ့ကျင့်ခန်းများ သည် ငွေကုန်ကြေးကျ ဖြစ် လာခဲ့သော် တတ်နိုင်မည် မဟုတ်သဖြင့် စိုးရိမ်မိကာ ... လှကျော် ကို လှည့်ကြည့် လိုက်ရင်း အကူအညီ တောင်း လိုက်လေ၏ ။


“ ဒီ ကြားထဲမှာ သုံးဖို့ ငွေ လိုရင်တော့ ဒုက္ခပဲ ၊ မင်း က ကုန်သည်ကြီး ရဲ့ သားမို့ သူဌေးတွေ နဲ့ သိ မှာ ပဲ ၊ ငွေ ချေးလို့ ရမှာ ပေါ့ ” 


“ ဟာ ... သူများ ဆီ က ဘာလုပ်ချေးမှာ လဲကွ ၊ မင်းဖို့ ဆိုရင် ငါ ပေးပါ့ မယ်ကွာ ၊ ငါ့ မှာ ငွေ ၁၀၀ တော့ ရှိတယ် ၊ အဲဒါ ယူထားလိုက်ပေါ့ ” 


“ အေး ... ကျေးဇူးပါပဲ သူငယ်ချင်း ၊ ငွေတစ်ထောင် ရတော့ ပြန်ဆပ်ပါ့မယ် ” 


“ ပြန် မဆပ်ပါနဲ့ကွာ ၊ မင်း ယူလိုက်ပါတော့ ၊ ငွေ တစ်ထောင် လည်း ရပါစေဦး ။ မင်း ဒုက္ခ ရောက် ရင် ငါ ကူညီရမှာ ပေါ့ကွ ၊ အင်္ဂလိပ်စကားပုံ ရှိတယ် မဟုတ်လားကွ ၊ ပုလင်းအနှစ် အစ္စအေ ပုလင်း အထစ် ဆိုတာလေ ” 


“ ကြံကြံဖန်ဖန် ... ဒီ စကားပုံ ငါ မသိရပါလားကွ ” 


လှကျော် သည် ရိုးလွန်းသော သူငယ်ချင်း ကို ပခုံး ပုတ်ပြီး ရယ်လိုက်ရင်း ပြန်ရန် မတ်တတ်ထ လိုက်လေ၏ ။


“ ကဲ ... ငါသွားမယ် .. ၊ ငါ မှ တာတွေ တစ်လုံး မကျန် မမေ့နဲ့ နော် ”  


စိုးဝင်း သည် လှကျော် ပြောသည့် အတိုင်းပင် သတင်းစာ ထဲ မှ နေ၍ ကြော်ငြာ လိုက်ရာ ... လျှောက်လွှာပေါင်း လောရီတစ်စီးတိုက် ခန့် ရောက် လာလေ၏ ။


ဤအထဲ တွင် လှကျော် ပြောသည့်အတိုင်း မိန်းကလေး လည်း ဖြစ် ၊ ပညာအုပ်လည်း လုပ်ဖူး သော ခင်မြသွင် ၏ လျှောက်လွှာ ကို ရွေးချယ်လိုက်ပြီး လာရန် ရက်ချိန်း ကို ပေး လိုက်လေသည် ။


လာရန် ရက်ချိန်းစေ့သော နေ့ ရောက်သောအခါ လှကျော် ၏ ဒူးနှစ်ဖက် မှာ နတ်ပူး သကဲ့သို့ တုန် နေသည် ကို တွေ့ရလေ၏ ။ သူစိမ်း မိန်းမပျိုကလေး တစ်ယောက် ကို တွေ့ရမည် မှာ သူ့ အတွက် ဝန်လေးလှပါဘိ တောင်း ...


ချိန်းဆို ထားသော ၁၂ နာရီ ဘယ်တော့ ထိုးမလဲ ဟူသော အတွေး နှင့် တဒိတ်ဒိတ် ရင်ခုန်ကာ နာရီ ကို ချည်း မော်မော် ကြည့်နေမိစဉ် ၁၁ နာရီ ထိုးသောအခါ တံခါးခေါက်သံ ပေါ်လာလေ၏ ။


“ ဒေါက် .. ဒေါက် .. ဒေါက် ... “  (တံခါးခေါက်သံ )


“ ဒိန်း ... ဒိန်း ... ဒိန်း ... ဖူး ”  ( ရင်ခုန်သံ နှင့် သက်ပြင်းမှုတ်သံ ) 


စိုးဝင်း သည် တံခါးမကြီးနား အသာကလေး ကပ်ကာ အပေါ်ကလန့် ကို အရင် ဖြုတ်ရမည် လိုလို အောက် ကလန့် ကို အရင် ဖြုတ်ရမည် လိုလို နှ င့် ကုန်းလိုက် ခြေဖျား ထောက်လိုက် ဖြစ်နေလေ ၏ ။


အပြင်မှ တံခါးခေါက်သူ မှာ အိမ်မှား ဝင်လာသူ ဖြစ်ရကား အထဲတွင် ဘာသံမျှ မကြားရသော အခါ အိမ်ရှင်တွေ မကြားသေး ဟု ယူဆပြီး ပထမ အကြိမ် ထက် ပြင်းထန်စွာ ခေါက်လိုက်ရာ အတွင်း မှ စိုးဝင်း မှာ နောက်သို့ ခုန်ပြီး လန့်ဆုတ်မိလေတော့သည်  ။


ထို့နောက်မှ တံခါးနား ပြန်ကပ်ကာ ... အပေါ် ကလန့် အောက် ကလန့် ဖြုတ်လိုက်ပြီး လျှင် ဝင် လာမည့် သူ ကို မျက်နှာချင်း မဆိုင်ဝံ့ သလို ကျောခိုင်းနေ လိုက်လေရာ အပြင်မှ လူ မှာ ကလန့် ဖြုတ်သံ ကြားလိုက်ရကား ... တံခါးရွက်သည် စိုးဝင်း ၏ နောက်စေ့ ကို “ ဂွတ် ”  ခနဲ ဆောင့်တွန်း လိုက်ရကား ... စိုးဝင်း မှာ ရှေ့သို့ နှစ်လှမ်းသုံးလှမ်းမျှ စိုက်စိုက်နှင့် ရွေ့သွားသည့် တိုင်အောင် သစ္စာကြီးစွာနှင့် လှည့် မကြည့်ဘဲ “ လာ ... ဧည့်ခန်း ကို လိုက်ခဲ့ ”  ဟု သာ ခေါ်ငင်ရင်း ဧည့်ခန်း ထဲ သို့ ဝင်သွားလေ၏ ။


အပြင်မှ လူ မှာ စိုးဝင်း ၏ အူကြောင်ကြောင် အပြုအမူ ကို နားမလည် နိုင်ရင်း နောက်က လိုက် သွားပြီး “ ထိုင် ” ဆိုသော ကု,လားထိုင် တွင် ဝင် ရောက် ထိုင်လိုက်သည့် အချိန် တိုင်အောင် စိုးဝင်း မှာ နောက်ခိုင်းလျက်ပင် ရှိသေး၏ ။


“ လိမ်ရတာတော့ အားနာပါရဲ့ ၊ ကျုပ် မှာ သမီး မရှိဘူး ” 


ဧည့်သည် သည် စိုးဝင်း ပြောသမျှ စကားတွေ ကို မြန်မာစကားပင် ဖြစ် သော်လည်း ဘာမျှ နားမလည်လိုက်ပေ ။


“ နေပါဦး သမီး လာ တောင်းနေတယ်များ မှတ်သလားဗျ ” 


သူ ထင်ထားသလို မိန်းမသံ မဟုတ်ဘဲ ယောက်ျားသံကြီး ဖြစ်နေ သဖြင့် စိုးဝင်း မှာ ချာခနဲလှည့် ကြည့်လိုက်ရာ ဧည့်သည် ကို မြင်သည် တွင် အူကြောင်ကြောင် ဖြစ်လျက်


“ ခင်ဗျား ... ဘာလို့ ဝင်လာရတာလဲ ”


“ ခင်ဗျား ... ဘာလို့ ခေါ်လာရတာလဲ ”  


“ ခင်မြသွင် လို့ ထင်လို့ ” 


“ လှည့် မကြည့်ဘဲနဲ့ များ ထင်ရသလား ”  


“ ဒါကြောင့် လှည့် မကြည့်တာပေါ့ ” 


“ အို ... ခင်ဗျား အရူးပဲ ” 


“ ကျုပ် အိမ် ကျုပ် နေတာ မရူးဘူး ၊ ကျုပ် ကို မသိဘဲ ဝင်လာခဲ့တဲ့ ခင်ဗျား သာ အရူး ” 


“ ဒါ. .. ဦးမောင်မောင်အိမ် မဟုတ်ဘူး လား ” 


“ ကျုပ် ဦးမောင်မောင် လား ” 


“  မဟုတ်ဘူး ” 


“ ဒါဖြင့် ဒါ ဦးမောင်မောင် အိမ် မဟုတ်ဘူး ”  


ဧည့်သည် မှာ မျက်မှောင်ကုတ် သွားရာက တစ်ဖန် စောဒက တက်လိုက် ပြန်လေသည် ။


“ လမ်းထိပ် က လူ တစ်ယောက် ဒီအိမ် လို့ ပြတယ် ” 


“ လမ်းထိပ် က လူ က ဒီ အိမ်လို့ ဆိုတာ .. အဲဒီ လမ်းထိပ်က အိမ် ကို ဝင်သွားပါလား ” 


“ မဟုတ်ဘူး ... ” 


“ မဟုတ်ရင် ပြန်တော့ ၊ ကျုပ် မှာ အလုပ်များ တယ် ” 


ဧည့်သည် ဆောင့်ကြီးအောင့်ကြီး နှင့် ပြန်ထွက်သွားသည် တွင် မှ စိုးဝင်း သည် အကြံ တစ်ခု ပေါ်ပေါက် လာလေ၏ ။ ထို့ကြောင့်ပင် အောက်ပါ စာ ကို ရေးကာ တံခါးပေါက်ဝ ၌ ကပ်ထားပြီး ဧည့်ခန်း မှ ထိုင်၍ စောင့် နေလေ၏ ။


ခင်မြသွင် သို့ ....


ဤတံခါးမကြီး မှ ဝင်၍ ဘယ်ဘက် အခန်း ထဲ သို့ ဝင်လာခဲ့ပါ ။ ကျွန်တော် စောင့်နေသည် ။


သတိ ။  ။ အခန်း ဝင်ခါနီး မှာ အခန်းဘောင် နား က ပျဉ်ပြား ကို ခေါက်ပြီး မှ ဝင်ပါ ။

        စိုးဝင်း 


သူ စာ ကပ်ပြီး၍ မကြာမီ ၁၂ နာရီ ထိုးလေရာ ဧည့်ခန်းဝ မှ ပျဉ်ခေါက် သံ ကို ကြားလိုက်ရသည် တွင် စိုးဝင်း မှာ ဆံပင်ညှပ် ခံ နေ သကဲ့သို့ ခေါင်းကြီး ကို ၉၀ ဒီဂရီ ငုံ့ထား လိုက်မိလေ၏ ။


“ ခင်မြသွင် မဟုတ်လား ”  


“ ဟုတ်တယ်လေ ” 


ပြန်ပြောသော အသံမှာ မိုးခြိမ်းသံ နီးနီး ကြီးမားလှသောကြောင့် စိုးဝင်း မှာ လန့်၍ ခေါင်း ထောင် ကြည့်လိုက်ရာ တောင်ရှည်ပုဆိုး ဖက်ဖူး ရောင် နှုတ်ခမ်းမွှေးကားကား နှင့် အဘိုးကြီး တစ်ယောက်ကို တွေ့ရ သောအခါ “ အလိုလေး ” ဟု လန့် အော်မိလေ၏ ။


“ ဒါက ဘာဖြစ် သွားရတာတုံး ” 


“ ခင် .. ခင်ဗျား နာမည် က ” 


“ ခင်မြသွင် လေ ” 


“ ဘာ စိတ်ကူး နဲ့ မှည့်ထားတာလဲ“ 


“ ဒီ မေးခွန်း ဟာ အလုပ် နဲ့ ပတ်သက်သလား ” 


“ ပတ်သက်တယ် ” 


“ ကျုပ် က အသက် ကြီး ပေမယ့် ငယ်မူ ကို အားကြီး နှစ်သက်တာကလား ၊ ကြည့်လေ လုံချည်ဆင်နုနုကလေး ကို ရွေးဝတ်တာ ၊ ဒီတော့ နာမ ည် ကိုလည်း ခေတ်ဆန်ဆန် နုနုကလေး ရွေး တာပေါ့ ၊ အခု ကာလလူင ယ်တွေက ခင်မောင်ရင် ၊ ခင်မောင်ဦး ၊ ခင်မောင်အေး စသည် ဖြင့် မှည့်ကြ တော့ ... ကျုပ် နာမည် မြသွင် ကို လည်း ရှေ့က ခင် တပ်ပြီး ခင်မြသွင် လို့ ပြောင်း ထားတာလေ ” 


“ စိုးဝင်း မှာ မှန်းခြေ မကိုက်သဖြင့် စိတ်ပျက် သွားမိ သော်လည်း စိတ် ပျက်ပျက်နှင့် ပင် .... ” 


“ ခင်ဗျား ... စကား ပြောတတ်တယ် ထင်တယ် ” 


“ အလို ... စကား ပြောတတ်လို့ ပြောနေတာပေါ့ ၊ နေပါဦး ... မောင်ရင့်  အလုပ် က အအတွေ ရွေး နေတာလား ” 


“ မဟုတ်ပါဘူး ။ ကျွန်တော့် မှာ ဘယ်က သမီး မှ လည်း မရှိဘူး ၊ ဖြစ်ပုံက ဒီလို ” 


စိုးဝင်း မှာ ဖြစ်ပုံတ္ထုပ္ပတ္တိ စိုးဝင်း ဇာတ် ကို ပြောပြလိုက်ရာ ဆုံးသည် တွင် ခင်မြသွင် သည် ရယ်လိုက်ရင်း ...


“ ဪ ... ဒီလိုလား ” 


“ ဒီလိုပဲ ... ” 


“ ဒီလိုကိုး ” 


“ ဒီလိုပါ ဆိုမှ ” 


“ ဒါဖြင့် မပူပါနဲ့ ... ကျုပ် စကားကောင်းကောင်း ပြောတတ်ပါတယ် ၊ အနောက်နိုင်ငံ က လာ တဲ့ စာအုပ်တွေ ဖတ်ထားတော့ ကောင်းကောင်း သင်ပေးမယ် ..   ” 


“ ဒါဖြင့် ဦးခင်မြသွင် ... ခင်ဗျား အဝတ်အစား ... ” 


“ ဒီမှာ တစ်ဆိတ် တောင်းပန်ပါရစေ ၊ ဦး တပ် ခေါ်တာ ရင့်လွန်းလို့ ခင်မြသွင် ပဲ ခေါ်ပါ ”


“ ကောင်းပြီ .. ခင်မြသွင် ၊ ခင်ဗျား အဝတ်အစားတွေ ပါလာတယ် မဟုတ်လား ၊ အပေါ်ထပ် ကို ယူခဲ့ပါ ” 


စိုးဝင်း နောက်မှ ခင်မြသွင် ခေါ် ပင်စင်စား ပညာအုပ်မင်း မုဆိုးဖို ငယ်မူပြန်ကြီး သည် သားရေသေတ္တာဆွဲပြီး လိုက်သွားသည် တွင် စိုးဝင်း  အဖို့ စိတ်အေးစရာ တစ်ကွက် ပေါ်လာလေ၏ ။


ooooooooooooo


“ လူတိုင်း လူတိုင်း ဟာ စကား တော့ ပြော တတ်တာပဲ ၊ ဒါပေမဲ့ လူထဲ သူထဲ မှာ စကားပြောဖို့ ဟာ တော်တော် ခဲယဉ်းတာ တွေ့ရတယ် ၊ ဒါ ဘာဖြစ်လို့ လဲ ... ဆန်းစစ်ဖို့ လိုတယ် ...“ 


ခင်မြသွင် သည် နေ့လယ်ခင်းပိုင်း တွင် သင်တန်း ကို စတင် ပေးနေပြီ ဖြစ်လေရာ စိုးဝင်း မှာ ပြောသမျှကို သေသေချာချာ မှတ်သား နာယူနေလေသည် ။


“ အမှန်က ဘာဖြစ်လို့ လဲ ဆိုတော့ တကယ်တမ်း စကားပြော တော့မယ် ဆိုရင် ရင်ခုန်လာလို့ ဘာဖြစ်လို့ ရင်ခုန်လာသလဲ ၊ ကိုယ့် ကိုယ် ကိုယ် မယုံလို့ အင်္ဂလိပ် လို ဆိုရင် ၊ Self-Confidence မရှိဘူး ခေါ်ရမှာ ပေါ့ ။ ဒီတော့ ပထမဆုံး လေ့ကျင့်ဖို့ ကတော့ ကိုယ့် ကိုယ် ကိုယ် ရင်ခုန် လာ အောင်လုပ် ၊ အသက် ရှူ မြန်လာတဲ့ အခါမှာ အသက်ရှူ မှန် သွားအောင် ပထမ ကျင့်ပေးရမယ် ။ ဒုတိယ က တစ်ယောက် တည်း မှန် ကို ကြည့်ပြီး စကား ပြောရင်း ငါ ဟာ စကားပြော တတ် လာပြီ ၊ လူတိုင်းလူတိုင်း ဟာ ငါ့ စကား ကို နားစိုက် လာပြီလို့ ကိုယ့် ကိုယ် ကိုယ် ပြန်ပြောနေရမယ် ၊ အချိန် ကြာကြာ လေ မပြတ်အောင် ဟာလည်း တစ်နေ့ သတင်းစာ ငါးစောင် ကို အစအဆုံး တစ်လုံး မကျန် အော် ဖတ်ရမယ် ၊ တတိယ အချက်က ... ”   


“ ဟာ ... တော်ပါဦး ... ကြာရင် မေ့ကုန်လိမ့်မယ် ၊ ပထမ အချက်ပဲ အရင် လုပ်ပါရစေဦး ။ နှလုံး ခုန်လာအောင် ဘယ်လို လုပ်ရမလဲ ... ” 


“ ဒါ ဘာခက်သလဲ ၊ တစ်ယောက်တည်း တစ်နေရာ တည်း ပြေး ၊ ခုန် ၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေ ကို မြန်မြန်ယူ ၊ မော လာပြီး ရင်ခုန် လာ တော့မှ အသက် ကို မှန်မှန် ရှူလိုက်ရင် ပြီးတာပဲ ” 


“ ဘယ် အချိန်လောက် ကျင့်ရမလဲ ”


“ အခုလို ဆောင်းတွင်း မှာ ဆိုရင် ညဘက် မှာ ကျင့်ပေါ့ ၊ ညဘက် ဆို တော့ လူခြေ လည်း တိတ် တယ် ၊ ဒါကြောင့် စိတ်အား လည်း တိုးပွားတ ယ် ။ အဲ ... ကျင့်ရင် ပြတင်းပေါက် တစ်ချပ် ဖွင့်ပြီး ကျင့်ရမယ် ၊ လေကောင်းလေသန့်ရအောင် ၊ အအေး မမိဖို့ လည်း အနွေးထည်တွေ ဝတ်ထား ”  


စိုးဝင်း သည် ခင်မြသွင် ပြောသမျှ ကို သဘော ကျမိကာ ဤအတိုင်း ကျင့်လျှင် မုချ စကားပြော ကောင်းလာမည် ဟု လည်း ယုံကြည်မိရကား လူခြေတိတ်သော ည ၁၂ နာရီခန့် ရောက်သောအခါ သူ့ အခန်း ထဲ တွင် အနွေးထည် ၊ ခေါင်းစွပ် ၊ ဘွတ်ဖိနပ်များ စီး၍ ပြတင်းဝနား ၌ တစ်နေရာတည်း မောလာ အောင် ပြေးကျင့် ပြုလေတော့၏ ။


အခန်းထဲ တွင် မီးထွန်း က မီးသည် လေထဲ ရှိ လူကို အားရှိ စေသော အရာများ ကို စုပ်ယူပစ်သည် ဟု ဆိုကာ မီးငြိမ်း ထားသဖြင့် တစ်ခန်းလုံး မှာ မှောင်မည်း နေလေ၏ ။


မောလာသောအခါ ရင်ခုန် လာပြီဖြစ်၍ အသက်ရှူ မှန်အောင် ပြန်ကျင့်နေစဉ် ၊ သူ့ အခန်းထဲသို့ သူခိုး တစ်ယောက် ဝင် လာလေ၏ ။ သူခိုး မှာ မှောင်မည်းနေ၍ လူအများ အိပ်နေပြီ ထင်ကာ ဝင်လာခြင်း ဖြစ် သော်လည်း  ၊ “ ရှူး ... ရှူး .. ရှူး ... ရှူး ” ဟူသော အသံများ ကြားရ သောအခါ မြွေပခြုပ် ထဲ ရောက်လာမိသလား ဟု သံသယ ဖြစ်မိလျက် ထရံနား သို့ ကပ်နေ မိလေ၏ ။ ထရံတွင် အဝတ်ကြီး တစ်ခု ချိတ်ထားကြောင်း စမ်းမိသော အခါ လောင်းကုတ်ကြီး ဖြစ်နေမှန်း သိ၍ အရေးရှိ က ဤ လောင်းကုတ်ကြီး နောက်၌ ဝင်ပုန်းနေမည် ဟု ကြံစည်ထားလေသည် ။


စိုးဝင်း မှာ အသက်ရှူ မှန် သွားပြီ ဖြစ်၍ ရှေ့ကို ဘယ်နှခါ လုပ်ရမည် ၊ ဘာလုပ်ရမည်ကို မသိ သဖြင့် အိပ်မောကျ နေသော အခန်း အပြင်ဘက် ရှိ ဆရာ ကို လှမ်း နှိုးလိုက်ရလေ၏ ။


“ ခင်မြသွင် ... ခင်မြသွင် ... ”


ခင်မြသွင် အိပ်မောကျ နေသည် ဖြစ်၍ မနိုးသေးဘဲ ရှိရာ သူခိုး မှာ အိမ်ရှင် ပြန်အိပ်သွားလို သွားငြား ထ မလာစေရန် ကြား မှ ညောင်နာနာကလေး ထူး လိုက်လေ၏ ။


“ ရှင် ... ”


“ အို ... ဘယ်က ကြောင်မ ရောက်နေပြန်ရသလဲ မသိပါဘူး ” 


“ ကြောင် မဟုတ်ပါဘူး ၊ ပြန် ထူးနေတာပါ ”


“ ဘယ့်နှယ် ခင်ဗျား အသံက ညောင်နာနာ ဖြစ်နေရတာလဲ ”  


သူခိုး မှာ မတတ်သာ၍ ဝင်ဖြီး ရ လေတော့၏ ။


“ အသံ ဝင်သွားလို့ ပါ ” 


“ ကဲ ... ဒါတွေ ဘေးချိတ် ထားပါဦး ။ အခု အသက်ရှူ မှန် လာပြီ ၊ ထပ် ပြေးရဦးမလား ၊ နောက် ဘာလုပ်ရဦးမလဲ ”


“ ဘာမှ မလုပ်နဲ့ တော့ ၊ အိပ်ချေတော့ ၊ ပြေးပွဲ က လိုသေးတာပဲ ”


သူခိုး မှာ စိုးဝင်း လွတ်လပ်ရေးနေ့ ပြေးပွဲ အတွက် ကျင့်နေသည် ဟု ရမ်းဖိန်းလိုက်ရာ တက် တက်စင်လွဲသွားသဖြင့် စိုးဝင်း မှာ ဒေါပွပွ နှင့် လှမ်းအော် လိုက်လေ၏ ။


“ ဒီ အဘိုးကြီး ရူးနေသလား ၊ ဘာ ပြေးပွဲ လိုသေးသလဲ ၊ တယ်ခ က်တဲ့ အဘိုးကြီး ပဲ ။ ယောင်နေ ပြီထင်တယ် ၊ မီးထွန်းဦးမှ ပဲ ”


စိုးဝင်း သည် ပြောပြောဆိုဆို မီးခြစ် စမ်းလေရာ သူခိုး မှာ လောင်းကုတ်ကြီး အောက်၌ ကပ်နေ လိုက်လေရာ စိုးဝင်း သည် ဖယောင်းတိုင် ထွန်း ပြီး လှည့်ကြည့်သောအခါ တစ်ယောက် မျှ မတွေ့သဖြင့် အူကြောင်ကြောင် ဖြစ်ရင်း ...


“ ခင်မြသွင် .. ခင်မြသွင် ” ဟု အော်ခေါ်လိုက်မှ အပြင်၌ အိပ်သော ခင်မြသွင် လည်း နိုးလာ ကာ ပျာပျာသလဲ အခန်း ထဲ သို့ ပြေးဝင် လာလေ၏ ။ 


“ ခင်ဗျား က ဘယ် ထွက်သွားရတာလဲ ” 


“ ဘယ် ထွက်သွားရမှာ လဲ ၊ အိပ်နေတာပေါ့ ”


“ ဟင် ... အသံ ဝင်တယ်ဆို ”


“ ဘယ်သူ ပြောလို့ လဲ ”


“ ခုက ခင်ဗျား ပဲ ပြောတာပဲ ”


“ ကျုပ် အိပ်နေတယ် ... ၊ အခုမှ ဝင်လာတာ ”


“ ဟင် ... ဒါဖြင့် အခုန ကျုပ် နဲ့ စကား ပြောနေတာ ဘယ်သူလဲ ”


“ ကိုယ် နဲ့ စကား ပြောတဲ့ လူ ဘယ်သူလဲ လို့ အိပ်နေတဲ့ လူ ကို နှိုးမေးရ သလားလို့ ” 


“ အသံ ညောင်နာနာကလေး တစ်ခု ကျွန်တော့် နားနဲ့ ဆတ်ဆတ်ကြား တာဗျ ... ”


“ ပြာသို့လ မို့ ကြောင်ကိုက်သံ ထင်ပါရဲ့ ” 


“ ဟင် ... ကြောင်ကလည်း “ အိပ်ချေတော့ ၊ ပြေးပွဲ လိုသေးတယ် ” လို့ လူလို ပြောပြီး ကိုက် သလားဗျ ” 


“ ဒီလို ပြောပြီးတော့ ကိုက်တယ်လို့ တော့ မကြားဖူးဘူး ၊ မင်း ယောင် နေတယ် ထင်တယ် ”


“ အို ... ကျွန်တော် မှ မအိပ်ရသေးဘဲ ယောင်ပါ့မလား ၊ အိပ်ပျော်နေ တဲ့ ခင်ဗျား သာ ယောင်မှာ ပေါ့ ။ ဒါတွေ ထားပါဦးလေ ၊ အခု အသက်ရှူ မှန်တာ ကျင့်ပြီးပြီ ။ နောက် ဘာလုပ်ရမလဲ ၊ ခပ်မြန်မြန် သင်ပါဗျ ၊ အချိန် က နှစ်ပတ်တည်း ရတယ် ”


“ ကဲ ... ဒါဖြင့် ခဏနေဦး ”


ခင်မြသွင် သည် အပြင်ဘက်သို့ ထွက်သွားကာ နေ့ခင်း က သူ ကိုယ်တိုင် ပြုလုပ်ထားသော ဆေးဖြူသုတ် ထားသည့် သံပိုက်လုံး တစ်ခု ကို ယူ ဝင် လာပြီး ကြမ်းပေါ်တွင် စိုက် ထောင်လျက် လဲ မသွားအောင် ထိပ် မှ လက် နှင့် ဖေးထားပြီး ....


“ ဒါက အသံချဲ့စက် ဆိုပါတော့ ” ဟု ပြောလိုက်ရုံ ရှိသေးတွင် စိုးဝင်း မှ အပိုတွေ ချဲ့နေသည် ဟု အယူ ရှိပြီး ...


“ အို ... ပါးစပ် က ပြောရင် ပြီးတာပေါ့ ၊ ဒီ ဝါးလုံးတွေ ဘာတွေက မလို ပါဘူး ”  ပြောပြော ဆိုဆို ဆောင့်ကန် လိုက်လေ၏ ။ ကန်လိုက်ပြီး မှ ဝါး မှာ ဝါး မဟုတ်ဘဲ မာမာပစ္စည်း တစ်ခု ဖြစ်နေသည် ကို တွေ့၍ ဖိနပ်ဦးမှာ ပွန်းသွားသလား ဟု ငုံ့ ကြည့် နေလေသည် ။ ခင်မြသွင် မှာ လည်း လွင့်ထွက်သွား သော သံပိုက် ကြောင့် နောက်သို့ လန့်၍ ခုန် ဆုတ်လိုက် လေ၏ ။


အရှိန် နှင့် လွင့်သွားသော သံပိုက်လုံး မှာ လောင်းကုတ်ကြီး နောက်တွ င် ခိုကပ် ပုန်းအောင်း နေ သော သူခိုး ၏ ညိုသကျည်း ကို ကန့်လန့်ဖြတ် ရို က်မိ သဖြင့် သူခိုး မှာ “ အောင်မယ်လေးဗျ ” ဟု ငယ်သံ ပါအောင် အော်လိုက်မိလေ၏ ။


ခင်မြသွင် မှာ သူ့အနား သို့ ပြန်လိမ့် လာသော သံပိုက်လုံး ကို ကုန်း ကောက်လိုက်၍ သူခိုး ကို မူ သူ့ အရိပ် နှင့် ကွယ်နေသည် ဖြစ်သဖြင့် မမြင် မိဘဲ စိုးဝင်း အော်လိုက်သည် ဟု ပင် ယူဆလိုက်၏ ။ စိုးဝင်း က လည်း ခင်မြသွင်ကြီး အော်သည် ဟု ပင် ယူဆလိုက် သဖြင့် ...


“ ခင်ဗျား က ဒါလောက် လန့်တာ နဲ့ ငယ်သံပါအောင် အော်ရသလားဗျ ”


“ မင်း က ဒါလောက် နာတာနဲ့ ငယ်သံပါအောင် အော်ရသလားကွ ” 


“ ကျွန်တော် မအော်ဘူး ၊ နာလည်း မနာဘူး ၊ ဖိနပ်ဦး ပွန်းသွားသလို့ ထင်လို့ ငုံ့ကြည့်တာ ”


“ ငါ လည်း မအော်ဘူး ”


“ ဒီအခန်းကြီး တစ်ခုလုံးမှာ ခင်ဗျား နဲ့ ကျွန်တော် နှစ်ယောက်တည်း ရှိ တာ ၊ တစ်ယောက် မအော်ရင် ”


“ တစ်ယောက် က အော်ရမယ် ၊ မင်း အော်တာ ”  


“ ခင်ဗျား အော်တာ ”


“ ငါ အော်တာ မဟုတ်ဘူး ”


“ ကျွန်တော် အော်တာ လည်း မဟုတ်ဘူး ”


“ ဒါဖြင့် ဘယ်က သရဲ လာ ခြောက်သလဲ ” 


သူတို့ အချီအချ နှစ်ယောက်သား ပြောနေကြစဉ် ၊ သူခိုး မှာ နာလွန်း လှသဖြင့် ညို့သကျည်း ကို ကုန်းပွတ် လေရာ လောင်းကုတ်ကြီး ကို ခေါင်း နှင့် တိုးမိ၍ ပြုတ်ကျ သွားလေ၏ ။


လောင်းကုတ် ပြုတ်ကျ သွား သဖြင့် စိုးဝင်း လှည့်ကြည့်မိသလို ခင်မြသွင် မှာ လည်း လိုက်ကြည့် လိုက်သည် ဖြစ်၍ သူခိုး ကို နှစ်ယောက်စလုံး တွေ့သွားကြလေ၏ ။ ခင်မြသွင် မှာ အနားသို့ ဖြည်းညင်း စွာ ကပ်သွား၍


“ မင်း က ဘယ်သူလဲ ” ဟု မေးလိုက်ရာ သူ ခိုးမှာ ဖုံးအုပ် မနေဝံ့တော့ပဲ အသံတုန်ယင်ယင်နှင့် ပင် “ ကျွန်တော် သူခိုးပါ ” ဟု ပြန်ဖြေလိုက်ရလေ တော့သည် ။


“ နင် သူခိုးလား ”


“ ဟုတ်ပါတယ် ”


“ ဘာလာ လုပ်တာလဲ ”


“ ဘုရား လာ ဖူးတာလေ ”


သူခိုး မှာ သူခိုး ကို ဘာလာ လုပ်သလဲ ဟု မေးခြင်းခံ လိုက်ရသဖြင့် စိတ်ပေါက်ပေါက် နှင့် ဖြေချ လိုက်ရာ စိုးဝင်း က ကြားကနေ ခင်မြသွင် အား ...


“ အို ... ခင်ဗျား က လည်း သူခိုး ကို ဘာ လာ လုပ်သလဲ လို့ သွား မေးရ သေးသလားဗျ ၊ သူခိုး ပဲ ဥစ္စာ ခိုးဖို့ လာတာပေါ့ ”


ခင်မြသွင် သည် သူခိုး ကို သေချာစွာ စိုက်ကြည့် နေလေရာ သူခိုး မှာ တဒိတ်ဒိတ်နှင့် ပြန်လည် မော့ကြည့် နေရှာလေသည် ။ 


“ ဟာ .. ဟန်ကျတာပဲ မင်း လာတာ အဆင်သင့်တယ်ကွာ ... ”  


သူခိုး မပြောနှင့် စိုးဝင်း ပင် ခင်မြသွင် ၏ စကားကြောင့် အံ့အားသင့် သွားလေ၏ ။


“ သူခိုး လာတာ အဆင်သင့်တယ် ဟုတ်လား .... ၊ လက်စသတ်တော့ ခင်ဗျား က သူခိုး ကို စောင့် နေတာကိုး ”


“ မဟုတ်ပါဘူး ... ၊ သူခိုး လာတော့ မင်း ကို စကားပြောနည်း သင်ဖို့ လက်တွေ့သင်ခန်းစာ ရတာပေါ့ကွ ”


ခင်မြသွင် သည် သူခိုး ကို နေရာတကျ ထိုင်ခိုင်း၍ သူခိုး အား ကြားနာသူ ပရိသတ် ( Audience ) အဖြစ်ဖြင့် သဘောထားပြီး လေပေးလေတော့၏ ။


“ ခိုးတယ် ဆိုတာ လောကီအကြောင်း အားဖြင့်ကော ၊ လောကုတ္တရာကြောင်း အားဖြင့်ကော မကောင်းတဲ့ အလုပ်ကွ ။ လောကီ အကြောင်း အားဖြင့် ဆိုရင် ထောင်ကျတယ် ၊ လူမုန်း ခံရတယ် ၊ အိပ်ပျက်တယ် ၊ အမျိုးမျိုးဒုက္ခရောက်တယ် ။ လောကုတ္တရာ ကြောင်း အားဖြင့် ဆိုရ င် ငရဲကြီးတယ် ၊ သံသရာ မှာ ဒုက္ခခံရတယ် ”


စသည် ဖြင့် အစချီ၍ အဒိန္နဒါနကံ အကြောင်း ရှည်လျားစွာ နံနက် ၃ နာရီထိုးသည် အထိ ပြောပြီးသည့် အချိန်တွင် သူခိုး မှာ မျက်တောင်များ စင်း လာလေ၏ ။ စိုးဝင်း ကား ခင်မြသွင် ၏ စကား ပြော ကောင်းပုံကို အားကျကာ မှတ်သား နာယူလျက် ရှိ၏ ။


“ အဲ .. အခု ငါ ပြောထားခဲ့တာတွေ ကို သဘောပေါက်ရဲ့ မဟုတ်လား ”


ငိုက်မျဉ်း နေသော သူခိုး သည် ကပျာကယာ ခေါင်းထောင် လိုက်ကာ “ ဟုတ်ကဲ့ ... ကောင်းကောင်း ပေါက်ပါတယ် ” ဟု ထောင်ကျမည် ကို ကြောက်သောကြောင့် အလိုက်အထိုက် လိုက်ဖြေရလေသည် ။


“ ဒါဖြင့် နောက်ကို ခိုးချင်သေးသလား ”


“ ဟာ .. ဘယ် ခိုးချင်တော့မလဲ ”


“ ဒါဖြင့် မင်း နောက်ကို ဘာ လုပ်မယ် စိတ်ကူးသလဲ ”


“ သင်္ကန်း ဝတ်တော့မယ် စိတ်ကူးတာပေါ့ ၊ ဦးကြီး ပြောတာ သိပ်မှန် တာပဲ ၊ ကျွန်တော် ဒီ တစ်သက်မှာ ကန်တော့ပွဲ နဲ့ ခိုင်းတောင် မခိုးတော့ဘူး ”


“ အေး ... သာဓု - သာဓု - သာဓု မင်းသွားတော့ ”


“ ခင်ဗျာ ”


“ သွားတော့ဆို ” 


သူခိုး မှာ သူ ကြားလိုက်ရသည် ပင် မယုံကြည်နိုင်ဘဲ ထွက်လာခဲ့ရာ အိမ်ပြင် ရောက်သောအခါ ဤ အရူး နှစ်ယောက် ၏ အိမ် ကို နောင်တွင် မခိုးတော့ ဟု ဆုံးဖြတ်ချက် ချ သွားလေ၏ ။


သူခိုး မရှိတော့ မှ ခင်မြသွ င်သည် စိုးဝင်း ဘက် လှည့်ကာ “ ဒီလို ပြောရ တယ်ကွ ၊ လူ တစ်ယောက် တစ်ခါတည်း တရားကျ သွားအောင် ဟောရတယ် ၊ ဒီလို ပြောနိုင်တဲ့ လူတွေ မြန်မာပြည် မှာ များများ မရှိနဲ့  ၊ ငါးယောက် တည်းရှိ သံပုံး မတီးဘဲ ငြိမ်းချမ်းရေး ကို တစ်နှစ်အတွင်း ရစေမယ်ကွာ ၊ ငါ အာမခံ တယ် ။


oooooooooooo


နောက်နေ့ နေ့ခင်းဘက် သို့ ရောက်သောအခါ ခင်မြသွင် သည် စက္ကူကြီး တစ်ချပ် ယူလာ၍ စိုးဝင်း ကို ပြလေ၏ ။ စက္ကူကြီး ပေါ်တွင် ကား အအများ ကို စကားပြော နိုင်စေရန် ပြုလုပ်ထားသော လက်ဖြင့် စကားပြောနည်း ကို အင်္ဂလိပ်စာအုပ် တစ်အုပ် မှာ သူ ကိုယ်တိုင် ဘာသာပြန် ထားသော ရုပ်ပုံ များ ပါလေသည် ။ စိုးဝင်း ခင်မြသွင် ဘာပြောသည် ကို နားမလည်ဘဲ ...


“ ဒါက ဘာလုပ်ဖို့ လဲ ” ဟု ပြန်မေး လိုက်လေ၏ ။


“ ဒါက ဒီလိုလေ ၊ မင်း က အခု တက်ရမယ့် သင်ခန်းစာ က သူစိမ်း နဲ့ စ ကား ပြောရမှာ ကိုးကွ ။ ဒီတော့ မင်း မှာ စကား စ ရ ခက်နေရင် ငါ က ခပ် လှမ်းလှမ်းက လက် နဲ့ ပြပြီး သင်ပေးမယ် ၊ ဒါကို မင်း က လိုက်ပြောပေါ့ ကွ ။ နောက် သူစိမ်း က ပြောတာတွေ ကို အလိုက်အထိုက် ကြည့်ပြောချေ ပေါ့ကွာ .. ” 


စိုးဝင်း လည်း သဘောပေါက် သွား၍ ခင်မြသွ င်၏ ရွှေဉာဏ်တော်စူး ရောက်ပုံကို များစွာ သဘောကျသွားကာ လက်ညှိုး ထောင်လိုက် ၊ လက်သီးဆုပ်လိုက် ၊ လက်ချင်းချိတ်လိုက် နှင့် လျှောက် ကျက်မှတ် နေလေရာ ကောင်းကောင်း မှတ်မိသော နေ့ ကို တိုင် လာလေတော့သည် ။ 


ဤသို့ တတ်မြောက် လာသော အခါ ခင်မြသွင် ၏ ဒုတိယသင်ခန်းစာ ဖြစ်သော သူစိမ်း ကို စကား ပြောရန် ခင်မြသွင် နှင့် အတူပင် လမ်းထိပ် သို့ ထွက်ခဲ့ကြလေ၏ ။ လမ်း ရောက်သောအခါ ဓာတ်မီးတိုင် တစ်တိုင် ဘေးတွင် နေစာ လှုံရင်း သတင်းစာ ဖတ်နေသော လူ တစ်ယောက် ကို တွေ့သော အခါ ခင်မြသွင် သည် စိုးဝင်း အား သွား စကားပြောရန် နှင့် သွန်သင်ချက်များ ကို ပြောကြားနေလေ ၏ ။ 


“ ပထမ သူ့ အနား ကို ကပ်သွားရင် သူစိမ်း ကို စကား ပြောရမှာ မို့ ရင်ခု န်သွားမယ် ၊ ဒီတော့ မင်း ကျင့်ခဲ့ပြီးတဲ့ အတိုင်း အသက်ရှူ မှန်အောင် ချက်ချင်း ပြန် လုပ်ပြီး အခြေအနေ နဲ့ ဆီလျှော်တဲ့ စကား က စပြီး ပြောရမယ် ။ အခုအခါ ဆို သိပ် ချမ်းတယ် မဟုတ်လား ၊ ဒီတော့ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ... ဆိုပြီး စကား စ ပေတော့ ။ ကျုပ် ကို မြင်ရအောင်လည်း ရပ် နော် ၊ ဒီကနေ လက်နဲ့ instruction တွေ ပေးနေမယ် ၊ ကဲ ... သွား ပေတော့ ”  


စိုးဝင်း မှာ ငွေတစ်ထောင် ရရန် အရေးကြောင့် အားတင်း၍ သူ့ ဘာသာ သူ သတင်းစာ ဖတ်နေ သော သူ တစ်ဦး ကို အနှောင့်အယှက် ပေးရန် ချဉ်းကပ်သွားလေ၏ ။


အနား ရောက်သောအခါ ရင် က တဒိတ်ဒိတ် ခုန်လာသဖြင့် စကား မစသေးပဲ အသက် ကို သာ မှန်မှန် နှင့် ပြင်းပြင်း ရှူနေရလေသေးသည် ။ သူစိမ်း မှာ သတင်းစာ ဖတ်နေရာ က အနား မှ “ ရှူး ... ရှူး ... ရှူး .. ရှူး ” နှင့် အသံ ကြားရ သဖြင့် မြွေများ ကပ်လာသလား ၊ သို့မဟုတ် တစ်စုံ တစ်ဦးကများ ခွေး နှင့် ရှူးတိုက်နေသလား ဟု တွေး မိကာ မျက်လုံးပြူးကြီး နှင့် လိုက်ကြည့် လိုက်လေရာ အသက်ရှူ မှန်တော့မလိုလို ဖြစ်နေသော စိုးဝင်း  မှာ ပြန်၍ ရင်ခုန် သွားပြန် လေ၏ ။ သို့ဖြင့် စ ရ တော့ မလိုလို ဖြစ်နေသော စိုးဝင်း မှာ ပြန်၍ ရင်ခုန် သွား ပြန်လေ၏ ။


သို့ဖြင့် စရမည့် စကား ကို မေ့သွားကာ သူစိမ်း ကို ပြူးကြောင်ကြောင်ကြီး ကြည့်နေမိပြီး မှ မလှမ်းမကမ်း တွင် ကျန်ရစ်ခဲ့သော ခင်မြသွင် ကို လှမ်း ကြည့်လိုက်ရာ ခင်မြသွင် လည်း လက် နှင့် စကားပြော နေလေ၏ ။


သူစိမ်း မှာ အနား ၌ လာ ရပ်နေသော စိုးဝင်း ကို ဘာမျှ ထူးထူးခြားခြား မဖြစ်မိဘဲ သူ သိလိုသော အချိန် ကို မေး လိုက်လေ၏ ။


“ ဘယ်နှနာရီ ရှိပြီလဲဗျ ” 


စိုးဝင်း မှာ စကားလုံးများ ကို ပေါင်းဖတ် နေရသဖြင့် သူ့ ကို ပြန်မဖြေ အားရကား ထို လူမှာ အသံခပ်ကျယ်ကျယ် ဖြင့် ...


“ ဟေ့လူ ... ဘယ်နှနာရီ ရှိပြီလဲဗျ ” 


“ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ... ” 


“ ခင်ဗျား နား မကြားဘူးလား ... ၊ ကျုပ် မေးနေတာ နာရီဗျ ” 


စိုးဝင်း သည် စကား စပြီးပြီ ဖြစ်၍ နောက်ထပ် ဆက်လက်၍ ပြနေ သော ခင်မြသွင် ကို အာရုံ စိုက်နေလေရာ ... သူစိမ်း ကို “ ခဏနေဦး ”  ဟု သော လက္ခဏာ ဖြင့် လက်ဝါး ကာ ပြလေ၏ ။ ထို လူ မှာ ပိုမိုဒေါပွ လာပြီး


“ နာရီလေး တောင် မပြောနိုင်ဘူးလားဗျ ”


“ ကဲ ... စကားစပြီးရင် နောက်ထပ်သူ့စကား အဝင်မခံနဲ့ တော့ ကိုယ် က သာ လေမပြတ် အောင် ပြောပေတော့ ၊ ပြောလေ ... ပြော .. ပြော


“ ဘာပြောရမှာ လဲ ... ကျုပ် မေးတာမှ မဖြေဘဲ ”


စိုးဝင်း မှာ ခင်မြသွင် က သူ့ ကို သာ ပြောသော စကားများ ကို ယောင်၍ လျှောက်ဖတ် နေရာ ထိုလူ မှာ ဒေါပွပွ နှင့် အနား ကပ် လာသဖြင့် ပိုမိုချော က်ချား လာပြီး ...


“ သဝေထိုး ... ပစောက် ရရစ် - ယပင့် - ရေးချ .. ပြော ... သဝေထိုး - လရေး လေ ... ပြောလေ ... ” ဟု ပင် အသံ ထွက်ပြီး လျှောက်ပေါင်း နေမိ လေရာ ထို သူစိမ်း မှာ “ ဘာ ဂါထာတွေ ဘာတွေ လာ ရွတ်နေတာလဲ ၊ မှော်ရူးပဲ ” ဟု ဆိုကာ ဗိုက် ကို ပိတ်ထိုးလေ၏ ။


ထိုအချိန်ဝယ် ခင်မြသွင်ကြီး နား ကို လည်း ကလေးများ ကပ်လာကာ လက်ညှိုး ဖြင့် ဝိုင်း ထိုး၍ “ အရူးကြီး ဟေ့ ၊ တစ်ယောက်တည်း က နေတယ် ၊ အရူးကြီး ” ဟု အော်ကာ ဝိုင်းအုံ ရယ်မောကြလေ၏ ။


ခင်မြသွင် ကား ကလေးတွေ ကို ဂရုမစိုက်နိုင်ဘဲ ထွက်သွားသော လူ ၏ အထိုး ခံရ၍ မျက်နှာ ရှုံ့မဲ့ နေသော စိုးဝင်း နားသို့ ပြေးကပ် သွားရာ နောက်မှ နေ တွန်းလိုက်သော ကလေးများ ကြောင့် စိုးဝင်း နား ရောက်ခါ မှ စိုးဝင်း အပေါ် ဟပ်ထိုးကြီး ကျလေရာ စိုးဝင်း နှင့် နှစ်ယောက်သား မြေကြီး ပေါ်သို့ လိမ့်သွားကြလေ၏ ။


ထိုအတွင်း စစ်သားတစ်ယောက် သည် သူတို့ နားသို့ ပြေးကပ် လာ လေ၏ ။ ဘေးနား မှ လူများ လည်း စိုးဝင်း နှင့် ခင်မြသွင်တို့ နှစ်ယောက် ရန်ဖြစ်နေသည် မှတ်၍ ဆွဲ ထူကာ တစ်ယောက်စီ ခွဲ၍ ဖက် ထားကြလေ၏ ။ ကပ်လာသော စစ်သားလည်း စိုးဝင်း နား ရောက်သော အခါ စိုးဝင်း ၏ မျက်နှာကို စေ့စေ့ကြည့် လျက် ..


“ ခင်ဗျား က ဒီအဘိုးကြီး ကို ထိုးတာပေါ့လေ ဟုတ်လား ... ၊ တယ် သတ္တိကောင်းတဲ့ လူပေါ့ ဟင် ... ”


ပြောရင်း ပြောရင်း မတရားမှု ကို စက်ဆုပ်သည့်အလား စစ်သားမှာ လက်သီးများ ပင် ဆုပ်လာ လေရာ တစ်ခုခု ကို မှ မပြောလျှင် မုချ အထိုးခံရတော့မည် ကို သိသော်လည်း စိုးဝင်း မှာ စရန် စကားလုံး ကို တွေးရ သေး၏ ။ စစ်သားမှာ မထိုးမီ အားရပါးရ ပြောလိုသေး သဖြင့် ... 


“ ပြောစမ်းပါ ... တယ် သတ္တိ ကောင်းတာပေါ့လေ ၊ ဟုတ်သလား ၊ ပြောစမ်းပါဦး ” 


“ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ... ” 


“ ဒါက ဘာလုပ်တာလဲ ..  ၊ ရူးချင်ယောင် ဆောင်တာပေါ့လေ ”  


“ ကဲ ... စကားစ ပြီးရင် နောက်ထပ် သူ့ စကား အဝင် မခံနဲ့ ”  


စစ်သားမှာ စကားတစ်ခွန်း မျှ မပြောတော့ဘဲ လူကြီးသူမ ကို မရိုသေ တတ်သော စိုးဝင်း ကို ဆုံးမရန် လက်သီး ကို မြှောက်လိုက်ရာ အခုမှ ရုန်း ၍ လွတ်လာသော ခင်မြသွင်ကြီး သည် စစ်သားကို ပြေးဖက် လိုက်သော အခါ အရှိန် ပြင်းလှသဖြင့် နှစ်ယောက်စလုံး မှာ ပလက်ဖောင်း ပေါ်တွင် ချာလပတ် လည် နေကြလေ၏ ။ 


ရပ်သွားသောအခါ မူးနောက်နောက်ကြီး ဖြစ်လျက် မျက်နှာချင်းဆိုင် ၍ ဟိုထိုး သည်ထိုး ဖြစ်နေကြ ပြီး မှ အမူးပြေ သွားသည် တွင် ခင်မြသွင် ရှင်းပြ လိုက်သော အခါ ဝိုင်းအုံ နေသော လူများ မှာ ရယ်မော၍ ထွက် သွားကြလေတော့သည်  ။


oooooooooooooo


နောက်နေ့ ရောက်သော အခါ စိုးဝင်း တို့ ၏ အိမ်ရှေ့ အိမ်သို့ ဂေဇက်ဝင် အရာရှိ တစ်ယောက် ဖြစ်သူ ဦးလှသွယ် တို့ ပြောင်းလာကြလေသည် ။


ဦးလှသွယ် မှာ ဂုဏ်ကြောင့် “ ဦး ” တပ် ခေါ် သော်လည်း အသက် မှာ စိုးဝင်း နှင့် ရွယ်တူ လောက်ပင် ရှိ၏ ။


ထိုနေ့မှာ ... တနင်္ဂနွေနေ့ ဖြစ်သည့် အတိုင်း ရုံးအား သဖြင့် ဦးလှသွယ် မှာ ဝါသနာ အတိုင်း ငါးမျှား ထွက်ရန် ငါးမျှားတံ ကို ကိုင်၍ အိမ်ပေါ် မှ ဆင်း လာရာ အိမ်ရှေ့အိမ်ဝင်း က ရပ်၍ သူ့ ကို ပြုံးပြ နေသော စိုးဝင်း ကို တွေ့ရသော အခါ အိမ်နီးချင်းတို့ ၏ ဝတ္တရား အတိုင်း သွားရောက် ခေါ်ငင် ရန် ကပ် သွားလေ၏ ။


“ ချမ်းလိုက်တဲ့ ဆောင်းတွင်း ဗျာ ”


“ ဟုတ်ကဲ့ ၁၁ နာရီ ထိုးခါနီး တောင်မှ စိမ့်တိမ်တိမ့် ဖြစ်နေသေးတယ်နော် ” 


“ ဆောင်းတွင်း ငှက်ကလေးတွေ လည်း နေ့အကြောင်း သီချင်း ဆို နေကြတော့ လွမ်းစရာကြီး ပဲ ” 


“ ဟုတ်တယ်ဗျ ၊ ကျွန်တော်တို့ ငယ်ငယ်တုန်းက တော မှာ ပေါ့ဗျာ ၊ တော မှာ ဆိုတော့ ”  


“ မြောက်လေကလေး သွေးလာမှ ဖြင့် ဆောင်းတွင်း သစ်ရွက်ကလေးတွေ ဟာလည်း ချမ်းရှာ လွန်းလို့ ... ” 


“ ဟာ ... မှန်တာပေါ့ ၊ တော မှာ ဒီအတိုင်းပဲ ၊ အဲဒီလို ရာသီဥတု အေး လာတော့ ”  

စိုးဝင်း မှာ သူ့ စကားကို အပြတ် မခံဘဲ ပြောရန် ကြိုးစားလေ ဦးလှသွယ် က စကား ကို ကောက်၍ ကောက်၍ ပြောနေလေရာ စကား ဆက်၍ မပြောတတ် တော့ဘဲ အိမ် ဘက်သို့ လှည့်ကြည့် လိုက်လေ၏ ။


အိမ် အပေါ်ထပ် ပြတင်းပေါက် မှ ခင်မြသွင် သည် စကားစ ပြတ်သွား ပြီမှန်း သိသည် နှင့် တစ်ပြိုင်နက် လက် နှင့် ပြနေလေ ရာ ဦးလှသွယ် မှာ လည်း စိုးဝင်း ကြည့်ရာ လိုက် ကြည့်ပြန်လေ၏ ။ ဤ အချိန်တွင် ဦးလှသွယ် ၏ ခယ်မလေး မှာ အပေါက်ဝ တွင် ရပ် လိုက်လေသည် ။ ဦးလှသွယ် ၏ စိတ် ထဲ တွင် ခင်မြသွင် မှာ အဘိုးကြီး တန်မဲ့ နှင့် သူ့ ခယ်မလေး ကို လက်ဝါး ပြ ၊ လက်ညှိုး ထောင်ပြ ၊ အောက် စိုက်ပြ ၊ လက်ဝါး ဖြန့်ပြ ၊ လက်သီးဆုပ်ပြ နှင့် မဟော်သဓာ ဂေါ်နည်း ငါးဆယ် ဖြင့် ဂေါ်နေသည် ဟု ယူဆလိုက်မိကာ ဒေါပွ လျက် ရုတ်ခြည်း လှေကားပေါ် သို့ ပြေးတက်လေ၏ ။


စိုးဝင်း မှာ ဦးလှသွယ် ပြေးတက် သွား ကတည်းက ခင်မြသွင် အပေါ် အထင် လွဲပြီ ဟု တွက်မိ ကာ ဦးလှသွယ် ခင်မြသွင် ကို မထိုးဖြစ် စေရန် နောက်မှ လိုက်၍ ခါး ကို ဆွဲ လိုက်ရာ ၊ ဦးလှသွယ် မှာ ခါးကြီး ကော့လန် ကျ လာ သဖြင့် အောက်မှ စိုးဝင်း မှာ လည်း လိမ့်ကျကာ ဖုန်တွေ တထောင်းထောင်း ဖြစ် ကုန်လေ၏ ။


ခင်မြသွင် မှာ လည်း လှေကား မှ “ ဝုန်း ... ဝုန်း ... ဝုန်း ” နှင့် အသံ ကြားရ သဖြင့် ဘယ်လို များ ဖြစ်ကုန်ကြပြီလဲ ဟု တွေး စိတ်ပူမိ၍ လှေကားထိပ် သို့ ပြေးထွက် လာပြီး နှစ်ထစ်သုံးထစ် အဆင်း လိုက်တွင် တောင်ရှည်ပုဆိုးစကြီး ကို တက်နင်းမိ လေရာ သူ ကိုယ်တိုင် ကျွမ်းပြန် ကျ လာလေ၏ ။ အောက် ရောက်သောအခါ တောင်ရှည်ပုဆိုးကြီး မှာ ကိုယ် မှ ကျွတ်၍ လွင့်ပျံပြီး ဖုံ ထဲတွင် လိမ့် နေသော စိုးဝင်း အပေါ် သွား ခြုံပေးလျက်သား ဖြစ်လျက် ခင်မြသွင် ကိုယ်တိုင် မှာ မူ အတွင်းခံ ဘောင်းဘီအဖြူကလေး နှင့် သာ မြေကြီးပေါ်တွင် ခွေနေလေ၏ ။


ဦးလှသွယ် သည် ရုတ်တရက် ဖုတ်ဖက်ခါ ထ လာပြီး လက် မှ လွတ် သွားသော ငါးမျှားတံ ကို ပြေးကောက်ကာ တောင်ရှည်ပုဆိုးကြီး နှင့် စိုးဝင်း ကို ခင်မြသွင် အမှတ် နှင့် ပြေးရိုက် နေလေရာ စိုးဝင်း က အောက် က ရုန်းလိုက်မှ ပုဆိုးခြုံ ထဲမှ ထွက် လာသော မျက်နှာကြောင့် ဦးလှသွယ် မှာ ကြောင်သွား လေ၏ ။


ထိုအတွင်း ခင်မြသွင် မှာ လဲရာက ထ လာပြီး ပြေးလာ၍ ဦးလှသွယ် ၏ ဖင် ကို ပြေးကန် လိုက် လေ၏ ။ သို့သော် ဦးလှသွယ် မှာ စိုးဝင်း ကို မှား ရိုက် မိသဖြင့် အားနာ၍ ကုန်းပွေ့ လိုက်သည် ဖြစ်ရ ကား ပိတ်ကန်လိုက် သော ခင်မြသွင် ၏ ခြေထောက် မှာ ချော်ပြီး လေ ထဲ တွင် လွင့်သွားလေ၏ ။ ချောင် နေသော ဘွတ်ဖိနပ်ကြီး တစ်ဖက် မှာ လည်း ခြေထောက် နှင့် အတူ မနေလိုတော့ သဖြင့် လေ ထဲ တွင် ဝေ့ ပျံပြီး ခြံပြင် မှ ပဲကြားပြုတ်သည် ၏ တောင်းထဲ သို့ ကျဆင်း တောခိုနေလေတော့သည် ။


စိုးဝင်း နှင့် ဦးလှသွယ် တို့ လည်း ဖြစ်ပျက်ပုံအလုံးစုံ ကို ရှင်းလင်းပြီး ၍ ရယ်နေစဉ် ခင်မြသွင် သည် ထော့နင်း ထော့နင်းနှင့် ကပ် လာပြီး ... “  လုပ်ကြစမ်းပါဦး ၊ ကျုပ် ဖိနပ် တစ်ဖက် ပါသွားပြီ ၊ ခပ် မြန်မြန် လုပ်ကြစမ်းပါ ” ဟု ဖုတ်ပူမီးတိုက် ပြောလေ၏ ။


ဦးလှသွယ် က ပျာပျာသလဲ “ ဘယ်မှာ ပါသွားတာလဲ ၊ ခင်ဗျား က ဒီလို ပဲ ဖိနပ်ကို ချွတ်ချွတ်ပြီး လွှတ်ပစ် တတ်သလား ” ဟု မေးရာ ခင်မြသွင် က “ လွှင့်ပစ်တာ မဟုတ်ပါဘူး ၊ စကားများ မနေစမ်းပါနဲ့ မြန်မြန် ယူပေးစမ်းပါ အမယ်ကြီး ကို ခေါ်လိုက်ရင်လည်း တော်တော်ကြာ သူ့ တောင်းထဲ ကို ဖိနပ်ကြီး နဲ့ ပစ်သွင်းတယ် ဖြစ်နေဦးမယ် ”  ဟု ကြံရာမရ လျှောက်ပြော နေရာ ဦးလှသွယ် သည် အကြံ ရ လာ သလိုဖြင့် စိုးဝင်း ဘက် လှည့်၍ “ ခင်ဗျား က ဈေးသည် ကို ခေါ်ဗျာ ၊ ကျုပ် က သစ်ပင် ပေါ် က တက် ပြီး ဈေးသည် အလာ မှာ .... ငါးမျှားချိတ် နဲ့ ချိတ်မယ် ”  ဟု ဆိုကာ ခြံထောင့်က သစ်ပင် ပေါ် သို့ ပြေးတက်လေ၏ ။


စိုးဝင်း ကလည်း ခြံဝင်းဝ ထွက်ကာ “ ဗျို့ ... အဒေါ်ကြီး ... လာပါဦး ” ဟု ခေါ် လိုက်လေ သည် ။ ဈေးသကြီးလည်း ပြန် လှည့်လာရာ သစ်ပင် အောက် ကို အဖြတ်လိုက် တွင် ဦးလှသွယ် လည်း ငါးမျှားကြိုး ကို လျှော့ ချလိုက် သော်လည်း ဖြတ်သွားသည့် အချိန် မြန်လျှင် ချိတ်လို့ ရမည် မဟုတ်ဟု သိသော စိုးဝင်း က အဒေါ်ကြီး သစ်ကိုင်း အောက် တွင် မကြာ ကြာ အောင် လုပ်ရလေ၏ ။ 


“ ဘာ ရောင်းသလဲ ”   


“ ပဲကြားပြုတ် ” 


ငါးမျှားချိတ်ကလေး မှာ ဟိုယမ်း သည်ယမ်း နှင့် ပိတ်ကို ချိတ်မိ ပြန် ပြုတ်လာ ဖြစ်နေစဉ် စိုးဝင်း က ချိတ်မိပြီ မှတ်၍ “ ဟာ ... ပဲကြားပြုတ် တော့ မလိုချင်ဘူး ” ဟု ဆိုလိုက်ရာ အဒေါ်ကြီး မှာ ဒေါနှင့် ဆတ်ခနဲ လှည့်ကြည့် လိုက်သည် တွင် ငါးမျှားချိတ် မှာ တောင်း ဘောင် ကို သွား ချိတ် နေလေ၏ ။ ဦးလှသွယ် က မျက်လုံးပြူး မျက်ဆန်ပြူး နှင့် လက် နှင့် ပြတော့မှ စိုးဝင်း မှာ “ ဟာ ... လာပါ ဦး ” ဟု လုပ်ရပြန် လေရာ ဈေးသည်ကြီး က ပြန် အလှည့်လိုက် တွင် ငါးမျှားချိတ်ကလေး မှာ ပြုတ်သွား သဖြင့် ဦးလှသွယ် လည်း ဆွဲလိုက် နှိမ့်လိုက် နှင့် လက်ကို ဆ လိုက်ရာ တောင်း အပြင်ဘက် သို့ ငါးမျှား ချိတ်ကလေး ကျ သွားလေ၏ ။ စိုးဝင်း က “ ဟာ မယူတော့ ဘူး ” ဟု လုပ်လိုက်ပြန်ရာ ဈေးသည်ကြီး မှာ ဆဲဆို၍ ဆတ်ခနဲ လှည့်ထွက် လိုက်သည် တွင် ငါးမျှားချိတ် တွင် နှာခေါင်း ကို လာ ချိတ်နေလေ ရာ “ ဟဲ့ ... သောက်ခွေး ” ဟု ယောင်ကာ ခေါင်းကြီး လန်သွားသည် တွင် တောင်းကြီးလ ည်း အောက် ကျသွားလေ၏ ။


ငါးမျှားချိတ်ကြိုး ရုတ်တရက် တင်းသွား သဖြင့် လွတ်ကျလုလု ဖြစ် သွားသဖြင့် ခြေထောက် နှစ်ဖက် ကို ချိတ်လိုက်မှ ဇောက်ထိုးကြီး ဖြစ်နေလေ၏ ။


အဒေါ်ကြီး လည်း ဖိနပ် ကို လှမ်း ချွတ်ပြီး ဇောက်ထိုးကြီး ဖြစ်နေသော ဦးလှသွယ် ပါး ကို ပိတ်ချ လေရာ ဦးလှသွယ် မှာ ပထမ တစ်ချက် နှစ်ချက် အရိုက်ခံ လိုက်ရပြီးမှ အကြံရ လာကာ လက် ထဲ မှ ငါးမျှားချိတ် ကို ဆွဲမှ အ ဒေါ်ကြီး မှာ လည်း နှာခေါင်း နာ နေသဖြင့် “ ဟဲ့ ... ငါ့ နှာခေါင်း ပြတ်တော့ မယ် ” ဟု အော်လိုက်၏ ။


“ ကျုပ် ပါးလည်း ကွဲတော့မယ်ဗျ ”


“ နင် ငါ့ ကို ငါးမျှားချိတ်နဲ့ မဆွဲနဲ့ ”  


“ ခင်ဗျား လည်း ပါး မရိုက်နဲ့ ” 


နှစ်ယောက်စလုံး ကျေနပ် သွားချိန်ဝယ် ခင်မြသွင် မှာ လည်း ဖိနပ် ကို ပြေး ကောက်ပြီး ဖြစ်လေ ၏ ။


ဦးလှသွယ် သည် အောက် ရောက် လာပြီး အားလုံး ပြန်လှန် ပြောဆို ရ ယ်မောပြီးနောက် “ ကဲ .. ကျုပ် သွားဦးမယ် ” ဟု ဆိုသည် တွင် စိုးဝင်း က “ ဟုတ်ကဲ့ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ” ဟု ဆိုလိုက်ရာ “ တော်ဗျာ ... ခင်ဗျား ဆောင်းတွင်းကြီး ” ဟု ပြောလျက် စကား ဆက်မည် ကို ကြောက်မိ သည့်အလား ထွက်ပြေး လေ၏ ။


ခင်မြသွင် လည်း အိမ်ထဲ ပြန် ဝင်သွားသော အခါ စိုးဝင်း သည် စကား ပြောရန် သူစိမ်း တစ်ယောက် ယောက် ကို စောင့်အံ့ ဟု ကြံလျက် ဝင်းဝ မှ ရပ်စောင့်နေစဉ် လူတစ်ယောက် သည် သန်လျင် မှ သူ့ ဘကြီး အိမ် တွင် ခိုင်းလိုက်သည့် ကိစ္စ နှင့် လာ၍ မေးလေ၏ ။


“ ဒါ ကိုစိုးဝင်း အိမ်လား ခင်ဗျာ ” 


“ ဟုတ်ပါတယ် .... ဟုတ်ပါတယ် ... ”


“ အဲဒါ သန်လျင် က ကျွန်တော် လာခဲ့တယ် ” 


“ ဒါပေါ့ဗျာ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာနော် ” 


ထိုသူ မှာ နေပူကျဲကျဲကြီး မှ လာရသူ ဖြစ်၍ ချွေးတွေ ပြန်ကာ နေရသည့် အထဲတွင် ချမ်းလိုက်တာ ဟု ညည်းသံ ကြားရသော အခါ အောင့်သက်သက် ဖြစ်သွားလေ၏ ။


“ ဒီမှာ စာ ပေးလိုက်တယ် ” 


“ ပေးလိုက်သလား ဟုတ်လား ၊ ဒါထက် နှင်းကလေးတွေ ဝေ လာပြီး ဆောင်းတွင်းငှက် ကလေးတွေ ဟာ ... ” 


“ ရော့ဗျာ ... ဒီမှာ စာ ” 


စိုးဝင်း လည်း စာ ကို ယူလိုက်ရင်းပင် ဖွင့် မဖတ်သေးဘဲ .. 


“ ကျေးဇူးတင်ပါတယ် ၊ ပန်းပွင့်ကလေးတွေ ဟာလည်း နှင်းရည် ကို ကြိုလင့်ပြီး မြောက်လေ မှာ ကစားနေကြတော့ ” 


“ မြောက်လေ မှာ ကစား နေကြတော့ ခင်ဗျား ဘကြီး ဆုံးပြီ ” 


စိုးဝင်း ခမျာ လန့်သွားပြီး စာ ကို ဖွင့်ဖတ် ကြည့်မိလေတော့သည် ။ စာ မှာ သူ့ အဒေါ် ရေးထား သော စာ ဖြစ်ကြောင်း ကို လက်ရေး မြင်ရရုံ နှင့် သိရလေသည် ။


မောင်စိုးဝင်း 

      မင်း ဘကြီး ည က ရေနံဆီမီးခွက် ပြင်ရာက မီးဟပ်ပြီး တစ်အိမ်လုံး လောင်သွားပြီ ။ မင်း ဘကြီး လည်း ဆုံး ၊ တို့ လည်း ပစ္စည်း မရဘဲ လက် လွတ်ထွက်ပြေး ခဲ့ရတယ် ။ အမြန်လာခဲ့ပါ ။

          မစန်း


စိုးဝင်း မှာ လေပူ ကို မှုတ် လိုက်ပြီး ခေါင်း ကို ချာခနဲ လှည့်လိုက်ရာ ခင်မြသွင် သည် ပြတင်း ပေါက် မှ နေ၍ လက်ပြ နေလေ သေးသည် ။


“ ချမ်းလိုက်တဲ့ ဆောင်းတွင်းဗျာ ” 


ကြပ်ကလေး

သွေးသောက်မဂ္ဂဇင်း 

အမှတ် ၄၈ 

ဇန်နဝါရီလ ၊ ၁၉၅၀ ခုနှစ်

No comments:

Post a Comment