Thursday, January 16, 2025

အပ ဟူသည် တော ကို မှီ


 

❝ အပ ဟူသည် တော ကို မှီ ❞ 
       ( ဝေယံလင်းခေါင် )

ညနေ မွန်းစောင်းပြီး သုံးနာရီ ကျော်ကျော် လောက် တွင် ကိုထွန်းအော င် သည် ကျွန်ုပ် တို့ အိမ် သို့ အူယားဖားယား အပြေး ရောက်လာသည် ။ ကိုကြီးထွန်းအောင် မှာ ဦးလေးသူကြီး ၏ သား ဖြစ်သည် ။ ကွင်းကောက်ရွာ တွင် အိမ်ထောင်ကျ နေပြီး ကလေးပင် တစ်ယောက် ရှိသည် ။ သူ့ ပခုံး ပေါ် တွင် သေနတ်လည်း ထမ်းပါ လာသဖြင့် ကိုကြီးထွန်းအောင် သည် လည်း ဦးလေး လို နှစ်လုံးပြူးပိုင်ရှင် သူကြီးများ ဖြစ်သွားပလား ဟု ကျွန်ုပ် ထင် လိုက်သည် ။

နောက်မှ သိရသည်မှာ သူ သည် မနက် က ပင် ကိုယ့် ရွာ ကို အလည် လာသည် ။ ကွင်းကောက်ရွာ မှာ တော မရှိ တောင် မရှိ ။ လယ်ကွင်းတွေ ချည်း ဖြစ်သဖြင့် အသားအမဲ ငတ်သည် ။ ထို့ကြောင့် မိမိ အိမ် ကို ရောက်ရောက်ချင်း သူ့ အဖေသေနတ် ကို ယူကာ အထက်တော ကို တစ်ယောက်တည်း ချေ ပစ် သွားခဲ့သည် ။

ယခု သူ အထက်တော ထဲ ချေပစ်ပြီး ကျွန်ုပ်တို့ အိမ် ကို ရောက်လာခြင်း ဖြစ်သည် ဆို၏ ။

“ ဖိုးအောင် ၊ မင်းတို့ ခွေး လက်ဖြူ ကော ။ ငါ ခုလေးတင်ပဲ အထက်တော မှာ ချေတစ်ကောင် ပစ်ထားခဲ့တယ် ။ လိုက်ရင်း ပျောက်ကွယ် သွားလို့ မင်းတို့ ခွေး နဲ့ ရှာရအောင် လာခေါ်တာ ”

“ ရှိမှာပါ ။ ကျွန်တော် ရှာ ကြည့်လိုက်မယ် ”

“ အေး အေး ရအောင် ရှာထားလိုက်ကွာ ။ ငါ ကျော်သန်း ကို သွား ခေါ်လိုက် ဦးမယ် ။ ခု ချက်ချင်း ပြန်လာမှာနော် ။ မင်းတို့ခွေး လက်ဖြူ ကို သာ ရအောင် ရှာထားလိုက် ”

“ ဟုတ်ကဲ့ ”

ကိုကြီးထွန်းအောင် သည် ပြောပြောဆိုဆို နှင့် ပင် ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ ကိုကျောင်သန်း ကို ခေါ်ရန် ထွက်သွားသည် ။ ကျွန်ုပ် လည်း “ အိုး အိုး ” ဟု အသံ ပေးကာ လက်ဖြူ ကို လိုက်ရှာသည် ။ ကျွန်ုပ်တို့ အိမ် က ခွေးလက်ဖြူ မှာ သူ မလို လျှင် လူ ကို ပင် ကိုတ်တတ် သလို တောလိုက် လည်း အလွန် ကောင်းသော ခွေးဖြစ်သည် ။ တောကောင် အနံ့ ရလျှင် အနံ့ခံ ၊ အသံ တိတ် လိုက် သွားပြီး သားကောင် ကို တွေ့ မှ တဝေါင်ဝေါင် ဟောင်၍ လူကို  အသံ ပေးကာ တောလိုက် တတ်သော ခွေး ဖြစ်သည် ။ ထိုအခါမှ လက်ဖြူ အသံ ပေးနေ ၊ ဟောင် နေရာ ဆီ လူ က လိုက် သွားပြီး သားကောင် ကို ပစ်ခတ်ရသည် ။ ပစ်ခတ်လိုက်သော သားကောင် ကို ထိသည် ဖြစ်စေ ၊ မထိသည် ဖြစ် စေ သားကောင် ပြေးလျှင် နောက် က ဟောင်သံ ပေးကာ သားကောင် ၏ နောက်ကို ထက်ကြပ်မကွာ လိုက်တတ်၏ ။ ဤသည် ကို ရွာ မှာတုန်း ကပင်
သိထား ၊ လက်ဖြူ နှင့် အမဲလိုက် တောပစ် သွားဖူးထားသော ကိုကြီးထွန်းအောင် က ယခု အားကိုးတကြီး နှင့် လက်ဖြူခွေး ကို လာခေါ်ခြင်း ဖြစ်သည် ။

ကျွန်ုပ် ဆယ်မိနစ် ပင် “ အို့ အို့ ” ခေါ်၍ မရှာရ ။ ကျွန်ပ် အသံ ကို ကြားသည် နှင့် လက်ဖြူ ပြေးချလာ၏ ။ ထိုအချိန် မှာပင် ကိုကြီးထွန်းအောင် နှင့် ကိုကျော်သန်း တို့ လည်း ရောက်လာကြသည် ။

“ ဖိုးအောင် လက်ဖြူ ကို သံကြိုးခိုင်ခိုင် နဲ့ ချည် ယူကွာ ။ ကဲ တို့ ညီအစ်ကို တွေ အထက်တော အမြန် သွားရအောင် ”

“ ဟာ အစ်ကိုကြီး က လည်း လက်ဖြူ ကို ဘာလို့ သံကြိုး နဲ့ ချည်ယူရမလဲ ။ ဒီ အတိုင်း ခေါ်သွား လည်း ရပါတယ် ။ တောလိုက်ရမယ် ဆို လက်ဖြူ က လည်း ”

“ မင်း မသိပါဘူး ။ ငါ ခု ပစ်ထားခဲ့တဲ့ ချေ က သွေးကွက်တွေပါ အိုင်ထွန်း ကျနေခဲ့တယ် ။ ဟိုရောက်မှ သွေးနံ့ ခံပြီး လက်ဖြူ ကို လိုက်ခိုင်း မလို့ကွာ ။ နို့ မဟုတ်ရင် တောထဲ ရောက်လို့ တခြား ချေဟောက်သံ ၊ စိုင်တစ်သံတွေ ကြား ရင် မင်းတို့ လက်ဖြူ က တခြား ကောင်တွေ နောက် ပြေးလိုက်နေမှာ စိုးလို့လေ ”

ကိုကြီးထွန်းအောင် ပြောတော့ မှ ကျွန်ုပ် လည်း လက်ဖြူ ၏ အကျင့် ကို သတိရ သွားသည် ။ ထို့ကြောင့် ကိုကြီးထွန်းအောင် ပြောသလို လက်ဖြူ ကို သံကြိုး နှင့် ချည် ခေါ်ကာ ကျွန်ုပ်တို့ ညီအစ်ကို သုံးယောက် အထက်တော သို့ ပြေးလိုက်လာကြသည် ။

ကိုကြီးထွန်းအောင် က သူ့ ပစ်ထားခဲ့သော ချေ ၏ သွေးကွက် နှင့် လန့် ထွက်ပြေးစဉ် က ဝင်တိုးမိ သွားသော သစ်တစ်ပင် ၏ ပင်စည် မှ ချေမွှေး ကိုပါ ပြသည် ။ ကျွန်ုပ် ချက်ချင်း လက်ဖြူ ကို သံကြိုး ဖြုတ်ပြီး အနံ့ခံ ခိုင်းလိုက် သည် ။ လက်ဖြူ သည် လည်း သွေးနံ့ ခံကာ ရုတ်ခြည်း ပြေးလိုက် သွားလေရာ ကျွန်ုပ် လည်း လက်ဖြူ နောက် အပြေး လိုက်ရတော့သည် ။

ကိုကြီးထွန်းအောင် နှင့် ကိုကျော်သန်း က လည်း ကျွန်ုပ် နှင့် လက်ဖြူ နောက် ကို ပြေးလိုက်လာကြသည် ။ ကျွန်ုပ် မှာ ချေတစ်ကောင် မုချ ရတော့ မည် ဟူသော ဇော နှင့် ကိုကြီးထွန်းအောင် နှင့် ကိုကျော်သန်း တို့ ကိုပင် လှည့် မကြည့်ခဲ့တော့ဘဲ လက်ဖြူ နှင့် သာ ထက်ကြပ်မကွာ ပြေး လိုက်လာသည် ။

ဘယ်လောက် မှ မကြာ ၊ လက်ဖြူ က ဝေါင်ခနဲ တစ်ချက် အသံ ပေး လိုက်ကာ ရုတ်တရက် အသံ တိတ်သွားသည် ။ လက်ဖြူ ၊ ဟောင်သံ တစ်ချက် ပေးလိုက်ရာ သို့ ကျွန်ုပ် ပြေးလိုက်သွား၏ ။ အထက်တော မှာ တောကြီး ပြီး သစ်ကြီးဝါးကြီး ပေါ သဖြင့် နေပြောက် ပင် မထိုးပေ ။ သို့သော် အချိန်မှာ သုံး နာရီကျော် ခန့်သာ ရှိသေးသဖြင့် ရှေ့ ကို အတော်ဝေးဝေး ထင်ထင်ရှားရှား လှမ်း မြင်နေရ၏ ။

ဆူးခလောက် ချုံပုတ် တစ်ခု နားတွင် လှုပ်လှုပ်ရှားရှား မြင်လိုက်ရ၍ လှမ်း ကြည့် လိုက်ရာ လဲကျ သေနေသော ချေသေ၏ ဗိုက် ကို လက်ဖြူ က ဝုတ်ခနဲ ဝုတ်ခနဲ ထိုးဟပ် ကိုက်ဖောက် စားနေသည် ။ လက်ဖြူ မှာ အမဲသားကောင် ရ တိုင်း အူတွေ ၊ အသည်းကလီစာတွေ ကို စားနေကျ ဖြစ်သဖြင့် ချက်သိ နေ၏ ။ ထို့ကြောင့် ယခု ချေဗိုက် ကို လူ မဦးမီ ကမန်းကတန်း ဖောက်ကိုက် စားနေ လေသည် ။

“ ကိုကြီးထွန်း ကိုကြီးထွန်း မြန်မြန် မြန်မြန် အစာမဲ နေတဲ့ လက်ဖြူ ဆီ က ချေကို ကျွန်တော် တစ်ယောက်တည်း လု လို့ ရမှာ မဟုတ်ဘူး ။ လက်ဖြူ ၊ ရန်ရှာလိမ့်မယ် ။ ခု ချေဗိုက် ထဲက အူတွေကို လက်ဖြူ ဖောက် ကိုက်စား ... ”

“ ဟေ့ကောင် ... ဟေ့ကောင် ဘာဖြစ်လို့ အော် ပြောရတာလဲ တော .. ”

ကျွန်ုပ် အသံ မဆုံးမီ ကိုကြီးထွန်း အသံ ကို ကြားလိုက်ရသည် ဟု ကျွန်ုပ် ထင်မိလိုက်သည် ။ သို့သော် မည်သို့ ဖြစ်သွားသည် မသိ ၊ တစ်ကိုယ်လုံး ကြက်သီး ဖြန်းဖြန်း ထ သွားကာ လန့်ဖျပ် သွားသည် ။ အကြောင်း မှာ လဲသေ နေ၍ သူ့ ဗိုက် ကိုပင် လက်ဖြူခွေး ဖောက်ကိုက် စားခြင်း ခံနေရသော ချေ သေသည် ကျွန်ုပ် ဝမ်းသာအားရ အော်ပြောလိုက်မိသံ မဆုံးမီ ပင် “ ဝေါင် ဝေါင် ”  ဟု ထ ဟောက်သံ ပေးကာ ခေါင်းထောင် ထ လာပြီး ချေဖားကြီး သည် အူတန်းလန်း နှင့် ချက်ချင်း ထ ပြေး သွားသည် ။

ထို ချေဟောက်သံ ပေး၍ ထပြေး သွားသည်နှင့် တစ်တောလုံး တစ်တောင် လုံး ပဲ့တင်ထပ်ကာ အရပ် ရှစ်မျက်နှာ မှ ဟောက်သံတွေ ပေါ် လာလေသည် ။
ချေများ ဟောက်သံ နှင့် အတူ ဖက်စုပ်သံ လို အသံ တစ်မျိုး ကလည်း ဆူညံ လာ၏ ။ ဘယ်နေရာ ဘယ်ဘက် ကို ပင် လိုက်ရမှန်း မသိအောင် ဖြစ်ကာ ကျွန်ုပ် မှာ ထိတ်လန့်ပြီး ချက်ချင်း ကျောက်ရုပ် တစ်ရုပ် လို ဖြစ်သွားသည် ။

သူ ဗိုက်ဖောက် ကိုက်စား နေသော ချေ ထ ပြေး သွားသော အခါ လက်ဖြူ ကား ကျွန်ုပ် လို သတိ မပျက် ။ ဟောင်သံ ပေးကာ သားကောင် နောက် ဆက် လိုက် သွားသည် ။

“ ဟေ့ကောင် ဟေ့ကောင် ချေ နဲ့ ခွေး ဘယ်လို ဖြစ်ဖြစ် တောမှာ တောင်မှာ ဘာဖြစ်လို့ အကျယ်ကြီး အော်ပြောရလဲ ။ တောဝင်တတ်တယ် ဆိုတာ မသိ ဘူးလား ၊ ဖြန်း .. ဖြန်း ”

မတ်တတ် ရပ်ကာ ကျောက်ရုပ် တစ်ရုပ် လို ဖြစ်နေသော ကျွန်ုပ် အား ကိုကြီး က ဇက်ပိုး ကို ရိုက်ပြီး ပြောလိုက်တော့ မှ ကျွန်ုပ် လည်း သတိ ပြန် ရသွား သည် ။

“ချေ က သေနေတာဗျ ။ ခွေးတောင် ဗိုက်ဖောက် ... ”

“ တော်စမ်းကွာ ”

ကိုကြီးထွန်း က ကျွန်ုပ် ကို အော်ထားခဲ့ပြီး လက်ဖြူ ဟောင်သံ ကြားရာသို့ ပြေးလိုက် သွားသည် ။ ထိုအခါမှ ကျွန်ုပ် နှင့် ကိုကျော်သန်း တို့ လည်း ကိုကြီးထွန်း နောက် ပြေး လိုက်ကြသည် ။ ကျွန်ုပ် နှင့် ကိုကျော်သန်း တို့ သည် ကိုကြီး ထွန်းအောင် ကို မီလာကြသည် ။

ကိုကြီးထွန်းအောင် က ချေကို ပစ်ရန် သေနတ်နှင့် ချိန်ရွယ် နေစဉ် ကျွန်ုပ် နှင့် ကိုကျော်သန်း တို့မှာ ပါးစပ် ထဲ က ‘ ဟာ ’ ခနဲ အသံ ထွက်ကာ မှင်တက်မိ သွားကြပြန်သည် ။

အကြောင်းမှာ ဗိုက် ပေါက်၍ အူတန်းလန်း ထွက်နေသော ချေသည် လက်ဖြူ ခွေးနောက် ကို လိုက်ပြီး ခွေး ၏ တင်ပါး ၊ ပေါင်ကြားတွေ ကို အစွယ် နှင့် ထိုးပက် ကော်ပစ် နေသည် ။ ရှေ့ကို ရောက် နေသော ခွေးလက်ဖြူ မှာ သူ့ နောက်က ချေ တစ်ချက် ပက် ကော် လိုက်တိုင်း ဝေါင်ခနဲ တစ်ချက်စီ အော် ကာ ရှေ့တိုး တစ်လှမ်းစီ ခုန် လိုက်ကာ တဝုတ်ဝုတ် အော် နေသည် ။ သို့သော် စောစောက ဟောင် နေသော အသံမျိုး မဟုတ်တော့ ။

ကျွန်ုပ် နှင့် ကိုကျော်သန်း တို့ က ခွေးနောက်ကို လိုက်ပြီး ခွေးတင်ပါး ၊ ပေါင် ကြားထဲ တစ်ချက်ချက် ထိုးပက် နေသော ချေနှင့် လက်ဖြူ နောက်ပိုင်း တစ်ခု လုံး သွေးအလိမ်းလိမ်း ဖြစ်နေသည် ကို မြင်ရသော အခါ ပို၍ အံ့ဩတကြီး ဖြစ်သွားမိကြပြန်သည် ။ ထိုအချိန် တွင် ကိုကြီးထွန်းအောင် သည် ဘာကို သတိရ သွားသည် မသိ ။

သူ့ လက် ထဲ က နှစ်လုံးပြူးသေနတ် ကို ချေပစ်ရန် အနီးကပ် ချိန်ရွယ် နေရာ က ချက်ချင်း မပစ်ဖြစ်တော့ဘဲ သူ့ ပေါင် နှစ်လုံးကြား အောက်မှ နှစ်ခါသုံးခါ သေနတ် ကို သွင်းလိုက် ထုတ်လိုက် လုပ် ပစ်လိုက်သည် ။ ပြီးမှ မပြေးနိုင်ကြ တော့သည့် အပြင် ချေက နောက်မှ ပက်ထည့်လိုက် ၊ ခွေးက ဝုတ်ခနဲ တစ်ချက် အော်ကာ ရှေ့သို့ တစ်လှမ်း ခုန်သွားလိုက် ဖြစ် နေကြသော ချေနှင့် ခွေးလက်ဖြူတို့ အနား ကို နီးနိုင်သမျှ တစ်လှမ်းချင်း အနီးကပ် ချိန်ရွယ် သွား ပြီး တစ်လံခန့် သာ ကွာမည့် နေရာ ရောက်တော့ မှ ခွေးလက်ဖြူ တင်ပါး ကို နောက်က တစ်ချက်ချင်း လိုက်ပက် ထိုးဆောင့် နေသော ချေကို ဒိုင်းခနဲ ပစ် ချလိုက်၏ ။

ထိ မထိ ကို မူ မသိ ။ ဒုတိယ တစ်ချက် ထပ် ပစ်လိုက်စဉ်၌မူ ဗိုက်ပေါက်ကာ သေနတ်သံ နှင့် အတူ ခွေးလက်ဖြူ ကို တစ်ချက် ဆောင့် ပက်လိုက်ကာ လဲကျ သွားလေသည် ။ ဗိုက်ပေါက်နှင့် အတူ လက်ဖြူခွေး လည်း လဲကျသွားသည် ကို မြင်လိုက်ရ သဖြင့် ကျွန်ုပ် ထ အော်လိုက်မိသည် ။

“ ကိုကြီးထွန်း လက်ဖြူ ကို လည်း ထိသွားပြီ ထင်တယ်ဗျ ”

ငိုသံပါကြီး နှင့် အော် လိုက်ကာ ကျွန်ုပ် လက်ဖြူ အနား ရောက်သွားသည် ။ လက်ဖြူ ကား အသံတိမ်တိမ် နှင့် ညည်းညူကာ ကျွန်ုပ် ကို ပင် အရှင်သခင် မှန်း မသိတော့ ။

“လက်... လက်ဖြူ ၊ လက်ဖြူ ကျွန်တော့်ခွေး ... ”

မိုးပေါ် ထောင် ဖောက် လိုက်သော ကိုကြီးထွန်း ၏ တတိယမြောက် သေနတ်သံ ကြောင့် ကျွန်ုပ် မှာ လန့်ဖျပ်ပြီး လှမ်း ကိုင်ထားသော လက်ဖြူ ကိုယ် မှ လက် ကို ပင် ရုပ်လိုက်မိသွားသည် ။

ထိုအခါမှ တစ်တောလုံး တစ်တောင်လုံး ရှိ အရပ်ရှစ်မျက်နှာ က ချေ ဟောက် နေသံ ၊ ဖက်စုပ်သံတွေ မှာ ပဲ့တင်သံတွေ နှင့် ရောထွေးကာ ဝေး၍ ဝေး၍ ပျောက်သွားလေသည် ။

“ ဟေ့ကောင် ဖိုးအောင် လက် ကို ပွတ်မနေနဲ့ ။ ငါ ပဆိုးကွင်း ထဲ ထည့်ပြီး ပွေ့ခေါ်လာမယ် ။ မင်း နဲ့ ကျော်သန်း ချေသေကို ထမ်းပြီး ရှေ့က မြန်မြန် ထွက် ကြ ။ အချိန် သိပ် မရှိဘူး ”

ပြောပြောဆိုဆို ပင် ကိုကြီးထွန်းအောင် သည် လည်ယောက် လာသော ပုဆိုးကွင်း ထဲ လက်ဖြူ ကို ပွေ့ထည့် ယူ လိုက်သော အခါ ကျွန်ုပ် နှင့် ကိုကျော် သန်း တို့ မှာ လည်း ရရာ နွယ်ပင် တစ်ပင် ကို လှမ်းဆွဲ ဖြတ်ယူ ကာ ချေကို ခြေ ကို ခြေချင်း လက်ကို လက်ချင်း ပူးချည်ပြီး ဝါးပြောင်း နှင့် လျှိုထမ်းပြီး အထက်တော မှ အမြန်ဆုံး ထွက်လာ ကြလေသည် ။

◽ဝေယံလင်းခေါင်

📖 သူတော်ငတေ နှင့် ကျောက်ဖားမြည်သံ

No comments:

Post a Comment