❝ အနှစ် သုံးဆယ်ကျော် အလိမ် ခံရသူ ❞
( ၁ )
ကျွန်တော်တို့ တစ်ရွာလုံး က ဘကြီးထွန်း ကို ဤ တစ်သက် ဘိန်းပြတ်မည် ဟု မည်သူမျှ မမျှော်လင့်ခဲ့ ။ ဘကြီးထွန်း ကို ဘိန်းပြောင်း နှင့် အရိုး ထုတ်မည့် သူ ဟု အသိအမှတ် ပြု ထား ကြသည် ။ သည်ကဲ့သို့ အသိအမှတ် ပြု ထားသည် မှာ လည်း အသိအမှတ်ပြု ထားသူများ ကို အဆိုး မဆိုသာချေ ။ အဘယ့်ကြောင့် ဆိုသော် ဘကြီးထွန်း သည် အသက် ၁၈ နှစ်သား အရွယ် မှ စ၍ ဘိန်း စွဲ လာသူ ဖြစ်သဖြင့် ယခု အသက် ၅ဝ ကျော် မှ ဘိန်း ပြတ်မည် ဆိုလျှင် ရုပ်ပွားတော် တစ်ဆူ မျို၍ ပြောပါစေ ၊ ဝမ်းခေါင်း ကျယ် ၍ သာ ဟု ဆိုရ ချိမ့်မည် ။
ဘကြီးထွန်း ဘိန်း စွဲခါ စ က ဘကြီးထွန်း ၏ မိဘ များသည် ဆရာဝန် နှင့် ကုသ၍ ဘကြီးထွန်း ကို ဘိန်း ပြတ် စေခဲ့၏ ။ ဘကြီးထွန်း ကား ဘိန်း မပြတ်ခဲ့ပေ ။ သို့တစေ ဘကြီးထွန်း ၏ မိဘများ ကား လက် မလျှော့သေး ။ ကျွန်တော် တို့ နယ်တစ်ဝိုက် တွင် တရား ဟော ရာ၌ နာမည် ကြီးသော ဘာသာရေးနည်းပြဆရာ ၊ ဓမ္မကထိက အကျော်အမော် တို့ ကို ဖိတ် ခေါ်၍ ဘကြီးထွန်း ဘိန်း ပြတ် ရန် ဟောချွတ် စေခဲ့သည် ။ ဘကြီးထွန်း ကား ဘိန်း မပြတ်လေချေ ။
ဘကြီးထွန်း ၏ မိဘများ သည် ဘကြီးထွန်း ဘိန်း ပြတ်ရေး အတွက် နည်းသစ် လမ်းသစ် ရှာ ကြပြန်သည် ။ ဘကြီးထွန်း ၏ မိဘများ သည် ဘကြီးထွန်း ဘိန်း ပြတ်ပြီး လူတစ်လုံး သူတစ်လုံး နှင့် နေထိုင်သည် ကို သူတို့ မသေမီ ကြည့် သွားချင်ရှာကြသည် ။ ထို့ကြောင့်လည်း နာမည်ကျော် စေဂိုဏ်း ၊ ဝင်းဂိုဏ်း ၊ အန္တိမဂိုဏ်း ဆရာကြီးများ ထံ ချဉ်းကပ် ၍ ဘကြီးထွန်း ဘိန်း ပြတ်ရေး ကြိုးစား ကြပြန် သည် ။
ဘကြီးထွန်း ၏ မိဘများ သည် ကုံလုံကြွယ်ဝသူ များ ဖြစ်သည့်ပြင် သားသမီး ဆို ၍ ဘကြီးထွန်း တစ်ယောက် တည်း သာ ထွန်းကား ခဲ့ သဖြင့် ဘကြီးထွန်း ကို သားကောင်း တစ်ယောက် ကျောက်ကောင်း တစ်စေ့ ဖြစ် စေချင်သည် ။ ထို့ကြောင့် လည်း ဘကြီးထွန်း သာ ဘိန်း ပြတ်မည် ဆိုလျှင် ငွေ ဘယ်လောက် ပင် ကုန်ကုန် သူတို့ မမှု ၊ သို့သော် ဘကြီးထွန်း ကား ထူး မခြားနားပေ ။
သို့ပေမင့် ဘကြီးထွန်း ၏ မိဘများ က အား မလျှော့ သေး ၊ ဘကြီးထွန်း ဘိန်း ပြတ်ရေးအတွက် နည်းသစ် လမ်းသစ် ရှာဖွေကြပြန်သည် ။
ဘကြီးထွန်း ဘိန်း ပြတ်ရေး အတွက် နောက်ဆုံး ရှာဖွေ တွေ့ရှိသော နည်းလမ်းမှာ ဘကြီးထွန်း တစ်ဖက်သတ် ကျိတ်ပိုး ပိုး နေသော ရွာ ၏ ကွမ်းတောင်ကိုင် မယ်လှ နှင့် ဆွယ် ရန် ဖြစ်သည် ။ ဘကြီးထွန်း အနေနှင့် လည်း မယ်လှ ကို အသေရရ အရှင်ရရ ကြိုက် နေသည် မဟုတ် ပါလော ။
ဘကြီးထွန်း ၏ မိဘများ က မယ်လှ နှင့် ဘကြီးထွန်း လက်ထပ်ရေး အတွက် ကွမ်းဖိုး မင်္ဂလာကြေး ဘယ် လောက်ပဲ ကုန်ကုန် အကုန်အကျ ခံ၍ လက်ထပ် ပေးမည် ။ ဘိန်း သာ ပြတ် အောင် ဖြတ်ပါ ဟု ဘကြီးထွန်း ကို နားချ သည် ။
ဘကြီးထွန်း က လည်း မယ်လှ နှင့် သာ လက်ထပ်ရ မည် ဆိုလျှင် ဘိန်း ဖြတ်၍ သေ သွားပါစေ ၊ ဘိန်း ဖြတ်ပါ မည် ဟု ကတိ ပေးပြီး မိဘများ ယုံကြည် စိတ်ချရလောက် အောင် ပင် နေထိုင်ကြသည် ။
သို့နှင့် ဘကြီးထွန်း ၏ မိဘများ က ဘိန်း ပြတ်သွား ပြီ ဖြစ်သော သူတို့ သားလှ ဘကြီးထွန်း ၏ ကြင်ဘက် သက်လျာ အဖြစ် ရွာ ၏ အလှပဂေး ကွမ်းတောင်ကိုင် မယ်လှ ကို ကွမ်းဖိုး မင်္ဂလာကြေး အများအပြား အကုန် အကျ ခံကာ တောင်းရမ်း လက်ထပ် ပေးသည် ။
ဘကြီးထွန်း နှင့် မယ်လှ တို့ လက်ထပ်ပြီး တစ်လ ဇာတိ ရုပ် မပေါ်သေး ၊ နှစ်လ ဇာတိ ရုပ် မပေါ်သေး ၊ ဇနီး သည် ကလေး တစ်ယောက် မွေးဖွားပြီး ချိန် တွင် ဇာတိ ရုပ် ပေါ်လေတော့သည် ။
ဘကြီးထွန်း ၏ မိဘ နှစ်ပါး သည် လည်းကောင်း ၊ ကွမ်း ထောင်ကိုင်ကလေး မယ်လှ သည် လည်းကောင်း ၊ ဘကြီးထွန်း ဘိန်းပြတ်ပြီ ဟု တကယ် ထင် ခဲ့သော်လည်း စင်စစ် ဘကြီးထွန်း ကား ဘိန်း တစ်နေ့ မှ မပြတ်ခဲ့ ၊ ဘကြီး ထွန်း အမြဲတမ်း ဘိန်းဒကာ ရသော ဘကြီးထွန်း ၏ လူယုံတော် တစ်ဦး က ဘကြီးထွန်း အတွက် နံနက် ရော ညနေ ပါ ထမင်း စားခါ နီး တိုင်း အိမ်သာ တက်ချင် ဟန် ပြု၍ ဘိန်း မျို နိုင်ရန် ကြံဖန် ဆောင်ရွက် ပေးခဲ့သည် ။
ဟော .. ယခုမူ ဘကြီးထွန်း သည် ခပ်ပြောင်ပြောင် နှင့် ဘိန်း စားကြောင်း ပြ လိုက်သည် ။ ပြီးတော့လည်း ဘကြီးထွန်း အဖို့ ချစ်ဇနီး သားဦး မွေးဖွားပြီး သည် နောက် ဂရုစိုက်စရာ မလိုတော့ ၊ အဘယ့်ကြောင့် ဆိုသော် နာဂတောင်တန်း ရှိ ရှမ်းလူမျိုးတို့ ၏ ဓလေ့ထုံးစံ အရ စုန်းပိုင် ၊ နတ်ပိုင် ၊ ကွမ်းဖိုး မင်္ဂလာကြေး ပေး၍ လက်ထပ် ယူပြီး သော မယား သည် ဘကြီးထွန်း မကွာရှင်းပါဘဲ နှင့် အဘယ် တရားရုံး က ကွာရှင်း ပေးပါအံ့နည်း ။
မိဘ ဆိုသည် မှာလည်း တောင်းဆိုး ပလုံးဆိုး သာ ပစ်ရိုး ရှိ၍ သားဆိုး သမီးဆိုး ကို ပစ်ရိုး မရှိသဖြင့် ဘကြီးထွန်း ၏ မိဘများ သည် ရင်ထုမနာ နှင့် ဘကြီးထွန်း ကို ခွင့်လွှတ်ကြရသည် သာတည်း ။
မာနတလူလူ နှင့် အလှသရေ ဆောင်းခဲ့သော မယ်လှ သည် လည်း ဘကြီးထွန်း ပြုသမျှ နု ရချေတော့ သည် ။ ဘိန်း စား က မယား ချစ်သည် ဟူသော ဆိုရိုး စကားပင် ရှိချေသည် မဟုတ်ပါလား ။ ( ဘိန်းစား လို့ မယားချစ်တယ် ဆို အဓိပ္ပာယ် အပြည့်အစုံ သိ ချင်ရင်တော့ “ ကျွန်တော် ဘူရှိန်းခဲ့စဉ်က ” ဆိုပြီး ရှုမဝ ထဲ ဝတ္ထု ရေး ခဲ့တဲ့ ကိုသော်တာဆွေ တို့ ဇနီးမောင်နှံ ကို တိုးတိုး တိတ်တိတ် မေး ကြပါခင်ဗျား ။ စာရေးသူ )
( ၂ )
ဘကြီးထွန်း တို့ ဇနီးမောင်နှံ ဒုတိယသား ထွန်းကား ချိန် တွင် ဘကြီးထွန်း ၏ မိဘ နှစ်ပါး ရှေ့ဆင့် နောက်ဆင့် ကွယ်လွန် သွားကြ၏ ။ ထိုသို့ မကွယ်လွန်မီ နောင်ရေး ကို မျှော်တွေး ကြသော ဘကြီးထွန်း ၏ မိဘများ သည် ရှိသမျှ အတွင်း ပစ္စည်း အပြင် ပစ္စည်းများ ကို ဘကြီးထွန်း နာမည် နှင့် လွှဲ မပေးဘဲ ရပ်ရွာလူကြီး အသိ သက်သေများရှေ့တွင် ချွေးမ နာမည် ဖြင့် စာချုပ်စာတမ်း ပြုလုပ်၍ လွှဲ ပေးခဲ့ သည် ။
ဘကြီးထွန်း ၏ မိဘနှစ်ပါး ကွယ်လွန် သွားပြီး သည့် နောက် ဘကြီးထွန်း တို့ ၏ အိမ်ထောင်စု ကို ဘကြီးထွန်း ၏ ဇနီးသည် က ပင် ဦးစီး လာရသည် ။
ဘကြီးထွန်း နှင့် ပိုးဖော် ပိုးဖက် ဖြစ်ကြ ကုန်သော သူ များ သည် မိမိတို့ တည်ဆောက် ထားသော အိမ်ထောင် တာဝန် ကို ယူကြလျက် စီးပွားရေး လုပ်ငန်း ကို အားသွန် ခွန်စိုက် ကြိုးစားကြ ကုန်သည် ။
ဒါတင် မကသေး ၊ ဥပုသ်နေ့ အခါကြီး ရက်ကြီး နေ့ များ ဆိုလျှင် သီလ သီတင်း ဆောက်တည်လျက် တရား ဓမ္မ ဆွေးနွေးကြ ကုန်သည် ။ ဘိန်းစား မှ မယားချစ် သည် ဟူ၍ မည်သို့ပင် ဆိုစေကာမူ သူတို့ ဘကြီးထွန်း မှာ မူကား မီးဖို ဘေး တွင် ခွေလျက် ဘိန်းပြောင်း နှင့် သာ အချိန် ဖြုန်း နေရကာ မယ်လှ အဖို့ ရှက် လာသည် ။
သို့မို့ကြောင့် လည်း ချစ်လင် ဘိန်း ပြတ်ပါစေတော့ ဟူသော စေတနာ နှင့် ဘကြီးထွန်း ၏ အပေါင်းအသင်း များ ကို မည်သူ က မှ တိတ်တခိုး ဘိန်း မပေးပါရန် လာဘ် ပေး၍ တစ်နည်း မေတ္တာရပ်ခံ၍ တစ်ဖုံ ၊ ရှိခိုး၍ တစ်မျိုး အကူအညီ တောင်းလျက် ဘကြီးထွန်း ကို ဘိန်းဖိုး မပေး ဘဲ ထားသည် ။
ဘကြီးထွန်း သည် ဘိန်း မရှူရ မစားရ သောအခါ ချစ်ဇနီး ကို လည်း အတင်း အဓမ္မ မတောင်း ၊ ဆူဆူပူပူ လည်း မလုပ်ချေ ။ သို့တစေ နံနက်စာ ညစာ ထမင်း လည်း မစား ။ အိပ်ရာ က လည်း မထ ပါ ဘဲနှင့် တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ဘိန်း မစားရ သမျှ ရက်ဆက် အိပ် သည် ။ ထို့နောက် ဘိန်း ဝမ်း လိုက်လာသည် ဆိုကာ အိမ် သာ မကြာခဏ တက်သည် ။ ထိုအချိန် တွင် ချစ်ဇနီး ဖြစ် သူ က အကျော်အမော် ဆရာသမားများ ကို ငွေကုန် ကြေးကျ ခံ၍ ပင့် ခေါ်ကာ ကုသ ရ ပြန်လေသည် ။
သို့မို့ကြောင့်လည်း ဘကြီးထွန်း ၏ ဇနီးသည် က ဘကြီးထွန်း ကို ဘိန်း ပြတ်ရန် နောက်ထပ် မတိုက်တွန်း မကြံစည် မကြိုးစားတော့ ။ ဘကြီးထွန်း ဘိန်းရှူခြင်း စားခြင်း ကို သဒ္ဓါကြည်ဖြူ ခွင့်ပြုရတော့သည် သာမက ဘကြီးထွန်း အတွက် ဘိန်း ဝယ် ပေးရသည် အထိ ဖြစ်လာ သည် ။
ထိုမျှ မကသေး တစ်ခါတစ်ရံ ဘိန်းကုန်သည်များ ရွာ သို့ ရောက် လာ၍ ဘိန်းဈေး ပေါပေါ ရချိန်တွင် မယ်လှ သည် ဘကြီးထွန်း အတွက် တစ်လစာ ၊ နှစ်လစာ ဘိန်း ဝယ် ပေးထား၏ ။ သို့ထက် ဘကြီးထွန်း ကား ဘိန်း များများစားစား ရှိမှန်း သိလျှင် ဘိန်း များများ စားစား ရှူ မျို ပြီး အိပ်ရာ က မထတော့ ဘဲ မူး နေလျက် အိမ်မှု စီးပွားရေးလုပ်ငန်း ကူဖော်လောင်ဖက် ပင် မရတော့လေချေ ။
ဘကြီးထွန်း တို့ အိမ်ထောင်မှု စီးပွားရေး လုပ်ငန်း ဆိုရာ ၌လည်း လက်ဖက်ခြံ လုပ်ငန်းသာ ဖြစ်သည် ။
လက်ဖက်ခြံလုပ်ငန်း ဟူသည် တစ်အိမ်ထောင်စု လုံး ရှိရှိသမျှ လူအားလုံး က ထောင့် အသီးသီး တာဝန်ယူ လုပ်ကိုင်ရသော လုပ်ငန်း ဖြစ်သည် ။
ဥပမာ ဘကြီးထွန်း ၏ ဇနီးသည် က လက်ဖက်ခူး သမားများ နှင့် နံနက်စာ စားပြီး လက်ဖက်ခူး ထွက် သွားပြီ ဆိုလျှင် ညနေ ၅ နာရီ ကျော် မှ အိပ်ပြန် ရောက် သည် ။ သည်တော့လည်း အိမ် တွင် ကျန်ရစ်သူများ က လက်ဖက် ခြံ သို့ သွားရောက် အလုပ် လုပ်ကိုင်သူများ အတွက် ညနေ စာ စားသောက်ရန် အဆင်သင့် ချက်ပြုတ် ထားရ၏ ။
လက်ဖက် ပေါင်းရန် ရေ အပြည့်အစုံ အလုံအလောက် ခပ် ထားရ၏ ။ လက်ဖက်ပေါင်း ရေဆူ အောင် မီးထိုး ထားရ ၏ ။ ပေါင်းပြီး လက်ဖက်များ ထားသိုရန် နေရာ အဆင် သင့် လုပ် ထားရ၏ ။
ထိုကဲ့သို့ အိမ်မကွာ အလုပ် လုပ်ကိုင်ရန် အတွက် ဘကြီးထွန်း ကို ဘကြီးထွန်း ၏ ဇနီး က နံနက် ဘိန်း တစ်မူးသား ညနေ ဘိန်း တစ်မူးသား ဝယ် ပေးရ၏ ။ ပြီးတော့ လည်း နံနက် တစ်မူးသား ည တစ်မူးသား ဟူ၍ တစ်ခါ တည်း ပေါင်းပြီး တစ်မတ်သား လုံးလုံး ဘကြီးထွန်း ကို ပေးထား၍ လည်း မဖြစ် ။ ဘကြီးထွန်း ၏ ဇနီးသည် က ဘကြီးထွန်း နံနက်စာ အတွက် ပေးပြီးလျှင် ညစာ အတွက် အမြဲတမ်း ဝှက် ထားရသည် ။
ဤသို့ ဝှက်ထားသည် ပင် ဘကြီးထွန်း က မနေ သေး ၊ ညစာ အတွက် ဝှက် ထားသော ဘိန်း ကို ရှာ၏ ။ ရှာ၍ တွေ့ လျှင် နေ့လယ်စာ ရှူလိုက်၏ ။ ညစာ ကျ လျှင် “ မင်း ဘယ်နေရာ ဝှက်တယ် ဆိုတာ ငါ သိတာမှ မဟုတ် ဘဲ မယ်လှ ရာ ” ဟူသော လှိမ့်လုံးဖြင့် ညတစ်ခါ ထပ်ရှူ ပြန် သဖြင့် ဘကြီးထွန်း ၏ ဇနီးသည် ခမျာ ဘကြီးထွန်း ညစာ အတွက် ဘိန်း ဝှက် ရသည်က အလုပ် တစ်ခု ဖြစ်လာ၏ ။
ဤသို့ ဘိန်း ဝှက်ရဖန် များတော့လည်း အိမ် တွင် ရှိ သော ကျားဘမ်း ပရုပ်ဆီဘူးဟောင်း ၊ ချောကလက် ဝမ်း နုတ်ဆေးဘူးဟောင်း ၊ အပ်ဘူးစသော ဘူးငယ် ခွက်ငယ် မှန်သမျှ အလှည့်ကျ ဘိန်း ဝှက်ရာ ဌာန ဖြစ်လာ၏ ။ အပ် ဘူး ဆိုသည်မှာ ကျွန်တော်တို့ ဒေသနေ လူမျိုးများ အဖို့ မရှိ မဖြစ် သော အိမ်သုံး ပစ္စည်း တစ်ခု ဖြစ်၏ ။ အဘယ်ကြောင့် မရှိ မဖြစ်သော အိမ်သုံးပစ္စည်း ဖြစ်ရပါ သနည်း ။ ကျွန်တော်တို့ ဒေသရှိ လူမျိုးစုများ သည် အဝတ်ဟောင်း များ ကို ဖာထေး ချုပ်ရာ၌ စက်ချုပ် ကို မသုံး ၊ စက်ချုပ် သုံး ခြင်း အားဖြင့် အပ်ရာ စိပ် သဖြင့် ပြဲလွယ် ပြတ်လွယ် သည်ဟု ယူဆ သဖြင့် အဝတ်အထည်ဟောင်း ကို လက် ချုပ် ဖြင့် အသုံး ပြုကြ၏ ။ ထို့ကြောင့် အပ် ၊ အပ်ချည် မပွ စေရန် တိုက် ပေးသော ပျားဖယောင်းလုံး စသည်တို့ကို ဘူးကလေး နှင့် သပ်သပ် ထားရ၏ ။ ဤကား ကျွန်တော်တို့ ဒေသ၌ အိမ်တိုင်း တွင် တွေ့နိုင်သော အိမ်တွင်း သုံး ပစ္စည်းတည်း ။ ဘကြီးထွန်း သည် ဇနီးသည် မည်သို့ ဝှက် စေကာမူ တစ်ချီ တစ်ချီ ရှာ တွေ့ သွား တတ်ချေသေး ၏ ။
သည်လိုနှင့် ဘကြီးထွန်း တို့ အကြင် လင်မယား ပေါင်းသင်းလာကြရာ အိမ်ထောင်သက် လည်း သုံးဆယ် ကျော် လေပြီ ။ ဘကြီးထွန်း တို့ ဇနီးမောင်နှံ ၏ အသက် သည် လည်း ငါးဆယ် ကျော်ပြီး ခြောက်ဆယ် အနီး သို့ သီ ခဲ့လေပြီတည်း ။
သို့တစေ ဘကြီးထွန်း သည် အနှစ် သုံးဆယ်ကျော် တိုင်တိုင် စွဲလာခဲ့သော ဘိန်း ကို ဆရာဝန် အကူအညီ လည်း မပါ ။ ဘာသာရေး တရားဟောဆရာ တို့ ၏ တရားဓမ္မ ကို လည်း မနာကြားရ ။ စေဂိုဏ်း ၊ ဝင်းဂိုဏ်း ၊ အန္တိမဂိုဏ်း ၊ မနောမယဂိုဏ်း ဆရာကြီး တို့ ၏ ဥုံ ဆိုသော မန္တန် ကို လည်း မကြားရပါလျက် ဘိန်း ကို သေသည့်တိုင် လှည့် မကြည့်ချင် လောက်အောင် ဘိန်း ပြတ် သွားချေပြီ ။
ဘကြီးထွန်း ဤသို့ ဘိန်း ပြတ် သွားရခြင်း အကြောင်း ဖန်တီးလာပုံ ကို ဖော်ပြရမည် ဆိုလျှင် ... ။
( ၃ )
ဒေါ်လှ သည် အိပ်ရာ က မထသေးသော လင်တော်မောင် အတွက် နံနက်စာ ဦးဦးဖျားဖျား ခူးခပ်ထားပြီး သူ့ ဝမ်းပြည့်ရေး အတွက် ကမန်းကတန်း စားသောက် နေ ၏ ။
သည်ကဲ့သို့ ဝမ်းပြည့်ရေး အတွက် ကမန်းကတန်း စားသောက် ရသည် မှာ လည်း အခြား အကြောင်း ကြောင့် မဟုတ် ၊ မိမိတို့ လက်ဖက်ခြံ သို့ လက်ဖက်ခူးသမများ သွားကြပြီ ဖြစ်သဖြင့် အမီ လိုက်သွားရန် ဖြစ်၏ ။ သို့မှသာ လည်း အချိန်မီ လူစု ခွဲ၍ ဘယ်သူက လက် သန့်သည် ။ ဘယ်သူက လက်မသန့် ဟု ခွဲခြားပြီး လက်သန့်သူများ ကို ရွှေဖီမိုးလွတ် လက်ဖက်ခြောက် အတွက် ကြက်တက်ရွက်ညွန့် ကလေးများ ခူးစေရန် နှင့် လက် မသန့်သူ များကို လက်ဖက်စို အတွက် ရွက်လတ် ခူးရန် စီမံခန့်ခွဲပေးနိုင် မည် မဟုတ်ပါလော ။
ဒေါ်လှ ထမင်း စားပြီး ထမင်းပွဲ သိမ်းချိန် တွင် ဘကြီးထွန်း အိပ်ရာ မှ နိုးစ ပြုလာပြီ ဖြစ်၏ ။ ဒေါ်လှ သည် ကျန်ရှိ နေသေးသော လင့်ဝတ္တရား ကို မလစ်ဟင်း စေရန် မိမိ ယမန်နေ့က ဝှက် ထားသော ဘိန်းစိမ်း တစ်မူးသား ကို ယူ၍ ဘကြီးထွန်း ကို လှမ်း ပေးလိုက်၏ ။
“ ရော့ ကိုထွန်း ၊ ဒါမနက်စာ အတွက် ၊ ညစာတော့ ကျုပ် ပြန်လာမှပဲ လုပ်တော့ ၊ ပြီးတော့လည်း ဒီနေ့ ကျုပ် တို့ လက်ဖက်ခြံ လက်ဖက် ခူးတယ် ဆိုတာ လည်း မေ့ မနေနဲ့ ဦး ၊ ပေါင်းအိုး တည်ထားဖို့ ရယ် ၊ ညစာ ချက်ပြုတ်ထားဖို့ ရယ် ကိုင်း လက်ဖက်ခူးသမလေးတွေ သွားပြီ ၊ ကျုပ် အမီ လိုက်သွားမှ ”
ဘကြီးထွန်း သည် ဒေါ်လှ လှမ်း ပေးသော ဘိန်း ကို လှမ်း ယူပြီး အိပ်ရာဘေး ၌ ချထား၍ အိပ်ရေး နှပ် နေလိုက် သေး၏ ။
ဒေါ်လှ က မူ လက်ဖက်ပလိုင်း လွယ် ၍ အိမ်ပေါ် မှ ကမန်းကတန်း ဆင်းပြီး လက်ဖက်ခြံ ဆီ သို့ သုတ်ခြေ တင် လေတော့သည် ။ ဒေါ်လှ အိမ် က ထွက် သွားပြီး ကွမ်း တစ်ယာ ညက်ခန့် ကြာမှ ဘကြီးထွန်း အိပ်ရာ က ထ၍ မျက်နှာ သစ်သည် ။ ပြီးမှ ဒေါ်လှ လိပ်ထားသော ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီး ကို မီးကျီးခဲ နှင့် တေ့ပြီး နှပ် ထား လိုက်၏ ။
ထို့နောက် ရေနွေးကြမ်းအိုး တည်ထားပြီး ဒေါ်လှ ပေး သွားသော ဘိန်းတစ်မူးသား ကို ထက်ဝက် ခွဲ၍ ချန် ထားပြီး တစ်ဝက် ချက်ရန် ပြင်ဆင် လေတော့၏ ။
ဘိန်း ချက်ရန် ပြင်ဆင်သည် ဆိုရာ၌ ဦးစွာ ဘိန်းရေ စစ် သော အဝတ် ကို ကြေးနီဇွန်း ထဲ ထည့်၍ ပြုတ် ရ၏ ။ အတန်ငယ် ဆူလာသောအခါ ဘိန်းစစ် အဝတ်ပြုတ် ရေ ကို အကြမ်းပန်းကန်လုံး ထဲ ငှဲ့ ထားပြီး ဘိန်းစစ် အဝတ် ကို ရေညှစ် ယူ ၍ တခြား ထားရ၏ ။ ထို့နောက် ကြေးနီဇွန်း ကို ပြာနု ဖြင့် ပြောင်လက် နေအောင် တိုက်ချွတ် ဆေးကြော ရ ၏ ။ ဆေးကြော ပြီး မှ ဘိန်းစိမ်း ကို ဇွန်း ထဲ မထူမပါး ကပ်၍ မီး ကင် ရ၏ ။ ဘိန်းစိမ်း သည် မီး အပူရှိန် ကြောင့် အတန် ငယ် ဖောင်းကြွ လာသောအခါ ဘိန်းစစ်ဖတ် ပြုတ်ရေ ကို ကြေးနီဇွန်း ထဲ ရှဲခနဲ မြည်အောင် လောင်း ထည့်လိုက်ရ၏ ။
ထို့နောက် ဘိန်းဇွန်း ကို မီးကျီး ပေါ် တင်ပြီး အတန် ငယ် ဆူလာအောင် ကျို ချက်ရ၏ ။ တစ်ဖန် ဘိန်းစစ် အဝတ် နှင့် စစ်ပြီး ကြေးနီဇွန်း ကို ပြာနု ဖြင့် တစ်ကြိမ် ပွတ်တိုက် ဆေးကြောရပြန်၏ ။ ပြီးမှ စစ်ပြီးသော ဘိန်းရေ ကို ကြေးနီဇွန်း ထဲ အနည် မပါအောင် ငှဲ့ ထည့်ပြီး ကျို ရပြန် ၏ ။
ဘိန်းစားများ သည် ဤ ကဲ့သို့ ဘိန်းဆီ ချ ချိန်၌ လွန်စွာ ဂရု စိုက်ရ၏ ။ မီး ပြင်းလွန်းပြီး ဘိန်းရေ ဆူပွက် လွန်း လျှင် လည်း ဘိန်းဆီ အထွက် လျော့ သွားတတ် သဖြင့် မီး မပြင်းလွန်းစေဘဲ ကျို ရ၏ ။ မီး ရပ်ခါနီးတွင် ပို၍ပင် အရေးကြီး သေး၏ ။ အကယ်၍ မီး လွန်သွားပါ က ဘိန်းဆီ ခြောက်ကပ် သွားပြီး သုံး မရတော့ ။ ထို့ကြောင့် သာလိကာ မျက်လုံး ကဲ့သို့ ငှက်ကြီးမျိုး သုံးကြိမ် ငှက် လာလျှင် တန် ရ၏ ။ သို့မှသာ အအေး ခံပြီး ကွမ်းပုံ နှင့် လှိမ့်ရန် အလောတော် ဖြစ်၏ ။ ဤသို့ ဘိန်းဆီ ချရာ၌ ရေကျန်များ က လည်း ကွမ်းပုံ ဖွယ် ပြန်၏ ။ မီးတော် ရေတော် ကွမ်းပုံ ကား ထမ်းလျက် အနေတော် ကျို ၍ ပြုလုပ် ထားသော တောအလှူ ပေါက်ပေါက်ဆုတ် ကဲ့သို့ မာ တောင့် နေ၏ ။
ဤကဲ့သို့ ဘိန်းဆီ ချရုံ နှင့် လည်း ဘိန်း ရှူ ရန် အသင့် မဖြစ်သေး ။ ဓား နှင့် ရစ်လှီးကာ အမျှင်ငယ် အဖြစ် ပြုလုပ်၍ နေ လှန်းထားသော ကွမ်းပုံအခြောက် ကို မီးကျီး ရဲရဲ တွင် အိုးကင်းပြား နှင့် ကင် ရပြန်၏ ။ မီး မညီအကျက် မညီ က ချောင်းဆိုး၏ ။ ကျွမ်း ၍ မည်း သွားပြန် က လည်း ခါး ၏ ။ မီး ပြင်းလွန်းက အပူ လွန်ပြီး ဝုန်းခနဲ မီး ထ တောက် တတ် သဖြင့် ဘိန်းဆီ ချ ချိန် နှင့် မခြား ကွမ်းပုံ ကင် ချိန် လည်း ဂရုစိုက်ရ၏ ။ ဤ အချိန် နှစ်ချိန် တွင် ဘကြီးထွန်း နောက်က ကျားကြီး လာ စေတော့ ၊ ဘကြီးထွန်း ကား တုတ်တုတ်မျှ လှုပ်မည် မဟုတ်လေချေ ။
ကွမ်းပုံ ကင်ပြီးသော အခါ ကွမ်းပုံ မအေးမီ ခပ်နွေး နွေး ကို ကြေးဇွန်း ထဲ မှ ဘိန်းဆီ ထဲ သို့ ထည့်လျက် ခတ် တန့် ခေါ် တူ ကဲ့သို့ ပြုလုပ် ထားသည့် တုတ်တံ နှစ်ချောင်း နှင့် သမအောင် လှည့်၍ လှည့်၍ လှိမ့် ပေးရ၏ ။ သို့မှသာ ရှူရန် အသင့် ဖြစ်သွားသော “ ခပ်ပုံ ” ခေါ် ကွမ်းပုံ အဆင့် သို့ ရောက် သွား၏ ။
သို့သော် ဤ ကွမ်းပုံ ကိစ္စ ပြီးရုံနှင့် ဘကြီးထွန်း ဘိန်း မရှူသေးပါ ။ ခွင် ပေါ် တွင် တည် ထား၍ ပွက်ပွက်ဆူ နေပြီ ဖြစ်သော မြေကရားအိုး ထဲ သို့ လက်ဖက်ခြောက် တစ်ဆုပ် ခတ် ထည့် လိုက်ပြီး မီးဖို ဘေး နား နှပ် ထားလိုက် သေး၏ ။ ထို့နောက် တော်ပါ ဘူး ကို စစ်ဆေးရ သေး၏ ။ အကယ်၍ တော်ပါဘူး နှာတံပေါက်ဝ ကြေး ဆို့ နေပါ က ကျဉ်းလွန်း၍ ရှူရာ ၌ ဇိမ် မရှိ ၊ နှာတံပေါက်ဝ ကျယ်လွန်း ပြန် ကလည်း ကွမ်းပုံ မြန်မြန် ကုန်လွယ် သဖြင့် စံချိန် မကိုက် ။
ထို့ကြောင့် ဘိန်းစား တို့ စပ်ဆိုထားသော တော်ပါ ဘူး စနစ် လင်္ကာ ပင် ရှိသည် မဟုတ်ပါလား ၊ ထိုအလင်္ကာ ကား “ တော်ပါစံနစ် ဆယ့်နှစ်သစ် ၊ အောက်က မှန်မှန် သုံးသစ်ခံ ၊ နှာတံ အဖျား နှစ်သစ် ထား ၊ နှာတံအပေါက် ရင်ခေါင်းလောက် ကတောက် ကတောက် မြည် လတံ့ ” ဟူသတည်း ။
တော်ပါဘူး ဆိုသည် မှာ အဆစ် တစ်ဖက် ပိတ် သော လက် တစ်ကိုင် ခန့်ရှိ ဝါးလုံး ကို အထက်ပါ အလင်္ကာ နှင့် အညီ ဝါးဆစ် ပေါ် လက်သုံးသစ် အပေါက် ဖောက်၍ လက်သန်းလုံးခန့် ရှိသော ဝါးတံငယ် ကို ၄၅ ဒီဂရီ စောင်း ၍ စိုက်ပြီး ရေ လုံအောင် ဖာထေး ထားရ၏ ။ ကွမ်းပုံ ကို ထို နှာတံ ခေါ် ဝါးတံ အပေါက်ငယ် ထိပ် တွင် တင်ပြီး မီးညှိ ၍ ရှူရ၏ ။ ထို တော်ပါ ဘူး ထဲတွင် ရေ ခံ ထားရကား ရေ ထဲ မှ ဖြတ်သန်းလာသော ဘိန်းခိုး သည် အေးမြ၏ ။ လည်ချောင်း မပူချေ ။
ဘကြီးထွန်း သည် တော်ပါဘူး ကို သေချာစွာ စစ်ဆေးပြီး နောက် ဇနီးသည် လက်ဖက်ခြံ မှ ခွာခဲ့၍ အခြောက် လှန်း ထားသော ဖန်းခါးခေါက်မြှောင်း ကို မီးစ အဖြစ် အသုံးပြုရန် မီး စွဲထား၏ ။ ဘိန်းစားများ သည် ကွမ်းပုံ မီး ညှိ ရန် မီးစ ကို ရွေးချယ်၏ ။ အကယ်၍ ကင်ပလင်း သားများကို မီးစ ပြုလုပ်၍ ရှူ မိပါ ချက်ချင်း သွေး အန် ၏ ။
ဤသို့ ဘိန်း ရှူရန် အသင့် ဖြစ်လောက်ချိန် တွင် ဘကြီးထွန်း သည် ထမင်း စားရန် ဟန် ပြင်လေတော့၏ ။ ထမင်း စားရန် ဟန် ပြင်သည် ဆိုရာ၌ ထွေထွေထူးထူး တော့ မဟုတ်လေချေ ။ ဘိန်း မချက်မီ က ထက်ဝက် ခွဲ ထားသော ဘိန်းစိမ်း ကို အာခေါင် ထဲ သို့ ပစ် ထည့် လိုက် ပြီး ရေကလေး နှင့် မျော ချလိုက်ခြင်း သာတည်း ။
ဘကြီးထွန်း ထမင်းစားပြီး ချိန်တွင် နှပ် ထား၍ တစ်မီး သေနေပြီ ဖြစ်သော ပြောင်းဖူးဖက် ဆေးပေါ့လိပ် ကြီး ကို မီးညှိပြီး ဖွာကာ ရှိုက်ကာ ဖြင့် မျို ထား၍ မူးလာ ပြီ ဖြစ်သော ဘိန်းအရသာ နှင့် ရော၍ ဇိမ် ခံနေ၏ ။ သည်ကြား ထဲတွင် ခါးတူး နေသော ရေနွေးကြမ်း ကို ကြား ဖောက်၍ သောက် လိုက်သေး၏ ။ သည်ကဲ့သို့ တစ်နာရီ ကျော် မျှ မျို ထားသော ဘိန်း အရသာ ကို ဇိမ်ခံ ပြီးနောက် ထပ်၍ မူးလာစေရန် တော်ပါဘူး နှင့် ကွမ်းပုံ လုပ်ငန်း စလေ တော့၏ ။
ဤကဲ့သို့ ဘိန်း ရှူရာ၌ ဘကြီးထွန်း တို့ ဘိန်းစား များ သည် ထိုင် ၍ ဘယ်သော အခါ မှမရှူ ကြ ၊ အိပ်ရာ ကို သေချာစွာ ခင်းပြီး မမြင့်လွန်း မနိမ့်လွန်းသော အနေတော် သစ်သား ခေါင်းအုံး ဖြင့် တစောင်း ခွေ၍ ရှူ၏ ။ ရှူသွင်း လိုက်သော ဘိန်းငွေ့ ကိုလည်း ဟူးခနဲ မှုတ် မထုတ် ၊ အတန်ငယ် အောင့် ထားပြီး ရေနွေးကြမ်း ထပ် ဆင့်လိုက် ပြီးမှ မီးခိုး ကို တဖြည်းဖြည်း ပြန် ထုတ် လေသည် ။
ဘကြီးထွန်း သည် ဘိန်း ရှူလိုက် ၊ ဆေးပေါ့လိပ် မှိန်းလိုက် ၊ ရေနွေးကြမ်း သောက်လိုက် နှင့် ကွမ်းပုံ ကုန် သည် အထိ အလုပ် များလေတော့သည် ။ ကွမ်းပုံ ကုန်သွား ချိန်တွင် ဘကြီးထွန်း သည် ဆေးပေါ့လိပ် ကို မှိန်းရင်း ငိုက် ရင်း နှင့် နတ်သမီး ၇ ဖော် နှင့် အပျော်ကြီး ပျော်နေလေ တော့ သတည်း ။
ထို့နောက် ဘကြီးထွန်း သည် နတ်သမီးများ နှင့် ပျော်မွေ့ရ လေ သဖြင့် မောပန်းနွမ်းနယ် လာပြီး အိပ်ပျော် သွားလေ သည် ။
ဘကြီးထွန်း အိပ်ရာ မှ နိုးချိန်တွင် ညနေ ၄ နာရီ ပင် ထိုး နေလေပြီ ။ ဘကြီး သည် အိပ်ရာ မှ နိုးသော်လည်း ရုတ်တရက် မထသေးဘဲ မြေကရား ထဲ တွင် ကျန်နေသေး
သော ရေနွေးကြမ်း တစ်ခွက် ငှဲ့ ၍ ခေါင်းထောင် ၍ ကျိုက် ချလိုက်၏ ။ ပြီးတော့ ဆေးလိပ်တို ကို ညှိပြီး မှိန်း လိုက် သေး၏ ။ ပြီးမှ အိပ်ရာ က လူးလဲ ထကာ အိမ်ဘေး လက်ဖက်ဖို တဲ ဆီသို့ ဆင်း လာပြီး မိုးပြဲဒယ်အိုးကြီး တင် ထားသော ဖိုခွင် ကို ရေ ထည့်ပြီး မီး မွှေးသည် ။
သည့်နောက် တွင် ပေါင်းပြီးသား လက်ဖက်များ ထားရန် နေရာ ကို ပြုပြင်ပြီး အိမ် ပေါ်သို့ ပြန် တက်ကာ ညစာ ချက်ပြုတ်ရန် အတွက် ပြင်ဆင်လေသည် ။
ဘကြီးထွန်း သည် ယောက်ျားရင့်မကြီး ဖြစ်သော် လည်း မိမိ ၏ အိမ်ထောင်ရှင် ယောက်ျား တာဝန် ကို ဇနီး ဖြစ်သူ က တစ်သက်လုံး တာဝန်ယူ လုပ်ကိုင် လာရကား မိမိ ကိုယ်တိုင် ၌ကမူ အိမ်ရှင်မ လုပ်ငန်းသာ လုပ်ကိုင်လာ သူ ပီပီ အချက်အပြုတ် ၌ လွန်စွာ ကျွမ်းကျင်သည် ။
ထို့ကြောင့် ဘကြီးထွန်း မီးဖိုချောင် ထဲ သို့ ဝင်မိပြီ ဆိုလျှင် မီး အရင် မမွှေးသေး ၊ ထမင်းအိုး ဟင်းအိုး အားလုံး အဆင်သင့် ပြင်၍ အစီအစဉ် အားလုံး ပြီးမှ မီး မွှေး၍ တစ်အိုး ပြီး တစ်အိုး တည်သည် ။
ထိုနေ့ ဘကြီးထွန်း ချက် သည့် ဟင်း ကို လည်း ကြည့် ပါဦး ။ ဆတ်သားခြောက် နှင့် အသီးအရွက်ပေါင်းစုံ ကို ပဲပုပ် ခတ် ၍ ရှမ်းဟင်းလေးကြီး ချက်သည် ။ ထို ဟင်း အိုး ချ ချိန်တွင် ပင်စိမ်းရွက် အုပ်လိုက်သဖြင့် ဟင်းနံ့ က သင်း နေ၏ ။
ထို့နောက် ငါးရံ့ခြောက် နှင့် ခရမ်းချဉ်သီးဆီပြန် ချက် လိုက်သေး၏ ။ ရှမ်းငါးပိကောင် ကို ရဲ နေအောင် ကင် ၍ ငရုတ်သီးစိမ်း နိုင်နိုင် နံနံပင် ထည့်၍ ထောင်းထား သေး၏ ။ တို့စရာ အဖြစ် ဂုံမင်းရိုးနုများ ကို ပြုတ် ထား၏ ။
ဘကြီးထွန်း ချက်ရေးပြုတ်ရေး ပြီးစီး သွားချိန် တွင် မီးဖို ဘေးတွင် အငွေ့တထောင်းထောင်း ထွက် နေသော ဟင်းလေးကြီး အနံ့ ကြောင့် ဝမ်း ထဲ က ဆာလာ၏ ။
သို့သော် ဘကြီးထွန်း ထမင်း စား၍ မဖြစ်နိုင်သေး ။ အဘယ်ကြောင့် ဆိုသော် ထမင်း မစားမီ မျို ရန် ဘိန်း မရှိ သေးသောကြောင့် ဖြစ်၏ ။ ထို့ကြောင့်လည်း ဇနီးသည် ပြန် အလာကို စောင့်ရင်း ညစာ စားပြီး အသင့် မှိန်း နိုင်ရန် ပြောင်းဖူးဖက် ဆေးပေါ့လိပ်ကြီး တစ်လိပ် ကို စိတ်ကြိုက် ဆေးစပ်ဖြင့် စပ်၍ လိပ်ပြီး အချိန် ဖြုန်း ပြန်၏ ။ ဆေးလိပ် လိပ် ပြီး သွားသည်တိုင် ဇနီးသည် ပြန် မလာသေး ။ သို့တစေ ပင်စိမ်းနံ့ သင်းသော ဟင်းလေးအိုး အနံ့သည် လည်းကောင်း ၊ နံနံပင် နှင့် ငါးပိကင်နံ့ သည် လည်းကောင်း ဘကြီးထွန်း ၏ နှာဝ ကို လာ၍ ကလိ နေသဖြင့် ဝမ်း ထဲက တဂျုတ်ဂျတ် နှင့် ဆန္ဒ ပြ လာ၏ ။
ဒါပေမဲ့လည်း ဘကြီးထွန်း သည် ထမင်း ဆာ သည် ကို အောင့် ၍ ထားရ၏ ။ ဤသို့ အောင့် ၍ ထားပါမှ ပို၍ပင် ဆာ လာပြန်၏ ။ သို့နှင့် မြေကရားအိုး ကို ရေ ထည့်၍ ကျို ရင်း ဇနီးသည် ကို မျှော် ပြန်သည် ။ မြေကရားအိုး ဆူ၍ လက်ဖက်ခြောက် ခတ်ပြီးသည့် တိုင် ဇနီးသည် ပြန် မလာ သေး သဖြင့် အိမ်ပေါက်ဝ သို့ ထွက်၍ မျှော် ကြည့်ပြန်၏ ။ ဇနီးသည် ၏ အရိပ်အယောင် ပင် မမြင်ရလေသေး ။
ဘကြီးထွန်း သည် အိမ်ပေါ် သို့ ပြန် တက်လာပြီး ဟိုကြည့် ဒီကြည့် ကြည့်၏ ။ ဟိုတွေး ဒီတွေး တွေး၏ ။
“ ညစာ အတွက် ကျုပ် ပြန်လာမှ လုပ် တော့ ”
ဟူသော မိမိ ဇနီးသည် မှာ သွားသည့်စကားများ ပြန် လည် ကြား ယောင် လာပြန်၏ ။
“ သူ တစ်နေရာရာ မှာ ဝှက် ထားမှာပဲ ”
ဘကြီးထွန်း ၏ အသိ တွင် ဝင်းခနဲ လက်ခနဲ သည် အတွေး တွေး မိသည်နှင့် တစ်ပြိုင်နက် ထ၍ ရှာ၏ ။ ဘူး ဟောင်းကလေးများ ထားရာ နံရံကြား ထုတ် ပေါ် တန်း ပေါ် မကျန် ရှာ၏ ။ ဘူးဟောင်းတိုင်း တွင် ဘိန်းနံ့ က သင်း နေသော်လည်း အကောင်အထည် ကား မတွေ့ပါ ချေ ။
ဘိန်း နံ့ ရှူ မိသည် ဆိုလျှင် ပင် ဘကြီးထွန်း ၏ ရိုးတွင်းခြင်ဆီများ သည် တရိုးရိုး တရွရွ နှင့် ဆန္ဒ ပြလာကြ ကုန် ၏ ။ ဘကြီးထွန်း သည် အိမ်ပေါက်ဝ သို့ ထွက်၍ ဇနီးသည် ကို မျှော် ပြန်၏ ။ သို့တစေ ဇနီးသည် ၏ အရိပ် အယောင် မမြင်ရလေသေး ။
သို့နှင့် ဘကြီးထွန်း သည် အိမ် ထဲ သို့ ပြန် ဝင်လာပြီး စိတ် မကျေပွဲ တစ်ကြိမ် ရှာပြန်၏ ။
ဟော ... တွေ့ပါပြီ ၊ အဝတ်စုတ်များ ထည့်ထား သည့် အပ်ဘူးကလေး ၊ အပ်ဘူးကလေး ကို ဖွင့်လိုက် သည်နှင့် တစ်ပြိုင်နက် မည်းမည်း အလုံးကလေး နမ်း ကြည့်လိုက်တော့လည်း ဘိန်းစိမ်းနံ့ က သင်းပျံ့လျက် ပင် တည်း ။
ဘကြီးထွန်း သည် အလုံးကလေး ကို ကြည့်၍ ပြုံး ပြီး ယူ လိုက်၏ ။ ထို့နောက် ထမင်းဟင်း ခူးခပ် ပြင်ဆင်လိုက် ၏ ။ သူ ကိုယ်တိုင် စိတ်ကြိုက် လိပ် ထားသော ပြောင်းဖူး ဖက်ဆေးလိပ် ကို မီးကျီး နှင့် နှပ် ထားလိုက်ပြီး မှ အလုံး ကို အာခေါင် ထဲ ပစ် ထည့် လိုက်ပြီး ရေနွေးကြမ်း နှင့် မျှော ချ၍ ထမင်း ကို အားပါးတရ စားသောက် လေတော့သည် ။
ဘကြီးထွန်း သည် ထမင်း စားပြီးနောက် ရေနွေး ကြမ်း တစ်လှည့် ဆေးပေါ့လိပ် တစ်လှည့်ဖြင့် ဘိန်း ချက် ရန် ကိရိယာတန်ဆာများ အဆင်သင့် ပြင် ထားပြီး ယစ်၍ ယစ်၍ တက် လာသော ဘိန်းအရသာ ကို ခံရင်း အိပ်ရာ ထဲ တစောင်း ခွေ၍ မှိန်း နေ၏ ။
မကြာမီ ဇနီးသည် ပြန် လာပါက ရှူရန် အတွက် တောင်းပြီး ဖြည်းဖြည်း ဇိမ်ယူမည် ဟု သူ့ တွက်ကိန်း နှင့် သူ ကျေနပ်နေ၏ ။ ပြီးတော့လည်း ချက်ရန် အတွက်ပါ မလုံလောက် သဖြင့် မျိုရန် အတွက် ဝှက်ထား ဟန် ရှိသော ဇနီးသည် ၏ အလိုက်သိတတ်ပုံ ကို တွေးရင်း ငယ်မူပင် ပြန်ချင် သလိုလို ဖြစ်လာ၏ ။
အတန်ကြာသော် ဒေါ်လှ သည် လက်ဖက်ခြံ မှ ပြန် လာပြီး ဘကြီးထွန်း ကို အကဲခတ် ကြည့်လိုက်၏ ။ သည် နေ့ အိမ်ပြန် နောက်ကျ သဖြင့် မိမိ ကို များ စိတ် ကောက်၍ အိပ် နေလေသလား ။
ဒေါ်လှသည် ဘကြီးထွန်း မှိန်း နေပုံ ကို မြင် ရသဖြင့် စိတ်သက်သာရာ ရ သွားပြီး လေပြည် ထိုး ၍ မေး လိုက် သည် ။
“ တော့် မှာ ဘယ် က ဒကာ ပေါ် လို့ စောစောစီးစီး မှိန်း နေတာတုံး ”
“ ဟဲ .. ဟဲ ... မယ်လှ ရာ မင်း ဘယ် မှာ ဝှက်ထား ထား ငါ ရအောင် ရှာ နိုင်ပါတယ်ကွာ ၊ ငထွန်း ကွ .. ငထွန်း ”
“ ဟောတော် .. ကျုပ် ဝှက် မထားရပါဘူး ကိုထွန်း ရယ် ”
စင်စစ်တော့လည်း ဒေါ်လှ သည် တကယ် မဝှက်ခဲ့ ရသဖြင့် မဝှက်ခဲ့ရကြောင်း အမှန်အတိုင်း ပြောပြခြင်း ဖြစ်၏ ။
ဘကြီးထွန်း သည် ဇနီးသည် ၏ မျက်နှာ ကို သေချာ စေ့စပ် ကြည့်လိုက်သည် ။ သူတို့ အိမ်ထောင် သက် ဘဝ တာ တစ်လျှောက်လုံး ၌ ဒေါ်မယ်လှ သည် ဘယ်သော အခါမျှ မလိမ်မညာခဲ့ဖူး ။
ပြီးတော့ ဒေါ်မယ်လှ ဝှက် ထားသော ဘိန်း မဟုတ် ပါဘဲ နှင့် သူ မျို ထား လိုက်ပြီး အဘယ်ကြောင့် ဘိန်းမူး သကဲ့သို့ မူး နေပါသနည်း ။
“ ဘယ် မှာ ရှာ တွေ့တာလဲ ဟင် ကိုထွန်း ”
ဒေါ်မယ်လှ က ဘကြီးထွန်း ကို အံ့သြဟန် ဖြင့် မေး လိုက်သည် ။
“ အပ်ဘူးထဲ မှာလေကွာ ”
“ နို့ မူး ရဲ့ လားဟင် ကိုထွန်း ”
“ မူးတာပေါ့ ကွ ၊ အဲဒါ ငါ စဉ်းစား နေတာ ”
“ တော် မူးသာ မူးရမယ် ၊ အဲဒီ အပ်ဘူး ထဲ က ရှာတွေ့ တာ ဆိုရင် ဘိန်း မဟုတ်ဘူး ၊ ကျုပ် အဝတ် ချုပ်တိုင်း အပ်ချည် တိုက် တဲ့ ပျားဖယောင်းလုံး ၊ လက်က ကြေး နဲ့ မည်း နေလို့ ဘိန်း နဲ့ တူတာ ၊ ပြီးတော့ အပ်ဘူး ကလည်း ဘိန်းဘူးဟောင်း ဆိုတော့ ဘိန်းနံ့ နံ နေမှာပေါ့ ၊ ဒါကိုများ မူး သတဲ့ တော် ”
ဒေါ်မယ်လှ ၏ စကား အဆုံးသတ် လိုက်သည် နှင့် တစ်ပြိုင်နက် ဘကြီးထွန်း ၏ လက် ထဲမှ ဆေးပေါ့လိပ် ကြီး အလိုလို လွတ် ကျ သွား၏ ။ ပြီးတော့လည်း ယစ်၍ ယစ်၍ မူးနေသော ဘိန်း စည်းစိမ် သည်လည်း အဘယ် သို့ ပျောက် သွားလေသည် မသိ ၊ စား ထားသော ထမင်း များပင် ပျို့ချင်သလို ၊ အန်ချင်သလို ဖြစ်လာ၏ ။ သူ ၏ ရိုးတွင်းခြင်ဆီ နေရာ အနှံ့အပြား လည်း ကိုက်သလို ခဲသလို ဖြစ် လာလေတော့၏ ။
“ ဟင် ”
ဘကြီးထွန်း သည် ဟင် တစ်လုံး တ , ပြီး ရှေ့ဆက် ၍ စကား မပြောနိုင် လောက်အောင် တွေ ၍ စဉ်းစားနေ ၏ ။
ဘိန်း မဟုတ်ဘဲ နှင့် ဘိန်းနံ့ သင်းနေသော အပ်ချည် တိုက် သည့် ဤ ပျားဖယောင်းလုံးလေး ကို ဘိန်း အမှတ် ဖြင့် မျို ထားစဉ်က ဘိန်း ကဲ့သို့ တယစ်ယစ် မူးပါလျက် ...
ခါတိုင်း မျိုသော ဘိန်း အစစ် ၏ စံချိန် အတိုင်း နတ် သမီး ၇ ဖော် တို့ နှင့် အပျော်ကြီး ပျော် ရပါလျက် ...
ယခု ဇနီးသည် က ဘိန်း မဟုတ်ဘဲ ဖယောင်းလုံး ပါ ဟူ၍ ပြောပြခါမှ မိမိ လက် မှ ဆေးလိပ် လည်း အလိုလို လွတ် ကျသွား၏ ။ အမူး လည်း ပျောက်သွား၏ ။ မိမိ ၏ ရိုးတွင်းခြင်ဆီများ ကလည်း ရှေးယခင် ဘိန်းမမျို ဘိန်း မရှူရ စဉ်က ခံစားရသော ဝေဒနာများ တဖွားဖွား ဖြစ် ပေါ်လာကုန်သည် ။
အကယ်တန္တ ဇနီးသည် က “ ဒါ ကျုပ် တော့် ကို ရှာ ယူပါစေတော့ လို့ တမင် ဝှက်ထားတာ တော်ရေ ” ဟု များ ပြော လိုက်လျှင် မိမိ သည် ဆက် ၍ မူး နေဦးမည် မဟုတ်ပါ လော ။
ဘကြီးထွန်းသည် မိမိ ကို စိတ် မကောင်းစွာဖြင့် ကြည့် နေသော ဇနီးသည် ကို တစ်လှည့် ဘိန်းချက် ကိရိယာများ ကို တစ်လှည့် ကြည့်ရင်း အိပ်ရာ မှ ငေါက်ခနဲ ထ ထိုင်လိုက်ပြီး ဘိန်းချက်ကိရိယာများ ကို စုဆောင်း ယူငင် ၍ အိမ် အောက်သို့ သယ် ချသွားပြီး တစ်ခု ချင်း ရိုက်ခွဲ ပစ်လိုက်၏ ။
ဘိန်း တစ်ခါ ရှူ ရပါမည့် အကြောင်း မိမိ ကရိကထ ခံ၍ ဘိန်း ချက်ရပုံ ၊ ဘိန်း ရှာရပုံ ၊ ဘိန်း မရှူရ မစားရ လျှင် ရိုးတွင်းခြင်ဆီများ ပါ မကျန် ဆန္ဒ ပြ လာပုံတို့ကို တွေးတွေး ပြီး ရှက်လည်း ရှက်မိ၏ ။ မိမိ ကိုယ် ကို လည်း နာကြည်း လာမိ၏ ။ ထိုကြောင့်လည်း ဘကြီးထွန်း သည် သူ တစ် သက်လုံး မပြောဖူးသော စကား တစ်လုံး ကို ဇနီးသည် ဒေါ်မယ်လှ ကို တိုးတိုးလေး လှမ်း ပြောလိုက်၏ ။
“ ဟေ့ .... မယ်လှ ၊ ငါ့ ကို ဒီနေ့က စပြီး ဘိန်း မပေးနဲ့ ဘိန်းဖိုး လည်း မပေးနဲ့ ၊ မေကရိုး ငါ့ စိတ် ကို ငါ အနှစ် သုံးဆယ် ကျော်ကျော် လိမ် လာခဲ့တာ ခုမှ သိတယ် ။ ခုမှ ငါ့ စိတ် ငါ လိမ် နေမှန်း သိတယ် မယ်လှ ရဲ့ ”
“ တကယ် ပြောတာလားဟင် ကိုထွန်း ”
“ တကယ်ကွ ၊ တကယ် ”
ဘကြီးထွန်း သည် ပြောပြောဆိုဆို နှင့် အိမ်ပေါ် သို့ ပြန် တက်လာစဉ် လှေကား ထိပ် ၌ ရပ် ကြည့်နေသော ဇနီးသည် နှင့် မျက်နှာချင်း ဆုံမိကြသည် ။
“ တကယ် ပြောတာနော် ကိုထွန်း ၊ ဒါဖြင့် ရှင် ဘိန်း ပြတ်ပြီပေါ့ ”
“ တကယ် ပြောတာ ပါ မယ်လှ ရာ ”
ဘကြီးထွန်း ၏ စကား အဆုံးတွင် ဒေါ်မယ်လှ သည် တွန့်စပြုနေသော ပါးရေများ ပို၍ တွန့်သွားအောင် ပြုံး လိုက်လေသည် ။
ဘကြီးထွန်း သည် ထိုနေ့မှ စ၍ ဆရာဝန် အကူ အညီ လည်း မပါ ၊ ဘာသာရေးဆရာ တို့ ၏ ဆိုဆုံးမမှု ကို လည်း မနာခံ ရ ၊ စေဂိုဏ်း ဝင်းဂိုဏ်း အန္တိမဂိုဏ်း ဆရာ တို့ ၏ မန္တန်တန်ခိုး ဓာတ်လုံးတန်ခိုး လည်း မပါ ပါဘဲ နှင့် ရာသက်ပန် ဘိန်း ပြတ်သွားလေသည် ။
ကျွန်တော် အပါအဝင် အရက်သမားများ သည် လည်းကောင်း ၊ ဘိန်းစားဘဝ နှင့် ဘဝ ဆုံး နေကြသူတို့ သည် လည်းကောင်း ၊ ဒုစရိုက်မှု ကို ဘိန်းအရက် စွဲ သကဲ့ သို့ စွဲ နေကြသူတို့ သည် လည်းကောင်း မိမိ စိတ် ကို မိမိ လိမ် ထားသော လိမ်ကွင်းကြီး မှ ဘကြီးထွန်း ကဲ့သို့ မိမိ ဘာသာ မိမိ ဘယ်သောအခါ ရုန်းထွက် လွတ်မြောက် နိုင်ကြပါမည်နည်း ။
◾နာဂတောင်တန်း မောင်ကြည်ဇင်
📖 မြဝတီမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၁၉၆၅
#ကိုအောင်နိုင်ဦး
.