❝ အဘ ပေးခဲ့သည့် အမွေ ❞
အားလုံး က အဘ ဟု ခေါ်၍ သာ ခေါ်ကြသည် ။ သားသမီး သုံးယောက် သာ မက တူ ၊ တူမ အားလုံး က လည်း အဘ ဟူ၍ သာ ခေါ်ကြသည်။ အဘ ကွယ်လွန် သည် မှာ ၂၀၁၀ ပြည့်နှစ် ၊ သြဂုတ်လ ( ၁၅ ) ရက် နေ့ က ခြောက်နှစ် တင်းတင်း ပြည့် ခဲ့ပြီ ။ ခြောက်နှစ် ကျော် ကာလ သို့ တိုင်ခဲ့ သော် လည်း အဘ ကို အစဉ် လိုသတိ ရ နေသည် ။ မိဘ ဖြစ်သည် မို့ သတိတရ ရှိနေ ရ သလို ၊ နေ့စဉ် ထိတွေ့ ကျင်လည် နေရသည့် ပတ်ဝန်းကျင် အခြေအနေ ကြောင့် လည်း အဘ ကို မကြာမကြာ အမှတ်ရ နေ ရသည် ။
သာရေး နာရေး သွားသည့် အခါ အဘ မိတ်ဆွေဟောင်း များ နှင့် မကြာ ခဏ ဆုံ ရတတ်သည် ။ ခဏ မျှ စကား ပြောမိလျှင် သူတို့ ခင်မင်သည့် အဘ အကြောင်း တစ်ခု ခု က ပါ လာ တတ် စမြဲ ဖြစ်သည် ။ တစ်ခါတစ်ရံ မိတ်ဆွေ တစ်ဦး က မိတ်ဆက် ပေး၍ ပုဂ္ဂိုလ် တစ်ဦး ဦး နှင့် အသိအကျွမ်း ဖြစ်ရသည် ။ စကားစမြည် ပြောဆို ကြရာ မှ အဘ သား မှန်း သိသည့် အခါ သိကျွမ်း ရသည့် ခဏတာ အချိန်တိုကလေး အတွင်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လာ တတ်သည် ။ ပြီးတော့ လည်း ထို သူ က သူ နှစ်သက်ရာ အဘ စာ အဘ ကဗျာ အကြောင်း တစ်ခု ခု ကို ပြောလာ သည် ကို ကြုံရ တတ်သည် ။
ဆရာတော် တစ်ပါး က က - ကစွန်းပင် ရေ မှာ ရွှင် ၊ ခ - ခရမ်းသီး ဓား နှင့် လှီး အစချီ ကကြီးခခွေး လင်္ကာ ကို ရွတ်သည် ။ ပြီးတော့ “ ဆွမ်းအုပ် နီနီ အမေရွက်လို့ ၊ နက်ဖြန်မနက် ကျောင်းထွက်မယ် ” အစချီ ဥပုသ်စောင့် ကဗျာ ရွတ်သည် ။ ကကြီးခခွေး လင်္ကာ က ရွတ်ဆိုရ ကောင်းပုံ ၊ ကလေးကဗျာကလေး ကို ယနေ့ တိုင် စွဲစွဲလမ်းလမ်း ရှိနေပုံ ကို ပြောသည် ။ တစ်ဦး က ဘကြီးအောင် ညာတယ် ဝတ္ထုကလေး ကို သူ ငယ်ငယ် က ဖတ်ရစဉ် ၊ မောင်ချစ်ကလေး သူ လို ချင်လှသည့် ယမင်းရုပ်ကလေး ကို မရလိုက် ၍ ဝမ်းနည်းပက်လက်ဖြစ် ကာ ၊ ယမင်းရုပ်ကလေး ကို စွဲလန်း စိတ် ဖြင့် နောက်ဆုံး သေပွဲ ဝင် ရသည့် အဖြစ် နှင့် ဇာတ်သိမ်း သည့် အခါ မောင်ချစ်ကလေး ကို သနား စိတ် ဖြင့် တစ်ဦး တည်း ကြိတ် ၍ မျက်ရည် ကျ ခဲ့ ရပုံကို မကွယ်မဝှက် ပြော ပြရှာသည် ။
“ ဝါဆိုဝါခေါင် ရေတွေကြီး လို့ ” အစချီ သပြေသီးကောက် ကဗျာ ထဲ က “ ခရာဆူးချုံ ဟိုအထဲက ၊ မျှော့နက်မည်းကြီး တွယ် တတ်တယ် ။ မျှော့နက် ဆိုတာ ချို နဲ့ လားကွဲ့ ၊ မြွေနဂါး တောင် ကြောက်ဘူးကွယ် ” ကို ရွတ်ဆို ရင်း ကြောက်စိတ်တွေ သူ ငယ်စဉ် က ပျောက်ပြီး ၊ ရဲ စိတ် ဝင် ခဲ့ရပုံ ကို လည်း တစ်ဦး က ပြောပြသည် ။
သပြေညို ကဗျာ ကို အဘ ရေး အပြီး ၊ ဆယ်နှစ် တင်းတင်း ပြည့် သည့် နေ့ တွင် မြန်မာပြည် လွတ်လပ်ရေး ရသည် ။ ဤထူးခြားသော တိုက်ဆိုင်မှု ကို ကဗျာ မြတ်နိုးသူ အတော်များများ က သူတို့ စေတနာ အလျောက် အမျိုးမျိုး သုံးသပ် အဓိပ္ပာယ် ပြန်ဆို ကြသည် ကိုလည်း ကြုံရသည် ။
လွန်ခဲ့သော နှစ် ( ၇၀ ) ခန့် က တက္ကသိုလ် မြန်မာစာ သင်တန်းချိန် တစ်ချိန် တွင် ပေါရာဏ တစ်လုံး ၏ အနက် ကို ဆရာ ဖြစ်သူ အား တပည့် တစ်ယောက် က အများ ရှေ့ တွင် မေးသည် ။ မြန်မာစာ ဆရာ ဖြစ်သူ အဘ က သူ အသေအချာ ပြန်လည် လေ့ လာ ပြီး မှ အနက် ကို ပေးလိုကြောင်း တပည့်ကျောင်းသား အား ကောင်းမွန်စွာ ပြန်လည် ပြောကြားခဲ့သည် ။ ထို အဖြစ်အပျက် ကို ကိုယ်တိုင် မြင်တွေ့ကြားသိခဲ့သည့် အတန်းသား တစ်ဦး ဖြစ်သူ ဆရာ ဒဂုန်တာရာ က မသိ သည် ကို သိ သယောင်ယောင် ဟန် မဆောင် ၊ မသိ သည် ကို မသိ ကြောင်း အမှန် အတိုင်း ပြောသည့် အဘ ကို သူ တလေးတစား ရှိခဲ့ပုံ ကို ဆရာ နှင့် ပထမဆုံး အကြိမ် တွေ့ဆုံ စဉ် က ပြောပြ ၍ မှတ်သား ခဲ့ရသည်။
ပလုတ်တုတ် ကလေးဂျာနယ် က အစ အပတ်စဉ် ထုတ်ဝေသည့် ဂျာနယ် ၊ လစဉ် ထုတ်ဝေ သည့် မဂ္ဂဇင်း ၊ နှစ်ပတ်လည် စာစောင် တို့ သ ည် သူတို့ ကြိုက်နှစ်သက်ရာ အဘ ၏ ကဗျာ ၊ ဆောင်းပါး ၊ ပုံပြင် ၊ ဝတ္ထု စသည် တို့ ကို ရွေးချယ်၍ စာစောင်များ ၌ မကြာမကြာ ဖော်ပြကြသည် ။ တစ်ခါတစ်ရံ အဘ အမှတ်တရ အထူး စာစောင်များ အဖြစ် လည်း ထုတ်ဝေ ကြသည် ။
ယနေ့ စာနယ်ဇင်းလောက တွင် ထွက်ရှိ နေ သော စာစောင် အမျိုး အစား အရေအတွက် က များ လှသည် ။ ထွက်ရှိ သမျှ စာစောင်များ ကို ဝယ်ယူ ဖတ်ရှု ရန် လက်လှမ်း မမီပါ။ သို့သော် လည်း အဘ စာမူ အသုံးပြု ထားသူများ က သူတို့ စာစောင် ကို ကလောင်ရှင် မိသားစု ထံ အမှတ်တရ ပို့ ပေး တတ်ကြ သည် ။ ထုတ်ဝေသူ တို့ ၏ ကျေးဇူး ကြောင့် ၊ ထို အခါမျိုး ၌ အဘ ၏ စာ ၊ ကဗျာ တို့ ကို အဆင်အပြင်သစ် ၊ အသွင်သစ်ကလေးများ ဖြင့် မကြာမကြာ ပြန်လည် ဖတ်ရှု ရ သည် ။ ဝမ်းသာကြည်နူး ပီတိ ဖြစ်ရသည် ။
ထုတ်ဝေသူ တချို့က အဘ ၏ ယခင် ထွက်ခဲ့ ဖူးသော လုံးချင်းစာအုပ် များ ကို ဒုတိယ အကြိမ် ၊ တတိယ အကြိမ် စသည် ဖြင့် ပြန်လည် ထုတ် ဝေကြသည် ။ အချို့ က လည်း အဘ ၏ စာ ကဗျာတို့ ကို စုစည်းမှု အသစ် ၊ အသွင် သဏ္ဌာန် တစ်မျိုး မျိုး ဖြင့် လုံးချင်းစာအုပ် အသစ်များ ပုံနှိပ် ထုတ်ဝေကြသည် ။ အဘ ကွယ်လွန် ပြီး ခါ မှ မိမိ ကိုယ်တိုင် အချိန် ယူ ရှာဖွေ စုဆောင်း ခဲ့သည့် စာမူ တို့ ဖြင့် ထုတ်ဝေသူ တို့ အား ကူညီ ပံ့ပိုး ခွင့် ရသည် ။ စာအုပ် အဖြစ် မရောက်မီ ၊ ပုံနှိပ်စာမူကြမ်းများ ကို ဖတ်ရှု စိစစ် ခွင့် ရသည်။
အဘ ကဗျာ တချို့ကို ဂီတသံစဉ် ဖြင့် သီချင်း အဖြစ် ၊ ဖန်တီး သူ များ ရှိ သည် ။ ရုပ်ရှင် တချို့ ၌ နောက်ခံတေး အဖြစ် ရွတ်ဆိုခြင်း ၊ ဆီလျော်ရာ ဇာတ်ဝင် ခန်း တစ်နေရာ ၌ ကဗျာ အဖြစ် ရွတ် ဆို ခြင်း တို့ ကို လည်း ပြုလုပ် ကြသည်။ ဤသို့ဖြင့် အဘ မရှိ ကာ မှ အဘ ၏ စာ နှင့် ကဗျာများ ကြောင့် ကဏ္ဍ အမျိုးမျိုး မှ ပုဂ္ဂိုလ် အမျိုးမျိုး နှင့် ထိတွေ့ ခင်မင် ခွင့် ရသည် ။ စာပေ အခမ်းအနား အချို့ သို့ မိသားစု ကိုယ်စား ဖိတ်ကြားခြင်း ခံရသည့် အခါများ ၌ အဘ ကို ပို၍ သတိရ မိသည် ။ ဝမ်းနည်းဝမ်းသာ ဖြစ်ရသည် ။ အဘ နှင့် အမေ တို့ ၏ မေတ္တာရိပ် အောက် အေးချမ်းစွာ နေခဲ့ရသည့် ငယ်စဉ် ဘဝ ကို ပြန်ပြောင်း စဉ်းစားမိသည် ။
တက္ကသိုလ် ဘာသာပြန် နှင့် စာအုပ် ထုတ်ဝေရေးဌာန ၊ စာတည်းမှူး ဘဝ အဘ နေခွင့်ရသည့် ပုဂံလမ်း ၊ အမှတ် ( ၅ ) ရှိ အိမ် မှာ နှစ်ထပ် အိမ်ကြီး မို့ မိသားစု ငါးယောက် အတွက် ကျယ်ကျယ်ဝန်းဝန်း ရှိလှသည် ဟု ဆိုရမည်။ အိမ် ရှေ့ မှာ က ပန်းခြံ နှင့် မြက်ခင်း ၊ အိမ်နောက် မှာ က ကား ဂိုဒေါင် ၊ ဝန်ထမ်းများ အတွက် အိမ်တန်းလျား ၊ တင်းနစ်ကွင်း တို့ ပါဝင်သည် ။ ခြံ မှာ လည်း အကျယ်ကြီး ဖြစ်သည် ။
မရမ်း ၊ ပိန္နဲ ၊ ပျဉ်းမပင် တို့ အိမ်ရှေ့ မှာ ရှိသည်။ အိမ် ဘေး နှစ်ဖက် ဝဲယာမှာ က မရမ်း ၊ မန်ကျည်း ၊ သစ်တို ၊ တရုတ်စကား ၊ ကသစ် ၊ အိမ် နောက် မှာ က ဗာဒံ ၊ စိန်ပန်း ၊ ပိတောက် ၊ လက်ပံ ၊ ကျွဲကော ၊ ကနစို စသည့် နှစ်ကြီးပင် များ ဖြင့် အုပ်အုပ်ဆိုင်းဆိုင်း ၊ အေးအေးချမ်းချမ်း ရှိသည် ။ အိမ် ဆင်ဝင်ရှေ့ ပုဏ္ဍရိက် ပန်းခြံဝိုင်းကလေး အတွင်း ၌ အဘ စိတ်တိုင်းကျ မျိုး ရွေးပြီး စိုက် ထားသည့် နှင်းဆီရုံ နှစ်ရုံ ၊ သုံးရုံ ပင်တိုင် ရှိသည်။ ရောင်စုံ ရွက်လှပင်များ က လည်း သူ့ အစု က လေးတွေ နှင့် သူတို့ ရှိသည် ။ နှင်းပန်း ၊ နေကြာ ၊ ဒေလီယာ စသည် တို့ ကို လည်း သူ့ အခင်းကလေးများ နှင့် သူ။ ရာသီ ရွေး သည့် အပင်များ ကို သူ့ ရာသီ အလိုက် အဘ စိုက်သည် ။ ဆင်ဝင် က ခြံဝိုင်းကလေး ထဲ သို့ ကူး သည့် နေရာတွင် ခွာညိုပန်းစင် ခုံးကလေး ရှိသည် ။ သစ်ခွစင် တွင် မြန်မာသစ်ခွ တချို့ ကို လည်း ချိတ်ဆွဲ ထားသည်။
ပန်းခြံပတ် ကတ္တရာလမ်းကလေး ၏ တစ်ဘက် အိမ်ရှေ့ ခြံစည်းရိုး နှင့် ပတ်လမ်းကလေး အကြား မြေကွက်လပ် က အဘ ၏ စံပယ် စိုက်ခင်း ဖြစ်သည် ။ စံပယ်ရုံများ ဘေး မှာ က ဆိတ်ဖလူးပင် ၊ ရဲယိုပင်တို့ ရှိသည် ။ အိမ်ရှေ့ ယာဘက် ထောင့် ရှိ ပျဉ်းမပင် တိုင် အောင် လည်းကောင်း ၊ အိမ် ယာ ဘက် ဘေး မီးဖိုဆောင် နှင့် ခြံစည်း ရိုး အကြား မြေကွက်လပ် တွင် လည်းကောင်း ၊ စိုက်ခင်း ကလေးများ ရှိသည် ။ ပဲတောင့်ရှည် ၊ ပဲစောင်းလျား ၊ သခွား ၊ ဘူးစင် ၊ ချဉ်ပေါင် ၊ ဂေါ်ဖီ ၊ ဆလတ် ၊ ဟင်းနုနယ် ၊ ငရုတ် ၊ ခရမ်း ၊ ရုံးပတီခင်းများ ရာသီ အလိုက် ရှိသည် ။ ခြံစည်းရိုး မှာ ကင်းပုံပင်များ တောက်လျှောက် ပြေးထားသ ည် ။ ကင်ပွန်းချဉ် ရုံ တစ်ရုံ နှင့် အသီး နည်းသော ကလန်ကလား သံပရာ တစ်ပင် လည်း ရှိသည် ။
အိမ် နောက်ဘက် ၊ အိမ် နှင့် တင်းနစ်ကွင်း အကြား ၌ ကျွဲကော နှစ်ပင် နှင့် ဒန့်သလွန်ပင် တို့ ရှိသည် ။ ကျွဲကော က အနီမျိုး တစ်ပင် ၊ အဖြူ မျိုး တစ်ပင် ဖြစ် သော်လည်း အသီး က အချို နည်းသည် ။ တင်းနစ်ကွင်း နှင့် အိမ်ခြံစည်းရိုး အကြား မြေကွက်လပ် မှာ ငှက်ပျောပင်တန်း တစ်ခု ရှိသည် ။
အိမ်ရှေ့ ဝဲဘက် ၊ ခြံ အဝင် ကားလမ်း နှင့် မရန်းပင်ကြီး အကြား မြေကွက်လပ် ကား ၊ အဘ ၏ ခတ္တာ ၊ လေးကျွန်းကြာခိုင် စိုက်ခင်းကြီး ဖြစ်သည် ။ ဆယ့်ငါးပေ ပတ်လည်ခန့် ရှိသည့် ပန်းခင်းမို့ ကျန် စိုက်ခင်းများ နှင့် နှိုင်းစာ လျှင် အတော် ကြီး နေ၍ စိုက်ခင်းကြီး ဟု တင်စားခေါ် လိုက်ရခြင်း ဖြစ်ပါသည် ။
အဘ က စိုက်ပျိုးရေး ကို အလွန် ဝါသနာပါသည် ။ ပန်းပင် ၊ ဟင်းသီး ဟင်းရွက် နှင့် စားပင်များ ကို အဘ ကိုယ်တိုင် တစ်ဦးတည်း သော် လည်းကောင်း ၊ အဘ ရုံးစာရေးကြီး အညာသား ကိုကျော်သိန်း အကူ ဖြင့် သော် လည်းကောင်း စိုက် ခဲ့သည် ချည်း ဖြစ်သည် ။ မြေတူး ၊ မြေဆွ ၊ ရေလောင်းသည် တို့ ကိုတော့ ကိုကျော်သိန်း က ပင်တိုင် လုပ်သည် ။ ပေါင်းသင် သည့် အခါ သားသမီးများ က အဘ ကို ဝိုင်း ကူကြသည် ။ ထမင်းစားပွဲတွင် ခြံထွက် အသီးအနှံ ဟင်းပွဲ တစ်ခု ခု သို့မဟုတ် တို့ စရာ တစ်ပွဲ တို့ ကတော့ နေရာ ယူ ထား တတ်သည် ။
ဘုရား တင် ရန် ဘုရားပန်း ကို ဈေး က ဝယ်၍ တင် ရသလို ၊ အဘ ပန်းခင်းများ က ထွက်သော ပန်းများ ဖြင့် လည်း တင်ရသည် ။ နှင်းဆီဖြူ ၊ နီ ၊ ဝါ ၊ ပန်းရောင် တို့ ကို ဘုရားပန်းအိုး အလှ ထိုး နိုင်သည် ။ လေးကျွန်းကြာခိုင် ရာသီ ရောက် လျှင် ၊ ပန်းများ က ဘုရားတင် မနိုင်လောက်အောင် ပွင့် ကြသည် ။ အိမ်နီးနားချင်းများ သို့ လက်ဆောင် ပင် ပေး နိုင်သေးသည် ။ စံပယ် ၊ ဆိတ်ဖ လူး ပန်းပွင့်ကလေးများ ပန်းကန်ပြား ထဲ ဖြန့် ထည့်ပြီး ဘုရား ပူဇော် ရသည် ။ ရောင်စုံ ရွက်လှပန်းများ ကိုလည်း ပန်းအိုး ထိုးသည် ။ သူတို့ က ကြာကြာ ခံသည်။
ခြံဝင်း က ကျယ် ၊ အပင်တွေ ကလည်း များ သည် မို့ ၊ ငှက်ပေါင်းစုံ လည်း လာ ကြသည် ။ ဆက်ရက် ၊ စာကလေး ၊ ကျီကန်း ၊ ခို ၊ ချိုးလည်ပြောက် ၊ နှံပြီစုတ် ၊ ဗွတ်ချွဲ ၊ ဗွတ်ကလုံ ၊ သပိတ် လွယ် တို့ ကား တွေ့ ရိုး တွေ့ စဉ် ငှက်များ ဖြစ်သည် ။ ရာသီအလိုက် လာ တတ်သော ငှက်များ အကြောင်း ကို လည်း အဘ က ပြော ပြသည် ။ ငှက် အော် သံ ကြားပြီး မတွေ့ရသည့် အခါ ၊ ရ အောင် ရှာပြီး သားသမီးများ ကို ပြသည် ။ ငှက် အမျိုးအမည်များ ၊ အလေ့အကျင့် စရိုက်ကလေးများ ကို ပြော ပြသည် ။ အသံကြီးကြီး ၊ ဆွဲဆွဲငင်ငင် အော်တတ် သော ငှက်ဝါကြီး ( Oriole ) များက အောက်တို ဘာလ ဆို လျှင် ရောက် လာကြသည် ။ အပင်ထိပ်ဖျား တွင် သာ နားလေ့ ရှိကြသည် ။ ကသစ်ပင် ၊ ပိတောက်ပင်ထိပ်ဖျား ၊ ရွက်ကြို ရွက်ကြား ရှာ ကြည့် ကြရသည် ။ တင်းနစ်ကွင်း ပေါ် တွင် တော့ ၊ ဟိုပြေး သည်ပြေး ငြိမ်ငြိမ် မနေခဲ့သည့် မြီးညောင့်ကောင် ( Wagtail ) ကလေးများကို တွေ့ရသည် ။ ခြံစည်းရိုး အတွင်း မှ လည်း ကောင်း ၊ ဓာတ်ကြိုးတန်း ပေါ် မှာ နားလျက် လည်းကောင်း တကျစ်ကျစ် အော်သည့် ကောင်ယင်ငှက် ( Brown Shrike ) များ လည်း ရောက်လာ ကြသည် ။ ၁၉၅၆ ခုနှစ် က တက္ကသိုလ်နယ် တွင်း စက်တင်ဘာလ ( ၁၄ ) ရက် နေ့ မှာ ကောင်ယင်ငှက် အော်သံ ကို စ၍ ကြား ရသည် ကို အဘ မှတ်တမ်း ရေးခဲ့ဖူးသည် ။ တရုတ်ပြည် ဆောင်းရာသီ အလွန် အေးသည့် အခါ အအေး ပေါ့ သော မြန်မာပြည် ဘက် သို့ ကူးလာကြသည့် ငှက်များ ဧပြီလ ရောက် လျှင် သူတို့ ဒေသရင်းသို့ ပြန် ကြတော့သည် ။ တတုံတုံ နှင့် တစ်နေ ကုန် အသံ သာ ကြား ရသည့် ပန်းထိမ်ဖိုငှက် ( Coppersmith ) ကလေးများကို သစ်ပင် ထိပ် ၊ ရွက်ကြို ရွက်ကြား က မရ ရ အောင် ရှာ၍ အဘ က ပြသည် ။ ပါးနီနီ ၊ အမောက်နက် ကလေး ထောင်ထောင် နှင့် ဗွတ်ကလုံ ငှက်ကလေး တို့ က လည်း သူတို့ ရောက် လာသည် နှင့် သူတို့ အသံသာသာ ကလေးများ ဖြင့် အသိ ပေး တတ်သည် ။
ခြံ ကျယ်ကျယ် ၊ အရိပ်အာဝါသ ကောင်းသည် မို့ ကစားစရာ နေရာတွေ က မရှားပေ။ ကလေး တို့ ဘာသာ ဘာဝ ၊ ပျော်ပါး ဆော့ကစားကြသည် ကို အဘ ရော ၊ အမေ ပါ လွတ်လွတ်လပ်လပ် ခွင့်ပြု ထားသည် ။ မနက် စောစော မှတ်ဉာဏ် ကောင်းချိန် ကျောင်းစာ မှန်မှန် လုပ်ရန် ကိုတော့ အမေ က အစဉ် ကြပ်မတ်သည် ။ ကျောင်းစာ ပြီး လျှင် သော် လည်းကောင်း ၊ စာဖတ်ချိန် ပြီးလျှင် သော် လည်းကောင်း ကစား ခွင့် ပြု ထားပါသည် ။
အချိန်အခါ ဝါသနာ အလျောက် ပူဆာသည့် အခါ ဂျင်ပေါက် ကစားဖို့ ဂျင် ၊ သားရေကွင်း ပစ် ဖို့ သားရေကွင်း ဘူးလိုက် ၊ ဂေါ်လီကစားနည်း အမျိုးမျိုး ကစား နိုင် ရန် ဖန်ဂေါ်လီ ၊ ကြွေဂေါ်လီ ၊ စဉ့်ရည်သုတ်ဂေါ်လီ စသည် တို့ ကို ဝယ် ပေး သည် ။ အိမ်ခြံ နောက်ဘက် တွင် ဘောလုံးကွင်း နှစ်ကွင်း စာ ခန့် ကွင်းကြီး ရှိသည် ။ သထုံဆော င် နှင့် အင်းဝဆောင် နှစ်ဆောင် တို့ ၏ ဘေး တောက်လျှောက် ကာရံထားသည့် သံစည်းရိုးဝင်း ထိ အောင် ကွင်းကြီး က ကျယ်သည် ။ ကွင်းကြီး ထဲ ဘေးကင်း ရန်ကင်း စွန်လွှတ် က စားနိုင်သည် ။ ရောင်စုံစွန်များ အဘ က ဝယ် ပေးသည် ။ အစပိုင်း တွင် စွန် ကြိုးရှည်ရှည် ကိုင် ပြီး ခြေဦး တည့်ရာ အရှိန် နှင့် ပြေးကာ စွန် လွှ တ်ရသည် ။ နောက်ပိုင်း၌ ကား စနစ်တကျ စွန် လွှတ် ကစားနိုင်ရန် ရစ်ဘီးကြီး ဝယ် ပေးသည် ။ ရစ်ဘီးကြီး နှင့် စွန် လွှတ်ရသည် မှာ အားရပါး ရ ရှိလှသည် ။ ||
မိုး ကျသည် နှင့် ကွင်းကြီး အနှံ့ ချုံနွယ် ၊ အပင်ငယ် ၊ မြက်ပင် တို့ က အပြိုင်း အရိုင်းပေါက် လာကြသည် ။ ကွင်း အနှံ့ လျှောက် ပြေးရန် မလွ ယ် ၊ လမ်းလျှောက်ရာ ၌ ပင် ချုံနွယ်များ ကို အတော် ရှောင် သွားရသည် ။ ထိုအခါမျိုး၌ မောင် နှမ တစ်စု ချုံကြို ချုံကြား တိုးပြီး ကွင်းအနှံ့ ဝါဆိုပန်း ခူး ထွက်ကြသည် ။ ရှာ ထွက်ကြသ ည် ။ အဝကျယ် ဖန်ပုလင်းကြည်ကြည် ထဲ ရေ ဖြည့်ကာ ကွင်းဆင်းကြသည် ။ နွား ခြေရာ ကွက် ၊ ရေအိုင်ငယ်ကလေး များ အထဲ ဖားတစ် ပိုင်း ငါးတစ်ပိုင်း လိုက် ရှာကြသည် ။ တွေ့ လျှင် လက်ခုပ် ဖြင့် ဖားလောင်းကလေးများ ကို ဆယ် ယူပြီး ဖန်ပုလင်း ထဲ တစ်ကောင် ပြီး တစ်ကောင် ထည့်သည် ။ ရွှံ့ရည် အနည်းငယ် ရောသွားသ ည်။ ဖန်ပုလင်း အတွင်း ဖားလောင်းကလေးများ ကူး နေသည် ကို ကြည့်ပြီး အလွန် ပျော်ရသည် ။ ဖားတစ်ပိုင်း ၊ ငါးတစ်ပိုင်း ကလေးများ အတော်အသင့် ရလျှင် အိမ် ပြန်ကြသည် ။ ပြတင်းပေါက် ပေါင်ပေါ် မှာ ဖန်ပုလင်း ကို တင်ပြီး နေ့စဉ် ဖားလောင်းကလေး များကို အရိပ် တကြည့် ကြည့် ရှိကြသည် ။
တစ်ခါတစ်ရံ ကလေးပီပီ အတတ် ဆန်း တတ်ကြသည် ။ ကျောင်းဆောင်များ ၌ နှစ်လည် ထမင်းစားပွဲများ လုပ်လေ့ ရှိသည် ။ ပွဲ ပြီးလျှင် အခမ်းအနား အလှဆင် ရောင်စုံစက္ကူ ဖဲကြိုးလိပ်ကလေးများ ကို ကျောင်းသားကြီး များ က က လေးတွေ ဆော့ ဖို့ ပေးလေ့ ရှိသည် ။ ထိုသို့ ရ ထားသည့် ဖဲကြိုးအပြာ ၊ အဝါ တို့ ကို ရေထဲ စိမ် ရလာသည့် ရေပြာ ၊ ရေဝါတို့ ကို ဖားလောင်း ကလေးများ မွေး ထားသည့် ဖန်ပုလင်း ထဲ သို့ လောင်း ထည့်ကြသည် ။ ဖားလောင်းကလေးများ ကို ဆေးရောင်စုံ ရေ ထဲ ကူးစေပြီး ၊ အမြင် တစ်မျိုး ဆန်းအောင် လုပ်ကြသည် ။ အဘ တွေ့ သွား၍ နောက် မလုပ်ရန် အကျိုးအကြောင်း နှင့် ပြောဆို ဆုံးမပြီး ဖားလောင်းကလေးများ ကို ရေအိုင် ထဲ သို့ ပြန် လွှတ် စေသည် ။
ခပ်ငယ်ငယ် အရွယ် က အိမ်နောက် တင်းနစ် ကွင်း ကို ကြက်တောင်ရိုက် ကစားရန် ကွင်း အဖြစ် အဘ ဖန်တီး ပေးသည် ။ ဘက်တန် ကောင်းကောင်း ကိုင်တွယ် ကစား နိုင်လာသည့် အခါ တစ်ဆင့် တက်ပြီး တင်းနစ် ဘက်တန် ဘောလုံးတို့ ဝယ်ပေးသည် ။ အစ်ကိုကြီး က သုံးနှစ်ခန့် ကြီးသည် ။ စောစောစီးစီး ရာလေး စက်ဘီးအနက်ကလေး ရသည် ။ အစ်ကိုကြီး စက်ဘီး စီးသည့် အခါ ကလေး ပီပီ စက်ဘီး ဘေး က ပြေး လိုက် ရသည် က အမောပင်။ အချိန်တန် လာသည့် အခါ ဟန်းဘား စက်ဘီးအနီက လေး တစ်စီး ကို အဘ ဝယ် ပေးသည် ။ ညီအစ်ကို နှစ်ယောက် တပျော်တပါး စက်ဘီး အတူ စီး ကြရသည် ။
သင်္ကြန် ကျ လျှင် ငယ်စဉ်က နို့ဆီခွက် ဖြင့် သာ ရေ ပက် ကြရသည် ။ ရေ ပက်စရာ လူ ဆို၍ လည်း အိမ်နောက် ဝန်ထမ်း တန်းလျား တွင် နေသည့် အဘ ရုံး ဝန်ထမ်း မိသားစုများ နှင့် ကားမောင်းသမား မိသားစု ၊ သတင်းစာ ပို့ လုလ င် ၊ ပေါင်မုန့်နှင့် နွားနို့ ပို့သည့် ဟိန္ဒူအဘိုးကြီး တို့ သာ ရှိသည် ။ ၁၉၅၃ - ခုနှစ် သင်္ကြန် က မောင်နှမသုံးယောက် စလုံး အတွက် မှတ်မှတ်ရရ ဖြ စ်သည် ။ ယေးလ်တက္ကသိုလ် ၌ အဘ ခြောက်လ ကြာမျှ ဘာသာဗေဒပညာ လေ့လာ ဆည်းပူးပြီး မြန်မာနိုင်ငံ သို့ ဒီဇင်ဘာလ တွင် ပြန်လာသည် ။ သားသမီး သုံးယောက် စလုံး အတွက် ရေ ကစားရန် ရောင်စုံ သေနတ် ကလေးများ ဝယ် လာပေးသည် ။ ထိုအချိန် က အထူးအဆန်းသဖွယ် ရှားရှားပါးပါး ရေသေန တ်ကလေးများ နှင့် ရေကစား ကြရသည် ။ မောင်နှမ တစ်စု လုံး ပျော်မဆုံး ၊ မျောက် အုန်းသီး ရ သည့် နှယ် ဖြစ်နေသည့် သားသမီးများ အဖြစ် ကို ကြည့် ပြီး အဘ နှင့် အမေ တို့ က ပြုံးရယ် ၊ ပီတိ ဖြစ်လျက် ရှိကြသည် ။ အသက် ခြောက်နှစ် သာသာ အရွယ် ၊ အမေရိကန် ဂျင်းဘောင်းဘီ ကို ပထမဆုံး ဝတ် ဖူးသော အချိန် လည်း ဖြစ်သည် ။ သူ စိတ်ချရလောက် သော အရွယ် ရောက် မှ အဘ က မောင်နှမ သုံးယောက် ကို ပုဂံလမ်း ထိပ် ရေကစားမဏ္ဍပ် သို့ ရေ ကစား လွှတ်သည် ။ သား နှစ်ယောက် ကို ကြေးပြွတ်ကြီးများ ဝယ် ပေးသည် ။ သမီးထွေး ကို ကြေးပြွတ်ငယ်ငယ် တစ်လက် ဝယ် ပေးသည် ။
အလံပြဘုရားလမ်း ရှိ အင်္ဂလိပ်မက်သဒစ်အထက်တန်းကျောင်း သို့ မူလတန်း က စ၍ တက် ရသည် ။ လူမှုဝန်ထမ်း စိတ် ပြုစုပျိုးထောင် ပေးသည့် ကင်းထောက်အဖွဲ့ ကို ဝင်ရန် အဘ က အားပေးသည် ။ ဝံပုလွေငယ် အဆင့် က စ ဝင်ရသည်။ အသက် ( ၁၁ ) နှစ် ပြည့်ပြီးသည့် အစ်ကိုကြီး ကင်းထောက် ဖြစ်သည် ။ ကြီး သည် သေးသည် အဓိက မကျ ၊ ကောင်းမှု တစ်ခု ခု ကို နေ့စဉ် လုပ် ဖြစ်အောင် ကြိုးစား ကြရသည် ။ ရေချမ်းစင် ရေဖြည့်ခြင်း ၊ လမ်းသွား ရင်း လမ်း၌ တွေ့သော အမှိုက် ကောက်ခြင်း ၊ သက်ကြီးရွယ်အိုများ အား လိုအပ်သည့် အကူအညီ ပေးခြင်း စသည့် လူမှုဝန်ထမ်း အလုပ် များစွာ ထဲမှ တစ်ခု ခု ကို ကြုံကြိုက်သလို လုပ်နိုင်သည် ။ ကင်းထောက်များ ညအိပ်စခန်း ထွက် ရသည့် အခါ ရှိသည် ။ အိမ် ဝဲဘက် မရန်းပင်နှင့် မန်ကျည်းပင်ကြီး အကြား မြေကွက်လပ် တွင် ယာယီ တဲ ထိုး ၊ တာရပတ် ခင်း၍ အိပ် ကြရသည် ။ ထင်းမီး နှင့် ညစာ ချက်ပြုတ် စားသောက်ကြ သည် ။
ကျောင်း ပိတ်ရက် များ တွင် ကျောင်း ၌ ဗန်တိုသင်တန်း တစ်ပတ် လျှင် တစ်ရက် ရှိသည်။ စာကျက် မထိခိုက် က အဘ က ခွင့် ပြု သောကြောင့် ဗန်တိုသင်တန်း လည်း တက် ဖြစ်လိုက်သည် ။ အစ်ကိုကြီး က ကိုယ်ကာယဖွံ့ဖြိုး ကျန်းမာရေး ကို စိတ်ဝင်စားသည် ။ အဘ က သူ့ မိတ်ဆွေ ကာယဗလ ဦးထွန်းရှိန် ကို အကူအညီ တောင်း သည် ။ အဘ အပေါ် ခင်မင်မှုကြောင့် အလေးမ နည်းပညာ ကို အိမ်တိုင် ရာရောက် လာ သင် ပေး ရှာသည် ။ ကိုကြီး နှင့် အတူ သင်တန်း တက် လိုက်သေးသည် ။ ဖြစ်ဖြစ်မြောက်မြောက် ကား မရှိခဲ့ပါ။ အဘ ကိုယ်တိုင် စီစဉ် ပေးသော ကြောင့် အနုပညာကျောင်း က စန္ဒရားဦးဌေးအောင် ၏ အိမ် တွင် ဖွင့်လှစ်သော သီချင်းကြီး စန္ဒရား အတီး သင်တန်း တက်ဖြစ် သည် ။ နောက်ပိုင်း ကျောင်းစာများ လာ၍ သင်တန်း ရပ်လိုက်ရသည် ။ သီချင်း ပုဒ်ရေ အ တော်များများ တက် လိုက်ရသည် ။
ကျေးငှက်သတ္တဝါ တို့ ကို အဘ ချစ်ခင်တွယ်တာ စိတ် ရှိသည် ။ အိမ်မွေး သတ္တဝါ အတော်စုံစုံ အဘ မွေးခဲ့သည် ။ ကြွက်ဖြူ ၊ ယုန် ၊ ရွှေငါး ၊ ငွေ ငါး ၊ ကြက်တူရွေး ၊ ငန်း ၊ ခို ၊ ကြက် စသည် တို့ ကို အဘ တယုတယ အိမ် တွင် မွေးခဲ့သည် ကို အမှတ် ရသည် ။ အဘ ခုတင်ပေါ် တက် ၊ အဘ နား မှာ အိပ်သည့် ကြောင်ကြီး တစ်ကောင် တစ်ချိန် က ရှိခဲ့ဖူးသည် ။ အဘ ရုံး ပြန် ချိန် လမ်းထိပ် ဝ မှာ စောင့်ကြို လေ့ ရှိသည့် ခွေးကြီး တစ်ကောင် လည်း အဘ မွေး ခဲ့ ဖူးသည် ။
၁၉၅၇ ခုနှစ် နောက်ပိုင်း လောက် တွင် မြန် မာ့ယဉ်ကျေးမှု ကိုယ်စားလှယ် အဖွဲ့ နှင့် အတူ တရုတ် ၊ ရုရှား ၊ ပိုလန် ၊ ချက်နိုင်ငံ နှင့် အရှေ့ဂျာ မနီ နိုင်ငံများ သို့ ချစ်ကြည်ရေးခရီး သွား ရသည် ။ ခရီး မှ ပြန် လာသည့် အခါ ချက်နိုင်ငံ က လက်ဆောင် ပေးလိုက်သည့် လေသေနတ် တစ်လက် အဘနှင့် ပါလာသည် ။ နို့ဆီဘူးခွံ ၊ ဗာဒံပင်စည် ပေါ် ပြု လုပ်ထား သည့် အမှတ်အသား တို့ ကို လက်တည့် စမ်း ၊ ပစ် ကစားရန် အဘ က လေသေနတ် ကို သုံးခွင့် ပြုသည် ။ ညီအစ်ကို နှစ်ယောက် ၊ သူ တစ်လှည့် ကိုယ်တစ်လှည့် လက်တည့် စမ်း ကြသည် ။ ပါ လာသည့် ကျည်ကလေးများ ရက်ပိုင်း အတွင်း ထက်ဝက်ကျော် ကုန်သည် ။ တစ်ရက် မှာ ခွင့်ပြု ချက် ကိုဖောက်ပြီး ညီအစ်ကို နှစ်ယောက် ပုတ်သင်ညို တစ်ကောင် ကို လက်တည့် စမ်းကြသည် ။ ပြီးတော့ ပုတ်သင်ညို အသေ အကောင်ကလေး ကို ဗာဒံပင် အောက် မှာ အမှတ်အသား ပြု ကာ မြေမြှုပ်ကြသည် ။ သည် အဖြစ် ကို အဘ သိ သွားသည် ။ ထိုနေ့ က ညီအစ်ကို နှစ်ယောက် စလုံး အိမ် ပေါ် က အိမ်အောက် မဆင်းကြရ။ ထမင်း တစ်နပ် လွတ် ကြသည် ။ ပထမဆုံး နှင့် နောက်ဆုံး အကြိမ် သူ တစ်ပါး အသက် မသတ် ရန် မှတ်မှတ်ရရ သင်ခန်းစာ ပေးခံကြရခြင်း ဖြစ်သည် ။
မိသားစု စုံစုံညီညီ ထမင်း လက်ဆုံ စားရသည် မှာ ညစာ ထမင်းဝိုင်း ဖြစ်သည် ။ ထမင်း စား ခိုက် စကား ကျယ်ကျယ် မပြောရန် ၊ လက်ပေ နှင့် ဟင်းခပ်ဇွန်း ကို မကိုင်ရန် ၊ ထမင်းဝါး ၊ ဟင်းချို သောက်သည့် အခါများ ၌ အသံ မမြည် အောင် သတိ ထားဖို့ အရေး တို့ ကို အဘ သင် ပေးသည် ။ ညနေ ထမင်း စားပြီး သည့် အခါ အ စာကြေ ၊ အညောင်းအညာ ပြေရန် ခြံထဲ ဆင်း လမ်းလျှောက်တတ် ကြသည် ။ မိုးတိမ်ကင်းစင် သော ညများ တွင် ကောင်းကင်ကြီး ၌ မြင် ရ သော ကြယ်များ အကြောင်း အဘပြော ပြ တတ် သည် ။ ကြယ်အစုအဝေးများ နှင့် ခေါ်ဆိုသည့် အမည်များ ဆယ့်နှစ်လရာသီ ကြယ်များ အကြောင်း တို့ ကို ပြောပြသည် ။ ဓူဝံကြယ် ၊ ခုနစ်စဉ်ကြယ် ၊ မောင်ရင်ဆိုင်းထမ်းကြယ် စ သည် တို့ နှင့် ငယ်စဉ် က ပင် ရင်းနှီး ခဲ့ရပါသည် ။
လမ်း ခဏ လျှောက်ပြီး အိမ်ပေါ် တက် စာကျက်ကြရသည် ။ အိပ်ရာ မဝင်မီ ညစဉ် မပျက်မကွက် ဘုရား ကန်တော့ ကြရသည် ။ အဘ ရော ၊ အမေပါ ဘုရား ရှိခိုးများ သင် ပေးကြသည် ၊ အဘ ဆယ်နှစ်သား အရွယ်ခန့် က အဘ ကို ကွမ်းခြံကုန်းမြို့ကလေး တွင် လယ်တီဆရာတော် ဘုရားကြီး ၏ ကျေးဇူးတော် ကြောင့် ပရမတ္တသံခိပ်အသင်းများ ပေါ်ပေါက်ခဲ့သည် ။ အမေကြီး မမိ ( အဘ ၏ မိခင်ကြီးဒေါ်မိ ) ၊ အမေနု ( အဘ ၏ အစ်မကြီး ဒေါ်တင်နု ) တို့ ၏ အမျိုးသမီး ပရမတ္ထသံခိပ်ရွတ်သံ တရားသံ တို့ က လွှမ်းသော ကာလ ဖြစ်သည် ။
သား ဖြစ်သူ ကို အမေကြီး မမိ က လယ်တီဆရာတော်ဘုရားကြီး ၏ ခုနစ်နေ့ ဘုရားရှိခိုး ကို ည ရောက်လျှင် ပြန် သင်ပေးသည် ။ ပါဠိပါဌ်သား ကို တတ်နိုင်သမျှ ရှောင် တတ်သော ဆရာတော်ဘုရားကြီး ၏ ဘုရားရှိခိုး က ဆို ၍ အလွန် ကောင်း သလို မှတ် ရလည်း လွယ်သည် ။ အဘ က သူ ကိုယ်တိုင် အလွန် ကြိုက်ခဲ့သော ထို ဘုရားရှိခိုး ကို သားသမီးများ အား ပြန် သင် ပေးသည်။ ခုနစ်နေ့ ဘုရားရှိခိုး ၏ ကျေးဇူးဂုဏ် က ကြီးသည် ။ ဘုရား ရှင်တော်မြ တ် ပဋိသန္ဓေ ယူ သည့် လ နှင့် ရက်ဖွားတော်မူ ၊ ဘုရား ဖြစ်တော်မူ ၊ ဓမ္မစကြာတရားတော် ဟောကြားတော်မူ ၊ ပရိနိဗ္ဗာန်ပြုတော်မူ သော ရက် ၊ လ တို့ ကို အလွယ်တကူ အမှတ် ရစေသည် ။ နေ့ရက်များ အလိုက် အစွဲ ပြု သတ်မှတ် သော နဂါး ၊ ဂဠုန် ၊ ကြွက် ၊ ဆင် စသည့် သင်္ကေတ များ ကို လည်း အမှတ်ရ လွယ်စေခဲ့သည် ။
အိပ်ရာ ဝင် ချိန် ၊ အခါအခွင့်သင့် သည့် အခါများ ၌ ပုံတိုပါဌ်စ များ ကို အဘ က ပြောပြ တတ် ရှာသေးသည် ။ ပုံပြင် အစအဆုံး မမှတ်မိ သော်လည်း ပုံပြင် တချို့ ကို ဟို တစ်စ ၊ သည် တစ်စ ယနေ့ တိုင် မှတ်မိနေသည် ။ ကော်ဇောပျံ ၊ စင်ဒရဲလား ၊ ခင်နှင်းဖြူ ၊ နှမမုန့်ရောင်း မောင်မုန့်ထောင်း ၊ မတစ် - မနှစ် ၊ ညီနောင်ငါးဦး ၊ ပုစဉ်းတောင်အင်္ကျီ ၊ ညောင်ညောင် ညက်ညက် တွန် စဂျက် တို့ ကို အဘ ပြော ပြခဲ့ဘူးသည် ကို အမှတ်ရသည် ။ အဘ ပုံပြင်ပေါင်းချုပ် စာအုပ် အတွက် စာမူများ စုသည့် အခါ တွင် မှ အဘ ပြောပြခဲ့သော ပုံပြင်များမှာ အဘ ကိုယ်တိုင် ရေးခဲ့သော ဘာသာ ပြန် ခဲ့သော ပုံပြင် အများ စု ဖြစ်ကြောင်း သတိ ပြုမိတော့သည် ။
ပုံ ပြော ပြရသည့် အရွယ် လွန်လာသည့် အခါ ဖတ်စရာ ရုပ်ပြ ၊ ကာတွန်း နှင့် ပုံပြင်စာအုပ်များ အဘ ဝယ် ပေးသည် ။ တစ်ပ တ် တစ်ကြိမ် ၊ ဘာသာပြန်စာပေအသင်း ၊ စာပေဗိမာန် အစည်းအဝေး သွားရသည် ။ အစည်းအဝေး အပြီး အစည်းအဝေး ကြို ဖို့ ဗောက်ဆော ကားကြီး နှင့် အဘ ပြန် လာသည် ကို မောင်နှမ သုံးယောက် မျှော် ကြရသည် ။ ကား တံခါး ဖွင့် ။ အဘ ကား ပေါ် မှ ဆင်း လာသည့် အခါ မပျက်မကွက် ပါ လေ့ ရှိသော ဖတ်စရာ ရုပ်ပုံ စာအုပ်များ ကို သူ့ ထက် ငါ အပြေးအလွှား ယူကြသည် ။ မြို့ ထဲ ဆူးလေဘုရားလမ်း ရှိ Smart and Mooker dum စာအုပ်ဆိုင်ကြီး ကို အစည်းအဝေး ကားကြုံ နှင့် အဘ တစ်ပတ် တစ်ကြိမ် သာ သွား နိုင်သည် ။
အဘ ဝယ် လာ ပေးလေ့ ရှိသော ဖတ်စရာ စာအုပ်များ က မျိုးစုံ ရှိသည် ။ Robinson Crusoe , Lord Jim စသည် တို့ ကဲ့သို့ Junior Classic များ ပါသည် ။ Rip Kirby , Spy 13 , Buck Jones , Kit Carson , Battler Brittom , Dogfight Dixon တို့ ကဲ့သို့ စုံထောက်ပုံပြင် ၊ Cowboy ပုံပြင် ၊ စစ်အတွင်း ဇာတ် လမ်းပုံပြင် များ ၊ သမီးထွေး အတွက် School Girl ရုပ်ပြဇာတ်လမ်းစုံ စာအုပ် များ လည်း ပါ သေးသည် ။ Junior Classic စာအုပ်တွေ က အရွယ်ကြီးပြီး ၊ ရုပ်ပုံတွေ က ဆေး ရောင်စုံ နှင့် ဖြစ်သည် ။ အလျားရှည် ၊ အရွယ်သေးသေး Lady Bird Series ရုပ်ပြစာအုပ်ကလေး များ ကို လည်း မကြာမကြာ အဘ ဝယ် ပေး သည် ။ အင်္ဂလိပ်ဘာသာ နှင့် ရုပ်ပြစာအုပ်တွေ ကို အပတ်စဉ် တဝကြီး ဖတ် ရသည် ။ ကလေး ဂျာနယ် က တော့ တစ်လ မှ တစ်ကြိမ် သာ ဖတ် ရ သည် ။ စာ နှင့် အရုပ် မျှ ၍ ပါသော စာအုပ် ဖြစ်သည် ။ မော်ဒန် နှင့် မောင်ကမ္ဘာ ရုပ်ပြ သက်သက် ကာတွန်းစာအုပ် နှစ်မျိုး ဖတ် ရသည် ကို လည်း မှတ်မိသည် ။
အဘ ရုံးအားရက်တွေ ကို ငယ်စဉ် က မောင်နှမ သုံးယောက် မျှော် တတ်ကြသည် ။ အကြော င်း ကား ညနေ နေ စောင်း ချိန် မိသားစု ကို အင်းယားကန် သို့ ရေကူး ၊ လှေလှော် ၊ လမ်းလျှောက် ခေါ် သွား တတ်၍ ဖြစ်သည် ။ ပုဂံလမ်း အိမ် ခြံစည်းရိုး နောက်ပေါက် မှ ထွက် ၊ တက္ကသိုလ်ဆရာများ အသင်း တစ်ထပ် တိုက်ပုကလေး ဘေး လမ်း ၊ သစ်တို ၊ သရက်ပင်ကြီးများ အောက် မှ နှစ်မိနစ် ခန့် လျှောက် လိုက်လျှင် ဂျဒ်ဆင်ဘုရား ရှိခိုးကျောင်း ထိပ် က စ ကာ တက္ကသိုလ် ဗဟိုစာကြည့်တိုက် ဘေး ၊ အင်းဝ ဆောင် ရှေ့အ တိုင်း အင်းယားလမ်း သို့ ပေါက်သည့် ကတ္တရာလမ်း ကို ရောက် သည် ။ လမ်း ကို ဖြတ်ကျော် လို က်သည် နှင့် အင်းယားဆောင် ကျောဘက် ၊ ခြံစည်းရိုးတန်း ဘေး အတိုင်း သွား သည့် လူသွား လမ်းကလေး ရှိသည် ။ အဆိုပါ လမ်းကလေး ကို နေပြောက် မထိုး ၊ ဆင်နင်းသရက် ၊ သစ်တို ၊ မရန်း ၊ ကညင် ၊ ရွေးပင်ကြီး တို့ က အပေါ် မှ မိုး ထားသည် ။
ရွေးပင်ကြီး အောက် ရောက် လျှင် ရွေးစေ့နီနီ ကလေးများ ကို ကောက် လက်ဖဝါး ပေါ် တင်ပြီး မြန်မာ့ အချိန်အတွယ် တွင် ရွေးစေ့ကလေးများ ၏ အသုံး ဝင် ပုံ ကို ရှင်း ပြသည် ။ လမ်းဘေးချုံနွယ် တို့ တွင် တွယ်ကပ် ၍ လည်းကောင်း ၊ လေ ထဲ လွင့်မျောလျက် လည်းကောင်း ၊ ငွေရောင် အ မွေးဖွားဖွား နှင့် လဲစေ့ကလေးများ တွေ့ ရ တတ်သည် ။ အင်းယားဆောင် နောက်ဘက် ရှိ လဲပင် များ မှ လေ ဆောင်ရာ ပါ လာကြသော လဲစေ့ငယ်များ ဖြစ်သည် ။ တစ်ဖန် လမ်း တွင် ဟို တစ်ခု ၊ သည် တစ်ခု ပြန့်ကျဲ ကျနေသော ကညင်သီး များ ကိုလည်း တွေ့ ရသေးသည် ။
ကညင်သီးများ ၌ သဘာဝ အလျောက် ပန်ကာ သဖွယ် ဒလက်ကလေးများ ပါသည် ။ မိုးထိုး မြင့်တက် နေသည့် ကညင်ပင်ကြီး မှ ကညင်သီးများ ကြွေ အကျ ၊ လေဝယ် ရဟတ်ယာဉ် ကဲ့ သို့ ပျံသန်းလွင့်မျော နေသည် ကို မြေပေါ် မကျရောက် ခင် ၊ လက်ဝယ် အမိရ လိုက် ဖမ်းရသည် က ပျော်စရာ အလွန် ကောင်း သည် ။ လဲစေ့ ၊ ကညင်သီး တို့ ကို ဥပမာ ပေးပြီး သစ်ပင်မျိုးစေ့များ လေ ဆောင်ရာ အရပ် သို့ ပျံ့နှံ့ ကျရောက်ပြီး အပင် ပွားနည်း တစ်မျိုး ကို အဘ က ပြော ပြသည် ။
ဘွဲ့နှင်းသဘင်ခန်းမကြီး နောက် အင်းယား လမ်း အတိုင်း သွားသည့် တက္ကသိုလ်ဝင်း ၊ ခြံစည်းရိုးကြီး တစ်နေ ရာ ဝယ် ၊ လူ ဝင်ပေါက် တစ်ပေါက် ရှိသည် ။ ထို ဝင်ပေါက်ကလေး သို့ မြေ လမ်းကလေး က ဦးတိုက် သည် ။ စည်းရိုးပေါက် က ထွက် ၊ ကတ္တရာလမ်းမ ကိုကျော် ၊ ယာဘ က် သို့ လမ်းဆက် လျှောက် လျှင် ခဏ အကြာ ၊ တက္ကသိုလ် လှေလှော်ရွက်တိုက် အသင်း တည် ရာ သို့ လျှောဆင်း သွား သည့် မြေနီလမ်း ရှိရာ ဝင်းပေါက် ကြီး သို့ ရောက်သည် ။ မောင်နှမ သုံး ယောက် ၊ ကုန်းလျှောလမ်းကလေး အတိုင်း ရေချိုးဆိပ် ၊ လှေဆိပ် ရှိရာ ဘက် သို့ ပြေးဆင်းလေ့ ရှိကြသည် ။ ကမ်း နှင့် မနီးမဝေး ၌ အဝတ်အစား နှင့် ပစ္စည်းများ အပ်နှံနိုင်သော တစ်ထပ် တိုက်ငယ် တစ်လုံး ရှိသည် ။ ရေ မကူးတတ်သူများ ၊ ကလေးများ အတွက် လေအပြည့် ထိုး ထားသော ကားကျွတ် ၊ ဗောကြီးများ ကို လည်း ငှားနိုင်သည် ။
ကျွတ်ဗောကြီးများ ကိုယ်စီ ကိုင်ပြီး ရေထဲ ပြေး ဆင်း ကြရသည့် ရက်တွေ က ပျော်စရာ ကောင်းသည် ။ လက် နှစ်ဖက် က ကျွတ်ဗော ကို ကိုင် ၊ ခြေဆန့် ပြီး ခြေ ခတ်နည်း ကို အဘ သင် ပေးသည် ။ ပြီးတော့ ရေထဲ လက်ဆွဲ ၊ ကူးခပ် ပုံ ကို သင် ပေးသည်။
ပျော်စရာ အကောင်းဆုံး မှာ ကျွတ်ဗောကြီး ပေါ် ပက်လက် လှန် အိပ် ၊ အဘ က ကျွတ်ဗော ကို ရေ ထဲ လှည့်ပတ် ဆွဲ ပေးသည့် အချိန် ဖြစ်သည် ။ စည်းစိမ် အလွန် ရှိသော အချိန် ဖြစ်သည် ။ ရေ ထဲ ကူးခပ် ဆော့ကစား ပြီး ကမ်းပေါ် တက် ၊ အဝတ် အစား လဲ ကာ မောမောပန်းပန်း နှင့် လှေဆိပ် အနီး ရှိ ဒေါ်ရှမ်း ဘူးသီးကြော်ဆိုင် ထိုင် ရသည့် အရသာ က ထူး လှသည် ။ ဘူးသီးကြော် နှင့် တို့ စား ရသည့် ငရုတ်ချဉ်ရည် က လည်း စပ်စပ် နှင့် အလွန် ကောင်းသည် ။ ဘူးသီးကြော် စား ၊ ရေ နွေးကြမ်း သောက် နှင့် ဗိုက် ဝ အားရကြသည့် အခါ မျက်နှာသုတ်ပဝါ ပခုံး ပေါ် ကိုယ်စီ တင် ပြီး နေဝင်ချိန် အိမ် အပြန်လမ်း ကို ခပ်သွက်သွက် လှမ်း ကြသည် ။
လှေစီး ထွက်ကြသည့် နေ့များ တွင် အဘ က ဦးဆောင် လှော်သူ ၊ တက် ကိုင် သူ ဖြစ်သည် ။ ကျန် လူများ က အဖြည့်ခံ သဘော ၊ မတတ် တတတ် ၊ အား မပါ တပါ နှင့် ဝိုင်း လှော် ကြသည် ။ လှေ ဘေး ဝဲ ယာ ၊ ရေ ထဲ ၌ ငါးဖောင်ရိုး အရွယ်စုံ နှင့် ငါးသေးသေးကလေး များ ကို သာ အတွေ့ များ သည် ။ ရံဖန်ရံခါ နေရောင် နှင့် ဖွေးခနဲ ၊ လက်ခနဲ ရေထဲ မြင်ရ သည် မှာ ငါးပဲဖြူကလေးများ ဖြစ်ကြောင်း အဘ က ပြော ပြသည် ။ လူ နှင့် ဝေး ရာ ကန်ရိုး အချို့ နေရာများ ၊ မှော်ပင် ၊ ဗေဒါပင်များ အကြား ၊ ငါးကျည်းငါးကလေး များ ကို တစ်ခါတစ်ရံ တွေ့ ရတတ်သည် ။ နှစ်ဆန်း တစ်ရက် ငါး လွှတ်ချိန် ရောက် လျှင် ကား လှေဆိပ် ၊ ရေချိုးဆိပ် အနီး တစ်ဝိုက် ၌ ပါ ငါးကျည်းငါးကလေးများ ကို ပေါပေါများများ တွေ့ ရ လေ့ ရှိသည် ။
အင်းယားကန် တစ်ဝိုက် တွင် ပုဂံလမ်း ခြံဝင်း အတွင်း တွေ့ရ မြင်ရ လေ့ မရှိသော ငှက်များ ကို မကြာမကြာ တွေ့ ရသည် ။ ထိုအခါ အဘ က အစဉ် ပင် ထိုငှက် အမျိုးအမည် ၊ ဓလေ့စရိုက် တို့ ကို ခွဲခြား ပြောပြသည် ။ ကန်ရိုး နှင့် မနီးမဝေး ကန်ရေပြင် ပေါ် ဝယ် ငုပ်ချီပေါ်ချီ ငါး ရှာနေသည့် တင်ကြီးငှက် မည်းမည်းများ ကို တွေ့ရသည် ။
ကန်ပေါင် ၊ ကန်ရေစပ် ၌ ငါး ရှာနေသော ဗျိုင်းများ ကို လည်း နေရာ အနှံ့ တွေ့ရသည် ။ ကန်ရေပြင် အထက် ပျံသန်း ကျက်စား နေသည့် ပိုးမွှားကောင် ၊ ပုစဉ်း စသည် တို့ ကို ထိုးဆင်း သုတ်ယူ ဖမ်းစား လေ့ ရှိသည့် ငှက်တော် ၊ ငှက်ပုစဉ်းထိုး တို့ ကို လည်း တွေ့နိုင်သည် ။ တကွက် ကွက် နှင့် အော် နေသည့် ပါးဖြူဖြူ နှင့် ရေကြက်မကလေးများ ကို လည်း ကန်စပ် မှော်ပင် ၊ ဒိုက်ပ င် ၊ ဗေဒါပင်များ အကြား ဟိုသွား ၊ ဒီသွား တွေ့ရ တတ် သည် ။ သစ်ပင် အမြင့် မှ ရေထဲသို့ တစ်ဟုန်ထိုး ထိုး ဆင်းကာ ၊ ဖမ်းမိသော ငါး ကို သုတ်ချီပျံတက် သွားသည့် နှုတ်သီးနီနီ ၊ ကိုယ်ပြာပြာ နှင့် ပိန်ညင်းငှက် ကို လည်း ကံ ကောင်း သည့် အခါ တွေ့ ရသည် ။ အပင်ကြီး တစ်ပင် မှ တစ်ပင် သို့ နိမ့်ချီ မြင့်ချီ ပျံရင်း ကူးသန်း နေသည့် အပြာရောင် ငှက်ခါးများ ကို လည်း ရံဖန်ရံခါ တွေ့ ရသည် ။
နွေရာသီ ကျောင်း ပိတ် ရက်ရှည် ရသည့် အခါ ဘုရား ဖူး ၊ ဗဟု သုတ ရှာ အပျော်ခရီးများ အဘ ၊ အမေ တို့ နှင့် နှစ်စဉ် လို သွားကြရသည် ။ ပုဂံ ဘုရားဖူး ၊ ကလော ၊ တောင်ကြီး ၊ အင်းလေး ၊ ပ င်းတယလိုဏ်ဂူ ၊ ပုပ္ပား ၊ မိတ္ထီလာ ၊ လွိုင်ကော် လောပီတ ရေအားလျှပ်စစ် စီမံကိန်း စသည့် နေရာဒေသများ သို့ ခရီး ထွက် ခဲ့ရ ဖူးသည် ။ ယင်း သို့ မြန်မာနိုင်ငံ အတော်များများ သို့ ခရီး ထွက် ခဲ့ရာတွင် ထားဝယ် မောင်းမကန် ပင်လယ်ကမ်းခြေ သို့ သွားသည့် ရေကြောင်းခရီး ကို အမှတ် အရဆုံး ဖြစ်ပါသည် ။
၁၉၅၅ ခုနှစ် က မြန်မာနိုင်ငံ ၌ နိုင်ငံခြားပိုင် သင်္ဘောလိုင်းများ ရှိ သေးသည် ။ အဓိက သင်္ဘောလိုင်းကြီး နှစ်ခု တို့ မှာ Bibby နှင့် Henderson တို့ ဖြစ် သည် ။ မောင်းမကန်ပင်လယ် ကမ်းခြေခရီး ကို ရန်ကုန်မြို့မှ Bibby Line ပိုင် Matang ပင်လယ်ကူး သင်္ဘောကြီး နှင့် စတင် ကြသည် ။ သင်္ဘော ပေါ် ၌ အိန္ဒိယလူမျိုး စားပွဲထိုးများ လိုက်ပါ လာ ကြပြီး ၊ အနောက်တို င်း အစားအသောက် များ ဖြင့် တည်ခင်း ကျွေး မွေးကြသည် ။ Smoked Kipper ခေါ် ကျပ်တင် အငန် ဓာတ်များများ ငါးတစ်မျိုး စား ရသည် ကို အမှတ်ရသည် ။ သင်္ဘော ထွက် စ က ပါ လာကြသော ဇင်ရော်ငှက်ကလေးများ ကမ်း နှင့် ဝေးလာသည့် အခါ လှည့် ပြန်ကြသည် ။ ပင်လယ် ရေနက်ပိုင်း ရောက်သည့် အခါ ငါးပျံကလေးများ ကို မကြာမကြာ တွေ့ရသည် ။
သင်္ဘောကြီး က လမ်းခုလတ် ၊ မော်လမြိုင် တွင် ခေတ္တ ရပ်နားသည် ။ မော်လမြိုင်မြို့ အုံး သားဖွားခန်း ပိုင်ရှင် ၊ အဘ ၏ မိတ်ဆွေကြီး ဒေါက်တာ ဦးအုံးမောင် က လူကြုံ အဖော် ကောင်း ၍ သူ ၏ သမီး လေးယောက် ကို အပျော်ခရီး ထည့် လိုက်ပါသည် ။ ခရီး စ ထွက်စဉ် က မိသားစု ငါးယောက် အပြင် ဆွေမျိုး ကဲ့သို့ ဖြစ် နေသော မိတ်ဆွေ နှစ်ဦး လည်း လိုက်ပါ ခဲ့ကြသေးသည်။ တစ်ဦး က အဘ နှင့် သမိုင်းကော်မရှင် လုပ်ငန်းများ အတူ တွဲ လုပ်နေကြသည့် ပထဝီ ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည် ဖြစ်သည်။ ကျန် တစ်ဦး က ၁၉၃၆ ခုနှစ် အဘ ဘိလပ်ပညာတော်သင် သွား စဉ် အဘိဓာန်လုပ်ငန်း နှင့် ပတ်သက်၍ အတူ တူ လုပ်ကိုင်ရင်း အလွန် ခင်မင်ရင်းနှီးခဲ့သည့် ဦးခင်မောင်လတ် ၏ နှမ ဒေါ် သန်းသန်းလတ် ဖြစ်သည် ။ ထို့ကြောင့် မော်လမြိုင် မှ ထားဝယ် သို့ ခရီး ဆက်သည့် အခါ အဘ အပါအဝင် အပျော်ခရီး အဖွဲ့ဝင်ပေါင်း ဆယ့်တစ်ဦး အထိ တိုး လာ၍ အတော်ပင် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ရှိကြသည် ။
ထားဝယ်ဆိပ်ကမ်း က ရေစူး တိမ်သည် ။ ပင်လယ်ကူး သင်္ဘောကြီး က ထားဝယ်ဆိပ်ကမ်း ကို မကပ်နိုင်ပါ။ ညမှောင်မှောင် မှာ ခရီးသွား တစ်ဖွဲ့လုံး စက်လှေကြီး တစ်စီး ပေါ် သို့ ပြောင်း ကြရသည် ။ ည အမှောင် ထဲ ပင်လယ်ပြင် မှာ စက်လှေ စီးကြရ၍ ရင် တထိတ်ထိတ် နှင့် ရှိကြသည် ။ ထားဝယ် ဆိပ်ကမ်း သို့ စက်လှေကြီး ကပ် မှ အားလုံး အကြောက် ပြေ ၊ ရယ်နိုင် မောနိုင် ၊ စကား ပြော နိုင် ကြတော့သည် ။ အဘ ၏ စိန်ဂျွန်းကျောင်း နေဖက် သူငယ်ချင်း ဦးကင်ဆိုင် က သူငယ်ချင်း နှင့် အဖွဲ့ ကို ကျွေး မွေး စောင့်ရှောက် ရန် ညီမ သုံးယောက် နှင့် ညီ ကို မောင်းမကန် သို့ ထည့် လိုက်သည် ။ သွားရေးလာရေး အဆင် ပြေ စေရန် ဂျစ်ကား တစ်စီး ကိုလည်း ပေး လိုက် ပြန်ပါသေးသည် ။ မောင်းမကန် ပင်လယ်ကမ်းခြေ ၊ သဲသောင်ပြင်ကြီး က မျက်စိ တစ်ဆုံး ရှည်လျား လှသည် ။ ပင်လယ်ကမ်းခြေ အပန်းဖြေခရီး ခေတ် မစားသေးသော အချိန် ၊ ငွေဆောင် ဝေးစွ ၊ ငပလီ ကို ပင် မကြားဖူးကြသေးသည့် နှစ် ( ၅၀ ) ကျော် အချိန် က ဖြစ်၍ ကမ်းခြေ က လှိုင်း သံ မှ အပ ၊ တိတ်ဆိတ် အေးချမ်းလှသည် ။ ခြေတံရှည် ဗိုလ်တဲကြီး တစ်လုံး မှာ အားလုံး စုပေါင်း နေ ကြသည် ။ ဗိုလ်တဲ ဝန်းကျင် မှာ ခရုကလေးများ ဟို တစ်ခု ၊ သည် တစ်ခု တွေ့ရသည် က ပင် အမြင် ဆန်းနေရသည် ။ ဗိုလ်တဲ နောက် မှာ ပင် လယ်ကဗွီးပင်ကြီး များ ရှိပြီး ၊ ဘေး ကပ်လျက် က ပုန်းညက်ပင်ကြီး တစ်ပင် ရှိသည် ။ ပစ္စည်း အတော် များများ နေရာ ချပြီး မကြာမီ နေလည်း စောင်း တော့သည် ။ မောင်းမကန်ရွာ ရှိ ရာဘက် သို့ ကြက်တူရွေးများ အိပ်တန်း တက် ရန် အုပ် လိုက် ပျံသွားကြသည် ကို တွေ့ရသည် ။ ည အ မှောင် ပျိုးသည် နှင့် ပုန်းညက်ပင်ကြီး ရှိ ရာ မှ ဇီး ကွက် အော်သံ ကို ကြားရသည် ။ ခရီးပန်းပန်း နှင့် လှိုင်း ပုတ်သံများ နားထောင် ရင်း အိပ်ရာ စောစော ဝင် ကြသည် ။
မနက် လင်းအားကြီး ၊ အားသစ်အင်သစ် နှင့် အားလုံး အိပ်ရာ မှ လူးလဲ ထ ကြပြီး ၊ လေ့လာ ရေးစရန် ဟန်ပြင် ကြသည် ။ ရွာ ထဲ က ခရု ကောက် သူ များ မရောက်သေး၍ လား မသိ ၊ သောင်ပြင် တစ်လျှောက် ခရုအရွယ်စုံ နှင့် ဖွေး ဖွေးလှုပ်နေသည် ကို အံ့သြ မယုံနိုင်လောက် အောင် တွေ့ရသည် ။ ခရုအမျိုးတွေ စုံ လှ ၍ ကောင်းစွာ မမှတ်မိပါ။ အဘ မှတ်တမ်းများ အ ရ ကြယ်ငါး ၊ ကပ်ပလား ၊ သံပခြုပ် ၊ ဝင်ကစွပ် ၊ ရှပ်ကောင် ၊ ဂျင်းပု ၊ ခရုအိုးလိမ် ၊ ကြွေပုပ် ၊ ခရုငါးဇင်ရိုင်း ၊ ခရုသင်း စသည် တို့ ကို သဲ သောင် တစ်လျှောက် တွေ့ကြရသည် ။ ကဏန်း ရင်မ ၊ ကဏန်းဘောင်းနီ ၊ ကျောက်ကဏန်းက လေးများ ကို တွေ့ ရ သလို ရေအကျ သဲသောင် ပေါ် တင် ကျန်ခဲ့သည့် ကျောက်ကျောတုံးကြီးများ အလား ငါးဖန်ကွက်များ ကို လမ်း မှာ မကြာမကြာ တွေ့ကြရ သေးသည် ။ တီကောင် နှင့် သဏ္ဌာန် တူ သော် လည်း မောင်းမကန်သား တို့ အမြတ်တနိုး ပုစွန်ခြောက် ကဲ့သို့ စားသုံးသော သဲပလုပ် ကောင် ရှာနေသည့် သူ များ ကို လည်း လမ်း မှာ တွေ့ရသည် ။ ဗိုလ်တဲ နှင့် အတော် လှမ်း သည့် နေရာ တွင် ရေကျ ချိန် ၊ အနီးကပ် သွား နိုင်သည့် ကျောက်ဆောင် တစ်ခု ရှိသည် ။ ဒေသခံတို့ က မြွေတောင် ဟု ခေါ်သည် ။
မြွေတောင် အကြိုအကြား မှာ တွယ် ကပ် နေထိုင်သော မြွေများ ကို တွေ့ရ သည် ။ ဒေသခံတို့ က ရေ ကျချိန် ၊ ကျောက်ဆောင် ၊ ကျောက်စွန်း အပေါ် ၌ ဖယောင်းတိုင် ဆီမီးများ ထွန်း၍ ပူဇော်လေ့ ရှိကြသည် ။ ဆုတောင်းခြင်း အမှု လည်း ပြုကြသည် ဟု သိရသည် သောင်ပြင် ဆုံးအောင် လမ်း လျှောက် ကြသည်။ ဗိုလ်တဲ ပြန် ရောက်သည့် အခါ ခဏ နား အုန်း ရည် သောက်ကြသည် ။ ပေါင်မုန့်ခြောက် အတုံး ကလေးများ ၊ နာနတ်သီး ၊ ပုစွန်တုပ်ကြီး တို့ ဖြင့် ချက် ထားသည့် ဒေသဟင်း တစ်မျိုး အပြင် ၊ ဝက်သားဆီပြန် နှင့် မနက် စာ စား ကြရသည်။
နေ့စဉ် လမ်း လျှောက် လိုက် ၊ ပင်လယ်စာ ဟင်းများ စား လိုက် နှင့် ၃ ၊ ၄ ရက် ခန့် အကြာ အပျော်ခရီး အဆုံးသတ်ပြီး နေရပ်ဌာနေ သို့ ပြန် ခဲ့ကြရ သည် ။
အပျော်ခရီး မှ အိမ် ပြန် ရောက်တိုင်း အောင်စာရင်း ကို မျှော်ကြရသည် ။ ခရီး ထွက် ရာ မှ ရရှိ ခဲ့သည့် အင်သစ် ၊ အားသစ် တို့ ဖြင့် ရှေ့ တစ်နှစ် ကျောင်းစာများ ကို ရင်ဆိုင် ရန် တက်တက်ကြွကြွ ရှိကြသည် ။
မိဘ နှစ်ပါး ၏ မေတ္တာ ရိပ် ကို ခိုလှုံ ကြီးပြင်းခဲ့ ရသော ကလေး ဘဝ ကား အေးချမ်း လှသည် ။ လုံခြုံ လွတ်လပ်မှု ရှိသည် ။ ဘဝ အတွေ့အကြုံ ၊ ပညာ ၊ ဗဟု သုတများ ကို အဘ ထံ က တိုက်ရိုက် သော် လည်းကောင်း ၊ အဘ စီစဉ် ပေးမှု ဖြင့် သော် လည်းကောင်း ရရှိခဲ့ကြသည်။
အရာရာ ပြည့်စုံလှသည် ။ ဘဝ တစ်သက်တာ အ တွက် အဖိုး မဖြတ်နိုင်သော အမွေ တို့ ကို သား သမီး သုံးယောက် ရ ခဲ့ကြသည် ။ အဘ ထံ က သည့် ထက် တန်ဖိုး ရှိသော အမွေမျိုး မျှော်လင့် ၊ တောင့်တ ၊ ခံစားရဖွယ် မရှိတော့ပါ။
◾ဒလဘန်း
ဖခင် ( မင်းသုဝဏ် )
📖 စာပေမျိုးဆက်များ စာပေစုစည်းမှု
#ကိုအောင်နိုင်ဦး
.