စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Thursday, September 17, 2026
ချစ်ကြဦးမလား
အလင်းဖွားသူများ
❝ အလင်းဖွားသူများ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ညည့်အမှောင်ကို စိန်စီထား၏။ ရှု၍ မငြီး၊ ကြည့်၍ မဝ၊ ဖူးမြော်၍ မ ရောင့်ရဲနိုင်အောင် ကျက်သရေ ရှိလှပါပေသည်။ ရီးဆေးရိုး၏ ရင်ထဲတွင် ဖရဏာပီတိ သီတာစမ်း တစ်သွယ် စီးဆင်းသည်။ ကြည်နူးဝေဒနာသည် အာရုံကြောများသို့ ကူးစက်သဖြင့် လက်နှစ်ဖက်ကို ပူးယှက်မိသည်။ လက်ဆယ်ချောင်းမှာ လက်အုပ်ကြာမုံ အဖြစ်ဖြင့် နဖူးထက်သို့ တက်ရောက် စံပယ်သည်။ ရမ်းဘိုကုန်း တစ်ရွာလုံးသည် သည်မှာ စုရုံးကြရော့ထင့်။ ရယ်မောသံများ၊ စကားသံများ၊ ခြေလှမ်း ထဲက အဝတ် ‘တုတ်’ သံများ။ သည်အသံများက ရီးဆေးရိုး၏ အာရုံကို မဖျက်ဆီးနိုင်။ လက်တစ်ညောင်း ဘုရားရှိခိုးပြီးမှ လက်နှစ်ဖက်ကို ပေါင်ပေါ်သို့ ချသည်။ ချသော်ငြား မျက်စိအာရုံမူ စေတီတော်ကြီးမှ မခွာ။ စိန်ဖူးတော်တွင် ထွန်းညှိထားသော မီးလုံးကြီးမှာ အတောက်ထိန်ဆုံး။ ထီးတော်တွင် ရံထားသော မီးရောင်စုံ ခုနစ်လုံးမှာ အလှပဆုံး။ ထီးမှ ဆင်းလာသော ကြိုးသုံးသွယ်တွင် သီးနေသည့် မီးလုံးများကလည်း အခံ့ညားဆုံးများပါတကား။
စေတီတော်ကြီးကို သည်လို အင်ဂျင်မီးနဲ့ အခုလို ပြန်ပြီး ပူဇော်နိုင်အောင် ငါတို့ ရွာသူရွာသားတွေ ဆယ်နှစ်လုံးလုံး ကြိုးစားခဲ့ကြရတာပါကလား။ ပိုလျှံသည့် အထဲမှ လှူဒါန်းခြင်း မဟုတ်။ စားမည့် အထဲမှ တတ်စွမ်းသမျှကို ဖဲ့ရွဲ့ လှူဒါန်းကြသည်။ ရမ်းဘိုကုန်း ရွာ၏ စေတနာအရောင်၊ သဒ္ဓါအလင်းအလှူတော်။ တစိမ့်စိမ့် ကြည့်နေရင်းက ရီးဆေးရိုး၏ မျက်စိအိမ်တွင် ဝမ်းသာမျက်ရည် စိမ့်အိုင်လာသည်။ ထိုအခါ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ခန့်တုန်းက အင်ဂျင်စက်ကြီးသည် မှတ်မိအာရုံထဲမှ ခုန်ထွက်လာသည်။ ခုန်ထွက်လာသော မှတ်မိအာရုံသည် လေပြည်မထိုး၊ ဆိုင်းမဆင့်။ ကရောင်းသံ တညံညံနှင့် ဘီလူးဆိုင်း။
••••• ••••• •••••
“ဂျပန်တပ်တွေ ရောက်လာရင် ပုဆိုးတစ်ထည် တစ်ပဲနဲ့ ရမယ်ဆို၊ တို့ ဝတ်နေတဲ့ ရွှေတွေဟာ အစစ် မဟုတ်လို့ မြစ်ထဲ လွှင့်ပစ်ပြီး ရွှေအစစ်တွေ အလကားပေးမယ် ဆိုကွ”
ကိုဆေးရိုး၏ အဖေ ဦးကျန်ကြီးသည် ဖက်ဆစ်တွေကို မပြောရဲတိုင်း ကိုဆေးရိုး ကိုချည်း မဲတော့သည်။
“ခွေးဝမ်းသာအောင် လေလည်တာကို ကျုပ် ဖောက်သည်ချမိတာပေါ့ဗျာ” လည်း သူများ ပြောနဲ့ ကိုဆေးရိုးမှာ လေပျော့ကလေးဖြင့် ဖအေကို ထိန်းနေရငြား ရင်ထဲမှာမချည့်။
“ပုဆိုးတစ်ထည် တစ်ပဲနဲ့ ရောင်းနိုင်ဖို့ထင်ထား၊ သူတို့တောင် ကိုယ်ချည်းတုံး (ကိုယ်တုံးလုံး) ရေချိုးရတယ် မဟုတ်လားဟင်”
သည်အခါတွင်ကား မယ်ကြွယ်စိုး မနေသာတော့။
“ကိုကျန်… ကြမ်းကြား လေကြား ကြားသွားရင် အားလုံး ဒုက္ခ ရောက်ကုန်လိမ့်မယ်နော့။ ဒေါသကို သိမ်းပါတော်၊ ကိုယ်တစ်ယောက်တည်း ဖြစ်တာမှ မဟုတ်တာ”
မီးဖိုထဲ၌ အဖျားတက်နေရာက ထလာရင်း ပြောသော်ငြား ဦးကျန်ကြီး မဆင်ခြင်။
“လှည်း၊ နွားသိမ်းတာ ထားပါတော့၊ လူပိုင်တာမို့။ အခုတော့ ဘုရားပိုင် အင်ဂျင်စက်၊ ဘုရားမီးပူ ဇော်နိုင်ဖို့ ငါတို့တစ်တွေ ခြစ်ခြစ်ခြုတ်ခြုတ် စုဝယ် လှူဒါန်းထားတဲ့ မီးထွန်းစက်”
ပြောပြောဆိုဆို ကြမ်းကို လက်ဝါးဖြင့် တအား ပုတ်ရင်း “ဘုရားပစ္စည်းပါ မရှောင် သိမ်းမယ်ဆိုတော့ လူမှ ဟုတ်ကြသေးရဲ့လား” သံကုန် အော်ဟစ်မိလေ၏။ ဖက်ဆစ်တပ်များသည် ရေနံချောင်းနှင့် ချောက်၊ လမ်းရွာရေနံကို အားအကိုးကြီး ကိုးကြ၏။ ရန်သူများ ဖျက်ပစ်ခဲ့သည့် ရေနံတွင်းတွေကို အလျင်အမြန် ပြန်လည်ပြုပြင်သည်။ အနည်းငယ်သာ မျှော်လင့်ချက် ရှိငြား စုပ်ယူရန် စက်မရှိ။ သို့အတွက် တစ်နိုင်ငံလုံးရှိ ဘုရားပုထိုးများမှ ဒိုင်နမိုလှည့်စက်များကို သိမ်းယူရန် ကြံစည်ခြင်းဖြစ်ပေသည်။ သို့အတွက် မည်သည့် ရက်တွင် မည်သည့် နေရာသို့ လာရောက် ပို့ဆက်ကြရမည် အမိန့်ထုတ်လေတော့သည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်မျိုးလုံး၏ ရင်ခေါင်းထဲသို့ ယမ်းဘီးလူးတွေ ထည့်ကာ ဖောက်ခွဲလိုက်သော အမိန့်ဖြစ်သည်။ ဦးကျန်ကြီး သာမက ရမ်းဘိုကုန်းတစ်ရွာလုံး ငိုကြွေးကြရသည်။ ဖက်ဆစ်မိစ္ဆာတွေ ခွေးသေ သေပါစေ ဆုတောင်းကြသည်။ ဓားလှံကို ကောက်ကိုင်သူ ကိုင်၊ ထောင်းလ မောင်းထအောင် ဆဲသူဆဲ။
“အခွင့်မသာသေးရင် ငြိမ်နေမယ်။ အခွင့်သာလို့ကတော့ကွာ မိစ္ဆာဒိဋ္ဌိတွေကို ရရာ လက်နက်နဲ့ လက်စားချေမယ်ဟေ့”
သည်အချိန်သည် မယ်ကြွယ်စိုး အဖျားကျပြီး ဦးကျန်ကြီး အဖျားတက်ချိန်ဖြစ်၏။ ယခု ငှက်ဖျားသည် ဦးကျန်ကြီး၏ ဒေါသကို ကြောက်သဖြင့် ပြေးလေရော့ထင်။ အဖျားတက်မည့် ချမ်းစိမ့်စိမ့်အစား ဒေါသချွေးတွေ သီးနေချေ၏။ ကိုဆေးရိုးမှာ ဖအေကို ကြည့်လျက် မျက်ရည်လည်၏။ အိမ်ရှေ့သို့ မယောင်မလည် လာရပ်သည့် ကိုပိတ်စအား လှမ်းကြည့်၏။
“ငါ… ငါ၊ မလိုက်.. မလိုက်ချင်ဘူး၊ သူငယ်ချင်း ... သူငယ်ချင်းရာ”
ကိုပိတ်စ မျက်လုံးပြူးလျက် နောက်ဆုတ်သွားရာက “ဟ... ဆယ်အိမ်ခေါင်းနဲ့ တစ်ရွာလုံးက မင်းနဲ့ ငါတို့ကို တာဝန်ပေးထားတဲ့ဥစ္စာ” ဟုဆိုသည်။ ဆို အပြီးတွင် ကိုဆေးရိုးမျက်နှာကို ငေးကြည့်သည်။ ထို့နောက် ထိုင်ချလိုက်ကာ ကလေးငယ်တစ်ယောက်အလား အော်ဟစ်ငိုကြွေးတော့သည်။ ကိုပိတ်စ၊ ကို ဆေးရိုးတို့နှင့် အတူ လိုက်ရမည့် နောက်တစ်ယောက်မှာ ကိုသာဒွန်းဖြစ်သည်။ သူလည်း မသာအိမ်မှ လာသော မျက်ရည်လည်ရွဲမျက်လုံးဖြင့် လမ်းမမှ လှမ်းကြည့်နေ၏။ အံကြိတ်လိုက်၊ မျက်ရည်သုတ်လိုက် လုပ်နေသော သူ့အား မယ်ကြွယ်စိုး လှမ်းကြည့်ရာက ကိုဆေးရိုးအား ပြော၏။
“ဟိုမှာ တစ်ယောက်၊ မင်း တို့နဲ့ လိုက်မှာ မဟုတ်လား။ သွားကြတော့၊ ကြာရင် အပြန်မှာ နွားတွေ နေပူလိမ့်မယ်”
ကိုဆေးရိုး မျက်လုံးအနီသားဖြင့် ထရပ်သည်။ ထရံတွင် တင်ထားသည့် ပုဆိုးစုတ်ကို ဆွဲယူပြီး စလွယ်သိုင်းသည်။ ဓားစင်တွင် စိုက်ထားသည့် ဓားမကို ဖြုတ်သည်။ လယ်ပြင်သို့ သွားသည် ဖြစ်စေ၊ လှည်းဖြင့် သွားသည် ဖြစ်စေ ဓားမတိုကို ဆောင်လေ့ရှိသည်မှာ တောသားတို့ ဓလေ့။ သို့သော် မယ်ကြွယ်စိုး တားမြစ်သည်။
“ဓားကို ပြန်ပြီး စိုက်ပစ်ခဲ့ လူလေး”
ကိုဆေးရိုးအတွက် တထူးတဆန်း စကားဖြစ်သည်။ မအေအား ကိုဆေးရိုး တအံ့တသြ ကြည့်သည်။
“ဓားပါရင် လက်လွန်ခြေလွန်တွေ ဖြစ်ကုန်မှာစိုးလို့ပါ သားရယ်၊ ကဲ... သွား သွား”
ကိုဆေးရိုးမှာ နောက်ဆုတ်ကာ လှေကားထိပ်မှ ခမောက်ကိုဆွဲပြီး အိမ်ပေါ်မှ ဆင်းခဲ့ရလေသည်။
လေးထပ်ကျောင်းထဲတွင် ရမ်းဘိုကုန်းရွာသူရွာသား လေးငါးဆယ်ခန့် ရောက်နေကြ၏။ သူတို့သည် စက်ရုံတံခါးဝတွင် ချထားသော အင်ဂျင်ကြီးကို ဝိုင်းအုံ ကြည့်နေကြသည်။ မမြင်ဖူး၍ ကြည့်ခြင်း မဟုတ်။ ကြေကွဲဝမ်းနည်းစွာဖြင့် ခေါင်းသွင်းခါနီး ရုပ်ကလာပ်ကို ကြည့်နည်းဖြင့် ကြည့်နေကြခြင်းဖြစ်သည်။
“ဘုရားပစ္စည်းကို နိုင့်ထက်စီးနင်း ယူတဲ့ ခွေးတွေ အသေဆိုးနဲ့ သေပါစေ။ သွေးစိမ်း၊ သွေးနက်ပွက်ပွက် အန်ပါစေ၊ ကာလနာတိုက်ပါစေ” ကျိန်ဆဲသံများကား ဘုန်းကြီးကျောင်းဝိုင်းနှင့် မလျော်သော အသံများဖြစ်ငြား ဆူညံနေသည်။
သည်ကျိန်စာတိုက်သံများနှင့် အတွဲအဖက်ကား ဆို့နစ်သော ငိုယိုသံများ။ သည်အရာတွေ ကြားရလေလေ ကိုဆေးရိုး အံကြိတ်လေ။ လက်သီးဆုပ်လေလေ။ မျက်ရည်သည် သုတ်ပစ်နေပါလျက်က တွေတွေကျသည်။ ကိုဆေးရိုးတို့သည် မျက်ရည်သုတ်ရင်း ကျောင်းပေါ်တက်သည်။ ဘုရားကို ဝတ်ချပြီးနောက် ဆရာတော် ဦးသာဝကအား ဝတ်ချကြသည်။ ဆရာတော်မှာ ဦးအာစရ နောက်ဆက်ခံသော ကျောင်းထိုင်ဖြစ်၏။
“ဘုန်းကြီးဘုရား… တပည့်တော်တို့”
ဆရာတော်သည် တစ်ချက် ငဲ့စောင်းကြည့်ပြီး လက်ခါပြ၏။ အသံအက်ကြီးဖြင့်လည်း နှင်ထုတ်၏။
“သွားကြ … သွားကြ၊ ငါ့ကို ဘာမှ မလျှောက်နဲ့။ စက်ရုံဝမှာ တွေ့ သမှုတ်လား”
“တင်ပါ့ဘုရား”
“တွေ့ ရင် လုပ်စရာရှိတာလုပ်၊ သွားကြ ... မြန်မြန်သွား”
ဆရာတော်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်သားဖြစ်၏။ ထိုအရပ်တွင် မိုးလည်း ပါး၏။ ရေလည်း ရှား၏။ ထိုဆွံ့ရှားသော အရပ်သို့ သွား၍ အလှူခံ၍ ရသော ငွေကြေးဖြင့် ဆရာတော်သည် ကျောင်းဦး ဘုရားအတွက် မီးစက်ရန်ပုံငွေကို ထူထောင်ခဲ့၏။ သို့အတွက် သူလည်း ဒါယကာ ဒါယိကာမများ နည်းတူ ကြေကွဲဝမ်းနည်းရှာတော်မူပေလိမ့်မည်။ ပန်းနာ ရင်ကျပ် ရှိသောကြောင့် ဆရာတော့် အသံမှာ အက်တက်တက် အစ်တစ်တစ် ရှိငြား မိန့်တော်သံတွင် ဝမ်း နည်းရိ ပ်ပါနေ၏။ နာကျင်စိတ် ပါနေ၏။ သို့သော် ရွာ့အဓိပတိ ကိုယ်တိုင်က ကြေကွဲမှုကို အတိအလင်း ဖော်ပြနေလျှင် ဖက်ဆစ်မိစ္ဆာတို့အား ပုန်ကန်မှုသည် ရွာသိမ်လေး တစ်ရွာတည်းတွင် ကွက်ပြီး ဖြစ်ချေရော့ မည်။
ကိုဆေးရိုးတို့ သုတ်သုတ် ပြန်ဆင်းလာကြသည်။ ဂုန်အိတ် (ဂုန်နီအိတ်) ပေါ် တင်ထားသော စက်ကို အခင်းဖြင့် ပတ်ကာ လျှော်ဖြင့် တုပ်သည်။ ကြိုးဖြင့် ဆိုင်းသည်။ ကိုပိတ်စနှင့် ကိုသာဒွန်းက ထမ်းပိုးဖြင့် ထမ်းရာ ကိုဆေးရိုးက လိုက်လံ ဖေးပေးသည်။ လှည်းကြမ်း ပေါ်သို့ အင်ဂျင် ဒိုင်းခနဲအကျတွင် စတင် ဟစ်လိုက်သံမှာ မမယ်အုံ ဖြစ်ပေသည်။
“အမယ်လေး … ကျုပ်တို့ရွာက အင်ဂျင်စက်ကြီး သွားပါပေါ့လားတော့်”
ရှိုက်ကြီးတငင် ငိုချလိုက်သံ အဆုံးတွင် ကြီးမားကျယ်လောင်သော ငိုသံကြီး ပေါ်လာသည်။ ကျောင်းဝိုင်းတွင်းမှ အန်ထွက်ကာ ရွာ့တောင်ဖျားအထိ ရိုက်ခတ်သည်။ ကိုဆေးရိုးလည်း လှည်းပေါ်မှ ခုန်ဆင်းကာ သီးပင်ကို လက်သီးဖြင့် ထိုး၊ ခေါင်းဖြင့် တိုက် တော့သည်။
“လက်နှစ်ဖက် ရှိပါလျက်နဲ့ ငုံ့ခံနေရတဲ့ ခွေးဘဝ သေဟ... သေဟ”
“ဟေ့ကောင်… ဆေးရိုး”
ကိုသာဒွန်းသည် ထက်ကြပ်ပါလာပြီး ဆွဲသည်။ “ပိတ်စရ လာပါဦးဟ.. ဒုက္ခဖြစ်ကုန်လိမ့်မယ်” ဟူ၍လည်း လှမ်းခေါ်သည်။ ကိုပိတ်စသည် ဘီးစတင် လိမ့်နေဆဲ လှည်းပေါ်မှ ပြေးဆင်းလာ၏။
“စိတ်ကိုလျှော့ သူငယ်ချင်း၊ လျှော့... လျှော့”
ပြောလည်း ပြော၊ လှည်းနောက်သို့လည်း သွက်သွက်လှမ်းကာ ဆွဲခေါ်ခဲ့ကြ၏။
ယောက်ျားရင့်မကြီး ကိုဆေးရိုး၏ အဖြစ်ကို မြင်ရသော မိန်းမများသည် ရင်ကို ထုကာ ငိုကြ၏။ အချို့မူ ရင်ထုရသည်ကို အားမရသဖြင့် ကျောင်းရှေ့ မြေတလင်းတွင် လူးလှိမ့်ငိုကြ၏။ ပွက်ပွက်ညံနေသည့် ကြားမှ တစ်ညီတည်း ထွက်ပေါ်လာသောအသံကား.. “သာသနာဖျက်တွေ အသေဆိုးနဲ့ သေကြပါစေ” ဟူ၍ပေတည်း။
••••• ••••• •••••
ဝမ်းသာကြည်နူးမျက်ရည်သည် ရိုးရိုး လည်၏။ အတိတ်၏ သစ်လွင် နိုးထမှုကြောင့်ဖြစ်သော မျက်ရည်မှာမူ ရင်ဆို့နင့်အောင် ခံစားရ၏။ ရီးဆေးရိုးမှာ ပခုံးတင် ပုဆိုးဖြင့် နှာခေါင်းကို တို့မိ၏။
“ဟေ့.. ဆေးရိုး၊ မင်းနဲ့ သာဒွန်းတို့၊ ပိတ်စတို့ အင်ဂျင်စက် သွားပို့ရတာ သတိရသေးလားဟေ့”
လူလည်း ရောက်၊ မေးခွန်းလည်း ထုတ်သူမှာ ရီးအောင်မြ။ ရီးဆေးရိုး မော့မကြည့်မိငြား ဖြေသော အသံမှာ ငိုသံ။
“ဘယ့်နှယ် သတိမရဘဲ ရှိပါ့မလားကွာ၊ စိန်ဖူးတော်က မီးလုံးကို ကြည့်ရင်း အခုပဲ ရင်ထဲမှာ ဆို့လာတယ်”
ဦးအောင်မြလည်း ရီးဆေးရိုးဘေး သမံတလင်း ပေါ်ဝင်ထိုင်ရာက “ငါလည်း အင်ဂျင်စက် ဖြုတ်ထားခဲ့ပြီး စိတ်မထိန်းနိုင်တာနဲ့ ချောင်းထဲက ယာထဲကို ထွက်သွားတာ။ အင်း ... အင်း … မနေ့တစ်နေ့ကလိုပါပဲကလား”
ကြေကြေကွဲကွဲ ဆိုသည်။
“ဒါထက် သာဒွန်းတစ်ကောင် မမြင်ပါကလား၊ နေမှ ကောင်းရဲ့လား”
“မနက်တုန်းကတောင် အိမ်ရှေ့မှာ လာရပ်သွားသေးတာပဲ”
“တို့ဘုရားကြီး တို့မသေခင် မီးပြန်လင်းတာ ဝမ်းသာသကွာ။ ဒီကောင်ကြီးလည်း ဝမ်းသာမှာပဲ။ အင်း ဘာလိုလိုနဲ့”
ရီးဆေးရိုးသည် အနားသို့ ရောက်လာ ဝိုင်းအုံသော ရီးအောင်မြ၏ မြေးများနှင့် မိမိ၏ မြေးမြစ်များကို ဝေ့ဝဲ ကြည့်လိုက်ရာက “ငါ ဝမ်းနည်းလွန်းလို့ သီးပင်ကို လက်သီးနဲ့ ထိုး၊ ခေါင်းနဲ့ တိုက်တာတောင် လိုက်ဆွဲပြီး ထိန်းတဲ့ ကောင်ကွ” ဆိုပြီး ခါးပိုက်ထောင်ကို နှိုက်၏။ မီးခြစ်ကို စမ်း၍ မတွေ့ ။ သို့တစေ စကားမူ မပြတ်။
“ဒီကောင် ငါတို့လို ဝမ်းမနည်းတတ်ပါကလားလို့ ငါ ကျိတ်တွေးနေတုန်းမှာ လားလား... လက်မှတ် ထုတ်ပေးတဲ့ ဂျပန်ကို မအေ နှမနဲ့ ကော်ကော်ပြီး ဆဲလိုက်တာကွာ၊ ပါးစပ်ကိုလည်း ပိတ်၊ အတင်းလည်း ဆွဲခေါ်လုပ်ရသကွာ”
“ဘ... ဘ ဟိုမှာလေ”
ကျော်သူရက လက်ကုတ်၍ မေးငေါ့ပြသည်။ တောင်ဝှေးသံ တဒေါက်ဒေါက်ဖြင့် ချဉ်းကပ်လာနေသော ရီးသာဒွန်း။
“မင်းတို့ ငါ့အတင်း ပြောနေကြတာ မဟုတ်လား”
“ဒါပေါ့ကွ။ တို့အကျင့်နဲ့ မင်းအကျင့် အတူတူပဲ ဟာကို”
ရီးသာဒွန်းသည် ငယ်ခြေဖော်လျက် မြူးထူးစွာ ချဉ်းကပ်လာ၏။ ရီးအောင်မြကလည်း ဗရွတ်ရွှတ်တ လေသံဖြင့် တုံ့ပြန်၏။ တုံ့ပြန်သော်ငြား ရီးသာဒွန်း မရယ်မော။ မဆဲရေး။ ရီးဆေးရိုးကို အမြင်တွင် အတိတ်ကို သတိရပြီး ဆွေးဟန် ရှိ၏။ ရီဝေစွာ ငေးနေပြီးမှ..
အင်း.. ရှည်ကြီးဆွဲလျက် ဝင်ထိုင်ရာက “တို့ ဘုန်းကြီး ဦးသာဝကကို သတိရသကွာ” ဆို၏။
တို့ဘုန်းကြီးအထိ အသံကောင်းငြား နောက်ပိုင်းတွင် တိမ်၍တိမ်၍ ဝင်သည်။ ပခုံးပေါ်ရှိ ပုဆိုးစုတ်ဖြင့် မျက်လုံးကို တို့၏။ ရီးဆေးရိုးနှင့် ရီးအောင်မြ ထံသို့ပါ လွမ်းဆွတ်ကြေကွဲဝေဒနာ ကူးစက်သဖြင့် စကား မတုံ့လှယ်နိုင်။ သို့သော် ငိုသံကြီးက ရီးသာဒွန်း ထံမှ ထွက်ပေါ်လာ၏။
“ဘုန်းကြီး ဦးသာဝကခမျာ ဘုရားမီးထွန်းတဲ့ အင်ဂျင်စက်ကြီး သာသနာဖျက်တွေ လက်ထဲ အပ်ပြီးတဲ့နောက် နွေက စပြီး ကောင်းကောင်းမှ မကျိန်းတော့တာကလား။ အရုဏ်ဆွမ်းလည်း ဟုတ်တိပတ်တိ ဘယ်မှာ ဘုဉ်းပေးတော့လို့တုံး”
ရီးဆေးရိုး ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် သာဒွန်း၊ ညညဆိုရင် ကရမက်ပင် နားက တံခါးဖွင့်ပြီး စေတီတော်ကြီးနဲ့ အုတ်ပြာသာဒ်ကို ကြည့် ကြည့်ပြီး တဟင်းဟင်းနဲ့ ဟင်းချနေသတဲ့”
“ဒါပေါ့ကွာ..ဝါတော်ကလည်း ငါးဆယ်ကျော် နေတော့ ပြည်လုံးကျော် ဦးဥတ္တမတို့လို ထပြီးလည်း မချနိုင်၊ နာကြည်းခံပြင်းစိတ်ကလည်း ပြင်း။ ငါ ထင်တာကတော့ ဆရာတော်ဦးသာဝကဟာ ဒီစိတ်နဲ့ ပျံလွန်တော်မူတယ် ထင်သကွာ”
“ဘ … ဘ” ခေါ်သံနှင့်အတူ ကျော်သူရသည် ရီးဆေးရိုး၏ ဒူးကို နှဲ့၏။ ရီးဆေးရိုး ငဲ့ကြည့်မှ အမေး စ၏။
“ဒါလောက် မတရားတဲ့ ကောင်တွေကို ဘတို့ ဘာပြုလို့ ငုံ့ခံခဲ့ကြတာတုံးဟင်”
ရီးဆေးရိုးသည် ချက်ချင်း မဖြေ။ ကျော်သူရ၏ ဘေးရှိ မောင်ထွေး၊ မောင်မောင်လှနှင့် အခြားသူများ၏ မျက်နှာများကို ဝေ့ဝဲကြည့်၏။ သိချင်သော မျက်လုံးများက အဖြေကို ငံ့စားနေကြသည်။
“ဘယ်နေလိမ့်မတုံး လူလေးရာ၊ အချိန်မတန်သေးခင်မှာ အောင့်အည်းထားခဲ့သမျှ အချိန်လည်းကျရော ထပြီး ချလိုက်ကြတာ ဝက်ဝက်ကွဲတာပေါ့ကွာ။ ဓားပဲ ရှိသူက ဓားနဲ့၊ ဝါးချွန်ပဲ ရှိသူက ဝါးချွန်နဲ့ ဆော်လိုက်ကြတာ ဘာပြောကောင်းမတုံး”
“ဘတို့ အင်ဂျင်စက်ကော ပြန်ရလားဟင် ဘ”
“ဘယ်အရပ်ကို ယူသွားမှန်းမှ မသိတာ လူလေးရာ၊ ဘယ်လိုလုပ်ပြီး လိုက်ယူရမှာတုံး။ အဲဒါကြောင့် အခုလို စုပေါင်းအားခဲပြီး အသစ်ဝယ်ရတာပေါ့”
ရီးဆေးရိုးသည် မြေးများထံမှ မျက်နှာလွှဲကာ စိန်ဖူးတော်ကြီးကို မော့ကြည့်၏။ ထိုအကြည့်တွင် ညှိုးနွမ်းမှု၊ နာကြည်းမှု မရှိတော့ပါ။ ပီတိမျက်လုံးများသည် မာကျူရီမီးလုံးနှင့် ပြိုင်ဆိုင် ရွှန်းလက်နေပြီ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်ချုပ်
အောင်ရေ
❝ အောင်ရေ ❞
( စာကလေး - မော်ကျွန်း )
ကျုပ်တို့ မိသားစုလို ဘယ်သူကိုမှ မခံစားစေချင်ဘူး။ ဘယ်သူကိုမှ ကျုပ်တို့လို မပူလောင်စေချင်ပါဘူး။ အခုလိုမျိုး နွေရာသီမှာ ကျုပ်တို့ကို လောင်ခဲ့တဲ့ မီးက ဘယ်မီးနဲ့မှ မတူတဲ့မီး။ ရှို့မီးလည်း မဟုတ်သလို တို့မီးလည်း မဟုတ်တဲ့ တောမီးပမာ ကူးစက်ပျံ့နှံ့လွယ်တဲ့မီးပဲ။ ဒါကို ကျုပ် မျက်ခြည်ပြတ်ပြီး ကိုယ်တိုင် ပေါ့ဆခဲ့လို့သာ မလောင်သင့်ဘဲ လောင်ခဲ့ရတဲ့ ပေါ့ဆမီးပဲ ဆိုပါတော့။
နွေရာသီရောက်ရင် ဖွင့်လေ့ရှိတတ်တဲ့ ဦးထွန်းရွှေရဲ့ မီးသတိပြုသီချင်းကို ကိုယ့်လူတို့လည်း ကြားဖူးကြမယ် ထင်တယ်။ အဲဒီသီချင်းထဲက ‘ မလောင်ခင် တားနိုင်ဖို့ရာ ’ ဆိုတဲ့ စာသားလေးကို ကြားရတိုင်း ကျုပ်ရင်နာလို့ မဆုံးနိုင်ဘူး။ ပြီးတော့ ထုတဲ့ ဥသျှစ်လည်း ကွဲရသလို ခံတဲ့ ဥသျှစ်လည်း ကွဲခဲ့ရတဲ့ ဒီအဖြစ်ဆိုးကို ကွက်ကွက်ကွင်းကွင်း မြင်လာရသလိုပဲ။ တကယ်တော့ ကျုပ်တို့ မိသားစုလေးကို လောင်ခဲ့တဲ့ မီးက ဦးထွန်းရွှေရဲ့ မီးသတိပြု သီချင်းထဲကလို မြင်နိုင်တဲ့ အပြင်မီး မဟုတ်ဘဲ မမြင်နိုင်တဲ့ အတွင်းမီး တစ်ခုက စခဲ့တယ်ဆိုတာကိုတော့ ပူလောင်လွန်းတဲ့ ဝေဒနာတွေနဲ့ ရင်ဆိုင်ခံစားရတော့မှသာ ဂဃနဏ သိရတော့တာပဲလေ။
••••• ••••• •••••
၁။
ဖြစ်ချင်လာတော့ စပါးဈေးမြောက်တဲ့နှစ်မှာ နွေရော မိုးပါ နှစ်ရာသီစလုံး ကျုပ်လယ်က မှန်းထားတာ နဲ့ ပိုပြီး အထွက်ကောင်းတယ်။ ရေမိုး မြေဆီဩဇာ စတဲ့ ကျုပ်ဘက်က အကျွေးအမွေး အပြုအစု ကောင်းတာလည်း ပါသလို ကံကြမ္မာရဲ့ အထောက်အပံ့ ကောင်းတာလည်း ပါမှာပေါ့။ ဒီတော့လည်း နဂိုကတည်းက ကြွေးမြီရယ်လို့ ကြီးကြီးမားမား မရှိတဲ့ ကျုပ်တို့ မိသားစုအဖို့ အရပ်စကားနဲ့ ပြောရရင် တစ်နှစ်တည်းနဲ့ ထောင်တက် သွားတယ်လို့ ပြောရမှာပေါ့။
အရင်းအနှီး နုတ်ပြီး ပိုလျှံသမျှ စပါးကို ကျီထဲ သွင်းထားပြီး ကြိုက်ဈေးအရမှာ ထုတ်လိုက်တော့ ကျုပ်ရဲ့ အမြတ်အစွန်းက တစ်ဆ နှစ်ဆ ဖြစ်သွားတယ်။ ဒီလိုနဲ့ လက်ထဲမှာ ငွေက အထုပ်လိုက် ဆုပ်မိထားပြီဆိုတော့ ကျုပ် ဒီအတိုင်း မထားချင်ဘူးလေ။ မရှိဝမ်းစာ ရှိတန်ဆာဆိုတဲ့ သဘောနဲ့ ငွေကြေးလည်း မပျောက်ပျက်ရအောင်ဆိုပြီး ကျုပ်မိန်းမ မိဂျမ်းကို အရင်ကထက် နည်းနည်း ပိုတုတ်တဲ့ ကြိုးကြီးတစ်ကုံး ထပ်လုပ်ပေးဖြစ်တယ်။ သမီး အငယ်မလေးကိုလည်း သူ့နားက နားကွင်းအသေးလေးကို ဖြုတ်သိမ်းပြီး နောက်ထပ် ခေတ်ပေါ်ဒီဇိုင်းနဲ့ နားဆွဲ တစ်ရန် ထပ်လုပ်ပေးလိုက်တယ်။ ဟုတ်တယ်လေ၊ ရွှေ ဆိုတဲ့ အမျိုးက မမြတ်ရင် သာရှိမယ် ငွေကြေးအရတော့ မပျောက်ပျက်တာ အသေအချာပဲ မဟုတ်လား။
ခက်တာက ဟိုကောင်ပဲ။ ဟိုကောင်ဆိုတာက ကျုပ်သား လူပျိုဖြစ်စ ဖိုးတာကို ပြောတာပါ။ လူပျိုသာ ဆိုတာပါ အသက်က အခုမှ ဆယ့် ခြောက်ကျော်ပြီး ဆယ့်ခုနစ်ထဲ ဝင်စရှိသေးတာ။ ဘယ်စကားပြောလို့ ဘယ်ရောက်မှန်းတောင် သိသေးတဲ့ကောင် မဟုတ်ဘူး။ အခု အဲဒီကောင်က တစ်စခန်းထနေတော့ ခက်သားလား။
ကြည့်လေ၊ ကျုပ်တို့ လင်မယားက စပါးရောင်းပြီးကတည်းက သူ့အတွက် စဉ်းစားထားတာက တစ်မျိုးလေ။ အရွယ်လေးလည်း ရောက်လာတော့ အများနည်းတူ ဝတ်ချင်စားချင်မှာပဲ ဆိုပြီး နိုင်ငံခြားဖြစ် လက်ပတ်နာရီ လေးကောင်းကောင်းတစ်လုံးလောက်နဲ့ လူတောထဲ တင့်တောင့်တင့်တယ် သွားရလာရအောင် ရွှေသားလက်စွပ်ကလေး တစ်ကွင်းလောက် လုပ် ဆင်ပေးဖို့ စီစဉ်ထားတာ။ ဒီအတွက် ကုန်လည်း ကုန်ပါစေပေါ့။
ကျုပ်တို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက် စစ်ပေါက်ပေါက် ဒီနှစ်ယောက် ရှိတာ။ ကျုပ်တို့ လင်မယား လယ်ထဲချောင်းထဲ နေပူမိုး ရွာမရှောင် ကုန်းခဲ့ရုန်းခဲ့တယ် ဆိုတာလည်း အသေအချာ တွေးရင် သူတို့အတွက်ပဲ မဟုတ်လား။ ဒါပေမဲ့ ခုတော့ ဒီကောင်က ကျုပ်တို့ လင်မယားရဲ့ အစီအစဉ်ကို လုံးလုံး ဆန့်ကျင်တယ်။ သူ ဖြစ်ချင်တာ လိုချင်တာ တစ်ခုကိုပဲ အရေးဆိုနေတော့တာ။
ဒီကောင်က နာရီလည်း မပတ်ချင်ဘူးတဲ့။ လက်စွပ်လည်း မဝတ်ချင်ဘူးတဲ့။ အဲဒီ ငြင်းဆိုမှုတွေရဲ့နောက်မှာ တောင်းဆိုမှုက တစ်ခါတည်း ကပ်ပါပြီးသား။ ဘာတဲ့၊ သူ့ကို ရွာထဲက ချက်ကြီးတို့၊ ထိပ်နီတို့လို မှန်သားပြင်ပါတဲ့ လက်ပွတ်ဖုန်း တစ်လုံးသာ ဝယ်ပေးပါတဲ့လေ။ အမေ လုပ်သူက မိန်းမသားပီပီ သဘောမကျဘူးပေါ့။ ပြီးတော့ သူ ဝယ်ခိုင်းတဲ့ ဖုန်း ဆိုတာက သိန်းနဲ့ ချီပြီးတော့လည်း ပေးရဦးမယ်။ ပြီးတော့ စက်ပစ္စည်း ဝယ်ပြီးတဲ့နေ့ အဖိုးဆုံးတယ်ပေါ့။ ရွှေ ဆိုတာက ပေါင်စားစား ရောင်းစားစား အဖိုးမဆုံးဘူးပေါ့။ ဝတ်စားသွားရင် လူတောထဲမှာလည်း တင့်တယ်တယ်ပေါ့။ ဒီလို အကြောင်းပြချက်တွေနဲ့ သူ့သားရဲ့ ဆန္ဒကို ကန့်ကွက်တယ်။
ခက်တာက ကျုပ်ပဲ။
မွေးထားတဲ့ နှစ်ယောက်ထဲမှာ ယောက်ျားလေးလည်း ဖြစ်တဲ့ ဒီကောင့်ကို ကျုပ်က ပိုပြီး အလေးသာတယ်။ ဒီကောင် ကလည်း သူ့အမေနဲ့ ယှဉ်ရင် အစစ ပိုပြီး အလိုလိုက်တတ်တဲ့ ကျုပ်ကို ပိုပြီး ချစ်သယောင်ပြပြီး အပူကပ်တတ်တာ ငယ်ငယ်ကတည်းက အကျင့်။ ပြီးတော့ ဒီကောင့် စကားတွေကလည်း ဒီဖုန်းတစ်လုံးကို ဝယ်ပေးဖြစ်အောင်ကို ကျိုးကြောင်း ဆီလျော်နေတော့ မငြင်းသာတဲ့ အခြေအနေမျိုးပဲ။
တကယ်တော့ မိဘ တစ်ယောက် လုပ်နေတဲ့ ကျုပ်က ဝယ်မပေးနိုင်ဘူးပြောလည်း ဒီကောင် ကျုပ်ကို စိတ်ကောက်ရုံထက် မပိုပါ ဘူး။ ဒါပေမဲ့ ကျုပ်ကိုယ်တိုင် က ငွေကြေးအဆင်ပြေနေတာရယ်၊ အလိုလိုက်ချင်တဲ့စိတ်ရယ်၊ ရွယ်တူတန်းတူတွေရဲ့ ကြားမှာ မျက်နှာမငယ်ရအောင် ဆိုတဲ့ စိတ်ရယ် ပေါင်းပြီး ကျုပ်ကိုယ်တိုင် ကောင်းကောင်းနားမလည်တဲ့ ပစ္စည်း တစ်ခုကို အလိုလိုက်ပြီး ဝယ်ပေးလိုက်မိတယ်ပဲ ဆိုပါတော့။
အဲဒီ အချိန်တုန်းက တော့ ကျုပ် နေတဲ့ ဝန်းကျင်နဲ့ ပြန်ယှဉ်ကြည့်ရင် ကျုပ်မမှားဘူးလို့ ထင်ခဲ့တာပဲ။ ဟုတ်တယ်လေ၊ ရွာတောင်ပိုင်းက ကုန်ခြောက်ဆိုင်ပိုင်ရှင် မဘုမ ရဲ့သား ထိပ်နီတို့၊ ပြီးတော့ ရွာလယ်က လူပျိုကြီးသူဌေး ကိုတင်မောင်ရဲ့ မွေးစားသား သံချောင်းတို့ ကစပြီး ကာလသားသမီးတွေရဲ့ လက်ထဲမှာ ဒီပစ္စည်းလေးတွေ ကိုင်ကိုင် သွားတာ ကျုပ်တွေ့နေရတာကြာပြီပဲ။
တစ်ခါတလေ အညာမှာ နေတဲ့ ကျုပ်အစ်မဆီ ဖုန်းလေးဘာလေး ဆက်ချင်ရင်တောင်မှ ဒီကလေးတွေကို လုပ်ခိုင်းပြီး ဆက်ခဲ့ဖူးသေးတာ။ လက်တစ်ဝါးစာလောက်ရှိတဲ့ ဟာလေးထဲက ထွက်လာတဲ့ အသံကို နားစွင့်ရင်းက အံ့သြခြင်းတွေဖြစ်ခဲ့ရသေးတာလေ။ ဟိုအရင်ကတော့ အညာမှာနေတဲ့ ကျုပ် အစ်မဆီ မာကြောင်းသာကြောင်းလေး ဖုန်းဆက်ချင်ရင် တစ်ရွာလုံးမှာ တစ်လုံးတည်းရှိတဲ့ အုပ်ချုပ်ရေးမှူးရဲ့ အိမ်က ကြိုးတန်းလန်းနဲ့ ဖုန်းဆီ ပြေးရတာပဲ။ ဆယ့်ငါးမိနစ်လောက် မာကြောင်းသာကြောင်း ပြောပြီးရင် အုပ်ချုပ်ရေးမှူးကတော်ရဲ့ လက်ထဲ ငွေလေးငါးရာလောက်တော့ ထည့်ခဲ့ရစမြဲပေါ့။
ခုများတော့လည်း အင်း ခေတ်တွေများ ပြောပါတယ်။
အပြောင်းအလဲ မြန် လိုက်ပုံများ ဝါဆို၊ ဝါခေါင် မှာ ချောင်းရေများ တက်သလို ကြည့်ရင်းကြည့်ရင်း ကမ်းတိုက်လာတဲ့အတိုင်းပါပဲ။
••••• ••••• •••••
၂။
ကျုပ်ကသာ လျှော့တွက်နေတာ။ ရွာက အလယ်တန်းကျောင်းမှာ ခုနစ်တန်း အထိ ရောက်အောင်တောင် မနည်းသင်ခဲ့ရတဲ့ ကျုပ်သားက ခေတ်ကိုတော့ အမီလိုက်နိုင်သား ပြောရမယ်။ ဖုန်း ဝယ်ပေးပြီး ဘာမှမကြာလိုက်ဘူး၊ အကုန်လုပ်တတ်သွားတဲ့ ကျုပ်သား ဆီကနေ ကျုပ် နားမလည်တဲ့ စကားအဆန်းတွေ ခဏခဏ ကြားကြားနေ ရတော့တာပဲ။ ကြားပါများတော့ ကျုပ် နားထဲစွဲပြီး မှတ်မိနေတဲ့အထိပဲ။
စာပြာတဲ့၊ ဘယ်လို စာလည်းတော့ ကျုပ် လည်း မသိဘူး။ ပြီးတော့ ဗိုက်ဘာတဲ့၊ ယူတုတဲ့၊ ပြီးတော့ ဖေ့ဘုတ် ဆိုတာလည်း ကြားရရဲ့။ မဆင်ဂျာ ဆိုတာလည်း ကြားရသေးရဲ့။ ပြီးတော့ ဒေါင်းလုပ်တယ် ဆိုလား ဘာဆိုလား။ ကျုပ် မကြားဖူးခဲ့တဲ့ စကားတွေ စုံပွနေတာပါပဲ။ ရသမျှ အချိန်မှာ ဖုန်းမှန်ပြားလေးပေါ် လက်ညှိုးတစ်ချောင်းတင်ပြီး တကုပ်ကုပ်နဲ့ ပွတ်ကာသပ်ကာ အလုပ်ရှုပ်နေတတ်တဲ့ ဒီကောင့်ကို ကြည့်ပြီး ကျုပ်စိတ်ထဲ ဝယ်ပေးမိတာ မှားပြီဆိုတဲ့ အတွေးမျိုး တစ်ခါမှကို မပေါ်ခဲ့ဖူးပါဘူး။
ဟိုကောင် ထိပ်နီတို့လိုပဲ ငါ့သားလေးလည်း ခေတ်မီလာပြီဆိုတဲ့ အတွေးနဲ့ ကျိတ်ပြီးတောင် ကျေနပ်နေမိသေးရဲ့။ တစ်ခါတစ်ခါ ကျုပ်ဆီက၊ တစ်ခါတစ်ရံ သူ့အမေဆီကနေ သူ့ဖုန်းထဲကို ထည့်ဖို့ ဆိုပြီး တောင်းတောင်းသွားတတ်တဲ့ ပိုက်ဆံကလည်း ကျုပ်တို့လင် မယားနှစ်ယောက် ပေါင်းလိုက်ရင် သူ့ ဝယ်ပေးတဲ့ ဖုန်းတစ်လုံးဖိုးလောက်တော့ မနီးယိုးစွဲ ရလောက်ပြီ ထင်တာပဲ။ ညညတွေ ဆိုလည်း သူအိပ်တဲ့ ခြင်ထောင်ထဲကနေ မီးရောင်မှုန်ပျပျလေးက အမြဲလိုပဲ တွေ့တွေ့နေရတယ်။ သူ့ကို ကျုပ် မေးကြည့်မိတော့ ဖေ့ဘုတ်က လာတဲ့ ကားခွေကို ဒေါင်းလုပ်တယ်ဆိုလားပဲ။
ကျုပ်လည်း နောက်တော့ သိပ်မမေးဖြစ်တော့ပါ ဘူး။ သူ့ဘာသာ ဒေါင်းပဲ လုပ်လုပ် ခိုပဲ လုပ်လုပ်လေ။ ထိပ်နီတို့ အုပ်စုနဲ့ စာရင် ကျုပ် သားက ခြေငြိမ်တယ်ပဲ ပြောရမှာ။ ဟိုကောင်တွေလို ရွာရိုးကိုးပေါက် လှည့်ပြီး သန်းခေါင်သန်းလွဲ ဟိုလူအိမ်က ကြက်ဝင်ဆွဲ၊ ဒီလူအိမ်က ကြက်ဝင်ဆွဲ လုပ်တာထက် စာရင် ကျုပ်နဲ့ ကြမ်းတစ်ပြေးတည်းမှာ မိဘစိတ်ချမ်းသာ အောင် နေပေးတဲ့ သားကို ကျုပ်လည်း ဖုန်းတစ်လုံးနဲ့ လွှတ်ထားလိုက်မိတော့တယ်။
••••• ••••• •••••
၃။
ကျုပ်မိန်းမ မိဂျမ်း ဖောက်တိုက်တဲ့ ရွှေမန်းတောင် တစ်ထုပ်ကြောင့်လား တော့ မသိဘူး၊ ကျုပ်တစ်ကိုယ်လုံး ပေါ့သွားပြီး ချွေးတွေလည်း ရွှဲလာတာနဲ့ ကိုယ်ပေါ်က စောင်ထူထူကို ခွာချပြီး ထ,ထိုင်ရင်းက ကျုပ်သားဆီကို စိတ်က ရောက် သွားတယ်။ ရေတောင် အတော်တက်နေလောက်ပြီ ဆိုတော့ ဒီကောင် အခုလောက်ဆို စက်မောင်းနေလောက်ရောပေါ့။
ဒီနှစ် နွေကလည်း ကျုပ်အထင် ပိုပူသလိုပဲ။
ကျုပ်ကပဲ အသက်ကလေး နည်းနည်း ရလာလို့လား၊ ရာသီဥတုကပဲ တစ်နှစ်ထက် တစ်နှစ် ဖောက်ပြန်လာတာလား ဆိုတာတော့ ကျုပ် မပြောတတ်ဘူး။ ခုဆို ကျုပ် လယ်ထဲက နွေစပါးခင်းတွေကလည်း စပါးနှံတွေ နဲ့ ညွတ်ကွင်းထနေကြပြီလေ။ ဒီလိုအချိန်ဆိုတာက အောင်ရေ အတွက် ရေနည်းနည်းမှ ပျက်လို့ မဖြစ်တဲ့အချိန်။ ရေ ပျက်တာနဲ့ မအောင်သေးတဲ့ စပါးခင်းတွေ အဖျင်းဘက်ကို များသွားမှာ ကျုပ် အစိုးရိမ်ဆုံးကိစ္စပဲ။ တစ်ရာသီလုံး ဂရုစိုက်လာခဲ့သမျှ ပါးစပ်ဝ ကျမှ အဆုံးခံလို့ ဘယ်ဖြစ်ပါ့မလဲ။
အဲဒါကြောင့်လည်း ကျုပ် ဒီရက်ပိုင်းအတွင်း လယ်ထဲက သိပ်ပြန်ရတယ်ကို မရှိဘူး။ နေ့နေ့ညည စက်ဘေးနားက မခွာဘဲ ရေကို အမြဲမောင်းတင် ပေးနေရတယ်။ ဒီလိုနဲ့ ရက်တွေကြာလာတော့ ကျုပ်ခန္ဓာကိုယ်က ဆန္ဒပြချင်လာသလိုပဲ။ တစ်နေ့လုံး အပူထဲမှာ လှုပ်ရှား၊ ညရောက်တော့ အအေးထဲမှာ အိပ်ပါများတော့ အပူအအေး မမျှဘူးထင်ပါရဲ့ အကြောအခြင်တွေက ဟိုကတက်၊ ဒီကတက်၊ ဟိုကနာ၊ ဒီကနာ နဲ့ လူတစ်ကိုယ်လုံးဆိုတာ ကိုင်ရိုက်ခံထားရသလိုပဲ။
ဒီနေ့ မနက်တော့ ကျုပ် ပူလိုက်ချမ်းလိုက်နဲ့ ဖျားချင်သလို ဖြစ်လာတာမို့ ကျုပ် သားကိုပဲ လယ်ထဲလွှတ်ပြီး ရေစက် အမောင်းခိုင်းလိုက်ရတာ။ စိတ်တော့ သိပ်မချချင်ပေမဲ့ နေ့ခင်းဘက်ဆိုတော့ နည်းနည်းတော့ စိတ်ဖြောင့် ရသေးတာပေါ့။ သူကတော့ ပြောရှာသား “အဖေ နေမကောင်းရင်လည်း နားပါလား” တဲ့။ သူ့ဘာသာ စက်သွားစောင့်ပြီး မောင်းမယ်တဲ့။ ကျုပ် သူ့ကို တစ်ယောက်တည်း ဘယ်လွှတ်ရက်ပါ့မလဲ။ ဒါပေမဲ့ ဒီစကားမျိုး ပြောဖော်ရတာနဲ့တင် ကျုပ်ရင်မှာ အတော်လေး ကျေနပ်ချင်နေပါပြီ။
ပြီးတော့ ကျုပ် လုပ်ရတဲ့ လယ် ဆိုတာကလည်း ရွာနဲ့တော့ အလှမ်းသား။ ကျုပ်တို့ ရွာနဲ့ ပျဉ်းမပင် ဆိုတဲ့ ရွာကို ဆက်ထားတဲ့ ဆက်သွယ်ရေး လမ်းတာရဲ့ဘေးမှာ ဆိုတော့ နေ့အခါ လူသွားလူလာ ရှိတတ်သလိုပဲ။ တစ်ခါတစ်ရံ ညအခါလည်း တစ်ရွာနဲ့ တစ်ရွာ ကူးကြတဲ့ အမူးသမားတွေကလည်း ရှိတတ်လေတော့ ဒီကောင့်ကို လယ်ထဲက တဲမှာ ညဘက် စက် အစောင့် ခိုင်းဖို့ဆိုတာ ကျုပ် ဘယ်လိုမှ တွေးမရတဲ့ ကိစ္စ။ ကျုပ်ကတော့ ဘာအကြောင်းလဲ၊ ထွန်တုံး မနိုင့်တနိုင် ကတည်းက ဒီလယ်မှာ လုပ်လာခဲ့တဲ့ ကောင်ပဲ။ အခုဆို ထွန်တုံးတွေ တောင်မှ ပျောက်သွားလို့ ထွန်ကိုင်းတွေ လယ်ထဲ ရောက်ကုန်ကြပြီလေ။ ကျုပ် ဒီလယ်ကို လုပ်ခဲ့တဲ့ နှစ်တွေက နည်းတော့တာမှ မဟုတ်ဘဲ။ ပြီးတော့ ဒီရွာနီးချုပ်စပ်မှာ ကျုပ်နဲ့ မသိတဲ့ သူက အရှားသား ဆိုတော့။ ကျုပ်ကိုယ် ကျုပ်တော့ စိတ်ချနိုင်တာပေါ့။
••••• ••••• •••••
၄။
အိမ်ရှေ့ဆီက ရုတ်ရုတ်သဲသဲ ဆူဆူညံညံ အသံတွေကြောင့် အဖျားကျပြီး အိပ်ပျော်သွားတဲ့ ကျုပ် ဖျတ်ခနဲ လန့်နိုးသွားခဲ့တယ်။ နိုးနိုးချင်းမှာပဲ ကျုပ် နားထဲကို “ခင်ဗျားတို့သား လူယုတ်မာ” ဆိုတဲ့ ဒေါသတွေနဲ့ ထုံမွမ်းနေတဲ့ စကားတစ်ခွန်းက အလုံးအရင်းနဲ့ ဆောင့်ထိုးလိုက်သလိုပဲ။ ဒီအထိကိုပဲ ဘာတွေ ဖြစ်နေတာလဲ ဆိုတာ ကျုပ် စိတ်ထဲမှာ မသဲကွဲသေးပါဘူး။
အဲဒီ ခဏလေးမှာပဲ ကျုပ်မိန်းမ မိဂျမ်း တစ်ယောက် ကျုပ်ရှိရာ အိမ်ပေါ်ကို အပြေးတစ်ပိုင်းနဲ့ တက်လာခဲ့တယ်။ ရပ်ထဲရွာထဲမှာ အရင်က မဟုတ်ရင် မခံတတ်တဲ့ ဆတ်ဆတ်ကြဲ ကျုပ်မိန်းမရဲ့ အမူအရာက ဒီတစ်ခါ တစ်မျိုးပဲလို့ ကျုပ် ထင်လိုက်မိတယ်။ ကြောက်လန့်တုန်လှုပ်နေတဲ့ မျက်နှာပေါ်မှာ သွေးရောင်မရှိတော့သလို ဖြူရော်ရော်ဖြစ်နေသလားလို့။ ပြီးတော့ ကျုပ်ကို အလောတကြီးနဲ့ ပြောနေတဲ့ သူ့စကားတွေကလည်း တုန်ယင်ထစ်ငေါ့ နေကြပြီး ဆုံးခန်းမတိုင်ခဲ့ဘူး။
ဘာတွေ ဖြစ်ကုန်ပြီလဲ၊ ကျုပ်သား ... ကျုပ်သား ဟုတ်တယ်၊ ကျုပ်ရဲ့နားထဲကို အထစ်ထစ်အငေါ့ငေါ့နဲ့ ဝင်ရောက်လာတဲ့ မိဂျမ်းရဲ့စကားတွေထဲမှာပေါ့။
“ကိုအေးမောင်၊ ရှင့်သား ရှင့်သားလေ ဟိုဘက်ရွာကနေ ပန်းရောင်းပြီး ပြန်လာတဲ့ ရွာတောင်ပိုင်းက ဖိုးထွန်းရဲ့သမီး မိနှင်းလေးကို လယ်ထဲမှာ ဟိုဒင်း ... ဟိုဒင်း ....”
မိဂျမ်းရဲ့ စကားက ရှေ့ကို မရောက်တော့ဘဲ ဟိုဒင်း ဆိုတဲ့ နေရာမှာသာ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပေမဲ့ ကျုပ်ကတော့ သဘောပေါက်လိုက်ပါပြီ။ ကျုပ်ရဲ့ လက်တွေက ခွေးကတက် အောက်မှာ ချထားတဲ့ ကိုင်းခုတ်ဓားဆီ ရောက်သွားခဲ့တယ်။ အဲဒီနောက်မှာ ကျုပ်စိတ်ရဲ့ ခေါ်ဆောင်ရာနောက်ကို ပါလာခဲ့ရတဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်က လေအဟုန်ကို ခွင်းပြီး ကျုပ်သား ရှိရာ လယ်တဲလေးဆီကို ခရီးပြင်း နှင်နေပါတော့တယ်။ ဘာတွေပဲဖြစ်ဖြစ် ဒီအချိန်မျိုးမှာတော့ ကျုပ် သားအတွက် နောက်ကျနေခဲ့ရင် ကျုပ် ခြေထောက်တွေဟာ ကျုပ်အတွက် သစ္စာဖောက်ပဲ မဟုတ်ပါလား။
••••• ••••• •••••
၅။
“ခေတ်ကာလ ဆိုတော့လည်း ပြောရတာတော့ အခက်သားပေါ့ဗျာ။ တကယ်တော့ အသိဉာဏ်အားနည်း မဆင်ခြင်နိုင်သူတွေ၊ အထူးသဖြင့် လူငယ်တွေပေါ့ဗျာ။ သူတို့တွေရဲ့ လက်ထဲမှာ ကောင်းတာဆိုးတာ မှန်သမျှ ဖန်တီးလို့ ရနိုင်တဲ့ ဒီလိုပစ္စည်းမျိုးတွေ ရှိနေကြတာဟာ တကယ်တော့ မျောက်တစ်ကောင်ရဲ့လက်ထဲက သေနတ်တစ်လက်နဲ့ အတူတူပဲဗျ။ အဆင်မသင့်ရင် ပတ်ဝန်းကျင် အတွက်လည်း စိတ်မချရသလို သူ့အတွက်လည်း အန္တရာယ်တစ်ခုလိုပဲ” တဲ့လေ။
ရွာမှာ တာဝန်လာကျတဲ့ ကျောင်းဆရာလေး ကိုကြည်ခိုင်ရဲ့ စကားတွေကို ကျုပ် နားထဲမှာ ပြန်ကြားနေမိတယ်။ ခေတ်ပညာတတ် လူငယ် ကျောင်းဆရာတစ်ဦးရဲ့ စကားတွေက သွေးထွက်အောင် မှန်နေပါလားဆိုတာကို တွေးရင်း ကျုပ် ရင်တွင်းမှာ ခံပြင်းမိတာ အမှန်ပါပဲလေ။ တကယ်တော့ ခေတ်ရေစီးကြောင်းအတွင်းက မမြင်နိုင်တဲ့ ခလုတ်ကန်သင်း တွေရဲ့ အကြောင်းကို ကောင်းကောင်းမသိခဲ့တဲ့ ကျုပ်က အဟုတ်တောင် မှတ်ခဲ့မိသေးရဲ့။
ဒီတုန်းကတော့ ဖြစ်မလာသေးတဲ့အချိန်မှာ ဆရာလေး ကိုကြည်ခိုင် ပြောခဲ့တဲ့ စကားတွေအတွက် နည်းနည်းလေးတောင်မှ နားလည်အောင် မကြိုးစားခဲ့မိတဲ့ ကျုပ်၊ ခုအချိန်မှာတော့ ဆရာလေးရဲ့ ကျေးဇူးတရားနဲ့ ကျုပ်သား ဖိုးတာရဲ့အဖြစ်ကို ရင်နင့်နင့်နဲ့ သိလိုက်ရပါပြီ။ ဖိုးတာကို ကျုပ် ဝယ်ပေးခဲ့တဲ့ မှန်သားပြင်နဲ့ ဖုန်းကလေးထဲမှာ ဖိုးတာ ကိုယ်တိုင် ဒေါင်းလုပ်ပြီး ယူထားခဲ့တဲ့ ဟိုကားခွေတွေရဲ့အကြောင်းကိုပေါ့။ တကယ်တော့ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားတတ်တဲ့ သွေးသားတက်ကြွစ ဒီလိုအရွယ်မှာ အလွယ်တကူ ဒေါင်းယူလို့ရနေတဲ့ ဒီလို ကားတွေရဲ့ ဆိုးကျိုးနဲ့ပဲ ကျုပ်သားရဲ့ အနာဂတ်မှာ ပြင်မရတော့တဲ့ အမည်းစက်ကြီးတစ်ခု ထင်ခဲ့ရသလို အချိန်မတန်ခင် ညှိုးနွမ်းခဲ့ရတဲ့ မိနှင်းဆိုတဲ့ ဖူးငုံစ ပန်းလေးရဲ့ အကြောင်းကို တွေးမိတိုင်း ကျုပ်ရဲ့ ရင်ထဲမှာ လောင်မြိုက်နေတဲ့ မီးက ခုထက်ထိကို မငြိမ်းနိုင်ခဲ့ဘူးလေ။
သေချာပါတယ်လေ။
ဒီနှစ် ကျုပ်ရဲ့ လယ်က ဟိုးတမြန်နှစ်ကလိုတော့ စပါးအထွက်မတိုးနိုင်တော့ဘူး ဆိုတာကိုပေါ့။ စပါး ဆိုတဲ့ အမျိုးကလည်း ဒီလို အနှံ မအောင်သေးတဲ့ ရာသီမှာ အစေ့အဆန် ပြည့်ဖြိုးဖို့ အတွက် အောင်ရေ တစ်ချက် ကို အမြဲမပျက် တင်ပေးနိုင်မှသာ စပါးနှံတွေမှာ အဖျင်း နည်းပြီး အထွက်တိုးနိုင်တဲ့ ကိစ္စဆိုတာ ကျုပ်က မသိဟန် ပြုပြီး လျစ်လျူရှုနေခဲ့မိတာကိုး။
အင်း ဘာလိုလိုနဲ့ မုဒိမ်းမှုနဲ့ ထောင်ကျသွားရတဲ့ ကျုပ်သား ဖိုးတာကို ထောင်ဝင်စာ သွားတွေ့ရမယ့် ရက်တောင်မှ တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ပြီပဲလေ။
▢ စာကလေး ၊ မော်ကျွန်း ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၂၀၁၉
Wednesday, September 16, 2026
ချင် နှစ်ချင်
❝ ချင် နှစ်ချင် ❞
( ငယ်လေးမောင် - သပြေရုံ )
ကျွန်တော်နဲ့ ကိုရေချမ်းက ညီအစ်ကိုရင်းတွေလို ချစ်ခင်ကြသူများဖြစ်သည်။ သူက ကျောင်းဆရာဘဝနဲ့ အငြိမ်းစားယူထားသူ၊ ပန်းဆိုးတန်းတွင် စာအုပ်ဟောင်းများ ရောင်းနေသူဖြစ်သည်။ ကျွန်တော်က ရုံးဝန်ထမ်းဘဝမှ အငြိမ်းစားယူထားပြီး ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာ အလုပ် ဝင်လုပ်နေ၏။ နေ့စဉ် အလုပ်သွား အလုပ်ပြန် သူနဲ့ အမြဲဆုံ၏။ တစ်ခါတစ်ရံ သူနဲ့ အတူ လမ်းလျှောက်သွားရင် သူ့ကို ဟိုက ဆရာ၊ ဒီက ဆရာနဲ့ နှုတ်ဆက်ကြသည်။ အချို့က အစားအသောက်နဲ့ ဧည့်ခံကျွေးမွေးသလို၊ အချို့ကလည်း သူတို့မှာ ပါတဲ့ ငွေကြေးအချို့ ကန်တော့သည်ကို ကျွန်တော် တွေ့တွေ့ နေရ၏။
“ကျောင်းဆရာဘဝနဲ့ ကျုပ်တို့ဘဝ ကွာပါ့ဗျာ။ ဟိုက ကျွေးချင် ဒီက ကျွေးချင် ပေးချင်နဲ့ ကျုပ်တို့များ လုပ်ဖော်ကိုင်ဖက်တွေ လမ်းမှာ တွေ့ရင် ကျွေးဖို့ပေးဖို့ ဝေးလို့ ပြုံးနှုတ်ဆက်ရင်ပဲ တော်လှပြီ အောက်မေ့တာ” ဟု ကျွန်တော်က သူ့ကို ကျီစယ်စကား ဆိုလိုက်မိပါသည်။
“ကျွန်တော်က ဝန်ထမ်းဘဝ တစ်လျှောက်လုံး တစ်ချင်တည်း နေခဲ့တဲ့ လူဗျ။ အဲဒီ ကျေးဇူးတွေပေါ့”
ကျွန်တော်က သူ့စကား အဓိပ္ပာယ် နားမလည်သဖြင့် “ဘာတစ်ချင်တည်း နေတာလဲ” ဟု မေးလိုက်မိသည်။
ကိုရေချမ်းက အေးချမ်းတည်ငြိမ်တဲ့ အကြည့်နဲ့ ကျွန်တော့်ကို ကြည့်ရင်း ... ။
“ကျွန်တော်က တပည့်တွေ အပါအဝင် လုပ်ဖော်ကိုင် ဖက်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ဘာလုပ်ပေးရမလဲ။ ငါ ဘာလုပ်ပေးနိုင်လဲဆိုတဲ့ အတွေးနဲ့ ဆက်ဆံ ပေါင်းသင်းတယ်။ တပည့်တွေ ဆိုရင်လည်း သူတို့လေးတွေကို ကိုယ့်သားသမီးလို သဘောထားပြီး စာရိတ္တကောင်းသူ ကျန်းမာသန်စွမ်းသူ အသိပညာတိုးသူ အလိမ္မာကြီးသူ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ အပင်ပန်းခံပြီး သင်ပေးတယ်။ ကိုယ် စွမ်းသမျှ ဆောင်ရွက်ပေးတယ်။ အဲဒီလို လုပ်လို့ ဘာရပါစေ။ ဘာယူရမယ် ဆိုတာ ကျွန်တော် တစ်ခါမှ မစဉ်းစားမိဘူး။ ခုဆို ကျွန်တော် ပင်စင်ယူတာ တစ်နှစ် ပြည့်သွားပြီ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တပည့်လေးတွေ ကန်တော့တာ ဆယ်သိန်းကျော်သွားပြီ။ အဲဒီ ငွေတွေကို ရတနာသုံးပါးနဲ့တကွ နေ့စဉ် ဆွမ်းခံကြွတဲ့ သံဃာတော်တွေကို လှူတယ်။ ခု စာအုပ် ရောင်းနေတာလည်း လှူဖို့ပဲ။ ကျွန်တော့်မှာ အပိုသုံးစရာ ဘာမှ မရှိဘူး။ စားဖို့အတွက် လမ်းထဲက တပည့်လေး တစ်ယောက်အိမ်က တာဝန်ယူထားတယ်။ အဲဒီတော့ ကျွန်တော့်ကို ကန်တော့တဲ့သူတွေ အကျိုးထူးရအောင် ဇီဝိတသံဃာ့ ဆေးရုံတို့ မိဘမဲ့ဂေဟာတို့ ဘိုးဘွားရိပ်သာတို့ကို အလျဉ်းသင့်သလို လှူတယ်။ အဲဒီလို ပေးချင်တဲ့ ‘ချင်’ လေး တစ်ခုရဲ့ ကျေးဇူးပဲထင်ပါရဲ့ဗျာ...”
သူ့စကားဆုံးတော့ ကျွန်တော် ငိုင်သွားပါသည်။ ဘဝတစ် လျှောက်လုံး ကိုယ့်အတွက်ပဲ အထူး အာရုံစိုက်ခဲ့တဲ့ ကျွန်တော်ရဲ့ ‘ယူချင်’ တဲ့ ချင်က သူ့ရဲ့ ‘ပေးချင်’ တဲ့ ‘ချင်’ နဲ့ အကွာကြီး ကွာလှပါတယ်။ ယူချင်တာနဲ့ ပေးချင်တာ အဓိပ္ပာယ်က ဆန့်ကျင်သလို တစ်နည်းဆိုရင် အကျိုးပေးမှုကလည်း ခြားနားခြင်း ကြီးစွာ ဖြစ်သွားပါလား။ ပစ္စုပ္ပန်သာမက သံသရာ အထိပါ ကွာဟမှုများစွာ ဖြစ်သွားနိုင်ပါလားဆိုတဲ့ နောင်တတွေက ကျွန်တော့်ရဲ့ လျှောက်နေတဲ့ ခြေလှမ်းကို နှေးသွားသည် အထိ ဖြစ်သွားစေပါတော့သည်။
▢ ငယ်လေးမောင် (သပြေရုံ)
📖 မဟေသီ မဂ္ဂဇင်း
ဩဂုတ်လ ၊ ၂၀၁၆
ကြိုးဒဏ်သင့် နှလုံးအိမ်
❝ ကြိုးဒဏ်သင့် နှလုံးအိမ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
သစ်ပင်သည် သစ်ပင် မဟုတ်။ ဖုန်ပင်ကြီး ဖြစ်နေသည်။ လဲမှို့တွေ ကပ်နေသော အရုပ် ယောင်ယောင်၊ စောင်ဖြူကြီးကို ခေါင်းမြီးခြုံထားသော သူအိုကြီး ယောင်ယောင်မို့ နေပူကျဲကျဲကြီး အောက်၌ အမြင်ဆိုးလှစွာ၏။ မိုးနှံချုံ၊ သန်းသတ်ချုံနှင့် နဘူးချုံ ကင်ပွန်း ပေါင်ပဲ့ ကြွက်နှာခေါင်းချုံများသည်လည်း ရွက်သစ် ထိုးပြီးပါလျက် စိမ်းနုမဝေလွင်။ စိမ်းမြသော အရောင်များ မတောက်ပ။ ဖုန်သင်တိုင်းကို ခြေဆုံးခေါင်းဆုံး ဆင်ယင်ထားကြ၏။
ရီးကျီးဒန်သည် နားမချမ်းသာစရာ တအီအီ အသံပေးလျက် မောင်းသွားသော လှည်းကို မျက်ခွံရှုံ့ပြီး ကြည့်၏။ မည်သူတွေပါလိမ့်၊ မည်သူ့လှည်းပါလိမ့် သိလိုသောကြောင့် ကြည့်၏။ လှည်းသည် ဖုန်ကို ပေါင်းမိုးလုပ်လျက် မောင်းသွား၏။ သို့အတွက် မသိလိုက်ရပါ။ ရီးကျီးဒန် အိမ်တွင်းသို့ မျက်နှာမူလိုက်သည်။ ဖျာပေါ်တွင် ကိုယ်တုံးလုံးဖြင့် လှိမ့်နေသော မြစ်တွေ။ ကျောက်နီအကြီး၊ အသေး၊ အလတ်ရောရာကို စီထားဘိသို့သော ကိုယ်လုံးများတွင် လက်သည်းရာ အစင်းတွေ ထင်နေ၏။ အရွယ်သင့် မိတ်ဖုများမှာ ပဲ့ရွဲ့ နေရာအချို့ အနာဖေးတက်နေသည်။ အချို့မူ အနာဖြစ်နေသည်။
“ဪ…. သတ္တဝါတွေ၊ သတ္တဝါတွေ”
ငါ့မြေးမှ မွေးသည့် ငါ့မြစ်တွေပါကလားဟု မမြင်မိအောင် ရီးကျီးဒန် ကြိုးစား၏။ ဝဋ်နှောင်ထုံးမှ ဇွတ်ရှောင်ပုန်းပြီး လွတ်အောင်ရုန်းနိုင်သော ငါပါတကားဟု သူ့ကိုယ်သူ အထင်ကြီး၏။ ငဝက်ကမူ ထင်းတုံးစီသည့်နှယ် ကြမ်းပေါ်တွင် စီနေသော ထိုသတ္တဝါကလေးများကို ယပ်ခတ်ပေးနေခဲ့မိ၏။
လေးထပ်ကျောင်း ထန်းတောပေါ်သို့ ကျော်ပြီး မျှော်ကြည့်ခဲ့မိသည်။ မိုးမရွာသော်လည်း မိုးသား တက်လျှင် အပူသက်သာ၏။ တိမ်ဖြူထက် တိမ်မည်းက ပို၍ အပူသက်သာ၏။ သို့ဖြစ်သဖြင့် မိုးသား တိမ်တိုက်ကို မျှော်တမ်းခဲ့ငြား တိမ် တစ်စတလေ တစ်ဆုပ်တလေသာ မြင်ရသည်။ ကြည်စင်သော ကောင်းကင်ပြာကြီးကို မြင်ရသည်မှာ စိတ်မချမ်းသာစရာ။ တိုး၍ ဆင့်၍ပင် ပူလောင်သည် ထင်ခဲ့ရ၏။
“မိုးရယ်... ရွာပါတော့၊ ကလေးတွေ ဒုက္ခရောက်လှပြီ”
ရီးကျီးဒန် မြည်တမ်းခဲ့ရသည်။ သတ္တဝါကလေးတွေပါတကားဟူ၍ သူ တရားရှုနေသော မြစ်တွေမှာ အင်္ကျီ မကပ်နိုင်ကြပေ။ ထန်းလျက် စားသော မြစ်တစ်ယောက်မှာ နားရွက်ဖျားပါ တက်ပြီး မိတ်ပေါက်သည်။
အခြားသော ကလေးတွေ မိတ်ပေါက်ပုံမှာ ပုရွက်ဆိတ်အနီတွေ အုံခဲပြီး ကိုက်နေသလော ထင်ရရုံသာ ဖြစ်၏။ ထန်းလျက် အလွန် စားသော မြစ်မှာ ငဟစ်ကြီး ဖြစ်သည်။ ခင်ခင်ကြီး၏ တစ်ဦးတည်းသောသား။ အမည်ရင်းကား အောင်ကျော်ဇံဦး။ ထန်းလျက် စားပြီးနောက် မအေနို့ကို စို့သည်။ နို့ရည်မှာ မချိုမြိန်တော့ပြီ။ သည်နည်းဖြင့် ငဟစ်ကြီးသည် အလိုလို နေရင်း နို့ ပြတ်ခဲ့သည်။ နို့ပြတ်ချိန်မှစပြီး ထန်းလျက် ပျော့သည် ဖြစ်စေ၊ မာသည် ဖြစ်စေ လက်ထဲတွင် ကိုင်အိပ်သူ။ သည်ထန်းလျက်ကြောင့် ထင်သည်၊ သူ့ကိုယ်တွင် ပေါက်သော မိတ်မှာ အခြားသူများနှင့် မတူ။ အလုံးကြီးသည်။ ရွေးကလေးရွယ်လည်း ပါသည်။ ရွေးကြီးစေ့ ရွယ်လည်းပါသည်။ သည်မြစ်ကို ကြည့်ပြီး ရီးကျီးဒန် စိတ်မသက်သာ။
“ဘာလိုလိုနဲ့ ငါတို့မှာ မြစ်ချည်း တစ်ကျိပ် ပြည့်ပါပေါ့လား”
ရီးဆေးရိုးက သူ့ကိုယ်ကို ပုဆိုးစုတ်ဖြင့် ယပ်ခတ်ရင်း လှမ်းပြောသည်။
“ဒါတောင် လူကုန် အိမ်ထောင်မကျသေးလို့။ ကျပြီးသူတွေကလည်း အကုန် မမွေးသေးလို့”
ရီးဆေးရိုး သဲ့သဲ့ပြုံးသည်။
“နေပူရတဲ့အထဲ သံယောဇဉ်မီးက ပိုပူတော့ ညည်းလည်း ချွေးပြိုက်ပြိုက်ကျပါပေါ့လားဟေ့”
ရီးဆေးရိုးက အသံထွက်ပြီး ရယ်သောအခါ ရီးကျီးဒန်လည်း ရှက်ပြုံး ပြုံးရ၏။ သူသည် သူ့ကိုယ်ကို ယပ်မခတ်အား။ လိမ့်ပျံနေသော မြစ်တွေကို ယပ်ခတ်နေရသဖြင့် ချွေးတလုံးလုံး ဖြစ်နေသည်။ သို့ အတွက် ရှက်ပြုံး ပြုံးရသည်။
“ဟုတ်ပါ့တော်၊ အဲသလို သံယောဇဉ်အမျှင်တန်းမှာကြောက်လို့ ခေါက်ထစ်လွှတ် ရိုက်လွှတ်တဲ့ ကြားထဲက”
မြေးများသည် မျက်စိနှစ်လုံး ပွင့်သည်နှင့် တစ်ပြိုင်နက်တည်း အဘိုးအဘွားအိမ်သို့ ပြေးလေ့ရှိသည်။ ယခု မြစ်များသည်လည်း သည်အတိုင်းပင် ဖြစ်သည်။ လင်းလျှင် လင်းချင်း ဘေးနှင့် ဘေးမကြီးထံ ပြေးလာကြသည်သာ။
“ညည်းက ကြိုးစားပမ်းစား ဆဲတာဆိုတာ ရိုက်မောင်းပုတ်မောင်းလုပ်တာကိုချည်း သတိရနေတာကိုး အေ့။ မောင်မောင် ဘဘ ချော့မော့ယုယတာကျတော့ မေ့ထားသမဟုတ်လား။ ငေါက်ငမ်းရိုက်ပုတ်တာက နည်းပြီး ယုယတာက များနေလို့ ညည်းအိမ်မှာ အခုလို လူစည်ကားနေတာ”
“မသိပါဘူးတော်၊ အင်းလေ... ဟုတ်မှာပါပဲ”
ပြောနေစဉ်တွင် မေကြည်၏သား သူရထွန်းသည် ကုန်းထ၏။ ထသော်ငြား မျက်လုံးမဖွင့်။ ကျောပြင်ကို မမီတမီ ကုတ်၏။ ချွေးရှိသော နေရာကို ကုတ်မိလျှင် အနီစင်းကြီးထင်၏။ ချွေးမရှိသော နေရာမှာသော် အဖြူစင်းကြီး ဖြစ်ကျန်ခဲ့၏။ ထိုမျှ ကုတ်ပါလျက် ကုတ်လိုရာ နေရာသို့ ရောက်ဟန်မတူ။
“ယားယယ် ယားယယ်”
“ယားရင် နင့်အိမ် နင် ပြန်ပါလားဟဲ့”
ရီးကျီးဒန်သည် ထိုင်နေရာမှ မရွှေ့ဘဲ ပြော၏။
“ယားယယ် ယားယား”
အသံပြာလဲ့လဲ့ကြီးဖြင့် ကုန်းအော်သောအခါ ချွေး တလုံးလုံးနှင့် အိပ်ပျော်နေသော အခြားကလေးတွေ လူးလွန့်လာ၏။ ထိုကလေးတွေပါ စုပြုံအော်လျှင် အရပ် ပျက်တော့မည်။ သို့အတွက် ရီးကျီးဒန် ငေါက်သည်။
“နင့်အိမ် နင် ပြန်ပြီး ယားချေ၊ နင့်အိမ် နင်ပြန်ပြီး အော်ချေ။ သည့်ပြင်ကလေးတွေ အိပ်ကောင်းခြင်း အိပ်ပါစေတော့လား”
ထိုအခါ သူရထွန်းသည် လေးဖက်ထောက် ထလာကာ ဘေးမ၏ ပေါင်ပေါ်သို့ ခေါင်းထိုးပြီး အိပ်လိုက်လေ၏။ ဘေးမကြီးမနေနိုင်။ အသာအယာ ပွတ်ပေးရတော့၏။ ဤသည်ကို အိပ်ချင်ယောင် ဆောင်နေသော ကလေး တစ်ယောက်က မျက်လုံးဖွင့်ကာ ခေါင်းငဲ့ကြည့်၏။ ငတက်ပြားမ၏ သမီး ရွှေရည်ဝင်း ဖြစ်သည်။ သူ မျက်စိဖွင့်သည်ကို ရီးဆေးရိုး မြင်လိုက်၏။ လူရည်လည်ပုံ၊ ပါးနပ်ပုံမှာ မအေထက် ပို၏။ မည်သို့ လုပ်မည်နည်းဟု ဘေးကြီး စောင့်ကြည့်သည်။ ရွှေရည်ဝင်းသည် အိပ်ပျော်နေရာက လူးလှိမ့်ဟန်မျိုး လုပ်သည်။ လှိမ့်ရင်းလှိမ့်ရင်း ဘေးမ နားသို့ ရောက်လာသည်။ နောက်တစ်လှိမ့် ထပ်လှိမ့်ပြန်ရာ ဘေးမကြီး၏ ခြေထောက်နှင့် ခေါင်းနှင့် တိုးမိလေတော့၏။ ရီးဆေးရိုး နှစ်ခြိုက်စွာ ပြုံး၏။
ဥသြတွန်သံသည် ထန်းတောမှ လွင့်ပျံလာ၏။ ပူသော်လည်း သည်အသံကို သာယာသည် ထင်မိ၏။ ထပ်၍ တွန်ကျူးပါဦး တမ်းတဆဲ၌ ဝင်လာသောအသံ မှာ ပန်းထိမ်ငှက်။ များများစားစားလည်း မမြည်။ တစ်လုံးတည်း မြည်ပါလျက် ပို၍ ပူလောင်သည် ထင်၏။
“ယား ယား၊ မေကြီး ယား”
“ဟော ဘယ်အချိန် ရောက်လာပါလိမ့်”
ရီးကျီးဒန်မှာ ရွှေရည်ဝင်း အသံပေးမှ သတိထားမိ၏။ ပြောပြောဆိုဆို အားနေသော အခြား လက်တစ်ဖက်ဖြင့် ပွတ်ပေးသည်။
“ညည့်မှာ လက်သုံးဖက် ရှိရင် တတိယလက်နဲ့ ယပ်တောင် ကိုင်မှာပဲနော်”
ရီးဆေးရိုးက မနေနိုင် မထိုင်နိုင် သရော်၏။
“ဟုတ်သတော်၊ ကျုပ်မလည်း ဝဋ်ပဲ ထင်ပါရဲ့”
ပြောရာက ယပ်တောင်ကို ကောက်ကိုင်၏။ အခြား မြေးများကို လှမ်းပြီး ယပ်ခတ်သည်။
“အင်း... မိုးတစ်ပြိုက်လောက် ရွာဖို့ ကောင်းပြီ။ သည်အတိုင်းသာဆိုရင် ငဟစ်ကြီး ခက်မယ်။ ဝက်သက်ပေါက်မှာ၊ ဂျိုက်သိုးပေါက်မှာ စိုးရိမ်ရတယ်”
“ခက်တော့တာပဲ၊ သည်ကလေးဟာ အသားတွေ စုတ်ကုန်တော့မှာပဲ”
ရီးကျီးဒန် ညည်းတွားရာက ဆီးကြိုပြီး ကျောကို ပါးစပ်ဖြင့် မှုတ်ပေးရင်း လက်ဖြင့် ပွတ်ပေးသည်။ ပါးစပ်ဖြင့် မှုတ်ပေးခြင်းမှာ ယပ်ခတ်ရန် လက် မအားသောကြောင့် ဖြစ်၏။
ရီးဆေးရိုးသည် နံနက်လင်းလျှင် လင်းချင်း အိမ်အောက်မြေပြင်ကို ရေဖျန်းထားသည်။ ခပ်ထပ်ထပ် ရှိသောအခါ အမှိုက်လှည်းသည်။ နေ့စဉ်ဆောင်ရွက်ထားသဖြင့် အိမ်အောက် မြေပြင်သည် ပြောင်တင်း ရှင်းသန့်၏။ အအေးဓာတ်လည်း ရ၏။ ကလေးတွေ လာ စုနေခြင်းမှာ သည်အချက်လည်း တစ်ချက်ပါ၏။
ကလေးတွေ စုရုံး ရောက်လာလျှင် ဘေးထီးနှင့် ဘေးမတို့ မနေနိုင်ပြီ။ ရှိရှိသမျှ ဖျာကြမ်းဖျာစုတ်တွေ ချပြီး စပ်ဟပ် ခင်းပေးရတော့သည်။ မြစ်များသည် တလင်းအေးပေါ်က နှီးကြောဖျာပေါ်တွင် ဆော့ရင်း လှောင်ရင်း လူးလှိမ့်ရင်း အိပ်ကြ၏။ ငဟစ်ကြီး အိပ်ပျော်သွားသဖြင့် ရီးကျီးဒန် နားခွင့်ရ၏။ နားခွင့် ရသောအခါ ယင် တလှောင်းလှောင်းကို သတိထား မိသည်။ ယင်ကို ဖိတ်ခေါ်သူမှာ ငဟစ်ကြီး။ သူ့လက်ထဲတွင် ထန်းလျက်ခဲ ရှိသည်။ သွားရည် စိုထားသဖြင့် တစ်ပိုင်း ပျော်နေပြီ။ ယင်များ ခဲနေမည်းနေ၏။ ထို ထန်းလျက်ခဲကို ရီးကျီးဒန် ဖယ်ရှားချင်သည်။ သူ့ လက်ထဲမှ ထန်းလျက် လွတ်လျှင် ထအော်ချေမည်။ ယင်နားစာသည် မကောင်းဟု ရီးကျီးဒန် သိသည်။ မည်သို့ လုပ်ရပါမည်နည်း။ ထိုထန်းလျက်ကို အကြောင်းပြုပြီး လာသော ယင်သည် အခြားကလေးတွေကိုလည်း ပါးစပ်နှိုက်၊ မျက်လုံးနှိုက်ဖြင့်။ ထန်း လျက်ကို ရီးကျီးဒန် အာရုံစိုက်နေဆဲ၌ ကလေးတစ် ယောက်သည် ဖျာပေါ်မှ မြေကြီးပေါ်သို့ ရောက်သွား၏။ ပြုံးရည်ငယ် ဖြစ်သည်။ ခင်မောင်ငြိမ်း၏ သမီး။
“ဟဲ့... ကလေးလေး၊ ဟိုဘက် တိုးစမ်း”
ရီးကျီးဒန် ထပြီး တွန်းသည်။ ကလေးမှာ ဖျာပေါ် ထက် ကောင်းသော နေရာတွင် အိပ်မောကျနေပြီ။ ရီးကျီးဒန်သည် တွန်း၍ မရသောကြောင့် သစ်တုံးလှိမ့်နည်းဖြင့် လှိမ့်၏။ သည်မျှကလေး လုပ်သည်ကိုပင် ချွေးဖြိုင်ဖြိုင် စီး၏။ တဖြန်းဖြန်း မြည်အောင် ယပ်ခတ်မှ သက်သာ၏။
ရီးဆေးရိုး ခေါင်းကို ညိတ်၏။
“ကျီးဒန် ကျီးဒန်၊ အင်း… ဒုက္ခမသေးပါကလား”
မောင်းသံ ကြားရ၏။
ရီးဆေးရိုး အိမ်အောက်မှ ငုံ့ထွက်၏။ သူ နားစွင့်နေခဲ့သည်မှာ ကြာပြီ။ မောင်းသံကြားမှ မီးမွှေးရမည် ဆိုထားသဖြင့် ‘မီးဖိုကျင်း’ ထဲသို့ အပြေးအလွှား ဆင်းခဲ့သည်။ အသင့်ပြင်ထားသည့် မီးစာများကို ရှို့မြိုက်သည်။ ရေနွေးအိုး တည်သည်။
ရေများ ရွှဲအိုင်စိမ့်ထွက်နေသော ‘သဲကြမ်းအိုး’ ရေသည် အေး၏။ နွေကာလနှင့် သင့်လျော်၏ ပြာသိုလတွင် လုပ်လျှင် ပိုအေးသည် ဆို၏။ ရီးကျီးဒန် သန်မာစဉ်က တစ်ဆောင်းလုံး မနားရအောင် လုပ်ရသည့် အိုး။ သို့သော် သည်ရေအေးကို ရီးဆေးရိုး ခံတွင်း မတွေ့။ နေပူပူတွင် ချွေးတလုံးလုံးဖြင့် မှုတ်သောက်ရသော ရေနွေးကြမ်းမှ အာဂ အရသာ။ သို့ကြောင့် အပြေးအလွှား မီးမွှေးကာ ကမန်းကတန်း ရေနွေးအိုး တည်ခြင်းဖြစ်၏။
ရီးဆေးရိုး မူလနေရာသို့ ပြန်ထိုင်ချိန်ဝယ် ရီးကျီးဒန်သည် ငဟစ်ကြီး၏ ဘေးသို့ ရောက်နေ၏။ ငဟစ်ကြီး၏ ထန်းလျက်သည် ရီးကျီးဒန်အား အနှောင့်အယှက် ပေးနေသည်။
သည်ထန်းလျက်ကို ဖယ်ပစ်မှ ဖြစ်မည်။ သို့ဖြစ်သဖြင့် အိပ်ပျော်နေသော ငဟစ်ကြီး လက်ထဲမှ ထန်းလျက်ကို အသာအယာ ဆွဲယူ၏။ ပါလာ၏။ သူ့ လက်ထဲမှ လွတ်တော့မည် ရှိသည်တွင် လက်ညှိုးနှင့် လက်မက ဆတ်ခနဲ ညှပ်ထား၏။ ရီးကျီးဒန် စိတ်ရှည်လက်ရှည် စောင့်နေပြီးမှ မြေကြီးခဲ တစ်ခဲကို အိမ်တိုင် ဘေးမှ လှမ်းယူသည်။ ထန်းလျက်ခဲကို ဆတ်ခနဲ ဆွဲယူပြီး မြေကြီးခဲကို လက်မ လက်ညှိုးကြားတွင် ထည့်ထားလိုက်လေ၏။
ငဟစ်ကြီး၏ ထန်းလျက်ကို ပြောင်းဖူးဖက်ဖြင့် ထုပ်ကာ ဆင့်ဝါးကြား ညှပ်ထားလိုက်ရသဖြင့် ရီးကျီးဒန် ကျေနပ်၏။ သို့သော် စိုးရိမ်စိတ်က ဝင်လာသည်။ သည်မြေကြီးခဲကို အိပ်မှုန်စုံမွှားနဲ့ ထန်းလျက် မှတ်ပြီး ပါးစပ်ထဲ ထည့်ရင်...
ရီးကျီးဒန် ထိတ်ထိတ်ပျာပျာဖြစ်၏။ ‘ဘယ်လို လုပ်ရပါ့’ တွေး၏။ ချက်ချင်းပင် အကြံရကာ ကျောက်ခဲတစ်လုံး ပြေးကောက်၏။ ကလေးတွေ ဇယ်ခတ်သော ကျောက်ခဲ။ သည်ကျောက်ခဲကို ကောက်ယူ လာပြီးခါမှ မဖြစ်သေးပါဘူး၊ ကျောက်ခဲက သေးတော့ လည်ချောင်းထဲ ကျသွားမှဖြင့် အတွေး ဝင်လာ၏။ ကျောက်ခဲပြားပြား ရှည်ရှည်ကို ရွေးယူလာရသည်။ မြေကြီးခဲကို ငဟစ်ကြီး မနိုးအောင် အသာအယာ ဆွဲယူပြီးမှ ကျောက်ခဲကို လက်ထဲ၌ ထည့်ထားပစ်ခဲ့သည်။ ရီးဆေးရိုးသည် ကြည့်ရုံသာ ကြည့်၏။ မပြောတော့ပါ။ သည်နှယ် မပြောဘဲနေခြင်းကို ရီးကျီးဒန် မကြိုက်။ မလုံမလဲ ဖြစ်သည်။
“တော်က ဘာကြည့်တာတုံး”
ရီးဆေးရိုး သရော်ပြုံး ပြုံး၏။ လမ်းဘက်မှ လေပြင်းတစ်ချက် မွှေ့ယမ်းဝင်ရောက်လာသည်။ ဖုန်တွေ အမှိုက်တွေပါငြား အေးသည်။ ယင်ကောင်တွေလည်း လွင့်ပါးသွား၏။
“ရေနွေးအိုး ဆူနေပြီလေ”
“အေးပါ၊ ကျက်အောင် စောင့်နေတာပါ”
သည်စကားမှာ လက်ဖက်ရည်ကြမ်း ကြိုက်သူများ ပြောလေ့ရှိသော စကားဖြစ်၏။ ထိုအခါ ရီးကျီးဒန်သည် သစ်တုံးများ စီထားသည်သို့ အိပ်နေသော မြစ်များကို တစ်ချက် လှမ်းကြည့်ပြီး အိမ်ပေါ်သို့ တက်သွား၏။ ပလုံးတောင်း တစ်ခု၊ ယောက်မ တစ်ချောင်း၊ အိုးတစ်လုံး ဆွဲလျက် ဆင်းလာသည်။ ခဏအကြာတွင် အိုးထဲတွင် သစ်သားယောက်မ လှည့်ပတ်ပြေးလွှားသံ ဆူညံစွာပေါ်လာ၏။ မကြာပါချေ။ အပူဒဏ် မခံနိုင်သည့် ပြောင်းဖူးစေ့များ အော်ဟစ်ပေါက်ပွင့် ကြပြီ။ သူ စားရန် မဟုတ်။ သူ့တွင် သွားမရှိတော့ပါ။ မြစ်တွေအတွက် အဆာပြေ ပြောင်းဖူးပေါက်ပေါက် ပွင့်ဖောက်နေခြင်း ဖြစ်သည်။
သည်ပေါက်ပေါက်ကို အလယ်မှာ ထားပြီး မြစ်တွေ တရုန်းရုန်း သွားဖုံးနီကြီး တပြုံးပြုံးဖြင့် မကြာမီ လုပ်တော့မည်ကို ရီးဆေးရိုး မြင်ယောင်၏။ သံယောဇဉ်မီး ဖြစ်မည့် အရာများကို အသိတရားက မုန်းကြည့်သော်ငြား နှလုံးသားက လက်မခံ။ မေတ္တာနှောင်ကြိုးများသည် တွယ်မိတွယ်ရာ ခြေကျင်းဝတ်ကို ပတ်၏။ လက်ကောက်ဝတ်ကို ရစ်၏။ ထိုမှတစ်ဆင့် လည်ပင်းကို ပတ်၏။ ချွေးတလုံးလုံးဖြင့် ပြောင်းဖူးပေါက်ပေါက် လှော်နေသော ခေါင်းဖြူစွယ်ကျိုးကို တစ်လှည့်၊ လိမ့်ပျံနေသော မြစ်များကို တစ်လှည့် ရီးဆေးရိုး ကြည့်ရာက အသံထွက်အောင် ရယ်မောနေမိလေတော့၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
အေးရိပ်မှ အပြန်
❝ အေးရိပ်မှ အပြန် ❞
( ဥဩ - ချယ်ရီမြေ )
၁။
ဆယ်စုနှစ် နှစ်ခုနီးပါး အိပ်စက်ခဲ့ဖူးသော အိပ်ရာသည် မနက်နိုးချိန်မှာ စိမ်းနေသလိုလို၊ သို့သော် နွေးထွေးလုံခြုံလှပေသည်။ အမေ့အိမ်သို့ မရောက်ဖြစ်ခဲ့သည်မှာ သုံးနှစ်ခန့် ရှိခဲ့ပြီလေ။ မနက် ငါးနာရီခန့် အချိန်သည် အလင်းကွဲစအချိန် ဖြစ်သော်လည်း ပြတင်းတံခါးများ ပိတ်ထားသည်မို့ အိမ်လေးထဲတွင် မှောင်နေခဲ့သည်။ ဧည့်ခန်းလည်းဖြစ်၊ ဘုရားခန်းလည်းဖြစ်၊ ထမင်းစားခန်းလည်းဖြစ်၊ အိပ်ခန်းလည်းဖြစ်သော စွယ်စုံသုံး အခန်းလေး၏ ဘုရားစင်ရှေ့တွင် ဘုရားရှိခိုးရန် အမေ ပြင်ဆင်နေခဲ့ သည်။ ဘုရားစင်သည် အမေ ထွန်းညှိပူဇော်ထားသော ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်ရနံ့များဖြင့် သန့်ရှင်းမွှေးကြိုင်လျက် သပ္ပာယ်စရာကောင်းနေခဲ့သည်။
အမေ့အိမ်သို့ ရောက်မှ လွတ်လွတ်လပ်လပ် ပျင်းခွင့် ရသောကျွန်တော်သည် အိပ်ရာကမထသေးဘဲ အမေ့ဘုရားရှိခိုးသံကို နားထောင်ခဲ့သည်။ မနက်လေးနာရီ ကျော်ကျော်လောက်ကတည်းက အမေ နိုးနေတာဖြစ်မည်။ ထမင်းချက်မည်၊ ဟင်းနွေးမည်။ ပြီးလျှင် အဖေ၊ ညီမလေးနှင့် ကျွန်တော် အိပ်ရာထပါက စားနိုင်ဖို့ ထမင်းကြော်မည်။ ပြီးနောက် နေ့စဉ် နံနက်တိုင်း၊ ညတိုင်း မပျက် ပြုနေကျဖြစ်သည့် ဘုရားရှိခိုးမည်ဟူသော အမေ့လုပ်ငန်းစဉ်များကို အလွတ် ရနေခဲ့သည်။ အမေသည် မိသားစုထဲတွင် အလုပ်အလုပ်ဆုံးသူ ဖြစ်သည်။ မနက်မှာ အစောဆုံး ထသူ ဖြစ်ပြီး ညမှာလည်း အားလုံး အိပ်ရာဝင်မှ အိပ်တတ်သူ ဖြစ်သည်။
အသက် ခုနစ်ဆယ်နား ကပ်လာခဲ့သည့် အမေသည် အဆက်မပြတ် အလုပ်လုပ်နေခဲ့ခြင်းကြောင့် ကျန်းမာနေဟန်ရှိသည်။ ငယ်ငယ်တုန်းကထက် အတန်ငယ် ဝ,လာခဲ့သော်လည်း ပြည့်သည် ဆိုရုံမျှသာ။ အမေ အပျိုတုန်းက အသားဖြူဖြူနှင့် မိန်းမချောဖြစ်ကြောင်း ဓာတ်ပုံထဲမှာ မြင်ဖူးသည်။ ရန်ကုန်သူ အမေသည် ခြံထဲမှာ တောသူမတစ်ယောက်လို စိုက်ပျိုးလုပ်ကိုင်ရင်း အသားအရေက ညိုလာခဲ့သည်။ ငါးပေကျော် ရုံမျှသာရှိသော အမေ့ အရပ်က ပုသည်ဟု ဆိုနိုင်သည်။ အမေ့ လက်မှ သစ်ပင်အမြစ်များနှယ် ပါးပျဉ်းထ,နေခဲ့သော အကြောများက အမေ့၏ လက်ကြောတင်းမှုကို ဖော်ပြနေခဲ့ကြသည်။ တစ်နေကုန် ဈေးဝယ်၊ ချက်ပြုတ်၊ ဆေးကြော၊ လျှော်ဖွပ်၊ စိုက်ပျိုးရင်းဖြင့် အမေ့၏ ဆယ်စုနှစ်များသည် ကျွန်တော်တို့ မိသားစုအတွက် ကုန်ဆုံးလာခဲ့သည်။
အလုပ်ကိစ္စဖြင့် လာရင်း ပြန်ဖြစ်သော အမေ့အိမ်လေးသည် ယခင်ကလို ဓနိမိုး၊ ထရံကာ တဲအိမ်သာသာ အိမ်လေး မဟုတ်တော့ပေ။ ဝန်ထမ်းလစာလေးကို ဖျစ်ညှစ်စု၊ သမဝါယမ ငွေစုငွေချေးအသင်းမှ ငွေချေးပြီး အဘွား ထောက်ပံ့သည့် ငွေကြေးတချို့ဖြင့် ပေါင်းစပ်လျက် ဖြစ်တည်လာခဲ့ရသည့် လွန်ခဲ့သော ဆယ်စုနှစ်လေးခုခန့်က လယ်ကွင်းအစပ်မှ ခြံလေးသည် အမေ၏ စိုက်ပျိုးမှုကြောင့် သီးပင်စားပင်စုံလင်လျက် သန့်ရှင်းသပ်ရပ်နေခဲ့သော ခြံလေး ဖြစ်ခဲ့ပေပြီ။ အမေ့အိမ်လေးသည်လည်း ရေနံချေးဝ နေခဲ့သော သစ်သားအိမ်တစ်ပိုင်း ဖြစ်ခဲ့ပေပြီ။ ယခင်တုန်းက နှစ်နှစ်တစ်ခါလောက် လဲနိုင်ရန် စိတ်ပူနေရသော ဓနိအမိုးများနေရာ၌ သွပ်မိုးများက ရောက်နေခဲ့ပေပြီ။ သို့သော် အမေ့အိမ်လေးသည် ပတ်ဝန်းကျင်ရှိ အိမ် များထဲတွင် အကျုံလှီဆုံး အိမ်လေး တစ်အိမ်သာ ဖြစ်နေတုန်း ဖြစ်သည်။
“အောင်အောင် မထသေးဘူးလား”
အမေ့ အသံကြောင့် ကျွန်တော် တွေးလက်စအတွေးများ ရပ်တန့်သွားကြသည်။ ကျွန်တော် ပြန်မဖြေခင် အိမ်ရှေ့အပေါက်ဝမှာ စာထိုင်ဖတ်နေသည့် အဖေက ...
“အိပ်ပါစေကွာ၊ တစ်ခါတလေ လာတုန်းလေး” ဟု ဝင်ပြောသည်။
“ထမင်းကြော်တွေ အေးသွားမှာစိုးလို့” ဟု အမေက ရှင်းပြသည်။ အဖေနှင့် အမေ၏ ရိုးရှင်းသော စကားသံများထဲတွင် ချစ်ခြင်းတရားများ ပျော်ဝင်နေကြသည်ကို ခံစားမိသည်။ အမေ့အိမ်လေးထဲတွင် မေတ္တာ၏ အရိပ်အောက်၌ ကျွန်တော် ကလေးလေး တစ်ယောက် ဖြစ်သွားခဲ့သည်။
“ဟုတ်၊ ထပါပြီ အမေ” ဟု ဖြေကာ ထ,လိုက်သည်။ အိမ်သာသွားပြီး ပြန်လာတော့ ညီမလေးက ခြင်ထောင်နှင့် အိပ်ရာများကို ဖြုတ်သိမ်းပြီးခဲ့ပြီ။ ကျွန်တော် မျက်နှာသစ်ရန် အိမ်ရှေ့ခြံထဲသို့ ဆင်းလာခဲ့သည်။ ရာဝင်စဉ့်အိုးကြီးများ၊ ရေတိုင်ကီများသည် ကျွန်တော် ငယ်ငယ်ကတည်းက ရှိနေခဲ့သည်။ ရေတိုင်ကီထဲမှ ရေတစ်ခွက်ကို ခပ်ကာ မျက်နှာသစ်သည်။ မျက်နှာသစ်နေရင်း အိမ်ရှေ့ပြတင်း ပေါက်တည့်တည့်မှ မာလကာပင်မှာ အစာ စားနေကြသည့် ငှက်ကလေးများကို ကြည့်မိသည်။ မာလကာပင်၌ စာငှက်ကလေးများ အလုအယက် အစာစားနေကြသည်။ အမေ ချိတ်ဆွဲပေးထားသည့် ပန်းကန်ပြားထဲမှ ထမင်းစေ့လေးများကို စားနေကြသည့် ငှက်ကလေးများကို ကြည့်ရင်း ငယ်ငယ်တုန်းက မာလကာပင်ပေါ် တက်ကာ မာလကာသီး ခူးစားခဲ့ပုံများကို အမှတ်ရမိသည်။ ထိုမာလကာပင်မှ သီးသော မာလကာသီးများသည် အူနီသီးများဖြစ်ကာ ချိုလှသည်။ တွေးရင်းနှင့် မာလကာသီး စားချင်စိတ်ပင် ပေါက်သွားမိသည်။
“အောင်အောင် မျက်နှာသစ်တာ မပြီးသေးဘူးလား” ဟူသော အမေ့အသံ ကြားမှ သူ့အတွေးကို ကပျာကယာ ဖြတ်ပစ်ရသည်။ အမေသည် နံနက်စောစော ဆွမ်းခံကြွလာသည့် ကိုရင်တစ်ပါးကို ဆွမ်းလောင်းရင်း ကျွန်တော့်ကို လှမ်းပြောလိုက်ခြင်းဖြစ်သည်။ မျက်နှာသစ်ပြီး အိမ်ပေါ် တက်လာသည့်အခါ ထမင်း စားပွဲ ပြင်ပြီးနေပြီ ဖြစ်သည်။ ထမင်းစားပွဲမှာ အဖေရယ်၊ ကျွန်တော်ရယ်၊ ညီမလေးရယ် ထိုင်ပြီးသော်လည်း အမေ ရောက်မလာသေးပေ။ ငယ်ငယ်ကတည်းက မိသားစု ထမင်းဝိုင်းမှာ အမေက စားပွဲထိုးလုပ်ပေးနေကျ ဖြစ်သည်။ ယခင်တုန်းကတော့ ဤစားပွဲခုံလေးမှာ မောင်နှမသုံးယောက်ရယ်၊ အဖေရယ်၊ အမေရယ် မိသားစု စုံညီခဲ့သည်။ ယခုတော့ ညီလေးက မရှိ။ သင်္ဘောလိုက်နေတာမို့ နိုင်ငံရပ်ခြား ရောက်နေခဲ့ပေပြီ။ အကယ်၍ ညီလေးသာ မြန်မာနိုင်ငံမှာ ရှိနေပါကလည်း မိသားစု ငါးယောက် အတူ ဆုံစည်းနိုင်ဖို့က မလွယ်ကူလှပေ။ ကျွန်တော်နှင့် ညီလေးက ကိုယ့်အိုးကိုယ့်အိမ်နှင့် ဖြစ်နေခဲ့ကြသည့်အတွက် မိသားစု ငါးယောက် ဆုံစည်းရန် ခက်ခဲလွန်းလှသည်။
“အမေရော မစားသေးဘူးလား”
“အေးလေ မရွှေရာ၊ မင်းအလုပ်တွေ ထားခဲ့စမ်းပါ။ သားလာတုန်းလေး လာစားစမ်းပါ”
“တော်တို့ သားအဖတွေပဲ စားကြပါတော်၊ ကျုပ်က မနက်က ချက်ပြုတ်ရင်း ထမင်းကြမ်း စားပြီးပြီ။ ဒီမှာ အလုပ် လုပ်နေလို့”
“မင်းက ဘာလုပ်နေလို့လဲ”
အဖေ၏ စကားသံ အဆုံးတွင် အမေ့ဆီမှ ချက်ချင်းစကားပြန်မလာ။ ခဏနေမှ ...
“ဒီမှာ မိကျားတို့ တစ်တွေကို အစာကျွေးဖို့ လုပ်နေတာ” ဟုပြန်ဖြေသည်။ အမေ့ စကားသံ ကြားမှ ထမင်းစားနေရင်း အမေ့အိမ်အောက် ခွေး တစ်အုပ်တစ်မကြီးကို သတိရသွားခဲ့သည်။ အမေက မွေးထားသည် ဆိုခြင်းထက် ခွေးတွေက အမေ့မေတ္တာအောက်မှာ လာရောက်နေထိုင်ကြခြင်း ဖြစ်သည်။ ဘယ်က ရောက်လာမှန်း မသိသော ခွေးတို့သည် အမေ့အိမ်၌ ပေါင်းစုနေကြသည်။ အိမ်မှာ အမြဲတမ်း နေကြသည့် ခွေးတွေရှိသလို အစာကျွေးမှ ရောက်လာကြသည့် ခွေးတွေလည်း ရှိသည်။ အမေကတော့ ဘယ်လို ခွေးမျိုးကိုမှ မခွဲခြားဘဲ အစာချ ကျွေးတတ်သည်။
“အမေက ခွေးတော်တော် ချစ်တယ်နော်” ဟု ကျွန် တော် ပြောမိသည်။ ညီမလေးက အမေ ခွေးချစ်ရခြင်း အကြောင်းနှင့် အိမ်ကို လာသမျှ ခွေးများအား အစာကျွေးရခြင်းအကြောင်းကိုရှင်းပြသည်။ ညီမလေး၏ စကားသံများက ကျွန်တော့်နားထဲမှာ စွဲမြဲနေခဲ့ကြသည်။
နံနက်စာအတွက် ကျွန်တော့် အမက်ဆုံး အစားအစာက စားတော်ပဲပြုတ်၊ ကြာညို့တို့ဖြင့် ကြော်ထားသည့် မြန်မာထမင်းကြော် ဖြစ်သည်။ အနှစ်နှစ်အလလ စားချင်နေခဲ့မိသည့် အမေ့လက်ရာ ထမင်းကြော်ကို အားရပါးရ စားခွင့်ရခဲ့ချေပြီ။ အမှန်အတိုင်း ပြောရလျှင် ထမင်းကြော် မစားရသည့် ကာလပင် အတန် ကြာခဲ့ပြီ။ ကျွန်တော် နေထိုင်ရာ တောင်ပေါ် မြို့လေးမှာ ထမင်းကြော် ဆိုင်ထက် ရှမ်းခေါက်ဆွဲဆိုင်က ပိုများသည်။ လက်ဖက်ရည်ဆိုင် တချို့မှာသာ ထမင်းကြော် ရနိုင်သည်။ လက်ဖက် ရည်ဆိုင်လည်း မထိုင်ဖြစ်သည့်အတွက် ကျွန်တော့်မှာ မနက်တိုင်း မုန့်တစ်မျိုးမျိုး သို့မဟုတ် ရယ်ဒီမိတ် စားစရာ တစ်မျိုးမျိုးဖြင့်သာ နံနက်စာ ပြီးခဲ့ရသည်။ ယခုတော့ ကျွန်တော် လွမ်းနေခဲ့ရသည့် ကြာညိုနံ့သင်းသော အမေ့ လက်ရာ ထမင်းကြော်ကို စားခွင့် ရခဲ့ပြီ။
ထမင်းဝိုင်းထဲ မှ ငါးပတ်မွှေ၊ ကြက်ဥကြော်၊ ငံပြာရည်ကြော်နှင့် ဟင်းများကလည်း အရသာ ထူးကဲလှပါသည်။ ကျွန်တော်၊ အဖေနှင့် ညီမလေးတို့ သုံးယောက်သား ခေါင်းမဖော်တမ်း မြိန်ရေရှက်ရေ စားသောက်နေကြသည်။ စားနေရင်းမှ အဖေ က ..
“ရွှေဘုန်းလေးရော ထွားလာပြီလား” ဟု မေးသဖြင့် စားလက်စ ထမင်းလုတ်ကို မျိုချပစ်လိုက်သည်။ ပြီးမှ ...
“ဟုတ်အဖေ၊ အဖေ့မြေးက လည်နေပြီ။ အဆော့လည်း တအား မက်တယ်”
“ကလေးပဲကွာ ဆော့မှာပေါ့။ မင်းရော အလုပ် အဆင်ပြေရဲ့လား”
“ဟုတ် ပြေပါတယ် အဖေ” ဟု ထမင်းကြော် အစား ရပ်ကာ စကားဆက်နေမိကြသည်။ အဖေ့ကို ကြည့်ရတာ အရင်ကထက် အနည်းငယ် ပိန်သွားသည်ဟု ထင်မိသည်။ ခေါင်းတစ်ခုလုံး ဖွေးဖွေးဖြူ နေခဲ့ပြီ။ အဖေ၏ လက်များသည်လည်း အမေ့လက်များ ကဲ့သို့ပင် အကြောထောင်ထလျက် ရှိနေခဲ့သည်။ အဖေသည် ခါးကိုင်းစ ပြုလာခဲ့ပေပြီ။ အဖေ့ပါးသည် အရင်လို တင်းတင်းရင်းရင်း မရှိတော့။ အသက်ခုနစ်ဆယ်နား ကပ် လာခဲ့ပြီပဲလေ။ သို့သော် အဖေ၏ စကားသံသည် မေတ္တာ ကြောင့် နူးညံ့နေခဲ့ပေမဲ့ ဖျော့တော့မသွား၊ မာချာဆဲ ဖြစ်သည်။ စာဖတ်နာသော အဖေသည် ဘဝနာသော အသိ အမြင်များပါ ထပ်မံပေါင်းစပ် လိုက်သောအခါ အသိဉာဏ် ရင့်သန်လှသူတစ်ယောက် ဖြစ်ခဲ့သည်။ အမေ့ထံမှ ကျွန်တော် မရခဲ့သော အမွေသည် စနစ်တကျရှိမှုနှင့် သန့်ရှင်းသပ်ရပ်မှုဖြစ်သည်။ သို့သော် ကံကောင်းသည်က အဖေ့ထံမှ အမွေကောင်း ကိုတော့ ကျွန်တော် ဆက်ခံရသည်။ ထိုအမွေက စာဖတ်ဝါသနာပါခြင်း ဖြစ်သည်။
အဖေသည် ယခုတိုင်အောင် အမေနှင့် ညီမလေး အပါအဝင် မိသားစုသုံးယောက်၏ တာဝန်ကို ယူထားရဆဲဖြစ်သည်။ မိသားစု သုံးယောက် အတွက် မိုင်လေးဆယ်ကျော် ဝေးသော ရန်ကုန်မြို့ရှိ ကုမ္ပဏီ သို့ စာရင်းစစ်အလုပ် လုပ်ရန် အလုပ်သွားနေရတုန်းဖြစ်သည်။ ဆယ်တန်းအောင်သူ လက်ချိုးရေလို့ရသည့် ခေတ်မှာ အီကိုဘွဲ့ ရထားသည့် အဖေက ကျွန်တော်တို့မောင်နှမများ အတွက် ဗဟုသုတ စာပေအိုးကြီးလည်းဖြစ်သည်။ ငယ်ငယ်တုန်းက မိုင်နှစ်ဆယ် ကျော်ဝေးသော ခရီးကို အဖေ နှင့်အတူ သွားခဲ့ရသည်ကို ပြန်အမှတ်ရမိသည်။ လယ်ကွင်းများ ကြားရှိ ကန်သင်းရိုးများမှ၊ တာပေါင်ပေါ်မှ၊ ရွာလမ်းများထဲမှ အဆင့်ဆင့်သွားခဲ့ရသော ခရီးတစ်ခုကို ယခုတိုင် အမှတ်ရနေဆဲ ဖြစ်သလို ဘယ်တော့မှလည်း မေ့ပျောက်သွားမှာ မဟုတ်တာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုခရီးက မိသားစု အပေါ် ထားသည့် အဖေ၏ မေတ္တာတရားကို အကောင်းဆုံး ဖော်ညွှန်ပြနေခြင်းကြောင့် ဖြစ်သည်။ တစ်ခါ လျှောက်ပြီးနောက် ကျွန်တော် ထပ် မလျှောက်ချင်တော့သော မိုင်နှစ်ဆယ်ကျော် ခရီးကြမ်းကို အကြိမ်ကြိမ် လျှောက်လျက် မိသားစုအတွက် အဖေ ရှာဖွေကျွေးမွေးခဲ့သည်။ အလုပ်နှင့် လက်နှင့် မပြတ်သော အမေက လက်ကြောတင်းသူ ဖြစ်လျှင် ခြေသလုံးကြွက်သားတွေ တောင့်တင်းသန်မာနေခဲ့သည့် အထိ ရှာဖွေကျွေးမွေးခဲ့သော အဖေက ခြေကြောတင်းသည်ဟု ဆိုရပေမည်။ တကယ်တော့ အဖေရော အမေပါ သားသမီးများအတွက် မေတ္တာကြော တင်းကြသူများသာ ဖြစ်ပါသည်။ ယခုတိုင်အောင် ရန်ကုန်မြို့သို့ သွားလျက် မိသားစုအတွက် အဖေ ရှာဖွေ ကျွေးမွေးနေရဆဲ ဖြစ်သည်။
“ဝုတ် ဝုတ်၊ ဝေါင်း၊ ကိန်”
“ဟင်း နော် မိကျားက နင်က အကြီး ဆိုပြီး အနိုင်မကျင့်နဲ့၊ သွား” ဟူသော အသံများ ထွက်ပေါ်လာသည့် အခါမှ ကျွန်တော့် အတွေးစတို့ ရပ်တန့်သွားခဲ့သည်။ အမေက သူ၏ ခွေးတစ်အုပ်နှင့် အလုပ်ရှုပ်နေချိန်မှာ ကျွန်တော်တို့ နံနက်စာ စားပြီးခဲ့သည်။ အလုပ်ပိတ်ရက်မို့ မြို့ထဲရှိ တရားဆွေးနွေးဖက် မိတ်ဆွေ များဆီသို့ တရားဆွေးနွေးရန် စက်ဘီးတစ်စီးဖြင့် အဖေ ထွက်သွားခဲ့ချိန်မှာ အမေက ကျောက်ပြားပေါ်၌ ထိုင်လျက် အဝတ်များကို လျှော်ဖွပ်နေခဲ့သည်။ ဘုရားစင်ရှေ့ ကြမ်းပြင်မှာလဲလျောင်းရင်း စာအုပ် တစ်အုပ် ဖတ်နေတုန်း ...
“အစ်ကိုကြီး ဖယ်ပေးဦး၊ ဖျာခင်းပေးမယ်” ဟု ညီမလေးက ဆိုလာခဲ့သည်။ ထ , ပေးလိုက်စဉ် ညီမလေးက အိပ်ဖို့ ဖျာခင်းပေးသည်။
“ညီမလေးက ဒီနေ့ ကျောင်းပိတ်တာပေါ့”
“ဟုတ်တယ် အစ်ကို ကြီး။ မကြည်ပြာတို့ အမေရော နေကောင်းရဲ့လား” ဟု မေးသည်။ တစ်ခါနှစ်ခါမျှသာ ဆုံခဲ့သော ကျွန်တော့် ယောက္ခမကို ညီမလေးက အမှတ်ရနေသည်။
“ကောင်းပါတယ်” ဟု ပြန်ဖြေလိုက်သည်။ ညီမလေးက စကားထပ်ဆက်သည်။
“အစ်ကိုကြီး ဝ,လာတယ်”
“ဟုတ်တယ်၊ ဗိုက်ထွက်လာတယ်။ ညီမလေးလည်း ဝ,လာတာပဲလေ” ဟု ပြန်ပြောလိုက်သည်။ စကားဆုံးတော့ ညီမလေးက မီးဖိုချောင်ဘက်သို့ ဆေးကြောရန် ထွက်သွား ခဲ့သည်။ အသက်သုံးဆယ် ကျော်လာခဲ့သော်လည်း အိမ်ထောင်မပြုဘဲ အဖေနှင့် အမေကို စောင့်ရှောက်နေခဲ့သည့်အတွက် ညီမလေးကို ကျေးဇူးတင်ရသည်။ ကျွန်တော်နှင့် ညီလေးတို့ တာဝန် မကျေပွန်သမျှ ညီမလေးက တာဝန်ကျေပွန်ရှာသည်။ အရင်တုန်းက မိသားစုငါးဦး စုံလင်စည်ပင်ခဲ့သာ အိမ်လေးမှာ ယခုတော့ အဖေရယ်၊ အမေရယ်၊ ညီမလေးရယ် သုံးဦးပဲ ကျန်နေရစ်ခဲ့သည်။ ညီမလေး၏ အလယ်တန်းပြကျောင်းဆရာမ လစာနှင့် အဖေ၏ ကုမ္ပဏီစာရင်းစစ် လစာဖြင့်သာ မိသားစု စားဝတ်နေရေးအတွက် လည်ပတ်နေခဲ့ရသည်။
ကျွန်တော်နှင့် ညီလေးက သမုဒ္ဒရာထက်သို့ ရွာသည့် မိုးစက်ပေါက်များ လောက်သာ အမေတို့ဆီ ပို့ပေးနိုင်ခဲ့သည်။ စာဆက် မဖတ်ဖြစ်ဘဲ ဟိုတွေးဒီတွေး တွေးနေတုန်း ကြောင်ကြီး တစ်ကောင်က အနားသို့ရောက်လာခဲ့သည်။ အညိုရောင် ကြောင်ကြီးနာမည်က ဂျိုကာ ဖြစ်သည်ကို ညီမလေးတို့ ပြောစကားအရ သိရသည်။ အမေ့အိမ်ထဲတွင် ကြောင်ထီး နှစ်ကောင်ရှိ နေကြသည်။ အရင်က ကြောင်ငါးကောင်ခန့် ရှိကြောင်း၊ နောက်တော့ ကြောင်သုံးကောင် အကြောင်းအမျိုးမျိုးဖြင့် သေသွားကြကြောင်း ညီမလေးက ပြောပြခဲ့ဖူးသည်။ ထို ကြောင်နှစ်ကောင် အနက် ဂျိုကာက အကြီး ဖြစ်သည်။ နံနက်ဘက် ထမင်းစားနေတုန်း ထမင်းစားပွဲနားမှာ ထိုင်လျက် အစာ မျှော်နေခဲ့သည်။ ကြောင်စာခွက်မှ အမေ ထည့်ကျွေးထားသည့် အစာများကို စားပြီးသည့်တိုင် အစာ လာမျှော်နေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ စားပွဲပေါ်မှ ဟင်းများကို လက်လှမ်းချင်သည့် အတွက် ဟန့်ရသည်။ ကျန်တစ်ကောင်က အဖြူနှင့် အနက်ကျား ဖြစ်သည်။ ထိုကြောင်ကတော့ အစာဝ,သွားလို့ ထင်သည်။ မနက်ကတည်းက မတွေ့ရတော့ပေ။ တချောင်ချောင်မှာ အနားယူ နေဟန် ရှိသည်။ ဂျိုကာ ကသာ သူ့အနားသို့ ရောက်လာခဲ့သည်။
ဂျိုကာသည် လူနှင့် ပွတ်သီးပွတ်သပ် နေချင်ဟန် ရှိသည်။ မနက်က သူ့ကို ဟန့် ထားသည့်တိုင်အောင် ကျွန်တော့် နားသို့ ကပ်လာခဲ့သည်။ နံနက်စာကို ဗိုက်တင်းအောင် စားထားသည့်မို့ ဆယ့်တစ် နာရီကျော်လာသည့်တိုင်အောင် ဗိုက် မဆာသေးပေ။ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက အမေ့အိမ်မှာ မနက်စာ ထမင်းစားချိန်သည် ဆယ့်နှစ်နာရီကျော် နောက်ပိုင်းသာဖြစ်သည်။ ယခုလည်း ဘယ်သူမှ ထမင်းမဆာကြသေးပေ။
“အောင်အောင်၊ သား ရေချိုးလိုက်ပါလား၊ လန်းသွားအောင်” ဟု အိမ်ပေါ် တက်လာသည့် အမေက ကျွန်တော့်ကို လှမ်းပြောသည်။
“အမေ အသက်ကြီးပြီနော်၊ အချိန်အကြာကြီး အဝတ် လျှော်မနေနဲ့” ဟု အမေ့ကို စိုးရိမ်စွာ ပြန်ပြောမိသည်။ ကျွန်တော့်စကားကြောင့် အမေ ပီတိဖြစ်စွာ ပြုံးသည်။
“အေးပါ သားရယ်၊ ပြီးတော့မှာပါ” ဟု ပြောကာ နောက်ဖေးသို့ ဝင်သွားခဲ့သည်။ ညီမလေးက နောက်ဖေးမီးဖိုချောင်ခန်းမှ ပန်းကန်တစ်ခု ကိုင်လျက် ထွက်လာခဲ့သည်။
“အစ်ကိုကြီး လက်ဖက်သုပ်စားဦး”
“ဟာ ကောင်းတာပေါ့၊ ပေး ပေး” ဟု ပြောကာ လှမ်းယူလိုက်သည်။
“သမီး ညည်းအစ်ကိုကြီးကို ကော်ဖီဖျော်ပေးလိုက်ဦး”
အမေက မီးဖိုချောင်ထဲမှ လှမ်းအော်သည်။ ကျွန်တော် ကော်ဖီကြိုက်တာကို သိ၍ ကော်ဖီမစ်ထုပ်များ ကြိုဝယ်ထားဟန်ရှိသည်။ မကြာခင်မှာ ညီမလေးက ကော်ဖီမစ်ခွက်ကို လာချပေးသည်။ ကျွန်တော့် အတွက်တော့ အမေ့အိမ်သည် သုခဘုံ ဖြစ်နေခဲ့သည်။ အဖေ၊ အမေနှင့် ညီမလေးတို့ ချစ်ခြင်းမေတ္တာ တရားများကြောင့် နေရသည့် အခိုက်မှာ ချမ်းမြေ့လှသည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော့် စိတ်ထဲမှာ အေးချမ်းမှုတို့ ပျောက်ဆုံးနေခဲ့သည်မှာ သုံးလခန့် ရှိခဲ့ပြီဖြစ်သည်။ ယခုတော့ အလုပ်ကိစ္စနှင့် ရန်ကုန် လာရင်း အမေ့အိမ် ဝင်လိုက်မိတာ မှန်သွားခဲ့သည်။ ဘယ်မှာမှ ဝယ်၍ မရနိုင်သော လွတ်လပ်ပေါ့ပါးမှု၊ လုံခြုံနွေးထွေးမှု၊ အေးချမ်းမှု တို့ကို အမေ့အိမ်မှာ ခံစားရသည်။
ဖတ်လက်စ စာအုပ်ထဲမှာ စိတ်နစ်နေတုန်း ..
“သားကြီး ရော့၊ မင်း ဖတ်ဖို့” ဟု မြို့ထဲမှ ပြန်လာခဲ့သော အဖေက သူ့မိတ်ဆွေများထံမှ ငှားလာခဲ့၊ ယူလာခဲ့သော ဂျာနယ်များကို လှမ်းပေးသည်။ နာရီကြည့်လိုက်တော့ ဆယ့်နှစ်နာရီခွဲ နေခဲ့ပြီ။ အမေက ညီမလေးကို မနက်စာ စားဖို့ ထမင်းဝိုင်း ပြင်ခိုင်း သည်။ ကျွန်တော်လည်း ထိုင်ရာမှ ထလျက် စားပွဲဝိုင်း ခင်းကာ ထမင်းခွက်၊ ဟင်းခွက်များ ကူသယ်ပေးသည်။ ယခုတစ်ခါမှာတော့ ထမင်းစားပွဲမှာ အမေပါ လာထိုင်သည်။ အမေက ထမင်း မစားနိုင်ဘဲ ကျွန်တော့်ပန်းကန်ထဲသို့ ကျွန်တော် ကြိုက်သည့် ဟင်းများကို ခပ်ထည့်ပေးနေခဲ့ရာ ထမင်းပန်းကန်ထဲတွင် ဟင်းများ စုပုံနေခဲ့သည်။ ကျွန်တော်နှင့် အမေ့ကို ကြည့်ရင်း အဖေက ညီမလေးကို လှမ်းပြောလိုက်သည်။
“သမီးရေ၊ နောက်ဆို သမီးအစ်ကိုကြီး ဖေဖေတို့ဆီ ခဏခဏလာပါစေလို့ ဆုတောင်းရအောင်”
အဖေ့စကား၏ အဓိပ္ပာယ်ကို အမေက သိဟန်ဖြင့် မျက်စောင်းထိုးသော်လည်း နားမလည်လိုက်သည့် ညီမလေးက ...
“ဘာဖြစ်လို့လဲအဖေ” ဟု ပြန်မေးသည်။
“ဘာဖြစ်ရမှာလဲ သမီးရယ်၊ သားကြီး လာမှပဲ ငါတို့ သားအဖလည်း ဟင်းကောင်း စားရတော့တယ်”
ညီမလေးက အဖေ့စကားကို သဘောကျဟန်ဖြင့် ပါးစပ်အုပ်ကာ ရယ်သည်။ အမေကတော့ အဖေ့ကို မျက်စောင်းထိုးလျက် ...
“တော် အဲ့လို မပြောပါနဲ့၊ ကျုပ်မှာ တော်တို့ ပေးတဲ့ ငွေ လေးကို ခြစ်ခြုတ်ပြီး စားဖို့ရော၊ အိမ်ပြင်ဖို့ရော သုံးနေရတာ”
အမေ့စကား၏ အဆုံးမှာ ညီမလေးက အမေ့ကို မျက်ရိပ်ပြကာ ဆက်မပြောရန် တားသည်။ ကျွန်တော် စိတ် မကောင်းဖြစ်သွားမှာစိုးသည့် အတွက် တားခြင်းမှန်း သိလိုက်သည်။ အဖေကလည်း အမေ့မျက်နှာကို လှမ်းကြည့်လိုက်သလို အမေကလည်း သူ့ အမှားကို သိလိုက်ဟန်ဖြင့် စကားစကို ရပ်ပစ်လိုက်သည်။
"ရော့ စားစမ်းပါကွာ” ဆိုပြီး အဖေက ကျွန်တော် ကြိုက်သည့် ငါးပတ်မွှေချက်ကို ခပ်ထည့်ပေးသည်။ ညီမလေးကလည်း ...
“အစ်ကိုကြီး စားတာ သမီး အားမရဘူး၊ အားရပါးရ စားစမ်းပါ” ဟု ဝင်ပြောသည်။ ခဏမျှ စကားသံ တိတ်သွားခဲ့သည့် အမေကလည်း ...
“အောင်အောင် ငါ့မြေး ရွှေဘုန်းလေးကို ဂရုစိုက်နော်၊ ရွှေဘုန်း ခေါင်းက အနာက သက်သာသွားပြီလား” ဟု သူ့ မြေးအကြောင်းကို မေးသည်။ စားလက်စ ထမင်းကို မျိုချလိုက်ပြီး ...
“ဟုတ် အမေ၊ သက်သာသွားပါပြီ” ဟု ဖြေလိုက်ရသည်။ အမေက သူနှင့် ခြောက်လခန့် လာနေသွားခဲ့သည့် သူ့မြေးလေးကို သတိရနေဟန်ရှိသည်။ ဇနီးဖြစ်သူ တစ်နယ်တစ်ကျေးကို အလုပ်တာဝန်ဖြင့် ပြောင်းရစဉ်တုန်းက ကျွန်တော်တို့ မိသားစု ကသီခဲ့သည်။ ကျွန်တော်ကလည်း အစိုးရအလုပ်တစ်ဖက်နှင့်မို့ တစ်နှစ်ခွဲကျော် အရွယ် သားလေးကို အမေ့ ထံမှာ ထားခဲ့ရသည်။ အမေက သူ့မြေး အတွက် ဒိုင်ခံကျွေးမွေး ပြုစုခဲ့ရသည်။ မြေးဖြစ်သူ မပျင်းစေရန်အတွက် နေ့လယ် နေ့ခင်း အားလပ်သည့် အချိန်များမှာ ကစားပေးသည်။ ညဘက်မှာ အိပ်ရာဝင်တိုင်း ကျောကို ကုတ်ပေးရန် ဂျီကျတတ်သည့် မြေးငယ်လေးကို ဂရုတစိုက်ဖြင့် ကုတ်ပေးတတ်သည်။ ထိုအကြောင်းကို အမေ ကိုယ်တိုင် ပြန်ပြောပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ မြေးလေးကို သတိရနေခြင်း ဖြစ်ဟန် တူသည်။
ထမင်းစားပြီးသည့် အခါမှာတော့ ညီမလေးက တစ်ခန်းတည်းသော အိပ်ခန်းလေးထဲတွင် သွားအိပ်နေခဲ့သည်။ အမေက အိမ်ဘေးမှ မီးဖိုချောင်ခန်းထဲမှာ ရှိနေခဲ့သည်။ အဖေနှင့် ကျွန်တော်က ဘုရားစင်ရှေ့မှာ စာအုပ်တစ်အုပ်စီ ဖတ်နေခဲ့ကြသည်။ မကြာခင်မှာ အမေက ကျွန်တော် ကြိုက်သည့် မုန့်လိပ်ပြာပန်းကန် လာချပေးသည်။ အပြင်ဘက်မှာတော့ မိုးတဖွဲဖွဲ ရွာနေခဲ့သည်။ စာဖတ်နေရင်း အိမ်ဘေးပြတင်းပေါက်မှ တစ်ဆင့် အိမ်အပြင်ဘက်ကို ကြည့်မိသည်။ ခေါင်းရင်းဘက် ခြံ ထဲတွင် အာလမွန်တို့ သားအမိ အလုပ်ရှုပ် နေခဲ့ကြသည်။ နေပူတုန်းက လှန်းထားသည့် မီးမွှေးစရာ နွားချေးခြောက်ပြား များကို အိမ်ထဲသို့ ရွှေ့နေကြသည်။ ငယ်ငယ်တုန်းက ကစားဖော် ကစားဖက် ဖြစ်ခဲ့ကြသော မြန်မာပြည်ပေါက် အိန္ဒိယမျိုးသား အာလမွန်က လူကြီးတစ်ယောက် ဖြစ်နေခဲ့ပေပြီ။ “အေးလေ ငါ့အသက်တောင် သုံးဆယ့်ငါးနှစ်ကျော်မှ” ဟု ပြန်တွေးလိုက်မိသည်။
••••• ••••• •••••
၂။
ညရောက်သောအခါ အမေနှင့် ညီမလေးတို့က တီဗွီအသေးလေး၏ ရှေ့တွင် ကိုရီးယားကား ကြည့်နေခဲ့ကြသည်။ အဖေကတော့ ဖုန်းဖြင့် ဖေ့စ်ဘုတ်ခ် သုံးနေခဲ့သည်။ ကျွန်တော်ကတော့ အမေ ချကျွေးထားသည့် ကောက်လှိုင်းနီမုန့်ကို စားနေခဲ့သည်။ ကောက်လှိုင်းပင်မှ ရသော အပွင့်ဖြင့် ပြုလုပ်ထားသည့် ကောက်လှိုင်းနီမုန့်သည် ကျွန်တော် အကြိုက်ဆုံး မြန်မာမုန့်တစ်မျိုးဖြစ်သည်မို့ စားလို့ကောင်းလှသည်။ မနက်ဖြန် မနက်ကျလျှင် အမေ့အိမ်၏ အေးရိပ်မှ ကျွန်တော် ပြန်ရပေတော့မည်။ အမေ့အိမ်မှာ နှစ်ရက်ခန့် နေစဉ် အတောအတွင်းမှာ ကျွန်တော်က ဗွီအိုင်ပီတစ်ဦးပမာ နေထိုင်ခဲ့ရသည်။ အေးမြမှုတို့သည် မကြာရှည်။ ချမ်းမြေ့မှုတို့သည် မတည်တံ့။ ကျွန်တော့်၏ ညွှတ်ပျောင်းနေခဲ့ကြသော အာရုံတို့သည် အပြန်ခရီးကို စဉ်းစားမိလိုက်သည့်အခါ မကြည်လင်၊ မလန်းဆန်းကြတော့ပေ။
“အောင်အောင် သား၊ စာတွေချည်း ရေးမနေနဲ့။ ကျန်းမာရေးလည်း ဂရုစိုက်ဦး”
အသက် ခုနစ်ဆယ်နီးပါး ပါးရေနားရေ တွန့်နေခဲ့သော၊ တစ်ခါတစ်ရံ ခါးနာရောဂါ ထလျက် လှဲနေရတတ်သော အဖေက မှာရှာသည်။ အမေနှင့် ညီမလေးကလည်း ကျွန်တော့်အနားမှာ ထိုင်လျက် ကျွန်တော့်ကို ကြည့်နေကြသည်။
“မင်းကို အမေ စိတ်မချဘူး၊ အိမ်မှာက မင်း တစ်ယောက်တည်း။ တစ်ခုခု ဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ ဖတ် ဟဲ့ လွဲပါစေ၊ ဖဲပါစေ”
အမေက သူ့စကားကို သူ ပြန်ပြီး ကြက်သီးထသည်။ တကယ်တော့ အမေသည်လည်း တရှောင်ရှောင်။ ကျွန်တော် မလာခင် တစ်လက ဖျားထားသည်ဟု ဆိုသည်။
“အစ်ကိုကြီး အဆီတွေ သိပ်မစားနဲ့နော်၊ ဒီထက် ဝ , ရင် မကောင်းဘူး” ဟု တစ်လ တစ်ခါ ဆေးဝယ်သောက်ရသည့် ညီမလေးက အစ်ကို ဖြစ်သူ အတွက် စိုးရိမ်ရှာသည်။ အဖေ၊ အမေနှင့် ညီမလေးတို့၏ စကားသံများ ကြားမှာ ကျွန်တော့်ပါးစပ်က နှုတ်အ , နေခဲ့သည်။ သူတို့၏ စကားများက ပါးစပ်ဖျားမှ မဟုတ်ဘဲ ရင်ထဲကလာသည့် စကားများ ဖြစ်ကြောင်း ခံစားနေခဲ့ရချိန်မှာ ကျွန်တော့် နှုတ်ဖျားက ကြားကောင်းရုံမျှ မပြောချင်ပါ။ သို့သော် ...
“အဖေ၊ အမေနဲ့ ညီမလေးတို့လည်း ကျန်းမာရေး ဂရုစိုက်ကြပါ၊ တစ်ခုခုဆို ကျွန်တော့်ဆီ ဖုန်းဆက်နော်” ဟု အားတင်းကာ ပြောခဲ့ရသည်။ ထိုစကားက လိမ်ညာဟန်ဆောင်သည့်စကား မဟုတ်ပါ။ သို့သော် အကောင်အထည်ပေါ်ရန် ခက်ခဲသည့် စကားမျိုး ဖြစ်နေခဲ့သည့်အတွက် ရင်နာမိသည်။ တကယ်တမ်းတွင် အမေတို့ အတွက် ထိရောက်သည့် အကူအညီ တစ်ခုမျှ မပေးနိုင်သေးသည့် အတွက် မလုံမလဲ ဖြစ်မိရသည်။
“အဖေတို့အတွက် ဘာမှ ပူမနေနဲ့၊ အဖေတို့က သုံးယောက်တောင်။ တစ်ယောက်ကို တစ်ယောက် ကူလို့ ရတယ်။ သားတို့ကသာ အဝေးမှာ။ သားမှာ ဘာ အခက်အခဲပဲ ရှိရှိ အဖေ့ကို ဖုန်းဆက်၊ အဖေ ရအောင် ကူညီပေးမယ်” ဟူသော စကားက အားတက်ခြင်းများကို ဆောင်ကြဉ်းပေးသည်။ အဖေ့ စကားကြောင့် ကျွန်တော် မျက်ရည်ဝဲမိသည်။ တကယ်လည်း ရန်ကုန်မှာ အလုပ်ကိစ္စ ပေါ်တိုင်း ကျွန်တော့်ကိုယ်စား အဖေ့ ကိုသာ သွားခိုင်းခဲ့ရသည်။ အဖေသည် အမေ့လို ပင် သားသမီးများအတွက် ဘယ်တုန်းကမှ တွန့်ဆုတ် မနေခဲ့ဖူးပါ။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့်က အဖေ့ကို စိတ်ဆိုးပြီး အိမ်ပေါ်မှ ဆင်းလာခဲ့စဉ်တုန်းက အဖေ့ အပေါ် အထင်မှားခဲ့မိသည်များကို နောင်တရနေခဲ့မိသည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ ယခုတော့ အဖေ့စကားကြောင့် ကျွန်တော် မျက်ရည်ဝဲရသည်။
ထိုညက ကြည်နူးချမ်းမြေ့မှုများနှင့်အတူ ကျွန်တော် အိပ်ရာဝင်ခဲ့သည်။ အဖေနှင့် အမေ၏ အိမ်သည် ကျွန်တော်တို့ အတွက် ဘယ်တော့မှ မပြောင်းလဲသည့် ထာဝရ အေးရိပ် ဖြစ်သည်။
ညဘက် အိပ်ရာဝင်ခဲ့ချိန်မှာ အိပ်မပျော်သေးဘဲ အတိတ်ကို ပြန်စဉ်းစားနေခဲ့မိသည်။ အတိတ်သည် အရိပ်တစ်ခုလို ကျွန်တော့် အာရုံမှာ တဝဲလည်လည် ကပ်ပါနေခဲ့သည်။ အပြင်ဘက်မှာ ပိုး ကောင်မွှားကောင်လေးများက ညီစည်အောင် အော်မြည်နေကြသည်။ မိုးအရိပ်အယောင်ကြောင့် ဖားများကလည်း မြည်သံပေးက မိုးခေါ်နေခဲ့ကြသည်။ အဖေ၊ အမေနှင့် ညီမလေးတို့ တစ်တွေက အိပ်မောကျနေလောက်ပြီ ဖြစ်သော်လည်း ကျွန်တော်က မအိပ်နိုင်သေးဘဲ အတွေးနက်နေခဲ့မိသည်။ ဆယ်စုနှစ် တစ်ခုနှင့် တစ်ဝက်ကျော် အချိန်သည် ဘာမှ မကြာလိုက်သလိုပင်။ လွန်ခဲ့သည့် ဆယ့်ငါးနှစ်ကျော်က အမေ့အိမ်လေးကို ကျွန်တော် စွန့်ခွာခဲ့သည်။ ထိုစဉ် အဖေနှင့် ကျွန်တော့် ကြားမှာ ဖြစ်ခဲ့သည့် ပြဿနာကို လူငယ်စိတ်ဖြင့် စိတ်လိုက် မာန်ပါ ဖြေရှင်းခဲ့သည်။ ယခုလို မိုးတွင်းကာလ မိုးတဖွဲဖွဲ ရွာနေသည့်အချိန်မှာ ကျောပိုးအိတ် တစ်လုံးဖြင့် အမေ့အိမ်ကို ကျောခိုင်း ထွက်ခွာခဲ့သည်။ ထိုစဉ်က အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသော ကျွန်တော်သည် ယခုအချိန်မှာ အသက် သုံးဆယ့်ငါးနှစ် အရွယ် လူလတ်ပိုင်း တစ်ယောက် ဖြစ်နေခဲ့ပေပြီ။ အချိန်ကာလ၏ တိုက်စားမှုများက လျင်မြန်လွန်းလှသည်။ ယခုအချိန်မှာ ကျွန်တော့်၏ စဉ်းစားဆင်ခြင်မှုမဲ့သော မိုက်ရူးရဲဆန်မှုကို နောင်တ ရနေခဲ့မိသော်လည်း ထိုစဉ်တုန်းက မာနများဖြင့် တဟုန်းဟုန်း တောက်လောင် နေခဲ့သည်။ လောကကြီးထဲကို မာနကြီး တစ်ခွဲသားဖြင့် တိုးဝင်ခဲ့သည်။ အတိတ်ကို လွန်မြောက်ချိန်မှာတော့ ကျွန်တော့် အမှားကို ပြန်လည် သိမြင်ကာ အဖေ့ကို နားလည်ပေးနိုင်ခဲ့သည်။ သို့သော် ကျွန်တော် နားမလည်နိုင်ခဲ့သေးသူက အမေ ဖြစ်သည်။ အမေသည် ကျွန်တော် အိမ်ပေါ်က ဆင်းချိန်မှာ တစ်ခွန်းမှ မတားမြစ်ခဲ့ပေ။
ကျွန်တော့် အပေါ် ထားရှိသည့် အမေ၏ ချစ်ခြင်း မေတ္တာတရားနှင့် ပတ်သက်၍ အပြည့်အဝ မဟုတ်ပေမဲ့ တော်တော်များများ နားလည်နိုင်ပါသည်။ အမေသည် သားသမီးများ၏ ဝေယျာဝစ္စ အသေးစိတ် လုပ်ကိုင်ဆောင်ရွက်ပေးသော်လည်း သား သမီးများနှင့် ရင်းနှီးစွာ နေတတ်ခဲ့သူ တစ်ဦးတော့ မဟုတ် ခဲ့ပါ။ အမေ့ထက် စာလျှင် အဖေကမှ သားသမီးများနှင့် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပါသေးသည်။ သို့သော် အမေ၏ ချစ်ခြင်းမေတ္တာတရားကို ကျွန်တော် ဘယ်တုန်းကမှ သံသယ မဖြစ်ခဲ့ပါ။ အမေသည် သားသမီးများနှင့် နီးကပ် ရင်းနှီးစွာ မဆက်ဆံခဲ့သော်လည်း အမေတစ်ယောက်၏ တာဝန်ကို ကျေပွန်သည်ထက် ကျော်လွန်အောင် ဆောင်ရွက်ပေးခဲ့သည်။ ထိုကဲ့သို့ အိမ်မှုကိစ္စ အလုံးစုံကို ဆောင်ရွက်ပေးနေခဲ့ရသည့်အတွက် ကြောင့်ပဲ အမေ့မှာ သားသမီးတွေနှင့် ရင်းရင်းနှီးနှီး နေချိန် မရှိခဲ့တာလည်း ဖြစ်နိုင်ပါသည်။
အမေ့အပေါ် ကျွန်တော်၏ နားမလည်မှုများ စတင်ခဲ့သည့်အချိန်က အိမ်မှ ထွက်ခွာလာခဲ့သည့် အချိန် ဖြစ်သည်။ ထိုစဉ်တုန်းက တစ်ချက်လေးမှ မတားခဲ့သည့် အမေ့အပေါ် ကျွန်တော် နားမလည်နိုင်ခဲ့ကြောင်း ရိုးရိုးသားသား ဝန်ခံရပေမည်။ အမေက အဖေ့ကို ကြောက်သည့်အတွက် မတားမြစ်တာလည်း ဖြစ်နိုင်ပါသည်။ ဒါမှမဟုတ် ကျွန်တော့်ကို လျှော့တွက်မိတာလည်း ဖြစ်နိုင်ပါသည်။ သူ့သားကြီးသည် သူ့အိမ်ကို ထာဝရ စွန့်ခွာသွားလိမ့်မည် မဟုတ်ဟု အမေ တထစ်ချ ယုံကြည်ခဲ့လေသလား မပြောတတ်ပေ။ ထိုအချိန်မှ စ၍ လက်တွေ့ လောကထဲသို့ ရောက်ရှိကာ အမေ့အိမ်သို့ အိမ်သားတစ်ဦး အဖြစ်ဖြင့် ကျွန်တော် ပြန်မရောက် ဖြစ်တော့ချေ။ တစ်အိုးတစ်အိမ် ထူထောင်ခဲ့ပြီးသည့် အချိန်မှာတော့ အမေ့အိမ်နှင့် ပို၍ ဝေးကွာသွားခဲ့သည်။ နောက်ပိုင်း အမေ့အိမ်သို့ ပြန်ရောက်ဖြစ်ခဲ့ချိန်မှာ ကျွန်တော်က အိမ်သားတစ်ဦး ထက် ဧည့်သည်တစ်ဦးပမာ ဖြစ်နေခဲ့ပေပြီ။
ယခုအချိန်မှာတော့ အိမ်ပေါ်မှ မဆင်းရန် မတားခဲ့ခြင်း အတွက် အမေ့ကို မေးခွန်း မထုတ်လိုတော့ပါ။ မေးခွန်း ထုတ်စရာလည်း မလိုအပ်တော့ပါ။ အမေသည် သားသမီးများကို ချစ်သော အမေသာ ဖြစ်သည်။ အမေ ကျွန်တော့်ကို မတားခဲ့ခြင်းသည် တားခွင့် မရှိခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။ အဝေးမှ သံချောင်းခေါက်သံကို ကြားလိုက်သောအခါမှ အချိန်ကို သတိရသွားခဲ့သည်။ ညက နက်သထက် နက်လာနေခဲ့ပြီ ဖြစ်သည်။ မနက်ဖြန်မှာ ခရီးသွားရဦးမှာမို့ အတွေးစတို့ကို ရပ်တန့်၍ မျက်လုံးများကို မှိတ်ကာ အိပ်ပျော်ရန် ကြိုးစားမိသည်။
••••• ••••• •••••
၃။
ညက အတွေးနက်နေခဲ့မိသည့်အတွက် မနက်အိပ်ရာ နိုးချိန်မှာ အတန်ငယ် နောက်ကျသွားခဲ့သည်။ နာရီ ကြည့်လိုက်တော့ ခြောက်နာရီခွဲနေခဲ့ပေပြီ။ ကျွန်တော့်မှ လွဲ၍ တစ်အိမ်လုံး နိုးနေခဲ့ပေပြီ။ ကျွန်တော် အိပ်ရာမှ ထသောအခါ ညီမလေးက အိပ်ရာ လာသိမ်းသည်။ ကျွန်တော် သိမ်းမည်ဟု ပြောသော်လည်း မရပေ။ အမေ့ကို မတွေ့သဖြင့် ညီမလေးကို မေးမိ သည်။ ညီမလေးက ဈေးသွားသည်ဟု ဖြေသည်။ အဖေက အိမ်ရှေ့ကုလားထိုင် မှာ စာဖတ်နေရင်း “သားကြီး နိုးပြီလားကွ” ဟု လှမ်းနှုတ်ဆက် သည်။ “ဟုတ်” ဟု အဖေ့ကို ပြန်ဖြေပြီးနောက် အိမ်အောက်သို့ ဆင်းကာ သွားတိုက်၊ မျက်နှာသစ်သည်။ ရေမိုးချိုးသည်။ အမေ့ ခြံထဲမှာ ဝါးရုံပင်၊ မန်ကျည်းခွေသီးပင်များ၏ အရိပ်ကြောင့် အလင်းက ကွက်တိကွက်ကျား ဖြစ်နေခဲ့သည်။ မာလကာပင် ရှိ ငှက်စာခွက်မှာတော့ ငှက်ကလေးများကို မတွေ့ရတော့ပေ။
ကျွန်တော် အဝတ်အစား လဲပြီးသည့် အချိန်မှာ အမေဈေးက ပြန်ရောက်လာခဲ့သည်။ အမေ့ဈေးခြင်းတောင်းကို သွား ကူဆွဲပေးတော့ လေးလံလွန်းလှသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုကျော် အလွန်ကလိုပဲ အမေ့ဈေးခြင်းတောင်း ထဲမှာ ကျွန်တော့်အတွက် ဘာမုန့်ပါလာမလဲလို့ တစ်ချက် ကြည့်မိသည်။ အမေက သိနေခဲ့ဟန်ဖြင့် ပြုံးသည်။ သားအတွက် နွားနို့ချဉ် ဝယ်လာခဲ့သည်ဟု ပြောသည်။ ညီမလေးက နွားနို့ချဉ်ကို ပန်းကန်ဖြင့် ထည့်ပေးသည်။ နွားနို့ချဉ်ကို ထန်းလျက်ရည်ဆမ်းကာ သမအောင် ရောမွှေလိုက်သည်။ ပြီးနောက် တစ်ဇွန်းချင်း အရသာခံကာ စားနေခဲ့မိသည်။ စားနေတုန်းမှာ ကျွန်တော့်အနွေးထည်အင်္ကျီထဲမှ ဖုန်းသံမြည်လာခဲ့တာမို့ ဖုန်းကို ယူကြည့်လိုက်သည်။ အလုပ်က ဆက်သည့်ဖုန်း ဖြစ်နေခဲ့သည်။ ဖုန်းကိုင်လိုက်သည့်အခါ ဌာနမှူးက အလုပ်နှင့် ပတ်သက်ပြီး တစ်ခုပြီး တစ်ခု မှာသည်။ မနေ့က သူ ဖုန်းဆက်တာ ဆက်လို့မရသည့် အတွက်လည်း ဆူလိုက်သေးသည်။ “ဖုန်းလိုင်းမမိတာပါ” ဟု ပြန်ရှင်းပြသော်လည်း မရပေ။ ဖုန်းပြောပြီးသွားသည့် အခါ ကြည်လင်နေခဲ့သော ကျွန်တော်၏ အာရုံများက နောက်ကျိ သွားခဲ့ကြသည်။ ကျွန်တော်၏ အပြန်ကို အလုပ်များက စောင့်နှင့် နေခဲ့ကြပြီ။
ပြန်ခါနီးမှာ အဖေနှင့် အမေ့ကို ကန်တော့သည့်အခါ “ကျန်းမာချမ်းသာပါစေ” က စလို့ အဖေက ဆုတောင်းစကား ပြောသည်။ အဖေ ဆုတောင်းစကား ပြောနေတုန်း အမေက သူ့ဘေးနားသို့ ရောက်နေသည့် ဂျိုကာ၏ ခေါင်းကို ပွတ်သပ်ပေးနေခဲ့သည်။ ဂျိုကာကို တိုးတိုးလေး ပြောလိုက်သည့် အမေ၏ စကားသံကို အဖေ့ ဆုတောင်းသံများ ကြားမှ ကြားလိုက်ရသဖြင့် နားမလည်ဘဲ ဖြစ်သွားခဲ့သည်။ ညီမလေးကို တစ်စုံတစ်ခု မေးမြန်းနေသည့် အမေ့အသံကိုလည်း ကြားသိနေရသည်။ ကျွန်တော်၏ နားမလည်မှုကို ရင်ထဲမှာပဲ မျိုသိပ်ထားလိုက်သည်။ အိမ်မှ ထွက်ခါနီးတွင် ဖုန်းလာသဖြင့် ထုတ်ကိုင်ရပြန်သည်။ ဒီတစ်ခါတော့ ဇနီးဖြစ်သူထံမှ ဖြစ်သည်။ ဇနီးဖြစ်သူ တက်နေသည့် သင်တန်းနှင့် ပတ်သက်၍ ကုန်ကျမည့် ကုန်ကျစရိတ် တစ်ခုကို လှမ်းပြောခြင်း ဖြစ်သည်။ တစ်လနှင့် တစ်လ အလျဉ် မမီနိုင်သည့် အသုံးစရိတ်များ အကြောင်းကို စဉ်းစားမိသွားခဲ့သည်။ ဖုန်းချ ပြီးသည့်အခါ ကျွန်တော် သက်ပြင်းချမိသည်။ အလုပ်တွေကသာမက ဘဝ၏ အပူအမောတွေကပါ ကျွန်တော့်ကို စောင့်နှင့် နေခဲ့ကြပြီ။
အဖေ ငှားပေးသော ဆိုက်ကားထက်သို့ တက်လိုက်သည့်အခါ အဖေနှင့် ညီမလေးက ကူသယ်ပေးသည့် အိတ်များကို လှမ်းပေး သည်။ ဆိုက်ကား ထွက်လာခဲ့သည့်အခါ အဖေ၊ အမေနှင့် ညီမလေးတို့၏ လက်ပြနှုတ်ဆက်နေမှုက အနောက်မှာ တဖြည်းဖြည်း ကျန်နေခဲ့သည်။ ကားဂိတ်သို့ ရောက်သောအခါ သုံးခွ - ရန်ကုန် လိုင်းကားပေါ် တက်၍ လိုက်ပါလာရင်း ကျွန်တော့်ဘဝကို ပြန်တွေးနေခဲ့မိသည်။ မကြာခင်မှာ လက်တွေ့ဆန်သော ဘဝထဲသို့ ကျွန်တော် ပြန်ရောက်ရပေတော့မည်။ ဟန်ဆောင်တတ်သော မျက်နှာဖုံးကို ကောက်စွပ်ရပေဦးတော့မည်။ မနှစ်သက်သော်လည်း နှစ်သက်ဟန်၊ မကြိုက်သော်လည်း ကြိုက်ဟန် ဆောင်ရပေဦးတော့မည်။ ကျွန်တော့်လိုပင် ဟန်ဆောင်ထားသည့် မျက်နှာဖုံး ပိုင်ရှင်များနှင့်လည်း ဆက်ဆံရပေဦးမည်။ စိတ်ထဲမှာ မွန်းကျပ်သလို ဖြစ်သွားသည်မို့ တွေးလက်စကို ရပ်တန့်ကာ ကားအပြင်ဘက်သို့ ငေးကြည့် နေမိသည်။ သို့သော် အတွေးများက မရပ်တန့်ဘဲ နောက်ထပ် အကြောင်းအရာ တစ်ခုဆီသို့သာ ပြောင်းသွားခဲ့သည်။
တောင်ပေါ်မြို့မှ ကျွန်တော် နေထိုင်သည့် ခြံဝန်းကျယ်ကြီးသည် အမေ့ခြံဝန်းထက် နှစ်ဆမက ကျယ်ဝန်းသည်။ ကိုလိုနီခေတ် အငွေ့အသက်များ ကြွင်းကျန်နေရစ်သော ညိုမှိုင်းမှိုင်း စိုထိုင်းထိုင်း ဝန်ထမ်းအိမ်အိုကြီးထဲသို့ ပြန်လည်ဝင်ရောက်ရပေ ဦးတော့မည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံးက ဝန်ထမ်းတွေ ဖြစ်ပြီး တစ်နယ်စီမှာ တာဝန်ကျနေခဲ့ကြသည်။
ဇနီးသည်က မန္တလေးမှာ၊ သားလေးက နောင်ချို မှာ မို့ တိတ်ဆိတ်နေသည့် အထီးကျန် နေ့ရက်များကို အိမ်အောင်း လူသား အဖြစ် တစ်ယောက်တည်း အားတင်းကျော်ဖြတ်ရပေဦးတော့မည်။ အပြင်ဘက်ကို ကြည့်နေရင်း အနီရောင်နောက်ခံပေါ်၌ ရွှေရောင် ဖောင်းကြွစာလုံးများဖြင့် ရေးထိုးထားသည့် “သုံးခွမြို့က နှုတ်ဆက်ပါ၏” ဟူသော ဆိုင်းဘုတ်ကို လှမ်းမြင်လိုက်ရသည်။ သို့သော် ခဏအတွင်းမှာပင် ထိုဆိုင်းဘုတ်က နောက်မှာ ကျန်နေရစ်ခဲ့သည်။
စိမ်းလန်းနေသည် တစ်မျှော်တစ်ခေါ် လယ်ကွင်းများက ခြောက်သွေ့အက်ကွဲနေခဲ့သည့် ကျွန်တော့် စိတ်ကို လန်းဆန်းသွားစေခဲ့သည်။ အမေ့အိမ်မှာ ထုတ်မမေးဖြစ်ခဲ့ဘဲ မျိုသိပ်ခဲ့ရသည့် နားမလည်မှုများကို ပြန်ဆန်းစစ်မိသည်။ ဂျိုကာခေါင်းကို ပွတ်သပ်ရင်း အမေ ပြောလိုက်သော “သားကြီး” ဆိုသည့်စကားနှင့် နောက် ကြောင်တစ်ကောင်ကို လှမ်းမေးသော “သမီး သားလေးရော ဘယ်မှာလဲ” ဟူသည့် စကားတို့ကို နားမှာ ပြန်ကြားနေမိသည်။ အပူ တချို့ကြောင့် ချက်ချင်း မလင်းပွင့်နိုင်ခဲ့သော ကျွန်တော့် ဦးနှောက်တို့ ယခု ပြန်လည် ကြည်လင်လန်းဆန်း လာခဲ့ချိန်မှာတော့ မျက်ဝန်းများမှာ ဝေသီသွားခဲ့သည်။ အမေ့စကားများကို နှလုံးသားဖြင့် နားလည်ခံစားမိလိုက်ချိန်မှာ ကျွန်တော် မျက်ရည် စို့သွားမိသည်။ အမေသည် အဝေးရောက်နေခဲ့ကြသော သားနှစ်ယောက် ကိုယ်စား ကြောင်ထီးလေး နှစ်ကောင်ကို မွေးထားခဲ့ခြင်း ဖြစ်ဟန်တူသည်။ သို့မဟုတ် အိမ်မှာ မွေးထားခဲ့သည့် ကြောင်ထီးလေး နှစ်ကောင်ကို အဝေးရောက် နေခဲ့ကြသည့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ဟန်တူပါသည်။ ထို့ကြောင့် အမေ၏ “သားကြီး”၊ “သားလေး” ဟူသော အသံများသည် နူးညံ့ ချိုသာမှုများနှင့် အတူ ဆိုနင့်နေခဲ့ခြင်း ဖြစ်သည်။
ကျွန်တော့် နားထဲမှာ စွဲမြဲနေခဲ့သော ညီမလေး ရှင်းပြခဲ့သည့် စကားသံများကို ပြန်လည်ကြားယောင်မိသည်။
“ခွေးချစ်တာထက် သားတွေ ချစ်တာလေ။ အမေ တစ်ခါက ပြောဖူးတယ်၊ တိရစ္ဆာန်လေးတွေကို ကျွေးတာ ကုသိုလ်ရတယ်တဲ့။ ပြီး တော့ သူ့သား နှစ်ယောက်ကလည်း အဝေးမှာဆိုတော့ သူများတွေက ပြန်ပြီး စောင့်ရှောက်ကြအောင်လို့တဲ့”
အမေ၏ မေတ္တာတရားကို နင့်နင့်သီးသီး ခံစားမိခဲ့ချိန်မှာ ကျွန်တော် မျက်ရည်ကျမိသည်။ ပတ်ဝန်းကျင်မှ လူများ မသိအောင် မျက်ရည်စများကို အင်္ကျီလက်ဖြင့် အသာ သုတ်လိုက်သည်။ အဖေနှင့် အမေတို့ကို စိတ်ထဲမှ ထပ်မံ ဦးခိုက်ရှိခိုးမိသည်။ အဖေ၊ အမေနှင့် ညီမလေးတို့ ရှိရာ အိမ်လေးနှင့် ဇာတိမြို့လေးက တဖြည်းဖြည်း အဝေးမှာ ကျန်နေခဲ့ပြီဖြစ်သည်။
အေးရိပ်မှ အပြန်တွင် အေးသော အရိပ်များက နောက်မှာ ကျန်နေခဲ့ကြသည်။
▢ ဥသြ ( ချယ်ရီမြေ )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာ၊ ၂၀၁၇
Tuesday, September 15, 2026
ချက်မသိတော့ သမက် သူခိုးထင်
❝ ချက်မသိတော့ သမက် သူခိုးထင် ❞
( မောင်သင် - ထောက်ရှာပင်ရေနံ )
“ဟဲ့ မိခိုင်၊ ညည်းယောက်ျား စောလွင် လမ်းထိပ်မှာ မိုက်ရင် ထွက်ခဲ့၊ မိုက်ရင်ထွက်ခဲ့နဲ့ .. ဘယ်သူနဲ့ ရန်ဖြစ်နေတာလဲ မသိဘူး။ အရက်လည်း သောက်ထားတယ် ထင်တယ်” ဟု ဒေါ်ဌေးမှ အော်ပြောသွားသည်။
ဒေါ်ဌေးရဲ့ အော်ပြောလိုက်သည့် အသံကြောင့် မခိုင်ခိုင်ဦးမှာ တွေဝေသွားသည်။
“ငါ့ယောက်ျား ရိုးရိုးသားသားနဲ့ မိသားစုကို ရှာဖွေကျွေးမွေးလာတာ သားနှစ်ယောက်ရပြီ။ အရက်သောက်တယ်လို့ တစ်ခါမှ မကြုံဖူးပါဘူး။ သူ့သားတွေ ဆုံးမရင်တောင် ‘အရက်ဆိုတာ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားခဲ့တဲ့ အဆိပ်ရည်ကွ၊ ဘယ်တော့မှ အရက်မသောက်ကြနဲ့ ဘဝပျက်သွားမယ်’ ဟု အမြဲ ဆုံးမတာ ကြားရတယ်။ ဒင်းတော့လား အိမ်ပြန်လာမှသိမယ်။ ဟုတ်ချင်လည်း ဟုတ်မှာပါလေ။ သူက အဖော်ကောင်း ကျောက်ပန်းတောင်းထိတောင် လိုက်တယ်။ အပေါင်းအသင်းတွေက မြှောက်ပင့်ပြီး တိုက်လို့ သောက်ချင်သောက်မှာပါ”
မကြာမီ ကိုစောလွင် တစ်ယောက် လေတချွန်ချွန်နဲ့ အိမ်ထဲသို့ ဝင်လာလေသည်။
“မိခိုင် ထမင်းဆာပြီကွာ ထမင်းစားမယ်။ ဟဲ့ ပြောနေတာ မကြားဘူးလား၊ ဘာဖြစ်နေတာလဲ”
“ဒီမယ် ရှင် မသောက်စဖူး အရက်တွေ သောက်လာပြီး လမ်းထိပ်မှာ ရန်ဖြစ်နေတယ်ဆို၊ ဘယ်သူ့ကို စိန်ခေါ်နေတာလဲ”
ကိုစောလွင်မှာ ဇနီးဖြစ်သူ စကားကြောင့် ခေတ္တစဉ်းစားပြီး အနည်းငယ်ပြုံးလျက် ဇနီးဖြစ်သူအား ပြန်ဖြေလိုက်သည်။ ထိုအခါ ကိုစောလွင် ပြန် ဖြေလိုက်တဲ့ စကားကြောင့် ဇနီးဖြစ်သူ မခိုင်ခိုင်ဦး တစ်ယောက် ပြုံးနိုင်ရယ်နိုင်ပါတော့သည်။
ကိုစောလွင် ဖြေလိုက်ပုံမှာ “ရွာထိပ်နေတဲ့ အရီးလေးဒေါ်မြက အဆိုတော်မနောရဲ့ ဗိုလ်အောင်ဒင်သီချ င်းမကြားဖူးလို့ ဆိုပြပါလို့ ပြောလို့ သီချင်းဆိုပြနေတာကွ”... ဟု။
▢ မောင်သင် (ထောက်ရှာပင်ရေနံ)
📖 မဟေသီ မဂ္ဂဇင်း
ဧပြီလ ၊ ၂၀၁၇
ဝဲထဲကျသော သစ်ရွက်ကလေးများ
❝ ဝဲထဲကျသော သစ်ရွက်ကလေးများ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ဆိုင်းသံသဲ့သဲ့ ကြားရကာမျှဖြင့် ရီးဆေးရိုး အမောပြေ၏။ ပတ်ဖျားကို လက်ညှိုးကလေးဖြင့် တို့လိုက်ခြင်းမျှသာဟု သိသောအခါ ခြေလှမ်းများပင် သွက်၏။ ကြေးသံ နှဲသံများပါ ကြားရသည်အထိ နီးကပ်လာချိန်ဝယ် တစ်လောကလုံးသည် ရီးဆေးရိုး အတွက် ပျော်စရာကြီး ဖြစ်သွားလေ၏။
လမ်းကို ကူးလူးဖြတ်သန်းသွယ်တန်းထားသော ရောင်စုံကြက်လျှာများသည် လေဖြင့် မြူး၏။ ကျောက်လမ်းပေါ်မှ ဖုန်များသည် ကြက်လျှာများ ရှိရာသို့ ပျံတက်၏။ ကြက်လျှာရောင်စုံများက လွန့်လူးပုတ်ခါ၏။ ဆွမ်းတော်ကြီးပေါင်း ပြန်သူများနှင့် မျက်နှာချင်း ဆိုင်မိသည်။ လျှာပေါ်ဝဲမုန့်နံ့ကို ရီးဆေးရိုး ရသည်။ ဝေ့ခနဲ ချင်းသုပ်နံ့က ဝင်လာသည်။ ရီးဆေးရိုး သွားရည်ကျသဖြင့် ပြုံးမိသည်။
“ငါ့မှာ သွားမှ မရှိတော့တာ၊ ဘာကိစ္စ သွားရည်ယိုရသတုံး”
စုပေါင်းဆွမ်းတော်ကြီး ကပ်လှူရန် လာကြသူများအား ရပ်ခံရွာခံများက အကမ်းအလှမ်းများဖြင့် တုံ့ပြန်လေ့ ရှိသည်။ ရီးဆေးရိုး အနံ့ရသော အရာမှာ သည်ပစ္စည်းတွေ ဖြစ်ကြပေသည်။ စင်စစ် မစားနိုင်သော အရာကို သွားရည်ကျရခြင်းကပင် အရသာဖြစ်၏။ ဆွမ်းတော်ကြီးပေါင်း ပြန်ပြုပြင်မျက်နှာများကို အနှောင်းပိုင်းတွင် မြင်ရခြင်းကလည်း အရသာတစ်မျိုး ဖြစ်နေပြန်၏။ ဖိနပ်ချွတ်မိချိန်၌ ရီးဆေးရိုး၏ စိတ်သည် ရွာကို မေ့လျော့ပြီ။ သူသည် သည်ပွဲသို့ လာရန် စိတ်မကူးပေ။ သီတင်းတစ်ပတ်လျှင် ပွဲတစ်ပွဲ နေရာ ပြောင်း ကျင်းပကြောင်း သိသည်။ နေရာ အတိကျကား မသိ။ သို့သော် ညနေစောင်းတွင် သမီးကြီး ချောစိန် ရောက်လာသည်။
“ခက်တာပဲ အဖေရာ” ဟု ရောက်မဆိုက် ညည်းသည်။ ညည်းသံ ကြားရဖန်များသဖြင့် ငြီးငွေ့နေသော ရီးဆေးရိုးရော ရီးကျီးဒန်ပါ မသိကျိုးကျွံ ပြုနေကြ၏။
“အဖေ့မြေး ကိုထွေးပေါ့”
သံယောဇဉ် အမျိုးအမည်ကို ဖော်ပြလာသောအခါ စိတ်မဝင်စားချင်၍ မရ။ ဆက်လာမည့် စကားကို နားစွင့်၏။
“ဆပ်ပြာဝယ်မယ် ဆိုပြီး ငါးကျပ်တန် တစ်ရွက်နဲ့ အိမ်ထဲက ထွက်အလာမှာ မောင်ကိုကြီးကလေး ချော်လဲတာ တွေ့လို့ ပြေးပွေ့တာ အဖေရဲ့။ ကျုပ် သေသေချာချာ မှတ်မိတယ်။ မှောက်ထားတဲ့ အင်တုံပေါ်ကို ပိုက်ဆပ် (ပိုက်ဆံ) တင်ထားပြီးမှ ကလေးကို ချီတယ်။ ကလေးကို သူ့အမေလည်း လာခေါ်ရော ဟော ပိုက်ဆပ် မရှိတော့ဘူး အဖေ။ တဲဘေးမှာ ရွှံ့နင်းနေတဲ့ မောင်ထွေးကို မေးမလို့ ကြည့်တော့ သူလည်း မရှိတော့ဘူး”
မောင်ထွေးမှာ ဒေါ်ချောစိန်၏ သားသမီးငါးယောက်အနက် စတုတ္ထမြောက်သား နို့ညှာ ဖြစ်သည်။ ရေခပ် ခိုင်းထားရာက လာပါဦး၊ မြေကြီးထုစမ်း ခိုင်းလည်း မငြင်း။ မြေကြီးထုနေဆဲမှာပင် နွားစာစဉ်းခိုင်းဦးမည်လား၊ ညည်းညူလိမ့်မည်မဟုတ်။
လူပျိုပေါက်ကလေးသည် လောကတံခါးပေါက် အတွင်း၌ ပန်းအလှများ သင်းကြိုင်နေသည် ထင်၏။ ပန်းမွေ့ရာပေါ်တွင်၊ ပန်းကော်ဇောပေါ်တွင် ရယ်မော လူးလှိမ့်ချင်၏။ သို့သော် ငွေတွင်းက မတိမ်။ ခက်ခဲပင်ပန်းစွာ နှိုက်ယူရသော ငွေမှာ မျက်နှာ မကြီးလှ။ မောင်ထွေးမှာ နေ့တိုင်းသုံးချင်သည်။ အဖေ၊ အမေမှာလည်း နေ့တိုင်း ငွေမဝင်။ သာမန် လယ်သမားဆိုလျှင် သီးနှံပေါ်ချိန်မှအပ ‘ ရှမ်းကြီးအိတ်နှိုက်’ ဖြစ်သည်။ ဦးထွန်းရ၊ ဒေါ်ချောစိန်တို့မှာ အိုးလုပ်ငန်းနှင့် တွဲထားသဖြင့် အိုးဖော်သည့်အခါတိုင်း ငွေဝင်သေး၏။ သို့ဖြစ်သဖြင့် မောင်ထွေးအား နေ့တိုင်းမပေးနိုင်။ အိုး ဖော်ချိန်ကျမှသာ ငါးကျပ်မျှ ပေးနိုင်၏။ မိဘတွင် သုံးစရာ မများလျှင် တစ်ဆယ်ပေးတတ်၏။ တစ်ဆယ် သည်ပင်လျှင် မောင်ထွေး အတွက် နည်းပါသည်။
ဗီဒီယို ကြည့်မည်လော၊ သုံးကျပ်။ ငါးကျပ်သာ ရလျှင်ကား သနပ်ဖက်တစ်လိပ်၊ ငါးပေါင်းကြော်တစ်ခု ဝယ်ရုံဖြင့် ကုန်ပြီ။ သည်အခါ အမေ မေ့လျှော့တန်ရာ၏ဟု၊ မောင်ထွေး မယူဟု မဆိုနိုင်။ ယူကောင်း ယူနိုင်သည်။
“ခက်တာပဲ အဖေရာ၊ ကျုပ်လည်း ဘယ်သူယူတုံး၊ ဘယ်သူတွေ့လား လျှောက်မေးမိတော့ သူ့အဖေ သိသွားပြီ။ သူ့အဖေကလည်း သူ့ကို တန်းတန်းစွဲနေပြီ”
ရီးဆေးရိုးသည် သမီးကြီးအား ကြင်နာစွာ ငေးကြည့်မိ၏။
“ဪ…. ငါ့သမီးတောင်မှ ဆံပင်ဖြူပါပြီကော”
သမီး၏ ခေါင်းမှာပင်လျှင် သေမင်းအလံစိုက်နေပြီ ဆိုလျှင် ဖအေ သော်ကား ဆိုဖွယ်မရှိ။ သေမင်း တူးထားသော တွင်းထဲ ဆင်းနေပြီ။ မြေအဖို့ကို စောင့်ဆိုင်းနေပြီ ဆိုရလိမ့်မည်။ မရဏနုဿတိ ပွားများရန် အစပျိုးဆဲဝယ် ဒေါ်ချောစိန်၏ ဆက်လက် ညည်းတွား စကားကြောင့် အထမမြောက်။ ပူပန်စိတ် ဝင်ရသည်။
“သည်ငါးကျပ်ကို ကိုထွေး ယူသွားပြီး ထီဘောလုံး သွားထိုးတာပဲ ဖြစ်ရမယ်တဲ့။ အတပ်စွပ်စွဲပြီး လိုက်ဖို့ ပြင်နေလေရဲ့။ သူ လိုက်သွားလို့ သူ့သားကို တွေ့ရင်တော့ လူကြားသူကြားမှာ”
“ဟဲ့... ငါ့လည်း မရှိဘူးဟဲ့။ တစ်နေရာရာက ဆွဲလွဲပြီး ပျောက်သွားတဲ့ ငါးကျပ်တန် ပြန်တွေ့ပြီ ပြောချေ၊ ထွန်းရ လိုက်မသွားပေစေနဲ့”
ရီးကျီးဒန် အိမ်ပေါ်မှ လှမ်းပြောချိန်ဝယ် ရီးဆေးရိုး သည် အိမ်ပေါ်သို့ လှမ်းတက်ခဲ့သည်။ ထို့နောက် အင်္ကျီကို ချိတ်မှ ဖြုတ်ယူသည်။ လုံးထွေးကိုင်ပြီး ဆင်းလာကာ ရွာပြင်ရောက်မှ ဝတ်သည်။ အင်္ကျီကို လုံးထွေး ပြီး ယူလာခြင်းမှာ သူ့မြေးနောက်သို့ သူလိုက်မည်ကို ရီးကျီးဒန် မသိစေလို၍ဖြစ်၏။ သူ့မြေး နောက်သို့ အပင်ပန်းခံကာ ထလိုက်လာခြင်းမှာ သူ့သမက်နှင့် သူမြေးတို့ လူပုံလယ်တွင် မတွေ့စေချင်၍ ဖြစ်သည်။ တွေ့ကြလျှင် မောင်ထွေး မသက်သာ။ ဘာမပြော ညာမပြောနှင့် ဖအေက နားရင်းအုပ်ကောင်း အုပ်မည်။ သည်မျှဆိုလျှင် တော်သေး၏။ စီးလာသော ခုံဖိနပ်ဖြင့် ရိုက်ပါမူ...
ဆိုင်းသံသည် မည်သည့်နေရာမှ လာနေသနည်း။ ရီးဆေးရိုး၏ နားထဲတွင် သာယာလှသည်။ တစ်ဝါတွင်းလုံး သူဝင် ငါထွက် ရောက်ရှိလာသည့် အလှူခံ အသံချဲ့စက်များသည် ကင်းတဲပေါ်မှ ဖြစ်စေ၊ ဝတ်ကျောင်းအောက်မှာ ဖြစ်စေ စတည်းချ၏။ ရပ်သူ ရွာသားတွေ နှစ်သက်သလော၊ မနှစ်သက်သလော မချင့်ဆ။ နားကွဲအောင် နေ့ရောညပါ ဖွင့်တော့သည်။ သည် အထဲတွင် ငမူးတွေ ရှိသေး၏။ ငမူးတွေသည် အလှူခံ အသံချဲ့စက်ထံမှ စကားပြောခွက်တောင်းကာ တေးချင်းဆို၏။ မသင့်မြတ်သူကို ဆဲရေး၏။ တစ်ရွာလုံးမှာ မန်ကျည်းသီးစိမ်း၊ ဆီးသီးစိမ်း စားမိသော မျက်နှာ ဖြင့် ရှုံ့မဲ့နေကြရတော့၏။
ယခု ဆိုင်းသံကား တရားလွန် မကျယ်လောင်ချေ။ သာယာနာပျော်ဖွယ်ဟူသည့် အခြေအနေတွင် ရှိ၏။ မည်သည့်နေရာမှ တီးနေသနည်း။ ရီးဆေးရိုး မျှော်ကြည့်သည်။ ခြင်းအလှခတ်သည့် နေရာမှ တီးနေ သလော။ သည်သို့ဆိုပါက ခြင်းပွဲ ကြည့်ချင်သည်။ ရွာတွင် လောင်းကြေးစားကြေး ဘော်လီဘော ရောက်လာကတည်းက ခြင်းလုံး ပျောက်ခဲ့သည်။
နေမဝင်သေးငြား ရောင်စုံမီးပုံးကလေးတွေ ထွန်းညှိပြီ။ ဖုန်လုံးပါးပါးကလေးဘေးမှ ဝတ်ကောင်းစားလှနှင့် လူများ၊ မီးရောင်စုံများကြောင့် ခုနကထက် လှလာသည်၊ သာယာလာသည်ဟု ရီးဆေးရိုး ထင်၏။ ဆိုင်းသံကို ဖောက်လျက် မသာယာသော အသံ ပေါ်လာသည်။ တစ်စုံတစ်ရာပေါ်မှ အမည်မသိ အရာများ လှိမ့်ကျသံဖြစ်၏။ ရီးဆေးရိုး လှမ်းကြည့်သည်။ ဖိနပ်ကိုယ်စီ ကိုင်ထားသူများ စုဝေးနေကြသည်။ ထို အစုအဝေးများမှာ လေးငါးခြောက်စု ရှိသည်။ ဆိုင်းသံဘက်သို့ ဦးတည်သော ရီးဆေးရိုး၏ ခြေလှမ်းများ ညာဘက်သို့ လှည့်သွားလေတော့သည်။
“အများ ဘဝင်ထိတ်ရတဲ့ ကျားဆင်လိပ်ပါ ခင်ဗျာ၊ ရော့ ... တစ်ကျပ် ယူသွား။ ဒီငါးကျပ် ဘယ်သူတုံး၊ ပြန်တယ်။ ရော့ ... သုံးကျပ်၊ ရော့.. တစ်ကျပ်”
ကျားရုပ်၊ ဆင်ရုပ်၊ ကြက်ရုပ်နှင့် ငါး၊ လိပ်၊ ပုစွန် ရုပ်များ အကွက် ခြောက်ကွက်တွင်း၌ ဆေးရောင်စုံဖြင့် ရေးခြယ် ချခင်းထားသော ကားချပ်။ ငွေစက္ကူတွေ ကောက်ယူလှမ်းပေးနေသော လူတစ်ယောက်နှင့် သူ့ ကျောဘက်တွင် နိမ့်လျှောခင်းထားသည့် ပျဉ်ပြားရှည်။ သည်ပျဉ်ပြားရှည်၏ ထိပ်အမြင့်ဆုံးနေရာ၌ လေးထောင့် သစ်သားတုံး သုံးတုံး။ သည်သစ်သားတုံး၏ မျက်နှာစာတိုင်းတွင် အရုပ်တစ်မျိုးစီ ရှိသည်။
“ဖွင့်မယ်၊ လက်ရှောင်”
ကားချပ်ဘေးတွင် ထိုင်နေသူ၏ အော်သံအဆုံး၌ အံစာတုံး သုံးလုံးသည် ကျွမ်းထိုးမှောက်ခုန် တချို့ ၊ လျှောလျက် တချို့ ပြေးဆင်းလာသည်။ ပိုးလိုးပက်လက် လန်ပြီး ငြိမ်ကျသွားသည်။
“အလွန်ပြောင်လက်တဲ့ ပုစွန်နှစ်ကောင် ကြက်ပါ ခင်ဗျား။ ရော့... တစ်ကျပ်၊ ဒါ ဘယ်လောက်တုံး၊ သုံးကျပ်၊ အဲ သုံးကျပ်က ခြောက်ကျပ်ယူ”
ဪ... လက်စသတ်တော့ ခြောက်ကောင် အံစာ ဆိုတာ ဒါကိုး။
ထိုနေရာမှ ရီးဆေးရိုး ခွာသည်။ မကောင်းတဲ့ လောင်းကစားအလုပ်၊ ရိုးရိုးမှတ်မှတ်နဲ့ ကြိုးစားပမ်းစား အလုပ်လုပ်ချင်စိတ်မရှိအောင် လူတွေကို ဖျက်ဆီးတဲ့ လောင်းကစား။ အင်း ... ပြောင်ပြောင်တင်းတင်းကို သောင်းကျန်းနေတာပါကလား။ ရီးဆေးရိုး သဘောမကျ။ လူငယ်တွေနှင့် ကလေးသူငယ်တွေချည်း အုံနေသဖြင့် စိတ်မကောင်း။ သဘောမကျ၊ စိတ်မကောင်းသော်ငြား ရီးဆေးရိုး မည်သို့ တတ်နိုင်ပါအံ့နည်း။
မလှမ်းမကမ်းတွင် တစ်ဝိုင်း။ ထန်းပင်ပုကလေး သုံးပင်အောက်ရှိ ထိုဝိုင်းမှာ အသံမထွက်။ သို့ရာတွင် ကားချပ်မူ ပါသေး၏။ အရုပ်တွေ မဟုတ်။ ဂဏန်းတွေ။ ခုနစ်ဂဏန်းက အကြီးကြီး။ ကျန်ဂဏန်းများမှာ သေးသေးကလေး။
“လပ်ကီးဆဲဗင်းဘကြီး၊ ရိုးရိုးက တစ်ဆ၊ လပ်ကီး ဆဲဗင်းက သုံးဆ”
ယခုမှ ရီးဆေးရိုး သတိပြုမိသည်။ ဒိုင်မှာ အမျိုးသမီးပါတကား။ သူ့လည်ပင်းတွင် လွယ်အိတ်တစ်လုံး စွပ်ထား၏။ လွယ်အိတ်ထဲတွင် ဘိလပ်ရည် ပုလင်းဖုံးတွေ ရှိသည်။ အဖုံး၏ အတွင်းပိုင်း၌ ဂဏန်းတွေ ရေးထားကာ တစ်ကြိမ်နှိုက်လျှင် သုံးခု ယူရသည်။
ရီးဆေးရိုး ခေါင်းတညိတ်ညိတ်ဖြင့် ဆက်လျှောက်ခဲ့သည်။ ဒလန်ဟု ထင်ရသော ယောက်ျားနှစ်ဦးမှ အပ ဘုစုခရု သူငယ်နှပ်စားချည်းပါတကား။ ၀လုံး ရေးနေရမည့် အရွယ်တွေ၊ အလီပေါင်းကျက်နေရမည့် အရွယ်တွေ။ တတိယတွေ့သောအရာကား ထီဖြစ်သည်။ ကလေးသူငယ်တွေထက် လူရွယ် လူလတ်တွေ များသည်။ အဘိုးကြီးအိုတွေ၊ မိန်းမတွေလည်း ပြောက်ကျားပါဝင်သည်။ စည်လည်း စည်ကား၊ ခံ့လည်း ခံ့ညား၏။ စားပွဲ၊ ကုလားထိုင်တွေ၊ ဖြတ်ပိုင်းတွေ၊ အော်လံတွေဖြင့်။ လက်မှတ်တစ်စောင် သုံးကျပ်။ လက်မှတ်ပေါ်တွင် ဘောလုံးသမားနှစ်ဆယ်၏ အမည်ကို ပုံနှိပ်ထား၏။ ကြိုက်ရာ လေးယောက်၏ အမည်ကို ခြစ်ကာ ပြန်ပေးရ၏။ ဒိုင်က ဖွင့်သောအမည်နှင့် ကိုယ့်အမည် တူနေလျှင် သုံးဆယ်ပြန်ရ၏။ အားကစားလိုလို ဘာလိုလိုနဲ့ လက်စသတ်တော့ အလောင်းအစားပဲ။ ရှေ့နားက ဝိုင်းမှာ မစည်ကားပါ။
“ဟော... ဆင်သုံးကောင်၊ အားလုံးစားတယ်”
ရီးဆေးရိုး ရပ်၍သော်မျှ မကြည့်တော့ပါ။ ရှေ့တွင် ခင်းထားသည့် ကားချပ်ပေါ်ရှိ အရုပ်များကို မြင်ခါစမျှဖြင့် သိလိုက်ပြီ။ ပျဉ်ပြားပေါ်တွင် လျှောချသော အန်စာများကို တစ်နည်းပြောင်းကာ ခွက်ဖြင့် အုပ်ပြီး ခလောက်ခြင်းဖြစ်သည်။ မလှမ်းမကမ်းတွင်လည်း တစ်ဝိုင်း။ သူ့ရှေ့က ကားချပ်မှာ သေးငယ်၏။ မည်သည့်အရာမျှ ရေးမထား။ ကားချပ်ဘေးတွင် တင် ပျဉ်ခွေ ထိုင်နေသူမှာ အသံအက်အက်ဖြင့် ပြောနေ၏။
“ဒါကို ထိုး… ဒါကို မထိုးနဲ့။ မှတ်ထား... ဟော အပေါ်ရောက်သွားပြီ၊ ဟော အောက်ကို ပို့လိုက်ပြီ”
လက်ဝါးထဲရှိ ဖဲချပ်ကို ထောင်ကာ ထောင်ကာ ပြရင်း ပြောနေခြင်းဖြစ်၏။ တစ်ကြိမ် ထောင်ပြလျှင် အနီကို မြင်ရ၏။ နောက်တစ်ကြိမ်တွင် အစိမ်း။ နောက်တစ်ကြိမ်တွင် အဖြူ။
“ထိုးထိုး”
ဖဲသုံးချပ်ကို စီချထားလိုက်ရာက အဝါရောင် မျက်လုံးဖြင့် မော့ကြည့်၏။ တောင်မြောက်လေးပါး ကိုလည်း ကြည့်၏။ ဖဲတစ်ချပ်စီကို လှန်လိုက်သည်။ အဖြူချပ် အစိမ်းချပ် ဘေးရှိ ငွေများကို သိမ်းယူပြီး အနီချပ် ရှေ့ရှိ ငွေများကို အလျော်ပေး၏။ ပြီးလျှင် ဖဲသုံးချပ်ကို ဆင့်ထပ်၏။ ထောင်၍ထောင်၍ ပြ၏။ ပစ်၍ပစ်၍ ချ၏။
“ဟောသည် အလယ်ကဟာ အနီကွ”
ရီးဆေးရိုး တေးမှတ်ဆဲ၌ ဖဲများ လှန်၏။ ရီးဆေးရိုး တေးသည့် အလယ်ချပ်က အနီ။
“ဒါထိုး ဒါမထိုးနဲ့၊ ဒါလည်း မထိုးနဲ့”
ဖဲသုံးချပ် စီပြီးသွားပြီ။ လက်ယာဘက်ရှိ ဖဲကို အနီဟု ရီးဆေးရိုး မှတ်ထား၏။ လှန်လိုက်သောအခါ ဟုတ်နေပြန်သည်။ ဖဲသုံးချပ် လိမ်တယ် လိမ်တယ်နဲ့ ဘယ်မှာ လိမ်လို့တုံး။ သည်အတွေးဖြင့် မျက်တောင် မခတ်ဘဲ ကြည့်သည်။ အနီချပ်က အလယ်သို့ ပြန်ရောက်သွားပြန်သည်။
“နေဦးဟေ့... နေဦး”
ရီးဆေးရိုး အိတ်ကို နှိုက်သည်။ ငွေတစ်ကျပ် ဆွဲထုတ်ဆဲဝယ် ဖဲချပ်များ လှန်၏။ ရီးဆေးရိုး တေးထားသည့် အချပ်သည်ပင် အနီ။
“နေဦးဆိုနေလျက်နဲ့ကွာ”
“နေဦး ဆိုလို့မရဘူး၊ ထိုးမှ ရမယ်”
ပြောပုံက မထီမဲ့မြင်။ ထို့ကြောင့် ရီးဆေးရိုး အသေအချာမှတ်ကာ တစ်ကျပ် ထိုး၏။ စားသွားသည်။ ငါ သေသေချာချာ သူ ထောင်ပြတုန်းက ကြည့်ထားတာပါ။ ရီးဆေးရိုး အားမလို အားမရ ဖြစ်သည်။ သေသေချာချာ ကြည့်သည်။ နှစ်ကျပ် ထိုးသည်။ ပြန် မလာပါ။ သင်းပဲ လက်ကစားနိုင်မလား၊ ငါပဲ ကြည့်နိုင်မလား သိကြရောပေါ့ကွာ။ ရီးဆေးရိုး နှစ်ကျပ်ပင် ထိုးသည်။ အလျော် မရပါ။ သို့အတွက် စိတ်ငြိမ် အောင်ထားပြီး နှစ်လှည့် စောင့်ကြည့်သည်။ မထိုးသည့် အခါတွင် သူ မှတ်သမျှ မှန်ပြန်သည်။ ထို့အတွက် ရှုံးထားသမျှ ပြန်ယူရန် ရည်ရွယ်လျက် ငါးကျပ်ထိုးရာ စားသွားလေ၏။ ရီးဆေးရိုး တက်တခေါက်ခေါက်ဖြင့် အိတ်ထဲနှိုက်သည်။ ဖြစ်ချင်ရာဖြစ် အကုန် အောမည် စိတ်ကူးခါမှ အိတ်ထဲတွင် ကျပ်တန်တစ်ရွက်သော်မျှ မရှိတော့ချေ။
“အလှည့်ဆိုတာ အပင်ဆိုတာ ရှိတယ်ဘကြီး။ အင်္ကျီကို တစ်ဆယ်နဲ့ ချထိုး၊ ရတယ်”
ဘဝတူ တစ်ယောက်က အကြံပေး၏။ ခံပြင်း စိတ်သည် ရီးဆေးရိုး၏ လက်ကို အင်္ကျီကြယ်သီးပေါ် ပို့၏။ ဒလန်ဆိုတာ ဒါမျိုး ထင်တယ်။ ပြီးတော့ ငါ့ အင်္ကျီက တစ်ဆယ်မက တန်တာ။ ထိုသတိဝင်လာလျှင် လာချင်း ရီးဆေးရိုးသည် အကြံပေးသူအား အထိတ်တလန့် ကြည့်သည်။ ဖဲသုံးချပ်ဝိုင်းကြားမှ လျင်မြန်စွာ ခွာခဲ့သည်။ သူသည် မောင်ထွေးအား ရှာဖွေရန် သတိမရတော့ပါ။ ‘တစ်ဆယ် ဆိုတာ နည်းတဲ့ငွေ မဟုတ်ဘူး’ ဟူသည့် ယူကျုံးမရ စိတ်ကို ပွားများလျက် ပြန်ခဲ့သည်။
“အဘိုးကြီးအို မပြောမဆိုနဲ့ ဘယ်ထွက်သွားတာတုံး”
မီးခွက်ကြီးဘေးတွင် ထိုင်နေသည့် ရီးကျီးဒန်က ဆီးမေး၏။
“မပြောပါနဲ့တော့အေ၊ ညည်းမြေးကို ရှာမယ်ဆိုပြီး ပွဲဈေးကိုသွားတာ ဖဲသုံးချပ်ရှုံးပြီး ပြန်ခဲ့တယ်ဟေ့။ ငွေတစ်ဆယ် မစားရက် မသောက်ရက် စုထားတာဟာ”
“တစ်ဆယ် တော်သေးတာပေါ့၊ တောင်ပိုင်းက ကျော်စိန်ဝင်း ဘောလုံးထီမဲတာ စက်ဘီး ပြုတ်ပါရောလား။ စိန်လှမောင်၊ ငဦး၊ ကျော်ဇင်ညွန့်လည်း လှည်း ပြုတ်တဲ့လူ ပြုတ်၊ နွားပြုတ်တဲ့လူ ပြုတ်နဲ့။ ပွဲကောင်းကြီး ခိုက်တာလေ”
ရီးဆေးရိုးအတွက် ဖြေသာသော စကားဖြစ်ငြား ငွေတစ်ဆယ်ကို နှမြောစိတ်မှာမူ မှေးမှိန် မသွားလေ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်