Monday, November 18, 2024

ဗန်ဒိန်း ၊ အာနိုး ကို တွေ့ဆုံခြင်း


 

❝ ဗန်ဒိန်း ၊ အာနိုး ကို တွေ့ဆုံခြင်း ❞

သူ က လူကောင် ထွားထွား ။ သူ့ ကို တစ်ချိန် က ဗန်ဒိန်း လို့ ခေါ်တယ် ။ ခုတော့ အာနိုး လို့ လူသိ များတယ် ။ သူ့ ရဲ့ လိပ်စာကတ် ပေါ် မှာ ရိုက် ထားတာ က Kyaw Tin Htoo @ R. Nold, Managing Director, AK Trading တဲ့ ။

ကိုကျော်တင်ထူး ရဲ့ ပုံစံ က အရပ်အမောင်း ကောင်းကောင်း ။ ခန္ဓာကိုယ် က တုတ်တုတ်ခိုင်ခိုင် ။ ဆံပင် ကို ခေါင်းတုံးဆံပင်ပေါက် လို ခပ်ပါးပါး ညှပ် ထား တယ် ။ သူ က ဘူမိဗေဒ အဓိက နဲ့ ရန်ကုန်တက္ကသိုလ် က ဘွဲ့ ရတယ် ။ ကျွန်တော် က သူ့ အမည် ကို ဘာကြောင့် အာနိုး ခေါ်တာလဲ မေး တော့ သူ က ရယ်တယ် ။

“ ကျွန်တော်တို့ တက္ကသိုလ် တုန်း က Geology က Field ဆင်း ရင် ကျွန်တော် က ဂျင်းဘောင်းဘီ ရိုက်ဒါ အကျပ် ၊ အင်္ကျီ အကျပ် ဝတ်တယ် ၊ ဗန်ဒိန်း ပုံစံ ဆိုပြီး Geology သူငယ်ချင်း တွေ က ခေါ် ကြတာ ”

သူ့ ပုံစံ က လည်း အက်ရှင်ကား ထဲ က ဇာတ်လိုက် နဲ့ တော်တော် တူ ပါတယ် ။

“ မန္တလေး ရောက်တော့ လူကောင် က ထွား တော့ အာနိုး လို့ ခေါ်ကြပြန် ရော ။ ဈေးကွက် ထဲ က အာနိုး လို့ အသိ များတယ် ။ ခု နောက်ပိုင်း WWW လက်ဝှေ့ထိုး တဲ့ သူတွေ လို ကျွန်တော် က ဆံပင် ကို ဆပ်ခေါင်းတုံး ထားတယ် ။ ကျွန်တော် က တစ်ဖက်စွန်း ရောက် ရာ ကျချင် ကျမှာပေါ့ ၊ ဆံပင် ထားရင် ဖြီးရ ပြုရ အချိန် ကုန်တယ် ထင်လို့ ဆပ်ခေါင်းတုံး ထားတာ ၁၃ နှစ် ရှိ သွားပြီ ”

ကျွန်တော်တို့ ပြိုင်တူ ရယ်မောမိ ကြတယ် ။ သူ့ ရဲ့ ငယ်စဉ် က ရုန်းကန် ခဲ့ရတဲ့ ဘဝ ကို မေးခွန်း ထုတ်ပါတယ် ။

“ ကျွန်တော် ငယ်ငယ် က တော်တော် ရုန်းကန်ရ ပါတယ် ။ နွေရာသီ ကျောင်း ပိတ်ချိန် ဆိုရင် စွန် တိုက်တဲ့ ကြိုး လုပ် ရောင်းရဖူးတယ် ၊ စွန် လည်း ရောင်းတယ် ”

စွန် ( လေတံခွန် ) လွှတ်ကြတဲ့ အခါ စွန် တစ်ခု နဲ့ တစ်ခု တိုက်ရာမှာ သူ့  စွန်ကြိုး ကို ဖြတ်နိုင်ဖို့ သုံးတဲ့ မှန်စာကြိုး ကောင်းကောင်း လိုတာ ကို ကျွန်တော် သတိရ လိုက်မိတယ် ။

“ မိသားစုတွေ သိပ် ကျပ်တည်း တဲ့ ကာလ မှာ မရမ်းသီး အချဉ်ပေါင်း လုပ် ရောင်းတယ် ၊ တက္ကသိုလ် ပထမနှစ် တက်တော့ အာရ်စီတူး တက် ရတာ ၊ နေတာ က သင်္ဃန်းကျွန်း ဆိုတော့ ဝေးတယ် ။ ဘတ်စ်ကား လေးဆင့် လောက် စီး ရတယ် ။ စာမေးပွဲ ရက် ဆို ရင် သူငယ်ချင်း အိမ် သွား အိပ် ရတယ် ။ ကျူရှင် မနေနိုင်ဘူး ။ ရေခဲထုပ် လည်း လုပ် ရောင်းဖူးတယ် ၊ တက္ကသိုလ် တက် တဲ့ အထိ ရေခဲထုပ် ရောင်းတယ် ။ ကျောင်း ရောက် ရင် လက်တွေ က ဆေးရောင်စုံ စွန်းပေလို့ ၊ အိမ် မှာ ရေခဲထုပ် ထုပ်လာခဲ့ရတာ ကိုး ၊ သူငယ်ချင်းတွေ က အစ မှာ မယုံဘူး ။ အိမ် လိုက် ကြည့် မှ လက်ခံတာ ၊ ကျွန်တော် က တော့ ပွင့်ပွင့်လင်းလင်း ပဲ ကိုယ့် အခြေအနေ ကို မကွယ်မဝှက် ပြောတာပဲ ”

သူ့ မျက်နှာ ပေါ် မှာ ရိုးသားပွင့်လင်း တာ က ပေါ်လွင် နေတယ် ။

ကိုကျော်တင်ထူး က သူ့ ဘဝ အကြောင်း ဆက် ပြော ပြ ပါတယ် ။

“ အစ်မ က အိမ် မှာ ကလေးတွေ ကို စာ သင်တော့ အိမ် က အသင့်အတင့် ချောင်လည် လာပြီ ၊ ရေခဲသေတ္တာ ဝယ် နိုင်တာ နဲ့ တူးဒိုး တစ်လုံး ဝယ်တယ် ၊ ဇော် ရေခဲအဆီပုလင်း ဝယ် ၊ သကြား နဲ့ ရေခဲထုပ် လုပ်တယ် ၊ ကျွန်တော် ကားမှတ်တိုင် သွားပြီး ရေခဲထုပ် ရမယ် ၊ ရေခဲထုပ် ရမယ် အော် ရောင်း တော့ တခြား သူတွေ လည်း စိတ်ဝင်စား ပြီး ရောင်းချင်တယ် ၊ ကျွန်တော် ဖောက်သည် ပေးတယ် ” 

သူ က ငယ်စဉ် ကတည်း က စီးပွားရေး မျက်စိ ရှိတယ် လို့ သတိ ထားလိုက်မိတယ် ။

“ ဘီအမ်အိတ်စ် စက်ဘီး လည်း ငှားစား ဖူးတယ် ၊ ကျွန်တော်တို့ နေတာ က သင်္ဃန်းကျွန်း မှာ ၊ သုဝဏ္ဏအားကစားကွင်း မှာ လူစည်ချိန် ဆို ကျွန်တော် က ဘီအမ်အိတ်စ် စက်ဘီး ကို ခေါင်း ထောင်ပြီး စီးတယ် ။ စတန့် ပေါ့ ၊ ပြရတာ ပေါ့ ၊ တခြား ကလေးတွေ က စိတ်ဝင်စား ပြီး စီးချင် ရင် စက်ဘီး ငှားတယ် ”

ယနေ့ အချိန်အခါ မှာ သူ ကြီးပွားတာ က ပင်ကို အရည်အချင်း နဲ့ ထိုးထွင်း လုပ်ကိုင်ချင်စိတ် ကြောင့် လို့ ကျွန်တော် မှတ်ချက် ချ လိုက်တယ် ။

သူ့  AK Trading အကြောင်း ကျွန်တော် ဆက်ပြီး မေးပါတယ် ။

“ ကျွန်တော် တို့ AK Trading ရဲ့ အဓိပ္ပာယ် က A က ကျွန်တော် တို့ ဦးလေး ဦးအောင်မင်း ၊ သူ က လုပ်ငန်း စတင်ချိန် က ပံ့ပိုးပေး တဲ့ သူ ၊ K က ကျော်တင်ထူး ဆိုတဲ့ ကျွန်တော့် အမည် ပေါ့ ”

“ ဘယ်အချိန် မှာ ဘဝ အလှည့်အပြောင်း စ ဖြစ်တာလဲ ”

“ အရင်တုန်း က ကျွန်တော် က ကုမ္ပဏီ ဝန်ထမ်း ၊ ကျွန်တော် က မန္တလေး ရုံးခွဲ တာဝန်ခံ ၊ အမျိုးသမီး က ကုမ္ပဏီ စာရင်းကိုင် ၊ ကျွန်တော် တို့ ကုမ္ပဏီ က ဝီရဇ ပေါ့ ၊ ၂ဝဝဝ ပြည့်နှစ် မှာ ကျွန်တော်တို့ ချင်း ချစ်သူ တွေ ဖြစ်ပြီး အိမ်ထောင် ပြုတယ် ၊ ကုမ္ပဏီ က rule ရှိတယ် ၊ တစ်ယောက် ထွက် ပေးရမယ် ”

“ ဘယ်သူ ထွက်မယ် ဆုံးဖြတ်သလဲ ”

“ ကျွန်တော် တို့ က ကိုယ်ပိုင် လုပ်ငန်း လုပ်မယ် ၊ ရည်ရွယ်ချက် ရှိတော့ နှစ်ယောက်လုံး ပဲ ကုမ္ပဏီ က ထွက်တယ် ၊ ၂ဝဝဝ ပြည့်နှစ် ၊ နိုဝင်ဘာ မှာ အိမ်ထောင် ပြုတယ် ၊ ၂ဝဝ၁ မေလ မှာ ကိုယ်ပိုင် လုပ်ငန်း စ လုပ်တယ် ”

“ တစ်နေ့ နေ့ မှာ ကိုယ်ပိုင် လုပ်ငန်း လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက် က ရှိပြီးသား လား ”

“ ကျွန်တော့် မိဘတွေ က အစိုးရ ဝန်ထမ်းတွေ ၊ ၁၉၉၀ - ၉၁ မှာ ကျွန်တော် ၁၀ တန်း အောင်တယ် ၊ ၁၀ တန်း အောင် ပြီးတော့ ကျွန်တော် တို့ က သူများ ဆီ မှာ မင်္ဂလာဈေး မှာ ကုန် ထမ်းတယ် ၊ တစ်နေ့ ၃၅ ကျပ် ရတယ် ”

အလုပ် ဟူသမျှ ဂုဏ် ရှိစွ ဆိုပေမယ့် အထက်တန်း ကျောင်းသားလေး တစ်ယောက် အနေ နဲ့ ဈေး ထဲ မှာ ကုန် ထမ်းရတာ နိမ့်ကျတယ် မထင်ဘူးလား လို့ ကျွန်တော် မေးပါတယ် ။

“ လူ့ အောက်ကြို့ လို့ မသေဘူး ၊ ကျွန်တော် ကုန် ထမ်းခဲ့ ဖူးတဲ့အတွက် ခု ဆိုရင် ကျွန်တော်တို့ ဂိုဒေါင် ထဲ က ပစ္စည်းတွေ စစ်ဖို့ တတ်ကျွမ်းတယ် ၊ ဂျပ်ဖာ တစ်လုံး မ , ကြည့် လိုက်တာ နဲ့ ဘူးပြည့် ပါသလား ။ အထဲ က ဘူး ပေါက် နေသလား သိတယ် ”

“ ကုန် ထမ်းတာ ဘယ်လောက် ကြာသလဲ ”

“ ခြောက်လ လောက် ကြာတယ် ။ နောက်တော့ ကျွန်တော့် နေရာ မှာ လူစား ထားပြီး ဟိုဆိုင် က ပစ္စည်း ဝယ် ၊ ဒီဆိုင် ရောင်း လုပ်တယ် ၊ မော်လမြိုင် ရထား က မှောင်ခိုပစ္စည်း ကောက် ပြီး ဆိုင် ပြန် သွင်းတယ် ”

ကုမ္ပဏီ အလုပ် ကို ဘယ် အချိန် မှာ စ လုပ်ဖြစ်သလဲ ဆိုတာ ကို ကျွန်တော် မေး ပါတယ် ။

“ ၁၉၉၆ ခု ရောက်မှ တက္ကသိုလ် က Geology နဲ့ ဘွဲ့ ရတာ ၊ ဘွဲ့ ရ ပြီးမှ ဝီရဇ မှာ ကုမ္ပဏီ လုပ်ငန်း ဝင် လုပ်တာ ”

“ ကုမ္ပဏီ က ဘာတွေ ဖြန့်ဖြူး ရောင်းချတာလဲ ”

“ နို့ဆီ ၊ နို့စိမ်း နဲ့ မိကျောင်းစက်ဘီး ဖြန့်တာ ၊ ကျွန်တော် က မြန်မာ တစ်နိုင်ငံလုံး မရောက်တဲ့ နေရာ မရှိဘူး ၊ ပစ္စည်း လိုက် ချ ရတယ် ။ နိုင်ငံခြား ကို အိတ်စပို့ တင်ဖို့ ပစ္စည်း လိုက် ဝယ် ပေးရတယ် ၊ ဥပမာ ငရုတ်သီး ၊ ပဲမျိုးစုံ ၊ ဒီ အတွေ့ အကြုံ တွေ က ကျွန်တော် တို့ အတွက် အများကြီး အကျိုး ပြုတယ် ၊ ယခု ကိုယ်ပိုင် လုပ်ငန်း လုပ်ကြတော့ လည်း ကျွန်တော်တို့ ကုမ္ပဏီ ပုံစံ ပဲ ဆက် သွားတယ် ၊ rule အတိုင်း ပဲ သွားတယ် ၊ လစာ ပဲ စားတယ် ”

မန္တလေး မှာ AK အမည် နဲ့ ဆိုင်တွေ အများကြီး ဖွင့် ထားတာ ကို တွေ့ဖူးလို့ သူ့ ကို ကျွန်တော် မေးပါတယ် ။

“ မန္တလေး ကို လေးပိုင်း ပိုင်း လိုက်တယ် ၊ လက်လီဆိုင် တစ်ဆိုင် ရယ် ၊ Warehouse ( ကုန်လှောင်ရုံ ) တစ်ခု ရယ် တွဲ ထားတယ် ၊ လက်လီဆိုင် လေးဆိုင် ရယ် ၊ warehouse လေးခုရယ် ရှိတယ် ၊ ပြီးတော့ main office ရယ် ၊ main warehouse တွေ ရယ် ရှိတယ် ။ မန္တလေး ဝန်ထမ်း ၁၆ဝ လောက် နဲ့ လုပ်နေတယ် ”

“ စ ဖွင့်တုန်းက ...”

“ စ ဖွင့်တုန်းက ဝန်ထမ်း မရှိဘူး ၊ ကျွန်တော်တို့ လင်မယား နှစ်ယောက် ပဲ ရှိတာ ၊ ပထမဆုံး စ ဖွင့်တာ က လက်လီဆိုင် မဟုတ်ဘူး ၊ လက်ကား ။ ဖုန်း နဲ့ ဆက်ပြီး လက်ကား ရောင်းတယ် ၊ နောက် door to door ဖြန့်တယ် ၊ ၂၀၁၄ ကျ မှ retail ( လက်လီရောင်းခြင်း ) ကို စတာ ၊ ခု ဆိုရင် ကျွန်တော်တို့ ဆီမှာ ပစ္စည်းပေါင်း အမျိုး ၆ဝဝ ကျော် ရှိတယ် ”

“ အချိန်တိုတို အတွင်း မှာ လုပ်ငန်း ကြီးလာတာ ရဲ့ သော့ချက် က ဘာလဲ ”

“ ကုမ္ပဏီ မှာ လုပ်ခဲ့တဲ့ အတွေ့အကြုံ ၊ ဆရာသမား နဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ရဲ့ ပံ့ပိုးမှု ၊ သင်တန်းတွေ မှာ စာတွေ့သင်ယူ လာခဲ့တာတွေ ကြောင့် ပါ ”

“ အရောင်းအဝယ် လုပ်ငန်း တင် မက ဘဲ စာသောက်ဆိုင် လုပ်ငန်း ၊ ကား spa လုပ်ငန်း လို ဟာတွေ လည်း ရှိတယ်လို့ သိရတယ် ”

“ AK Trading က အရောင်းအဝယ် ပဲ ၊ ခေတ် အလိုက် လုပ်နိုင်တာတွေ လိုက် ကြည့် တော့ AK Motor Spa and Car Beauty Salon ဖွင့်တယ် ၊ ရိုးရိုး ကား ရေဆေး ဆီလိုက် မဟုတ်ဘူး ၊ နာမည် ဆန်းဆန်းလေးနဲ့ ၊ အဲဒီ မှာ Food Center လည်း ဖွင့်တယ် ၊ AK ကုမ္ပဏီ အောက် မှာ ထပ် တိုးချဲ့ပြီး အမှတ် ၁ - ၂ ဆက် ကာ ဖွင့် နေတယ် ”

“ ကား ရေဆေးရာ မှာ သမားရိုးကျ မဟုတ်ဘဲ ကား ရေလာ ဆေးသူ စောင့်ဆိုင်းချိန် မှာ အချိန် မကုန်ရ အောင် စီစဉ်တာတွေ ရှိတယ်လို့ သိရပါတယ် ”

“ ခေတ် က ပြောင်း လာနေပြီ ၊ လူတွေ ကို ဆားဗစ် ကောင်းကောင်း ပေး ကြရမယ် ၊ ကား ရေဆေးရင်း အလုပ် လည်း မပျက်ရအောင် ဝိုင်ဖိုင် ဖရီး ထားပေးတယ် ၊ Relaxation ( အနားယူ အပန်းဖြေမှု ) ဖြစ်အောင် လျှပ်စစ်အနှိပ်ခုံ ထား ပေးတယ် ၊ အစားအသောက် စားချင် စားဖို့ Snack တွေ ၊ soft drink တွေ ထား ပေးတယ် ၊ အဲဒီ အစားအသောက် တွေ က ကျွန်တော် တို့ က ရောင်းတာ ဆိုတော့ ဈေး သက်သက်သာသာ ရောင်းပေး နိုင်တယ် ၊ အမှတ် ၂ မှာ ဆိုရင် စားသောက်ဆိုင် ထား ပေးတယ် ”

“ ရယ်ဒီမိတ် တွေ မဟုတ်ဘူး ပေါ့ ”

“ ကော်ဖီ ၊ တီး ၊ ကြက်သား ထပ်တစ်ရာ ၊ အာလူးပဲဟင်း လို အစားအစာ မျိုး တွေ စားရင်း စောင့် နိုင်အောင် လုပ်ထားတယ် ၊ ရောင်းရဖို့ ထက် ဒါက ဆားဗစ် အဖြစ် လုပ်ထားတာ ”

ကိုကျော်တင်ထူး က ထိုင်း ၊ စင်ကာပူ ၊ တရုတ် ၊ မလေးရှား စတဲ့ နိုင်ငံတွေ ကို လေ့လာရေး သွားခဲ့တဲ့ အတွေ့အကြုံ ကို ပြောပြပါတယ် ။

“ ယိုးဒယား Bird Wing နို့ဆီ ကို ကျွန်တော်တို့ ဝီရဇကုမ္ပဏီ က ယူရောင်းတယ် ၊ အဲဒီတုန်း က ကျွန်တော် က ရောင်းမောင်းထမ်း ပေါ့ ၊ ပစ္စည်းတွေ ကို ရောင်း လည်း ရောင်းတယ် ၊ ကား လည်း မောင်းတယ် ၊ ပစ္စည်း တွေ ထမ်း လည်း ထမ်း ရတယ် ”

ကျွန်တော်တို့ ရယ်ကြတယ် ။

“ ၂ဝဝ၁ ခုနှစ် မှာ ကိုယ်ပိုင် လုပ်ငန်း လုပ်တော့ Bird Wing တို့ ၊ Orchid တို့ နို့ဆီ တွေ ကျွန်တော် က ရောင်းတယ် ၊ ရောင်းအား ကောင်း တော့ နို့ဆီ ကုမ္ပဏီ က ၂ဝဝ၇ ခုနှစ် မှာ နိုင်ငံခြားခရီးစဉ် ခေါ် ပြီး စက်ရုံ ကို သွား လေ့လာရတယ် ၊ စက်ရုံ က လူကြီးတွေ က ကျွန်တော့် ကို ရောင်းမောင်းထမ်း အဖြစ် မြင်ဖူးတယ် ၊ သူတို့ ပစ္စည်း ကို ရောင်းခဲ့တဲ့ ဝန်ထမ်း က သူတို့ စက်ရုံ ကို ဖိတ် တဲ့ အချိန် မှာ လုပ်ငန်းရှင် ဖြစ် နေတာ ကို သူတို့ အရမ်း အံ့သြ ကြတယ် ၊ သူတို့ ဆီ မှာ တစ်ခါမျှ မရှိဖူးဘူးတဲ့  ”

သူ ဟာ ဂုဏ် ယူစရာ လူ တစ်ယောက် ပါ ပဲ ။ သူများ နိုင်ငံတွေ အထိ သူ က နမူနာ ယူစရာ လူ တစ်ယောက် ဖြစ် နေမှာ သေချာပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ စုစည်းမှု - ၈
.

No comments:

Post a Comment