❝ စကားပြောတဲ့ ဖိနပ်ကလေး ❞
( ပုံပြင် )
တစ်ခါတုန်း က အင်္ဂလန်ပြည် ရှိ မြို့ကလေး တစ်မြို့ မှာ မေရီ ဆိုတဲ့ ကလေးမလေး တစ်ယောက် ရှိ သတဲ့ ။ သူ ဟာ တစ်နေ့ ကို ကျောင်း အသွားအပြန် တစ်မိုင် လောက် လမ်း လျှောက်ရ တယ်ကွယ့် ။ တစ်မိုင် ဆိုတော့ အတော် ဝေးတာပေါ့နော် ။ မေရီလေး ဟာ မိုးရွာရင် မိုးကာအင်္ကျီ ဝတ် ၊ ဦးထုပ်ကလေး ဆောင်း ပြီး ကျောင်းသွားတယ်ကွယ့် ။ ဆောင်းအခါ အေးတော့ အနွေးထည်ကလေး ဝတ်သွားပြီး နွေအခါ ကျတော့ အပူ သက်သာအောင် ဦးထုပ်ကလေး ဆောင်းပြီး ကျောင်း တက်လေ့ ရှိတယ်တဲ့ကွယ် ။
တစ်နေ့တော့ ကောင်ကင် မှာ နေ ကလည်း သာ နေတာမို့ မေရီ ဟာ ဦးထုပ်ကလေး ဆောင်းပြီး ကျောင်း ကို ထွက်ခဲ့တယ်ကွယ့် ။ မေရီ လေး ဟာ သီချင်း အော် ဆိုလိုက် ၊ ပြေးလိုက် နဲ့ လာလိုက်တာ လမ်း တစ်ဝက် လည်း ရောက်ရော ၊ ကောင်းကင် မှာ မည်းမှောင် လာပြီး မိုးတွေ ရွာ ချပါလေရောကွယ် ။ နေ သာပြီး ဗြုန်းခနဲ ရွာချ လိုက်တဲ့ မိုးကြောင့် မေရီ လည်း လန့်ပြီး သစ်ပင် အောက် ဝင် ခိုနေရတာပေါ့ ။ မိုး လည်း အတော် စဲသွားရော ၊ မေရီ လည်း လမ်းမပေါ် ပြန် ပြေးထွက် လာခဲ့သတဲ့ ။ ကံဆိုးချင် တော့ မေရီ ဟာ ရေအိုင်လေး တစ်ခု ထဲ ခြေချော်ပြီး ကျသွားပါရော ။ ရေအိုင်လေး ဟာ ခြေမျက်စိ ကျော် အောင် နက်တော့ သူ့ ရဲ့ ရှူးဖိနပ်လေး ရယ် ၊ ခြေအိတ်တွေ ရယ် ၊ စိုကုန်တာပေါ့ကွယ် ။ မေရီ လေး လည်း “ ဒုက္ခပါပဲ ၊ ကြည့်စမ်းပါဦး ၊ ငါ တော့ ကျောင်း ရောက်ရင် တစ်ချိန်လုံး ဖိနပ် အစိုကြီး နဲ့ ထိုင်နေရမှာပဲ ၊ နက်ဖြန် တော့ နှာတွေ စီး ၊ ချောင်းတွေ ဆိုး နဲ့ ဖျားတော့မှာပါပဲ ” လို့ စဉ်းစားမိပြီး စိတ်ပျက်ပျက် နဲ့ လျှောက်လာလိုက်တာ တိုက်အဝါသေးသေးလေးတစ်ခု နား ရောက် လာရောကွယ့် ။
အဲဒီ တိုက်အိမ်လေး မှာ အဘွားကြီး တစ်ယောက် နေတယ် ။ မေရီလေး ဖြတ်လာတဲ့ အချိန်မှာ အဘွားကြီး က လည်း သူ့ ရဲ့ စားပွဲခင်း ပေါ်က မုန့် အမှုန့်တွေ ကို အပြင်ထွက် ခါ နေတော့ မေရီ ကို မြင် သွားပြီး “ ကလေး ရေ ၊ မင်း မိုးမိလာသလားကွယ် ” လို့ မေးသတဲ့ ။ မေရီ လည်း ဝမ်းနည်းသံ နဲ့ “ ဟုတ်ပါတယ် ဘွားဘွား ရယ် ၊ ဒီမှာ မေရီ ရဲ့ဖိနပ် နဲ့ ခြေအိတ်တွေကို ကြည့်ပါဦး ၊ ရေအိုင်ထဲ ခြေချော်ကျလို့ စိုကုန်ပါပြီ ” လို့ ပြန် ပြောလိုက်တယ်ကွယ့် ။ ဒီတော့ အဘွားကြီး က “ အို ဖြစ်ရလေကွယ် ၊ အအေးမိပြီး ဖျားတတ်တယ် ကွယ့် ၊ လာ ... လာ ... အထဲ ကို ဝင်ခဲ့ ၊ မင်း ကို ခြေအိတ် နဲ့ ဖိနပ် တစ်စုံ ငှားလိုက်ပါ့မယ် ၊ ဘွားဘွား ခြေထောက်က သေးတော့ မင်း နဲ့ တော်မှာပါ ” လို့ ပြောပြီး မေရီ လေး ကို အိမ် ထဲ ခေါ်သွားတယ်ကွယ့် ။
မေရီ လေး ဟာ တိုက်ကလေး ထဲ ကို ဝင်လိုက် သွားပြီး ဧည့်ခန်း က ကု,လားထိုင် ပေါ် ထိုင်စောင့် နေတုန်း အဘွားကြီး ဟာ မေရီ အတွက် ဖိနပ် နဲ့ ခြေအိတ် ရှာဖို့ ထွက်သွားတယ်ကွယ့် ။ ခဏကြာတော့ ခြေအိတ် အညိုရောင် နဲ့ ဖိနပ် အနက် တစ်စုံ ထုတ်လာပြီး “ ရော့ ... ကလေးရေ ၊ မင်း နဲ့ တော်မှာပါ ၊ ဝတ်ကြည့်ပါဦး ၊ မင်း ရဲ့ဖိနပ် နဲ့ ခြေအိတ် ကိုတော့ ဘွားဘွား ခြောက်အောင် လှန်း ထားလိုက်မယ် ၊ ကျောင်း က ပြန်မှ ယူပေါ့ ” လို့ ပြောတာနဲ့ မေရီ လည်း “ ကျေးဇူး တင်ပါတယ် ဘွားဘွား ရယ် ၊ မေရီ ကျောင်းချိန် နောက်ကျ နေမှာစိုးလို့ ခွင့်ပြုပါဦး ” ဆိုပြီး ထွက်ခဲ့သတဲ့ကွယ် ။ မေရီ လည်း ထွက်လာရော အဘွားကြီး က လှမ်းပြီး “ မေရီ ရေ ၊ ကျောင်း မှာ မဆော့နဲ့နော် ၊ လိမ်လိမ်မာမာ နေ ၊ ဆိုး ရင်တော့ မင်း ဝမ်းနည်းရလိမ့်မယ် ” လို့ အော် ပြောလိုက်တယ်ကွယ့် ။
မေရီ လည်း သူ့ ဖိနပ် ကို ငုံ့ ကြည့်ပြီး “ ဖိနပ်လျှာတွေ က ကြီးပေမယ့် စီးလို့ ကောင်း လိုက်တာ ၊ ဘွားဘွား က ငါ့ကို ဒီနေ့ ကောင်းအောင် နေရမယ်တဲ့ ၊ ဘာကြောင့်လည်း မသိပါဘူး ” လို့ စဉ်းစားမိသတဲ့ကွယ် ။
ကလေးတို့ ရေ ၊ ကျောင်း မှာ မေရီ ဟာ လိမ်မာတယ် လို့ ထင်ကြ သလားကွယ် ။ အမှန်တော့ မေရီ ဟာ ကျောင်း မှာ အတော် ဆိုးတဲ့ မိန်းကလေး ပဲ ။ ဆရာမ က စကား မပြော နဲ့ ဆိုရင် ပြောတယ် ။ စာအုပ် ကို လည်း သပ်သပ်ရပ်ရပ် မထားဘူး ။ စာရွက်တွေ ဆုတ် ၊ မင်တွေ ဖိတ်ချနဲ့ ပေါ့ကွယ် ။ နောက်ပြီး သူ့ဘေး က ထိုင်တဲ့ ကောင်လေး ကို လည်း မကျေနပ် ရင် ဆိတ်ဆွဲတယ် ။ သူ့ ရှေ့ က ထိုင်တဲ့ကောင်မလေး ရဲ့ ကျစ်ဆံမြီးကို ဆွဲပြီးတော့ လည်း ကစား လေ့ရှိတယ်ကွယ့် ။
ကဲ ... ကလေးတို့ ရေ ၊ မေရီ လေး ကျောင်းမှာ မလိမ္မာတာတွေ သိရပြီ မဟုတ်လား ။
ဒီနေ့လည်း ခါတိုင်းလိုပဲ အဘွားကြီး က မှာလိုက်ပေမယ့် လိမ္မာအောင် မကြိုးစားဘူးပေါ့ ။ ကျောင်း တက်လို့ အတန်း ထဲ ရောက်ရော စာလုပ်ဖို့ လွယ်အိတ် ထဲ ကစာအုပ် ကို အရမ်း ဆွဲထုတ် လိုက်တာ စာရွက် စုတ်သွားတာပေါ့ကွယ် ။ ဒီအချိန်မှာ ဘယ်လောက်များ အံ့ဩ စရာကောင်းသလဲ ဆိုတော့ အင်မတန် တိတ်ဆိတ်ပြီး အားလုံး စာ လုပ်နေကြတဲ့ အတန်း ထဲ မှာ သူတို့ တစ်ခါမှ မကြားဖူးတဲ့ အသံ ခပ်ကြီးကြီး ခပ်ကျယ်ကျယ် နဲ့ စကား ပြောသံတွေ ထွက်လာ သတဲ့ ။
“ ကြည့်စမ်း ၊ ဘယ်လောက် နမော်နမဲ့ နိုင်တဲ့ ကလေးမလေး ပါလိမ့် ။ သူ့ ရဲ့ စာအုပ် ကို အရမ်း ဆွဲ ထုတ်လို့ စာရွက် စုတ် သွားတာ မင်း မြင်လိုက်တယ် မဟုတ်လား ” လို့ အသံ တစ်သံ က မေးတော့ ၊ နောက် အသံ က “ အေး ... ဟုတ်ပါရဲ့ကွယ် ၊ ဒီ အတွက် သူ့ ကို ဒဏ်ပေးသင့်တယ် ” လို့ ဖြေသတဲ့ ။ ဒီတော့ မေရီ တို့ အတန်းဆရာမ လည်း “ ဟေ့ ... ဘယ်သူတွေ စကား ပြောနေတာလဲ ” လို့ မေးပြီး အတန်းထဲ လှမ်း ကြည့် လိုက်တယ်ကွယ့် ။ အသံ က မိန်းကလေး အသံတော့ မဟုတ်ဘူး ။ ကောင်လေးတွေ ထဲ က လား လို့ ထင်ပြီး အတန်းသားတွေ ဟာ တစ်ယောက် ကို တစ်ယောက် ကြည့်ပြီး အံ့အားသင့် နေတယ်တဲ့ကွယ် ။ မေရီ လည်း ရှက်လွန်းလို့ မျက်နှာလေး ကို ရဲ သွားတာပဲ ။
မေရီ စိတ်ထဲ မှာ ငါ့ အကြောင်းကို ဘယ်သူများ ပြောပါလိမ့် ။ ငါ့ ဘေးက ကောင်လေး နေမှာပဲ ဆိုပြီး စိတ်ဆိုးဆိုး နဲ့ လှမ်း ဆိတ်လိုက် သတဲ့ ။ ဒီတစ်ခါလည်း အသံကျယ်ကျယ်ကြီး ဟာ ထွက်လာပြန်ပြီး “ ဟေ့ ... မေရီ ၊ သူ့ ဘေး က ကောင်လေး ကို လှမ်း ဆိတ်လိုက်တာ မြင်လိုက် လား ” လို့ မေးတော့ နောက်တစ်သံ က “ အေးကွာ ၊ သနားစိတ် မရှိတဲ့ ကလေးမ ပဲ ၊ ငါ တော့ သူ့ ကို မကြိုက်ပါဘူး ” လို့ ပြန်ပြောသတဲ့ ။ မေရီ လည်း စိတ်ဆိုးလာပြီး “ ကျွန်မအကြောင်း ဘယ်သူတွေ ပြောနေတာလဲ ” လို့ အော်လိုက်တယ် တဲ့ကွယ် ။ ဒီတော့ ဆရာမ လည်း “ အသံ က မြေကြီး ပေါ် က စကားပြောသံ ပဲ ” လို့ ပြောတော့ အားလုံး ကြမ်းပြင် ပေါ် ငုံ့ ကြည့်ကြတာပေါ့ ။ ဒါပေမယ့် သူတို့ ခုံ တွေ အောက်မှာ ဘာမှ မတွေ့ဘူးတဲ့ကွယ် ။
ကဲ ... ကလေးတို့ ရော ဘာ က စကား ပြောတယ် ဆိုတာ ရိပ်မိကြသလား ။ တကယ် တော့ မေရီ ငှား စီးလာတဲ့ ဖိနပ် က လျှာကြီး နှစ်ခု စကား ပြောနေကြတယ်ကွယ့် ။ ဘယ်လောက် အံ့ဩစရာ ကောင်းသလဲ နော် ။ လျှာ တစ်ခု က ဆက် ပြော ပြန်တယ် “ မေရီ ၊ နှုတ်ခမ်း စူပြီး စိတ်ဆိုး နေပုံ ကလည်း ကြောက်စရာ ကောင်းလိုက်တာ ၊ မှန် ကြည့် ခိုင်းဖို့ ကောင်းတယ် ” လို့ ဆိုတော့ ဆရာမ လည်း စိတ်ဆိုးလာပြီး “ ဘယ်သူ ပြောတာပဲ ဖြစ်ဖြစ် အခု ချက်ချင်း ရပ်လိုက်ပါ ” လို့ အော် တော့ မှဖိနပ် နှစ်ခု ဟာ သူတို့ လျှာတွေကို စကား မပြောစေဘဲ ရပ်ထားလိုက်ကြသတဲ့ ။
အတန်း ထဲ က ကလေးတွေ လည်း စာ ဆက် ရေးနေကြတာပေါ့ ။ မေရီ ကတော့ စာ မရေးဘဲ ခုံ ဖွင့်လိုက် ၊ ငေးလိုက် နဲ့ လုပ်နေတယ်ကွယ့် ။ နောက် မင်နှိပ်စက္ကူ ယူဖို့ ခုံဖွင့်လိုက်တော့ သူ့ စာအုပ် ဟာ ကြမ်းပေါ် ကျသွားတယ်တဲ့ ။ ဒီတော့ လျှာတစ်ခု က “ ဘုရားရေ ၊ သူ့ လက်ရေး က လည်း ညံ့လိုက်တာ ၊ တစ်ခါမှ ဒီ လက်ရေးမျိုး မမြင်ဖူးပါဘူး ၊ ရှက်ဖို့ ကောင်းလိုက်တာ ” လို့ပြော တော့ နောက် လျှာ က “ သနားစရာပဲ ၊ တော်တော် ထိုင်းတဲ့ ကောင်မလေး ၊ လက်ရေး ကို ဒီ့ထက် လှအောင် မရေးတတ်ဘူး ထင်တယ် ။ အို ... မင်စက်တွေ လည်း သုံးကွက်တောင်မှပါပဲလား ” လို့ ပြောတယ်ကွယ့် ။ မေရီ လည်း “ အမယ်လေး ၊ ကျွန်မ ကို ပြော နေလိုက်ကြတာ ၊ ဘယ်သူ က ပြော တာလဲ ဟင် ၊ ကျွန်မ မခံနိုင်ဘူး ” လို့ အော်ပြီး ရှိုက်ကြီးတငင် ငိုတာပေါ့ကွယ် ။ ဆရာမ က ဝင်ပြီး “ ဘယ်သူတွေ ပြောမှန်း မသိပေမယ့် ပြောသမျှတွေ ကတော့ အမှန်ချည်းပါပဲလား ” လို့ ပြော သတဲ့ ။ မေရီ လည်း ဒေါသတကြီးနဲ့ ပေါ့ကွယ် ။ ဒီတစ်ခါ လက်ရေး ကောင်းကောင်း ရေးမယ် ဆိုပြီး စိတ် ဆုံးဖြတ်လိုက်သတဲ့ကွယ် ။ ရေး ပြီးလို့ ဆရာမ လည်း သွားပြရော ဆရာမ က “ လက်ရေး တယ်လှပါလား ၊ တစ်ခါမှ ဒီလို ရေးတာ မမြင်ဖူးပါဘူး ” လို့ ချီးမွမ်းလိုက်သတဲ့ ။ ဒီတော့ အသံ တစ်သံ က “ ကဲ ... မေရီ ဟာ ကြိုစားရင် ရပါတယ် ၊ အလကား အပျင်းထူ နေလို့ပါ ” လို့ ပြောတယ် ကွယ့် ။ မေရီ လည်း “ ငါ အပျင်း မထူပါဘူး ” ဆိုပြီး ခြေထောက် ကို ဆောင့် ငို သတဲ့ ။ မေရီ ဒီလိုလုပ် လိုက်တာ ကို ဖိနပ်တွေ လည်း လန့်ပြီး စကား မပြောရဲဘဲ ငြိမ် နေလိုက်ကြတယ်ကွယ့် ။
ဒီလိုနဲ့ ပထဝီ အချိန် ရောက်လာရောတဲ့ ။ မေရီ ဟာ ပထဝီ သင်ရင် စိတ်မပါဘူးတဲ့ ကွယ် ။ ဒါနဲ့ ဆော့ဦးမယ် ဆိုပြီး သူ့.ရှေ့က ထိုင်တဲ့ ကောင်မလေး ရဲ့ ကျစ်ဆံမြီး ကို ကုန်း ဆွဲလိုက် တယ်ကွယ့် ။ ကောင်မလေး လည်း “ ကျွန်မ ကျစ်ဆံမြီး ကို ဘယ်သူ လာဆွဲလဲ မသိပါဘူး ” လို့ ပြောတော့ ဆရာမ က “ မေရီ ၊ မင်း လား ” လို့ မေးသတဲ့ ။ မေရီ က “ မဟုတ်ပါဘူး ဆရာမရယ် ” လို့ ပြောလိုက်တယ်ကွယ့် ။ ဒီလိုလည်း ပြောရော ဖိနပ် တစ်ဖက် က အော်ရယ်ပြီး “ ရယ်စရာ ကောင်း လိုက်တာ ၊ သူ မလုပ်ပါဘူးတဲ့ ၊ မေရီ ဟာ လိမ် ပြောတတ်တယ်နော် ” လို့ ပြောတော့ ကျန် တစ်ဖက် က “ လိမ် လည်း ပြော ၊ သဘော လည်း မကောင်းတဲ့ အဆိုးဆုံး ကောင်မလေး ပဲ ၊ သူ့ ကို ရိုက် ပေးဖို့ ကောင်းတယ် ” လို့ ပြောတယ်ကွယ့် ။
ဆရာမ လည်း စိတ်ညစ် လာပြီး “ ဘယ်သူ ပြောနေတာလဲ ၊ ပြောတဲ့ သူ ကို ဒဏ်ပေးရမယ် ” လို့ အော်တော့ ၊ “ ရယ်စရာကြီး ၊ ငါတို့ ကို ဒဏ်ပေးမယ်တဲ့ ဟေ့ ၊ ငါ့တို့ ကို ဒဏ်ပေးချင်ရင် မေရီ ကို ပေးရမှာပေါ့ ” လို့ ပြောသတဲ့ကွယ် ။ ဒါနဲ့ နောက် တစ်ဖက် က “ ကဲ ... တော်ကြပါစို့ကွာ ၊ အတန်း ကို နှောင့်ယှက်ရာ ကျတယ် ” ဆိုပြီး ကျောင်းဆင်းတဲ့ အချိန်ထိ မပြောတော့ဘဲ ငြိမ်သွား ကြတယ်ကွယ့် ။ ကျောင်းဆင်း တော့ မေရီ ဟာ အတန်း ထဲ က ထွက်ခဲ့တာပေါ့ ။ ကလေးတို့ ကျောင်း လိုပေါ့ကွယ် ။ ကျောင်းဆင်းချိန် ဆိုတော့ လူတွေ ရှုပ်နေတာပေါ့ ။ မေရီ ဟာ သူ့ ရှေ့မှာ ကောင်လေး တစ်ယောက် ကာ နေတာနဲ့ တွန်းထုတ် လိုက်တယ်တဲ့ ။ ဒီတော့ ဖိနပ် တစ်ဖက် က “ အတော် ကြမ်းတဲ့ ကောင်မလေး ဟေ့ ၊ ဒီ ကမ္ဘာမှာ သူ့ ကို ချစ်တဲ့ သူ မှ ရှိရဲ့လား မသိဘူး ” လို့ ပြော တော့ ကျန် တစ်ဖက် က “ သူ့ အမေ က တော့ ချစ်မှာပေါ့ ၊ အမေ တွေ ဟာ ဆိုးတဲ့ ကလေး ကို ပို ချစ် တတ်တယ် ” လို့ ပြောတယ်တဲ့ ကွယ် ။ သည်တော့မှ မေရီကလေး ဟာ “ ကျွန်မ အမေပေါ် ကျွန်မ ဟာ မဆိုးခဲ့ဖူးပါဘူး ” လို့ ဆိုပြီး ထိုင် ငိုနေတယ်ကွယ့် ။ ဘေးက လူတွေ ကြားတော့ မေရီ ကို သနား ပေမယ့် ထူးဆန်းတဲ့ အသံတွေ ကြောင့် ရယ်မိကြတာပေါ့ကွယ် ။
မေရီ လည်း တစ်လမ်းလုံး ငိုပြီး ပြန်လာတာပေါ့ကွယ် ။ အဘွားကြီး အိမ် လည်း ရောက် ရော အဘွားကြီး က “ အို ... ငိုထားတာ မျက်လုံးတွေ လည်း နီလို့ပါလား ၊ ဘာများ ဖြစ်လာသလဲ ကွယ် ၊ ဪ ... ဒီ ဖိနပ် က လျှာတွေ စကား များ လာတယ် ထင်တယ် ” လို့ ပြောမှ မေရီ လည်း အံ့အားသင့်ပြီး “ ဘွားဘွား ၊ ဘာကို ပြောတာလဲ ဟင် ” လို့ မေးတော့ အဘွားကြီး က “ ဘွားဘွား မနက် က ငှားလိုက်တဲ့ ဖိနပ် က စကား ပြောတတ်တယ် ကွယ့် ၊ ဘွားဘွား ငယ်ငယ်တုန်း က ဘွားဘွား ရဲ့အဘွား ပေးထားခဲ့တာ ၊ နတ်သမီးကလေး တစ်ပါး က ပေးထားတာ လို့ ပြောတယ် ၊ ဖိနပ် မှာ လျှာတွေ ပါတော့ စကား ပြောနိုင်တာပေါ့ ၊ သူတို့တွေ ဟာ လူ တစ်ယောက် ရဲ့ မကောင်းကြောင်း ကို ပဲ ပြောလေ့ရှိတယ် ၊ အကောင်း စကား မပြောဘူးကွယ့် ၊ အခုဒါကြောင့် ဖိနပ်လျှာ တိုင်း စကား မပြောကြရတော့ဘူး ၊ ဒီ ဖိနပ် က လျှာ ကို တော့ ရပ်လို့ ကို မရဘူးကွယ့် ၊ ဒါကြောင့် မနက် က ကောင်းကောင်း နေဖို့ မှာ လိုက်တာပဲ ၊ မေရီ မလိမ္မာရင် သူတို့ စကား ပြောမယ်ဆိုတာ သိထား လို့ သတိပေးလိုက်တာ ” လို့ ပြောပြသတဲ့ကွယ် ။ ဒီတော့မှ မေရီ က “ ဟုတ်ကဲ့ ဘွားဘွား ၊ နောက် မေရီ လိမ်မာပါတော့မယ် ၊ မေရီ သူများတွေ ကဲ့ရဲ့တာ မခံချင်ပါဘူး ၊ ဒီ ဖိနပ် က ပြောတဲ့ အမှားတွေ ကို ပြင်သွားရအောင်လို့ မေရီ ကို တစ်လ လောက် ငှားလိုက်ပါ ဘွားဘွား ရယ် ” လို့ တောင်းပန် သတဲ့ ။ အဘွားကြီး လည်း “ ငှားသွားပါကွယ် ၊ မေရီ မကောင်းကြောင်း ပြောစရာ မရှိရင် သူတို့ စကား မပြောရလို့ သိပ် စိတ်ဆိုးမှာပဲ ” ဆိုပြီး ငှားလိုက်တယ်တဲ့ကွယ် ။
မမ တော့ တစ်လ လောက် ကြာရင် သူတို့ ဘာ ပြောမယ် ဆိုတာ နားထောင်ချင်လိုက် တာ ။ မောင် ၊ ညီမလေး တို့ရော နားမထောင်ချင်ဘူးလား ဟင် ။ တကယ်လို့ မောင် ၊ ညီမလေး တို့ ရဲ့ ဖိနပ်တွေ သာ စကား ပြောတတ်ရင် ဘာတွေများ ပြောမယ် မသိဘူး ။ မောင် ၊ ညီမလေးတို့ ကို မေရီ လို လိမ္မာလာအောင် လုပ်ပေးလိမ့်မယ် လို့ မမ တော့ ထင်တာပဲ ။
▢ မမမျိုး - တက္ကသိုလ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၃ ၊ ဇန်နဝါရီ
.
No comments:
Post a Comment