Sunday, November 17, 2024

မေ့ ရင်ထဲက အလွမ်းပွင့်


 

🌹မေ့ ရင်ထဲက အလွမ်းပွင့်

( ရေနံမြေ မောင်မောင်ကြည် )

‘ မေ ’ သည် ပန်းနုရောင်နှင်းဆီပွင့်များ နှင့် ကြက်သွေးရောင် နှင်းဆီပွင့်ချပ်များ ကို ကြည့်ပြီး ကြည်နူးနေသည် ။

နှင်းဆီလွှာများ နှင့် နှင်းဆီဖူးငုံ တို့သည် မြရွက်အခက်အလက် ကြား မှ နေ၍ သင်းထုံ နေသည် ။ နှင်းဆီပွင့်ချပ်လွှာ တို့ ဆီမှ လွင့်မျော နေသော နှင်းဆီနံ့သင်းသင်း သည် မေ့ နှာဝ သို့ ဝေ့ဝဲလာရာ ခပ်ပြေပြေလေး ရှူရှိုက် လိုက်သည် ။

အိမ်ရှေ့ ရှိ မြေကွက်လပ် တွင် နှင်းဆီပန်းအိုးများ နှင့်လည်းကောင်း ၊ မြေတွင် ချစိုက်၍ လည်းကောင်း ၊ နှင်းဆီခင်း ကို စိုက်ပျိုးထားသည် ။

မေ သည် လက်ဆွဲသံပုံး ထဲ မှ ရေများ ကို ဖလား နှင့် ခပ်ပြီး ရေမှုန်ရေစက် ကလေးများ ဖြစ်ရန် သူ့ လက်ဖျား ပေါ်တွင် ဖြန့်ကာ ရေလောင်း နေသည် ။ သူ့ နှုတ် မှ လည်း   
“ နွေနှောင်းဝဿာန် ” သီချင်း ကို ဖွဖွတိုးတိုးလေး ညည်းဆို နေသည် ။

“ မယ့်ကိုယ်စား မွှေးမြလေသလား ၊ ထင်မြင်ယောင်တွေးမိမှားကာ ၊ သည်းအူချာ ကြွေအောင်ဖန်လာ ... ”

ထိုစဉ် အိမ်ရှေ့ တံခါးပေါက် မှ နေ၍ ကိုလှသောင်းကြီး ဝင်လာသည် ကို ‘ မေ ’ က သတိ မထားလိုက်နိုင်ချေ ။

“ ဟဲ့ ... ဒီကောင်မလေး ၊ ငါဝင်လာတာ ကို တောင် မသိဘူး ၊ စောညိန်း သီချင်းတွေ ညည်းပြီး ရေလောင်းနေလိုက်တာ ၊ ဒါနဲ့ မမ ရော ”

“ ဟော , ကိုလှသောင်းကြီး အသံမပေး ဘာမပေးနဲ့  ... လာ ။ မမ ဈေးဘက် သွားတယ် ၊ အမေ တော့ ရှိတယ် ၊ မီးဖို ထဲ မှာ ထမင်း ချက်နေတယ် ၊ ထိုင်လေ ”

‘ မေ ’ တို့ အိမ် မှာ နှစ်ထပ်အိမ် ဖြစ်ရာ အောက်ထပ် တွင် ဧည့်ခန်း နှင့် မီးဖိုတွဲ ထားသည် ။ ကိုလှသောင်းကြီး က ကု,လားထိုင် တွင် ဝင် ထိုင်ပြီး စားပွဲပေါ် မှ စာအုပ်များ ကို ယူဖတ်နေသည် ။

စားပွဲ ပေါ် တွင် ရှုမဝ ၊ သွေးသောက် နှင့် တိုင်းရင်းမေ စာစောင်များ ရှိသည် ။

“ ကိုလှသောင်းကြီး , ဒီလ တိုင်းရင်းမေ ထဲ မှာ ကျွန်မ , ကဗျာလေး ပါတယ် ၊ ဖတ်ကြည့်ပါဦး ”

မေ က သစ်ပင်များ ရေလောင်း နေရာမှ ကိုလှသောင်းကြီး ကို လှမ်းပြောသည် ။

“ ဟုတ်လား . . ညည်းက ကဗျာတွေ ဘာတွေ တောင် ရေးနေပြန်ပြီလား ။ ဖတ်ကြည့် လိုက်ဦးမယ် ”

ကိုလှသောင်းကြီး က တိုင်းရင်းမေ စာအုပ် ကို လှန်လှောပြီး သူ့ ကဗျာ ကို ရှာနေသည် ။

“ တွေ့လား ”

“ မတွေ့သေးဘူး ဟ ”

“ အတွင်းမှာ ပါတာပါ ၊ မေ ( မြေလတ် ) ဆိုတဲ့ အမည်နဲ့ ”

“ အေး ... အေး တွေ့ပြီ ”

ကိုလှသောင်းကြီး က ကဗျာ ကို ဖတ်နေသည် ။

တကယ်တော့ ကိုလှသောင်းကြီး က စာပေသမား မဟုတ် ။ စီးပွားရေးသမား တစ်ဦး ဖြစ်ပြီး ရန်ကုန်သို့ ရေနံချေးများ တင်ပို့ ရောင်းချနေသူ ဖြစ်သည် ။ ( နောင်တွင် တာမွေ နှင့် ပုဇွန်တောင် ထိပ်တွင် ဦးထွန်းလှ ရေနံချေးဆိုင် ဖွင့်ထားသူ ဖြစ်ပြီး ယခု အခါ ကွယ်လွန်သွားလေပြီ ။ ဦးထွန်းလှ မှာ ကိုလှသောင်းကြီး ၏ ဖခင် ဖြစ်သည် ။ )

ခုလည်း ‘ မေ ’ သည် အစ်မဖြစ်သူ ဒေါ်တင်အေး နှင့် ရေနံချေး ရောင်းဝယ်ရန် ရောက်လာခြင်း ဖြစ်သည် ။

“ ညည်း က စောညိန်း ကို သိလို့လား ၊ ဒီကောင် က ငါ့ သူငယ်ချင်းဟ တို့ မြင်းခြံ မှာတုန်းက အတူတူ နေခဲ့ကြတာ ”

ကိုလှသောင်းကြီး က ပြောလိုက်သောအခါ ‘ မေ့ ’ မှာ ရေပုံး ကို အသာ ချကာ ကိုလှသောင်းကြီး ထိုင်နေရာ သို့ ရောက်လာသည် ။

‘ မေ ’ က ဂီတနတ်သန်စောညိန်း ဆိုသည်နှင့် စိတ်ဝင်စား မိလေပြီ ။

“ ကိုလှသောင်းကြီး က တကယ် သိလို့လားဟင် ၊ ဖြီးနေတာလား ”

မေ က ရယ်သွမ်းသွေးပြီး မေးလိုက်သည် ။

ထိုစဉ် မီးဖို ထဲ မှ အမေ က ရေနွေးကြမ်းအိုး နှင့် ပန်းကန်များ လာချ ပေးသည် ။

“ ဟ ... ငါ နဲ့ မြင်းခြံ မှာ အတူနေကြတာ ၊ မြင်းခြံ ဆီဆုံရွာ ကလေ .. သူတို့ မှာ အရင် က ဆီစက် တောင် ရှိသေးတယ် ၊ နောက် , ရန်ကုန် ရောက်ပြီး သူ့ အဖေ က ပြိုင်မြင်းတွေ မွေးသေးတယ် ၊ နောက်တော့ စီးပွားရေး ကျသွားတယ် ၊ ဒီကောင် , ရန်ကုန် မှာ သီချင်းရေးဆရာ လုပ် နေပြီး နာမည် ကြီးနေတယ် ”

“ ဟာ ... ဒါဖြင့် ကျွန်မ နဲ့ မိတ်ဆက် ပေးမလားဟင် ... ”

မေ က အလျင်စလို ပြောလိုက်သောအခါ ကိုလှသောင်းကြီး ခေါင်းညိတ်သည် ။

“ အေး ... နောက်တစ်ခါ လာမှ ငါ စာရေးပေးမယ် ၊ သူ နေတာ က အမှတ် ( ၇၃ ) ၊ ကြည့်မြင်တိုင် ၊ ပိတောက်တန်း မှာနေတာ ”

ထိုနေ့က ‘ မေ ’ ပျော် နေမိသည် ။

မနက်ဖြန် ကိုလှသောင်းကြီး ဆီ မှ စာ နှင့် အတူ သူ့မိတ်ဆက်စာ ကို လှမ်းပို့မည် ဖြစ်သည် ။

‘ မေ ’ သည် ကိုလှသောင်းကြီး ကို စောင့် နေသည် ။ မေတို့ အိမ် သည် ချောက်မြို့ ငါးဘာသာဘုရားရှိခိုးကျောင်း ၏ နောက်တွင် ရှိသည် ။

ထိုစဉ်က မေတို့ အိမ် ဘေးတွင် ‘ မောင်သစ်လွင် ( လူထု ) ’ နေသည် ။ နောက် ‘ ရေနံမြေကျော်သူ ’ နေသည် ။ ထို အိမ်သို့ စာရေးဆရာ ‘ မင်းကျော် ’ ရောက်ရောက် လာတတ်သည် ။ နောက် တစ်ယောက် မှာ ကျော်ဖုန်းဖြစ်၏ ။ သူ လည်း ယခုအခါ သံဝန်ထမ်း ဖြစ်နေပေပြီ ။ သူတို့ အားလုံးသည် စာရေးဆရာမင်းကျော် ၏ ငယ် သူငယ်ချင်းများ ဖြစ်ကြသည် ။

မေ သည် ကိုလှသောင်းကြီး ၏ စာ နှင့် အတူ သူ့မိတ်ဆက်စာ ကို ရေးပြီး စာတိုက်သို့ စက်ဘီး စီးပြီး ထွက်လာခဲ့သည် ။ မေ သည် ဆယ့်ငါးမိနစ် ခန့် လောက် စက်ဘီး နင်းပြီးသော အခါ စာတိုက်သို့ ရောက်ရှိ လာသည် ။ တံဆိပ်ခေါင်း ကပ်ပြီး စာတိုက်ပုံး ထဲသို့ သူ့ စာလေး ထည့် လိုက်သောအခါ သူ့ ရင်ထဲ တွင် ကြည်နူးသလို ဖြစ်သွားသည် ။

တကယ်တော့ ကိုစောညိန်း မှာ လည်း တစိမ်းတရံဆံ မိန်းကလေးများ နှင့် ရောရောယှက်ယှက် နေတတ်သူ မဟုတ် ။ ကိုစောညိန်း ဘဝ တွင် ဂီတ သာလျှင် မင်းမူ သည် ။ သူ သည် သီချင်း ရေးမည် ။ ဝတ္ထု ရေးမည် ။ ကာတွန်း ဆွဲမည် ။

တစ်ခါတစ်ရံတော့ ငေးငေးငိုင်ငိုင် နှင့် တစ်စုံတစ်ရာ ကို အာရုံပြု တမ်းတ, ကာ နေတတ်သူ ဖြစ်သည် ။

သို့ရာတွင် သူ့ ဘဝ လှိုင်းရေယာဉ်ဦးဝယ် ထူးထူးခြားခြား အရိပ် ထင်လာ ခဲ့သော ဓူဝံကြယ် တို့၏ အရိပ် ကိုကား နှစ်လိုဖွယ်ရာ စူးစိုက်ပြီး ကြည့်ကာ ကြည်နူး မိချင်သည် ။

သို့နှင့်ပင် ကိုလှသောင်းကြီး ၏ မိတ်ဆက်ပေးမှုကြောင့် ‘ မေ့ ’ မှာ ကိုစောညိန်း နှင့် မိတ်ဆွေ ဖြစ်ခဲ့ရလေသည် ။ မကြာမီ အတောအတွင်း မှာလည်း ကိုစောညိန်း ဆီမှ စာများ ရောက်လာသည် ။

မေ့ မှာ ကိုစောညိန်း ဆီ မှ စာများ ရောက်လာသဖြင့် ပြောမပြတတ်လောက် အောင်ပင် ပျော်ရွှင် နေခဲ့သည် ။ ထိုနေ့ကား ထမင်းတောင် မစားနိုင် ။ မေ့ ဘဝ တွင် လည်း ဂီတသည် သာ မင်းမူ နေခဲ့သည်မှာ ကြာပြီ ။

မေတို့ အိမ် သည် ‘ ဒွေးလိုက် ’ ရုပ်ရှင်ရုံ နှင့် နီးရာ ညနေတိုင်း တွင် ‘ ဒွေးလိုက် ’ ရုံ မှ လွင့်မျော လာတတ်သော ရုပ်ရှင်သီချင်း မှန်သမျှ ကို မေ , အကုန် ရနေပြီ ။ ပြီး, အိမ်တွင် ဓာတ်စက် တစ်လုံး ရှိရာ ဓါတ်ပြားသီချင်းများ ကို လည်း မေ အကုန် ရရှိနေပြီ ။

“ မေ ” သည် ရန်ခါတွင် တော့ ကဗျာလေးများ စပ်တတ်သည် ။ ကဗျာ စပ်ပြီး လျှင် ရှုမဝ နှင့် တိုင်းရင်းမေ သို့ လှမ်း ပို့တတ်သည် ။

ယခုအခါ တိုင်းရင်းမေ တွင် မေ့ ကဗျာလေး တစ်ပုဒ် ပါရှိခဲ့ပေပြီ ။ မေတို့ အိမ် တွင် အမေ နှင့် အစ်မ ဖြစ်သူတို့ ရှိသည် ။ မောင်လေး ဖြစ်သူ ‘ အောင်ဝေ ’ မှာ လည်း သူ့ နှယ် သီချင်း နှင့် ကဗျာဝါသနာ ပါသူ ဖြစ်သည် ။ နောက် တစ်တန်းကျောင်းသား တူလေး ဖြစ်သူ ‘ အတာ ’ လည်း ရှိသည် ။ ‘ အောင်ဝေ ’ မှာ နောင်တွင် ‘ ရေနံမြေအောင်ဝေ ’ အမည် ဖြင့် ကဗျာများ ရေးသား ခဲ့ပြီး ချောက်ရေနံမြေ တွင် ၉၆ ခုနှစ် လောက် က ဆုံးပါး သွားခဲ့ပြီ ။

ထိုစဉ်က မေ သည် ချောက်မြို့တွင် ရှိသော ‘ ရဲဘော်ကိုလှ ’ ခေါ် စာရေးဆရာ ‘ ဌေးမောင် ’ ၏ လူငယ်များ အစည်းအရုံး တွင် အသင်းဝင် ကာ ကိုယ်ကာယ လေ့ကျင့်ပြီး မြို့နယ်အလေးမပြိုင်ပွဲများဘတွင် ဆုတံဆိပ်များ ရရှိခဲ့သူဖြစ်ပါသည် ။

ooooooooooo

အစ်ကိုကြီးရေ ...

ညီမလေး တော့ အစ်ကိုကြီး ကို ဆရာ အရင်းလို သဘောထား လိုက်ပြီ ၊ အစ်ကိုကြီး က သာ ညီမလေး ကို ကဗျာရေးနည်းတွေ သီချင်းဆိုနည်းတွေ စတဲ့ ဂီတ ပညာများ ကို သင်ပေးပါတော့နော် ... စသည့် စာ အတိုအထွာများ မေ့ ဆီမှ ရောက်ရှိ လာပါက ကိုစောညိန်း မှာ မေ့ အတွက် သူ သိသမျှတို့ ကို ရွေးထုတ်ကာ အဝေးမှ နေ၍ သင်ကြား ပေးခဲ့ရလေသည် ။

သို့နှင့် ကိုစောညိန်း နှင့် မေတို့ ၏ ရန်ကုန် နှင့် ချောက် ၊ ချောက် နှင့် ရန်ကုန် စာ လှမ်း ဆက်သွယ်မှု မှာ ရင်းနှီး သထက် ရင်းနှီး လာခဲ့ကြကာ သံယောဇဉ်ကြိုးသွယ် ခဲ့မိကြသည် ။

တစ်နေ့ ဂီတနက်သန်ကိုစောညိန်း ထံ မှ မေ့ ဆီသို့ စာ တစ်စောင် ရောက်ရှိ လာသည် ။

ချစ်တဲ့ ညီမလေး မေ

ညီမလေး ရဲ့ စာတွေ ရသော်လည်း အစ်ကိုကြီး မှာ စာချက်ချင်း မပြန်ကောင်း လား လို့ အပြစ် တင် ခံရလောက် အောင်ဘဲ အင်မတန် အလုပ် များနေတဲ့ အတွက် သုံးလေးည ကူးယူပြီး မှ ဒီစာ ကို ပြန်ရတာကို လက်စားချေတဲ့ သဘောနဲ့ ကိုကြီး ဆီ ကို စာ မပြန်ဘဲ နေမယ် ဆိုရင်တော့ ကိုကြီး ရဲ့ ကုသိုလ် ပဲ လို့သာ မှတ်ရတော့ မှာပေါ့ မေရယ် ။

အလုပ် များတဲ့ အထဲ က ကမန်းကတန်း အချိန်ယူပြီး ရေးရင်တော့ ဖြစ်တာ ပေါ့လေ ။ သို့သော်လဲ ကိုယ် ချစ်တဲ့ ညီမလေး တစ်ယောက် ဆီကို ပြီးပြီးရော သဘော ထားပြီး ကြောင်ခြစ်သလို မရေးချင်လို့ပါကွယ် ။

ကိုကြီး ရဲ့ စေတနာ ကတော့ အချိန် ယူပြီး အေးအေးဆေးဆေး အကြင်နာဆုံး စကားလုံးတွေ ကို ရွေးချယ်လို့ အရေးတယူ ပြန်ကြားချင်တာမို့ ချက်ချင်း ချက်ချင်း စာမပြန်တာကို ခွင့်လွှတ်ပါတော့ ညီမလေး ရယ် ။

ညီမလေး ရဲ့ စာ ထဲ မှာတော့ကား ဒီ ‘ ပွင့်ဦး ’ အကြောင်းကလဲ ထပ်ခါ တလဲလဲ ပါလာပြန်မှ ကိုးနော် ။ ဒီအကြောင်း ကို အတော်ပဲ သိချင်နေတယ် မှတ်ပါတယ် ။ ဟုတ်လား ။

ကဲ .. ကဲ ဒါလောက်တောင် သိချင်နေလို့ ရှိမှလဲ မေလေး ကို ကိုကြီး ဖုံးကွယ် မထားရက်ပါဘူး ။

သန်းဆွေ ရေးတဲ့ ပွင့်ဦး ဟာ ကိုကြီး ရဲ့ အဖြစ်အပျက် တိတိကျကျ မဟုတ် သော်လဲ သဘောအားဖြင့် ကိုကြီး ကြုံတွေ့ ခဲ့ရတာဟာ ဒီအတိုင်းပါပဲ လို့သာ သိထား
လိုက်ပါတော့လေ ။

သန်းဆွေ က လဲ ကိုကြီး နဲ့ညီအစ်ကို လို ရင်းနှီး နေတဲ့သူ မို့ ကိုကြီး ရဲ့ ဇာတ်လမ်း ကို သိနေလေတော့ ဖတ် ကောင်းအောင် နည်းနည်းပါးပါး ပြင်ဆင်ပြီး ရေးလိုက်တာပဲ ။

သူ ရေးထားတဲ့ အတိုင်းပဲ ဇာတ်လမ်း ဟာလဲ အဆုံးသ,တ် နေပြီမို့ ဒီ ဇာတ်လမ်း ကို ရှေ့ဆက် ဖို့ အကြောင်းလဲ မရှိတော့ပါဘူး ။

နောက်ပြီးတော့မှ ကိုကြီး ရဲ့ အသည်းနှလုံး မှာ အမြစ်တွယ်ယှက်ပြီး အချစ်နွယ် အချစ်ညွန့်ကလေးတွေ ခက်လက် ဝေနေတဲ့ ပင်ယံဘွေက အချစ်ပွင့်ဦး ကြွေကျညှိုးနွမ်းပြီး မွှေးရနံ့ပြယ်လို့ ငွေချပ်လွှာကလေးတွေ ဆွေးမြည့် ကြေမှုန်းတဲ့ အချိန် ဟာ ဆယ်နှစ် ကျော်ခဲ့ပါပြီ ညီမလေး ရယ် ။

ဒါကြောင့် ကြေမြည့်ဆုံးရှုံးလို့ မသုံးမကျတော့တဲ့ ပွင့်ဦးကို ဆယ်နှစ် ကျော် ကျော် မေ့အောင် ပျောက်အောင် အတန်တန် ကြိုးစားလို့ ကိုကြီး ရဲ့ ဘဝ တစ်ခုလုံး ကို ဂီတ မှာသာပဲ နှစ်မြှုပ်ထားခဲ့ပြီးမှ ယခု တစ်ဖန် ပြန်ပြီးတော့ သတိရ မနေပါရစေနဲ့
ညီမလေး ရယ် ။

မေ့ လက်စနဲ့ ဒီအကြောင်း ကို မေ့ လိုက်ပါရစေတော့ ဟုတ်လား ။ ဒီတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် က မြေအပြင် မှာ ကြွေကျဆုံးရှုံးခဲ့တဲ့ ပွင့်ဦး ကို နှမြောတသ, လွမ်းစ, တွေ ပွားနေရမယ့်အစား ဓူဝံကြယ် ရဲ့ အေးမြတဲ့ အလင်းရောင် အောက်မှာ အသည်းလွှာပြင်ဘက် က အချစ်နွယ် အချစ်ရွက်ကလေး တဖြည်းဖြည်း သစ်လန်း လာပြီးတော့ ဒုတိယတစ်ဖန် ပွင့်ကောင်း ပွင့်လာနိုင်စရာ ရှိတဲ့ သို့မဟုတ် အခုတောင်မှပဲ ပွင့်ပြီး ဖြစ်ရင် ဖြစ်နေပေမယ့် ပွင့်နှောင်းကလေး ကို ပဲ မျှော်လင့်တသရင်း နဲ့ ကိုကြီး မှာ မြတ်နိုး နေရပါစေတော့လို့ ဆိုရင် ခွင့်လွှတ်မှာလား မေလေးရယ် ။

သို့သော်လဲလေ ... ကိုကြီး တို့လို အနုပညာ ကို လိုက်စား နေရတဲ့ လူတွေ အဖို့မှာ အမြဲတမ်း ဆုံးရှုံးတဲ့ ဘက် က ချည်း နေရတဲ့ လူတွေမို့ တယ်ပြီး အားမရှိလှပါဘူးကွယ် ။

ကဲ ကဲ ... ကိုကြီး အကြောင်းတော့ တော်လောက်ပါပြီ ။ မေ့ အတွက် ဂီတ နဲ့ ပတ်သက်ပြီး ရေးပါရစေဦး ”

.. စသည့် စာရှည်ကြီးများ သည် မေ့ အဖို့ ရင်လှိုက်ဖိုမော စေရသည် ။

မေ သည် ကိုစောညိန်း ထံမှ စာများ ကို ဖတ်ပြီး ကဗျာများ ရေးပို့ တတ်သည် ။ တစ်ခါတွင်လည်း မေ သည် ကိုစောညိန်း ကို စာ ရေးပြီး တောင်းဆိုဖူး လေသည် ။ ယင်းမှာ “ မေလေး အတွက် သီချင်း တစ်ပုဒ်လောက် စပ်ပြီး အသံလွှင့်ပေး ပါလား အစ်ကိုကြီးရယ် ” ... ဟု  ။

နောက်မကြာမီပင် ကိုစောညိန်း ဆီမှ စာ တစ်စောင် ရောက်ရှိ လာပြန်သည် ။

ကိုကြီး အချစ်ဆုံး ညီမလေးမေ ..

      ကိုကြီး ဆီက ပြန်စာ မရလို့ စိတ်များပဲ ကောက်နေရော့သလားကွယ် ။ အရင်တုန်း က လို ချက်ချင်း ချက်ချင်း စာ မပြန်နိုင်တာကြောင့် ကိုကြီး တစ်ယောက် ဟာ ဖြင့် မေလေး အပေါ်မှာ အခင်မင် ပေါ့ သွားလေပြီလား လို့ ထင်ရင်တော့ မှား လိမ့်မယ် ညီမလေး ရယ် ။

ညီမလေး ဆီ ကို စာ မပြန်နိုင်ပဲ ဖြစ်နေရတဲ့ အချိန်တွေမှာ မေ့ ရဲ့ အစ်ကိုကြီး ဘာတွေ လုပ်နေတယ် ။ ဘာတွေ ကြိုးစားနေတယ် ။ ဘယ်သူ့ အတွက် ကြိုးစား နေတယ် ဆိုတာတွေ ကို အမှန် အတိုင်းသာ မေလေး သိထားနှင့်မယ် ဆိုရင်တော့ ကိုကြီး ကို ညီမလေး ခွင့်လွှတ်နိုင်မှာပဲလို့ ထင်ပါတယ် ။

မေလေး ရဲ့ စာ ကို ရတဲ့ အချိန် မှာ ချက်ချင်း စာပြန်မယ်လို့ လုပ်နေတုန်း ဝမ်းသာစရာ သတင်းကလေး တစ်ခု ကို ထည့် ရေးချင်တာနဲ့ ရုတ်တရက် စာမပြန်သေးဘဲ ဒီ သတင်း ဟာ တကယ် သေချာအောင် လုပ်ဖို့ ရက်နည်းနည်းလောက် စောင့်ဦးမယ် ဆိုပြီး ဆိုင်းနေခဲ့တာ မှာ ကိုကြီး ထင်တာထက် ရက် ပိုကြာသွားပြီး ခုမှပဲ စာပြန် နိုင်တော့တယ် ညီမလေး ရယ် ။

ခုမှပဲ သေချာသွားလို့ ချက်ချင်းပဲ စာ ရေးလိုက်ရပါတယ် ။ တခြားတော့ မဟုတ်ပါဘူး ။ ကိုကြီး ကို ရုပ်ရှင်ကုမ္ပဏီ တစ်ခုက သီချင်း ရေးပေးဖို့ လာအပ်တဲ့ အကြောင်းပါဘဲ ။ အစတုန်းက အဲဒီ ကုမ္ပဏီ နဲ့ ပတ်သက်တဲ့ လူတွေ နဲ့ ကိုကြီးဟာ ရင်းနှီးခဲ့ပေမယ့် ကိုကြီး က အင်မတန် မာနကြီးတဲ့ လူ ဆိုတော့ ကိုယ် က စပြီး မတောင်းခံဘဲ နေခဲ့တယ် ။

ငါ တကယ် တော်လာတဲ့ နေ့မှာ ဒင်းတို့ တစ်တွေ ဟာ အောက်ကြို့ပြီး လာ ခေါ် ရလိမ့်မယ် ဆိုတဲ့ မာန နဲ့ နေခဲ့တယ် ။

ကိုယ့် ကိုယ် ကို သာ တစ်နေ့ထက် , တစ်နေ့ ပိုပြီး တော်အောင် ကြိုးစားပြီး နေခဲ့တယ် ။ ခုတော့ ကိုကြီး ကြိုးစားရကျိုး နပ်ပါပြီကွယ် ။ ကိုကြီး ရှိရာကိုလာပြီး သီချင်း ရေးခိုင်းကြပြီ ။ တစ်ခု တော့ ရှိတယ် ။ ကိုကြီး ဟာ အခု အချိန်ထိ ငွေကြေး ယူပြီး ရေးတဲ့ စာရေးဆရာ မဟုတ်လို့ သူတို့ က အခကြေးငွေ မပေးတတ်ကြသေးဘူး ။

ကိုကြီး မှာ လဲ ဘိုင်ကျ နေတဲ့လူ မို့ ပိုက်ဆံ လိုချင်ပေမယ့် ပထမ တော့ တင်းထားရသေးတာပေါ့ကွယ် ။

ကြည့်လေ ... ကိုကြီး တို့ လို အနုပညာသမားတွေ ဟာ ဘယ်လောက်များ မာန ကြီးသလဲ ။ အငတ်ခံပြီး မာန ကြီးကြတယ် ။ အနုပညာရှင် ရဲ့ မာန ဆိုတာ ဒါကြောင့်မို့ ဘယ်သူမှ လိုက်လို့ မမီနိုင်တာပေါ့ ။

တချို့လူတွေ ဟာ တခြားနေရာမှာ မာန ကြီးနိုင်ပေမယ့် ကိုယ် ငတ်မယ့် ကိစ္စ ကျတော့ မာန မတင်းနိုင်ဘဲ မာန ကို လျော့ချင် လျော့ကြတာ ။ ကိုကြီးတို့ အနုပညာ သမားတွေ ကတော့ ဘိုင်ကျလေ မာန ကြီးလေပဲကွဲ့ ။

ဒါပေမယ့် နောင်အရှည် ဆက်သွယ် သွားရင်တော့ သူတို့ ကလဲ နေမှာ မဟုတ်ပါဘူး ။ ကြည့် ပေးကြမှာပါပဲ ။ ကိုကြီး ကလဲ ကိုယ် ဒီလောက် နှစ်ရှည်လများ ပင်ပန်း ခံပြီး ငွေကုန်ခံပြီး လိုက်စား လာရတဲ့ ပညာ ကိုတော့ အလကား အဖြစ် မခံနိုင်ပါဘူး ။ ပညာ နဲ့ တန်အောင် ရရင်တော့ ယူရမှာပဲပေါ့လေ ။

ဒါပေမယ့်လေ ... ကိုယ့် ညီမလေး မို့ ဖွင့် ပြောရဦးမယ် ။ ကိုကြီး တို့ အနုပညာ သမားတွေ ဟာ ဘယ်လောက်ပဲ မာနကြီးကြီး ဘယ်လောက်ပဲ တော်တော် ခုလို ကုမ္ပဏီကြီးတွေ က မြှောက်စားတယ် ဆိုတဲ့ အခွင့်အရေး က အင်မတန် ရခဲ ပါတယ် ။ ဒီ ကုမ္ပဏီကြီး တွေက မြှောက်တင် မှသာ နာမည် ထွက်ကြတာပဲ ။ ဒီတော့ ဝမ်းသာစရာပေါ့ ။ ဝမ်းသာစရာပေါ့ ဆိုလိုက်တာဟာ ကိုကြီး ရဲ့ ကိုယ်ကျိုး အတွက် သက်သက် လို့ သာ ညီမလေး က ထင်ရင်တော့ ညီမလေး မှားမှာပဲ ။ ကိုကြီး ရဲ့ အဖြစ်အပျက် ကို မေလေး သိပြီးပြီ မဟုတ်လား ။

ကိုကြီး ရဲ့ အဖို့မှာတော့ ဒီဂုဏ်တွေ ၊ ပကာသနတွေ ၊ ကျော်စော ထင်ရှားမှုတွေ ကို မလိုတော့ပါဘူး ညီမလေး ရယ် ။ ကိုကြီး ရဲ့ ဆိတ်သုန်းနေတဲ့ အလင်းရောင်ကလေး တစ်ခု ကို မတွေ့ ရတော့ဘူးလို့ ဆိုရင်ပေါ့လေ ။

ဘယ်လောက်ပဲ နိုင်ငံကျော်ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်နေပေမယ့်လဲ ဒီ တစ်သက် မှာ ပျော်ရွှင်ချမ်းမြေ့စရာ ရှာတွေ့လိမ့်မယ်လို့တော့ မထင်တော့ပါဘူးကွယ် ။

ညီမလေး ဟာ အဆိုကျော်ကြီး ဖြစ်ချင်တယ် ။ နာမည်ကြီး ဂီတပညာရှင် တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုခဲ့တယ် မဟုတ်လား ။ ညီမလေး ဖြစ်ချင်တာတွေကို ဖြစ်နိုင်ဖို့ အတွက် ကိုကြီး မှာ ဒီလို ကုမ္ပဏီကြီး တစ်ခု ကို လက်ကိုင် ရဖို့ လိုတာပေါ့ ။ အခုလို ကုမ္ပဏီတွေ နဲ့ ဆက်မိတော့ ညီမလေး ရဲ့ လိုအင် ဆန္ဒတွေ ကို ဖြည့်စွမ်းနိုင်ဖို့ အရေး ဟာ နီးလာတာပေါ့ ။ ဒါကြောင့် ဝမ်းသာတယ် ပြောတာပါကွယ် ။

မေလေး ရဲ့ အလိုဆန္ဒ ကို ကျပ်ပြည့်ဒင်းပြည့် ဖြည့်စွမ်း ပေးနိုင်တဲ့ တစ်နေ့မှာ ကိုကြီး ကျေနပ်ပါပြီကွယ် ။ ဪ .. ဟိုတုန်းကများတော့ ကိုကြီး ဟာ ကိုယ့် ရဲ့ ကြီးပွား တိုးတက်မှုတွေ ဘာတွေ ဆိုတာ ဂရု မစိုက်ဘဲ ကိုယ့် ဘဝ ကို အနုပညာရေပြင် ထဲမှာ သာ နစ်မြှုပ်ခဲ့ပြီး နေခဲ့မိပါတယ် ။

ခုတော့မှ မေလေး နဲ့ ပတ်သက်ပြီး တိုးတက်ကြီးပွားရေး ကို အားထုတ်ရမယ် ဆိုတဲ့ လောက တာဝန်တွေကို သိနားလည် လာရလေတော့ ဒီအတွက် မေလေး ကို အထူးပဲ ကျေးဇူး တင်မိပါတယ်ကွယ် ။

ကိုကြီး ရဲ့ ကျန်းမာရေး ကို ဂရုစိုက်ဖို့ သတိပေး ခဲ့တဲ့ အတွက် ကျေးဇူးလဲ တင်ရ ပြန်ပါတယ် ။ လောကကြီး ကို ဂရုမထားတဲ့ အစ်ကိုကြီး အဖို့ ခုလို သတိပေးမယ့် သူ တစ်ယောက် တော့ ရှိဖို့ လိုသပေါ့ ။

နောက်ပြီး ညီမလေး ရဲ့စာ ထဲမှာ မေ ကတော့ ကိုကြီး တို့လို စာ ကို ပြေပြေ ပြစ်ပြစ်မရေးတတ်လေတော့ ခုကတည်းက သည်းခံပါတော့ ကိုကြီး ရာ လို့ ရေးလိုက် ပြန်တယ် ။

မေလေး ရဲ့ စာ ကိုတော့ ဘယ်လိုဘဲ ရေးရေး ခုလဲ သည်းခံနေတာပါပဲ ။ နောင်ကျမှလဲ သည်းခံမှာပါပဲ ။ ကိုယ့် ညီမလေးဘယ်လောက်ပဲ နွဲ့ ဆိုး ဆိုးဆိုး ။ အဲဒီလို နွဲ့ဆိုး ဆိုး နေတာကိုပဲ သည်းခံချင်နေတာပါပဲ ။ ဒီလို အရသာမျိုး ကလဲ ကိုယ် ခံယူချင် တိုင်း ခံရတာမျိုးမှ မဟုတ်ဘဲကိုး ။

ကိုကြီး ဆိုရင် ညီမရယ် လို့ ရှိခဲ့ဖူးသူ မဟုတ်တဲ့ အပြင် ခုလို နွဲ့ဆိုး ဆိုးမယ့် လူ ကလဲ မရှိဖူးလေတော့ တစ်ခါတစ်လေတော့ နွဲ့ဆိုး ဆိုးတာတွေကို ခံချင်သားကွဲ့ ။ နောက်ပြီး မေလေး က ရန်ကုန် မှာ လာနေပြီး ကိုကြီး ဆီမှာ ဂီတပညာတွေ သင် အဆို တွေ သင်ချင်တယ် လို့ ပြောခဲ့တယ် ။

ခု စာ မှာ ဆိုရင်လဲ ‘ လာချင်လှပါပြီလို့ ’ ပြောခဲ့တယ် ။ ကိုကြီး က လဲ ညီမလေး ကို ‘ တွေ့ချင်လှပါပြီ ’

ဆိုသည့် စာရှည်ကြီးများ ကလည်း မေ့ရင် ကို ကြည်နူးစေပြန်သည် ။ မေ သည် သူ့ မမ နှင့် တိုင်ပင်ပြီး ရန်ကုန်မြို့ ဒပ်ဖရင်း ဆေးရုံ ၌ ဖွင့်လှစ်မည့် သားဖွားဆရာမ တစ်နှစ် နှင့် ခြောက်လသင်တန်း သို့ တက်ရန် စီစဉ်နေသည် ။ ထို အကြောင်း ကို ကိုစောညိန်း အား အသိ မပေးခဲ့ပေ ။ ရန်ကုန် ရှိ ဆွေမျိုးတွေ ဆီ အလည် အပတ် လာမည် ဟု သာ စာ ရေးခဲ့သည် ။

စင်စစ် သင်တန်း မတက်ဖြစ် ပါကလည်း ရန်ကုန် တွင် ကိုစောညိန်း နှင့် ပတ်သက်ပြီး ဂီတ အလုပ် တစ်ခု လုပ်ရန် စီစဉ်ခြင်း ဖြစ်သည် ။

မေ ရန်ကုန် သို့ မလာမီ ကိုစောညိန်း က မေ့ အတွက် သီချင်း တစ်ပုဒ် စပ်ဆိုခဲ့သည် ။

◽သစ္စာတော်ဦး

( အသက်ကို ခွဲကာ ... ဝက်ကာ စက်ရာအုံးပြိုင် မဝေသာပိုင်တယ် ... ရွှေတိုင်ဂီတနက်သန့်ဦး ... ဧကရီကြော့မှူးမြှောက်ဖို့ရယ် ) ( ခင်မင် ချစ်မြတ်နိုးကာ မျှော်ကိုးလို့သာ စေတနာ ပိုသူဝယ် ... ကြာလေစွဲလေ အမြဲတစေတောင့်တ စောင့်ရကြာလွန်းလို့ ခွန်းစကာ ပန်ချင်ပြီ ကွယ် ... သစ္စာတော်ဦး ပြိုင်ဦးချစ်ပိုင်မှူး ရှိလေမှာလားကွယ် ) မေတ္တာငုံ ရွှေပွင့်နွယ် ကြွေလင့်ရှာနိုးနဲ့ စိုးရိမ်ပေမယ့် မြေယူဇနာသယ် ချောင်း မြစ်ဆီးကာ ခရီးကွာကြလေတယ် ၊ မပိုင်ဆိုင်ဝေးသူမို့ ပူရန်သာကြွယ် ... မောင့်ရွယ်မှန်း ... နေ့စဉ်ညတိုင်း လွမ်းကျွမ်းကြေလှ ရွှေရင်ထဲဝယ် ချစ်သွေးပူဆူပြီမေရယ် ... မြားဒဏ်ရာပြင်း အသည်းလွှာချင်းဆူးဝင် ဖောက်ထွင်းသည့်နှယ် ... နတ်များဖန်ဆင်း ပစ်ခွင်းတော် မူပြီထင်တယ် ... သစ္စာတော်ဦးမာလာကို ခူးယူပါရစေကွယ်  ...

ဤသီချင်း ကား ကိုစောညိန်း ရင်တွင်း၌ ခံစားနေရပုံကို ဖွင့်ဟ, လိုက်ခြင်းပင် ဖြစ်သည် ။

သို့သော် ထို သီချင်း လွှင့်သော ည က ‘ မေ ’ က သီချင်း ကို မကြားလိုက်ရပေ ။ သို့ရာတွင် အသံလွှင့်ရုံ ၌ ဓာတ်ပြား အဖြစ် ကျန်ရစ်နေခဲ့သဖြင့် နောင် အသံလွှင့် သည့် အခါတိုင်း ကြားနိုင်မည် ဖြစ်သည် ။

‘ သစ္စာတော်ဦး ’ လွှင့် ပြီးနောက် ကိုစောညိန်း သည် မေ့ အတွက် ပင် ‘ အရုဏ် ’ သီချင်း ကို ရေးစပ်ပေးပြန်သည် ။ သီချင်း မှာ နံနက်ခင်း တွင် သူ့ ချစ်သူမေနှင့် အတူ ရွှေစည်းခုံစေတီဝယ် အရုဏ်ဆွမ်းများ ကို အတူ ယှဉ်တွဲ ကပ်ရင်း ဘဝ ဆက်တိုင်း ပေါင်းရလိုကြောင်းများ ကို ရေးဖွဲ့ထားခြင်း ဖြစ်သည် ။

တစ်ဖန် တိမ်တောက် နေသည့် ညနေဆည်းဆာ ဝယ် လှေနာဝါလေး ဖြင့် မေ့ ဆီ သို့သွားပါက လမ်းကြုံ၍ ခေါ်စမ်းပါ့ဟု ‘ ဆည်းဆာ ’ သီချင်း ဖြင့်လည်း သိစေပြန်သည် ။

သို့သော် ‘ မေ ’ ကား ထို သီချင်းများ ကို နားမထောင် ဖြစ်ခဲ့ပေ ။ ကိုစောညိန်း ထံ မှ လက်ရွေးစင် စာအုပ်များ စာတိုက် မှ နေ၍ မေ့ ထံသို့ရောက်ရှိ လာမှပင် တွေ့မြင်ရ တတ်သည် ။

ထိုအခါ ကျမှပင် မေ က ကိုစောညိန်း ၏ ခံစားမှု တစ်ရပ် ကို တသိမ့်သိမ့် ခံစားရင်း သိရှိရပြန်သည် ။ ကိုစောညိန်း သည် မေ နှင့် စာရေး ဆက်သွယ့်သည့် အခါ တိုင်း သံယောဇဉ် အမျှင်အတန်း လွှမ်းသော မေတ္တာရိပ်များ က ထင်းလင်းလျက် ရှိနေသည် ။

သို့ရာတွင် ကိုစောညိန်း ကလည်း သူ့ မေတ္တာ ကို သိုဝှက်လွန်းသည် ။ နဂို သိပ်သည်းသိုဝှက်လွန်းသူ ပီပီ မေ နှင့် စာရေး ဆက်သွယ်သည့် အခါတိုင်း အကြည်ညို ပျက်စေမည့် အရာများ ကို အမြဲတစေ ရှောင်ရှားခဲ့လေသည် ။

ထို့ကြောင့်ပင် သူ ၏ ချစ်ခြင်းမေတ္တာများ ကို ဖွင့်ဟရေးသားရာ၌ ရဲရဲ တင်းတင်း မဖွင့်ဟနိုင်ဘဲ သူ ၏ သီချင်းများ နှင့် သာ ဖွင့်ဆိုခဲ့လေသည် ။

သို့နှင့်ပင် ဆက်၍ “ စိန် ” သီချင်း ကို ရေးသား ကာ ရင်ဖွင့်ရ ပြန်ပါသည် ။

ချစ်ရေး, ခင်ရေး ... လိုက်လေဝေးတယ် ... စိန်ခေါ်ပါလို့ ပြေးလေ သလားကွယ် ... လှမ်းလင့်သူအား မြူသလိုလိုနှယ် ... ယိမ်းနွဲ့လှည့်စား ရှောင်ဖယ် ရှောင်ဖယ် ၊ မာယာတွေ ပိုလွန်းသူရယ် ) စိန်ပြီကွဲ့ ထား သက်လယ် ... လွတ်အောင် သာ ရှောင်စမ်းပါ ... မောင် ဖမ်းယူ လှမ်းချု ကာပွေ့မယ် ... တစ်မြေဆီ မှာရယ် ... ဝေး ... ဝေး ... ဝေးလို့သာ မပိုင်သူ အနိုင်ယူ အားကိုးနဲ့ရယ်  ... မူနိုင်ရက်လေသမျှ နောင်ကျ မှ အငြိုးကို ချေမယ်လိုက်လေဝေးလေ ... ဝေးတယ် ... ၊ ချစ်တဲ့အရေးကို အပြေးစိန်သူရယ် ... မောင်ချူယူလက်ကမ်းမယ် ... အလှမ်းမီကာမှ .. ဘွာမကူတမ်းကွယ် ... ”

သီချင်း သည် လည်း မေ့ ကိုရည်ရွယ်၍ မေ့ ကို လက်ဆောင် ပါးခဲ့ပြန်လေသည် ။

ကိုစောညိန်း သည် “ မိုးသက်လေနှင် ” သီချင်း ဖြင့်လည်း တစ်နယ်တစ်ကျေး ရပ်ဝေး မှ မေ့ အား သိစေပြန်သည် ။ ဤအဖြစ် ကို ရပ်ဝေးမှ မေ က သိမည် မဟုတ် ။ အဆက်အသွယ်ကလည်း တစ်ခါတစ်ရံ ပြတ်တောက် နေတတ်သည် ။ သို့ရာတွင် သိလျက်နှင့်လည်း မသိဟန်များ ဆောင်နေရော့ သလား ဟု လည်း ကိုစောညိန်း က တွေးမိပြန်သည် ။

မေ့ စာ ထဲတွင် ပါရှိသော “ ကိုကြီးရဲ့ ရေပြင် ပေါ်မှာ ထင်လာတဲ့ ဓူဝံကြယ် အရပ်ဟာလေ ... ဒီလှိုင်း ပုတ်လိုက်ရင် ပျောက်သွား တတ်တယ်နော် ၊ သတိထားပါ ” ဟူသော စာကလေးများ သူ့ဆီသို့ ရောက်ရှိလာပါက ကြည်နူး မဆုံးတော့ပြန်ချေ ။

မေ့ ဆီမှ ဓာတ်ပုံ ရသောနေ့ ဖြစ်သည် ။ သူ့ စာထဲ တွင်တော့ ..

“ ဒီနေ့ ဟာ ဇူလိုင် ၅ ရက်နေ့ပေါ့ ။ ဘယ်လိုမျှ မမျှော်လင့်ဘဲ နဲ့ မေ့ ထံမှ လူကြုံ နှင့်ပေးပို့လိုက်တဲ့ ဓာတ်ပုံကလေးများနဲ့ စာရွက်ပြာကလေးတွေ ကို ကိုကြီး လက်ခံ ရရှိခဲ့တယ်လေ ။

တကယ့်ကိုပဲ လှလိုက်တာ မေ ရယ် ... ကိုကြီး ကတော့ ဒီ ဓာတ်ပုံလေး ကို ကြည့်ပြီး ရင်း ကြည့်လို့ မဝနိုင်လောက်အောင် ရှိပါတော့တယ် ။ မေ့ ရဲ့မျက်နှာ တစ်ခု လုံးမှာ ကိုကြီး သဘော အကျဆုံး ကတော့ နဂို သဘာဝ အတိုင်း မနှုတ် မရိတ်ဘဲ ထင်ရှားပေါ်လွင် နေတဲ့ မျက်ခုံးကလေး ပါပဲ ။

ကြည့်စမ်းပါဦးတော့ ... ဘယ်လောက်များ ခံ့ညားပြီး ကျက်သရေရှိ လိုက်ပါဘိသလဲလို့ ... အိုကွယ် မေရယ် ... ဘာကြောင့်များ သည်လောက် တောင် လိမ္မာလွန်းရသလဲ ဟင်  ။ သည်လိုသာပဲ မေးလိုက်ချင်ပါတော့တယ် ။ ခုလောက် အတုအပတွေ များပြီး ဖက်ရှင်လိုက်စား နေတဲ့ ခေတ်ကြီး မှာ သည်လို သဘာဝ ကျတဲ့ မျက်ခုံးမျိုး ကို ပိုင်ဆိုင်ထားဝံ့တဲ့ သတ္တိ ကိုတော့ အဟုတ်ပဲ ချီးကျူးမိပါရဲ့ မေရယ် ။

မေလေး ရဲ့ လက်ဆောင် ကို တုံ့ပြန်တဲ့ အနေနဲ့ ကိုကြီး ရဲ့ဓာတ်ပုံတွေ ကိုလဲ ပို့ရဦးမယ် ။

‘ ချစ်ကန္တာရ ’ သီချင်း ရဲ့ အဆုံးသ,တ်ကလေး အတိုင်း ဓူဝံကြယ် ခင်ခင့် ကိုပါ တောင်းပန်ချင်တယ် လို့သာ ရေးလိုက်ချင်တော့ တာပါပဲကွယ် ။

ထာဝရအစဉ် ချစ်မြတ်နိုး နေလျက်နှင့်
                 စောညိန်း
                ၅. ၇. ၅၂

‘ မေ ’ သည် ကိုစောညိန်း ၏ စာ ကို ဖတ်ပြီး ‘ နွေနှောင်းဝသန် ’ သီချင်း ၏ နောက်ဆုံး အပိုဒ် ကို ရေရွတ် နေမိလေသည် ။

ချစ်သော အစ်ကိုကြီးရေ ...

စာ, ချက်ချင်း မပြန်တာကို စိတ်ဆိုး နေပြီလား ။ မဆိုးပါနဲ့ အစ်ကိုကြီး ရယ် ။ ညီမလေး မှာ လွန်ခဲ့တဲ့ ငါးရက် လောက်က ညီမလေး မေ စိုက်ထားတဲ့ နှင်းဆီပင် တွေကို မိုးကလေး တဖွဲဖွဲ ကြား မှာ ရှင်းလင်း နေတုန်း ရွှံ့စေးနဲ့ ခုံဖိနပ်မြင့်မြင့် တစ်ခါ တည်း နှစ်ပါးသွားပြီး ချော်လဲ လို့ ဆေးကုသ နေရတယ် ။

ဪ ... ဒါထက် ကိုကြီး ကို ဝမ်းသာစရာ သတင်းကောင်း ပြောရဦးမယ် ။ မေတို့ လေ အသံလွှင့်ရတယ် ။ သီချင်း ကတော့ ‘ မေရှင် ’ ရဲ့ မြန်မာသံစစ်စစ် ‘ ကျေးစေတမန် ’ သီချင်းပါ ။

မေတို့ မြို့က သူဌေးသား တစ်ယောက် က အစိုးရ ဆီက လက်မှတ် ယူပြီး အသံလွှင့်စက် တစ်ခု ဝယ်လိုက်တယ် ။ သူတို့ တိုက်ရဲ့ အပေါ်ဆုံး အထပ် မှာ အပျော်တမ်း အသံလွှင့်ခန်း လုပ်ထားတယ် ။

မြန်မာပြည် အလယ်ပိုင်း မှာ အကုန် အသံလွှင့် နိုင်တယ် တဲ့ ။ အားလုံးက မေ့ ကို အားပေးကြတယ် ။ ဂရုစိုက်ကြတယ် ။ အသံ လဲ ကောင်းသတဲ့ ။

ဒါထက် အစ်ကိုကြီး ရဲ့ ' မြနဒီ ' သီချင်း ကို ကြားလိုက်ရပါတယ် ။ ဟို အပိုဒ် ကလေး ကိုတော့ ရလိုက်ပါရဲ့ ။ “ မြူမှုန်ငွေ နှင်းသုံသုံ ” ... အပိုဒ်ကလေးများ က အသည်း ကို စွဲသွားတာပဲ ။ ဒါပေမယ့် အလိုက်, မရဘူး ။ မေ ဖြင့် ရန်ကုန် လာချင်လှ ပါပြီ အစ်ကိုကြီး ရယ် ...
                 မေ
                 ချောက်မြို့ ။

ညီမလေး

အစ်ကိုကြီး ဆီ က စာ,မလာလို့ စိတ်ဆိုးနေမှာပဲ ဆိုတာ အစ်ကိုကြီး သိပါ တယ် ။ ညီမလေး, ကျေနပ်အောင် ရှင်းပြချင်ပါရဲ့ ။ သို့သော်လဲ အစ်ကိုကြီး အလုပ် များလို့ပါ ဆိုရင် တောင်းပန်ရင် ကျေနပ်ပါတော့ ။

လက်ရွေးစင် စာအုပ်တွေ မရောက်တာ ကတော့ တိုက် ကို ပို့ပေးဖို့ မှာထားတာ တိုက် က ပို့ပါတယ် ဆိုတော့ ယုံနေတာပေါ့ ။ ခုမှ ညီမလေး ဆီကို လက်ရွေးစင်တွေ မရောက်ဘူး ဆိုတော့ စုံစမ်းလိုက်တော့ Register မလုပ်ဘဲ ရိုးရိုး ပို့ပါတယ် လို့ သိရ ပါတယ် ။ လမ်း မှာ ပျောက်တယ် ထင်ပါရဲ့ ။ ဒါကြောင့်မို့ ဒီ စာနဲ့ အတူ လက်ရွေးစင် ၃ အုပ် ဝယ်ပြီး Register လုပ်ပြီး ပို့လိုက်ပါတယ် ။

ညီမလေး ထံက စာ ရလို့လဲ ဝမ်းသာ ကျေးဇူး တင်ပါတယ် ။ အစ်ကိုကြီး ရဲ့ စိတ်မှာတော့ ညီမလေး ကို ဂီတအနုပညာ ကို ဒီထက် ပိုပြီး သင်ပေးချင်ပါတယ် ။ ဒါပေမယ့် ညီမလေး အတွက် မသင့်လျော်သေးတဲ့ အကြောင်းတွေ ထောက်ထားပြီး ညီမလေး ရန်ကုန် ဆိုတာကို မလာပါနဲ့ဦးလို့ တား, ထားရတာ ကို စိတ်မကောင်းပါဘူး ။

အနုပညာလောက ဟာ တယ်ပြီး သာယာလှတယ် တော့ မအောက်မေ့ လိုက်လေ နဲ့ ညီမလေး ရေ့ ။ ခုဆို ကိုကြီး ဟာ ဒီလောက် နာမည်ထွက် နေတာတောင် မှ စီးပွားရေး အခြေအနေ ဟာ အလွန်ဆိုးရွား နေသေးတယ် ။

ငွေရမှု အတွက် အနုပညာ နဲ့ တိုင်းပြည် ကို သစ္စာ မဖောက်နိုင်တဲ့ အစ်ကိုကြီး ၊ တချို့ကိစ္စတွေ မှာ ရပ်ထားရသေးတယ် ။

ဒါကြောင့် ဆူးညှောင့်ခလုတ် များလှတဲ့ လမ်းခရီး ကို မိန်းမသား ဖြစ်တဲ့ ညီမလေး မလိုက် လျှောက်ချင်ပါနဲ့ဦးလို့ တား, ထားရတာပါ ။ ညီမလေး ရဲ့ ဝါသနာ ကို မတားပါဘူး ။ ခုတော့ သာယာဖြောင့်ဖြူးတဲ့ လမ်းခရီး ကို အစ်ကိုကြီး ခင်းပေး နိုင်ပါပြီ ။

အစ်ကိုကြီး ရဲ့ မိန်းကလေး တပည့်တွေ ထဲမှာ ညီမလေး ဟာ ဂီတ အခြေခံ တော်တော် ရှိတယ် ။ ဒါကြောင့် အစ်ကိုကြီး ကလဲ ဒုက္ခခံပြီး သင်ကြား ပေးနေတာပေါ့ ။

ခုတော့ ကိုယ့် ညီမလေး တစ်ယောက် ကိုပဲ သံယောဇဉ် တွယ်စရာ ရှိပါတယ် ။ ညီမလေး ရန်ကုန် ကို လာချင်ရင် လာခဲ့ပေတော့ ။ အစ်ကိုကြီး တော့ သိပ်,မအားလှ ပါဘူး ။ ညညများ ( ၂ ) ချက် ထိုး လောက် မှ အိပ်ရတယ် ။ ဂီတနက်သန် အဖွဲ့ လဲ ခဏ ရပ်ထား သေးတယ် ။

ညီမလေး ရန်ကုန် လာရင် အောက်ပါ လိပ်စာ ( ၂ ) ခု ပေးရင် ရပါတယ် ။

တစ်ခု က အိမ် လိပ်စာ ၊ တစ်ခုကတော့ အလုပ်တိုက် က လိပ်စာ ပါပဲ ။ ဒါပေမယ့် ညီမလေး တို့ တည်းမယ့် နေရာ နဲ့ ဆိုရင်တော့ အလုပ်တိုက် က ပိုပြီး နီးပါတယ် ။

     အစ်ကိုစောညိန်း
ရန်ကျော်ဂျာနယ်တိုက်
ကျော်လင်းစာနယ်ဇင်း
၁၈၀ ၊ ၅၁-လမ်း ၊ ရန်ကုန်မြို့ ။
စောညိန်း - ဂီတနက်သန်
၇၃ ၊ ပိတောက်တန်း ၊
ကြည့်မြင်တိုင် ၊ ရန်ကုန်မြို့ ။ 

မေ သည် ကိုစောညိန်း ဆီမှ စာ ရပြီး နောက် သူ လျှောက်ထားသော သားဖွားဆရာမ သင်တန်း တက်ရန် နှင့် သူ့ ဆရာ ကိုစောညိန်း ကို တွေ့ ရန် အစ်မ ဖြစ်သူ နှင့် ရန်ကုန် သို့ ရောက်ရှိ လာခဲ့သည် ။

မေတို့ညီအစ်မ နှစ်ယောက် သည် ရန်ကုန်မြို့ ၊ တောင်ညွန့် ၊ ၁၀၃ လမ်း မီးရထား ကွာတား ထဲ၌ တည်းခို ကြသည် ။ ယင်း အိမ်မှာ မေ နှင့်ညီအစ်မ ဝမ်းကွဲ တော်စပ်သူ ၏ အိမ် ဖြစ်သည် ။

မေ သည် ရန်ကုန် ရောက် ရောက်ချင်း လမ်းခရီး တွင် ပင်ပန်းလာ သဖြင့် ဖျားတော့သည် ။ တစ်ပတ်မျှ ကြာလျှင်တော့ ပုံမှန် ဖြစ်သွားပြီး နေကောင်းသွားသည် ။

မေ ရောက်နေသည် ကို ကိုစောညိန်း မသိပေ ။ မေ နေကောင်းပြီး နောက် တစ်နေ့တွင် အစ်မ ဖြစ်သူ နှင့် အတူ ကိုစောညိန်း ပေးထားသော လိပ်စာ အတိုင်း တောင်ညွန့် မှ ( ၅၁ ) လမ်း ရှိ ရန်ကျော်ဂျာနယ်တိုက် သို့ ကားစီး လာခဲ့သည် ။ ရန်ကုန်မြို့ ကို မရောက်ဖူးကြ သဖြင့် ဟိုမေး သည်မေး နှင့်ပင် ရန်ကျော် ဂျာနယ်တိုက် သို့ ရောက်ရှိ လာခဲ့သည် ။

အချိန်က နံနက် ကိုးနာရီ ဖြစ်သည် ။ ရန်ကျော်တိုက် တွင် ရှိကြသူများ ကို ကိုစောညိန်း ရောက် မရောက် မေးမြန်း ကြည့်သည် ။

“ ဆရာ ကိုစောညိန်း ရှိပါသလားရှင် ”

“ ဆရာ ကိုစောညိန်း နေ့လယ် ဆယ့်နှစ်နာရီ ကျမှ ရောက်ပါ့မယ် ဘာကိစ္စ ရှိလို့ပါလဲ ” ဟု တိုက် မှ လူကြီး တစ်ယောက် က မေးသည် ။

မေ က နာရီ ကြည့်လိုက်တော့ ၉ နာရီ ထိုးပြီးခါစကလေး ရှိသေးသည် ။ ပြီး အလုပ် လျှောက်ထားသော ကိစ္စ ကလည်း ရှိနေသဖြင့် ကိုစောညိန်း အလာကို မစောင့် တော့ဘဲ ထွက်လာခဲ့ကြသည် ။

ကိုစောညိန်း လာပါက မေတို့ တည်းခိုကြသော အိမ်လိပ်စာ ကို ပေးရန် ပေးခဲ့သည် ။

မေ့ စိတ် ထဲ တွင်တော့ ကိုစောညိန်း တစ်ယောက် မိမိတို့ ရောက်လာသည် ကို သိလျှင် ဝမ်းသာအားရ ပြေးလာမှာပဲ ဟု တွေးထင် နေမိသည် ။

မေတို့ ညီအစ်မ သည် အလုပ်ကိစ္စ အတွက် သွားရောက် တွေ့ဆုံခဲ့ ပြီးနောက် တည်းခိုသည့် အိမ် သို့ ပြန်လာခဲ့ကြသည် ။

နေ့လယ်ဘက် အိမ် တွင် စောင့်နေ သော်လည်း ကိုစောညိန်း ကား ပေါ်မလာ ပါချေ ။ ညနေ သာ စောင်းသွားသည် ။ ကိုစောညိန်း ကား , ရောက်မလာပါချေ ။

နောက်တစ်နေ့ တွင် လည်း သူ့ အစ်မ နှင့် အတူ ကျန်းမာရေးဌာန သို့ သွား ရောက်ခဲ့ပြီး တည်းခိုအိမ် သို့ ပြန်လာခဲ့ပြန်သည် ။

‘ မေ ’ တို့ အိမ် တွင် ခဏ အမောဖြေ နေကြစဉ် လူငယ် တစ်ယောက် အိမ် လိုက် ရှာ နေသည် ကို တွေ့ ရသည် ။

“ ချောက် က မေ ရှိပါသလား ”

“ ရှိပါတယ် ... ကျွန်မ ပါပဲ ”

မေ က , ကပျာကယာ ထွက်ပြီး ပြောသည် ။

“ ဪ ... ဟုတ်လား ၊ ဒါနဲ့ ကို,ကို ... ကိုစောညိန်း တစ်ယောက် ရန်ကုန်ဆေးရုံကြီး မှာ အတွင်းလူနာ အဖြစ် တက် နေပါတယ် ။ ကျွန်တော် က , ကိုကို ကိုစောညိန်း ရဲ့ ညီ ‘ မောင်လှဝေ ’ ပါ ။ ကျွန်တော့် ကို ခွင့်ပြုပါဦး ”

ကိုစောညိန်း ညီ ‘ မောင်လှဝေ ’ က ဆို့နင့် ကြေကွဲစွာ နှင့် ပြောသည် ။ အောက်သို့ အရောက် တွင် အခန်းနံပါတ် နှင့် ခုတင်နံပါတ်များ ကိုလည်း ပြောသွားသည် ။

မေ သည် သူ့ အစ်မ ဖြစ်သူ ကို တစ်ချက် , လှမ်းကြည့် လိုက်ပြီး ဘာမျှ စကား မပြောနိုင်ဘဲ ဆွံ့အ, နေသလို ဖြစ်သွား လေသည် ။

မေ့ မမ ကလည်း တအံ့တဩ နှင့် စိတ်မကောင်း ဖြစ်နေ မိသည် ။

ဘာများ ဖြစ်လို့ပါလိမ့် ဟုလည်း မေ့ စိတ်ထဲ တွေးနေမိသည် ။

မေ သည် သင်တန်း တက်ရန် လိုအပ်သော လျှောက်လွှာများ ဖြည့်ပြီး၍ နောက်တစ်နေ့ ညနေတွင် မမ နှင့်အတူ ဆေးရုံကြီး အတွင်းလူနာဌာန သို့ သွားကြည့် ကြသည် ။

အခန်းနံပါတ် နှင့် ခုတင်နံပါတ် ရော လိုက်ရှာကြပေမယ့် ကိုစောညိန်း ကို ကား ရှာမတွေ့ ခဲ့ပါ ။ လူများ မှားပြီး ပြောသလား ။ ဘယ်လိုများ ဖြစ်တာပါလိမ့် ဟု စိတ်ထဲ တွေးပြီး ပူပင်နေမိသည် ။

“ ဆေးရုံ က ဆင်းသွားပြီ နဲ့ တူတယ် ”

မမ က သတိပေးလိုက် မှ မေတို့ ညီအစ်မ နှစ်ယောက် ဆေးရုံဝင်း ထဲ မှ ပြန်ထွက် လာခဲ့ကြသည် ။

ဆေးရုံကြီးဝင်း မြက်ခင်းစိမ်း ပေါ်တွင် တရုတ်စကားပွင့်များ ကြွေလွင့်နေသည်ကို မေ တွေ့လိုက်ရသည် ။မေ , သက်ပြင်း ကို မှုတ်ထုတ် လိုက်သည် ။ ကိုစောညိန်း ဘယ်များ ရောက်နေပါလိမ့်ကွယ် ။

လမ်း တွင် ဓာတ်မီးရောင်များနှင့် ကားမီးရောင်များ သည် ပြိုးပြက်စွာ နှင့် လင်းထိန် နေသည် ။ သူတို့ သည် ရန်ကုန် ည အလှ ကို ရင်သပ် ရှုမော ငေးမော ကြည့်ရှုနေမိကြသည် ။

ကား မစီးတတ်၍ လည်း သူတို့ အိမ်ပြန် ရောက်တော့ မှောင်နေပေပြီ ။

မေ တို့ တောင်ညွန့် ( ၁ဝ၃ ) လမ်း ထဲ သို့ ရောက်သော အခါ တစ်ဘက်ခန်း မှ စာ တစ်စောင် ထုတ်ပေး သည် ။ အိမ်ရှင်မမ တို့ ကလည်း ညဈေးဘက် သွားသည် ဆိုပြီး တစ်ဘက်ခန်း သို့ပင် သော့ ပေးခဲ့သည် ။

“ ရော့ ... ဒီမှာ စာ ၊ သော့ လဲယူလိုက်ဦး ၊ နေဦး စာပေး သွားတဲ့ သူငယ်လေး က ပြောသွားသေးတယ် ကွယ့် ။ အသုဘ ပို့ဖို့  ( ၂ ) နာရီ လို့ ပြောတယ် ။ ဆက်ဆက် လာခဲ့ပါလို့ ပြောသွားတယ် ” ဟု ပြောလိုက်သော အခါ မေ့ ရင်ထဲ ဆို့နင့် သွားသည် ။

“ ဘုရား ... ဘုရား ... ဆရာကိုစောညိန်းများ ဘာဖြစ်လို့ပါလိမ့် ”

မေက စာ ကို လှမ်းယူပြီး အမြန် ဖတ်ကြည့် လိုက်သည် ။

မေ  ...

ကိုကို ကိုစောညိန်း မနေ့ က ၁ဝ နာရီ လောက်မှာ ဆုံးပြီ ။

နက်ဖြန် ( ၂ ) နာရီ ကို ကျွန်တော်တို့ အိမ် မှ ကြံတောသုသာန် သို့ ပို့ဆောင် သင်္ဂြိုဟ်ပါမည် ။

အကယ်၍ လာနိုင် လျှင်တော့ ကြည့်မြင်တိုင် ပိတောက်တန်း ကို လာခဲ့ပါ ။

          လှဝေ

‘ မေ ’ သည် မောင်လှဝေ ရေးပေးသွားသည့် စာကို ဖတ်ပြီး ငိုင်ကျ သွားသည် ။

မမ က မေ့ လက်ထဲ မှ စာ ကို ယူပြီး ဖတ်ကြည့် လိုက်သောအခါ

“ ဘုရား ... ဘုရား ... ဖြစ်မှဖြစ်ရပလေကွယ် ” ဟု ရေရွတ် နေမိသည် ။

ကံတရား သည် ကိုစောညိန်း နှင့် သူ့ ညီမ ကို ဘယ့် ကြောင့်များ ကွဲအောင် ဖန်လာခဲ့သနည်း ဟု တွေးကာ ရင်ထုမနာ ဖြစ်ရသည် ။

သို့နှင့်ပင် ကိုစောညိန်း အသုဘ ချမည့် နေ့တွင် မမ နှင့် အတူ ကြည့်မြင်တိုင် ပိတောက်တန်း သို့ ကားစီး ပြီး လာခဲ့ကြသည် ။

သူတို့ ညီအစ်မ နှစ်ယောက် သည် ရန်ကုန် တွင် မသွားတတ် မလာတတ် နှင့် မို့ ကြည့်မြင်တိုင် သို့ တော်တော်နှင့် မရောက်နိုင် ။ ဟိုမေး သည်မေး နှင့် အချိန် နောက်ကျ ပြီး မှ သာ ရောက်ရှိ လာခဲ့ကြသည် ။

အိမ် ထဲ ရှိ လူအားလုံး သည် ခြောက်သွေ့စွာ နှင့် ရှိနေကြသည် ။ လူ လည်း ရှင်းနေသည် ။ အသုဘအိမ် နှင့်ပင် သိပ်မတူ ဟု မေ့ စိတ် ထဲတွင် တွေးထင် မိလိုက်သည် ။

“ ဆရာကိုစောညိန်း အသုဘ ချ .. ချပြီး .. ”

မေ့ စကားပင် မဆုံးသေး ။ ကိုစောညိန်း ၏ အဖေ ဖြစ်သူ က “ ချောက် က မေတို့ မဟုတ်လား ၊ မင်း ဆရာ ကိုစောညိန်း အသုဘ ခုနလေးတင် က ချသွားပါပြီကွယ် ၊ မင်း လာမယ် ထင်လို့ စောင့်နေကြပါသေးတယ် ၊ အချိန်စေ့တော့ အသုဘ ချလိုက် ရတယ်ကွယ် ... လာထိုင်ကြ .. ” ဟု ပြောပြီး တရှိုက်ရှိုက် နှင့် ငိုနေသည် ။

ကိုစောညိန်း ၏ ယောက်ဖ ဖြစ်သူ မှာ လည်း ကိုစောညိန်း နှင့် မေတို့ အကြောင်း ကို သိထားသူ ပီပီ အော်ဟစ် ငိုရှိုက် နေပေသည် ။

သူ့ နှုတ် မှ လည်း အဖြစ်အပျက်များ ကို ဖြစ်ကြောင်းကုန်စင် ပြောပြကာ ရင်ထုမနာ ဖြစ်နေသည် ။

ကိုစောညိန်း ကွယ်လွန်ရခြင်း မှာ ထို ည က ညီ ဖြစ်သူ မောင်လှဝေ သည် ရွှေတိုင်သီရိရုပ်ရှင်ရုံ ၌ ညပွဲ သွားကြည့်သည် ။ ရုပ်ရှင် မှ အပြန် ည ၁၀ နာရီ လောက် တွင် လမ်း မှာ လူငယ် တစ်စု နှင့် ရန်ဖြစ်ခဲ့သည် ။

မောင်လှဝေ အိမ်ပြန် ရောက်သော အခါ သူ့ အစ်ကို ကိုစောညိန်း ကို ပြောပြသည် ။ ကိုစောညိန်း က သူ့ ညီ အတွက် နောင်တွင် ရန်ထပ် မဖြစ်စေရန် နှင့် အကျိုး အကြောင်း သိရှိရန်တို့ အတွက် ထို လူအုပ်စု ဆီ သွားရာမှ ထို လူအုပ် ကလည်း သူ့ ညီ အတွက် ရန်လာရှာသည် အထင် နှင့် ဝိုင်း ရိုက်လိုက်ကြခြင်း ဖြစ်သည် ။ လူအုပ် ထဲ တွင် တုတ် ၊ ဓား အစုံအလင် ပါ သဖြင့် ကိုစောညိန်း ကို အတွင်းလူနာ အဖြစ် ဆေးရုံ တင်လိုက်ရသည် အထိ သတိ ပြန်လည် မရတော့ချေ ။

မေ နှင့် အစ်မ ဖြစ်သူ တို့မှာလည်း အဖြစ်အပျက် အကြောင်းစုံများ ကို သိလိုက်ရသဖြင့် စုတ်တသ,တ်သ,တ် နှင့် ကြေကွဲ နေကြသည် ။

မေ့ စိတ် ထဲတွင်တော့ “ ဖြစ်မှ ဖြစ်ရပလေ ဆရာကိုစောညိန်း ရယ် ၊ အားလုံး တွေ့ ခါနီးကျမှ တေ့လွဲကလေးတွေ နဲ့လွဲပြီး မတွေ့ ခဲ့ရဘူး ၊ အဖြစ် ဆိုးလိုက်တာ ” ဟု တွေးကာ မျက်လုံးအိမ် တွင် မျက်ရည်များ ပြည့်လျှံ လာသည် ။

မေ သည် သူ့ နှုတ်ခမ်းပါးပါးလေး ကို ဖိကိုက် ထားလိုက်မိသည် ။

တကယ်တော့ သူ့ ရင်ထဲ တွင် ခံစားနေရမှုများ ကို အော်ဟစ်ပြီး ငိုပစ် လိုက်ချင်သည် ။ သို့သော် သူ ချုပ်တည်း ခဲ့ရပါလေသည် ။

အစ်မ ဖြစ်သူ က မေ့ ကို နှစ်သိမ့်ရသည် ။

“ ကဲ ... ရက်လည် တဲ့ နေ့ ကျမှပဲ ကျွန်မတို့ တစ်ခေါက် လာခဲ့ကြပါဦးမယ် ၊ ကျွန်မတို့ ကို ပြန်ခွင့်ပြုပါဦး ”

မေ့ ကို လက်တွဲ ဖေးမ၍ အိမ်ရှင်များ ကို နှုတ်ဆက်ပြီး ထွက်လာ ခဲ့ကြသည် ။

မေ့ စိတ် ထဲ တွင်တော့ အတွေးများ က ယောက်ယက်ခတ် ကာ ကြေကွဲမှု ပြွမ်းလျက် ဗလောင်ဆူ နေပြီ ။

သူ နှင့် ကိုစောညိန်း တို့ အဖြစ် မှာ သူ , ရန်ကုန် ရောက်ပြီး ဂျာနယ်တိုက် သို့ လိုက် ရှာသော်လည်း ကိုစောညိန်း ရောက်ချိန် မဟုတ်သေး၍ မတွေ့ခဲ့ရ ။

ဆေးရုံ တွင် အတွင်းလူနာ အဖြစ် တက်ရောက် နေသည် ဟု သိရပြန်တော့ လည်း သွား ကြည့်သော အခါ ကွယ်လွန် သွား၍ အလောင်း ကို အိမ်ပြန် ယူသွား သဖြင့် မတွေ့ခဲ့ရ ။

အသုဘ ချမည့်နေ့ အိမ် သို့ သွားပြန်တော့လည်း အသုဘ, ချသွား သဖြင့် မမီလိုက်ဘဲ ဆရာကိုစောညိန်း ကို မတွေ့လိုက်ရပြန်ချေ ။ 

အဘယ်ကြောင့်များ ကံတရား က ကိုစောညိန်း နှင့် မေ့ ကို လှည့်စား၍ ဖယ်ရှားပစ်ခဲ့ပါသလဲ ။ မေ ကံတရားကို ပင် အပြစ် တင်ချင်မိသည် ။

မမ က အကြိမ်ကြိမ် နှစ်သိမ့်ဖျောင်းဖျ နေရသည် ။ သို့နှင့် သူ တို့ စီးလာသော ဘတ်စ်ကား သည် တည်းခိုရာ လမ်းထိပ် သို့ ရောက်သောအခါ ကား ပေါ် မှ ဆင်းလာ ခဲ့ကြသည် ။

မေ့ ရင် အစုံသည် လှိုက်ဖို တုန်ယင် နေတုန်းပင် ။

မေ သည် သူ့ နှုတ်မှ တိုးတိုးညင်ညင်သာသာလေး ရေရွတ် လိုက်မိသည် ။

“ ခုတော့ မေ့ မှာ ပွင့်ဦးကြွေပါပကော ဆရာ ရယ် ... ”

( ၃၁. ၁၀. ၅၂ နေ့တွင် ကွယ်လွန်ခဲ့သော ဂီတနက်သန် ကိုစောညိန်း ) နှင့် ( ၂၃. ၁၂. ၈၉ နေ့တွင် ကွယ်လွန်သွားရှာသော အဒေါ်ရင်း ဖြစ်သူ ရီရီမေ - မမရီ သို့ လွမ်းဆွတ် အမှတ်တရ ... )

ရေနံမြေမောင်မောင်ကြည်

အလင်္ကာရပ်ဝန်း ( ၇ )

No comments:

Post a Comment